Saturday, February 12, 2011
ယနေ့သတင်း (၁၁ ရက် ဖေဖော်ဝါရီလ ၂၀၁၁)
ဆုံဆည်းရာ၊ ၁၁ ရက် ဖေဖော်ဝါရီလ ၂၀၁၁
သတင်း
ည (၉ နာရီ နာရီ ၄၇ မိနစ်) ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလ ၃၁ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် နအဖ စစ်တပ်ဘက်မှ သေဆုံးသူ ၂၅၁ ဦး၊ ဒဏ်ရာရရှိသူ ၂၇၈ ဦးနှင့် DKBA ဘက်မှ သေဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ အရပ်သားတဦး အပါအ၀င် ၉ဦး ထိခိုက်မှုရှိ သည်ဟု ဒီကေဘီအေ ဘက်မှ ထုတ်ပြန်ပြောဆိုလိုက်ကြောင်း သိရှိရပါတယ်။ (ကိုးကား - ကေအိုင်စီ)
ညနေ (၃ နာရီ နာရီ ၄၇ မိနစ်) ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား နေအိမ်အကျယ်ချုပ်ချထားလိုက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးသာအေးနှင့် စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း တို့ကိုလည်း နေအိမ် အကျယ်ချုပ် ချထားလိုက်တယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ ဒီကေဘီအေ ထိုးစစ် စစ်ဆင်ရေးတွေကို အဓိက ဦးဆောင်ကိုင်တွယ်တဲ့ ဒု - ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ဒီကေဘီအေနဲ့ တိုက်ပွဲတွေမှာ နအဖ ဘက်က စစ်သားတွေ အကျအဆုံးများတာကြောင့် ဒု - ဗိုလ်ချုပ်ကြီး သူရမြင့်အောင် ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကာကွယ်ရေးစီးချုပ်နေရာ မပေးတော့ပဲ ကာကွယ်ရေးဝန်ကြီး ပေးလိုက်တဲ့အပေါ် မကျေနပ်ပဲ ဗိုလ်ချုပ်မှူးကြီးထံ သွားရောက်ပြောဆိုခဲ့ရာမှ ၄င်းအား အကျယ်ချုပ် ဖမ်းဆီးထားလိုက်တာဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။ လတ်တလော အခြေအနေအရ နေပြည်တော်တွင် နအဖ တပ်တွင်း ရှုတ်ထွေးမှုများ ဖြစ်ပေါ်နေတယ်လို့ နေပြည်တော် နအဖ အသိုင်းအ၀ိုင်းက ပြောဆိုနေပါတယ်။

သတင်း တပ်မဟာ(၄) တိုက်ပွဲသတင်း
/ 2/11/2011 09:18:00 PM /
စစ်ခွေးတွေ အတုံးအရုံးသေပြန်ပြီး..........ကျွတ်ကျွတ်ကျွတ်........
သေချင်ရင်စိန်မစားနဲ့ ..............ကရင်ပြည်ကိုသွားတဲ့.......နောက်ဆိုရင်ငသန်းရွှေမြေး စိန်မျောက်မျောက်မျိုးကန်းပြီးဆိုတဲ့သတင်းကြားရတော့မယ်...
Kwekalu's News

KNLA ၏ နှစ်ချူပ် တိုက်ပွဲ စာရင်း (2010) နှင့် DKBA နှင့် နအဖ တိုက်ပွဲ စာရင်းချူပ်
KNLA နှင့် နအဖ တိုက်ပွဲစာရင်းပေါင်းချူပ် (၁၊၁၊၂၀၁၀ မှ ၃၁၊ ၁၂၊ ၂၀၁၀ အထိ)
- တိုက်ပွဲမျိုးစုံ ၆၈၇ ပွဲ၊
- ပြောက်ကျားတိုက်ပွဲ ၃၉၆ ပွဲ၊
- နအဖ စစ်တပ် ၆၁၈ ဦးကျဆုံး၊ ၁၃၀၄ ဦး ဒဏ်ရာရ။
- ၁၆ ဦး လက်နက်ချ အညံ့ခံ
- KNLA - ၉ ဦးကျဆုံး၊ ၉ ဦး ဒဏ်ရာရ
- KNLA မှ သိမ်းဆည်းရမိသော လက်နက်မျိုးစုံအသေးစိတ်ကို စာရင်းချူပ်တွင်ကြည့်ပါ။
DKBA နှင့် နအဖ တိုက်ပွဲစာရင်းချူပ် - ဝေါလေ၊ဖလူးဒေသ - (နိုဝင်ဘာ ၂၀၁၀ မှ ဇန်န၀ါရီ ၂၀၁၁ အထိ)
- တိုက်ပွဲမျိုးစုံတွင်
- နအဖ စစ်တပ်မှ ၂၅၁ ဦးကျဆုံး၊ ၂၇၈ ဦး ဒဏ်ရာရ
- ဒီကေဘီအေ ၅ ဦးကျဆုံး၊ ၈ ဦးဒဏ်ရာရ၊ အရပ်သား တစ်ဦး ဒဏ်ရာရ
KNLA နှင့် DKBA တိုက်ပွဲစာရင်းချူပ် (၁၊၁၊၂၀၁၀ မှ ၃၁၊၁၂၊ ၂၀၁၀ အထိ)
- တိုက်ပွဲ မျိုးစုံ ၄၆ ပွဲ
- ပြောက်ကျားတိုက်ပွဲ ၁၇ ပွဲ
- ဒီကေဘီအေ ၄၇ ဦးကျဆုံး၊ ၈၇ ဦးဒဏ်ရာရ၊ ကေအဲန်ယူထံ ၂၅၄ ဦး ပူးပေါင်းဝင်ရောက်လာ၊ ၇ ဦးဖမ်းဆီးရမိ။
- KNLA ဖက်မှ ဒီကေဘီအေထံ ၂ ဦးလက်နက်ချ။
- သိမ်းဆည်းရမိသော လက်နက်မျိုးစုံအသေးစိတ်ကို စာရင်းချူပ်တွင်ကြည့်ပါ။
