Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sunday, October 7, 2012

ကျနော်နှင့်ကရင်ပညာတတ်မိတ်ဆွေများ

ဖူးဒို ၏ ရင်ဖွင့် စကားသံ စာတပုဒ်ကို Karen United တွင် တင်ထားတာ တွေ့ပြီးနောက် ဖတ်ရှုပြီးနောက် ကျနော်၏ မိတ်ဆွေများအားလည်း ဖတ်ရှုစေချင်သည့် အတွက် ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။ စောကျော်ခရော့စ်မှ ထပ်ဆင့်ဖေါ်ပြပါသည်။

ကျနော် ငယ်စဉ်က ရည်ရွယ်ချက်တခုရှိပါသည်။ အရွယ်ရောက်သည့်တနေ့ တိုင်းပြည်နှင့် လူမျိုးတွက် ပေးဆပ်ရန် တော်လှန်ရေးတပ်သို့ ၀င်ရောက်မည်ဟု မိဘတွေကို ကြိုပြောထားပါသည်။ မိဘကတော့မတား၊ သို့သော်ကြုံ တွေ့ရမည့် အခြေအနေများကို နားလည်အောင် ကြိုပြောထားသည်။ အဖေပြောသည့်အတိုင်း အထက်တန်းကျောင်းသားဘ၀တွင် ဟင်းရှိသော်လည်း ထမင်းကိုဆားနှင့် စားကျင့်ခဲ့သဖြင့် ခံနိုင်ခဲ့ပါသည်။ လူပျိုပေါက် ကျောင်းသားဘ၀တွင် မိမိရည်ရွယ်ချက်ကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ ငယ်စဉ်ဘ၀မှ မြင်တွေ့လာနေရသော အာဏာရှင် စစ်တပ်၏ နှိပ်စက်မှုများကို ခုထိမေ့မရ။ မေ့မရအောင် အာဏာရှင်စစ်တပ်က ယနေ့ထက်တိုင် တိုင်းရင်းသားများကို နှိပ်စက်တုန်း။


 တော်လှန်ရေးကာလ လူအမျိုးမျိုးနှင့် ဆက်ဆံခဲ့ရသော ကျနော်၏ အတွေ့အကြုံများကို ရေးချင်လာပါသည်။ သို့သော်လည်း ဤစာသည် ရိုက်ပေါက်ဖြစ်နိုင်၏။ ကျနော် အားမလို အားမရခဲ့သော အပေါင်းအသင်းအချို့၏ အကြောင်းဖြစ်သည့်အားလျှော်စွာ လူအများနှင့် တိုက်ဆိုင်သည်များ ရှိနိုင်သောကြောင့်ပေတည်း။ တိုက်ဆိုင်မှုရှိနိုင်မည်ဆိုပါက ဤစာအား နောက်တပိုဒ်ထက်ပိုမဖတ်ရန် ကြိုတင် မေတ္တာရပ်ခံထားပါသည်။

ပညာတတ်အမျိုးစား ၁

ပညာသင်ပြီးခါစ ပြည်တွင်းမှနေပြီး အမျိုးသားရေးကို စတင်ထမ်းရွက်ပါသည်။ ကျွန်တော်၏ သူငယ်ချင်းအချို့မှာ တခါတည်း တောထဲသွားပြီး တော်လှန်ရေးတပ်သို့ ၀င်ရောက်သူများရှိသလို ပြည်တွင်းမှနေပြီး တတ်နိုင်သလောက်ပေးဆပ်သူများ ရှိပါသည်။ သို့သော် ကျနော်၏ သူငယ်ချင်းအများစုမှာ- “သူငယ်ချင်း ဆန္ဒသိပ်မစောနဲ့အုံး၊ ဒီအာဏာရှင်အဖွဲ့တွေက လူလိုမဟုတ်ဘူး၊ သိတာနဲ့ အမေးအမြန်းမရှိ တခါတည်းနှိပ်စက်ရုံမက ရှိနေတဲ့ မိဘ မိသားစုတွေပါ ဒုက္ခရောက်နိုင်တယ်။ မျိုးချစ်စိတ်က ငါ့ရင်မှာအပြည့်ဘဲ။ အချိန်မရွေး ဒီသွေးကိုဖောက်ကြည့် နီနေရမယ်။ အခြေမနေပေးတာနဲ့ လှုပ်ရှားပြီးသားဘဲ”

လက်ရှိအခြေအနေမှာ လှုပ်ရှားနိုင်သည်များကို ပြောပြသော်-
“ငါကဒီထက်ပိုထိရောက်အောင်လုပ်ချင်တာ၊ ဒါကတော့ထားလိုက်၊ သိပ်မထိရောက်ဘူး၊ ငါက တခါတည်းအပြတ်ချချင်တာ။ ခု ဒီအစိုးရအောက်က လွတ်အောင် ကြိုးစားလိုက်အုံးမယ်။ ဒီကြားထဲ မိဘကို ကျေးဇူးဆပ်လိုက်အုံးမယ်။ ငါအစီအစဉ်ဆွဲပြီးသား။ ခဏလေးစောင့်၊ ပြီးရင် ငါ မင်းနဲ့အတူ အပြတ်ချမယ်”

ကျွန်တော်ချပြသော အလုပ်က အောက်ခြေအလုပ်ဖြစ်သလို မိသားစုအခြေအနေက ရှိသေးတော့ ဘာမှမပြောတော့ဘဲ အပြတ်ချမယ်ဆိုသော သူ့စကားဖြင့် နှစ်သိမ့်ခဲ့ရပြီး လက်လျှော့ပြန်ခဲ့ရပါသည်။ ဟုတ်လည်းဟုတ်တာဘဲ။ ဘွဲ့ရဆိုတော့ အောက်ခြေအလုပ်ကို လုပ်ချင်စိတ်မရှိသလို စစ်ဘီလူးများ၏ ရက်စက်မှုကလည်း ရှိနေ တာကိုး။

 ပညာတတ်အမျိုးစား ၂

ပညာတတ်အမျိုးစား ၁ ၏ အခြေအနေကျော်လွန်ခဲ့သော သူငယ်ချင်းကို တွေ့သော် အားရ၀မ်းသာဖြင့် စည်းရုံး ပါတော့သည်။ အမျိုးစား ၂ မှာ ပြည်ပတွင်ရောက်ရှိနေသာ သူငယ်ချင်းများဖြစ်ပါသည်။ သူပြန်ပြောသည်မှာ-

 “သူငယ်ချင်း ဆန္ဒသိပ်မစောနဲ့အုံး၊ ငါအခုထွက်လာတာ အကြွေး xxxx သိန်းတင်ခဲ့တယ်။ ဒီအကြွေးတွေကို အရင်ရှင်းလိုက်အုံးမယ်။ ပြီးရင်ငါတခါတည်း အပြတ်ချမယ်။ မျိုးချစ်စိတ်က ငါ့ရင်မှာအပြည့်ဘဲ။ အချိန်မရွေး ဒီသွေးကိုဖေါက်ကြည့် နီနေရမယ်။ အခြေမနေပေးတာနဲ့ လှုပ်ရှားပြီးသားဘဲ” ဟုတ်လည်းဟုတ်ပါသည်၊ ယူထားသောအကြွေးကို ဆပ်ရန်အရေးကြီးသည်ဘဲ။ အကြွေးဆပ်ရင်း လုပ်နိုင်သော အမျိုးသားရေး အလုပ်များကို ပြောပြသော်- တယောက်က “ ဒါတွေဟာလူကြီးတွေ လုပ်ရမှာ သူတို့ကိုသွားပြော”

 နောက်အရွယ်ရောက်သူမိတ်ဆွေကမှု- “ ဟာ.. ဒါက မင်းတို့လူငယ်တွေ လုပ်ရမှာ၊ လူငယ်တွေအများကြီးရှိတာဘဲ သူတို့ကိုသွားပြောလိုက်” နောက်တယောက်ကမူ- “ ဒါတွေက အရေးမကြီးပါဘူး၊ လုပ်နေတဲ့လူတွေရှိပါတယ်။ ငါကအလုပ်ပင်ပန်းတယ်ကွာ။ အားတဲ့ အချိန်လေးတော့ နားပါရစေ၊ ပြီးတော့ဒီနေ့ဘော်လုံးပွဲကလည်း အရေးကြီးနေတယ်”

တချို့ကလည်း- “ ငါကဒါတွေနားမလည်ဘူး၊ လုပ်လည်းမလုပ်တတ်ဘူး”

 “ ဟေ့- ငါကတော့နိုင်ငံရေးနဲ့လုံးဝမပတ်သက်ချင်ဘူး”

 “ ငါ့ရည်းစားနဲ့ချိန်းထားတယ်၊ ဒီနေ့တော့မအားဘူး”

 “ ငါနောက်နှစ် မင်္ဂလာဆောင်မှာမို့ အလုပ်ပိုလုပ်နေရတယ်၊ အချိန်လည်းမပို ငွေလည်း လိုနေတယ်။ ငါ့ကိုနားလည်ပေးပါကွာ” “ Shopping Centre မှာ promotion လုပ်နေတယ်။ အဲဒါသူငယ်ချင်းတွေနဲ့ချိန်းထားတယ်။ နင်လဲလိုက်ခဲ့ပါလား။ နောက်အားတဲ့နေ့ကြမှ လူမျိုးရေးဆွေးနွေးကြတာပေါ့”

ကျွန်တော်ခေါင်းငိုက်စိုက်ဖြင့် တပ်ခေါက်ပြန်ခဲ့ရပါသည်။

ပညာတတ်အမျိုးအစား ၃

 ဤအတန်းကားအမျိုးစား ၂ ကိုကျော်လွန်လာသော အကျနုပ်၏ မိတ်ဆွေများပင်။ တွေ့သည်နှင့် အားရ၀မ်းသာ စည်းရုံးတော့၏။ တယောက်က ပြန်ပြောသည်မှာ- “သူငယ်ချင်းခဏလေးစောင့်၊ ငါလှုပ်ရှားတာ ဗမာစစ်အစိုးရသိသွားရင် ငါကဘာမှ မဖြစ်ပေမယ့် မြန်မာပြည်မှာ ငါ့မိသားစုရှိသေးတယ်။ ငါသူတို့ကိုခေါ်ထုတ်ပြီးတာနဲ့ မင်းနဲ့ အတူ တကယ်လုပ်မယ်”

မိသားစုနှင့်အတူ ပြည်ပတွင်နေထိုင်သော သူငယ်ချင်းက- “ သူငယ်ချင်း ခဏလေးစောင့်၊ ငါ့အခြေအနေမခိုင်သေးဘူး။ နောင် ၂ နှစ်ပြည့်ရင် ဒီနိုင်ငံမှာ အမြဲတန်းနေထိုင်ခွင့် (Permanent Residency) လျှောက်လိုက်အုံး မယ်။ အဲဒါရရင် ငါအပြတ်ချမယ်။ ငါမလုပ်သေးပေမယ့် ရင်ထဲမှာ (ရင်ဘတ်တီးလျှက်) မျိုးချစ်စိတ်အပြည့်ပါ”

လက်ရှိအခြေအနေရ သူတို့လုပ်နိုင်သည်များကိုချပြသော်-

တဦးက “ ငါ ဒါတွေမလုပ်တတ်ဘူး”

 နောက်တဦးက “ ဒါလေးနဲ့ Risk မယူနိုင်သေးဘူး၊ ငါသံရုံးကိုလည်းသွားရတယ်၊ မြန်မာပြည်လည်း ခဏပြန်လည်အုံးမယ်၊ ဒီအလုပ်လေးက ဘာမှမဟုတ်ပေမယ့် အန္တရာယ်ရှိတယ်။ နားလည်ပေးပါကွာ”

ကျွန်တော်ခေါင်းငိုက်စိုက်ဖြင့် တပ်ခေါက်ပြန်ခဲ့ရပါသည်။

ပညာတတ်အမျိုးစား ၄ 

အမျိုးစား ၃ ကိုကျော်လွန်လာပြီး လက်ရှိပြည်ပနိုင်ငံတခုတွင် အမြဲတန်းနေထိုင်ခွင့် (Permanent Resident) ရရှိထားသော ကျနော့် မိတ်ဆွေ ပညာတတ်များဖြစ်ပါသည်။ ဒီတခါတော့သေချာပြီဟုတွက်လျှက် အားရ ၀မ်းသာ စည်းရုံးပါတော့သည်။

ပထမတဦးက- “ သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ ခလေး စရိတ်၊ ကျောင်းစားရိတ်နဲ့ ပတ်ချာလည်ရိုက်နေတယ်။ ခုတောင် အငယ်ကောင်လေးကို ကျုရှင်အပြည့်မထား နိုင်သေးဘူး။ ငါ့လူမျိုးတွေကို ငါမမေ့ပါဘူး၊ ရင်ထဲမှာအမြဲသတိရနေပါတယ်။”

 နောက်တဦးက- “အပြင်ခေါ်ထုတ်လျက် သူငယ်ချင်းရော့ ၅၀ ယူသွား။ မင်းတို့ရန်ပုံငွေအတွက်။ နောက်ခါ ဒီကိစ္စကို အိမ်မှာ လာမပြောနဲ့၊ ငါ့မိန်းမက အရမ်းကြောက်တတ်တာ။ နားလည်းပေးပါကွာ”

 နောက်တဦးကမူ- “သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ ငါအခုဒီမှာ နိုင်ငံသား (Citizenship) ကို နောင်နှစ်ထဲမှာ လျှောက်မလို့။ ဒါကြောင့် Citizenship ရတဲ့အထိ ငြိမ်ငြိမ်လေးနေပါရစေ။ နို့မဟုတ်ရင် အဲဒီမှာ ငြိသွားရင်မလွယ်ဘူး၊ Citizenship ရရင် ငါ့လူမျိုးတွက် လုပ်ပြီးသား”

 နောက်ဆုံးတဦးက- “သူငယ်ချင်း အမျိုးသားရေးကိုတော့ အားပေးပါတယ်။ ဒါပေမယ့် ငါက ဘာမှမလုပ်တတ်ဘူး။ ပြီးတော့လည်း အန္တရာယ်ကလည်း ရှိသေးတယ်။ နည်းနည်း Safe ဖြစ်လာမှဘဲ ငါကိုယ်တိုင်လိုက်မယ်။”

သက်ပြင်းရှည်ကြီး ချလိုက်မိပါသည်။ ရင်ထဲမှာ ပြောစရာစကားများ ရှိနေသော်လည်း မပြောလိုတော့ပါ။ အမျိုးသားရေးသည် တော်လှန်ရေးဖြစ်သလို တော်လှန်ရေးသည်လည်း ပန်းခင်းလမ်းလည်းမဟုတ် ခရောင်းတောလမ်းလည်း မကပါ။ တော်လှန်ရေးသည် ခရောင်းတောလမ်းထက် ကြမ်းတမ်းသောလမ်းဖြစ်သလို တိုင်းပြည်နှင့်လူမျိုးတွက် အနစ်နာခံရသည့်နည်းတူ သာယာဖြောင့်ဖြူးပြီး လုံခြုံစိတ်ချရသော လမ်းမဟုတ်ပါ။

ကျွန်တော်ခေါင်းငိုက်စိုက်ဖြင့် တပ်ခေါက်ခဲ့ရပါသည်။

ပညာတတ်အမျိုးစား ၅

အဆင့် ၄ ကိုကျော်လွန်ပြီး မြန်မာနိုင်ငံသားကို စွန့်လွှတ်လျှက် ရောက်ရှိနေသောနိုင်ငံတွင် နိုင်ငံသားခံယူခွင့် ရရှိထားသော ကျနော်၏ မိတ်ဆွေပညာတတ်များဖြစ်သည်။ ဒီတခါတော့ သေချာပြီပေါ့။ Appointment လုပ်ပြီး အားရ၀မ်းသာ သွားစည်းရုံးပါတော့သည်။ ပထမတဦးက-

