Thursday, August 16, 2012
ဒီလောကမှာ တန်ဖိုးအရှိဆုံးအရာတွေဟာ အခမဲ့တွေဆိုတာ ယုံနိုင်မလား?
နေရောင်ခြည်...
အခမဲ့ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ နေရောင်ခြည်မရှိဘဲ
အသက်မရှင်နိုင်ကြဘူး။ ငယ်ရာကနေ ကြီးလာတဲ့အထိ ကျွန်တော်တို့သုံးစွဲခဲ့တဲ့
နေရောင်ခြည်အတွက် ငွေကြေးတစ်ပြားတစ်ချပ်မှ ပေးစရာမလိုခဲ့ဘူး။
လေ.... အခမဲ့ဖြစ်တယ်။ အသက်ရှင်နေသူတိုင်း လေကိုရှူရှိုက်ကြရတယ်။
ဟိုးရှေးရှေးတုန်းကနေ ယနေ့အထိ ကိုယ်ရှူသွင်းလိုက်တဲ့ လေအတွက်
တစ်ဦးတစ်ယောက်ကမှ ငွေပေးချေတာမရှိခဲ့ပါဘူး။ လူတိုင်း လောကတစ်ခွင်မှာရှိတဲ့
လေတွေကို လွတ်လွတ်လပ်လပ် ရှူနိုင်ကြတယ်။
မိသားစုသံယောဇဉ်..
အခမဲ့ဖြစ်တယ်။ ကလေးဘဝကစ မိဘတွေရဲ့ ချစ်ခင်ယုယမှုကို လူတိုင်းခံကြရတယ်။
ပေးဆပ်စွန့်လွတ်ခြင်းတွေနဲ့ အနစ်နာခံကြတဲ့ မိဘတွေက ဘယ်သားသမီးကိုမှ
“ငါ့ကို ငွေပေးမှ ချစ်မယ်” လို့ ပြောခဲ့မယ်မထင်ဘူး။ မိဘရဲ့
ချစ်ခြင်းမေတ္တာတွေက သားသမီးတွေကြီးလာလည်း ပျောက်ပျက်လျော့ရဲသွားတာမျိုး
မရှိသလို အိုမင်းသွားလည်း ပျက်စီးပျောက်ကွယ်သွားတာမျိုး မရှိဘူး။
သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့မေတ္တာတွေက သားသမီးအပေါ်
လွှမ်းခြုံနေမှာဖြစ်တယ်။
သူငယ်ချင်းသံယောဇဉ်.... အခမဲ့ဖြစ်တယ်။
ကိုယ်အထီးကျန်ချိန် ကိုယ့်အနားမှာ ဆိတ်ဆိတ်ငြိမ်ငြိမ် အဖော်ပြုသူ၊
ကိုယ်လဲကျချိန် အားပေးကူညီဖေးမသူ၊ ကိုယ်ဝမ်းနည်းချိန် ရင်ခွင်တစ်စုံ၊
ပုခုံးတစ်ဖက်ကို ငှားပေးသူ၊ ဒါတွေအတွက် ကိုယ့်ဆီကငွေကြေးတွေ
သူမမျှော်လင့်ခဲ့သလို ကိုယ်လည်းသူ့ကို ငွေပေးချေစရာ မလိုခဲ့ပါဘူး။
ချစ်ခြင်းမေတ္တာ.... အခမဲ့ဖြစ်တယ်။ ပြင်းပြတဲ့ ခံစားချက်၊
တားဆီးလို့မရတဲ့ စွဲလမ်းမှု၊ မိုးလေတမျှ သည်းထန်တဲ့ချစ်ခြင်း၊ အနှိုင်းမဲ့
တန်ဖိုးထားမြတ်နိုးမှု၊ ဘဝရဲ့အနက်ရှိုင်းဆုံးနေရာက
ယုံကြည်ကိုးစားသူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ဝယ်ယူလို့ မရနိုင်ပါဘူး။
ဘာနဲ့မှလည်း အဖိုးမဖြတ်နိုင်ပါဘူး။
ပန်းတိုင်
အခမဲ့ဖြစ်တယ်။
ရွှေဇွန်းကိုက်မွေးလာခဲ့သူဖြစ်ဖြစ်၊ လမ်းပေါ်လေလွင့်နေသူဖြစ်ဖြစ်
ကိုယ့်အတွက် ငွေကြေးကုန်ကျစရာ မလိုဘဲ ပန်းတိုင်တွေထားခွင့်ရှိကြတယ်။
အဲဒီပန်းတိုင်က ကြီးမားမြင့်မြတ်နိုင်သလို
ရိုးရိုးသာမန်လည်းဖြစ်နိုင်ပါ
နောက်ပြီး ယုံကြည်မှု၊ မျှော်လင့်ချက်၊ စိတ်ကူးအိပ်မက်.... စတာတွေလည်း
ငွေကြေးပေးစရာမလိုတဲ့ အခမဲ့တွေဖြစ်တယ်။ ကိုယ်လိုချင်ရင် အလိုရှိတဲ့အတိုင်း
ရနိုင်မှာဖြစ်တယ်။
မင်္ဂလာမန္တလေးမြို့သစ် စီမံကိန်း စတင်တော့မည်၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး ကျပ် ၉၁ ဘီလီယံလျာထား
15 Aug, 2012 1:57 PM
မန္တလေးမြို့တွင် နိုင်ငံတကာ အဆင့်မီ မင်္ဂလာမန္တလေးမြို့သစ် အမည်ရှိ စီမံကိန်းကို သြဂုတ်လ ၁၂ ရက်နေ့တွင် လုပ်ငန်းစတင်မည်ဖြစ်ကြောင်း စီမံကိန်း ဖော်ဆောင်မည့် C.A.D ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဇင်မင်းဆွေက ပြောကြားသည်။ ထိုစီမံကိန်းကို အမေရိက၊ တရုတ်၊ စင်ကာပူ၊ ထိုင်ဝမ် စသည့် နိုင်ငံတကာ ဗိသုကာ ပညာရှင်များ ပါဝင်သည့် SCP အဖွဲ့နှင့် မန္တလေးမှ မြန်မာ ဗိသုကာများ ပါဝင်သည့် C.A.D အဖွဲ့များ ပူးပေါင်း ပုံစံထုတ် ဒီဇိုင်းရေးဆွဲခြင်းဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတူ New Star Light ဆောက်လုပ်ရေးနှင့် C.A.D ဆောက်လုပ်ရေးတို့မှ မြန်မာကျပ်ငွေ ၉၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု သိရသည်။ မန္တလေးမြို့ ၇၃ လမ်း၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြား၊ ချမ်းမြသာစည်မြို့နယ် နိုင်ငံတကာ ဘောလုံးကွင်းသစ်ကြီးနှင့် မျက်နှာချင်းဆိုင်ရှိ မြေဧရိယာ ၄၇ ဧကတွင် တည်ဆောက်သွားမည် ဖြစ်သည်။
“မျက်နှာချင်းဆိုင်မှာရှိတဲ့ နိုင်ငံတကာ အားကစားကွင်းကြီးကို အထောက်အကူပြု အဆောက်အဦတွေဖြစ်တဲ့ ကားပါကင်၊ ဟိုတယ်တွေ၊ စူပါမားကက်တွေအပြင် အိမ်ရာစီမံကိန်းလည်း ပါဝင်ပါတယ်။ လမ်းတွေမပြီး၊ ဘာတွေမပြီးနဲ့ မြေကွက်ရိုက်ပြီး ပေးလိုက်တဲ့ စီမံကိန်း ပုံစံမျိုးတွေကနေ ခွဲထွက်ပြီး အခြေခံ အဆောက်အအုံတွေ ဆောက်လို့ အားလုံးပြီးမှ ဒီမြေကွက်တွေကို ရောင်းပေးသွားမှာပါ။ ကြိုပွိုင့်စနစ်နဲ့ ရောင်းတဲ့ပုံစံမျိုးလည်း မဟုတ်ပါဘူး။ ရေမြောင်းတို့၊ လျှပ်စစ်မီးစနစ်တွေကိုလည်း မြေအောက်စနစ် အသုံးပြုမှာပါ။ လုံခြုံရေးစနစ်၊ မီးအန္တရာယ် ကာကွယ်မှုစနစ်၊ မြေခင်းအလှဆင် စတာတွေအတွက်လည်း စနစ်တကျ ဆောင်ရွက်ထားပါတယ်။ နိုင်ငံတကာ အဆင့်မီတဲ့ မြို့ပြစီမံကိန်း စံနမူနာဖြစ်အောင်၊ ဒေသတွင်း စီးပွားရေး လုပ်ကိုင်မှု အခွင့်အလမ်းတွေတိုးအောင် ရည်ရွယ်တဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အခြေပြုတဲ့ စီမံကိန်း တစ်ခုပါ” ဟု C.A.D ဆောက်လုပ်ရေးမှ မန်နေဂျင်း ဒါရိုက်တာ ဦးဇင်မင်းဆွေက ပြောသည်။
မင်္ဂလာမန္တလေး စီမံကိန်းတွင် လူနေအိမ်ရာများ၊ ကြယ်လေးပွင့် အဆင့်ဟိုတယ် တစ်လုံး၊ ကြယ်သုံးပွင့်အဆင့် ဟိုတယ်တစ်လုံး၊ အမိုးခုံးစင်္ကြံနှင့် လူနေဆိုင်တန်း (Shopping Arcade) များ၊ ရှော့ပင်းစင်တာ၊ ကွန်ဒိုမီနီယံ နှစ်လုံး၊ ကားအစီးရေ ၁,၀၀၀၊ မော်တော်ဆိုင်ကယ် စီးရေ ၃,၀၀၀ ရပ်နားနိုင်မည့် လေးထပ်ကားပါကင်၊ လမ်းလျှောက်ဈေး (Walking Street) စသည်များ ပါဝင်မည် ဖြစ်သည်ဟုဆိုသည်။ လာမည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပမည့် ဆီးဂိမ်းအမီ ကြယ်သုံးပွင့်အဆင့် ဟိုတယ်၊ ရှော့ပင်းစင်တာ၊ ဈေးဆိုင်များ၊ ကားပါကင်တို့ကို အပြီးသတ် တည်ဆောက်မည်ဖြစ်ပြီး လူနေအိမ်ရာများကိုမူ ၂ နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဟု ဦးဇင်မင်းဆွေက ပြောကြားသည်။