တစ်လအတွင်း KNLA နှင့် BGF တိုက်ပွဲအခြေအနေ (၁၊၁၂။၂၀၁၀ မှ ၃၁၊ ၁၂၊ ၂၀၁၀)
- တိုက်ပွဲမျိုးစုံ ၅ ပွဲ
- ပြောက်ကျားတိုက်ပွဲ ၄ ပွဲ
- BGF မှ ၆ ဦး ကျဆုံး၊ ၁၆ ဦး ဒဏ်ရာရ၊ ၂၄ ဦးလက်နက်ချ
မှတ်ချက်။ ။ ဒီကေဘီအေတပ်သည် ၁၈၊ ၈၊ ၂၀၁၀ တွင် BGF သို့ အသွင်ပြောင်းသည်။
အသေးစိတ်ကို အောက်ပါ pdf ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
Summary of Battle news 2010 -

တိုက်ပွဲပေါင်း ၁၀၈၃ ဟု KNU ပြော

February 12, 2011
ဖေဖေါ်ဝါရီလ 11 ရက် 2011 ခုနှစ်။
ကရင် အမျိုးသား အစည်းအရုံး KNU နှင့် စစ်အစိုးရ တပ်အကြား ပြီးခဲ့သည့် တနှစ်တာအတွင်း တိုက်ပွဲပေါင်း ၁ဝ၈၃ ပွဲ ဖြစ်ပွားခဲ့ကြောင်း KNU နှစ်ချုပ် အစီရင်ခံစာအရ သိရသည်။
၎င်းတိုက်ပွဲများသည် KNU ပိုင် တပ်မဟာ ၇ ခု အတွင်း ဖြစ်ပွားခဲ့ပြီး၊ နအဖ တပ်မှ ၆၁၈ ဦး ကျဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၃ဝ၄ ဦး၊ အသက်ရှင်လျက် ဖမ်းမိသူ ၁၆ ဦး ရှိကြောင်းနှင့် KNU ဘက်မှ ၉ ဦး ကျဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှစ်ချုပ် အစီရင်ခံစာက ဆိုသည်။ အစီရင်ခံစာကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ပြုစုထားခြင်း ဖြစ်သည်။
KNU ဘက်မှ အကျအဆုံး နည်းရခြင်းမှာ နယ်မြေ ကျွမ်းကျင်မှုနှင့် ပြောက်ကျား တိုက်စစ် စနစ်ကြောင့်ဟု KNU အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။
“ကမ်းတက် တိုက်ပွဲတွေနဲ့ ထိပ်တိုက် စစ်ကြောင်း တိုက်ပွဲတွေ ကျနော်တို့က မလုပ်သလောက်ပဲ။ နိုင်ခြေ ပိုင်ခြေရှိမယ့် ပြောက်ကျား တိုက်ပွဲတွေကိုပဲ လုပ်တာပေါ့။ နယ်မြေကို ပိုင်တာရယ်၊ နေရာကောင်းကနေ စောင့်ပြီးတော့ ပိုင်ချက်ရှိမှ လုပ်တာရယ်ကြောင့် ကျနော်တို့ဘက်က အကျအဆုံး ဒဏ်ရာရ နည်းတာ ဖြစ်တယ်” ဟု သူက ဆိုသည်။
နအဖ တပ်မှ အသက်ရှင်လျက် ဖမ်းဆီးရမိခဲ့သူများအနက် အချို့ကို မြန်မာနိုင်ငံအတွင်း ဘေးကင်းရာသို့ လွှတ်ပေးခဲ့ပြီး၊ စစ်တပ်က ဒဏ်ပေးမည်ကို ကြောက်ရွံ့၍ မပြန်ရဲသူအချို့ကိုမူ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း အလုပ်သမားအဖြစ်နှင့် အလုပ်လုပ်ကိုင်ရန် KNU က လမ်းညွှန် စီစဉ်ပေးခဲ့သည်ဟု သူက ဆက်ပြောသည်။
တိုက်ပွဲ၌ ကျဆုံးသူများထဲတွင် နအဖ စစ်တပ်မှ အရာရှိ၊ အရာခံ ၄ဝ ကျော် ပါဝင်ကာ နအဖ ထရပ်ကား ၈ စီးနှင့် ကျောက်ဖြတ်စက်တလုံးကို ဖျက်စီးခဲ့ကြောင်းနှင့် KNU က နအဖ စစ်တပ်ထံမှ ၆ဝ မမ မော်တာ ၃ ခု၊ M 79 ၂ လက်၊ မောင်းပြန်ရိုင်ဖယ် ၄၁ လက်၊ သတင်းပို့စက် ၁ဝ လုံး၊ ကျဉ်ဆံ ၃၄၇၁၊ စိန်ပြောင်း အမြောက်ဆံ ၄၅၊ ဂြိုဟ်တု လမ်းပြမြေပုံ ၂ ခု သိမ်းဆည်းရမိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
KNU ဘက်မှ သေဆုံးသူနှင့် ဒဏ်ရာရသူများသည် စစ်တပ်၏ စစ်စခန်းများကို ဝင်ရောက်ပစ်ခတ်ရာ ပြန်လည် ပစ်ခတ်ခံရသဖြင့် ကျဆုံးသူများနှင့် ရန်သူ့ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးများ ထိမှန် ကျဆုံးသူများ ဖြစ်သည်ဟု ဗိုလ်မှူး စောလှငွေက ပြောသည်။
KNU အနေဖြင့် စစ်အစိုးရမှ ကျင်းပပြုလုပ်နေသည့် လွှတ်တော် အစိုးရသစ်ကို အရပ်ဝတ်လဲ စစ်ဗိုလ်ချုပ်များ ကြီးစိုးပြီး ချယ်လှယ်ထားသဖြင့် အတုယောင်ပွဲဟု ရှုတ်ချလိုက်ပြီး၊ တက်လာမည့် အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသား တပ်များအကြား တည်ငြိမ်၊ အေးချမ်းမှုများ ရလာမည်မဟုတ်ဟု သူက ရှုမြင်သည်။