 “သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ အခုငါအိမ်ဝယ်ထားတယ်၊ အရစ်ကျပေးစနစ် Installment နဲ့ဝယ်ထားတယ်၊ ကားဖိုးကလည်းမကျေသေးဘူး။ အခုအကြီးကောင်ကလည်းတက္ကသိုလ်ဝင်တန်းဖြေရမယ်ဆို တော့ အရေးကြီးနေတယ်။ ချာလပတ်လည်ရမ်းနေတယ်။ ငါအချိန်မပေးနိုင်သေးဘူး။ အလုပ်ပိုလုပ်နေရတယ်။ ငါ့လူမျိုးအခြေအနေ ငါသိပါတယ်။ ဒီမှာလှုပ်လို့မရလို့ပါ။ နားလည်ပေးပါသူငယ်ချင်းရာ” ဒုတိယတဦးက- “သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ ငါအခု Master / Phd တက်နေတယ်။ ကျောင်းစာကလည်းများ၊ အလုပ်လည်း မလုပ်နိုင်တော့ ဘဏ်မှာ Loan ယူထားရတယ်။ ဒါပြီးရင် ငါ့လူမျိုးတွက် အပြတ်ချမယ်” ကျောင်းပြီးလို့သွားစည်းရုံးပြန်သော်- “ သူငယ်ချင်းခဏလေးစောင့်၊ ကျောင်းတက်တုန်းယူထားတဲ့ Bank Loan ဆပ်ဖို့လုပ်နေရတယ်။ အကြွေးနဲ့ ၀ယ်ထားတဲ့ အိမ်ဖိုးလည်းမကျေသေးတော့ အခု တပတ် ၆ ရက် အလုပ်လုပ်နေရတယ်။ ဒီအကြွေးလေးကျေ ရင်အဆင်ပြေပါပြီ” တတိယတဦးက- “သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ ငါ့အလုပ်အပြာင်းအလဲဖြစ်တယ်။ ကြားထဲမှာ အလုပ်ရှာတာ တလခွဲကြာသွားလို့ အကြွေးတင်သွားတယ်။ ပြီးတော့ ဒီနှစ်ထဲမှာလည်း သားကြီးက မင်္ဂလာဆောင်ဖို့ရှိတော့ အကုန်အကျများနေတယ်။ အဲဒါတွေကာမိဖို့ အလုပ်ပိုလုပ်ရတော့ အချိန်မရှိဘူးဖြစ်နေတယ်။ ငါ့ကိုနားလည်ပေးပါသူငယ်ချင်းရာ” စတုထ္ထတဦးက- “သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ ငါ့မိန်းမ ခုဘဲဆေးရုံဆင်းလာတယ်။ ခုသူ့ကို အနီးကပ် ပြုစုနေရတယ်။ ဖြစ်နိုင်ရင် ဒီကိစ္စ အိမ်မှာလာမပြောပါနဲ့။ ငါ့သမီးက သူ့အမေလိုဘဲ ရှုပ်ရှုပ်ရှက်ရှက်ဆို မကြိုက်ဘူးကွာ။ ငါ့မိန်းမနေကောင်းလာရင် ငါပါဝင်ပါ့မယ်။ လောလောဆယ်တော့နားလည်ပေးပါ ကွာ။ ငါ့လူမျိုးကို ငါချစ်ပါတယ်။ ငါ့မမေ့ပါဘူး။ ဘုရှားရှိခိုးတိုင်းသတိရပါတယ်။” ပဉ္စမတဦးက- “ သူငယ်ချင်း ငါတို့လူမျိုးတွက် မင်းဆောင်ရွက်တာ ကျေးဇူးတင်တယ်။ ဂုဏ်လည်းယူတယ်။ ငါအခုအသက်ကြီးလာတော့ အရင်လိုမသွက်လက်တော့ဘူး။ကျန်းမာရေးကလည်း မကောင်းတချက်ကောင်း တချက်နဲ့ ဘယ်လောက်ထိနေရမယ်တောင် မသိဘူး။ ခုတောင် ပင်စင်သွားခါနီး တတ်နိုင်သလောက် အလုပ် ကြိုးစားဆင်းနေရတယ်။ ငါ့ကို နားလည်ပေးပါကွာ” နောက်ဆုံးတဦးက- “ သူငယ်ချင်း လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါအခုဝင်ငွေက ပင်စင်လစာ ဘဲရှိတယ်။ ခုအိမ်မှာ မြေး ၂ ယောက်နဲ့ဘဲ အချိန်ကုန်တယ်။ အမေအဖေ ၂ ယောက်လုံးက အလုပ်လုပ်တော့ ငါတို့ အဖိုးအဖွား ၂ ယောက်ဘဲ ထိန်းနေရတယ်။ မင်းပြောသလို အမျိုးသားရေးတွက် စာသွားသင်ဖို့တောင် မျက်စိကလည်းမကောင်း ပြီးတော့ ရင်ကျပ် နဲ့ နှလုံးကလည်းတခါတခါဖောက်လာတယ်။ ငါတို့ကိုနားလည် ပေးပါကွာ။ ပြီးတော့လည်း အားရင်ခဏခဏ လာလည်ပေးပါကွာ။ ခုထက်ထိ မျိုးချစ်စိတ် ငါ့ရင်ထဲမှာအပြည့်ရှိပါတယ်။ ဒါပေမဲ့အခြေအနေက မင်းမြင်တဲ့အတိုင်းဘဲလေ” နောက်ဆုံးတော့ ကျွန်တော် ဖူးဒို တယာက်ခေါင်းငိုက်စိုက်ဖြင့် တပ်ခေါက်ပြန်ခဲ့ရပါသည်။ကျနော့်မှာ စည်းရုံးစရာလူမရှိပြီ။ ကျနော်နှင့်အတူ အမျိုးသားရေးတွင် တက်ကြွစွာ အနစ်နာခံလျက် ပါဝင်သူများမရှိတာတော့မဟုတ်ရှိပါသည်။ သို့သော်ကရင်လူမျိုး တသောင်းကျော်ရှိသော ကျနော်တို့ဒေသတွင်အမျိုးသားရေးတွက် ပါဝင်ဆောင်ရွက်သူ ၅၀ မျှမပြည့်။ ရာခိုင်နှုန်း နှင့်တွက်လျှင် ၀.၅ ရှိသဖြင့် အင်မတန်နည်းနေ၏။ ကရင်လူမျိုးသန်းနှင့်ချီရှိ၏။ သို့သော်တော်လှန်ရေးအင်အားမှာ သောင်းဂဏန်းသာရှိသည့်ပြင် အဲဒီသောင်းဂဏန်းရှိသော တော်လှန်ရေးအင်အားစု ကို ကျန်ပြည်သူများက ထမင်းဝအောင်မကျွေးနိုင်။ အမျိုးသားချစ်စိတ်မရှိဟု ပြောမိပါက စိတ်ဆိုးမာန်ဆိုးဖြင့် ရင်ဘတ်ကိုတီးလျှက် အမျိုးသားချစ်စိတ် အပြည့်ရှိကြောင်းပြန်ပြောတတ်၏။ မိမိအခြေအနေကို ခိုင်မာအောင်တည်ဆောက်ပြီးမှ၊ မိမိ ကိုယ်ပိုင်အချိန်ပိုမှ၊ မိမိအသုံးစရိတ်ပိုလျှံမှ အမျိုးသားရေးကို ဆောင်ရွက်လိုလျှင် ဤဘ၀တွင် လုံးဝ လုံးဝ မဖြစ်နိုင်တော့ပါ။ အပျို/ လူပျိုဘ၀မှ အိုမင်းရင့်ရော်သည်ထိဘ၀တွက် ချိန်ပြည့် ရုန်းကန်လုပ်ရှားရသောအခြေနေရှိ၏။ သိန်းနှင့်ချီသော မိမိလူမျိုးများ ဒုက္ခရောက်၊ ညှင်းဆဲသတ်ဖြတ်ခြင်းခံရတာကို နားနှင့်ကြား မျက်စိ ဖြင့် မြင်သော်လည်း နှုတ်စကားဖြင့် လူမျိုးကိုချစ်နေပါက ၀မ်းနည်းစရာ ကျွန်တော်တို့အားလုံးရဲ့အနာဂတ်သာ ရှိပါတော့သည်။ ရေစက်ပေါင်းများစွာ စုစည်းခြင်းဖြင့် ပင်လယ်သမုဒ္ဒရာဖြစ်လာ၏။ သို့သော် ရေတစ်စက်ဆိုသော အတိုင်းတာလေးကို ကျနော့်ကရင်လူမျိုးများ မလှုဒါန်း မပါဝင်နိုင်။ ကိုယ်တိုင် ပါဝင်ခြင်း၊ငွေကြေး၊ ပညာဒါနများ ပေးလှုခြင်း မရှိသော်လည်း ဆင်းရဲတွင်းထဲမှာ တိုက်ပွဲ ၀င်နေသော KNU အဖွဲ့ကို “ ကော်သူးလေး ဘယ်တော့ရမလဲ ” ဟု မေးခွန်းထုတ်တတ်၏။ ဒီထက်မက ပြောတတ်သည်မှာ- “ နင်တို့တွေ လုပ်တာမှ မဟုတ်တာ၊ နင်တို့တွေမှ အသုံးမကျတာ ဘယ်အောင်မြင်မလဲ” မိတ်ဆွေတို့- ကော်သူးလေး ဘယ်တော့ရမလဲဆိုသည့်မေးခွန်းသည် မိမိကိုယ်ကို ပြန်မေးရမည့်မေးခွန်းဖြစ်ပြီး အဖြေသည် ကျနော်တို့ ပြည်သူအားလုံးပေါ် မူတည်နေပါသည်။ ချစ်သောကရင်အမျိုးသားပေါင်းတို့- ကျနော်တို့လူမျိုးထဲမှ ၃% လောက် တော်လှန်ရေးမှာ ပေးဆပ်ပါကကော်သူးလေးပြည်ကို ကာကွယ်အုပ်ချုပ်နိုင်သော တပ်မတော် တည်ထောင်နိုင်ပြီး ကျန်ပြည်သူများမှ ရင်ဘတ်တွင်းသိမ်းဆည်းထားသော မျိုးချစ်စိတ်ကို ၅၀% လောက် လက်တွေ့ထုတ်ဖော် အသုံးပြုပါက ကိုယ့်ပြည်ကိုယ့်ရွာ တွင် တင့်တယ်စွာ နေနိုင်မည်မှာ မြေကြီးလက်ခတ်မလွှဲပါ။ ငါမတတ်ဘူး၊ ဟိုလူ့တာဝန် ဒီလူ့တာဝန် လက်ညိုး ထိုးနေမည့်အစား မိမိ အသိစိတ်ဖြင့် တော်လှန်ရေးကို တဖက်တလမ်းမှ ပါဝင်ကူညီကြရန် မေတ္တာရပ်ခံအပ်ပါတယ်။ ဤစာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပါက နားလည်ခွှင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါတယ်။ အားလုံးကိုချစ်ခင်လေးစားလျှက်

Monday, July 30, 2012

ဘာဆက်လုပ်ကြမလဲ



(မင်းစိုးစံ)

ကရင်မတွေက အရမ်းလွယ်တာပဲ ဆိုတဲ့ စကားမျိုးကြားဘူးကြပါသလား။
ကြားရတာ သိပ်တော့အဆင်မပြေဘူးဆိုတာ သိပါတယ်။
ဘယ့်နှယ်ဗျာ ကရင်မတွေက သိပ်လွယ်တာပဲဆိုကတည်းကိုက အရင်းမရှိအဖျားမရှိ တုံးတိတိကြီးလေ။ ဒီစကားကိုပြောတဲ့လူတွေက ကရင်မနဲ့အိမ်ထောင်ကျအပြီး စီးပွါးရေးမှာ အတော်အသင့်အောင်မြင်သွားတယ်
လို့ ပြောနိုင်တဲ့တရုတ်တွေပါ။

သိတယ်မဟုတ်လား ၀မ်းခါ(ကော်မူးရာ)ကရင်တွေရဲ့ ရွှေခေတ်က စခန်းလေးကို ပြန်သွားကြည့်ကြပါစို့။ အဲဒီအချိန်တုန်းက တရုတ်အတော်များများဟာ လောက်ဗန်လိုလို ဘာလိုလိုနဲ့ ကုန်မျိုးစုံဆိုင်ကလေးတည်၊ ပြီးတော့ ကရင်မလေးတွေကို အိမ်ဖေါ်အဖြစ်ငှား နောက်တော့ မယားလုပ်လိုက်ကြတာ အတော်များတာပဲဗျ။ ကျုပ်ရည်းစားတစ်ယောက်တောင် တရုတ်ကြီးကိုလင်တော်ပစ်လိုက်တာ။

အဲဒီတော့ သူများနဲ့ညားတဲ့ ငါ့ရည်းစား ဆိုလား၊ ကျော်တော့လှေသူကြီး ညားတော့လှေထိုးသား ဆိုလား။ အူကြောင်ကြောင်နဲ့ အသဲကွဲသလိုလို၊ လွမ်းနာကျသလိုလိုနဲ့ အရက်ကလေး တစ်ကျပ်ဘိုးလောက်သောက်ပြီး တစ်ရာဘိုး လောက်မူးခဲ့လိုက်သေး။

တရုတ်တွေကို ကရင်မတွေက ဘာကြောင့်လင်တော်ကြသလဲ။
ကရင်မတွေကို တရုတ်တွေက ဘာကြောင့် မယားလုပ်ကြသလဲ။
ကျုပ်အမြင်ကတော့ ကျုပ်တို့ကရင်အမျိုးသမီးငယ်လေးတွေမှာ စာပေမတတ်တဲ့ ပညာရေးချို့တဲ့တဲ့ ဦးရေကများ
လေတော့ ရုပ်ပိုင်းဆိုင်ရာအရ တရုတ်တွေကို အထင်ကြီးအားကိုးကြတာမို့ အခုလိုတရုတ်ကို လင်လုပ်လိုက်ကြ
တာ ဖြစ်နိုင်စရာရှိပါတယ်။

တရုတ်တွေက ဘာကြောင့် ကရင်မတွေကို မယားလုပ်သလဲ။
ကရင်မတွေက အများအားဖြင့်ရိုးသားကြတယ်၊ အထူးသဖြင့် ဖိုမ ဆက်ဆံရေးမှာကင်းကင်းရှင်းရှင်းရှိတာများတယ်၊
နောက်တစ်ချက်က ကရင်လိုပြောဆိုတတ်တဲ့အခါကျတော့ လက်ရှိဆိုင်ကလေးဟာ ပိုပြီးရောင်းအားကောင်းလာ
တယ်၊ စီးပွါးရေးအရ တွက်ချေကိုက်တယ်။

နောက်တစ်ခုက ကရင်မတွေဟာ နားပူနားဆာမလုပ်တတ်ကြဘူး၊ တရုတ်တစ်ယောက်ပြောတာက ကရင်မတွေဟာ ဆန်တစ်ပုံးနဲ့ငါးပိတစ်ကီလိုလောက်ရှိလျင် ဘမျှပူစရာမလိုဘူး၊ တခြားအမျိုးသမီးကိုယူလျင်ဟိုဟာ
လုပ်ပေးပါ၊ ဒီဟာဝယ်ပေးပါ၊ ဆိုတော့ ဆိုင်မှာရင်းနှီးဘို့ ငွေလျော့တယ် စီးပွါးရေးချဲ့လို့မရဘူး၊ ဒါကြောင့် ကရင်မကို
 ပဲ ယူတာကောင်းတယ်။ လက်ထပ်စားရိတ်လည်း မကုန်ဘူး။ အဲဒါသူ့အပြော။

စီးပွါးရေးလည်းတက်လာရော ဟော ကရင်မဗျာများပြီ၊ ပေါက်ဖေါ်က နောက်ထပ်အငယ်လေးတွေနဲ့ ဇယားကိုရှုတ်
နေတာ၊ ကွဲမယ် ခွါမယ်လုပ်ဘို့ကြပြန်တော့ ဟော ကရင်မမှာ ငွေတစ်ပြားမျှမရှိဘူး၊ကလေးတွေနဲ့ ဘာဆက်လုပ်
မလဲ။ ဒီတော့ ဗမာစကားပုံ တစ်ခုလိုပေါ့ အပျိုလိုမနေမိလို့ ကိုယ်ရိတယ်လေး ဆိုတာလေ။

ကရင်အမျိုးသားတစ်ယောက်နဲ့ တရုတ်အမျိုးသားတစ်ယောက်ကို ယှဉ်ကြည့်လိုက်ကြပါစို့။ အသက်တူရွယ်တူဆိုပါတော့၊ တရုတ်က ဆိုင်ခန်းလေးဘာလေးဖွင့်ပြီး ကိုယ်ပိုင်အလုပ်လုပ်နိုင်ပြီးတော့ ကရင်အမျိုး
သားကြတော့ ဘာကြောင့် သူများဆိုင်သေးသေးလေးမှာ အကူလုပ်ရသလဲ။

တခြားနယ် တခြားဒေသကို မပြောဘူး ကရင်ပြည်ထဲက ကော်မူးရာ(၀မ်းခါ)လို နေရာမျိုးမှာပဲကြည့်လိုက်။ တရုတ်က စားသောက်ဆိုင်ဖွင့်တယ် ကရင်က စားပွဲထိုးလုပ်မယ်၊ ပန်းကန်ဆေးမယ်။
တရုတ်က အလှကုန်ဆိုင်လေးဖွင့်မယ် ကရင်က ပစ္စည်းလေးတွေကူသယ်မယ်၊ ကူရောင်းမယ်။
အဲဒီတော့ ကရင်မက ကရင်လေးကိုချစ်ပေမယ့် မြတ်နိုးပေမယ့် ဆိုင်ပိုင်လေးနဲ့နေချင်တော့ ကရင်လေးအဆွေး
သမားဖြစ်တာကို ကြေကြေနပ်နပ်ကြီးကြည့်နိုင်ရမှာပေါ့။
သံယောဇဉ်လေးကလည်း မကုန်တတ်တော့ နင်လိုချင်တာရှိလျင် ငါ့ဆိုင်မှာလာယူနော် ပိုက်ဆံတပြားမှပေးဘို့မလို ဘူး ပြောတာကျတော့ တကယ့်စေတနာနဲ့ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကြားရတဲ့ကရင်လေး ခမျာမှာတော့ နှလုံးသား
ကိုခြေမွခံရယုံမက အစော် ကားခံလိုက်ရသလို ဖြစ်သွားခဲ့မယ်ဆိုလျင် ပွဲကြမ်းသွားနိုင်ပါတယ်၊ ကြမ်းလည်းကြမ်းခဲ့ပါ တယ်။

ဒီတော့ ကရင်တွေက ဘာကြောင့်ကိုယ်ပိုင်အလုပ်လုပ်ဘို့မစဉ်းစားကြသလဲဆိုတာ မေးစရာရှိလာပါတယ်၊ ကရင်
ဆိုတဲ့အမျိုးက မွေးလာကတည်းက ငါးပိနဲ့လူဖြစ်လာတာဆိုတော့ သူတို့အတွေးထဲမှာ ငါ့သမီးကြီးလာလျင် ဘန်
ကောက်မှာ သူများအိမ်ဖေါ်သွားလုပ်ခိုင်းမယ်၊ ငါတို့လို ဆင်းဆင်းရဲရဲ လယ်မလုပ်ခိုင်းဘူး။

ကဲအတွေးအခေါ်ကိုက အင်မတန်အိုးနင်းခွက်နင်းနိုင်နေတာ၊ အဲဒီလို အိုးနင်းခွက်နင်းဖြစ်အောင်ကို ဗမာစစ်အစိုး
ရက ဖန်တည်းနေတာ။ စီးပွါးရေးအရ၊ ပညာရေးအရ၊ လူမှုရေးအရ၊ ယဉ်ကျေးမှုအရ၊ နိုင်ငံရေးအရ၊ အားလုံး မှ အားလုံး နည်းလမ်းပေါင်းစုံနဲ့ တိုင်းရင်းသားတွေအပေါ် နာလန်မထူနိုင်အောင် ခေတ်အဆက်ဆက်ပိပိရိရိ စနစ်တ ကျဖိနှိပ်အနိုင်ကျင့်နေခဲ့လိုက်တာ ဒီကနေ့အထိ။

တရုတ်အမျိုးသားတွေကျတော့ စွန့်စားရဲကြတယ်၊ သူတို့မှာ ခံယူချက်တစ်ခုရှိတယ်။ ဘာလဲဆိုတော့ ငွေကြေးချမ်းသာချင်သလား ငွေရတဲ့အလုပ်မှန်သမျှ အကုန်လုပ်၊ တရားတယ်၊ မတရားဘူး၊ သမာအာဇီဝကျတယ်၊ သမာအာဇီဝမကျဘူး၊ ဘာမျှတွေးမနေနဲ့ ငွေရလျင်အားလုံးလုပ်။
ဒါကသူတို့တတွေရဲ့ ခံယူချက်။

နောက်တစ်ခုက တရုတ်ဘုံကျောင်းတွေမှာ ကိုယ်လုပ်ချင်တဲ့ စီးပွါးရေးအကြောင်းပြောပြပြီး လိုအပ်တဲ့အရင်းအနှီး
ကို တောင်းလို့ရတယ်၊ ကော်မူးရာလိုနေရာမျိုးမှာ ကုန်စုံဆိုင်ဖွင့်မယ်ဆိုလျင် မဲဆောက်က တရုတ်ဘုံကျောင်းမှာ အကူအညီတောင်းနိုင်တယ်၊ ဆိုင်ပေါ်တင်မယ့် ကုန်ပစ္စည်းတွေကို တရုတ်သူဌေးဆီမှာ အကြွေးနဲ့ယူလို့ရတယ်၊ တစ်ယောက်ကို တရုတ်ဘုံကျောင်းကနေပြီး သုံးကြိမ်အကူအညီပေးတယ်၊ သုံးကြိမ်ကူညီပြီးတဲ့နောက် ဘာမျှဖြစ်မ
လာဘူးဆိုလျင် အကူအညီတွေကိုရပ်ပြီး သင့်တော်ရာတရုတ်ဆိုင်တဆိုင်မှာ လစာနည်းနည်းနဲ့အလုပ်လုပ်ရတယ်
လေ့လာသင်ယူခိုင်းတယ်။

အဲဒီလိုလေ့လာသင်ယူပြီးလို့ နောက်ထပ်ဆိုင်ပြန်ဖွင့်ပြီဆိုလျင် အဲဒီလူ တော်ရုံနဲ့စီးပွါးမပျက်နိုင်တော့ဘူး။ ရန်သူမျိုးငါပါးရန်က လွဲလျင်ပေါ့လေ။

ကဲ ဒီကနေ့ ကျုပ်တို့ကရင်အမျိုးသားတစ်ယောက်က ဆိုင်လေးတဆိုင်ဖွင့်ဘို့ အစီအစဉ်လေးရှိတယ်ဆိုပါတော့ဘယ်
သူအရင်းထုတ်ပေးမှာလဲ။
ဘန်ကောက်ကို ကျွန်လုပ်ဘို့သွားမယ်ဆိုလျင်တော့ ငွေတိုးချဘို့စောင့်နေတဲ့ ကရင်ငွေရှင်ကြေးရှင်တွေက ပေါပါဘိ။ တရုတ်ဘုံကျောင်းလို ကရင်တွေမှာ ငွေအရင်းအနှီးထုတ်ပေးတဲ့ နေရာဌာနဆိုတာကရော ဘယ်မှာလဲ။ စဉ်းတောင်မစဉ်းစားမိဘူး။
ပြောစရာရှိတာက တရုတ်တွေငွေရှာတဲ့နေရာမှာ သမီးအရင်းကိုတောင် ရောင်းစားပစ်တာဗျို့။
တခြားလူသတ်မှုတို့ ဓါးပြမှုတို့ ဆိုတာကို စာရင်းထဲတောင်ထည့်တာမဟုတ်ဘူး။
အဲဒါကတော့ ကျုပ်ကိုယ်တိုင်မြင်တွေ့ခဲ့ရတာပါ။

အဲဒီပေါက်ဖေါ်ကြီးက ကရင်မကိုယူထားပြီးစီးပွါးရှာတာ၊ တော်တော်ကြီးပွါးခဲ့ပါတယ်။
သူက တခြားမိန်းကလေးတွေနဲ့ရှုတ်ပြီး စီးပွါးကျသွားလိုက်တာ နောက်ဆုံး အဲဒီကရင်မနဲ့ရထားတဲ့ သမီးလေးကို အကြွေးပေးစရာရှိတဲ့ လူရဲ့လက်ထဲကို ထည့်လိုက်ရပါတော့တယ်။
အဲဒီညက ပေါက်ဖေါ်ကြီးခမျာ အရက်ခွက်ထဲကို မျက်ရည်တွေကျလို့။
သူ့နောက်ဆုံးခရီးကို သမီးဖြစ်သူလုံးဝ မလာဘူးတဲ့။
ဘယ်လာချင်ပါ့မလဲလေ အဖေလုပ်တဲ့သူ လူကြီးတစ်ယောက်ရဲ့လက်ထဲကို အအပ်ခံရတဲ့အချိန်က အဲဒီမိန်းကလေး
မှာ ရာသီပန်းတောင် မပွင့်သေးဘူးတဲ့။

အဲဒီတော့ တရုတ်တွေ ကရင်မနဲ့ညားတာမဆန်းပါ။
ကရင်မတွေ တရုတ်ကိုယူတာမဆန်းပါ။
ကရင်လေး အသည်းကွဲတာ မဆန်းပါ။
ကရင်လေး သူများကျွန်ဖြစ်တာ မဆန်းပါ။
ကရင်လူမျိုးပျောက်တော့မယ်ဆိုတဲ့ အတွေးလေးများရှိကြမယ်ဆိုလျင်ဖြင့်

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

မှတ်ချက်
ကရင်မ လို့ သုံးထားပေမယ့် တခြားလူမျိုး မ တွေလည်း သတိထားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