Wednesday, August 15, 2012
မြ၀တီတွင် တပ်မဟာနှစ်ခုအတွက် KNU ဆက်ဆံရေးရုံး ဖွင့်မည်
ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် တပ်မဟာနှစ်ခုအတွက် ဆက်ဆံရေးရုံးကို သြဂုတ်လ ၁၈ရက်နေ့ တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယနေ့ရရှိသည့် ၎င်းတို့၏ ဖိတ်စာအရ သိရသည်။
ထိုနေ့နံနက် ၁၀နာရီမှ ၁၂နာရီအထိ ဖွင့်ပွဲအဖြစ် ပြုလုပ်သွားမည့် အဆိုပါဆက်ဆံရေးရုံးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) တပ်မဟာ(၆)နှင့် တပ်မဟာ(၇)တို့ ပူးတွဲထားခြင်းဖြစ်သည်။
KNLA ဆက်ဆံရေးရုံး ဖွင့်ပွဲကို မြ၀တီမြို့၊ အမှတ်(၃)ရပ်ကွက်၊ သီရိမင်္ဂလာလမ်း၊ အိမ်အမှတ်(၂၀၁)နေရာ၌ ပြုလုပ်သွားမည် ဖြစ်သည်။

Air Asia လေကြောင်းလိုင်း ဘန်ကောက်-မန္တလေး တိုက်ရိုက်ပျံသန်းမည်
Air Asia လေကြောင်းလိုင်းသည် လာမည့် အောက်တိုဘာမှ စတင်၍ မန္တလေးနှင့် ဘန်ကောက်မြို့သို့ တိုက်ရိုက် ပြေးဆွဲသွားမည်ဖြစ်ပြီး ရန်ကုန်နှင့်ဘန်ကောက် ခရီးစဉ်ကိုလည်း တိုးချဲ့ ပြေးဆွဲသွားမည် ဖြစ်ကြောင်း Air Asia လေကြောင်းလိုင်း၏ အမှုဆောင် အရာရှိချုပ် Mr.Tassapon Bijleveld ကပြောသည်။ အောက်တိုဘာ ၄ ရက်မှ စတင်၍ ဘန်ကောက်နှင့် မန္တလေးမြို့သို့ တစ်ပတ်လျှင် လေးကြိမ်၊ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့တို့တွင် ခရီးသည် ၁၈၀ စီးနင်းနိုင်မည့် အဲဘတ်စ် အေ ၃၂၀ ဖြင့် တိုက်ရိုက် ပျံသန်းပြေး ဆွဲသွားမည် ဖြစ်သည်။ ထို့အပြင် ရန်ကုန်နှင့် ဘန်ကောက်မြို့သို့ အသွားအပြန် လေယာဉ်ခရီးစဉ် တစ်ကြိမ် တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်သည်။ “မြန်မာနိုင်ငံက Air Asia အလေးထားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆွဲဆောင်မှုတွေ အများကြီးရှိနေပြီး ကမ္ဘာကြီးနဲ့ စတင်နီးကပ် ပွင့်လင်းလာနေလို့ပါ။ ခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲလိုက်တဲ့ အတွက် ခရီးသည်တွေ အနေနဲ့ အဆင်ပြေမယ့် အချိန်ကို ပိုမို ရွေးချယ်နိုင်တော့မှာ ဖြစ်ပါတယ်” ဟု Mr.Tassapon Bijleveld က ဘန်ကောက်မြို့တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ Air Asia လေကြောင်းလိုင်းသည် အရောင်းမြှင့်တင်မှု အစီအစဉ်အဖြစ် အောက်တိုဘာ ၄ ရက်မှ ဒီဇင်ဘာ ၃၁ ရက်တွင် ဘန်ကောက်နှင့် ရန်ကုန်မြို့သို့ စီးနင်းမည့် ခရီးသည်များအတွက် ခရီးစဉ်တစ်ကြောင်းလျှင် အမေရိကန် ဒေါ်လာ ၄၂ နှင့် ဘန်ကောက်နှင့် မန္တလေးမြို့သို့ စီးနင်းမည့် ခရီးသည်များအတွက် ခရီးစဉ် တစ်ကြောင်းလျှင် အမေရိကန်ဒေါ်လာ ၄၉ ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ ၎င်းလေကြောင်းလိုင်းသည် အောက်တိုဘာ လဆန်းမှစ၍ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ လေဆိပ်သို့ လေယာဉ်ဆင်းသက်နေရာမှ ဒွန်မောင်းလေဆိပ်သို့ ပြောင်းလဲဆင်းသက်သွားမည် ဖြစ်ကြောင်း သိရသည်။
အရက်နှင့် အားဖြည့်အချိုရည်များ ရောစပ်သောက်သုံးမှုသည် အန္တရာယ်ရှိသော လိင်ဆက်ဆံမှုဆီ ဦးတည်
15 Aug, 2012 2:00 PM
အရက်နှင့် အားဖြည့်အချိုရည်များ ရောစပ်သောက်သုံးမှုမှနေ၍ အမေရိကန်ကောလိပ်အရွယ် ကျောင်းသားများတွင် လိင်ကိစ္စကို လွယ်လွယ် သဘောထားခြင်းနှင့် အန္တရာယ်ရှိသော ပြုမူမှုပိုများလာကြောင်း အမေရိကန်သုတေသန တစ်ရပ်က တွေ့ရှိခဲ့သည်။ ယင်းသို့ ရောစပ်သောက်သုံးမှုကြောင့် အမေရိကန်နိုင်ငံ ကောလိပ်ကျောင်း အများအပြားတွင် ဖြစ်ပေါ်နေသော နောက်ကြောင်း ရာဇဝင် မသိသူများနှင့် အလွယ်တကူ လိင်ဆက်ဆံသော ယဉ်ကျေးမှုကို ပံ့ပိုးပေးခြင်း ဖြစ်နိုင်ကြောင်း နယူးယောက်ပြည်နယ် ဘတ်ဖလိုး တက္ကသိုလ်မှ သုတေသီ ကက်သလင်းအီးမီလ်လာက ပြောကြားသည်။ ကဖိန်းဓာတ်ပါသော အချိုရည်များကြောင့် အရက်သောက်သုံးမှုကို လွန်ကဲသွားစေကြောင်း ကဖိန်းဓာတ်ကြောင့် မိမိမည်မျှ မူးနေသည်ကို မခန့်မှန်းနိုင်တော့ကြောင်း ယင်းမှနေ၍ နောက်ကြောင်း ရာဇဝင် မသိသူများနှင့် လိင်ဆက်ဆံခြင်းဆီသို့ ဦးတည်နိုင်ကြောင်း သုတေသီများက ပြောကြားသည်။ သာမန်အချိန်များတွင် ယင်းသို့သော လိင်ဆက်ဆံဘက်များနှင့် ဆုံစည်းချိန်တွင် ကွန်ဒုံးကဲ့သို့ အကာအကွယ်ပစ္စည်းများ အသုံးပြုသော်လည်း အမူးလွန်နေ၍ အကာအကွယ်ပစ္စည်း သုံးစွဲမှု နည်းပါးသွားလေ့ရှိရာ လိင်မှကူးစက်သော ရောဂါများနှင့် မလိုလားသော သန္ဓေတည်ခြင်း စသော အန္တရာယ်များ မြင့်တက်လာသည်ဟု သုတေသီများက ကဖိန်း သုတေသန ဂျာနယ်တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီး (အငြိမ်းစား) ဦးဥာဏ်ထွန်းအား ဒုတိယသမ္မတအဖြစ် ခန့်အပ်လိုက်ပြီ
15 Aug, 2012 2:37 PM
သြဂုတ်လ ၁၅ ရက် ။ ။ ဒီကနေ့ နံနက်ပိုင်းမှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နိုင်ငံတော် ဒုတိယ သမ္မတအဖြစ် (ကာကွယ်ရေးဦးစီးချုပ်-ရေ) ဗိုလ်ချုပ်ကြီး (အငြိမ်းစား) ဦးဥာဏ်ထွန်းအား ခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ဒီကနေ့ နေ့လည် ၁၀ နာရီ ၅ မိနစ်ခန့်က ကြေညာခဲ့ပါတယ်၊ ယနေ့ နံနက်ပိုင်းမှာဘဲ ဒုတိယသမ္မတ (၁) အဖြစ် ရွေးချယ်ခံရသူ ဗိုလ်ချုပ်ကြီး (အငြိမ်းစား) ဦးဥာဏ်ထွန်းက ပြည်ထောင်စု လွှတ်တော်မှာ ကတိသစ္စာပြုခဲ့ပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်ပုံ အခြေခံ ဥပဒေအရ ယခင် ဒုတိယသမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးအား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ် တင်မြှောက်ခဲ့ကြတာ ဖြစ်ပြီး၊ ယခု အဆိုပါ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးဟာ ကျန်းမာရေးကြောင့် အနားယူခဲ့ရာမှ အဲဒီနေရာမှာ လစ်လပ်သွားတဲ့အတွက် ဒုတိသမ္မတ (၁) နေရာကို ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းအား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ထပ်မံ ရွေးချယ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Tuesday, August 14, 2012