“နအဖ အနေနဲ့ တိုင်းရင်းသား အရေးကိစ္စတွေကို စစ်ရေးနည်းအရပဲ ဆက်လက်ဖိအားပေး ဖြေရှင်းမယ်ဆိုလို့ရှိရင် တဖွဲ့ကိုထိရင် ကျန်တဲ့ အဖွဲ့တွေကလည်း လက်ပိုက်ကြည့်မနေဘဲ တနည်းနည်းနဲ့ ညီညီညွတ်ညွတ် တုံ့ပြန် တိုက်ခိုက်ကြဖို့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်” ဟု သူက ဆိုသည်။
KNU အပါအဝင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ ပူးပေါင်း၍ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ ဖွဲ့စည်းခဲ့ပြီး နောက်ထပ် တိုးချဲ့ဖွဲ့စည်းသွားရန် ရှိကြောင်း သူက ပြောသည်။
စစ်အစိုးရက ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး၊ နောက်တနေ့တွင် ကရင်ပြည်နယ်အတွင်း မြဝတီမြို့နယ်နှင့် ဘုရားသုံးဆူမြို့နယ်၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့် စစ်အစိုးရတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသေအပျောက်များ ရှိခဲ့သည်။
နှစ်ဖက်တိုက်ပွဲများ ဖြစ်လာရာမှ နောက်ပိုင်းတွင် KNU က DKBA ဘက်မှဝင်၍ နအဖ စစ်တပ်ကို တိုက်ခိုက်ခဲ့သည်။
ကြာသပတေးနေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် မြဝတီမြို့နယ်အကြား နယ်ခြားစောင့် အသွင်ပြောင်းတပ်ကို ဝင်တိုက်ခဲ့ကြောင်း နယ်ခြားစောင့်တပ် ကွပ်ကဲရေး အမှတ် ၁၅ မှ တပ်ဖွဲ့ဝင်တဦးနှင့် ကော့ကရိတ်မြို့ခံအချို့အဆိုအရ သိရသည်။
ဒီမိုကရေစီနှင့် တိုင်းရင်းသား လူမျိုးစုအဖွဲ့များနှင့် စေ့စပ်ဆွေးနွေးရေး၊ တိုင်းရင်းသား လူမျိုးစု အဖွဲ့များ၊ တသီးပုဂ္ဂလ တိုင်းရင်းသား အဖွဲ့များကို နှိမ်နင်းသည့် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေး၊ နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော်ကို အကြောင်းပြချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရေး စသည်တို့ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအနေဖြင့် ပြုလုပ်ပေးရမည်ဟု KNU အစီရင်ခံစာ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
က၇င့်အမျိုးသားနေ့ အတွက် အမှတ်တရ
'' ငြိမ်းချမ်းရေးအတွက် စွန့်လွှတ်မှု ''
ငါရောက်နေတဲ့ ဒီအရပ်
အကန့်အသတ် မဲ့တယ်မဟုတ်
ငါလိုချင်တောင့်တ နေခဲ့တာ
တရားမျှတတဲ့ ငြိမ်းချမ်းရေးပါ .. .. .. ..
ငါခိုနေတဲ့ ဒီတော
ငါကိုင်နေတဲ့ ဒီသေနတ်
ဒီကာလ အတွေ့အကြုံ ဖြစ်မျိုးစုံ
ငါမှတ်တမ်းမရှိခဲ့ပေမယ့်
ငါလျှောက်လှမ်းနေတဲ့ တော်လှန်ရေးဘဝ
ငါသိခဲ့ရပြီး .. .. .. ..
ငါရောက်နေတဲ့ ဒီတော ဒီတောင်
ဒီလျှိုချိုင့်ဝှမ်းမှာ ငါတို့သွေးချင်း ဒို့တိုင်းရင်းတွေ
ဟိုတစ်ယောက် ဒီတစ်ယောက်
ဟိုတစ်ပွင့် ဒီတစ်ပွင့်နဲ့ အသက်ပေါင်းများစွာ
ကြွေလွင့်ခဲ့ပြီး .. .. .. ..
ဒီမြေတောတောင်မှာပဲ
ငါတို့တိုင်းရင်းခေါင်းဆောင်တွေ ငြိမ်းချမ်းခြင်းရဖို့
တိုက်ပွဲဝင် အသက်ပေးစတေး ခဲ့ကြပေါ့
ငါတို့လူမျိုးတွေရဲ့ ဝိညာဉ်လှလှလေးတွေက
ငါ့ကိုတောင်းဆိုနေတယ် သူတို့တွေလိုချင်ခဲ့တာ
တရားမျှတတဲ့ လွတ်လပ်မှုတဲ့ .. .. .. ..
ညီနောင်တို့ရယ် သွေးစည်းကြမယ်ကွယ်

ငါတို့တွေ မှန်တာလုပ်တယ်
ဟုတ်တာပဲ ပြောတတ်တယ်
ငါတို့ရဲ့ အလုပ်တွေအပြောတွေက
ဘာကြောင့်မို့ကွယ် အရာမထင်တယ်
မဟုတ်တာတွေပဲ လုပ်တယ်
အမှားတွေကိုပဲ ပြောတတ်ကြတယ်
မဟုတ်တာလုပ် အမှားတွေပဲပြောတဲ့
သူတို့ရဲ့ ၀ါဒီဆိုး အုပ်ချုပ်မှူ့က
ဆင့်မြင့်မှာ နေရာယူတယ်..