Saturday, June 2, 2012

လမ်းမတော်အထက(၂) ကျောင်းအုပ် ဆရာမကြီးငွေပေးမှကျောင်းအပ်ခွင့်ရ

2012/06/01 22:58 ဇွန်လ ၁ရက်၊ ၂၀၁၂။ နော်ဆဲကလယ် (ကေအိုင်စီ) ရန်ကုန်မြို့၊ လမ်းမတော် အထက(၂)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းစိုးသည် ကျောင်းသားများ လက်ခံရာတွင်သိန်းနှင့်ချီသည့် ငွေကြေးများဖြင့် ကျောင်း ၀င်ခွင့်လက်ခံသည်ဟု ကျောင်းသားမိဘ အုပ်ထိန်းသူများက ကေအိုင်စီကို ပြောသည်။ ကျောင်းအပ်ရာတွင် ပါဝင်လိုက်ပါသွားသူ ကျောင်းသားက “ကျနော်က အလက(၁) လမ်းမတော်ကနေ ပြောင်းရတာပါ။ မေလ ၂၅ ရက် နေ့က သွားအပ်တာပါ။ ကျောင်းအပ်တော့ အဒေါ်က စာအိတ်ထဲ ငွေတစ်သိန်းထည့်ထားပြီး ဆရာမတွေလက်ထဲ ထည့်လိုက်တာပါ။ မတက်ရမှာစိုးလို့ ပေးတာလို့ ပြောပါတယ်။ တခြားကျနော့်သူငယ်ချင်းတွေလည်း ပိုက်ဆံမပေးလို့ မတက်ကြရဘူး”ဟု ပြောသည်။ ကျောင်းသားမိဘတစ်ဦးဖြစ်သော ဒေါ်မြမြဦးကလည်း သူမ၏သားကို ကျောင်းသွားအပ်ရာ ဆရာမကြီးမှ သတ်မှတ်ဦးရေ ပြည့်ပြီဖြစ်၍ လက်ခံမိပါက အထက်လူကြီးများ လာကြည့်လျှင် သူမ အလုပ်ပြုတ်မည်ဖြစ်ကြောင်း ပြောသဖြင့် လမ်းမတော် အထက(၁) (ယခင် စိန် ဂျွန်း)ကျောင်းသို့ အပ်လိုက်ရသည်ဟု ယခုလို ပြောသည်။ “ကျမက အထက(၂) လမ်းမတော်ထွက်တဲ့ ကျောင်းသူပါ။ သမီးကလည်း ဒီကျောင်းမှာ လက်ရှိ ၁၀တန်း ဖြေထားပါတယ်။ သားကို အမနဲ့ အတူ ထားချင်လို့ အပ်တာပါ။ နေတာလည်း လမ်းမတော်ရပ်ကွက်ထဲမှာပဲလေ။ ဆရာမကြီးက ခွဲတမ်းက ၃၄ယောက်ပဲ ရတာတဲ့။ ကျန် တာကို ၀န်ထမ်းသားသမီးတွေအတွက် ထားတာလို့ ပြောပါတယ်။ ငွေပေးရင်ရတယ်လို့ သူများတွေပြောပေမယ့် မပေးနိုင်ပါဘူး”ဟု သူမ က ပြောသည်။ အဆိုပါကျောင်းမှာ ဒလဘက်ကမ်းနှင့် နီးသော်လည်း ဒလဘက်မှ ကျောင်းသူကျောင်းသား အများစုကို လက်မခံသဖြင့် ကျောင်းသားများ မှာ လိပ်စာပြောင်းကာ ကျောင်းအပ်ရကြောင်း သိရသည်။ ဒလတစ်ဘက်ကမ်းနေ ကျောင်းသားများ၏ မိဘများမှာ ရန်ကုန် ပြည်သူ့ဆေးရုံ ကြီးမှ ၀န်ထမ်းများဖြစ်ကြပြီး အများစုမှာ အထက(၂)နှင့် နီးသဖြင့် ထိုကျောင်း၌ ကျောင်းတက်လိုကြခြင်းဖြစ်သည်။ ဒလ ၀န်ထမ်းအိမ်ယာမှ ဆေးရုံဝန်ထမ်း၏ သမီးဖြစ်သူ န၀မတန်းကျောင်းသူကလည်း “သမီးက အလက(၁)ကနေ ပြောင်းတာပါ။ ၁၀ရက် နေ့မှာ ဖောင်(လျှောက်လွှာ)ကို ၅၀၀ပေးပြီး ၀ယ်ရပါတယ်။ ၁၅ရက်နေ့ လာကြည့်ခိုင်းပါတယ်။ ၂၂ရက်နေ့ လူရွေးမယ်လို့ ပြောပါတယ်။ ၂၂ရက်နေ့လာတော့လည်း ၂၅ရက်နေ့ လာကြည့်ခိုင်းတယ်။ နောက်တော့ သမီးမပါဘူး။ ဒါကြောင့် အထက(၁)မှာပဲ အပ်လိုက်ရပါတယ်” ဟု ဆိုသည်။ သို့သော် သူမ၏ သူငယ်ချင်းဖြစ်သူမှာမူ မုန့်ပုံး ၂ပုံးနှင့် ငွေ ၃သောင်းပေးသည့်အတွက် န၀မတန်း-E အခန်းတွင် တက်ရောက်ခွင့်ရသည် ဟုလည်း သိရသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောင်းအုပ်ဆရာမကြီးအား ဆက်သွယ်ရာ Sky Net မှလွဲ၍ မည်သည့်မီဒီယာနှင့်မှ လက်ခံတွေ့ဆုံခြင်း မပြုနိုင်ဟု တာဝန်ကျ ဆရာမများအား ပြောထားသဖြင့် မေးမြန်းခွင့် မရခဲ့သလို ဒုပညာရေးမှူးအား သွားရောက်တိုင်ကြားရာ မည်သို့မျှ မတတ်နိုင်ကြောင်းသာ တုန့်ပြန်ပြောဆိုခဲ့သည်ဟု သိရသည်။ အထက(၂) လမ်းမတော်၏ ယခင် ကျောင်းအုပ်မှာ ဦးမြင့်ဆွေဖြစ်ပြီး ယခု ကျောင်းအုပ် ဒေါ်သန်းသန်းစိုးမှာ ၂၀၁၁ခုနှစ်၊ သြဂုတ်လမှ စတင် တာဝန်ယူခြင်းဖြစ်သည်။

Thursday, May 24, 2012

(ပြန်လာဖို့အရေး မတွေးမိသေးပါ) သမ္မတ၏ ပြည်ပရောက်မြန်မာနိုင်ငံသားတွေပြန်လာဖို့ခေါ်ယူခြင်းကိစ္စနဲ့ပတ်သက်ပြီး ကျနော့်အမြင်သုံးသပ်ချက်

Author: ကိုးဒီသွေး |
ကိုယ့်နိုင်ငံ ကိုယ့်မွေးရပ် ကိုယ်ကြီးပြင်းခဲ့တဲ့  ကိုယ့်ဌါနေကိုမပြန်ချင်သူဘယ်ရှိကြပါ့မလဲ၊ အကြောင်းအမျိုးမျိုးကြောင့်  မပြန်ချင်သူတွေတောင်မှ   တခါတခေါက်တော့ ပြန်ချင်တဲ့စိတ် တိတ်တခိုးတော့ရှိကြမှာ အမှန်ပါ။ ဒါကြောင့် ပြန်လာချင်တဲ့စိတ်ရင်ထဲအပြည့်ရှိ
ကြပေမယ့်၊ အခုချိန်မှာပြန်လာဖို့အရေး  ဘာကြောင့်မတွေးသေးတာကို  သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်များသိစေရန် ရေးသားလိုက်ရပါသည်။
 
 ပြည်ပမှာရောက်ရှိနေတဲ့   မြန်မာနိုင်ငံသားတွေပြန်လာဖို့ကိစ္စနဲ့ပတ်သက်ပြီး  သမ္မတဦးသိန်းစိန်မှ ပြန်လည်ခေါ်ယူခြင်းနှင့်ပတ်သက်ပြီး  နှုတ်ပါးစပ်နဲ့ ကတိခံဝန်တွေရေးထိုးခိုင်းပြီး ပြန်လာဖို့ခေါ်ယုံနဲ့ မဖြစ်နိုင်သေးသလို၊ လက်ရှိနိုင်ငံရေးအခြေအနေအရ    ပြန်လာဖို့ဆိုတာ   ဘယ်လိုမှမဖြစ်နိုင်သေးပါ။
 
ဘာကြောင့်   ပြန်လာဖို့မဖြစ်နိုင်သေးတယ်ဆိုတာကတော့၊          သမ္မတ ပြန်လာဖို့ ခေါ်ယူတာ
ပြည်ပမှာရောက်ရှိနေတဲ့ လူတန်းစာနှစ်မျိုးကိုရွှေးချယ်ပြီးခေါ်ယူတာလို့    ယေဘူရအားဖြင့် သုံးသပ်လို့ရပါတယ်။  ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ လူတန်းစားအလွှာ ၄ မျိုး ၄ တန်းစားရှိတယ်ဆိုတာ သမ္မတကို ဦးစွာပထမသိစေလိုပါတယ်။
 
အဲဒီလူတန်စား ၄ မျိုးထဲမှာ ပထမလူတန်းစားက အလုပ်သမားလူတန်းစားနှင့် ငွေကြေး အရင်းနှီး များရှိ၍ ပြည်ပမှာအလုပ်- လုပ်ကိုင်နေကြတဲ့ စီးပွါးရေးလုပ်ငန်းရှင်လူတန်းစား၊  ဒုတိယလူတန်းစားကတတ်သိပညာရှင်လူတန်းစား၊ တတိယလူတန်းစားက နိုင်ငံရေးနှင့်စစ်ဘေးဒဏ်ကြောင့် တိမ်းရှောင်ထွက်ပြေးလာကြတဲ့ နယ်စပ်ဒေသအသီးသီးရှိ camp ထဲမှာနေထိုင်နေကြရတဲ့ ဒုက္ခသည်လူတန်းစား၊ စတုထ္တလူတန်းစားကတော့ ၁၉၉၆- ၂၀၀၇- ၁၉၈၈ ခုနှစ်  နိုင်ငံရေးအရ နယ်စပ်ဒေသသို့ထွက်ခွါရောက်ရှိလာကြပြီး၊ ယ္ခုအခါ  နိုင်ငံတကာသို့ ရောက်ရှိနေကြတဲ့ ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ လူငယ်၊ ပြည်သူ့စစ်သည်များနှင့်   ၈၈ မျိုးဆက်များအစရှိတဲ့     လူတန်းစားများနှင့် ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိခဲ့ကြတဲ့    နိုင်ငံရေးသမားများဆိုတဲ့ လူတန်းစား ၄ မျိုးရှိပါတယ်။   အဲဒီလူတန်းစား ၄ မျိုးနှင့်ပတ်သက်ပြီး သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ကို ၄ ပိုင်းခွဲခြားပြီး ကျနော့်အမြင်ကို သုံးသပ်တင်ပြလိုပါသည်။
၁- အလုပ်သမားလူတန်စားနှင့် စီးပွါးရေးလုပ်ငန်းရှင်လူတန်းစား 
 
ပြည်ပသို့ ရောက်ရှိနေကြသည့်အလုပ်သမားလူတန်းစားများထဲတွင် ပြည်ပတွင်လာရောက်အလုပ်လုပ်ကိုင်ကြသည့် အလုပ်သမားလူတန်းစားနှစ်မျိုးရှိပါသည်။
 
 ၁- မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ မှားယွင်းတဲ့ စီမန်ခန့်ခွဲ အုပ်ချုပ်မှုစနစ်ကြောင့်   စားဝတ်နေရေးအခက်ခဲဖြစ်မှုကြောင့်လည်းကောင်း၊    အလုပ်အကိုင်ရှားပါးမှုအတွက်ကြောင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံတွင်   တနေ့လုပ်၍   တနေ့မစားနိုင်သည့်    အခြေအနေဆိုးကြောင့်သော်လည်းကောင်း၊ လုပ်အားခလအပြည့်အဝမခံစားရ၍   သော်လည်းကောင်း    စတဲ့အခြေခံအလုပ်သမားများရှိကြသလို၊ ငွေကြေးအရင်းနှီးများရှိကြ၍ ပြည်ပတွင်   စီးပွါးရေးလုပ်ငန်းများလုပ်ကိုင်ကြသည့် အလုပ်သမားလူတန်းစားနှစ်မျိုးရှိပါတယ်။ 
 
၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်ပတွင်လာရောက်အလုပ်လုပ်ကိုင်ကြတဲ့     အခြေခံအလုပ်သမားတွေဟာ အခက်ခဲမျိုးစုံတို့ကို ရင်ဆိုင်ခဲ့ကြရပြီး၊ ပြည်ပမှာ လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ အခြေခံအလုပ်သမားများဖြစ်ကြပါတယ်။ တချိန်အရင်က အခက်ခဲမျိုးစုံတို့ကို ရင်ဆိုင်ခဲ့ကြရတဲ့  အခြေခံအလုပ်သမားလူတန်းစားတွေဟာ အခုဆိုရင် အများအားဖြင့်    တနေ့လုပ်၍ တနေ့စား
သောက်နိုင်ရုံမက အပိုငွေတွေကိုစုစောင်းကာ အခက်ခဲရောက်နေကြတဲ့ ပြည်တွင်းက မိသားစုနှင့် ညီအကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေကို ထောက်ပံမှုများပြုနိုင်ကြသူများဖြစ်တယ်လို့ ယေဘူယျအားဖြင့် တွက်ချက်ခန့်မှန်းလို့ရပါတယ်။အဲဒီအခြေခံအလုပ်သမားတွေဟာ  အထိုက်အလျှောက်လည်းသုံးဖြုန်းနိုင်ကြပြီး၊ လူတော်တော်များများမှာ လက်ကိုင်ဖုန်းတွေကိုစီ ကိုင်နိုင်ကြတာကို တွေ့ရှိရပါတယ်။
 
ဒါ့အပြင် အလုပ်သမားတွေရဲ့ အခွင့်အရေးများကိုလည်း ယ္ခုအခါတွင် အထိုက်အလျှောက်ရရှိထားသူများလည်းဖြစ်ကြပါတယ်။ ကံဆိုးတဲ့ အခြေခံအလုပ်သမား အနည်းအကျဉ်းလောက်သာ အခုချိန်ခါမှာ လူကူးသန်းရောင်ဝယ်မှုကြောင့်  အလုပ်ရုံတွေမှာ   လောင်ပိတ်ခြင်းခံထားရပြီး လုပ်အားခတွေကို အပြည့်အဝမခံစားကြရပဲ၊ အထုထောင်းတွေနဲ့ ညှင်းပမ်းနှိပ့်စက်မှုတွေကိုခံနေရတယ်ဆိုတာ မီဒီယာကတဆင့် ကြားသိနေရပါတယ်။ 
 
ထိုသို့ ပြည်ပတွင် အကြောင်းအမျိုးမျိုးနှင့် လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ အခြေခံအလုပ်သမားတွေဟာ၊ တရုတ်နယ်စပ်၊ အန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ အစရှိတဲ့နိုင်ငံတွေမှာ မြန်မာနိုင်ငံက အခြေခံအလုပ်သမားတွေဟာ သန်းနဲ့ချီပြီရှိကြပါတယ်။ 
 
ထို- အခြေခံအလုပ်သမားများကို ပြန်လာကြဖို့ဖိတ်ခေါ်တာဟာ သမ္မတအနေနဲ့ ဒီလူတွေကို မြန်မာနိုင်
ငံမှာ အလုပ်အကိုင်ရှာဖွေပေးနိုင်လို့လား ?  ( ဒါမှမဟုတ် ) နိုင်ငံရေးအကျိုးအမြတ်ရရှိဖို့အတွက်     လူကြားကောင်းအောင်ပြန်လာဖို့ခေါ်ဆိုသလားဆိုတာကို မေးရပါလိမ့်မယ်။ သေချာတာတခုက လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေအရ သန်းနဲ့ချီပြီး  ပြည်ပမှာ အကြောင်းအမျိုးမျိုးကြောင့်    လာရောက်အလုပ်- လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို    ပြည်တွင်းမှာ   အလုပ်အကိုင်ပေးဖို့
ဆိုတာ လုံးဝမဖြစ်နိုင်သေးပါ။
 
 လက်ရှိ- ပြည်တွင်းမှာရရှိနေတဲ့ အခြေခံအလုပ်သမားတွေရဲ့ လစာနဲ့ဆိုရင် ပြန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်
သေးပါ။ ကျနော့်အနေနဲ့ သမ္မတနဲ့ အစိုးရအဖွဲ့အား အကြံပြုလိုသည်မှာ ပြည်တွင်းမှာရှိနေတဲ့ အခြေခံအလုပ်သမားတွေရဲ့ လစာများကို ကုန်ဈေးနှုန်း လူနေမှုစရိတ်နဲ့ အညီ အခြေခံအလုပ်သမားများရဲ့လစာတွေကို အရင်တိုးမြှင့်သတ်မှတ်ပေးဖို့ ဦးစားပေးအစီစဉ်အနေနဲ့
ပထမလုပ်ပေးစေလိုပါတယ်။
 
 ကိုယ့်နိုင်ငံအတွင်းက အခြေခံအလုပ်သမားများရဲ့ လစာကို တိုးမြှင့်မသတ်မှတ်နိုင်ပေးပဲနဲ့     ပြည်ပက အခြေခံအလုပ်သမားတွေ ပြန်လာဖို့ဖိတ်ခေါ်ကမ်းလှမ်းတာဟာ ပြန်လာသူကို ဒုက္ခပေးသလိုမျိုးသက်ရောက်နေပါတယ်။ ကိုယ့်နိုင်ငံကို ဒီလူတွေ တကယ်ပြန်လာလို့ရပြီးလားဆိုတဲ့ အခြေအနေကိုလည်း အရင်သုံးသပ်စေလိုပါတယ်။ ဒါကြောင့်   နိုင်ငံရေးအကျိုးအမြတ်
ရရှိစေဖို့ တခုတည်းနဲ့တော့ လူကြားကောင်းအောင်တော့ ပြန်လာပါလို့တော့ မခေါ်လိုက်ပါနဲ့၊ ကိုယ်လည်းအလုပ်အကိုင်မပေးနိုင်ပဲ ဒုက္ခပေးဖို့ သက်သက်ဆိုရင်တော့ ပြန်လာဖို့ ပြန်လာဖို့ဆိုပြီး မခေါ်လိုက်ပါနဲ့ဦးလို့ အခြေခံအလုပ်သမားနဲ့ပတ်သက်ပြီး ပြောပါရစေ။ ဒါကြောင့် အခြေခံအလုပ်သမားတွေရဲ့ ဘဝ မြန်မာနိုင်ငံကိုပြန်လာတဲ့အခါ အလုပ်အကိုင်ရရှိဖို့နဲ့ သူတို့ရဲ့ဘဝ အေးအေးချမ်းချမ်းနေနိုင်
ဖို့ကို ဦးစွာစီစဉ်ဆောင်ရွက်ပြီးမှသာ ပြန်လာဖို့အတွက်ခေါ်ယူစေလိုပါတယ်။ မည်သူတစ်ဦးတစ်ယောက်မှ ကိုယ့်နိုင်ငံကထွက်ခွါပြီး၊ တိုင်းတပါးမှာ ဒုက္ခအခက်ခဲတွေကိုရင်ဆိုင်ကာ လာရောက်အလုပ်မလုပ်ကိုင်စေချင်ကြပါ။ ကိုယ့်နိုင်ငံကောင်းလျှင် ကိုယ့်ဌါနေမှာပဲ မိစားစုတွေ ဥမကွဲသိုက်မပျက်ပဲ အေးအတူ ပူအမျှ အေးအေးလူလူလုပ်ကိုင်စားသောက်ချင်သူတွေဆိုတာ သမ္မတကိုသိစေအပ်ပါတယ်။
 
သည်နေရာမှာ ကျနော့်အနေနဲ့ ငွေကြေးအရင်းနှီးများရှိသူတွေပြည်ပမှာ စီးပွါးရေးအရ ရင်းနှီးမြှပ်နှံပြီး လာရောက်အလုပ်လုပ်ကိုသူတွေအကြောင်း   အကျယ်တဝင့်ချဲ့ပြီးမရေးသားလိုတော့ပါ၊ ထိုသူတွေက    စီးပွါးရေးအမြင်တွေရှိပြီးသားသူများဖြစ်ကြတဲ့အတွက်ကြောင့်ပြန်ခြင်း- မပြန်ခြင်းအပေါ် သူတို့ကိုယ်တိုင်ဆုံးဖြတ်နိုင်ကြမယ်လို့ ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။ ကျနော်ကတော့ အခက်ခဲရှိနေ
သူတွေလောက်ကိုသာ အကျယ်တဝင့်ရေးသားရန်လိုအပ်မည်ဟုထင်မြင်မိပါသည်။
တတ်သိပညာရှင်လူတန်းစား
 
ပြည်ပမှာ အကြောင်းအမျိုးမျုးကြောင့်   လာရောက်အလုပ်လုပ်ကိုကြတဲ့တတ်သိပညာရှင်များသည်၊ နိုင်ငံခြားကိုအထင်ကြီး၍သော်လည်းကောင်း၊  လုပ်အားခလစာကောင်း၍သော်လည်းကောင်း၊  ပြည်တွင်းမှာ တတ်သိပညာရှင်တွေရဲ့     အခန်းကဏ္ဍတွေကို ဖိနှိပ့် ထား၍သော်လည်းကောင်း၊  ပြည်တွင်းမှာ   လုပ်အားခလစာနည်း၍ သော်လည်ကောင်း၊  လူမှန်နေရာမှန်မရ၍  သော်လည်းကောင်း  အကြောင်းအမျိုးမျုးကြောင့်    ပြည်ပမှာ လာရောက်အလုပ်ကိုင်ကြတဲ့သူများဖြစ်ကြပါသည်။ 
 