သမ္မတကြီး / လွှတ်တော်ဥက္ကဌကြီး သူတို့ကို အရေးယူပေးပါ
ရွှေပြည်စိုး၊ သြဂုတ် ၁၊ ၂၀၁၂
ပြီးခဲ့တဲ့အပတ် ၂၀၁၂ – ၇ -၂၁ ရက်နေ့ပါ ပြည်တွင်းဂျာနယ်အချို့၊ လူမှုကွန်ယက်၊ Facebook ၊ များနဲ့ ပြည်ပရှိ မိုးမခ၊ ဧရာဝတီ …..စတဲ့ အင်တာနက်သတင်းစာမျက်နှာတွေမှာ ပြည်သူ့လွှတ်တော်အမတ်၊ ကြံ့ဖွတ်ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ်ပြည်က Southern Weekend သတင်းစာနဲ့မေးမြန်းခန်း ( Interview ) မှာ သူက -
” သမတကြီးဦးသိန်စိန်ရဲ့ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားတာဟာ သူ့ရဲ့ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ဆုံးဖြတ်ချက် မဟုတ်ဘူး၊ ဒါကိုဆန့်ကျင်တယ်၊ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင်လုပ်တာ “
ဆိုပြီးပြစ်တင်ဝေဖန်တယ်၊
” မြစ်ဆုံစီမံကိန်းကိုပြန်ဆောက်ရမယ် “လို့လည်းပြောသေးတယ်။သမတ က သူ့မှာ ဆုံးဖြတ်ပိုင်ခွင့်ရှိလို့ဆုံးဖြတ်တယ်ဆိုတာ သူနားလည်ပုံ မပေါ်ဘူး၊
“ဒီစီမံကိန်းကို ပြန်ဆောက်ရမယ်”
လို့ပြောရအောင် သူ့မှာဘာ ပါဝါ၊ ဘာအာဏာများရှိလို့လဲ။
ဦးသိန်းစိန်ဆိုတာ ဗိုလ်ချုပ်ကြီးဟောင်း၊ လွှတ်တော်က တင်မြှောက်ထားတဲ့၊ အများက အသိအမှတ်ပြုထားတဲ့ သမတ။
ဦးအောင်သိန်းလင်းဆိုတာက ဗိုလ်မှူးချုပ်ဟောင်းနဲ့ ရန်ကုန်မြို့တော်ဝန်သာဖြစ်တယ်။ သူ့ထက် အသက်ကြိး၊ ရာထူးကြီးပြီး အတွေ့အကြုံသူ့ထက်များတဲ့ သူကို ဆန့်ကျင်တယ်၊ ဝေဖန်တယ်ဆိုတော့ သူဟာ သူ့ကိုယ်သူ အထင်ကြီးပြီး ” အဖထက်သားတလကြီး “လုပ်နေတယ်ဆိုတော့ ရယ်စရာကောင်းလှပါတယ် မောင်သိန်းလင်းရယ်။
အဲဒီ ၂၀၁၂- ၇ – ၂၁ ရက်နေ့သတင်းမျာပဲ – NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ဝေဖန်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြတဲ့အပေါ်သူက -
” လူတွေရူးနေကြတာပါ။ သူက လူကြိုက်များရတာက ကျနော်တို့ရဲ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်လို့ပါ “
လို့လည်း ပြည်သူလူထုကိုရော ဒေါ်အောင်ဆန်းစုကြည်ကိုပါ စော်ကားတာဖြစ်သလို မနာလို ၀န်တိုစိတ်နဲ့ ထေ့တာ ငေါ့တာ လည်းဖြစ်တယ်။ လမ်းဘေးက အစုတ်ပလုပ်နဲ့ လူလိမ်သူခိုးအကျင့်ဆိုး ရှိတဲ့သူက ကမ္ဘာ့ငြိမ်းချမ်းရေး Nobel ဆုရှင် ကမ္ဘာ့ခေါင်းဆောင်အဆင့်ဝင် ဒေါ်အောင်ဆန်းစုကြည်ကိုဝေဖန်တယ်ဆိုတော့ သူမှ တကယ့်အရူး၊ ကုသလို့ မရတဲ့အာဏာရူး ပါ။ သူ့ရဲ့အဆင့်အတန်းဟာ လူလိမ်လူညာ၊ တေလေကြမ်းပိုး၊ သူခိုးသူဝှက်ထက်မပိုဘူးဆိုတာ သူ့ကိုယ်သူမရိပ်မိသလို သူ့ကိုယ်သူ နွားခြေရာခွက်ထဲက ဖါးကလေးဖြစ်နေတယ် ဆိုတာလည်း သူမသိရှာ၊ ရွံစရာကေါင်းတဲ့ အောင်သိန်းလင်းပါလား။
သူလို သူခိုးကြမ်းပိုး က
“ကုလသမဂ္ဂ၊ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစစ် ကလင်တန်၊ EU နဲ့ USA တို့ကိုမယုံဘူး “
လို့ အရူးချီးပန်း ပြောသွားတာကိုကြည့်ရင် သူ့ဦးနှောက်ဟာ ဖြုတ်ဦးနှောက် ထက်တောင် သေးငယ်နေတယ် ဆိုတာထင်ရှားတယ်။ အထက်ပါပုဂ္ဂိုလ်ကြီးတွေကို မယုံဘူးဆိုတော့ သူယုံသူတွေကတော့ မြန်မာပြည်ကို ချွတ်ချုံကျအောင်၊မွဲတေ စုတ်ပြတ်သွားအောင် ဂုတ်သွေးစုပ် တဲ့ တရုတ်စုတ် နဲ့ မြန်မာပြည်ကိုရောင်းစား၊ ပြည်တွင်းထွက် သယံဇာတတွေကို ခိုးရောင်းစား တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဖြစ်တယ်။ ဒါကတော့ အကျင့်တူ၊ ဗီဇတူ၊ ဥာဉ်တူတွေချည်းဖြစ်နေတာကိုး ဒီလိုပြောမှာပေါ့။
အောင်သိန်းလင်း ဟာလွှတ်တော်အမတ်တယောက်အနေနဲ့၊ ကြံ့ဖွံ့လူကြီးတယောက်အနေနဲ့ လူကြီးလူကောင်းပီပီ သိက္ခာရှိတဲ့ စကား၊တည်ကြည်ပြီး ဂုဏ်သရေရှိတဲ့စကားတွေ ပြောရမယ့်အစား လမ်းဘေးကတေလေကြမ်းပိုး ဗီဇအတိုင်းပြောတဲ့အတွက် ပြည်သူလူထုက မကျေမနပ်ဖြစ်လာကြတယ်။
(” ဗီဇ ဆိုတာ ဖျောက်လို့မရဘူး “ဆိုတဲ့စကားအတိုင်း မောင်သိန်းလင်းဟာလည်း ” တေလေကြမ်းပိုးသူခိုးမျိုး” ဗီဇကိုဖျောက်မရလို့ ဒီလိုပြောတာပဲလို့ဆိုရင် မှားမယ်မထင်ပါ)။
ဒါကြောင့် သူ့ပြောဆိုချက်တွေကို ရှုတ်ချဖို့ အနေနဲ့ မကွေးတိုင်း၊ ပခုက္ကူမြို့ က ပြည်သူများက- “ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုပြီြး ပည်သူတွေကိုစော်ကားတယ်” ဆိုပြီးဆန္ဒပြဖို့ပြင်ဆင် နေကြပါပြီ၊ (မဇ္ဈိမ၊ ၂၆-၇-၂၀၁၂)
အောင်သိန်းလင်းဟာ ပင်ကိုယ်က မကောင်းတဲ့ဗီဇ၊ ယုတ်မာတဲ့ဥာဉ် တွေဟာ လူကြီးဖြစ်လာတဲ့အထိ အဲဒီ ဥာဉ်ဆိုး၊ ဗီဇဆိုးတွေဟာ သူနဲ့အတူပါလာတာတွေ့ရတယ်။သူဟာ တရုတ်သတင်းစာနဲ့ အင်တာဗျူးလုပ်ပြီးနောက် လူအများကဝေဖန်ကဲ့ရဲ့တော့မှ သူရဲ့ ဗီဇဆိုး၊ ဥာဉ်ဆိုးတွေပေါ်လာတော့တယ်။
သူက -
” တရုတ်သတင်းစာအနေဖြင့် သူရဲ့ဖြေဆိုမှု ကို ဘာသာပြန်လွဲမှားယွင်းဖေါ်ပြတာ”
လို့ လိမ်ညာပြီးဆင်ခြေပေးတယ်။ (ဧရာဝတီ ၊ ၂၅-၇-၂၀၁၂)
ဘာသာပြန်တဲ့နေရာမှာ တခါတလေမှားရင်ဖြစ်နိုင်ချေရှိတယ်။ခုလို အင်တာဗျူးတခုလုံး လွဲမှားတယ်ဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ ဘာသာပြန်အလုပ်နဲ့ အသက်မွေးဝမ်းကြာင်းပြုနေသူဟာ ဒီလောက်အထိမှားယွင်းစရာ အကြောင်း မရှိဘူး။ ဒါဟာ သူ့ရဲ့သူများအပေါ်အစဉ်အလာအတိုင်း လိမ်ညာနေပါတယ် ဆိုတဲ့သာဓကပြတာဖြစ်တယ်။ သူဟာကြံ့ဖွံ့ပါတီမှာ၊ လွှတ်တော်မှာဆက်ရှိနေမယ်ဆိုရင် လွှတ်တော်ပါ နာမည်ပျက်၊ သိက္ခာကျ လာပါလိမ့်မယ်။ သမတကြီး / လွှတ်တော်ဥက္ကဌကြီးတို့အနေဖြင့် သူ့ကို ထုတ်ပယ်ပြစ်ဖို့တောင်းဆိုရပါတယ်။