အဟုတ်အမှန်လုပ်နေတဲ့ ငါတို့တွေကျတော့
ဖိနှိပ်ချုပ်ခြယ် ညင်းပန်းနှိပ်စက်ခံနေရတယ်
ငါတို့ရဲ့အလုပ်တွေ အပြောတွေ
နေရာရဖို့ ငါတို့တွေတာဝန်သိရမယ်
လာကြကွယ် သူငယ်ချင်းတို့ရယ်
ငါတို့ရဲ့ ကရင်လူမျိုးတွေ ငြိမ်းချမ်းဖို့
ဖြူစင်လက် အတူယဉ်တွဲပြီး
ငါတို့ရဲ့ဘ၀တွေ လှူလိုက်ကြမယ်
တွေးကြောက်မနေနဲ့ သူငယ်ချင်းတို့ရယ်
လူဆိုတာနှစ်ခါမသေတတ်ဘူး
ငါတို့ရဲ့ လူမျိုးတွေအတွက် အသက်ပဲစတေးရကွယ်
လာလေတက် ယုံကြည်ချက်အပြည်တွေနဲ့
ငါတို့ရဲ့ ကရင်ပြည်ကြီးငြိမ်းချမ်းရဖို့
တိုက်ပွဲဝင် ခရီးဆက်ကြမယ်
ဇွဲတော့ မလျော့လိုက်နဲ့ နောင်ဘွားတို့ရယ်
ကရင်သွေးနီးတယ်ဆိုတာပြဖို့
ငါတို့တွေ ခံနိုင်ရည်ရှိနေရမယ်
ကြိုးစားကြကွယ် ငါတို့ရဲ့လက်တစ်ကမ်းမှာ
ပန်းတိုင်ကိုရောက်တော့မယ်
ငါတို့ရဲ့ပန်းတိုင်ဆိုတာ ငြိမ်းချမ်းမှူ့တွေရှိတယ်
လွတ်လပ်မှူ့တွေ သိရမယ်
ငါတို့ရဲ့ ငြိမ်းချမ်းလွတ်လပ်တဲ့ ဒီမိုကရေစီ
ငါတို့ရဲ့နယ်မြေမှာထွန်းတောက်ဖို့
တို့ကရင် တိုင်းရင်းသားအားလုံး
သွေးစည်ညီညွတ်ပါစို့။
အဆုံးသတ်အောင်ပွဲ

အရိုးဆွေးသွားတဲ့
ငါတို့ဘိုးဘွားတွေကအစ
မတရားမှုကိုငုံမခံ
ဆန့်ကျင်ခဲ့တဲ့ တို့ကရင်
အိုးအိမ်တွေမဲ့ခဲ့
နေရာတွေပျောက်လည်း
စည်းစိမ်ဥစ္စာကိုမမက်
ဖိနှိပ်ခြင်းကိုသီးမခံ
ခေတ်အဆက်ဆက်က
တော်လှန်ခဲ့ပြီး တို့ကရင်
မင်းဒို့ခေတ် အာဏာစက်နဲ့
ညှင်းပန်းလို့နှိပ်စက်
ငါတို့လူမျိုးတွေကိုသတ်ဖြတ် မင်းတို့လို အာဏာရူး ဝါဒီမျိုးကို
ဆန့်ကျင်တော်လှန်တိုက်ခိုက်ပြီး
ငါတို့ရဲ့လွတ်လပ်မှု
ဒီမိုကရေစီခေတ်
ရာစုသစ်ကို ရောက်သိအထိ
ကြိုးစားတော်လှန် တိုက်ခိုက်မဲ့
အဆုံးသတ်အောင်ပွဲဆီသို့.......
သွေးစည်းကြပါစို့။။။။။။။။။
စည်းလုံးခြင်းမှ အောင်ပွဲဆီသို့

ဒို့..တိုင်းရင်းသား ကရင်များတို့
ငါ ဒို့..အမျိုးမှန် အဖိုးတန်သည်ကို
ငါတို့ သက်သေပြရတော့မည်
ငါတို့ လူမျိုး...အဖိနှိပ်ခံဘဝ
မလွဲဧကန် လွတ်မြောက်စေဖို့
ငါတို့ သွေးစည်းကြရတော့မည်
ငါတို့တွေသည်...မှန်ကန်စိတ်ထား
ရှိသော်ငြားလဲ...မဟုတ်မခံ..
ကရင့်မာန်ကို....ခုတုံးသုံးကာ
ချောက်တွန်းချခဲ့သည်.....
တစ်မျိုးသာလုံး အသိပင်
ငါတို့ရဲ့ အမှောင်ည
အလင်းတန်းတွေ ဝေဖြာစေဖို့
ငါတို့ရဲ့လူမျိုးတွေ
အသက်..သွေး ချွေးများနှင့်
စတေးခဲ့ကြသည်မှာ ငါတို့အသိပင်
ငါတို့တွေရဲ့ အနာဂါတ်.
ငြိမ်းချမ်းလှပစေဖို့
.ငါတို့တိုင်းရင်းသားတွေ
သွေးစည်းညီညွတ်ချိန်...ရောက်နေပြီမို့
ငါတိုရဲ့ မျော်လင့်ချက်တွေ
မြေ၀ယ်မခ စေဖို့ လုံ့လ ဝိရိယနဲ့
သက်သေပြ ကြိုးစားရဖို့
ငါတို့ရဲ့ ယုံကြည်ချက်.
ရောင်နီချိန် ..သန်းလာပြီိမို့
ငါတို့ တိုင်းရင်းသားတိုင်း
တာဝန်နဲ့ အသိရှိရတော့မယ်
ငါတိုရဲ့ စည်းလုံးမူ့နဲ့
ငြိမ်းချမ်းတဲ့...ဘ၀တွေကို
တည်ဆောက်နိုင်ဖို
အမိ ဇွဲကပင်..တောင်တော်ကြီးက
ငါတို့ရဲ့.. ဖားစည်သံ
မြန်ပြည်တခွင် မြည်ဟီးနိုင်ဖို့
ငါတို့အာလုံး သွေးစည်းညီညွတ်ကြပါစို့......
