Monday, April 9, 2012
ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် KNU ကရင်အမျိုးသားအစည်းအရုံးနှင့်ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ တို့ ၏ပထမအကြိမ် သတင်းထုတ်ပြန်ချက်
ရန်ကုန်၊ ဆီဒိုးနားဟိုတယ်တွင် အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေသော KNU သတင်း ဓာတ်ပုံများ
ပြည်ထောင်စုအဆင့်ကေအဲန်ယူနှင့်မြန် မာအစိုးရတို့ တွေ့ဆုံဆွေးနွေးရေး ပြီးစီး
Saturday, 7 April 2012
ဧပြီလ ၆ရက်။ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ပြည်တွင်းငြိမ်းချမ်းရေး ဆက်လက်ဖော်ဆောင်ဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ အထွေထွေအတွင်းရေးမှူးချုပ်နော်စီဖိုးရာစိန် ဦးဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စား လှယ်အဖွဲ့နှင့် မြန်မာအစိုးရ ကိုယ်စားလှယ်များအား ယနေ့ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် တွေ့ဆုံဆွေး နွေးပြီး ဆွေးနွေးချက်များအပေါ် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
ယနေ့ဆွေးနွေးပွဲတွင် ကေအဲန်ယူဘက်မှ နော်စီဖိုးရာစိန် ဦးဆောင်သော ကိုယ်စားလှယ် ၁၄ဦးနှင့် အစိုးရဘက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုဝန်ကြီး ၇ဦးအပါ အ၀င် အဖွဲ့ဝင် ၁၉ဦးတို့သည် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် အဓိကကျသည့် အချက်များဖြစ်ကြ သည့် တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်ဆိုင်းရေ အထူးသဖြင့် တိုင်းရင်းသားဒေသများတွင် စစ်ပွဲများ ရပ်စဲပေးရန်၊ ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူများအဖြစ် ဘ၀ရပ်တည်နိုင်ရေး အာမခံရန်၊ ပြည်သူပြည်သားများအတွင်း ယုံကြည်မှူတည်ဆောက်ရန်၊ အတင်းအဓမ္မလုပ်အားခိုင်းစေခြင်း၊ ပုံစံအမျိုး မျိုးဖြင့် ငွေကြေးတောင်းခံခြင်း၊ ပေးကမ်းလှူဒါန်းခိုင်းခြင်းများကို မပြုလုပ်ရန်၊ အကျဉ်းသားများကို လွတ်ပေး ရန်နှင့် ပြည်သူပြည်သားများ၏ မြေယာကိစ္စများကို ဖြေရှင်းပေး ရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စောင့်ကြည့်စစ်ဆေးခြင်းနှင့်အတူ အတည်ပြုခြင်းနှင့် တည့်မတ်မှန်ကန် သည့်အစီအစဉ်များကို စတင်ရန် စသည့် အချက် ၆ချက်ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးချက်များအပေါ် နှစ်ဦးနှစ်ဖက်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်များသည် ငြိမ်းချမ်းဖြစ်စဉ်အတွက် အကောင်အထည်ဖော် လိုက်နာရန် ဆုံးဖြတ်ချက် ၁၃ချက် ချမှတ်ကာ အစည်းအဝေး မှတ်တမ်းအရ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။
ထိုသဘောတူ ဆုံးဖြတ်ချက် ၁၃ချက်တွင် တပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ပေါ်ထွက်လာ ရန်အတွက် တဆင့်ပြီးဆင့် တိုးတက် အကောင်အထည်ဖော် လုပ်ဆောင်သွားရန်၊ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ စစ်စည်းကမ်းများ(code of conduct)ကို နှစ်ဦးနှစ်ဖက်လိုက်နာကြရန်၊ ပြည်တွင်း ဌာနေမဲ့ ပြည်သူ လူထု(အိုင်ဒီပီ)များ ပြန်လည် အခြေချနိုင်ရန်အတွက် လိုအပ်သည့် အစီအစဉ်များ ဆောင်ရွက်ကြရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပူးပေါင်းပါဝင်ရန်၊ အကျဉ်းသားများကို လွတ်ပေးဖို့၊ ငြိမ်းချမ်းရေး ဖြစ်စဉ်အစီအစဉ်များကို ကြည့်ရှုစစ်ဆေးဖို့အတွက် နှစ်ဦးနှစ်ဖက် သဘောတူသည့် ကိုယ်စားလှယ် အမည်များကို မေလကုန်တွင် စာရင်းတင်ရန် စသည့်အချက်အလက်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါ သဘောတူဆုံးဖြတ်ချက်များကို သဘောတူကြောင်း မြန်မာအစိုးရဘက်မှ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစောသိန်း၊ သဘာဝပတ်ဝန်းကျင်နှင့် သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ ပြည်ထောင်စုအဆင့် ဒုနယ်စပ်ရေးရာ ၀န်ကြီး ဦးဇော်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးနှင့် ကရင်ပြည်နယ် ၀န်ကြီး ဦဇော်မင်းတို့နှင့် ကေအဲန်ယူဘက်မှ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒို ရောဂျာခင်၊ ပဒိုစောအားတိုး၊ ဗိုလ်မှူးချုပ် အယ်ကလူသိန်း၊ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောရွှေမောင်းတို့က လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကျင်းပပြီးနောက် ညနေ ၇နာရီအချိန်တွင် သတင်းစာရှင်းပွဲ (Media conference) ကျင်းပခဲ့ကာ သတင်းဌာနပေါင်း ၈၀ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
Friday, April 6, 2012
KNLA က ဖွင့်လှစ်တဲ့ အပတ်စဉ် ၆ ဗိုလ်သင်တန်းဆင်းပွဲ
ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဧပြီလ ၅ ရက်၊ ၂၀၁၂ ခုနှစ်
ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဖွင့်လှစ်တဲ့ အပတ်စဉ် ၆
ဗိုလ်သင်တန်းဆင်းပွဲကို မနေ့က ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာရှိတဲ့ KNLA
တပ်မဟာ ၅ ရဲ့ စစ်ရေးပြကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
copy from http://drlunswe.blogspot.com.au/2012/04/knla.html
copy from http://drlunswe.blogspot.com.au/2012/04/knla.html
ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ကရင်လူထု ၁၀၀၀ကျော် ကြိုဆိုနှုတ်ဆက်

ဧပြီလ ၅ရက်။ ၂၀၁၂ခုနှစ်။ နန်းဖောဂေ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကရင်လူမှုအဖွဲ့အစည်းများနှင့် ယနေ့ ဧပြီလ ၅ရက်နေ့ မနက် ၈နာရီတွင် တွေ့ဆုံခဲ့ရာ လူထု ၁၀၀၀ကျော် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ဘားအံမြို့ သုမေဓာရာမ တောရဘုန်းတော်ကြီးကျောင်း၌ မနက် ၈နာရီမှ ၁၀း၃၀နာရီအထိ ပြုလုပ်သည့် ထိုတွေ့ဆုံပွဲတွင် ကရင်ငြိမ်းချမ်းရေး ကော်မတီ၊ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ၊ ကရင်ပါတီမှ ခေါင်းဆောင်များ၊ ကရင်ဝန်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တစ်ချိန်တည်းတွင် ကရင်ပြည်နယ်ရှိ မြို့နယ် ၇ခုမှ လူထုကိုယ်စားလှယ်များ၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် တနင်္သာရီတိုင်းအတွင်းမှ ကရင်လူထု ကိုယ်စားလှယ်များက လာရောက်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထိုတွေ့ဆုံမှုတွင် ကေအဲန်ယူအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ကေအဲန်ယူနှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို လူထုအား ရှင်းလင်းပြောကြားခဲ့သည်။
သူမက “အခုတွေ့ဆုံခြင်းဟာ ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်တယ်။ ဒီတွေ့ဆုံမှုဟာ ဇန်န၀ါရီ ၁၂ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးမှု ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆက်လက်လုပ်ဆောင် တဲ့ လုပ်ဆောင်မှုတွေဖြစ်တယ်။ ကျမတို့ ကေအဲန်ယူအနေနဲ့ ဒီပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အချိန်ယူပြီး တဆင့်ချင်း တဆင့်ချင်း လုပ်ဆောင်သွားမယ်။ အဲဒီအပေါ်မှာ ကေအဲန်ယူတဖွဲ့တည်းနဲ့ လုပ်လို့မရပါဘူး။ ကရင်အမျိုးသား တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်လို့မရပါဘူး။ ကေအဲန်ယူအနေနဲ့ လူထုရဲ့ ပူးပေါင်းပါဝင်မှုကို လိုအပ်တယ်၊ လိုလားတယ်ဆိုတာကို ပြောချင်တယ်။” ဟု ပြောသည်။