ဦးဌေးဦး လည်း လူလိမ်ပဲ။
၂၀၁၂ – ၇- ၂၅ ရက်နေ့ ဧရာဝတီအင်တာနက်သတင်းမှာပဲ – ကြံ့ဖွံ့ပါတီအထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဟောင်း ဦးဌေးဦးကပါ အောင်သိန်းလင်းကို အကါအကွယ်ပေးပြီး လိမ်ညာနေတာတွေ့ရပါတယ်။ သူ့ရဲ့လိမ်ညာမှုများကိုကြည့်ပါ -
၁။”အဲဒီတုန်းက UN မျက်စေ့ခွဲတဲ့အဖွဲ့နဲ့ပါလာတဲ့ သတင်းထောက်တွေနဲ့ အလွတ်သဘော ပြောလိုက်တာပါ” တဲ့ ။ ဒါပေမယ့် ၂၀၁၂-၇-၂၁ ရက်နေ့ သတင်းတွေအားလုံးမှာ အင်တာဗျူးလုပ်တာလို့ ဖေါ်ပြထားတာကို အများက ဝေဖန်တော့မှ သူက အောင်သိန်းလင်းကို ကါကွယ်ပေးဖို့ အလွတ်သဘောနဲ့ ပြောတာပါ လို့ ဗြောင်လိမ်တယ်။
၂ ။ ” သူက ဗမာလို ပြန်ဖြေတာကို ဘာသာပြန်လွဲမှားတာ”တဲ့။ ဘာသာပြန်အလုပ်နဲ့ လုပ်စားနေသူက အောင်သိန်းလင်းကျမှ ဘာသာပြန်လွဲမှားမယ်တဲ့လား၊ တခွန်းတလေမှားတယ်ဆိုရင်ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အခွန်း ၂၀ကျော်လောက် ဖြေတာ၊ အကုန်လုံး ဘာသာပြန်လွဲမှားရောတဲ့လား ဦးဌေးဦးရယ် စဉ်းစားပြီး ယုတ္တိရှိအောင် လိမ်ပါ၊ ခင်ဗျားကိုယ်စားရှက်မိပါတယ်။
၃ ။ ” တချို့ဥစ္စာတွေမှာ ရူးတယ်တို့၊ ဘာတို့ ပါတာပေါ့ “တဲ့ ဒါဟာ သူများက်ုစော်ကားတာပဲ။ ဒီလိုသူများကို အကြောင်းမဲ့စော်ကားတာဟာ ပါတီလူကြီး၊ လွှတ်တော်အမတ်တယောက်ရဲ့အင်္ဂါရပ်နဲ့မညီ။ ဒါဟာ အခြေအနေမဲ့ အောက်တန်းစားတွေရဲ့လက်သုံးစကား သာဖြစ်တယ်။
၎ ။ ” သူ ဘာတွေပြောလိုက်မှန်းသေချာမသိဘူး ” တဲ့။ သူ ပြောတာသူမသိဘူးဆိုတော့ သူ့ရဲ့ဦးနှောက်မကောင်းလို့ပေါ့။ ဒါလောက်လေးမှ မသိတော့ဘူးဆိုရင် သူယူထားတဲ့ ရာထူးတွေနဲ့မထိုက်တန်တော့ဘူး။
၅ ။ ” ကုလသမဂ္ဂ၊ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစစ် ကလင်တန်၊ EU နဲ့ USA တို့ြ မန်မာပြည်တွင်းရေး ၀င်ရောက်နှောက်ယှက်သူများဖြစ်လို့ မယုံကြည်ဘူးလို့ပြောတာဟာ သူ့ရဲ့အမြင်ကိုပြောတာပါ ” တဲ့။ သူ့အ မြင်ပဲပြောပြော၊ မေးလို့ပဲဖြေဖြေ၊ ဒီလိုပြောတာဟာ သူတပါးကို သက်သက်စော်ကားတာပဲဖြစ်တယ်။
သမ္မတ တို့၊ လွှတ်တော်ဥက္ကဌတို့၊ လွှတ်တော်အမတ်တို့ထဲက တယောက်မှမယုံဘူး လို့ မပြောဘဲ၊ အောင်သိန်းလင်းတယောက်တည်း ပြောတာတော့ သံသယဖြစ်စရာပါ။
ကြံ့ဖွံ့ပါတီဗဟိုအလုပ်မှုဆောင်၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းဟာ သူ့ထက်အသက်ကြီး ရာထူးကြီးပြီး အလုပ်အတွေ့အကြုံများတဲ့ သမတကြီး ဦးသိန်းစိန်လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ဝေဖန်တယ်။ သူ့ထက်ဥာဏ်ပညာ အရည်အချင်းရှိတဲ့၊ သူ့ထက် နိုင်ငံတကာအတွေ့အကြုံရှိတဲ့၊ မြန်မာနိုင်ငံဒီမိုကရေစီရေး ဖေါ်ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုလည်း တိုက်ခိုက်၊စော်ကားတယ်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၊ ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစစ် ကလင်တန်၊ EU နဲ့ USA တို့ရဲ့ဂုဏ်သရေကို ထိခိုက်အောင် စော်ကါးတာတွေပြုလုပ်တယ်။ ဒါဟာသူ့အနေနဲ့ မလုပ်သင့်မလုပ်ထိုက်တဲ့ အလုပ်တွေလုပ်ခဲ့တယ်။ သူဟာပါတီလူကြီး၊ လွှတ်တော်အမတ်တယောက်အနေနဲ့ စောင်ထိန်းရမယ့် ကျင့်ဝတ်၊ဂုဏ်သိက္ခာတွေကို မထိန်းသိမ်းဘဲ၊ တာဝန်မဲ့ လက်လွတ်စပယ်ပြောဆိုခဲ့တယ်။
၎င်းအပြင် ကြံ့ဖွံ့ပါတီအထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဟောင်း ဦးဌေးဦးကလည်း အောင်သိန်းလင်းပြောသမျှကို လိုက်ပြီး လိမ်ညာပြီး ဖါထေးပေးခြင်းအားဖြင့် ပါတီနဲ့လွှတ်တော်တို့ရဲ့ ဂုဏ်သိက္ခာကို ပိုမိုကျဆင်းအောင်လုပ်ခဲ့ပါတယ်။ ၄င်းတို့၂ ယောက်လုံးပါတီနဲ့လွှတ်တော်မှာ ဆက်ရှိနေသမျှကာလပတ်လုံးပါတီရော၊ လွှတ်တော်ရော၊ နိုင်ငံတော်အတွက်ပါ ဂုဏ်သိက္ခာညှိုးမှိန်သွားနိုင်ပါတယ်။
ဒါကြောင့် သူတို့ ၂ ယောက်လုံးကို သမတကြိး သို့မဟုတ် လွှတ်တော်အမတ်ကြီးတို့က အမြန်တုံး ရာထူးဌာနတွေက ထုတ်ပယ်သင့်ကြောင်း တင်ပြအပ်ပါတယ်။
Photo – Lower House MP Aung Thein Lin (USDP), Soe Win (NDF), Htay Oo (USDP), Tun Yi (NUP) at a press conference at USDP headquarters in Rangoon on Wednesday, June 29, 2011. Photo: Mizzima
သမ္မတကြီး / လွှတ်တော်ဥက္ကဌကြီး … ဦးအောင်သိန်းလင်းနှင့် ဦးဌေးဦးတို့ကို အရေးယူပေးပါ။
(အပိုင်း – ၂ )
ရွှေပြည်စိုး၊ သြဂုတ် ၁၃၊ ၂၀၁၂
ပြီးခဲ့တဲ့အပတ် ၂၀၁၂ – ၇- ၃၀ ရက်နေ့စွဲနဲ့ ရန်ကုန်မြို့တော်ဝန် အောင်သိန်းလင်းက သမတ ဦးသိန်းစိန်ရဲ့ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှုကို ဆန့်ကျင်၊ကန့်ကွက်၊ဝေဖန်မှု၊NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှု၊ကုလသမဂ္ဂ၊ကုလအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစစ် ကလင်တန်၊ EU နဲ့ USA တို့ကိုမယုံကြည်ကြောင်း ပုတ်ခတ်မှုတွေအကြောင်းကိုဝေဖန်ရေးသားထားပါတယ်။
ဒီတပတ်မှာတော့- အောင်သိန်းလင်းဆိုတာ ဘယ်သူလဲ၊ ဘာကြောင့်သူများကိုတိုက်ခိုက် ပုတ်ခတ်တာလဲ၊ ရည်ရွယ်ချက်ကဘာလဲ —– စတဲ့အကြောင်းတွေကိုလက်လှမ်းမီသလောက် စုဆောင်းပြီးတင်ပြမှာဖြစ်ပါတယ်။
(အောင်သိန်းလင်းအကြောင်းအချို့ကို ပြည်သူ့အမြင်စာစဉ်၊ မိုးမခ၊ ယနေ့မြန်မာ နဲ့ ဟစ်တိုင် သတင်းဌာနတွေမှာ အလျဉ်းသင့်သလို ဖေါ်ပြထားပြီးဖြစ်ပါတယ်။)
(က) အောင်သိန်းလင်းဆိုတာဘယ်သူလဲ
သူဟာ တောင်ဥက္ကလာပ ဇါတိ၊ ဗိုလ်မှူးချုပ်ဟောင်းဖြစ်တယ်။ ၂၀၀၃ မှ၂၀၁၁ ထိ ရန်ကုန်မြို့တော်ဝန်ဖြစ်ပြီး အခုလက်ရှိမှာ တောင်ဥက္ကလာပ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကြံ့ဖွံ့ပါတီဗဟိုအလုပ်အမှုဆောင်နဲ့ ရန်ကုန်တိုင်းကြံ့ဖွံ့အသင်းကိုယ်စားလှယ်ဖြစ်တယ်။