ကရင့်သွေးဟေ့

အားစု အင်စိုက် တိုက်ခိုက်တော်လှန်
စစ်အာဏာရှင်ရန်မှ ဝေးလံလွတ်ကင်း
အမှောင်တွင်းမှ ရှင်းရှင်းထွက်ရန်
တူတွန်းလှန်မည် ကရင်သွေးဟေ့ ရဲကြမည်။
အာဏာမလို ထက်ကိုမမှန်း
မငမ်းခွင့်ရေး မတွေးစည်းစိမ်
နှလုံးအိမ်တွင် ကြိမ်ကြိမ်စဉ်းစား
လွတ်လပ်သွားရေး
ဓားကျိုး ဒုတ်ရိုက် တိုက်ခိုက်ကြမည်
ကရင်သတ္တိ ကမ္ဘာသိစေ…………။
ပြည်နယ်တိုင်ဖွား ကရင်များတို့
ကွဲပြားမရှိ မြင်လို၏……….။
နတ္ထိဝမ်းစာ စုပ်ချာအိုးအိမ်
ရောင်မှိန်အ၀တ် ငတ်မွတ်ခေါင်းပါး
ပြည်နယ်ပြည်သား ကရင်များကို
လွတ်လပ်တောင့်တ တွေ့လိုလှ၍
နှင်းအပ်ခန္ဓာ ပေးဆပ်ပါမည်
သက်ကြွေသွားလည်း ဂရုမပြု
သက်သေထုတည် ကရင်သွေးမို့ရဲကြသည်။
တာဝန် ကိုယ်စီ
ဒီမှာ သူငယ်ချင်း
ဆောင်းကုန်လို့ နွေဦးရောက်ပြီ
ရွက်ဟောင်းတွေ ကြွေလို့
ရွက်သစ်တွေ ထွက်ဝေနေပြီလေ . . .
ဒီရွက်သစ်တွေ အချိန်မရောက်ခင်
ကြွေလွင့်မသွားရအောင်
မင်းတို့ ငါတို့မှာ ထိမ်းသိမ်းဖို့တာဝန်။
ကရင်တော်လှန်ရေးသမားတွေ အချင်းချင်း
သဘောထားအမြင်ချင်း မဖလှယ်ဘဲ
အဖွဲ့အစည်းချင်းအားပြိုင် အုပ်စုချင်းအားပြိုင် နေတဲ့
တော်လှန်ရေးခေတ်မှာ
အရှုံးအမြတ်ကို ဈေးတွက်တွက်ကာ
တော်လှန်ရေးကို ဗန်းပြ
အဖွဲ့အစည်းအရေးထက်
ကိုယ့်အရေးကို ဦးစားပေးနေတဲ့ လူတွေဆီမှာ
ရိုးသားဖြူစင်တဲ့ မျိုးဆက်သစ်တွေ
သားကောင်အဖြစ်နဲ့ ပါဝင်မသွားရအောင်
တခုတည်းသော အမျိုးသားတော်လှန်ရေးတရပ် ပေါ်ပေါက်လာအောင်
မင်းတို့ ငါတို့မှာ စည်းရုံးရမယ့် တာဝန်။
အဖိနှိပ်ခံ ကျွန်သဘောက်ဘဝက
ကရင်ပြည်သူလူထုတရပ်လုံး
လွတ်မြောက်ရအောင် တော်လှန်ကြဖို့
မျိုးဆက်သစ်တိုင်းမှာ တာဝန်ရှိတယ်
သူငယ်ချင်း . .
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်ကြမယ်။
ကော်သူးလေးရေ
ခေါင်းဆောင်တွေ
တယောက်ပြီး တယောက်ကျဆုံးလည်း
မင်းတို့ ငါတို့အားငယ်နေဖို့မလိုဘူး
တို့ခေါင်းဆောင်တွေ
အနာဂတ်အတွက်
မွေးထုတ်သင်ပေးထားခဲ့တဲ့
မျိုးဆက်သစ် ခေါင်းဆောင်
သွေးချင်းညီအကိုတွေရှိတယ်
ကော်သူးလေးရေ
တို့ကရင်တွေ မညံ့ပါဘူးကွာ
ရိုးသားကြတယ် မကောက်ကျစ်ဘူး
မယုတ်မာဘူး။
ကော်သူးလေးရေ
တို့ကရင်တွေ
စိတ်ဓာတ်မှာ ကြံခိုင်လို့
သတ္တိရှိတယ်
ဇွဲလုံ့လ အမြဲမလျှော့ပဲ
ဝိရိယအားကောင်းတယ်
ကော်သူးလေးရေ
တို့ကရင်တွေ
တော်လှန်ရေးလောကမှာ
သက်တမ်းအရှည်ဆုံးနဲ့
အင်အားအကြီးဆုံး
ရပ်တည်လာခဲ့တာ
ကမ္ဘာကအသိ။
ကော်သူးလေးရေ
တို့ကရင်တွေမှာ
ကိုယ်ပိုင်စာပေ
ကိုယ်ပိုင်ယဉ်ကျေးမူ
ကိုယ်ပိုင်ရိုးရာဓလေ့များနဲ့
ရပ်တည်လာတဲ့လူမျိုးဖြစ်တယ်
ကော်သူးလေးရေ
မာန်ကိုမလျှော့ ရင်ကိုကော့လိုက်
မျိုးယုတ်တို့ကျွန်အဖြစ်မခံပဲ
တွန်းလှန်စိတ်ကို ရင်မှာပိုက်ပြီး
သမိုင်းပေးတာဝန်
အပျက်မခံပဲ သွေးကြွေးဆပ်ကာ
သခင်ခြံတဝိုက် ကရင့်အလံပြန်စိုက်ကြမယ်
သခင်ခြံတဝိုက် ကရင်အလံပြန်စိုက်ကြမယ်။
မှတ်ချက်။ ။ကရင်အမျိုးသားများအတွက်အသက်ကိုပဓနမထားပဲ မှန်ကန်သော တော်လှန်ရေးလမ်းကြောင်းပေါ်တွင်လျှောက်လှမ်းနေကြသောကရင်တပ်မတော်သားများကို ဤကဗျာလေးအားဖြင့်ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။
ကော်သူလေးသို့
မဟာလူမျိုးကြီးလက်အောက်က
ကရင်လူမျိုးနဲ့ ကရင်ပြည်
လွတ်မြောက်ဖို့အတွက်
ကော်သူလေးတို့ လက်နက်ကိုင်
တော်လှန်တိုက်ပွဲဆင်နွဲ့လာခဲ့တာ
နှစ်ပေါင်း(၆၀)ကျော်ကြာခဲ့ပြီ
တော်လှန်ရေး အပြောင်းအလဲ
တမျိုးတဖုံ မထူးခြားသော်လည်း
ကော်သူလေးရေ စိတ်ဓာတ်မကျနဲ့
(KNU)မှာ မျိုးချစ်သူရဲကောင်းတွေ
အများကြီးမွေးထုတ်နိုင်ပါတယ်။
အို ကော်သူလေးရေ
နှစ်တွေလည်းဟောင်း
ခေတ်တွေပြောင်း
ကိုယ့်လူမျိုးအတွက်
ဘဝနဲ့ အသက်ကိုရင်း