ထိုသူများသည်လည်း   ကိုယ့်နိုင်ငံရဲ့ စီမန်ခန့်ခွဲမှုအုပ်ချုပ်မှုစနစ်ကောင်းလျှင် ဘယ်သူမှ ကိုယ့်နိုင်ငံနဲ့ မိသားစုတွေကိုခွဲခွါပြီး     လာရောက်အလုပ်- လုပ်ကိုင်ခြင်းကို မပြုလိုကြပါ။ မိမိနိုင်ငံကောင်းနေလျှင်    မိမိတတ်ရှိထားတဲ့    အတတ်ပညာတွေနှင့်    မိမိတိုင်းပြည်ကို အကျိုးပြုချင်သူများသာဖြစ်ကြ
ပါတယ်။ ပြည်ပမှာ လစာကောင်းကောင်းရရှိထား၍ အနေချောင်ပြီး အခွင့်ထူးခံ- အခွင့်ထူးစံ လူတန်းစားမဟုတ်ဟု ကျနော်အနေနဲ့ယူဆပါသည်။
 
 ((( မှတ်ချက်။ ။ အခွင့်ထူးခံ- အခွင့်ထူးစံ လူတန်းစားများတွေလည်း ပါကောင်းပါနိုင်ပါသည် ))) 
 
ဒါပေမယ့် တိုင်းပြည်ပြန်လည်တည်ထောင်ဖို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကြမည့် တတ်သိပညာရှင်များလည်းရှိကြပါသည်။  တိုင်းပြည်ပြန်လည်တည်
ထောင်စဲကာလမှာ အသိပညာရှင်- အတတ်ပညာရှင်တွေရဲ့   အခန်းကဏ္ဍဟာလည်း   သည်နေရာမှာအရေးပါအရာရောက်ပါသည်။
 
ဘာပဲဖြစ်ဖြစ် တိုင်းပြည်ပြန်လည်တည်ဆောက်တဲ့အခါ နိုင်ငံသားတိုင်းက အုတ်တစ်ချပ်- သဲတစ်ပွင့် တိုင်းပြည်ရဲ့တာဝန်ကို ကျရာကဏ္ဍကနေ မိမိနိုင်ရာတာဝန်တွေကိုယူကြဖို့ အမှန်တကယ်လိုအပ်ပါသည်။ 
 
ဒါကြောင့်     ထိုသူတွေပြန်လာကြဖို့အတွက် ဘဝအာမခံချက်ရှိတဲ့ လုပ်ငန်းတွေကို    ဖန်တီးထားဖို့လိုပါတယ်၊ ပြန်လာဖို့သာကမ်းလှမ်းပြီး ထိုသူတွေရဲ့ ဘဝတွေကို အထိုက်အလျှောက်
အာမခံချက်ရှိတဲ့ အလုပ်အကိုင်တွေကို ရှာဖွေပေးနိုင်မှသာ ပြန်လာဖို့အတွက်   ကမ်းလှမ်းသင့်ပါသည်။ ထိုသူတွေအတွက်    အလုပ်အကိုင်တွေကို မဖန်တီးပေးနိုင်ပဲ  ပြန်လာဖို့ နှုတ်ပါးစပ်က ခေါ်ယုံနေလို့ကတော့ မည်သူကမှ ပြန်ဖို့စဉ်းစားသေးမည်မဟုတ်ဟု ကျနော့်အနေနဲ့ ယူဆမိပါတယ်။ 
 
သမ္မတကို ကျနော့်အနေနဲ့ သည်နေမှာ အနည်းငယ်အကြံပြုလိုသည်မှာ မိမိတိုင်းပြည်ထဲမှာရှိတဲ့ ပြည်သူတွေရဲ့ လူမှု့ဘဝ အထိုက်အလျှောက်ဖူလုံမှုရှိလာအောင် အရင်ကြိုးစားပြီးမှသာ ပြည်ပမှာရှိနေတဲ့ တတ်သိပာရှင်တွေနဲ့ အလုပ်သမားတွေကို ဖိတ်ခေါ်ကမ်းလှမ်းပါလို့ အကြံပြုစေလိုပါတယ်။
ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ စစ်ဘေးဒုက္ခည်နှင့် နိုင်ငံရေးသမားများ 
 
စစ်ရေးပဋိပက္ခနှင့် နိုင်ငံရေးပဋိပက္ခကြီးမားလာမှုကြောင့် နယ်စပ်ဒေသအသီးသီးမှာနေထိုင်နေကြရတဲ့ ဒုက္ခသည်များဟာ၊ တချို့ဆိုရင်နှစ်ပေါင်းကြမြေ့စွာနေထိုင်လာခဲ့ကြရတဲ့ ဒုက္ခသည်များရှိသလို၊ ပူပူနွေးနွေး စစ်ဘေးကြောင့်တိမ်းရှောင်လာခဲ့ကြရတဲ့ တိုင်းရင်းသား စစ်ဘေးဒုက္ခသည်တွေလည်းရှိကြပါတယ်။
 
 ဒီလူတွေကို  ပြည်တွင်းမှာ ပြန်လည်နေရာချထားပေးဖို့နဲ့    ပြည်တွင်းကိုပြန်လာဖို့ဆိုတာ
လက်ရှိနိုင်ငံရေးအခင်းအကျင်းပေါ်မှာ တည်နေပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိပဲ ပြန်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်သေးပါ၊
 
စစ်ဘေးဒုက္ခသည်တွေ မိမိဌါနေကိုပြန်လာဖို့ဆိုတာ     ပြည်တွင်းစစ်ကို ရပ်ဆိုင်းပေးရပါ့မယ်။ တပ်မတော်အနေနဲ့ ပြည်တွင်းစစ်ကို မရပ်ဆိုင်းပေးမချင်း၊ နယ်စပ်ဒေသစခန်းအသီးသီးမှာရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ   မိမိတို့ဌါနေကိုပြန်ဖို့ဆိုတာ မည်သူ
ကမျှ တွေးထားကြမည်မထင်ပါ၊ မည်သူကမျှ မိမိနေထိုင်ခဲ့သည့်ကျေးရွာတွေကိုစွန့်ခွါခဲ့ကြပြီး    ဒုက္ခသည်စခန်းမှာ ဒုက္ခမျိုးစုံတွေကို ခါးစီးခံပြီး ဒုက္ခသည်စခန်းမှာမနေလိုကြပါ၊ တတိယနိုင်ငံတွေက လက်ခံရင် တတိယနိုင်ငံသို့ ထွက်ခွါလိုသူများသာဖြစ်သည်။ 
 
ဒါမဟုတ် ကိုယ့်နိုင်ငံအေးချမ်းမည်ဆိုပါက မိမိနိုင်ငံတွင်သာ ကောင်ရောင်းကောင်းဝယ်လုပ်ကိုင်စားသောက်ချင်သူတွေဖြစ်ကြသည်။ 
အကြောင်းအမျိုးကြောင့်နယ်စပ်စခန်းတွေမှာ ရောက်ရှိနေသူများကို ပြန်လည်လက်ခံမည်ဆိုလျှင်၊ ပြည်တွင်းစစ်ကို ရပ်ဆိုင်းပေးပြီး စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှုတွေကို တိုင်းရင်းသားခေါင်းဆောင်များနှင့် ဆွေးနွေးပြီးမှသာ တိုင်းရင်းသားခေါင်းဆောင်တွေက ပြန်လာဖို့အတွက်မီးစိမ်းပြလျှင် ထိုသူများအနေနဲ့ မိမိဌါနေကိုပြန်လာကြမည်ဖြစ်သည်။ ထိုသို့မဟုတ်ပဲ ပြန်လာဖို့ဆိုတာ မဖြစ်နိုင်သေးဟု   ကျနော့်
အနေနဲ့ ယုံကြည်မိပါသည်။ 
 
ပြည်ပတွင်ရောက်ရှိနေသည့် နိုင်ငံရေးနှင့် ပတ်သက်သည့် နိုင်ငံရေးသမားများလူတန်းစား
 
ကျနော်တို့ ပြည်ပမှာရောက်ရှိနေကြတဲ့ တော်လှန်ရေး၊ နိုင်ငံရေးနှင့် ဆက်နွယ်ပက်သက်နေသည့် လူတန်းစားများမှာ....ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသား၊ ပြည်သူ၊ တပ်မတော်သားများနှင့် ၈၈ မျိုးဆက်များဖြစ်ကြသည်။ သမ္မတအနေနဲ့ မြန်မာပြည်ကို ပြန်လာဖို့ ၁၂. ၅. ၂၀၁၂ နေ့တွင် ဒုတိယအကြိမ်မြောက်ဖိတ်ခေါ်ကမ်းလှမ်းမှုမှာ      နိုင်ငံရေးသမားများဆို၍ သီးသန့်မပါဝင်သေးပေ။ 
 
 မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး( သို့ ) အသွင်ကူးပြောင်းစကာလမှာ အမိနိုင်ငံဖွံ့တိုးတက်ဖွံ့ဖြိုးရေးအတွက် ပြည်ပရောက် တတ်သိပညာရှင်တွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ လူ့စွမ်းအားအရင်းမြစ် လိုအပ်နေတဲ့အတွက်ကြောင့် အလုပ်သမားတွေပြန်လာဖို့အတွက်  ၁၂. ၅. ၂၀၁၂ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ထပ်မံခေါ်ယူခဲ့ပြန်ပါတယ်။ နိုင်ငံရေးသမားများကို တရားဝင်ခေါ်ဆိုခြင်းမပြုသေးပါ။ သို့ပါသော်လည်း ၁၇. ၈. ၂၀၁၁ ရပ်နေ့- နေ့စွဲပါ ထုတ်ပြန်ထားတဲ့ ကတိခံဝန်ချက်မှာ....နိုင်ငံရေးသမားများကို ခေါ်ယူခြင်းမရှိသေးသော်လည်း၊ ကတိခံ
ဝန်ချက်များရဲ့ စာပါအကြောင်းရာများက နိုင်ငံရေးသမားများနှင့် တိုက်ရိုက်ပတ်သက်နေသည်ဟု ကျနော်အနေနဲ့ သုံးသပ်မိပါသည်။
 
ကတိခံဝန်ချက်ရဲ့ စာပါအကြောင်းအရာများကား
 
( က ) နိုင်ငံတော်အား အကြည်ညိုပျက်စေသည့်အပြုအမူနှင့် ပြောဆိုမှုများကိုရှောင်ကျဉ်ရန်။
( ခ )   နိုင်ငံတော်၏တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှုကိုထိခိုက်စေမည့် လုပ်ဆောင်မှု၊
         လှုံဆော်ပြောဆိုမှု၊ ရေးသားဖြန့်ဝေမှုမပြုရန်။
( ဂ )  တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်းမပြုရန်။
( ဃ ) အဖျက်အမှောက်လုပ်ရပ်များ ရှောင်ရှားရန်။
( င )  နိုင်ငံတော်၏ကျေးဇူးသစ္စာကိုစောင့်သိ၍ ဥပဒေဘောင်အတွင်း အေးချမ်းစွာနေထိုင်ရန်ဆိုကာ
အဖအမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပါတ်၊ အသိသက်သေများအမည်နဲ့ လက်မှတ်နှင့်အတူ ဝန်ခံကတိပြုသူအမည်နှင့် လက်မှတ်ရေးထိုးရမှာဖြစ်ပြီး၊
 
ထို- ခံဝန်ကတိပြုချက်ပါစာပိုဒ်များသည် နိုင်ငံရေးသမားများအား  တိုက်ရိုက်ရေးသားထားသောစာပုဒ်များဖြစ်နေပါသည်။ အကယ်၍ ပြည်ပမှာရောက်ရှိနေကြတဲ့ တတ်သိပညာရှင်၊ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့   အလုပ်သမားများအား ခေါ်ဆိုလျှင်၊ ယခုလို ခံဝန်ကတိရေးသားရန်လိုအပ်မည်မထင်ပါ။ ကျနော့်အနေနဲ့ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့ဝင်များအား အလေးနက်ထား၍  သိစေ
လိုသည်မှာ ကျနော်တို့ပြည်ပတွင်ရောက်ရှိနေကြသည့်  နိုင်ငံရေးသမားများသည်အဖျက်အမှောက်လုပ်ငန်းများကိုလုပ်ကိုင်နေသူများမဟုတ်၊နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေမည့် လှုံဆော်မှုနှင့် ရေးသားဖြန့်ဝေခြင်း  လုပ်သူများ
လည်းမဟုတ်ပါ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ကြိုးပမ်းနေသူများသာဖြစ်ပါသည်၊  
 
 နိုင်ငံတော်အကြည်အညိုပျက်စေမည့် ဂုဏ်သိက္ခာကျမည့်လုပ်ရပ်တွေလည်းလုပ်မည်မဟုတ်ပါ။ ကောင်းမွန်စွာပြဌါန်းထားတဲ့   ဥပဒေဘောင်
အတွင်း လွတ်လွတ်လပ်လပ် အေးချမ်းစွာနေထိုင်လိုသူများသာဖြစ်ကြောင်းကို အလေးနက်ထား၍ သိစေအပ်ပါသည်။ ဒီနေရာမှာ အပုဒ် (ဂ) ပါစာအကြောင်းအရာအရ တရားမဝင်အဖွဲ့အစည်းတွေကို မဆက်သွယ်ရဆိုတာ...တရားမဝင်အဖွဲ့စည်းဆိုတာ ဘယ်လိုအဖွဲ့
စည်းမျိုးကိုဆိုလိုတာကို မရှင်းလင်းပါ၊ 
 
တချိန်က တရားမဝင်အဖွဲ့အစည်းဆိုတာ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် ABSDF အဖွဲ့အစည်းကို နိုင်ငံတော်အာဏာအား မတရားသိမ်းဆီးထားတဲ့ ( နအဖ ) မှခေါ်ဆိုခြင်းဖြစ်ပါတယ်။ အခုအခါမှာ ထိုတရားမဝင်အဖွဲ့အစည်းနဲ့ ဆက်သွယ်ခြင်မပြုရ အပုဒ် ( ဂ ) မှာဆိုထားသော်လည်း အခုချိန်ုအခါ အစိုးရကိုယ်တိုင် တရားမဝင်အဖွဲ့များနှင့် ဆက်သွယ်ပြီး အပစ်ခတ်ရပ်စဲရေးတွေ လုပ်နေပါပြီး။ ဗကသတို့ မြေသြဇာတို့၊ Generation Wave တို့ဆိုတာလည်းမြေပေါ်အဖွဲ့
အစည်းတွေဖြစ်ကုန်ကြပါပြီး၊ တရားမဝင်အဖွဲ့နဲ့ ဆက်နွယ်သူကိုဖမ်းချင်ရင် သမ္မတကိုယ်တိုင်ဖွဲ့စည်းပေးထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့ကို သမ္မတကိုတိုင်ဖမ်းမိန့်ထုတ်ပြီး ဖမ်းဆီးအရေးယူကာ  ကိုယ့်ကိုကိုယ်ပြန်ဖမ်းချင်ရင် ပြန်ဖမ်းလို့ရတဲ့ ပုံစံမျိုးဖြစ်နေပါတယ်။ 
 
((( နောက်တခုက နိုင်ငံတော်တည်မငြိမ်ရေးနဲ့ တရားဥပဒေမစိုးမိုးရေးကို ဘယ်သူဘယ်ဝါတွေကဦးဆောင်ပြီးလုပ်နေတာလည်းဆိုတာ သမ္မတသိပါတယ် ))) 
ဒါကြောင့် ဒီ- ခံဝန်ကတိကို သမ္မတအနေနဲ့ မိမိအစိုးရအဖွဲ့ထဲမှာရှိနေတဲ့ ဂဏန်းသွား- သွားနေတဲ့ သက်ဆိုင်သူတွေကို လက်မှတ်ရေးထိုးခိုင်းရမှာဖြစ်ပါတယ်၊ ဒီခံဝန်ကတိပြုချက်ဟာ ကျနော်တို့တတွေနဲ့ မသက်ဆိုင်ပါဘူး။ ကျနော်တို့တတွေမှာ တိုင်းပြည်နဲ့ လူမျိုးကောင်းစားစေချင်တဲ့ ဆန္ဒကောင်းများသာရှိကြပါတယ်။ တိုင်းပြည်နဲ့ လူမျိုး မကောင်းစားချင်တဲ့စိတ် စိုးစင်းမျှမရှိကြပါ၊ တိုင်းပြည်နဲ့ လူမျိုး မကောင်းစားစေချင်တဲ့ စိတ်ရှိသူတွေဟာ ဘယ်သူတွေလည်းဆိုတာ မပြောလည်း သိမည်ထင်ပါသည်။
 
ဒါကြောင့် ကျနော့်အနေနဲ့ သမ္မတဦးသိန်းစိန်အား အလေးအနက်ထား၍သိစေလိုသည်မှာ...သမ္မတတို့အစိုးရအဖွဲ့ထဲမှာလည်း ပြုပြင်ပြောင်းလဲရေးကို လုပ်လိုသူတွေနဲ့ ပြုပြင်ပြောင်းလဲရေးကိုမလုပ်လိုပဲ ဒရွတ်တိုက်သွားနေသူများရှိနေသလို၊ ကျနော်တို့ပြည်ပမှာရောက်
ရှိနေကြတဲ့နိုင်ငံရေးသမားတွေမှာလည်း  ဖောက်ပြန်တဲ့လူတန်းစားတွေရှိနေသလို၊ နိုင်ငံနဲ့ ပြည်သူအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိအဖို့အတွက် ယနေ့တိုင် ရိုးရိုးသားသားနဲ့ နိုင်ငံရေးလုပ်နေကြတဲ့   နိုင်ငံရေးသမားတွေရှိကြပါတယ်။ 
 
အခုချိန်ခါမှာ   ပြည်တွင်းကိုပြန်ဝင်သွားကြသူများနှင့်    ပြန်ဝင်ရန်တာစူနေသူများဟာ   အထူးသဖြင့်      လက်ရှိပြည်တွင်းနိုင်ငံရေးပြုပြင်ပြောင်လဲလာမှုကြောင့် ပြည်ပမှာဂွင်ရိုက်ရန် ဂွင်မရှိတော့၍ ပြည်တွင်းမှာ ဂွင်ပြန်ရိုက်ရန် ကြံရွယ်နေသူများက- များကြပါတယ်၊ 
 
အရိုးစိတ်ခံနဲ့ ပြည်တွင်းကိုပြန်ဝင်သွားသူနဲ့ ပြန်ဝင်ဖို့ဆိုတာ အခုချိန်ခါမှာ ခပ်ရှားရှားပဲဆိုရမှာပဲ၊ တကယ့် နိုင်ငံရေးကို ရိုးရိုးသားသား လုပ်ကိုင်နေသူများကတော့ နိုင်ငံအကျိုးထမ်း ရွက်ရန် ပြန်ချင်စိတ်ရှိကြပေမယ့် ပြန်လာဖို့အရေး လောလောဆယ်တော့မတွေးမိသေးပါ။
 
သမ္မတအနေနဲ့ ရင်ထဲက စိတ်ရင်းစေတနာမှန်နဲ့ အကြောင်းအမျိုးမျိုးကြောင့်        ပြည်ပမှာရောက်ရှိနေကြတ နိုင်ငံရေးသမားတွေနဲ့မြန်မာနိုင်ငံသားတွေကိုခေါ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ
 ပြုပြင်ပြောင်းလဲစရာရှိတာတွေကို ပထမအရင်ဦးစားပေးပြုပြင်ပြောင်းလဲပြီးမှသာ၊
နှုတ်စကားနဲ့ ကတိခံဝန်ချက်ထိုးခိုင်းပြီး  ပြန်လာဖို့ခေါ်ဆိုမျိုးခြင်းမဟုတ်ပဲ၊ ပြည်ပမှာရောက်ရှိနေကြတဲ့      မြန်မာနိုင်ငံသားများနှင့်နိုင်ငံရေးအရပြည်ပကိုရောက်ရှိနေကြတဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီး- ချုပ်နှောင်- စုံစမ်းစစ်ဆေးမေးမြန်းခြင်း လုံးဝမပြုလုပ်ပါဘူးဆိုတဲ့ အာမခံချက်ရှိတဲ့ 
ထုတ်ပြန်ကြေညာချက် ( သို့မဟုတ် ) အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတကာနဲ့ တစ်နိုင်ငံလုံးရှိ
ပြည်သူများသိအောင် ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်များတွင် တရားဝင်ထုတ်ပြန်ကြေညာမှု့ပြုကာ ဂုဏ်သိက္ခာရှိစွာဖြင့် မိဘမောင်နှမ- ညီအကိုများ      လာရောက်ကြိုဆိုနိုင်ရန်အတွက်    ကြိုဆိုရေးစခန်းတွေဖွင့်ပြီး    မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ အုတ်တစ်ချပ်သဲတစ်ပွင့်   နိုင်ရာတာဝန်များကို ပြန်လည်ထမ်းရွက်ကြရန်     ပြန်လာကြပါလို့ ခေါ်ယူသင့်ကြောင်း ကျနော်အမြင်ကို သုံးသပ်ရေးသားတင်ပြလိုက်ရပါသည်။
 