သူဟာ လူလိမ်လူညာလူယုတ်မာ၊ ဖြတ်စား လာဘ်စားသူခိုးအကြီးစား အဖြစ် ထင်ရှားကျော်ကြားလျက်ရှိပါတယ်။
သူဟာ သူ့ရာထူး၊ သူ့လစာနဲ့ တင့်တောင့်တင့်တယ်၊ ထည်ထည်ဝါ၀ါနေနိုင်၊ စားနိုင်ပါလျက်နဲ့
” ဘာ့ကြောင့် ရိုးသားတဲ့ပြည်သူတွေအပေါ် လိမ်ညာ လှည့်စား ယုတ်မာရသလဲ၊ မိမိဌာနနဲ့တိုင်းပြည်အပေါ် ဘာကြောင့် သစ္စာမရှိရတာလဲ”
လို့ဆန်းစစ်ကြည့်တဲ့အခါ ဗီဇကြောင့်၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြောင့် လို့ပြောရမှာဖြစ်တယ်။
- ဗီဇကြောင့် လို့ပြောရာမှာ – သူ့ရဲ့ပင်ကိုယ်ဗီဇ မကောင်းလို့ ခုလို သူများအပေါ်နဲ့ တိုင်းပြည်အပေါ် လိမ်ညာလှည့်စားတာ၊ ဖြတ်စားလာဘ်စားသူခိုးအကြီးစားဖြစ်နေတာလို့ပြောရင်မှားမယ်မထင်ပါ။
- ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြောင့် လို့ပြောရာမှာ – တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး ဆိုသလို အကျင့်ပျက်နားနီးအကျင့်ပျက်၊ သူခိုးနားနီး၊ သူခိုးဖြစ်လာတာ အဆန်းမဟုတ်ပါ၊နဂိုဗီဇလည်းပါပါတယ်။
အကျင့်ပျက် န၀တ၊ နအဖ စစ်အုပ်စုဝင် ၉၅ ရာခိုင်နှုန်းလောက်ထဲမှာ သူတယောက်ပါဝင်ပါတယ်။န၀တ၊ နအဖ စစ်အုပ်စု တခုလုံးနီးနီး နည်းတူ အောင်သိန်းလင်းဟာလည်း လိမ်ညာလှည့်စား၊ ဖြတ်စား လာဘ်စားလုပ်ပြီး နိုင်ငံခြားဘဏ်တွေမှာ လျှို့ဝှက်အပ်နှံထားတဲ့ စာရင်းထဲမှာပါဝင်ပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်ပြီး အစစအရာရာ ဈေးကြီးနေချိန်မှာ သူတို့လစာနဲ့ နိုင်ငံခြားဘဏ်များစွာမှာ သွားပြီး လျှို့ဝှက်အပ်နှံနိုင်စရာ အကြောင်းမရှိပါ။ ပြည်သူလူထုကိုလိမ်ညာလှည့်ပတ်ပြီး ဖြတ်စားလာဘ်စားလုပ်တာရယ်၊ နိုင်ငံတော်ဘဏ္ဍာနဲ့သယံဇာတရောင်းရ ငွေတွေကို ပြည်သူတွေမသိအောင် ခိုးဝှက်တာရယ်ကြောင့် နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားနိုင်တယ်ဆိုတာ ထင်ရှားပါတယ်။
မြို့တော်ဝန်ဆိုတာ
ရန်ကုန်မြို့တော်ဝန်ဆိုတာ ရန်ကုန်တိုင်းတခုလုံးရဲ့ သက်ဦးဆံပိုင်ဘုရင်တဆူအတိုင်း လုပ်တိုင်းဖြစ်ပါတယ်။ လုပ်တိုင်းဖြစ်လို့ ဖြစ်တိုင်းလုပ်သလို လိုတိုင်းရလို့ ရတိုင်းလို နေသူဖြစ်ပါတယ်။
အောင်သိန်းလင်းရဲ့ ဖြတ်စားလာဘ်စား၊ခိုးဝှက်မှုများ၊ မတရားလုပ်မှုများ။
သူဟာပြည်သူလူထုအပေါ်၊ဌာနအပေါ်၊ တိုင်းပြည်အပေါ် သစ္စာမဲ့လွန်း၊ယုတ်မာလွန်းလို့ မပြောချင်ပေမယ့် အများသိထားရအောင် အဓိကကျတဲ့ သာဓက ကြီိးအချို့ကိုသာတင်ပြပါမယ်။
အောင်သိန်းလင်း နဲ့ နာရေးကူညီမှုအသင်း။
အောင်သိန်းလင်းနဲ့ ရွေးကောက်ပွဲအကြို။
အောင်သိန်းနဲ့ရွေးကောက်ပွဲကာလ။
အောင်သိန်းလင်းနဲ့ဖြတ်စား၊လာဘ်စားသူခိုးကြီးများ။
အဆစ် အနေနဲ့ သူနဲ့သူ့မိသားစု အကြောင်းဖြစ်ပါတယ်။
-အောင်သိန်းလင်းနဲ့ နာရေးကူညီမှု အသင်း။
ရန်ကုန်နာရေးကူညီမှုအသင်းဟာ ရုပ်ရှင်ဒါရိုက်တာ၊ သရုပ်ဆောင်မင်းသား ဦးကျော်သူ ၂၀၀၁ ခု – ဇန္န၀ါရီလ-၁ရက်နေ့ ကစတင်တည်ထောင်တဲ့အသင်းပါ။အသင်းတည်နေရာက ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ၁၆/၂ ရပ်ကွက်၊ သုဒဿနလမ်းရှိ ဗြဟ္မ၀ိဟာရကျောင်းတိုက်မှာဖြစ်ပါတယ်။
ဒီအသင်းဟာ မရှိနွမ်းပါး ဆင်းရဲသားတွေရဲ့ မီးသင်္ဂြိုလ်တဲ့ကိစ္စကို အခမဲ့ ကူညီပေးတဲ့အသင်းပါ။ ဘယ်သူမှ မလုပ်ချင်၊မလုပ်နိုင်တဲ့ အသုဘကိစ္စကို ဦးကျော်သူက အခမဲ့ မေတ္တာစေတနာနဲ့ ကူညီပေးတဲ့အတွက်အောင်မြင်မှုရရှိပါတယ်။
၂၀၀၇ခု မတ်လ-၂ရက်နေ့မှာ နာရေးကူညီမှုအသင်းကတဆင့် သုခ အခမဲ့ဆေးခန်း ကို စေတနာရှင် ဆရာဝန်များ၊ သူနာပြုများ၊ လုပ်အားပေးများရဲ့ အကူအညီနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဆေးခန်းဟာလည်း ဦးကျော်သူရဲ့မှန်ကန်သောဦးဆောင်မှု၊ ဆရာဝန်၊သူနာပြု၊ လုပ်အားပေးအကူအညီများရဲ့ မွန်မြတ်သောစေတနာ၊ သဒ္ဒွါတရားထက်သန်သော ငွေကြေးအလှူရှင်များရဲ့ ပံ့ပိုးမှုကြောင့် ၅/၆နှစ်အတွင်းမှာ မရှိဆင်းရဲသားများရဲ့ အားကိုးအားထားမှုနဲ့ ပြည်သူတရပ်လုံး ယုံကြည်မှုများလည်း ရရှိခဲ့ပါတယ်။ဒါကြောင့် သူ့ဆေးခန်းလည်းနှစ်တိုတိုနဲ့တိုးတက်အောင်မြင်ခဲ့ပါတယ်။
ကောက်ရိုးပုံစောင့် တိရစ္ဆာန်စိတ်နဲ့ အောင်သိန်းလင်း။
မှန်ကန်သော ဦးကျော်သူရဲ့ ဦးဆောင်ဦးရွက်ပြုမှု၊ ဆရာဝန်များ၊ သူနာပြုများ၊ ၀န်ထမ်းနဲ့ လုပ်အားပေးများနဲ့ ပြည်တွင်းပြည်ပက ငွေကြေးအလှူရှင်များရဲ့ ကူညီပံ့ပိုးမှုတို့ကြောင့် နာရေးကူညီမှုအသင်းရော သုခ အခမဲ့ဆေးကုခန်းပါ တပြိုင်တည်း တိုးတက်ခဲ့ပါတယ်။ အဲလို တိုးတက်လာတာကို မနာလိုဝန်တိုတဲ့သူမျာလည်း ပေါ်ထွက်လာပါတယ်။ အဓိကမနာလိုသူကတော့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ဆိုသူဖြစ်ပါတယ်။
သူဟာ သူကိုယ်တိုင်လည်းဘာမှမလုပ်နိုင်၊ ဦးကျော်သူလုပ်လို့အောင်မြင်တာကိုဂုဏ်ယူရမယ့်အစါး၊ ကူညီအားပေးရမယ့်အစါး၊ ကေါက်ရိုးပုံစောင့်တိရစ္ဆာန်လို မနာလိုစိတ်ဝင်ကာ ဦးကျော်သူရဲ့ လုပ်ငန်းတွေကို ပျက်စီးရာ၊ ပျက်စီးကြောင်း ကြံစည်ပါတော့တယ်။ ဦးကျော်သူလုပ်ငန်း ပျက်စီးတာနဲ့အမျှ မရှိဆင်းရဲသားအများစုပါ ဒုက္ခရောက်ရတော့မယ့်အရေးကိုမတွေး၊ လူသားချင်းကိုယ်ချင်းစာစိတ်မရှိတော့ဘဲ၊ ဦးကျော်သူကို ရန်သူလိုသဘောထားပြီး ကျော်သူ ဘ၀ပျက်အောင်လုပ်တာဟာ အလွန်ရိုင်းစိုင်းလှပါတယ်။ သူလုပ်လို့ ကျော်သူဘ၀မပျက်နိုင်ပါ၊ ဒုက္ခရောက်ရမှာက ရာနဲ့ထောင်နဲ့ချီတဲ့ဆင်းရဲသားတွေသာဖြစ်တယ်။