ဇွဲလုံ့သတ္တိ ဝိရိယနှစ်ဆတိုး
နှစ်ပေါင်း(၆၀)ကျော်
တော်လှန်တိုက်ပွဲဆင်နွဲ့ခဲ့တာ
ဒဏ္ဏာရီမဟုတ်ဘူး။
မဟာလူမျိုးကြီးထံ
လက်မြောက်ဒူးထောက်
အရှုံးပေးသွားရင်
အမျိုးသား သစ္စာဖေါက်ဖြစ်မှာပေါ့
ရာဇဝင်သမိုင်းမှာ စာတင်မခံနဲ့
ကော်သူလေးရေ။
ခေတ်သစ် စနစ်သစ်မှာ
စိတ်သစ်ကိုယ်သစ် အတွေးသစ်နဲ့
သွေးရင်းညီအစ်ကို ကရင်ညီနောင်များကို
ကော်သူလေးတို့
လက်တွဲဆွဲခေါ် ထကြွညီတူ
တော်လှန်တိုက်ပွဲ ဇွဲမလျှော့ပဲ
အောင်ပွဲ ရအောင်တိုက်ကြမယ်။
ညီညွတ်ကြစို့
မင်းကစကော
ငါကပိုး
အမျိုးဘာသာ
သာသနာမှာ
ဗုဒ္ဓ ခရစ်ယာန်
ခွဲစရာမလိုဘူး။
ငါကဒီမြေ
သူကထိုအရပ်
မင်းကထိုမြို့
မခိုင်စိတ်ဓါတ်
ကွဲပြားနေရင်
ဟင်္သာကိုးသောင်းလို့
အစားခံရတော့မယ်။
အတိတ်က အမှားတွေကို
ိုအစမဖေါ်နဲ့တော့
လက်ရှိအနေအထားကို
အကောင်းဆုံးဖြစ်အောင်လုပ်။
ဆုတ်လည်းဆူး စားလည်းရူး
မထူးဇာက်ကိုခင်းလို့
သေရမဲ့အတူတူ
တုံးတိုက်တိုက် ကျားကိုက်ကိုက်
လက်သီးလက်မောင်းတန်းလို့
ကရင်ညီနောင်များ
တိုက်ပွဲဝင်ကြပါစို့။

Friday, February 11, 2011
ကရင်ခေါင်းဆောင် ဖဒိုမန်းရှာအား ပါဒူးတက္ကသိုလ်က ဆုချီးမြှင့်ရန် ဆုံးဖြတ်
2011-02-09
ကွယ်လွန်သူ ကရင်အမျိုးသားခေါင်းဆောင် ဖဒို မန်းရှာ လာဖန်း ကို အမေရိကန် ပြည်ထောင်စု အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့ IPFW အင်ဒီယားနား ပါဒူးတက္ကသိုလ်က National Equality Award ခေါ် အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေးဆု ဂုဏ်ပြု ချီးမြှင့်မယ်လို့ သိရပါတယ်။

(Photo: AFP)
ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး တာဝန်ထမ်းခဲ့သော ဖဒို မန်းရှာသည် ၂၀ဝ၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမည်မသိ သေနတ်သမားများ၏ လုပ်ကြံခြင်း ခံရပြီး ကွယ်လွန်ခဲ့သည်။ (Photo: AFP)
ဖဒိုမန်းရှာကို အခုလို ဆုပေးဖို့ကိစ္စ ဖြစ်ပေါ်လာပုံနဲ့ ပတ်သက်ပြီး၊ ဖို့ဝိန်းမြို့ အမျိုးသား သွေးစည်းညီညွတ်ရေး ကော်မတီ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဦးမောင်မောင်စိုးက ပြောပြရာမှာ ၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှုအပြီး ဖို့ဝိန်းမြို့မှာ IPFW အင်ဒီယားနား တက္ကသိုလ် ပါဒူးတက္ကသိုလ်က ကမကထပြုပြီး နိုင်ငံတကာ မြန်မာ့ဒီမိုကရေစီ အင်အားစုများ ညီလာခံတရပ် ကျင်းပခဲ့ကြောင်း၊ အဲဒီ ညီလာခံမှာ ဖဒိုမန်းရှာလည်း ပါဝင်တက်ရောက်ပြီး အမျိုးသားတန်းတူရေးနဲ့ ညီမျှရေးဆိုင်ရာမူဝါဒတွေကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ အခုအချိန်မှာ ဖို့ဝိန်း ညီလာခံကို ဒုတိယအကြိမ် ကျင်းပဖို့ စဉ်းစားကြရင်း ဖဒိုမန်းရှာကို ဂုဏ်ပြု ဆုချီးမြှင့်ရေးကိစ္စ ပါဝင်လာခဲ့ကြောင်း ပြောပြပါတယ်။ ဦးမောင်မောင်စိုးက ဆက်လက်ပြောပြရာမှာ -
“ဒီ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အခြေခံတဲ့ ဒီ award ကို စဉ်းစားတယ်။ စဉ်းစားတော့ အကြောင်းအချက် နှစ်ချက် ဖန်လာတယ်။ ၁ အချက်က ဖဒိုမန်းရှာက ကျွန်တော်တို့ ညီလာခံကြီးကို အစပြု ကမကထ ဦးဆောင်ခဲ့သလို သူကိုယ်တိုင်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ အားလုံးဟာလည်း အမျိုးသားရေးနဲ့ တန်းတူညီမျှရေး ဆိုတဲ့ လုပ်ငန်းစဉ်တွေပေါ်မှာ တစိုက်မတ်မတ် ရှိတယ်။ ယုံယုံကြည်ကြည် ရှိတယ်။ သမာသမတ် ရှိတယ်။ သူရဲကောင်းတယောက် ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ တွေ့ရှိရတယ်။ ဖဒို မန်းရှာရဲ့ အနစ်နာခံမှုတွေက တခုတည်းအတွက် မဟုတ်ဖူး။ တစုံလုံးအတွက် ဖြစ်နေတယ်။ အမျိုးသား တန်းတူရေး equality ကို သူက ဦးစားပေးတယ်။ နောက်တခုက တခုလုံးရဲ့ လွတ်မြောက်ရေးကို တိုက်ပွဲဝင်တဲ့ အတွက်ကြောင့် အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေးဆုကို ကျွန်တော်တို့ ပေးဖို့ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။”
ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ဖဒိုမန်းရှာဟာ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မသမာသူတွေရဲ့လုပ်ကြံ သတ်ဖြတ်မှု ခံခဲ့ရပါတယ်။
အခု ပထမဆုံးအကြိမ်ပေးအပ်မဲ့ ဒီ အမျိုးသား တန်းတူရေးနဲ့ သာတူညီမျှရေး ဆု ကို ဖို့ဝိန်းမြို့ IPFW အင်ဒီယားနား တက္ကသိုလ် ပါဒူးတက္ကသိုလ် မှာ မတ်လ ၅ ရက် နဲ့ ၆ ရက်နေ့တွေမှာ ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်။ ဖို့ဝိန်း ညီလာခံ ကျင်းပဖြစ်လို့ ညီလာခံက သဘောတူရင် ဒီဆုကို နှစ်စဉ်ချီးမြှင့် သွားဖို့ မျှော်လင့်ရကြောင်း ဦးမောင်မောင်စိုးက ပြောပါတယ်။

The celebration of 62 years Karen Revolution Day in KNU Mergui-Tavoy District.VDO
The celebration of 62 years Karen Revolution Day in KNU Mergui-Tavoy District.VDO
Thursday, February 10, 2011
ရခိုင်-ကရင် ၃၄ဦး အမြန်ဆုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာတွင် တောင်းဆိုဆန္ဒပြမည်

အိန္ဒိယနိုင်ငံ ကာလကတ္တား အကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရဆဲဖြစ်သော ရခိုင်-ကရင် တော်လှန်ရေးသမား ၃၄ဦးကို အိန္ဒိယအစိုးရမှ အမြန်ဆုံးလွတ်ပေးရန်နှင့် ယူအန်မှ နိုင်ငံရေး ဒုက္ခသည်များအဖြစ် အသိမှတ်ပြုပေးရန် အတွက် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများကသူတို့ ဖမ်းဆီးခံရသည့် ၁၃ နှစ်ပြည့်မြောက်နေ့တွင် တောင်းဆို ဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမည့်ကိစ္စနှင့် ပတ်သက်ပြီး ဦးဆောင် လူပ်ရှားနေသူ တဦးဖြစ်သူ AASYC ၏ အထွေ ထွေအတွင်းရေးမှူး ကိုအောင်မင်းဦးက “ အခု အဲဒီ မျိုးချစ်ရဲဘော် ၃၄ဦးကို ယူအန်က အင်တာဗျူးတွေ ပြီးသွား ပြီဆိုပေမယ့် အခြေအနေကို မသိရှိရသေးဘူး။ တကယ်လို့များ ယူအန်က သူတို့ကို မြန်မာနိုင်ငံသား ဒုက္ခ သည်တွေအဖြစ် အသိအမှတ်မပြုဘူးဆိုရင် အိန္ဒိယအစိုးရက အချိန်မရွေး မြန်မာပြည်ကို ပြန်ပို့နိုင်ပါတယ်။ အဲဒီလို အနေအထားဆိုရင် သူတို့ရဲ့ ဘဝလုံခြုံရေးက အများကြီး စိုးရိမ်စရာ ရှိပါတယ်။ ဒါကြောင့် အိန္ဒိယ အစိုးရက သူတို့ကို မြန်မာပြည်ကို ပြန်မပို့ဆိုတဲ့ အာမခံချက်နဲ့ အပြီး အပိုင်လွတ်ပေးဖို့နဲ့ ယူအန်ကလည်း သူတို့ကို နိုင်ငံရေးဒုက္ခသည်တွေအဖြစ် အသိအမှတ် ပြုပေးဖို့အတွက် တောင်းဆိုသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ရခိုင်-ကရင် ၃၄ဦး လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲများကို အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ အင်္ဂလန်၊ ဘင်္ဂလာဒေ့ခ်ျ နိုင်ငံများရှိ အိန္ဒိယသံရုံးရှေ့တို့တွင် သူတို့ ဖမ်းဆီးခံရသည့် ၁၃ နှစ်ပြည့် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။ သို့သော်လည်း အမေရိကန်နိုင်ငံရှိ အိန္ဒိယသံရုံးရှေ့တွင် ၁၂ရက်နေ့နှင့် ဂျပန်နိုင်ငံရှိ အိန္ဒိယသံရုံးရှေ့တွင် ၁၈ရက်နေ့တို့တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