ထို့အပြင် နော်စီဖိုးရာစိန်က ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို တစ်မျိုးသားလုံး၏ အရေးဖြစ်တာမို့ လူတိုင်းနှင့် သက်ဆိုင်သည့်အတွက်ကြောင့် ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အတည်ဖော်တဲ့နေရာမှာ လူထုတွေအားလုံး ပါဝင်ကြဖို့ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့်လူထုများအား တိုက်တွန်းနိုးဆော်ခဲ့သည်။
ထိုတွေ့ဆုံပွဲကို တက်ရောက်လာသည့် ကေပီစီ နာယာက တောင်ကလေးဆရာတော် ဦးပညာသာမိက “ကရင့် တော်လှန်ရေးဟာ ကရင်အမျိုးသားတွေပဲ လုပ်ရမယ်။ အခြားလူမျိုးတွေ ၀င်လုပ်ပေးစရာမလိုဘူး။ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နေရာမှာ ဘယ်သူမဆို သတ်တိရှိရမယ်။ အရာရာကို လုပ်ဆောင်ရဲမှပဲ ပန်းတိုင်ကို ရောက်မယ်။”ဟု လူထုအား မိန့်ကြားအမှာစကားပြောသွားသည်။
ယနေ့ တွေ့ဆုံပွဲတွင် မြန်မာအစိုးရတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသော်လည်း လူထုတွေအနေဖြင့် ကရင်အလံများ ကို ဝှေ့ရမ်းပြီး ကေအဲန်ယူ ကိုယ်စားလှယ်များနှင့် လွတ်လွတ်လပ်လပ် ဆွေးနွေး ပြောဆိုခွင့် အပြန်အလှန် နှုတ်ဆက်ခွင့် ရရှိခဲ့သည့်အတွက် ဝမ်းသားအားရကြကြောင်း မြို့ခံကရင်အမျိုးသမီးတစ်ဦးက ပြောသည်။
ဘားအံမြို့ခံ ကရင်အမျိုးသမီး နန်းမြင့်အေးက “ဒီလို ပြုလုပ်ခွင့်ရတာ ကျေနပ်အားရတယ်။ ခေါင်းဆောင်တွေအနေနဲ့ ဒီလို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ လုပ်တာ ၀မ်းသာတယ်။ ငြိန်းချမ်းမှုကို ကျမတို့ လိုလားတယ်။”ဟု ကေအိုင်စီကို ပြောသည်။
ထိုလူထုတွေ့ဆုံပွဲအပြီးတွင် ကေအဲန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဘားအံမြို့ရှိ နှစ်ချင်းခရစ်ယာန် အသင်းတော် ဘုရားကျောင်းသို့ သွားပြီး ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် နေ့လည် ၁၁နာရီကျော်အချိန်တွင် ဘားအံမြို့မှ ထွက်ခွာခဲ့ပြီး လက်ရှိ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် တည်းခိုနေကြသည်။
ယနေ့ညနေ ညစာစားပွဲ မစားခင် ၇း၀၀နာရီခန့်တွင် ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့ သည် အစိုးရဘက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းဦးဆောင်ပြီး ပြည်တွင်းရှိ သတင်းထောက်များ၊ နိုင်ငံတကာ သတင်းထောက်များ၊ ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာဝန်ကြီးများ၊ နိုင်ငံတကာ ဧည့်သည်တော်များနှင့် တွေ့ဆုံကာ ဦးအောင်မင်းက ကေအဲန်ယူနှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဖြစ်စဉ် တဆင့်များကို သတင်းထောက်များအား ပြောကြားခဲ့သည်။
ဦးအောင်မင်း “တချို့လူတွေက ကျနော်တို့ ငြိမ်းချမ်းရေးလုပ်တာ စောတယ်။ တချို့ နောက်ကျတယ်လို့ ပြောကြတယ်။ ဒီနှစ်ပေါင်း ၆၀ကျော် ကြာမြင့်တဲ့ကိစကြီးကို တထိုင်တည်းနဲ့ တနိုင်တပိုင်ဖြေရှင်းလို့ မရပါဘူး။ တဆင့်ချင်း တဆင့်ချင်း လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒီမှာ ရှိတဲ့ ကရင်တိုင်းရင်းသားတွေအားလုံးက ထာဝရငြိမ်းချမ်းရေး ရရှိအောင် မဖြစ်မနေ ဆောင်ရွက်သွားကြမယ်ဆိုတာ ကတိပြုပြီးသားဖြစ်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ထာဝရငြိမ်းချမ်း ရေး မရောက်ရောက်အောင် ဆောင်ရွက်သွားမယ်။”ဟု သတင်းထောက်များအား ပြောဆိုသွားသည်။
ထိုတွေ့ဆုံပွဲတွင် ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိတ်က “ကျမတို့ အခု လာဆွေးနွေးတယ် ဆိုတာက ပြီးခဲ့တဲ့ ပဏာမဆွေးနွေးပွဲကို ဆက်လက်အကောင်အထည်ဖော်ဖို့ကို ကျမတို့ အတူတကွ လက်တွဲ လုပ်ဆောင်သွားဖို့ လာရောက်ဆွေးနွေးတာဖြစ်တယ်။ အခု ငြိမ်းချမ်းရေးကလည်း ကရင်အမျိုးသား တခုတည်းမဟုတ် ဘူး။ တိုင်းရင်းသားပြည်သူတွေ အားလုံးအတွက်ဖြစ်တယ်။”ဟု ဆိုသည်။
ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်ဖို့အတွက် မနက်ဖြန်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်ဟု သိရသည်။
Subscribe to:
Posts (Atom)