ကောက်ရိုးပုံစောင့်ခွေးဟာ ကောက်ရိုးပုံနားကပ်လာတဲ့အခြားတိရစ္ဆာန်ကိုဟောင်လွှတ်ပေမယ့် သူ့ရဲ့အရှင်သခင်ကိုတော့ သူခိုး၊ လူဆိုးဘေးက ကါကွယ်စောင့်ရှောက်ပေးပါတယ်။ ဒါပေမယ့် အောင်သိန်းလင်းကတော့ သူ့ကိုထမင်းကျွေးနေတဲ့ပြည်သူတွေကို မကါကွယ်ပေးတဲ့အပြင် အန္တရယ်ပြုနေတော့ သူဟာ ကေါက်ရိုးပုံစောင့် တိရစ္ဆာန်ထက်ဆိုးတဲ့လူလို့ပြောရင် လွန်မယ်မထင်ပါ။ သူရဲ့ရွံစရာကောင်းတဲ့ လုပ်ရပ်ကိုကြည့်ပါ။
နာရေးကူညီမှုအသင်းကို သိမ်းဖို့ ကြိုးစား။
ရန်ကုန်နာရေးကူညီမှုအသင်းမှာ ပြည်တွင်းပြည်ပက အလှူရှင်များလှူထားတဲ့ ငွေသန်းပေါင်းများစွာ ရှိမှန်းသိနေတဲ့ ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံ လည်းဖြစ်၊ ငွေဆိုရင်ငန်းငန်းတက်လိုချင်နေတဲ့ အောင်သိန်းလင်းဟာ ရှေးဦးစွာ နာရေးကူညီမှုအသင်း ကို သိမ်းယူရန်စီစဉ်ပါတယ်။ ကံအားလျှော်စွာ အစိုးရရဲ့ ကနဦးကြိုးပမ်းမှုတွေ ဘူးပေါ်သလိုပေါ်ပြီးတဲ့နောက် အာဏာပိုင်တွေ လွှဲပြောင်းယူမယ့် အစီအစဉ် ရုပ်သိမ်းသွားပါတယ်။ ( Irrwaddy- 1-12-2007)
ဒါဟာ အောင်သိန်းလင်းရဲ့ ပထမဆုံးအကြိမ် လူ့စိတ်ပျောက်သွားပုံ ပေါ်လွင်စေတာဖြစ်တယ်။
အောင်သိန်းလင်းဟာ နာရေးကူညီမှုအသင်းသိမ်းလို့ ဝေစုမတည့်လို့ ရုပ်သိမ်းလိုက်ရပေမယ့် အဲဒီအသင်းဖျက်ဆီးဖို့ဆက်ကြိုးစားပါတယ်။ကြိုးစားပုံတွေက -
နာရေးအသင်းနဲ့ သုခဆေးခန်းဖယ်ခိုင်း။
ရန်ကုန်နာရေးကူညီမှုအသင်း နဲ့ သုခ အခမဲ့ဆေးခန်းတို့ဟာ နေသားတကျဖြစ်လာချိန်မှာ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက မူလ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗြဟ္မ၀ိဟာရကျောင်းတိုက်ကနေ မြောက်ဒဂုံကို ပြောင်းရွှေ့ခိုင်းပါတယ်။ ဒါတင်မက ထိုကျောင်းတိုက်ဆရာတော် ဦးနန္ဒမာလာ က လည်း အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့် ဆေးခန်းရော နာရေးအသင်းပါ ထားခွင့်မပြုတော့ပါ။ ( ခေတ်ပြိုင် ၊ ၁၅- ၉-၂၀၀၈ )
နာရေးကူညီမှုအသင်းနဲ့သုခဆေးခန်းကို ၂၀၀၉ -၇ -၁၉ ရက်နေ့တွင် မြောက်ဒဂုံသို့ ပြောင်းေ၇ွှ့သွားသည်။
ဒါဟာအောင်သိန်းလင်းရဲ့ ” မစားရတဲ့အမဲ သဲနဲ့ပက်”တဲ့လုပ်ရပ်တခုဖြစ်သလို အသင်းရော ဆေးခန်ပါ ဖျက်ဖို့လုပ်တဲ့ လူယုတ်မာ အောင်သိန်းလင်းရဲ့ ဒုတိယခြေလှမ်းဖြစ်ပါတယ်။ ဒါနဲ့မပြီးသေး၊ အားမရသေးပါ။
အသင်းကား မထားရ။
နာရေးကူညီမှုအသင်းနဲ့ သုခ အခမဲ့ဆေးခန်းကို သင်္ဃန်းကျွန်းကနေ မြောက်ဒဂုံပြောင်းရွှေ့ပြီးပေမယ့် ” အသင်းပိုင်ကား ( နိဗ္ဗာန်ယာဉ်)တွေကို ရေဝေးသုဿန်မှ အပ ဘယ်မှာမှ မရပ်နားရ”လို့ ရန်ကုန်တိုင်းစည်ပင်သာယာ က ၂၀၀၉- ဖေဖေါ်ဝါရီ ၂၈ ရက်နေ့နောက်ဆုံးထားပြီးရွှေ့ရမယ်လို့ အမိန့်ထုတ်တယ်။ (ဒီဗွီဘီ၊ ၂၅-၂-၂၀၀၉)
အသင်းကတနေရာ၊နိဗ္ဗာန်ယာဉ်၁၆စီးကတနေရာဆိုတော့ယာဉ်မောင်းသူတွေအတွက်သွားရေးလာရေးအခက်အခဲဖြစ်နိုင်တယ်ဆိုတာ လူ့စိတ်ကင်းတဲ့ အောင်သိန်းလင်းက ကိုယ်ချင်းမစာပါ။
ဒါဟာ လူယုတ်မာ အောင်သိန်းလင်းရဲ့ ဦးကျော်သူရဲ့ လုပ်ငန်းပျက်စီးအောင်လုပ်တဲ့ တတိယခြေလှမ်းဖြစ်ပါတယ်။ ဒါနဲ့မပြီးသေးပါ၊
ဆက်ကြည့်ပါ။ နာရေးကူညီမှုအသင်းရဲ့ အသုဘ ယာဉ်အားလုံးကို ၂၀၀၉-၂-၂၈ ရက်နေ့နောက်ဆုံးထားပြီး ရေဝေးသုဿန်မှာ ညအိပ်ရပ်နားရမယ်လို့ အမိန့်ထုတ်တယ်။အဲဒီအမိန့်ထုတ်တာ တလ မပြည့်သေးဘူး၊ နောက်ထပ်အမိန့် တခုထပ်ထုတ်ပြန်ပါတယ်။ အဲဒီ အမိန့်က
” နာရေးအသင်းပိုင်ကားတွေကို ရေဝေးနဲ့ထိန်ပင် သုဿန် ၂ခုမှာ တ၀က်စီခွဲထားရမယ်”
လို့ ရန်ကုန်မြို့တော်စည်ပင်သာယာက ထပ်ပြီးအမိန့်စာထုတ်ပြန်ပါသတဲ့။ (ဒီဗွီဘီ၊ ၁၈-၃-၂၀၀၉)
ဘယ်လိုအညှိုးနဲ့ဦးကျော်သူအပေါ် တိုးတိုးပြီး ဒုက္ခပေးနေလဲမသိပါ။ ဒါကိုကြည့်ရင် အောင်သိန်းလင်းဟာ ” ကေါက်ရိုးပုံစောင့်တဲ့ တိရစ္ဆာန်ထက် ဆိုးတဲ့လူ ဖြစ်နေပြီဆိုတာ ပေါ်လွင်နေပါပြီ၊ ရွံစရာကောင်းတဲ့အောင်သိန်းလင်းပါလား”
ဒါဟာ အောင်သိန်းလင်းရဲ့ လူယုတ်မာဖြစ်ကြောင်းပေါ်လွင်စေတဲ့ စတုတ္ထခြေလှမ်းဖြစ်ပါတယ်။
ရေမြောင်းတူးစေ ကျော်သူရေ။
ဦးကျော်သူရဲ့ နာရေးအသင်းရဲ့ ပိုင်ဆိုင်မှုတွေကို အပိုင်စီးဖို့ မအောင်မြင်တဲ့အခါ အသင်းနဲ့ဆေးခန်းကိုရှိရင်းစွဲ သင်္ဃန်းကျွန်းကနေ မြောက်ဒဂုံကိုပြောင်းခိုင်း၊ ပြောင်းပြီးလို့မကြာခင်မှာ အသုဘယာဉ်တွေကို ရေဝေးသုဿန်မှာထားခိုင်း၊ ခိုင်းလို့ တလမပြည့်မီမှာ ရေဝေးနဲ့ထိန်ပင် သုဿန် ၂ခုမှာတ၀က်စီညအိပ်ရပ်နားခိုင်းပြီးပြီ၊ ဒါနဲ့ လည်းမပြီးသေးဘူး။
`မြောက်ဒဂုံမှာ အသစ်ဖွင့်လှစ်တဲ့ နာရေးအသင်းနဲ့ သုခဆေးခန်းရှေ့မှာ ၅ ပေအကျယ်၊ ၅ပေအနက် ရေမြောင်းတခုတူးဖို့ မြို့နယ်စည်ပင်သာယာကအမိန့်ထပ်ထုတ်တယ်။ မတူးရင် အဆောက်အဦးကိုသုံးခွင့်မပေးဘဲ တရားစွဲဖို့ရှိတယ်လို့အကြောင်းကြားတယ်။
မလုပ်ရင် ပုဒ်မ ၂၈-၂၉ နဲ့တရားစွဲဖို့ ပုဒ်မ ပါတပ်ပေးလိုက်တယ်။ ဒီပုဒ်မ ၂ခုက ငွေဒဏ်၊ထောင်ဒဏ်ချမှတ်နိုင်တဲ့ပုဒ်မတွေဖြစ်တယ်။ (ဒီဗွီဘီ၊ ၁၀ အောက်တိုဘာ-၂၀၀၉)
ကဲ – ဘယ့်နှယ့်လုပ်ကြမလဲ စာဖတ်ပရိသတ်တို့ရေ။ မပူပါနဲ့ ။သူများနဲ့ မတူတဲ့ကျော်သူက ဒီလောက်တော့ အောင်သိန်းလင်းထက်ဥာဏ်သွားပါတယ်။
” အခြားမြေကွက်တွေမှာ ရေမြောင်းမတူးခိုင်းဘဲ၊ သူ့တဦးတည်းကိုတူးခိုင်းရင် ခြင်မွေးတဲ့ကန် ဖြစ်သွားမှာမို့ ကျန်းမာရေးနဲ့လုံးဝ မကိုက်ညီဘူး”
” အလှူငွေတွေဖြစ်လို့ ဒဏ်ကြေး၊ လျှော်ကြေး မဆောင်နိုင်ဘူး၊ဖမ်းရင်ဖမ်း”
ဆိုပြီးပြောလိုက်တယ်။
ဒါဟာလည်း အများအကျိုးဆောင်တဲ့ ဦးကျော်သူအပေါ် မလိုမုန်းထား၊ အငြှိုးပွါးနေတဲ့ လူယုတ်မာအောင်သိန်းလင်းရဲ့ ယုတ်မာမှုကိုထင်ရှားစေတဲ့ ပဉ္စမခြေလှမ်းဖြစ်ပါတယ်။
တရားစွဲပြီ နာရေးအသင်းကို ။
တရာစွဲတဲ့အကြောင်းက ဦးကျော်သူက သူ့ဆေးခန်းရှေ့မှာ ရေမြောင်းတူးခိုင်းတာ မတူးလို့ နာရေးကူညီမှုအသင်းကို ၂၀၀၉-၁၀-၂၉ ရက်နေ့မှာ တောင်ဒဂုံမြို့နယ်တရားရုံးမှာ တရားစွဲတာဖြစ်တယ်။
ထောင်လေသမျှ ပိန်းကောမ၊ ကျောက်ဆောင်နဲ့တိုးမှဦးကျိုးရ ၊