Friday, May 18, 2012

နွားကျောင်းသားလေး ကျနော် “တာဘုခလီး” (ဆောင်းပါး)



မြန်မာပြည်ရဲ့ ကျေးလက်တောရွာတွေမှာ ကျောင်းနေချင်လျက် အနေခက်ပြီး ကျောင်းထားလျက်နဲ့ ကျောင်းမနေချင်တဲ့ အနာဂတ် ရင်သွေးငယ်လေးတွေ ခုချိန်မှာ မရေမတွက်နိုင်အောင်ပါပဲ။ အထူးသဖြင့် လူနည်းစု တိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသတွေမှာဆို လူကြီးတွေနဲ့အတူ လယ်ထဲဝင်ကူနေရသလို၊ နွားကျောင်းနေရသူတွေ၊ မောင်ညီမအငယ်လေးတွေ ထိန်းပြီး အိမ်မှာချက်ပြုတ်နေရတဲ့ ကလေးတွေအထဲမှာ “တာဘုခလီး”ဆိုတဲ့ ကရင်ကလေးငယ်တစ်ဦးလည်း အပါအ၀င် ဖြစ်ပါတယ်။

ကျွဲ၊ နွားတွေစားဖို့ မြက်ရှားပါးတဲ့ နွေကာလမှာ နီညိုရောင် နွားထီးတစ်ရှဉ်း(နှစ်ကောင်)ကို ရှေ့က တစ်ကောင်မောင်းပြီး နောက်က တစ်ကောင်ကို ဆွဲလာနေတဲ့ ကလေးငယ်လေးကတော့ ဗမာလို “ကုသိုလ်မျိုးစေ့”လို့ အနက်အဓိပ္ပါယ်ရတဲ့ “တာဘုခလီး”ဆိုတဲ့ အမည်နဲ့ ကရင်ကလေးငယ်လေးတစ်ဦးဖြစ်ပါတယ်။ အသားလေးညိုညိုနဲ့ မျက်နှာမှာ သောကကင်းမှုဟာ ပူပြင်းတဲ့ နွေနေဒဏ်ကို အံတုနေပါတယ်။

သူဟာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက အိမ်ခြေ ၂၀၀နီးပါးရှိတဲ့ ပယာရော(မြစ်ကျိုး) ဆိုတဲ့ ကရင်ရွာက အသက် ၉နှစ်သာရှိသေးတဲ့ နွားကျောင်းသားလေးဖြစ်ပါတယ်။ ရွာအနောက်ဘက်ကနေ အရှေ့ဘက်ကိုဖြတ်ပြီး အဲဒီနွားနီညိုတစ်ရှဉ်းနဲ့ နေ့တိုင်း အလုပ်ရှုပ်နေတတ် တဲ့ သူဟာ အသက်အရွယ်နဲ့ မမျှအောင် ဒီနွားတစ်ရှဉ်းအတွက် မြက်ကောင်းကောင်းရှိမဲ့နေရာ လိုက်ရှာပြီး ထိန်းကျောင်းနေရရှာတဲ့ ကုသိုလ် မလှပတဲ့ အပြစ်မဲ့ကလေးငယ်တစ်ယောက်ပါပဲ။

“နွားကျောင်းတာ ပျော်တယ်။ နွားကျောင်းရင် ထမင်း၀၀ စားရတယ်လေ။”လို့ တာဘုကလီးက အဲဒီလို ပြောပါတယ်။ သူဟာ နွေရာသီ ကျောင်းပိတ်ချိန်မှာ မိသားစုပိုင် နွားတွေကို ထိန်းကျောင်းပေးနေတာ မဟုတ်ပါဘူး။ တကယ်တော့ ဒီကလေးဟာ ငယ်စဉ်ကတည်းက စာသင်ကျောင်းကို တခါမှ မတက်ခဲ့ဘူးတဲ့အပြင် ထမင်းနပ်မှန်ဖို့အတွက် သူတစ်ပါးရဲ့ နွားကိုကျောင်းပေးနေရင်း အိမ်နဲ့ဝေးကွာနေသူ ဖြစ်ပါတယ်။

ကျောင်းနေရတဲ့ ခံစားချက်၊ အရသာ၊ အကျိုးကျေးဇူးကို တခါဘူးမှ မသိခဲ့တဲ့ တာဘုကလီးက “ကျနော် ကျောင်းမတက်ဘူး။ တက်လည်း မတက်ချင်ဘူး။ ကျောင်းတက်လည်း ထမင်းစားရတယ်။ ကျောင်းမတက်လည်း ထမင်းစားရတယ်။ အလုပ်လုပ်ရင် ပိုကောင်းတယ်လေ။” လို့သာ ပြောနေပါတယ်။

မိဘနှစ်ပါးစလုံးက ကျောင်းမနေခဲ့ဘူးသလို လက်ရှိမှာ ဆင်းရဲတဲ့ မိသားစုဆိုတော့ သားသမီးတွေကို ကျောင်းနေစေလိုတဲ့ ဆန္ဒရှိပေမယ့် လက်တွေ့မှာ မလွယ်ကူလှပါဘူး။ ဖခင်ဖြစ်သူဟာ ဘုန်းကြီးကျောင်းမှာ နေထိုင်ဖူးတဲ့အတွက် စာအနည်းငယ် ဖတ်တတ်ပေမဲ့ မြေမြုပ်မိုင်း ထိမှန်ထားသူမို့ ချိုင်းထောင့်တစ်ဖက်၊ ခြေတုတစ်လှည့်နဲ့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရသူ ဖြစ်ပါတယ်။

သားဖြစ်သူ တာဘုခလီး အခုလို သူများဆီမှာ နွားသွားကျောင်းတာ သူတို့မိသားစုအတွက် တာဝန်ပေါ့ပါးသေးတယ်လို့ ဖခင်ဖြစ်သူက “သူများ(နွားရှင်)နဲ့ သွားနေရတာ အိမ်ကို ပြန်တောင်မလာဘူး။ သူ အဲဒီမှာနေတာ ပျော်တယ်လို့ ပြောတယ်။ သူ ကောင်းကောင်းနေရရင် တော်ပါပြီ။ ကျနော်တို့အတွက်လည်း မိသားစု ၀န်ထုပ်ဝန်ပိုး နည်းနည်း လျော့တာပေါ့။”လို့ ပြောပါတယ်။

မိခင်ဟာလည်း ငယ်ငယ်တုန်းက ကျောင်းနေချင်တာ မိဘတွေက ကျောင်းမထားတော့ တခါတလေ ကျောင်းတက်ချင်လွန်းလို့ မိဘတွေ ထိန်းခိုင်းတဲ့ မောင်ငယ်လေးကို ကျောကုန်းပိုးပြီး ဘုန်းကြီးကျောင်းမှာ စာသင်နေတာကို သွားကြည့်ခဲ့ရတာပါ။ ဒါကို မိဘတွေက သူမကို တုတ်နဲ့ ရိုက်ခဲ့တဲ့အကြောင်း ခုလို ပြန်ပြောပြပါတယ်။

“ကျမ ကံမကောင်းခဲ့ဘူး။ မိဘက မိန်းခလေးဆိုရင် ကျောင်းနေစရာ မလိုဘူး။ အိမ်အလုပ်နဲ့ ချက်တတ်၊ ပြုတ်တတ်ရင်ရပြီ။ အခုကျတော့ လည်း ကိုယ့်ကလေးတွေကို ပညာတတ်စေချင်ပါတယ်။ ကလေးတွေက ကျောင်းမနေချင်ကြဘူး။ ကိုယ့်မှာလည်း စားဝတ်နေရေး သိပ်အ ဆင်မပြေတော့ အတင်းအကြပ်လည်း ကျောင်းမတက်ခိုင်းတော့ဘူးလေ။”လို့ ဆိုပါတယ်။

ဒီလို အတန်းပညာ မတတ်မြောက်ခဲ့တဲ့ တာဘုကလီးရဲ့ မိဘတွေဟာ လယ်ယာစိုက်ပျိုးရေးအပြင် အခြားကြုံရာ ကျဘမ်းအလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းနေရပါတယ်။ မိဘနှစ်ပါး အပါအ၀င် အိမ်သားပေါင်း ၈ယောက်ရှိတဲ့ တာဘုခလီးတို့ရဲ့ မိသားစုထဲမှာ သူ့အထက် က အစ်ကိုတစ်ယောက်ထဲ တတိယတန်းအထိ မနှစ်က ကျောင်းနေခဲ့ပေမဲ့ လာမဲ့နှစ်မှာ ကျောင်းဆက်တက်ဖို့ ငွေကြေး အဆင်မပြေလှပါ ဘူး။ ကျန်တဲ့ အကို၊ အမတွေလည်း ကျောင်းမနေဘဲ အလုပ်လုပ်နေကြတာမို့ မောင်နှမထဲက ၅ယောက်မြောက်ဖြစ်တဲ့ တာဘုခလီး ကျောင်းနေမပျော်တာက မဆန်းသလို ဖြစ်နေပါတယ်။

စားဝတ်နေရေး မပြေလည်တဲ့ မိဘတွေ အခက်အခဲကြောင့် တာဘုခလီးဟာ သူများကို နွားသွားကျောင်းပေးဖို့ ဆုံးဖြတ်ခဲ့ဟန်ရှိသလို နွားပိုင်ရှင်ဟာ သူ့အပေါ် ကောင်းတယ်။ ချစ်တယ်ဆိုတဲ့အပေါ်မှာ သူပျော်မွေ့နေတာလည်း ဖြစ်ပါတယ်။ တခါတခါ မုန့်စားရရင် သူ့မျက်နှာက ပြုံးပြီး “ကျနော့်ဦး(နွားရှင်)က ၀ယ်ကျွေးတယ်လေ။ စားလို့ကောင်းတယ်။ သူတို့နဲ့ နေရတာပျော်တယ်။”လို့ ပြောပါတယ်။

ဘ၀ကို ကြမ်းတမ်းလား၊ ခတ်ထန်လား မသိသေးတဲ့ တာဘုကလီးဟာ ရွာဘေးက လယ်ကွင်းလေးတခုထဲမှာ ဟောင်းနွမ်းနေတဲ့ လွယ်အိတ်လေးလွယ်ရင်း လေးဂွတစ်လက်နဲ့ ခမောက်မပါ ဟိုဒီလျှောက်သွားပြီး နွားတွေ ထိန်းကျောင်းနေရတာကို ဗိုက်ဝဖို့အရေး လုပ်ရတာမို့ ပျော်နေပါတယ်။ ရွာထဲက ကျောင်းနေတဲ့ သူ့သူငယ်ချင်းတွေက ကျောင်းပိတ်ရက်မို့ တခါတလေ သူနွားကျောင်းရာ ကွင်းထဲကို လာလည်ပြီး အဖော်လုပ်နေပေမဲ့ သူဟာ စာမတတ်လို့ အားငယ်ရမှန်း မသိဘဲ ပြုံးပျော်နေတတ်ပါတယ်။

အခုလို စာသင်အရွယ်မှာ ကျောင်းမနေရတဲ့ ကလေးငယ်တွေဟာ ပယာရောရွာမှာ တာဘုကလီးတယောက်တည်း မကပါဘူး။ ဘ၀တူ နွားကျောင်း၊ လယ်၊ တောင်ယာ စတဲ့ ပင်ပင်ပမ်းပမ်း အလုပ်လုပ်နေရတဲ့ ကလေးတွေ အများကြီးဟာ လက်ရှိမှာ ကျောင်းမနေသူတွေပါ။ မိန်းကလေးတွေဆိုရင် အိမ်အလုပ်၊ ကလေးထိန်း စတဲ့အလုပ်တွေသာ လုပ်တာများပါတယ်။ ဒီရွာမှာ အခြေခံပညာ အလယ်တန်းကျောင်း ၇တန်းအထိ ရှိပါတယ်။ ရွာအလယ်တန်းကျောင်းမှာ အောင်မြင်သွားတဲ့ အချို့ကလေးတွေက သထုံ၊ ဘီးလင်း၊ ကျိုက်ထိုနဲ့ ရန်ကုန်မြို့ တွေမှာသွားပြီး ပညာဆက်သင်ကြရပါတယ်။

ဒါပေမယ့် ပယာရောရွာမှာတော့ အခုချိန်ထိ ဆယ်တန်း(အထက်တန်း)အောင်မြင်ပြီး တက္ကသိုလ် တက်နိုင်တဲ့သူဟာ ၁၀ယောက်အထက် မရှိပါဘူး။ ဒါတွေအားလုံးဟာ အဓိက စားဝတ်နေရေးပြဿနာကြောင့် ပညာရေးကို ထိရောက်အောင် ဆုံးခန်းတိုင် မတတ်နိုင်တဲ့သူတွေပဲ များပါတယ်။ ဒီလို အသိပညာ၊ အတတ်ပညာ မဖွံ့ဖြိုးသေးတဲ့ ပယာရောလို ရွာမျိုးမှာ ကလေးသူငယ်တွေ၊ လူငယ်တွေ ပညာမသင်နိုင် တာဟာ ဒီဒေသ၊ ဒီတိုင်းပြည်ရဲ့ အနာဂတ်အတွက် ရင်လေးစရာပါ။

မိဘတတ်နိုင်ပါလျက်နဲ့ ကျောင်းနေမပျော်တဲ့ ကလေးတွေ၊ ကျောင်းနေချင်လျက်နဲ့ မိဘက ငွေကြေးမတတ်နိုင်သူတွေ၊ မတတ်နိုင်တဲ့ မိဘတွေက ကျောင်းတက်ဖို့ မတိုက်တွန်းလို့ ကျောင်းမနေချင်တဲ့ကလေးတွေ။ ဒီလို အလုပ်ကြမ်းနဲ့ ဘ၀ကြမ်းတွေကို တပြိုင်နက်တည်း ရင်ဆိုင်နေရတဲ့ ကလေးတွေဟာ ဘ၀ရှေ့ရေးအတွက် သူတို့ရဲ့ မျှော်လင့်ချက် အိပ်မက်ကလည်း ဆီမီးခမ်းခြောက်လို့ အရောင်မှိန်တဲ့ မီးအိမ်လေးလို မှုန်ပျပျသာ ရှိနေပါတယ်။

ဒါကြောင့် အရွယ်ရောက်လာရင် ရတဲ့အလုပ်လုပ်ပြီး မိဘကို လုပ်ကျွေးမယ်လို့ တာဘုခလီး ပြောလိုက်တာက “ကျနော်ကြီးလာရင် မိဘကို လုပ်ကျွေးမယ်လို့ မျှော်လင့်ထားတယ်။ အခု ငယ်သေးတော့ ထမင်း၀၀ စားရဖို့ နွားပဲ ကျောင်းအုံးမယ်” ဆိုတာပါပဲ။

မြန်မာပြည်မှာ အလယ်တန်း၊ အထက်တန်းတွေကို မိဘဆရာအသင်းကြေး၊ အားကစားနဲ့ စာကြည့်တိုက်ကြေး၊ တနှစ်စာကျောင်းလခ ကြေးတွေ ပါဝင်တဲ့ ကျောင်းနေကုန်ကျစရိတ်အဖြစ် ကျပ်ငွေ ၁၅၀၀ကနေ ၂၀၀၀ကျပ်အထိသာ ကောက်ခံဖို့ လက်ရှိ အစိုးရရဲ့ ပညာရေး ၀န်ကြီးဌာနက သတ်မှတ်ထားပေမဲ့ မူလတန်းကိုတော့ အခမဲ့ ပညာရေး သင်ကြားခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ တကယ့်လက်တွေ့နဲ့ ပြဌာန်းချက်က ကိုက်ညီမှုရှိမရှိကိုတော့ ကိုယ်တိုင် ရင်ဆိုင်နေရသူ ကျောင်းသားမိဘတိုင်း သိနားလည်ကြမှာပါ။

သို့သော် လိုအပ်နေတာတခုက ကလေးသူငယ်တွေကို ပညာမသင်မနေရ စနစ်မျိုး၊ ပညာမသင်ကြားနိုင်သူတွေကို အစိုးရက ဘယ်လို နည်းလမ်းနဲ့ ထောက်ပံ့ပေးသွားမယ် ဆိုတာမျိုးတွေသာ တရားဝင် ပြဌာန်းထားမယ်ဆိုရင် ကျောင်းမနေတဲ့ ကလေးတွေအရေအတွက်ဟာ လျော့နည်းပျောက်ကွယ်လာပြီး တိုင်းပြည်တိုးတက်မှု လမ်းစပေါ်ပေါက်လာမှာ သေချာပါတယ်။

# ပဋိပက္ခတွေကြားက မတူညီတဲ့ ကလေးတွေရဲ့ ဘ၀တွေကို ဆောင်းပါးအဖြစ် ရေးသားတင်ဆက်ပေးခြင်း ဖြစ်ပါတယ်။
စောခါးစူးညား (ကေအိုင်စီ)

Sunday, May 13, 2012

ရင်ထဲမှာမကောင်းဘူးတကယ်ပါ။ မြန်မာစစ်အစိုးရနှင့် ( KNU )
ကရင်အမျိုးသားတွေငြိမ်းချမ်းရေးတွေဆွေးနွေးခဲ့ကြသည်မှာနှစ်တွေကြာခဲ့ပါပြီ
ဘာမှကိုမတိုးတက်သေးပါဘူး
စစ်အစိုးရပြောသောငြိမ်းချမ်းရေးဆိုတာလူအသက်တွေကိုဆိုလိုတာလား။
ပြီးခဲ့သောဟိုတချိန်ငြိမ်းရေးဆွေးနွေးပြီးအပြန်မကြာပါ
(  KNU  )  မှခေါင်းဆောင်တဦးအသက်ပေးခဲ့ရ
အခုလည်း  နောက်တယောက်အသက်ပေးခဲ့ရပြန်တယ်
ဒါလားစစ်အစိုးရ၏ငြိမ်ချမ်းရေး
ကရင်အမျိုသားအားလုံးသတိနှင့်နေပါ


Thursday, May 10, 2012

သတ်စရာတွေလည်း အများကြီးရှိသေးတယ်






     ဒီရက်ပိုင်း သတင်းတွေထဲက http://www.thithtoolwin.com/2012/05/kia-bgf.html
ထဲမှာ ပါလာတဲ့ မှတ်ချက်တစ်ခုက မျက်လုံးထဲ စူးစူးရှရှ ဝင်လာခဲ့တယ် ။
Ko Nyo Khant ( Mdy university.) said...
   "နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်တစ်တပ်ဘဲရှီတယ်၊ ကျန်လက်နက်ကိုင်တွေကို
အမြစ်ပြတ်ခြေမှုန်းပြစ်ရမယ်။ အချုပ်အခြာအာဏာကို ထိပါးတဲ့သူမှန်သမျှ
တိုက်ထုတ်ပြစ်ရမယ် ရှေးပဝေသနီထဲက ကချင်ပြည်နယ်ဟာ ဒို့ဗမာဘုရင်
တွေရဲ့ လက်အောက်ခံဘဲ ဒို့ဗမာဘုရင်တွေရဲ့အာဏာဟာ မဏိပူရ အာသံ၊
ဇင်းမယ်ထိ ပြိုင်စံရှားခဲ့တယ်။ လက်နက်လူသူအင်အားမမျှလို့ သူ့ကျွန်ဖြစ်ခဲ့
ရတယ်။ အင်္ဂလိပ်က သွေးခွဲအုပ်ချုပ်ခဲ့လို့ ဒို့နိုင်ငံ အစိတ်စိတ်အမွှာမွှာ ပြိုကွဲခဲ့
ရတယ် လွတ်လပ်ရေးရပြီးသည့်တိုင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်
မနေခဲ့ရဘူး၊ ဒို့ဗမာဘုရင်တွေက ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံ
တော်၊ တတိယ မြန်မာနိုင်ငံတော်တွေအဖြစ် စည်းရုံးသိမ်းသွင်းနိုင်ခဲ့တယ်၊
ဒို့ဗိုလ်ချုပ်အောင်ဆန်းက စတုတ္ထ မြန်မာနိုင်ငံတော်အဖြစ် စည်းရုံးသိမ်းသွင်း
နိုင်ခဲ့သလို ခုဒီမိုကရေစီမြန်မာနိုင်ငံတော်အနေနဲ့ ပဉ္စမမြန်မာနိုင်ငံတော်ကြီး
ဖြစ်အောင် သိမ်းသွင်းနေတယ်။ အဲဒါကို တိုင်းရင်းသားပေါင်းစုံက အသိစိတ်
ဓါတ်ရှိရှိ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်သင့်ကြောင်း ရေးသားလိုက်ပါတယ်။"
   အခိုက်တန့်တစ်ခုအတွင်း စိတ်ထဲပေါ်လာသမျှနဲ့ တုန့်ပြန်ရေးချမိတာတွေကတော့ -
"     အကြိုက်ဆုံး စာသားလေးတွေပါ ၊ ဗမာ အမျိုးသားရေးဝါဒီ တစ်ယောက်ရဲ့
ရင်ထဲအသည်းထဲက ထွက်ယိုစီးကျလာတဲ့ စကားတွေဆိုတာ ယုံကြည်ပါတယ် ။
ကူးယူထားပြီး နောင်လာနောက်သားတွေကို စံနမူနာအဖြစ် လေ့လာစေသင့်တဲ့
တစ်ဖက်သတ် အတ္တစကား စစ်စစ်တွေပါပဲ ။