လမ်းတံတား၊ ရေမြောင်းဖေါက်တဲ့အလုပ်ဟာ နိုင်ငံတော်အခွန်ဘဏ္ဍာငွေနဲ့ စည်ပင်သာယာ ကလုပ်ရတဲ့အလုပ်ဖြစ်ပါတယ်။အခမဲ့စေတနာ့ဝန်ထမ်းအလုပ်လုပ်နေတဲ့ ဦးကျော်သူကို ဆေးခန်းရှေ့မှာ ရေမြောင်းတူးခိုင်းတာဟာ မြို့တော်စည်ပင်သာယာရဲ့ စည်းမျည်းစည်းကမ်းကို မြို့တော်ဝန်အောင်သိန်းလင်းက သိရက်နဲ့ သက်သက်ခိုင်းတာဖြစ်တယ်။
တရားစွဲတဲ့အခါမှာလည်း မြောက်ဒဂုံစည်ပင် ကနေ တောင်ဒဂုံမြို့နယ်တရားရုံးမှာ တရားစွဲတော့ အံချော် နေပါတယ်။ ဦးကျော်သူဘက်ကလည်း မှန်ကန်တဲ့ လမ်းကြောင်းကနေ ဓမ္မဓိဋ္ဌါန်ကျကျတုံ့ပြန်ချေပတဲ့အတွက် မြို့တော်ဝန် ဘာမှမလုပ်နိုင်တော့ဘဲ ပိန်းကောမနဲ့တူတဲ့ အောင်သိန်းလင်းဟာ ကျောက်ဆောင်နဲ့တူတဲ့ ဦးကျော်သူနဲ့တွေ့တော့ ဦးကျိုးသွားရပါတော့တယ်။
မြို့တော်ဝန် လူစိတ်ပြန်ဝင်။
မြို့တော်ဝန် အောင်သိန်းလင်းဟာ သူ့ပိုင်နက် နယ်မြေအတွင်းမှာ သက်ဦးဆံပိုင်ဘုရင်လို စေတလုံး သုံးပြီး ” ငါ့လှေငါထိုး၊ ပဲခူးရောက်ရောက်”ဆိုတဲ့အတိုင်း ထင်ရာစိုင်းတဲ့သူပါ။ တောင်ဒဂုံ တရားသူကြီးကလည်း နယ်ကျော်ပြီးစွဲတဲ့စွဲချက်ရယ်၊ နံမည်ကြီးဦးကျော်သူရဲ့ အမှုဖြစ်နေတာရယ်ကြောင့် အမှုကို ကိုင်တွယ်ရခက်နေပါတယ်။
ပင်ကိုယ်ဗီဇကလည်း မကောင်း၊ လုပ်နည်းလုပ်ဟန်ကလည်းမမှန်၊ ဦးကျော်သူကိုပျက်စီးလိုတဲ့ ဇေါနဲ့ ဥပဒေကိုကျောခိုင်းပြီ ထင်ရာစိုင်းတဲ့ အောင်သိန်းလင်းဟာ မတတ်သာတော့တဲ့အဆုံးကျမှ လူစိတ်ပြန်ဝင်လာပါတော့တယ်။
မြို့တော်ဝန်က ” အဆောက်အအုံသစ် ဆောက်လုပ်သူများသည် ၅ပေအကျယ်၊၅ပေအနက် ရေမြောင်းတူးရမည် ဟုထုတ်ပြန်သောအမိန့်ကို ၂၀၀၉-နိုဝင်ဘာ ၆ရက်နေ့၊ မြို့တော်ခန်းမမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကန်ထရိုက်တာများနှင့်တွေ့ဆုံပွဲမှာ သူထုတ်တဲ့အမိန့်ကို သူကိုယ်တိုင်ပြန်
ရုပ်သိမ်းလိုက်ကြောင်း” နဲ့
” နာရေးကူညီမှုအသင်းဆေးခန်းရှေ့မှာ ရေမြောင်းမတူးလို့ နေထိုင်ခွင့်ပိတ်ထားတာကိုလည်း မြို့တော်စည်ပင်က နေထိုင်ခွင့်ပြုလိုက်ကြောင်း”သိရပါသည်။ ( ခေတ်ပြိုင်၊၉-နိုဝင်ဘာ-၂၀၀၉ နဲ့ ဒီဗွီဘီ၊ ၁၂-နိုဝင်ဘာ-၂၀၀၉)
ခုလောက်ဆိုလူယုတ်မာအောင်သိန်းလင်းအကြောင်းသိကောင်းစရာ အချို့ကိုတင်ပြပြီးပါပြီ။
ရွေးကေါက်ပွဲအကြိုကာလ။
ဆက်လက်ပြီး အောင်သိန်လင်းနဲ့ ၂၀၁၀ ရွေးကေါက်ပွဲ အကြိုကာလအကြောင်းအချို့ကိုတင်ပြပါမယ်။ ရွေးကောက်ပွဲအကြိုကာလတုန်းက အထင်ကရ လိမ်ညာမှုကြီးတခုကိုတင်ပြပါမယ် – သူဟာ လူမျိုးမရွေး၊ အလွှာမရွေးအပေါ် ငွေရဖို့၊ပစ္စည်းရဖို့၊ အာဏာမြဲဖို့ဆိုရင် လိမ်ညာလှည့်စားလာတာဟာ သူမြို့တော်ဝန်ဖြစ်ကတည်းပါ။ ခုနောက်ဆုံးဘာသာရေးကိုခုတုံး လုပ်ပြီး ရွေးကေါက်ပွဲအနိုင်ရဖို့လိမ်ညာတယ်။
တောင်ဥက္ကလာပမြို့နယ်မှာ မြို့တော်ဝန်အောင်သိန်းလင်းကရွေးကေါက်ပွဲအတွက်စည်းရုံးရေးဆင်းရင်း ” ကြံ့ခိုင်ရေးပါတီဝင် ၅၀၀ စုဆောင်းပေးနိုင်ရင် ဗလီဆောက်ခွင့်ရမယ်” လို့ အစ္စလမ်ဘာသာဝင်တွေကို ထုံးစံအတိုင်းလိမ်ညာလှည်းစားပြီးစည်းရုံးတယ်။ အောင်သိန်းလင်းရဲ့လိမ်ညာလှည့်စားနေကျလှည့်ကွက်ကို အဟုတ်ထင်တဲ့ အစ္စလမ်ဘာသာဝင်များက ကြံ့ဖွံ့ပါတီဝင် ၇၅၀ စုဆောင်းပေးခဲ့တယ်။(အာဖ်အေ၊၂၇-၁၀-၂၀၁၀)
ဒါပေမဲ့ အောင်သိန်းလင်းသာ လွှတ်တော်အမတ်ဖြစ်သွားတယ်၊ အစ္စလမ်ဘာသာဝင်တွေ ဆောက်ခွင့်မျှော်လင့်ထားတဲ့ ဗလီ ဟာဒီနေ့ထိဆောက်ခွင့်မရပါ။ ဒါဟာကေါက်ရိုးပုံစောင့်တိရစ္ဆာန်ထက်ဆိုးတဲ့၊ယုတ်မာစုတ်ပဲ့တဲ့အောင်သိန်းလင်းရဲ့လိမ်ညာလှည့်ကွက်တွေထဲကအချို့သာဖြစ်ပါတယ်။သူ့ရဲ့ဗီဇဆိုး ဥာဉ်ဆိုးတွေကြောင့် သူသာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သွားတယ်၊ သူ့လက်ချက်ကြောင့် ခံလိုက်ရတဲ့ပြည်သူလူထုတွေရဲ့ ဒဏ်ချက်တွေကဒီနေ့အထိအဆုံးမသတ်သေးပါ။
ရွေးကေါက်ပွဲ ကာလ။
လိမ်ညာ၊ ကေါက်ကျစ်၊ ယုတ်မာတဲ့ အောင်သိန်းလင်းအကြောင်းအချို့ကိုဖေါ်ပြပြီးပြီ။ ခုရွေးကောက်ပွဲကာလ ကလိန်ကျ ပုံအချို့ကိုဆက်လက်ဖေါ်ပြပါမယ်။
၂၀၁၀ ရွေးကေါက်ပွဲမှာ အနိုင်ရရှိရေးအတွက် တောင်ဥက္ကလာပ က အစ္စလမ်ဘာသာဝင် ၇၅၀ ကိုကြံ့ဖွံ့ပါတီဝင်အဖြစ်နဲ့ ကလိန်ကကျစ်လုပ်ပြီးသမာအာဇီဝ မကျသောနည်းနဲ့ယူထားတဲ့အကြောင်း အထက်မှာဖေါ်ပြထားပြီးဖြစ်ပါတယ်။
လွှတ်တော်အမတ်လောင်း အောင်သိန်းလင်းဟာ သာမန်သဘောရိုးနဲ့ပြိုင်ရင်မနိုင်မှန်းသိတဲ့အတွက် အောက်ပါ ကြံ့ဖွံ့ပါတီဝင် အခြားအမတ်လောင်းများ နည်းတူ မသမာသောနည်းနဲ့ မနိုင်နိုင်အောင်လိမ်ညာလှည့်စားပြီး အနိုင်ယူသွားပါတယ်။
အဲဒီမသမာမှုတွေကတော့ – မဲခိုးယူ၊ မဲလိမ်ယူ၊ငွေနဲ့မဲဝယ်ယူ၊ ပစ္စည်းရောင်းပြီးမဲမျှားယူ၊ ငွေချေးပြီးမဲမျှားယူ၊ ကြိုတင်မဲခိုးယူ၊ လူလဲပြီးမဲထည့်ခိုင်းပြီးယူ၊ လူစားထိုးပြီးမဲထည့်ခိုင်းယူ၊ လူတယောက်ကို အခါခါမဲပြန်ထည့်ခိုင်းယူ၊ ခြိမ်းခြောက်ပြီးမဲယူ၊ အကျပ်ကိုင်ပြီးမဲယူ၊ အမိန့်အာဏာသုံးပြီးမဲယူ၊ ကေါ်မရှင်ဘက်လိုက်၊ ကြံ့ဖွံ့ပါတီက ပယ်မဲ မရှိ၊ အတိုက်အခံပါတီတွေဘက်ကို ပယ်မဲ အများအပြားလုပ်၊ ကာယကံရှင်မသိဘဲ မဲလိမ်ယူ၊ ကြိုတင်မဲစါရင်းကို တကယ်ရှိတာထက် ပိုရေတွက်ယူ…… စတဲ့ မသမာမှုပေါင်းများစွာနဲ့ ကလိန်ကကျစ်လုပ်ပြီး အနိုင်ယူသွားတဲ့ အောင်သိန်းလင်းပါ။ ဒါတွေဟာ ရွေးကေါက်ပွဲ ကာလအတွင်းမှာ ဥပဒေမဲ့ မသမာသောနည်းနဲ့လုပ်တဲ့လုပ်ရပ်တွေပါ။
နအဖ အစိုးရလက်ထက် ၂၀၁၀- နိုဝင်ဘာလ- ၇ ရက်နေ့ရွေးကေါက်ပွဲမှာစစ်အစိုးရရဲ့ ကျောထောက်နောက်ခံ ကြံဖွံ့ပါတီဟာ ဘယ်ကမ္ဘာ၊ ဘယ်ေ၇ွးကေါက်ပွဲမှာမှ မရှိတဲ့ ကြိုတင်မဲခိုးယူတဲ့နည်းနဲ့ အခြားမသမာမှုတွေနဲ့ အောင်သိန်းလင်းအပါအ၀င် ကြံ့ဖွံ့ပါတီ အမတ်လောင်းတွေဟာ အနိုင်ယူသွားတယ်ဆိုတာ အများသိစေအပ်ပါသည်။
အောင်သိန်းလင်းနဲ့ ဖြတ်စား၊လာဘ်စား၊ သူခိုးအကြီးစား။
ဒီကဏ္ဍမှာ အောင်သိန်းလင်းရဲ့ ရန်ကုန်မြို့တော်ဝန်သက်တမ်းကာလအတွင်းမှာ ( ၂၀၀၃ မှ ၂၀၁၁ ထိ) ဖြတ်စား လာဘ်စား သူခိုးအကြီးစားဖြစ်ကြောင်းကိုသိရှိသမျှ အပိုမပါ အရင်းတိုင်းဖေါက်သည်ချပါ့မယ်။
၁ ။ ။ ရန်ကုန်တိုင်းမြို့တော်ဝန်ဟောင်း အောင်သိန်းလင်းဟာ ရန်ကုန်၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ စတဲ့မြို့နယ်များမှာရာချီနေတဲ့မြေကွက်တွေနဲ့တိုက်ခန်းများစွာကို လာဘ်အဖြစ် ရယူထားကြောင်း လမ်းခင်းမယ်ဆိုပြီး တင်ထားတဲ့ဘတ်ဂျက်ကလည်း အများကြီး၊ ခင်းသွားတဲ့လမ်းးရဲ့ကုန်ကျစရိတ်က အနည်းစုပဲရှိကြောင်း၊ ( ဧရာဝတီ၊ ၉-မတ်လ-၂၀၁၁)
၂ ။ ။ မန္တလေးတိုင်း၊သာစည်မြို့နယ်ရှိ ရန်ကုန်စည်ပင်ပိုင် မြို့တော်ဘိလပ်မြေစက်ရုံ က ကျပ်ငွေသန်းပေါင်းရာနဲ့ချီပြီး အလွဲသုံးစားလုပ်ထားကြောင်း။ ( ဧရာဝတီ၊ ၉-မေလ-၂၀၁၁)
၃ ။ ။ ရန်ကုန်မြို့တော်ဝန်ဟောင်း အောင်သိန်းလင်းသည် တာဝန်ထမ်းဆောင်စဉ်က ကျပ်သန်းထောင်ချီကာ ငွေကြေးအလွဲသုံးစားမှုကြောင် ဧပြီလနောက်ပိုင်းမှစ၍ စစ်ဆေးမေးမြန်းရန် အာဏာပိုင်များ၏ ဆင့်ခေါ်ထားခြင်းခံရကြောင်း။ (ဧရာဝတီ၊ ၉-မေလ-၂၀၁၁)
၎ ။ ။ ဗိုလ်မှူးချုပ်ဟောင်းအောင်သိန်းလင်းသည် ၂၀၀၃ မှ ၂၀၁၁ အထိ မြို့တော်ဝန်တာဝန် ထမ်းဆောင်စဉ်အတွင်း၊ မြို့တော်စည်ပင်သာယာကော်မတီပိုင် ငွေကြေးများအား ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခဲ့ကြောင်း၊ အလွဲသုံးစားလုပ်ထားသော ငွေကြေးပမာဏမှာ အနည်းဆုံး ကျပ် သန်းပေါင်း တထောင်ကျော် ( အမေရိကန်ဒေါ်လာ ၂သန်းဝန်းကျင်) ရှိကြောင်းအတည်မပြုနိုင်သော သတင်းအရသိရပါသည်။ (ဧရာဝတီ၊ ၉-မေလ-၂၀၁၁)
၅ ။ ။ လမ်းခင်းသည့် လုပ်အားခငွေ သိန်းထောင်ကျော်ကို အသုံးမပြုဘဲ ထုတ်ယူထားကြောင်း။ ( မိုးမခ၊ ၂၂-၆-၂၀၁၁)
အခုဖေါ်ပြပြီးတာက(က)”အောင်သိန်းလင်းဆိုတာဘယ်သူလဲ”ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့ကဏ္ဍအသေးတွေကိုတခုချင်း ဖေါ်ပြထားပါတယ်။အဲဒီ ခေါင်းစဉ်ကြီးအောက်မှာရှိတဲ့ ” ဖြတ်စားလာဘ်စား သူခိုးအကြီးစား” ထဲက ပြည်တွင်းမှာ ဖြတ်စား၊ လာဘ်စားအကြောင်းကို လက်လှမ်းမီသလောက် စုဆောင်းတင်ပြထားပြီးပါပြီ။” သူခိုးအကြီးစားထဲမှာကျန်တာက ခိုးဝှက်ပြီး ပြည်ပဘဏ်တွေမှာ လျှို့ဝှက်အပ်ထားတဲ့ ဘဏ်စာရင်းနဲ့ အောင်သိန်းလင်းမိသားစုစာရင်းဖြစ်ပါတယ်။
ဒီတပတ်အတွင်းမှာ သူခိုးအကြီးစားထဲက လက်ကျန်နဲ့ (ခ) ဘာကြောင့် သူများကို တိုက်ခိုက်ပုတ်ခတ်တာလဲ၊ နဲ့ (ဂ)ရည်ရွယ်ချက်ကဘာတွေလဲဆိုတာတွေကို အမြန်ဆုံးတင်ပြပါမယ်။
အပိုင်း(၃)ကိုဆက်လက်ရှုစားကြပါ။
ရွှေပြည်စိုး
၇-သြဂုတ်-၂၀၁၂
http://moemaka.com

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းများသို့ တောင်ကိုရီးယားသမ္မတ သွားရောက်လည်ပတ်မှုကို ဂျပန်အစိုးရက ဒေါသထွက်
13 Aug, 2012 5:30 PM
သြဂုတ်လ ၁၃ ရက်။ ။တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်ဟာ ဂျပန်နိုင်ငံနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဝေးလံခေါင်သီတဲ့ ပင်လယ်အတွင်းက ကျွန်းစုများဆီသို့ မမျှော်လင့်ဘဲ သွားရောက် လည်ပတ်ခဲ့တဲ့အတွက် ဂျပန်အစိုးရက အကြီးအကျယ် ဒေါသထွက် ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ ဂျပန်သံအမတ်ကြီးကို ပြန်လည်ခေါ်ယူလိုက်ကြောင်း သြဂုတ်လ ၁၀ ရက် သောကြာနေ့က အယ်ဂျာဇီးယား သတင်းမှာ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားသမ္မတ လီမြောင်ဘက်ဟာ ဂျပန်ပင်လယ် အရှေ့ပင်လယ်အတွင်းရှိ မီးတောင်ကျောက်လွှာများနဲ့ တည်ဆောက်ထားတဲ့ ကျွန်းစုများဆီသို့ တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတတစ်ဦးအနေနဲ့ ပထမဦးဆုံး သွားရောက် လည်ပတ်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်၊ အဆိုပါ ကျွန်းများဟာ တောင်ကိုရီးယားနိုင်ငံနဲ့ ယခင် တောင်ကိုရီးယားနိုင်ငံကို သိမ်းပိုက်ပြီး ကိုလိုနီကျွန်ပြု အုပ်စိုးခဲ့တဲ့ ဂျပန်နိုင်ငံတို့အကြားမှာ ဆယ်စုနှစ်ပေါင်းများစွာ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ကျွန်းများဖြစ်တယ်လို့ ဆိုပါတယ်။
Monday, August 13, 2012
ရခိုင့်အရေးအခင်းအပေါ် KNU တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူး စောလှငွေအမြင်
ယခု ဗီဒီယိုခလစ်က ဇွန်လ ၁၅ ရက်နေ့ ကတည်းက အွန်လိုင်းပေါ်ရောက်နေတာပါ။ ယနေ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေတာတွေက ပိုပြီးကြီးထွားလာနေပါသဖြင့် ကေအဲန်ယူတွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေ၏ သဘောထားအမြင်များကို ပြန်လည်ထပ်ဆင့် တင်ပြပေးလိုက်ပါသည်။
ကေအဲန်ယူ တပ်မဟာ ၇ဌာနချုပ်က ၆၂ပြည့် ကရင့်အာဇာနည်နေ့ (ရုပ်သံ)
Sunday, August 12, 2012
၆၂ကြိမ်မြောက် ကရင်အာဇာနည်နေ့သို့ ပြောကြားသော ဥက္ကဌစောတာမလာဘော၏မိန့်ခွန်း
8 Aug, 2012 8:13 PM
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောတာမလာဘောမှ (၆၂)ကြိမ်မြောက် ကျရောက်သော ကရင်အာဇာနည်နေ့ သို့ ပြောကြားသော မိန့်ခွန်း (မြန်မာ)
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောတာမလာဘောမှ (၆၂)ကြိမ်မြောက် ကျရောက်သော ကရင်အာဇာနည်နေ့ သို့ ပြောကြားသော မိန့်ခွန်း (ကရင်)
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောတာမလာဘောမှ (၆၂)ကြိမ်မြောက် ကျရောက်သော ကရင်အာဇာနည်နေ့ သို့ ပြောကြားသော မိန့်ခွန်း (ပိုးကရင်)
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောတာမလာဘောမှ (၆၂)ကြိမ်မြောက် ကျရောက်သော ကရင်အာဇာနည်နေ့ သို့ ပြောကြားသော မိန့်ခွန်း (English)
Subscribe to:
Posts (Atom)