     ဒီမှာတော့ ဝေဖန်ချက် သိပ်မပေးလိုတော့ပါဘူး ။ ကိုယ့်ဆီက ပေါက်ပေါက်
ကျမှ ကိုယ့်သွေး ၊ သူတစ်ပါးလက်က လုယူစားသောက်ရတာမှ နတ်သုဒ္ဓာ ၊ "ငါ့"ရဲ့
အရင်းအမြစ်ကိုမှမသိပဲ "ငါ ငါ ငါ" ဆိုသူမျိုးအတွက်လည်း ပြောလို့ထူးနိုင်မှာ မ
ဟုတ်ပါဘူး ။ အချိန်ရမှသာ ဘလော့ပို့စ်တစ်ခု အနေနဲ့ တစ်စစီ ဆန်းစစ်ပြပါ့မယ် ။

     တစ်ဖက်မှာလည်း "Unknown" ကိုလည်း ကျေးဇူးတင်ပါတယ် ။
     ကေအိုင်အို ၊ ကေအန်ယူ ၊ အက်စ်အက်အေ ဆိုတဲ့ မြင်နေရတဲ့ အဖွဲ့တွေ
ပျက်ပြုန်းသွားတာဟာ ရင်ထဲက အကြိတ်အခဲတွေ ပျောက်သွားတာ မဟုတ်ဘူး
လို့ သဘာဝကျကျ မြင်နိုင်သူတွေ များလာပါမှ ငြိမ်းချမ်းရေးဆိုတာ ရလာမှာပါ ။
အလွယ်ဆုံးနဲ့ အတိုဆုံးတွးကြည့်ရင် - ရလာမှာနဲ့ ပေးဆပ်ရမှာတွေ တန်ရဲ့လား
ဆိုတာ ချင့်ချိန်သင့်ကြပါတယ် ။

     မကြာခင် အချိန်တွေမှာ လက်ရှိ ဗဟိုကထိန်းချုပ်လို့ ခေါင်းပါးနေရတဲ့ အသိ
ပညာပေါင်းစုံနဲ့ ဘက်ပေါင်းစုံက လက်တွေ့သတင်းမှန်တွေလည်း ပြန့်ပွားခွင့် ရှိ
လာမှာပါ ။ အဲဒီအခါကျ တဖက်သတ် သတင်းတွေကြောင့် အမြင်လွဲခဲ့တာတွေနဲ့
ကိုယ့်တစ်ဘို့ထဲ တွေးခဲ့တာတွေဟာ ပြန်ပြင်လို့ မရတော့တဲ့ ဝမ်းနည်းစရာတွေ
အဖြစ်နဲ့ပဲ ကျန်ရစ်ရပါလိမ့်မယ် ။"
~~~~~~~~~~~~~~~~~~~~~~~~

    ဖြစ်နိုင်ရင်တော့ လေးလေးနက်နက်နဲ့ စာလုံးတစ်လုံးစီအထိ ခွဲခြမ်းစိတ်ဖြာကြည့်ချင်ပါတယ် ။
ဒါပေမယ့် စိတ်ထဲမှာ ဝန်လေးနေတာကြောင့် အပိုင်းစတချို့ကိုပဲ ကြည့်ပါမယ် ။

* "နိုင်ငံတစ်နိုင်ငံမှာ စစ်တပ်တစ်တပ်ဘဲရှီတယ်"  -  နိုင်ငံအများစုမှာ ဟုတ်ပါတယ် ၊ ပြည်သူ
                                                                တွေရဲ့ ဆန္ဒနဲ့အညီ တည်ရှိလာတဲ့ အစိုးရ
                                                                တွေအတွက် မှန်ပါတယ် ။

* "ကျန်လက်နက်ကိုင်တွေကို အမြစ်ပြတ်ခြေမှုန်းပြစ်ရမယ်" - ငယ်စဉ်က အဖြူ-အမဲ ၊ အဆိုး-အ
                                                                          ကောင်း တွေပဲရှိတယ်လို့ နားလည်
                                                                          ထားခဲ့မိတာကို သတိရမိတယ် ။

* "အချုပ်ခြာအာဏာကို ထိပါးတဲ့သူမှန်သမျှ တိုက်ထုတ်ပြစ်ရမယ်" - တရုတ်ဖြူတွေတုန်းကဆို
                                                                                   ဟုတ်ပါတယ် ၊ ခုနေမှာပြော
                                                                                   သူဟာ အိပ်မက်နေသလိုပါ ။

* "လက်နက်လူသူအင်အားမမျှလို့ သူ့ကျွန်ဖြစ်ခဲ့ရတယ်" = "ကချင်ပြည်နယ်ဟာ ဒို့ဗမာဘုရင်
                                                                         တွေရဲ့ လက်အောက်ခံဘဲ" - ထပ်
                                                                         ဖြည့်ပြောစရာ မရှိလှပါ ။

* "ကချင်ပြည်နယ်ဟာ ဒို့ဗမာဘုရင် တွေရဲ့ လက်အောက်ခံဘဲ .... တိုင်းရင်းသားပေါင်းစုံက
အသိစိတ်ဓါတ်ရှိရှိ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်သင့် ... " = "လက်အောက်ခံ တိုင်းရင်း
သားပေါင်းစုံက အလိုက်သိသိ နာခံသင့်တယ်" လို့ပြောရင် ကောင်းမလား ။

 ~~~~~~~~~~~~~~~~~~~~~~~~

       အပေါ်က မှတ်ချက်လေးဟာ အကောင်းဆုံး နမူနာ(classic example)လေးတွေထဲက
ပေါ်လွင်လွန်းတဲ့ စံပြုစရာ အရေးသားတစ်ခုမို့ မှတ်တမ်းတင်ပို့တစ်ခုအနေနဲ့ တင်ဖြစ်တာပါ ။
ဘေးကကြည့်တဲ့သူတစ်ယောက်အနေနဲ့ အမျိုးသားရေးစိတ်ဓါတ် ပိန်းပိန်းပိတ်နေအောင် ဖုံး
နေသူတစ်ယောက်ရဲ့ အမြင်ဆိုတာ ပြောစရာလိုမယ် မထင်ပါ ။ ရိုင်းရိုင်းပြောတော့ မုဒိမ်းကျင့်
မယ်လုပ်တာကို အဝတ်တွေ အဆင်သင့်ချွတ်မထားတာကြောင့် အပြစ်ရှိတယ်လို့ ပြောတာနဲ့
အလားသဏ္ဍာန် တူနေပါတယ် ။

   ဒီလိုစိတ်ထားရှိသူတွေ ဗမာတွေထဲမှာ အများကြီးရှိတယ်ဆိုတာ တိုင်းရင်းသားတွေအနေနဲ့
မသိဘူးရယ်လို့ မရှိပါ ။ ဒါပေမယ့် သူတို့ကို ရှေ့တန်းတင်ရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်တာ
ကြောင့် မမေ့ပေမဲ့ မသိသလို လုပ်နေကြရတာပါ ။

   အခြားတစ်ဖက်မှာလည်း တွေးစရာ ထည့်တွက်စရာတွေ ရှိပါတယ် ။
   တလောက မြန်မာပြည်နဲ့ အဆက်သွယ်ရတော့ မိတ်ဆွေတစ်ယောက်က လက်ရှိငြိမ်းချမ်း
ရေးဆွေးနွေးပွဲတွေမှာ "ကေအိုင်အိုက ခေါင်းမာနေတာကိုး" လို့ ပြောပါတယ် ။ (ဘာလို့ ခေါင်း
မာနေရသလဲဆိုတာတော့ သူလည်းမသိဘူး) ။ ဒီလိုစကားမျိုးတွေ အင်တာနက်ပေါ်မှာလည်း
အသုံးများနေကြတာ မြင်နေရတယ် ။ အတိုချုပ်က မြန်မာပြည်တွင်းက လူအတော်များများရဲ့
အမြင်ကို ထင်ဟပ်နေတယ်လို့ ပြောနိုင်ပါတယ် ။ တစ်နည်းအားဖြင့် တစ်ဖက်သတ် သတင်း
တင်ပြမှုတွေက သက်ရောက်မှု အများကြီးရှိနေတယ်လို့ ပြောလို့ရတယ် ။

   တစ်ဆက်ထဲမှာလည်း နိုင်ငံပြင်ပက အမြင်တွေကို ထင်ဟပ်တဲ့ ဗီအိုအေနဲ့ ဘီဘီစီလိုသ
တင်းတွေကို ရိုဟင်ဂျာမုန်းတီးရေးနဲ့ ပြန်အထောက်ခံထားရတယ် ။ တိုင်းရင်းသား အဖွဲ့တွေ
ရဲ့ အမြင်နဲ့ အနေထားတွေဟာလည်း လူတွေဆီရောက်အောင် သိပ်မလုပ်နိုင်ကြဘူး ။ တန်
ပြန်မှုတွေ ထိထိရောက်ရောက် မရှိဘူး ၊ တစ်ဖက်သတ် မီဒီယာစစ်ပွဲကို မြင်နေရတယ် ။

   မနေနိုင်သူ ကိုယ်ကလည်း ပါလာရတော့မယ် ။ မရေးချင် မပြောချင်တာတွေတချို့ကို
လည်း ပြောရရေးရတော့မယ် ။ ပွဲဆူ ရေနောက်တာကို ကြိုက်လို့မဟုတ်ပဲ ဝင်ကရတော့
မယ် ။ ဒါပေမယ့် ဘယ်လိုပြောပြော ကျင့်ဝတ်နဲ့ အကန့်အသတ်တွေတော့ ထားရသေးတာ
ပါပဲ ။

   ပို့စ်ခေါင်းစဉ်ကို ပြန်ကောက်ရအောင် ။
   ဘာလို့သတ်စရာတွေ အများကြီးရှိရမှာလဲ ၊ မေးချင်စရာ ဖြစ်ကောင်းဖြစ်မယ်  ။
   အပေါ်က မှတ်ချက်လို သဘောထားရှိသူတွေ များနေသမျှ ကာလပတ်လုံး ၊ တစ်နည်း
အားဖြင့် တိုင်းရင်းသား (သို့) လူနည်းစု အဖွဲ့စည်းတွေနဲ့ ဆက်ဆံရာမှာ အာဏာနဲ့ လုပ်ပိုင်
ခွင့်ချုပ်ကိုင်ထားသူတွေကနေ သူတို့ရဲ့ အမြင်နဲ့ ရပ်တည်ချက်တွေကို အလျှော့အတင်း မ
လုပ်နိုင်မချင်းတော့ လူနည်းစုနဲ့ အားနည်းသူတွေကတော့ ပေးဆပ်စရာ အသက်ပဲ ရှိကြ
တော့တာကြောင့်  ဒီခေါင်းစဉ်ကို ရွေးလိုက်တာပါ ။

   ပြည်မစစ်သားတွေလည်း လူတွေပါပဲ ၊ သူတို့လည်း သားမယားဆွေမျိုးတွေ ရှိပါတယ် ၊
တန်ဖိုးထားသင့်ပါတယ် ၊ စားဝတ်နေရေးကအစ ထည့်တွက်ပေးသင့်ပါတယ် ၊ စစ်ရေးစစ်
ရာနဲ့ အခြားပေးဆပ်ရတဲ့ တန်ဖိုးတွေဟာ ရလာမယ့် အကျိုးမြတ်တွေနဲ့ ကာမိလို့ စစ်ကိုပဲ အ
သည်းအသန် သွားတိုက်နေရတာလား ။ အခြားနည်းလမ်း မရှိတော့ဘူးလား ၊ အင်အားကြီး
သူဖက်က လုံးဝလျှော့လို့ မရတော့ဘူးလား ။ "လား" ပေါင်းများစွာနဲ့ ပြောစရာတွေ အများ
ကြီး ဆွဲထုတ်လို့ရပေမယ့် ကျောက်တောင်ကို ကြက်ဥနဲ့ပစ်သလိုပဲ ဖြစ်နေမှာဆိုတော့ အ
ရှည်မချဲ့တော့ပါဘူး ။

   အောက်မှာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပြီးတာတောင် ပြည်မစစ်တပ်ရဲ့ စိတ်ထဲမှာစွဲနေ
သေးတဲ့ စိတ်ထားကို ထင်ဟပ်တယ်လို့ ပြောနိုင်တဲ့ ပုံကလေးတွေပါ ။ အချို့လည်း အတုလို့
ဆိုချင်ကြပါတယ် ။ အစစ်လို့ အာမ မခံပေမယ့် လက်ရှိအနေထားကို ငုံကြည့်ရင် ဖြစ်နိုင်ချေ
ဖက်က ပိုများတယ်လို့ ဆိုနိုင်ပါတယ် ။ ပြီးတော့ စိတ်ဝင်စားစရာ တွေးစရာ လင့်တစ်ခုလည်း
ထည့်ပေးလိုက်ပါတယ် ။ 

မြန်မာ့မူးယစ် ထုတ်လုပ်မှုနှင့်နိုင်ငံရေးကစားကွက်ကြားက ဓါးစာခံ ဗိုလ်ချုပ်စောလားပွယ်


(လွန်ခဲ့သော ၉နှစ်ဆိုသောအချိန် ၂၀၀၃ခုနှစ်သည် ဗိုလ်နှုတ်ခမ်းမွှေးမှ DKBA ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသေးသလို စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့်ကာလလည်း ဖြစ်နေပါသည်။ ထိုအချိန်ကာလ၏ ပြစ်မှု အတွက် DKBA အဖွဲ့ခေါင်းဆောင် သို့မဟုတ် စစ်ဦးစီးချုပ်ကို ဖြေရှင်းချက် အရင်မတောင်းဘဲ ဗိုလ်နှုတ်ခမ်းမွှေးကို ဖမ်းဝရမ်းထုတ်ခြင်း သည် စိတ်ဝင်စားစရာဖြစ်နေပါသည်။) ............... ဖူးဒို
 ( နှစ်ဦးနှစ်ဖက် စွပ်စွဲချက်နှင့် တုန့်ပြန်ချက်အပေါ် မူတည်ပြီး လေ့လာသော် လက်ရှိတွင် ဗိုလ်နှုတ်ခမ်းမွှေးသည် မူးယစ်ဆေးနှင့် ပတ်သက်မှုကင်းရှင်းကြောင်း ပေါ်လွင်နေပါသည်။ တဖက်တွင်လည်း မြန်မာနိုင်ငံမှ ထွက်သည့် ဘိန်းနှင့် မူးယစ်ဆေးသည် ထိုင်းနိုင်ငံသို့လည်းကောင်း ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံမှတဆင့် ကမ္ဘာ့ဈေးကွက်သို့ ဖြန့်ဖြူးနေ သည်ကို ထိုင်းအာဏာပိုင်များ တားဆီးလိုသည်မှာလည်း တရားမျှတပြီး သဘာဝကျပါသည်။)..............ဖူးဒို
 (လက်ရှိတွင် မူးယစ်ရောင်းဝယ်ထုတ်လုပ်မှုမရှိဘဲ မြန်မာအာဏာစနစ်ကို ဆန့်ကျင်နေသော ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဝ ရမ်းထုတ်ခြင်းသည် မြန်မာအစိုးရ အာဏာရှင်စနစ် သက်တမ်းရှည်ရန် အားပေးရာရောက်သလို ရေသောက်မြစ်နှင့် ပင်စည်ကိုခုတ်ရန် မကြိုးစားဘဲ ခြောက်သွေ့နေသော အကိုင်းအခက်ကို ခုတ်ထွင်ရှင်းလင်းရန် ကြိုးစားခြင်းသည် ပင်စည်ကို ရေလောင်းအကျိုးပေးခြင်း ဖြစ် နေပါသည်။)....................ဖူးဒို
 မြန်မာ့မူးယစ် ထုတ်လုပ်မှုနှင့်နိုင်ငံရေးကစားကွက်ကြားက ဓါးစာခံ ဗိုလ်ချုပ်စောလားပွယ်
ကမ္ဘာ့ဘိန်းဖြူထုတ်လုပ်မှုပြဇယား
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ဘိန်းဖြူထုတ်လုပ်မှု ပမာဏတွင် ဒုတိယအများဆုံးဖြစ်နေပါသည်။ ကမ္ဘာ့ ကုလသမဂ္ဂမူးယစ်နှင့် ရာဇ၀တ် ဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ ၂၀၁၀ ဘိန်းဖြူထုတ်လုပ်သည့် ပမာဏသည် မက်ထရစ်တန် ၅၈၀ ရှိခဲ့ပါသည်။ဘိန်းစိုက်ပျိုး သည့် ဧရိယာအကျယ်အ၀န်းမှာ၂၀၀၉ခုနှစ်တွင် ၃၁၇၀၀ဟက်တာမှ ၂၀၁၀ခုနှစ်တွင် ၃၈၁၀၀ဟက်တာသို့ တိုးလာသော်လည်း ၂၀၁၀ခု နှစ် ဘိန်းထွက်နှုံးကျရသည့် အကြောင်းအရင်းမှာ ပိုးမွါးကျရောက်ခြင်းကြောင့် ဖြစ်သည်။


၁၉၉၆မှ ၂၀၁၀ထိ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုဇယား
မြန်မာနိုင်ငံတွင် ၁၉၉၆ မှ ၂၀၀၆ ထိ ဘိန်းစိုက်ပျိုးမှု သိသိသာသာ ကျဆင်းခဲ့သော်လည်း ထိုကာလတွင်း စိတ်ကြွရူးသွပ်ဆေးခေါ် ရာဘ ဆေး ထုတ်လုပ်သည့်ပမာဏမှာ ကမ္ဘာ့ထိပ်တန်းအဆင့် ၁သို့ ရောက်ခဲ့ပါသည်။

၂၀၁၀နှစ်ထဲတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ မှောင်ခို တင်သွင်းခဲ့သော ရာဘဆေး အရေအတွက်မှာ ၁ ဘီလျံ (သန်း တစ်ထောင်) ရှိခဲ့ပြီး ၂၀၁၀အတွင်း ဖမ်းဆီးမိခဲ့သည့်အရေအတွက်မှာ သန်း ၄၀ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံမှာထွက်ရှိသည့် ရာဘဆေးအများစုသည် ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံသို့ မှောင်ခိုတင်သွင်းလေ့ရှိ ခဲ့ရာမှ ယခုအချိန်တွင် နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယကိုပါ တင်သွင်းလာပြီ ဖြစ်သည်။


ကုလသမဂ္ဂ (UNOD) မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံတွင်း ဒေသအလိုက် ဘိန်းစိုက်ပျိုးမှုဇယား
၂၀၁၀ တွင် မြန်မာနိုင်ငံတွင်းရှိ စိတ်ကြွရူးသွပ်ဆေး (ရာဘ)နှင့် ဘိန်းဖြူ ဖမ်းဆီးရမိသည့် ကိန်းဂဏာန်း သိသိသာသာ ကျဆင်းခဲ့ပါသည်။ သို့သော် ၎င်းကျဆင်းနှုံးသည် ရာဘနှင့် ဘိန်းဖြူထုတ်လုပ်ခြင်း ကျဆင်းသည့်လဏ္ခာမဟုတ်ဘဲ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြင်ဆင် ခြင်း၊ စည်းရုံးခြင်းနှင့် တိုက်ရိုက် ပတ်သက်နေပါသည်။ အချို့သော် ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲစည်းရုံးရေးတွင် မိမိပါတီအနိုင်ရပါ က ဘိန်းစိုက်ပျိုးရေးကို ခွင့်ပြုမည်ဟုဆိုသော စည်းရုံးရေးကို တွေ့ခဲ့ရသလို မူးယစ်ကုန်သည်တချို့သည်လည်း လွှတ်တော်တွင်းသို့ ရောက်ရှိနေပါပြီ။

နောက် သက်သေတခုမှာ ကမ္ဘာ့ထိပ်တန်း မူးယစ်ရာဇာများဖြစ်သော ခွန်ဆာ၊ လောဝ်စစ်ဟန်၏သား ထွန်းမြင့်နိုင် (Steven Law) တို့ကို တွေ့ရပါသည်။ မူးယစ်ကုန်သည်ဖြစ်နေပါစေ တနေ့တချိန်တွင် မြန်မာစစ်ဖက် ခေါင်းဆောင်နှင့်တည့်အောင်ပေါင်းပြီး အေးချမ်းစွာ နေနိုင် သည့်အပြင် ရင်းနှီးမြုပ်နှံမှုများ၊ ငွေကြေးခ၀ါချမှု (ငွေမဲမှ ငွေဖြူသို့ ပြောင်းလဲခြင်း)များကို မြန်မာနိုင်ငံတွင် လွတ်လပ်စွာ လုပ်ဆောင်နိုင် သောအချက်သည် ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ထုတ်လုပ်ခြင်းကို များစွာအားပေးနေပါသည်။

မြန်မာအစိုးရသည် မူးယစ်ဆေး တိုက်ဖျက်ရေးကို သိသိသာသာ မတိုက်ဖျက်ခြင်းအတွက် အဓိကသုံးသပ်မိသော အချက်များမှာ -
- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကို အပြစ်ဖို့ပြီး စစ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန်
- ဘိန်းနှင့် မူးယစ်ဆေးထွက်ကုန် အများစုမှာ ပြည်ပဈေးကွက်အတွက်သာ ဖြစ်ခြင်း
- အုပ်ချုပ်ရေးအတွင်း မသမာမှု၊ လာဘ်ပေးလာဘ်ယူမှုများ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။

ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေး ထုတ်လုပ်မှု အများအပြားတွင် အစိုးရမှ တာဝန်ရှိနေသူများ ပတ်သက်နေသလို အချို့ဒေသများတွင် စိုက် ပျိုးရေးနှင့်ပတ်သက်ပြီး ဘိန်းစိုက်ပျိုးရန် အာဏာပိုင်များမှ အားပေးနေသည်ကို တွေ့ရပါသည်။ သက်သေအနေဖြင့် လူနေကျဲသော ချင်းတောင်တန်းများတွင် မြို့နယ်အာဏာပိုင်များက မြို့ပြင်များတွင် ဘိန်းစိုက်ပျိုးခွင့် ပေးထားသည်ကို တွေ့ရပါသည်။ ဒီ့အပြင် ဘိန်းနှင့် မူးယစ်ဆေးဖမ်းဆီးရမိပြီး မီးရှို့ဖျက်ဆီးသည့် အခမ်းအနားလုပ်ရန် အာဏာပိုင်များသည် မူးယစ်ကုန်သည်များကို တိုက်ရိုက်ဆက်သွယ် ပြီး အလူခံလေ့ရှိနေသည်မှာလည်း လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာခဲ့ပါပြီ။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ဘိန်းနှင့် မူးယစ်ဆေးထွက်ရှိခြင်း၏ အဓိကရေသောက်မြစ်မှာ အုပ်ချုပ်ရေးတွင် တာဝန်ရှိသော အာဏာပိုင်များ နှင့် အဓိကပင်စည်မှာ ဘိန်းနှင့် မူးယစ်ဆေး အများအပြား ထုတ်လုပ်သည့် မူးယစ်ရာဇာများ ဖြစ်နေပါသည်။


ထိုင်း-မြန်မာဆက်ဆံရေး

မြန်မာနှင့် ကီလိုမီတာ ၁၂၀၀ကျော် နယ်စပ်ထိနေသည့် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတွင်း စီမံကိန်း ၆၁ခုဖြင့် ရင်းနှီးမြုပ်နှံငွေ အမေရိကန် ဒေါ်လာ ၉.၅၆၈ဘီလီလျံဖြင့် မြန်မာနိုင်ငံအတွက် ဒုတိယ အကြီးဆုံး ရင်းနှီးမြုပ်ထားသော နိုင်ငံဖြစ်ပါသည်။ မြ၀တီ-မဲဆောက် နယ်စပ် ကုန်သွယ်တခုတည်းတွင် ကုန်သွယ်မှုပမာဏ တစ်နှစ်လျှင် ဒေါ်လာ သန်းတစ်ထောင်ကျော် ရှိပါသည်။

 မြ၀တီ-မဲဆောက်နယ်စပ်ကုန် သွယ်ရေးတံတားကို မြန်မာအစိုးရဖက်က ၂၀၁၀၊ ဇူလိုင်လ ၁၈ရက်မှစပြီး တနှစ်ခွဲနီးပါးကြာ ပိတ်ထားခဲ့ပါသည်။ ၎င်းနယ်စပ် ကုန်သွယ် ရေးလမ်းကြောင်း ပိတ်လိုက်ခြင်းတွက် နေ့စဉ် ကုန်သွယ်မှုပမာဏ ထိုင်းဘတ်ငွေ ၈၈ သန်း ( အမေရိကန် ဒေါ်လာ ၂.၇၄)ကို ထိခိုက်ခဲ့ပြီး နယ်စပ်ဂိတ်ပြန်ဖွင့်နိုင်ရေးတွက် မြန်မာအစိုးရနှင့် အမြန်ဆုံး ဆွေးနွေးမည်ဟု ထိုင်းကုန်သွယ်ရေးဝန်ကြီး ပွန်တီဗာနာကာစိုင် (Mrs. Porn-tiva Nakasai – Minister of Commerce)က ပြောခဲ့ပါသည်။

တကယ်တမ်းတွင်မူ နယ်စပ်ကုန်သွယ်မှုပိတ်ခြင်းကြောင့် နှစ်နိုင်ငံစလုံးမှာ နစ်နာသော်လည်း ထိုင်းနိုင်ငံမှ နယ်စပ်ဖွင့်လှစ်နိုင်ရေးတွက် စိတ်အားထက်သန်နေသည်မှာ ထိုင်းအစိုးရသည် ထိုင်းပြည်သူလူထု၏ နစ် နာမှုများကို အလေးထားသောကြောင့် ဖြစ်သည်။ မဲဆောက်မြို့နှင့် တာ့ခ်ခရိုင် (Tak Province) ဖွံ့ဖြိုးမှုသည် မြ၀တီ-မဲဆောက်ကုန်သွယ် ရေးနှင့် တိုက်ရိုက် ဆက်နွယ်နေပါသည်။

၂၀၁၀၊ နိုဝင်ဘာလ ရွေးကောက်ပွဲရက်အပြီးတွင် ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA အဖွဲ့မှ မြ၀တီမြို့သို့ စီးနင်းဝင်ရောက်တိုက်ခိုက် မှုသည် စစ်အစိုးရကို များစွာ သိက္ခာကျစေခဲ့ပါသည်။ လနှင့်ချီကြာသော အစိုးရ၏ တန်ပြန်စစ်ဆင်ရေးကို ဗိုလ်နှုတ်ခမ်းမွှေးတို့အဖွဲ့မှာ ခံနိုင်ရည်ရှိခဲ့သဖြင့် စစ်အစိုးရကို ပိုပြီး သိက္ခာကျစေခဲ့ပါသည်။ ၎င်းနောက် မြ၀တီ-မဲဆောက် နယ်စပ်ဂိတ်ပြန်ဖွင့်ရေးတွင် မြန်မာအစိုးရ ဖက်မှ စစ်ဖက်ဆိုင်ရာ အကျိုးဖြင့် ဆွေးနွေးလာပါသည်။

ဗိုလ်နှုတ်ခမ်းမွေး ဖမ်းဆီးနိုင်ရေးတွင် ထိုင်းအစိုးရမှ ပူးပေါင်းကူညီပြီး ဗိုလ်နှုတ် ခမ်းမွှေးကို ဖမ်းဆီးနိုင်ပြီးနောက်ပိုင်းမှသာ မြ၀တီနယ်စပ်ဂိတ်ကို ပြန်ဖွင့်မည်ဟု မြန်မာအစိုးရက တောင်းဆိုလာပါသည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း၌သာ အခြေစိုက်သော ဗိုလ်နှုတ်ခမ်းမွှေးကို ထိုင်းဖက်မှ ဖမ်းဆီးပေးနိုင်ခြင်းမရှိခဲ့ချေ။

ဧပြီလ ၂၀ရက်နေ့က မူးယစ်ဆေးကုန်ကူးမှုတွင် ထိပ်တန်းစာရင်းဝင်သူ ၂၅ယောက်၏အမည်ကို ဖမ်းဆီးနိုင်သူအား ထိုင်းဘတ်ငွေ ၁၂ သန်း ဆုကြေးငွေပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရ၏ Office of the Narcotics Control Board -ONCB အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုစာ ရင်းတွင် မြန်မာနိုင်ငံသား ၃ဦးအနက် DKBA ခွဲထွက်အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး၏အမည်လည်းပါ ၀င်ခဲ့သည်။

ထူးခြားချက်တစ်ခုမှာ ဗိုလ်နှုတ်ခမ်းမွှေးတစ်ဦးတည်းသာ ထိုင်းအစိုးရကို ပြန်လည်တုန့်ပြန်ခဲ့ပါသည်။ သူ၏ တုန့်ပြန်ချက်တခု မှာ ထိုင်းအာဏာပိုင်များကို မိမိနယ်ထဲ ၀င်ရောက်စစ်ဆေးရန် ဖိတ်ခေါ်ထားသည်မှာ ထူးခြားချက်တစ်ခု ဖြစ်နေပါသည်။ ၎င်း (ဗိုလ်နှုတ် ခမ်းမွှေး)၏ တုန့်ပြန်ချက်ကို ထိုင်းအာဏာပိုင်မှ ပြန်လည် တုန့်ပြန်သည်မှာ ဗိုလ်နှုတ်ခမ်းမွှေး၏ မူးယစ်ဆေးဝါးမှုသည် လွန်ခဲ့သည့် ၉နှစ်မှ အမှုဖြစ်ပြီး မိမိတို့ဖက်မှ အထောက်အထားရှိသဖြင့် ဗိုလ်နှုတ်ခမ်းမွှေးကိုယ်တိုင် လာရောက်ဖြေရှင်းရန် တောင်းဆိုထားပါသည်။

နှစ်ဦးနှစ်ဖက်၏ အခြေအနေကို လေ့လာပြီး သုံးသပ်မိသည်မှာ -
ထိုင်းနိုင်ငံအနေဖြင့် အထောက်ထားမခိုင်လုံဘဲ စွပ်စွဲကြေညာမည်မဟုတ်သလို အထောက်အထားများစွာ ရှိသည့်အထဲမှ တစ်ခုတည်းကို ဆွဲထုတ်ထားသည်မှာ စဉ်းစားစရာဖြစ်နေပါသည်။ ဒိပြင် လွန်ခဲ့သော ၉နှစ်ဆိုသောအချိန် ၂၀၀၃ခုနှစ်သည် ဗိုလ်နှုတ်ခမ်းမွှေးမှ DKBA ၏ အုပ်ချုပ်မှုအောက်တွင်ရှိနေသေးသလို စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့်ကာလလည်း ဖြစ်နေပါသည်။ ထိုအချိန်ကာလ၏ ပြစ်မှု အတွက် DKBA အဖွဲ့ခေါင်းဆောင် သို့မဟုတ် စစ်ဦးစီးချုပ်ကို ဖြေရှင်းချက် အရင်မတောင်းဘဲ ဗိုလ်နှုတ်ခမ်းမွှေးကို ဖမ်းဝရမ်းထုတ်ခြင်း သည် စိတ်ဝင်စားစရာဖြစ်နေပါသည်။

စာရေးသူအနေနှင့် အတိတ်ကာလတွင် ဗိုလ်နှုတ်ခမ်းမွှေးအနေဖြင့် မူးယစ်ဆေးရောင်းဝယ်မှုနှင့် တိုက်ရိုက်ပတ်သက်မှုရှိမရှိကို အတိအကျ မသိသော်လည်း နှစ်ဦးနှစ်ဖက် စွပ်စွဲချက်နှင့် တုန့်ပြန်ချက်အပေါ် မူတည်ပြီး လေ့လာသော် လက်ရှိတွင် ဗိုလ်နှုတ်ခမ်းမွှေးသည် မူးယစ်ဆေးနှင့် ပတ်သက်မှုကင်းရှင်းကြောင်း ပေါ်လွင်နေပါသည်။ တဖက်တွင်လည်း မြန်မာနိုင်ငံမှ ထွက်သည့် ဘိန်းနှင့် မူးယစ်ဆေးသည် ထိုင်းနိုင်ငံသို့လည်းကောင်း ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံမှတဆင့် ကမ္ဘာ့ဈေးကွက်သို့ ဖြန့်ဖြူးနေ သည်ကို ထိုင်းအာဏာပိုင်များ တားဆီးလိုသည်မှာလည်း တရားမျှတပြီး သဘာဝကျပါသည်။

အထက်က ဖေါ်ပြသည့်အတိုင်း မြန်မာနိုင်ငံမှထွက်ရှိသည့် ဘိန်းနှင့် မူးယစ်ဆေးသည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှ ဖြစ်သည့် အားလျှော်စွာ ဘိန်းနှင့် မူးယစ်ပြဿနာ၏ အဓိကရေသောက်မြစ်နှင့် ပင်စည်ကို ဦးတည်ဖြေရှင်းရန် ပို၍အရေးကြီးသလို မဟာဗျုဟာ လည်း ကျပါသည်။

ထိုင်းနှင့် ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖြန့်ဖြူးနေသော မူးယစ်ရာဇာကြီးများကို ဦးစားပေး ဖမ်းဆီးနိုင်ရန် ပိုကြိုးစား သင့်ပါသည်။ မြန်မာအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသော ဗိုလ်နှုတ်ခမ်းမွှေးကိုသာ ဖမ်းဝရမ်းထုတ်ပြီး မြန်မာအစိုးရနှင့် အဆင်ပြေသော ကမ္ဘာ့အဆင့် မူးယစ်ရာဇာများကို ဖမ်းဆီးရန် မကြိုးစားခြင်းသည် ဘိန်းနှင့် မူးယစ်ဆေးဝါးကို အမှန်တကယ် တိုက်ဖျက်နေခြင်းမဟုတ်ပါ။

မြန်မာအစိုးရမှ ခွင့်ပြုသော မူးယစ်ရောင်းဝယ်သူများကိုသာ ဖမ်းဆီးဝရမ်းထုတ်သော ထိုင်းနိုင်ငံ၏ ပေါ်လစီကိုလည်း အံ့ဩမိသလို သံသ ယ ဖြစ်မိပါသည်။ လက်ရှိတွင် မူးယစ်ရောင်းဝယ်ထုတ်လုပ်မှုမရှိဘဲ မြန်မာအာဏာစနစ်ကို ဆန့်ကျင်နေသော ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဝ ရမ်းထုတ်ခြင်းသည် မြန်မာအစိုးရ အာဏာရှင်စနစ် သက်တမ်းရှည်ရန် အားပေးရာရောက်သလို ရေသောက်မြစ်နှင့် ပင်စည်ကိုခုတ်ရန် မကြိုးစားဘဲ ခြောက်သွေ့နေသော အကိုင်းအခက်ကို ခုတ်ထွင်ရှင်းလင်းရန် ကြိုးစားခြင်းသည် ပင်စည်ကို ရေလောင်းအကျိုးပေးခြင်း ဖြစ် နေပါသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်နေသော ထိုင်းအာဏာပိုင်ကို လေးစားအားပေးသလို တဖက်တွင်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကဏ္ဍ တွင် မြန်မာအစိုးရ၏ ဩဇာလွမ်းမိုးမှုအောက်မှာ မရပ်တည်သင့်ကြောင်း အကြံပေးလိုပါသည်။

ဖူးဒို
(မေလ

Tuesday, May 1, 2012

မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေး အဓိကပြဿနာ (၅) ရပ်


(ယခုဖော်ပြမည့် စာစုမှာ ကမ္ဘာ့ဘဏ်မှာ အာရှဒေသဆိုင်ရာ အကြီးအကဲအဖြစ် တာဝန်ထမ်းခဲ့ဖူးသူ စီးပွားရေး ပညာရှင် Vikram Nehru ၏ မြန်မာ့စီးပွားရေးပြုပြင်ရေးမှာ ရှောင်ရန် ဆောင်ရန် အကြံပြုထားချက်များဖြစ်ပါသည်)
မြန်မာပြည်မှာ အောင်မြင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ၊ အဲဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း တောင်ပြိုကမ်းပြိုအနိုင်ရသွားတဲ့ အကြောင်းတွေက လွန်ခဲ့တဲ့ နှစ်ပတ်က နိုင်ငံတကာသတင်းတွေမှာ ထိုက်ထိုက်တန်တန်ပဲ နေရာယူထားခဲ့ပါတယ်၊ ဘယ်လောက်အထိလဲဆိုရင် မြန်မာ့စီးပွားရေးလောကမှာ တိုးတက်ဖြစ်ထွန်းမှု အသစ်တွေကိုတောင် အဲဒီသတင်းတွေက ဖုံးလွှမ်းသွားခဲ့ပါတယ်၊
တကယ်တော့ စီးပွားရေးပြုပြင်ပြောင်းလဲရေး ကိစ္စကလည်း ရွေးကောက်ပွဲလိုပဲ အရေးကြီးတဲ့ ကိစ္စရပ်ပါပဲ။ မြန်မာပြည်မှာ ရွေးကောက်ပွဲ ရလဒ်တွေ မကြေညာခင် တရက်မှာပဲ အစိုးရက အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ (၈၁၈) ကျပ်နှုန်းနဲ့ ငွေလဲနှုန်းစနစ်သစ်ကို ကြေညာခဲ့ပါတယ်၊ အရင်က တရားဝင် ပေါက်ဈေးက တဒေါ်လာကို ၈ ကျက်ခွဲပဲ သတ်မှတ်ထား ခဲ့တာပါ။
အခုလောလောဆယ် စိန်ခေါ်နေတဲ့
ကိစ္စကတော့ တိုင်းပြည်ရဲ့ မက်ခရို စီးပွားရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုကို မထိခိုက်စေဘဲ ပြုပြင်ပြောင်းလဲရေး အရှိန်နဲ့ ဆက်သွားနေဖို့ကိစ္စပါပဲ။
ငွေလဲနှုန်းစနစ်သစ်ရဲ့ သဘောသဘာဝကတော့ ငွေလဲနှုန်းကို အကန့်အသတ်ဘောင် တခုထဲမှာ ထိန်းထားနိုင်ဖို့ ဗဟိုဘဏ်က ကြားဝင်ထိန်းကြောင်းပေးမယ့် “ပဲ့ကိုင်ရင်း မျှော” တနည်းအားဖြင့် “managed float” စနစ်ဖြစ်ပါတယ်။
မြန်မာပြည်မှာ “ပဲ့ကိုင်ရင်းမျှော” ဆိုတဲ့စနစ် အခြေခိုင်ဖို့ ဆိုရင် ဗဟိုဘဏ်ဟာ လွတ်လပ်နေဖို့ လိုအပ်ပါတယ်၊ ဒါမှပဲ နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်ဟာ စီးပွားရေးမှာ မဖောက်ပြန်တဲ့ လက္ခဏာတရပ်အဖြစ် ကပ်ပါလာနိုင်မှာပါ။ အမှန်တကယ် ငွေလဲနှုန်းကိုလည်း စိုက်ပျိုးရေးနဲ့ ထုတ်လုပ်မှု ကဏ္ဍတွေကို အားပေးတဲ့ နှုန်းမျိုး ဖြစ်နေဖို့လည်း လိုအပ်ပါတယ်။
ငွေလဲနှုန်း ပြုပြင်လိုက်တာဟာ အများက မျှော်လင့်ထားသလို နောက်ထပ် စီးပွားရေးတစုံလုံးကို ပြုပြင်ပြောင်းလဲရာမှာ ပထမဆုံး ပစ်ဖောက်လိုက်တဲ့ အမြောက်သံ ဖြစ်ပါတယ်။ ဒီကနေ ရေရှည် တည်တံ့ပြီး အများစုက ခံစားရတဲ့ ဖွံ့ဖြိုးတိုးတက်လာရေးကို အားပေးဖို့နဲ့ အင်စတီကျူးတွေကို တည်ဆောက်သွားဖို့လည်း ဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်တဲ့ နေရာမှာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ ဖွံ့ဖြိုးရေးအစီအစဉ်တို့က အစိုးရကို အကူအညီတွေ ပေးနေပါတယ်။ ဒီလိုပဲ ဂျပန်၊ သြစတြေးလျ၊ ဗြိတိန်၊ နော်ဝေ၊ စတဲ့ နိုင်ငံတွေဆီက အကူအညီအပြင်၊ တခြား ပြင်ပကနေ အကြံဥာဏ်တွေ ပေးနေတာမျိုးလည်း ရှိပါတယ်။
ဒီနေရာမှာ မြန်မာအစိုးရဘက်က မစို့မပို့လောက်ပဲ လုပ်သွားမလား ဆိုတာမျိုးကို မပူမိပါဘူး။ အစိုးရကို အလွန်အကျွံ တွန်းလုပ်ခိုင်းတာမျိုး ဖြစ်လာမှာကိုသာ စိုးရိမ်းတာပါ။ အစိုးရက မလွှဲမရှောင်သာလွန်းတဲ့ အခြေအနေမှာ သိပ်ကို လုပ်ပြချင်နေတာမျိုး၊ ဒီလိုလုပ်ပြမှပဲ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခပ်မြန်မြန် ရုပ်သိမ်းသွားမယ်၊ ဒါမှမဟုတ် အကြွေးဟောင်းတွေ မြန်မြန်လျှော်ပေးမယ်လို့ ထင်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အပြောင်းအလဲတွေကို အလျင်စလို တွန်းလုပ်ရင်၊ အပြောင်းအလဲကို ဆန့်ကျင်သူတွေက မတည်ငြိမ်မှုတွေကို ဖန်တီးလာရင်၊ နာရီတွေ နောက်ပြန်လည် သွားပြီး ဆိုးရွားလှတဲ့ နေ့ဟောင်းများဆီကို တကျော့ပြန်ရောက် သွားတတ်ပါတယ်။
ငွေလဲစနစ်မှာ တရားဝင်နှုန်းနဲ့ ဈေးကွက်ပေါက်ဈေးတို့ကို ညှိလိုက်တာ အခြေခံ ကျတဲ့ အပြောင်းအလဲပါပဲ။ ဒါပေမယ့် မြန်မာပြည်မှာ လူများစုကြီးက လူမွဲတွေ ဖြစ်နေတာက တကြောင်း၊ လူမှုဖူလုံရေး ကွန်ယက်တွေ နတ္ထိဖြစ်နေသေးတဲ့ အခြေအနေမျိုးမှာ နောက်ထပ် မူဝါဒ အပြောင်းအလဲတွေနောက်က ဖြစ်ပေါ်လာနိုင်တဲ့ ရုတ်ချည်းအပြောင်းအလဲတွေ (ရှော့ခ်) ကို ပြည်သူတွေ ခံနိုင်ဖို့ မလွယ်ပါဘူး။
ဒါကြောင့် အချိန်တိုအတွင်း ၀င်ငွေလည်းရ၊ ဆင်းရဲမှုလည်း လျှော့ချနိုင်မယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို နောက်ဆက်တွဲအဖြစ် မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်လာပါတယ်။ ဒါမှပဲ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် လူတွေ အဆင်ပြေလာပါလားဆိုတဲ့ အသိကို တိုးပွားစေပြီး၊ နောက်ထပ် ပြုပြင် ပြောင်းလဲမှုတွေ အတွက်လည်း ထောက်ခံမှုတွေရ လာမှာဖြစ်ပါတယ်။
အစိုးရအနေနဲ့ မလွှဲမရှောင်သာ အကန့်အသတ်တွေ နည်းနိုင်သမျှ နည်းမယ့် ပြုပြင်ပြောင်းလဲမှုတွေကို အာရုံစိုက်သင့်ပါတယ်။ ဒီနေရာမှာ မလွှဲမရှောင်သာ အကန့်အသတ် ၃ မျိုး ရှိနေပါတယ်။ အခြေခံ အဆောက်အအုံတွေ မပြည့်စုံတာကြောင့် ထုတ်လုပ်မှုစရိတ်တွေ မြင့်တက် သွားနိုင်ပါတယ်။ တခြားနိုင်ငံနဲ့ ယှဉ်ပြိုင်တဲ့ အခါမှာ တပမ်းသာတဲ့ အခြေအနေမျိုးကနေ တပမ်းရှုံးရတဲ့ ဘ၀မျိုး (ဥပမာ ဆန်စပါးထုတ်လုပ်မှုမှာ ကြုံရသလိုမျိုး) ဖြစ်သွားတတ်ပါတယ်။
နောက် အကန့်အသတ်က လိုင်စင်တွေ အလွန်အကျွံချပေးတာမျိုးနဲ့ အထိန်းချုပ်လွန် တာတွေကြောင့် ပုဂ္ဂလိက ကဏ္ဍတွေ ပွဲဦးထွက်မှာ မရူနိုင် မကယ်နိုင်ဖြစ်နိုင်သလို၊ အဂတိလိုက်စားမှုတွေကို အားပေးအားမြှောက် ဖြစ်သွားစေနိုင်ပါတယ်။
သွင်းကုန်အခွန်တင်းကျပ်တာနဲ့ ကုန်သွယ်မှုမှာ အကန့်အသတ်နဲ့ စည်းကမ်းတွေ များလွန်းတာကြောင့်လည်း ထုတ်လုပ်မှုနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို ကုန်သွယ်တဲ့နေရာမှာ အဟန့် အတားတွေ ဖြစ်သွားတတ်ပါတယ်။
အခုဆိုခဲ့တဲ့ အကန့်အသတ်တွေဟာ မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲရာမှာ ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စသုံးရပ်ဖြစ်ပါတယ်။ ဒီအပြင် စီးပွားရေး ဖွံ့ဖြိုးမှု ရေရှည်တည်တံ့ဖို့နဲ့ အများစုက ရရှိခံစားနိုင်ဖို့ ဆိုရင် နောက်ထပ် လုပ်ဆောင်စရာ ကိစ္စနှစ်ရပ် ကျန်နေပါသေးတယ်။

ဦးစားပေးကိစ္စ (၅) ရပ်
နံပါတ်တစ် ဦးစားပေးကိစ္စက တိုင်းပြည်မှာ အရေးကြီးတဲ့ ရည်မှန်းချက် နှစ်ရပ်ကို ဆောင်ရွက်နိုင်ဖို့ ဘဏ္ဍာရေးအရ ပူပင်ကြောင်ကြကင်းတဲ့ အစိုးရမျိုးဖြစ်ဖို့ပါ၊ ဗဟိုအစိုးရဟာ ဒေသအစိုးရတွေကို ငွေကြေး ထောက်ပံ့နိုင်မယ်၊ စစ်တပ် အဖွဲ့အစည်းတွေကို အဆင်ပြေပြေ၊ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ထောက်ပံ့နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုထောက်ပံ့နိုင်မှပဲ ဒီအဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေက ပြည်သူ့ ဘဏ္ဍာငွေတွေကို ပရမ်းပတာ၊ အထိန်းအကွပ်မဲ့ ရယူဖို့ ကြိုးပမ်းနေတာကို ထိန်းသိမ်းနိုင်ပါ လိမ့်မယ်။
အစိုးရဘက်ဂျက်က ဖူလုံတယ်ဆိုရင် ဖရိုဖရဲနဲ့ အခြေခံ အဆောက်အအုံပိုင်းအတွက်လည်း အရင်းအမြစ်တွေ အားဖြည့်ပေးနိုင်ပါလိမ့်မယ်။ အထူးသဖြင့် ဆိပ်ကမ်းတွေ၊ ကျေးလက်ဒေသက လမ်းပမ်းဆက်သွယ်ရေးကို အဆင်ပြေပြေလုပ်နိုင်မှ ဓာတ်ငွေ့မဟုတ်တဲ့ ထုတ်လုပ်မှုကဏ္ဍတွေ (ဆန်စပါး၊ ပဲမျိုးစုံ၊ လုပ်သားအင်အားသုံး ထုတ်လုပ်မှု ကဏ္ဍတွေ) နဲ့ နိုင်ငံခြားပို့ကုန်တွေအတွက် ပံ့ပိုးပေးရာ ရောက်လိမ့်မယ်။
ကံကောင်းတာက ဓာတ်ငွေ့တင်ပို့မှု တိုးလာတဲ့ အချိန်မှာပဲ ဈေးကွက်အခြေခံ ငွေလဲနှုန်းစနစ်ကို ပြောင်းလဲလိုက်တာကြောင့် ဓာတ်ငွေ့က ရတဲ့ငွေတွေကို မောင်ပိုင်စီးထားတဲ့ အစိုးရပိုင် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့ လုပ်ငန်းက အသားတင်ဝင်ငွေတွေ သိသိသာသာတိုးတက်လာလိမ့်မယ်၊ အရေးကြီးတာက အဲ့သလို ဓာတ်ငွေ့က ရတဲ့ငွေကို အစိုးရဘက်ဂျက်ကို လွှဲပေးပြီး လူမှုရေးနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကိစ္စတွေမှာ (အထူးသဖြင့် တိုင်းရင်းသား ဒေသတွေအတွက်) အသုံးချဖို့ လိုပါတယ်၊
ဒုတိယ အရေးကြီးတာက အစိုးရ၊ စစ်တပ်အသိုင်းအ၀ိုင်းနဲ့ ကင်းတဲ့ ပုဂလိက စီးပွားရေး စွန့်ဦးတီထွင်သူတွေကို လုပ်ကိုင်ခွင့် နေရာပေးဖို့ လိုပါတယ်။ ဘဏ်တွေကိုယ်တိုင်ကလည်း ဒီလို လုပ်ငန်းတွေကို ငွေချေးနိုင်လောက်တဲ့ လွတ်လပ်မှုတွေ ရှိလာဖို့ လိုပါတယ် (အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက်ပါ)။
မြန်မာပြည်ဟာ စီးပွားရေးလုပ်ငန်းတခု စတင်လုပ်ကိုင်နိုင်ဖို့ ကမ္ဘာပေါ်မှာ အကုန်အကျအများဆုံး နိုင်ငံတနိုင်ငံဖြစ်နေပါတယ်။ စီးပွားရေးလုပ်ငန်းဆိုင်ရာ တရားဝင် ဥပဒေတွေကလည်း လုံးဝမရှိသေးတာ၊ သို့မဟုတ်လည်း ရှိရက်နဲ့ မလိုက်နာ ကြတာမျိုး ဖြစ်နေပါတယ်။
လက်ရှိ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင်လည်း ပုံမကျပမ်းမကျနဲ့ မှန်းရခက်တဲ့ အခြေမျိုး ဆိုက်နေ ပါတယ်။ ဥပမာအနေနဲ့ လယ်သမားတွေက ကိုယ်စိုက်ချင်တဲ့ သီးနှံကို ရွေးချယ်ခွင့်မရှိတာမျိုး၊ ဆန်းစပါးထုတ်လုပ်မှုမှာ အကန့်အသတ် ဖြစ်နေတာမျိုးတွေပါ။
ဒါတွေကို ပြောင်းလဲလိုက်ဖို့ လိုနေပါပြီ၊ ရင်းနှီးမြှုပ်မှုနဲ့ ထုတ်လုပ်မှုကဏ္ဍမှာ တိုးလာတာနဲ့အတူ လူတွေလည်း ချမ်းသာလာဖို့ ဆိုရင် ပုဂလိက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို လေးစားဖို့၊ အကာအကွယ်ပေးမှ ဖြစ်နိုင်မယ်ဆိုတာကို အစိုးရကိုယ်တိုင်က အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒီလိုဖြစ်လာဖို့ သင့်တော်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် လုပ်ဆောင်သင့်ပါတယ်။ ဥပမာအနေနဲ့ အတည်မပြုနိုင်သေးတဲ့ မြေယာပိုင်ဆိုင်ခွင့် ဥပဒေသစ်လို ကိစ္စမျိုးတွေပါ။
တတိယ အရေးကြီးတာက အစိုးရအနေနဲ့ သွင်းကုန်၊ ထုတ်ကုန်အပေါ်မှာ အမျိုးမျိုးအထွေထွေ စည်းကမ်းတင်းကျပ် ထားတာတွေကို ဖျက်သိမ်းပစ်ပြီး၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို အားပေးဖို့ လိုပါတယ်။ ဒီလို လွှတ်ပေးလိုက်မှသာ စီးပွားရေးလုပ်ဆောင်ချက်တွေ လည်မြိုညှစ်ခံထားရတဲ့ ဘ၀က လွတ်မြောက်သွားပါလိမ့်မယ်။ ရေနံနဲ့ ဓာတ်ငွေ့မဟုတ်တဲ့ တခြား ထုတ်လုပ်မှုတွေ အရှိန်ရလာပါလိမ့်မယ်။
ငွေလဲလှယ်ရေးစနစ်သစ်ပေါ်လစီ၊ လောက်လောက်လားလား နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ၊ သက်တောင့်သက်သာ နိုင်ငံခြား အရံငွေ (သွင်းကုန်တန်ဖိုးရဲ့ ၉ လစာ ပမာဏ) တွေ ရှိလာမယ်ဆိုရင် အစိုးရအနေနဲ့ ငွေကြေးတန်ဖိုး အကျပ်အတည်းတွေ့မှာကို စိုးရိမ် ကြောင့်ကြကင်းကင်းနဲ့ ကုန်သွယ်ရေး တံခါးတွေ ကျယ်ကျယ်ဖွင့်လာနိုင်ပါလိမ့်မယ်။
စတုတ္ထ ဦးစားပေးကိစ္စကတော့ မြန်မာ့သံယံဇာတ၊ အထူးသဖြင့် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ ကျွန်းသစ်၊ ကျောက်မျက်ထုတ်လုပ်မှုကဏ္ဍတွေမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ပါ၊ တချိန်တည်းမှာ မက်ခရို စီးပွားရေးအပေါ် အန္တရာယ်ကျရောက်စေတဲ့ အဖြစ်မျိုး၊ ဒေသရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုရေး ပြသနာတွေကို ထိခိုက်စေတာမျိုး မဖြစ် ဖို့လိုအပ်တယ်။
သဘာဝ သံယံဇာတတွေကို အကိုင်တွယ်မတတ်ရင် ကျိန်းစာတခုဖြစ်သွားတတ်ပါတယ်။ နည်းလမ်း လမ်းမှန်နဲ့ စီမံနိုင်ရင်တော့ ဆုလာဘ်တပါးဆိုတာကတော့ သေချာပါတယ်။ Hartwick’s rule ဆိုတဲ့ အယူအဆကတော့ ကုန်ခမ်းသွားနိုင်တဲ့ သဘာဝအရင်းအမြစ်တွေကို ငှားရမ်းသုံးစွဲ (ထုတ်ယူသုံးစွဲ) မယ်ဆိုရင် နောင်တချိန်မှာ ပြန်လည်ထုတ်ယူနိုင်စွမ်းရှိတဲ့ ကဏ္ဍတွေမှာ ပြည်လည် ရင်းနှီးမြှုပ်နှံထားသင့်တယ်လို့ ဆိုပါတယ်၊ မြန်မာပြည်အနေနဲ့ ဒီဥပဒေသကို သေသေချာချာ လိုက်နာဖို့ လိုအပ်ပါတယ်။
ဒီအချက်ဟာ မြန်မာပြည်လိုမျိုး သဘာဝသံယံဇာတတွေ အမြောက်အမြားကို တိုင်းရင်းသား ဒေသတွေမှာ တွေ့ရှိနေတဲ့ နိုင်ငံ၊ တိုင်းရင်းသားတွေက ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးဖို့ ဗဟိုအစိုးရဆီကနေ ဆယ်စုနှစ်တွေချီပြီး တောင်းဆိုနေတဲ့ နိုင်ငံမျိုးအတွက် ပိုလို့တောင် အရေးကြီးပါတယ်။
လုံလောက်တဲ့ အစီအမံတွေ အကာအကွယ်တွေ မရှိဘူးဆိုရင် တိုင်းရင်းသားတွေရဲ့အမြင်မှာ သူတို့ ဒေသက သဘာဝ သံယံဇာတတွေဟာ ဒေသရေရှည် ဖွံ့ဖြိုးရေးအတွက် မဖြစ်စလောက်လေးနဲ့ အလျင်အမြန် ပြောင်တလင်းခါကုန်ပါလားလို့ မြင်လာနိုင်ပါတယ်။
ဒီလိုမဖြစ်ဖို့ နည်းလမ်းကတော့ သဘာဝသံယံဇာတွေဆီကနေ ရတဲ့ ငွေတွေကို အပြစ်ပြောစရာမရှိတဲ့ စီမံအုပ်ချုပ်မှု၊ ရှင်းလင်းတဲ့ စည်းကမ်းတွေနဲ့ ပွင့်လင်းမြင်သာတဲ့ နိုင်ငံတော် ရန်ပုံငွေတရပ် ထူထောင်ထား ရှိဖို့ပါပဲ။ အဲဒီ ရန်ပုံငွေက ရေရှည်အမြတ်အစွန်းတွေကို တိုင်းရင်းသား ဒေသတွေ အပါအ၀င် ပြည်သူလူထုအတွက် ရေရှည်ဖွံ့ဖြိုးရေးမှာ ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်။
ဒီကိစ္စဟာ မြန်မာပြည်အတွက် အခုနေအခါမျိုးမှာ ဘယ်လိုမှ မလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်၊ ဒါပေမယ့် ဒီလိုရည်မှန်းချက်ဆီကို ဦးတည်လုပ်ဆောင်ချက်မျိုးကတော့ ချက်ချင်းလက်ငင်းပဲ စတင်ထားဖို့ လိုအပ်ပါတယ်၊
ပဉ္စမနဲ့ နောက်ဆုံးအချက်ကတော့ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာဘဏ်တို့ကို ပေးစရာရှိတဲ့ ကြွေးဟောင်းတွေကို လျှော်ပစ်နိုင်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ လက်တွဲလုပ်ဆောင်ဖို့ပါပဲ။ ဒါမှသာ မြန်မာပြည်အနေနဲ့ ဒီလို ငွေကြေး အဖွဲ့အစည်းတွေဆီကနေ လက်လွှတ်ထားရတဲ့ အရင်းအမြစ်တွေကို ပြန်ရလာ နိုင်ပါတယ်၊ (ဘဏ်နှစ်ဘဏ်စလုံးက ကြွေးဟောင်းပြန်မဆပ်ဘဲ ကြွေးသစ် ချပေးတဲ့ အစဉ်အလာမရှိပါဘူး)။
မြန်မာပြည်က နိုင်ငံခြား ကြွေးမြီက အမေရိကန်ဒေါ်လာ ၅ဒသမ၅ ဘီလီယံ ရှိပါတယ်၊ ဒီထဲမှာ နိုင်ငံချင်းအလိုက်ဆိုရင် ဂျပန်ဆီက အကြွေးက (၄ ဘီလီယံ) နဲ့ အများဆုံးဖြစ်နေပါတယ်။ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက ဆိုရင် အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာဘဏ်တို့ကို ပေးရမယ့် အကြွေးက အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော်ရှိပါတယ်၊ အစိုးရအနေနဲ့ ဒီအကြွေးတွေကို ပြန်မဆပ်နိုင်ဘူး ဆိုတာကတော့ ရှင်းပါတယ်။ (တိုင်းပြည်ရဲ့ နိုင်ငံခြားအရံငွေက ၆ ဘီလီယံပဲ ရှိပါတယ်)
ဒါကြောင့် အလှူရှင် တနိုင်ငံချင်းအလိုက် အကြွေးကိစ္စကို ရှင်းပေးချင်တဲ့ စိတ်စေတနာပေါ်လာအောင် နှစ်ကိုယ်ကြားစည်းရုံးဖို့ပဲရှိ ပါတယ်။

နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ သံဓိဌာန်
ဦးစားပေးကိစ္စ ငါးရပ်ဆိုပြီး အကျဉ်းချုပ်ခဲ့ပေမယ့် လက်တွေ့ ပြုပြင်ပြောင်းလဲရေးမှာ စိန်ခေါ်မှုတွေက ခြောက်ခြားစရာအတိနဲ့ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် လိုအပ်တဲ့ အပြောင်းအလဲတွေကို မဖြစ်မနေ လုပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ရှိရင် အရှိန်အဟုန် ရလာပါလိ့မ်မယ်။ ဖြစ်ပေါ် တိုးတက်မှုတွေ အပေါ်မှာ အစိုးရကိုယ်တိုင်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ကျွဲမြီးမတိုသင့်ပါဘူး။ အပြောင်းအလဲတွေဟာ ဖြည်းဖြည်း မှန်မှန်၊ နှိုင်းနှိုင်းချိန်ချိန်၊ တိုင်းပြည်ရဲ့ လုပ်နိုင်ကိုင်စွမ်းနဲ့ သင့်တင်လျှောက်ပတ်တာမျိုးပဲ ဖြစ်ဖို့ လိုပါတယ်၊
အစိုးရနဲ့ အတူတူလုပ်ကိုင်နေတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း စိတ်တွေကို ဆွဲဆန့်ထားဖို့ လိုပါတယ်၊ အကြံဥာဏ်တွေ၊ အရင်းအမြစ်တွေကို ဖြည့်ဆည်းပေးရင် အတူတူတွဲလုပ်သွားဖို့ လိုပါတယ်၊ ဒီနေရာမှာ တိုင်းပြည်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေကို ဆန့်ကျင်တာမျိုးလည်းမဟုတ်၊ ပတ်ချာလည်ကနေ ၀ိုင်းကြီးပတ်ပတ်လုပ်နေတာမျိုး မဖြစ်ဖို့ လိုပါတယ်၊ တချိန်တည်းမှာ သူတို့ကို မနိုင်ဝန်ထမ်းခိုင်းတာမျိုးလည်း မဖြစ်ဖို့ လိုပါတယ်၊
အဆင်မပြေမှုတွေ မလွဲမရှောင်သာ တွေ့လာတဲ့အခါမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အချိန်ယူဖြေရှင်းတာမျိုးပဲ ဖြစ်သင့်ပါတယ်၊ မြန်မာပြည်ရဲ့ မဟာဗျူဟာ ကျတဲ့ တည်နေရာမျိုး၊ သဘာဝသံယံဇာတတွေ ကြွယ်ဝပုံမျိုးဟာ တခြား နိုင်ငံအနည်းငယ်လောက်မှာပဲ ရှိနိုင်တဲ့ အားသာချက်တွေပါ။
ဒီလို ထူးခြားတဲ့ ရှိနေပြီးသား အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချမယ်ဆိုရင် ရေရှည် တည်တံ့ပြီး၊ အားလုံး ခံစားစံစားနိုင်တဲ့ စီးပွားရေးဖွံ့ဖြိုးမှု ရေခံမြေခံတွေကို တည်ဆောက်နိုင်မယ်ဆိုတာကတော့ အသေအချာပါပဲ