“ရဲဘော် ၃၄ဦးအတွက် အခုလိုပြုလုပ်တာမျိုး အရင်နှစ်တွေက မရှိခဲ့သလို အခုက Campaign အဖွဲ့တွေ လည်းပါဝင်ပါတယ်။ အဓိက Burma Campaign UK တို့လို တခြား ကန်ပိမ်းအဖွဲ့တွေလည်းပါတယ်။ ရဲဘော် ၃၄ဦး လွတ်မြောက်ပြီးတော့ တတိယနိုင်ငံတခုခုကို ရောက်ရှိဖို့အတွက် အားလုံးဝိုင်းဝန်ပြီးတော့ ထောက်ခံကြို ဆိုကြပါတယ်။ ပြီးတော့ အခု ပြုလုပ်မှာကလည်း ကျနော်တို့ ရခိုင် အသိုင်းအဝိုင်း တခုတည်းမဟုတ်ပါ၊ ရခိုင်၊ ကရင်နဲ့ တခြား တိုင်းရင်းတွေလည်း ပါဝင်တောင်းဆိုမှာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာကလည်း သူတို့ အပေါ်မှာ ပိုမိုနားလည်လာပြီးတော့ ထောက်ခံကြိုဆိုလာနိုင်သလို ယူအန်ကလည်း ဒုက္ခသည်တွေအဖြစ် အသိ မှတ်ပြုပေးလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့ကို ဒုက္ခသည်တွေအဖြစ် လက်ခံပေးဖို့အတွက် ယူအန် ရုံချုပ်ကို အဲဒီနေ့မှာပဲ တောင်းဆို စာတစောင်ပေးပို့ဖို့ အစီစဉ်ရှိပါတယ်။ နောက်တခုက သူတို့က မြန်မာပြည် ကို ပြန်မပို့ဖို့နဲ့ အပြီးအပိုင်လွတ်ပေးဖို့အတွက် အိန္ဒိယပြည်ထဲရေး ဝန်ကြီးဆီကိုလည်း တောင်းဆိုစာတစောင် ပို့သွားမှာပါ ” ဟု ဆက်ပြောသည်။
အဆိုပါ တော်လှန်ရေးသမား ၃၄ဦးလွတ်မြောက်လာခဲ့လျှင် အမျိုးသားရေး လုပ်ငန်စဉ်များတွင် ပါဝင်ပြီး လုပ်ဆောင်မည့်သူများ ဖြစ်သည့် အတွက် မြန်မာပြည် ဒီမိုကရေစီတိုက်ပွဲတွင် တဘက်တလမ်းမှ အကျိုးပြုလာနိုင်လိမ့်မည်ဟုလည်း မျှော်လင့်ကြောင်း သူကပြောသည်။
ရခိုင်-ကရင်တော်လှန်ရေးသမား ၃၄ဦးကို UNHCR က ကာလကတ္တားထောင်ထဲထိ သွားရောက်ပြီး ၂၀၁၁ ခုနှစ် ဇန္န၀ါရီလ ၅ ရက်နေ့မှ ဇန္န၀ါရီလ ၂၅ ရက်နေ့အထိ အင်တာဗျူးများပြုလုပ်ခဲ့သည်။
ထိုကဲ့သို့UNHCR မှ အင်တာဗျူးလုပ်ပြီးခဲ့သည့်နောက်ပိုင်းတွင် ထို ၃၄ဦးအား ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုပေးလိမ့်မည်ဟု လူအများကမျှော်လင့်ထားကြသော်လည်း ယခုအချိန်ထိ တစုံတရာ အခြေအနေကို မသိရှိရ သေးချေ။
ရခိုင်နှင့် ကရင် ၃၄ ဦးအား ကာလကတ္တား တရားရုံးမှ ၂၀၁၀ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က နိုင်ငံခြားသားမူ ပုဒ်မ (၁၄) ဖြင့် ထောင် ၁ နှစ် ၃လနှင့် ဒဏ်ငွေ ရူပီ ၂၀၀၀၊ ပေါက်ကွဲ စေတတ်သော လက်နက် ခဲယမ်းမီး ကျောက်များ ပိုင်ဆိုင်မူ ပုဒ်မ ၅ (ဘီ) ဖြင့် ထောင် ၁ နှစ် သုံးလနှင့် ဒဏ်ငွေ ၂၀၀၀၊ တခြား လက်နက်မူ ပုဒ်မ ၂၅ (ဘီ)ဖြင့် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေ ၂၀၀၀၊ စုစုပေါင်း ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေ ၆၀၀၀ စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ယခုအခါ ရခိုင်နှင့် ကရင် အမျိုးသား လွတ်လပ်ရေး သမား ၃၄ ဦး အနေဖြင့် တဦးလျှင် ပေးဆောင် ကျန်ရှိ နေသော ဒဏ်ငွေ ၆၀၀၀ အားလည်း ပေးဆောင်ပြီး ဖြစ်သဖြင့် အမူမှကွင်းလုံးကျွတ် လွှတ်မြောက်ခဲ့ပြီ ဖြစ်သည်။
ရခိုင်နှင့်ကရင် ၃၄ ဦးမှာ ၁၉၉၈ ခုနှစ်က ဖေဖေါ်ဝါရီလ အတွင်းက အိန္ဒိယ စစ်တပ်နှင့် သဘောတူညီမူအရ အိန္ဒိယ ပင်လယ်ပြင် အတွင်း တည်ရှိသော ကျွန်းငယ် တစ်ခုအတွင်း ရေတပ် အခြေစိုက် စခန်း တည်ဆောက်ရန် ဗိုလ်ရာဇာနှင့် အတူ လာရောက်စဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများ ဖြစ်ကြသည်။
ဖမ်းဆီးခံရပြီး တရက်အကြာ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယ စစ်တပ်မှ ဗိုလ်ရာဇာနှင့် ခေါင်းဆောင် ၆ ဦးအား သွေးအေးအေးဖြင့် လုပ်ကြံသတ်ဖြတ်ပြီးနောက် ကျန်သူများကို လက်နက်မှောင်ခိုမူနှင့် တရားစွဲဆိုပြီး ယခုအချိန်ထိ ဖမ်းဆီး ထိန်းသိမ်းထားသည်။
Wednesday, February 9, 2011
ပဒိုမန်းဇဋိလ ဈာပနပြီးစီး

ဖေဖော်ဝါရီလ ၈ရက်။ ကေအိုင်စီ
ကေအဲန်ယူ ပြည်ထဲရေးနှင့် သာသနာရေးတာဝန်ယူခဲ့သူ ပဒိုမန်းဇဋိလ ၆၉နှစ်သည် ဖေဖော်ဝါရီလ ၆ရက်နေ့တွင် လူကြီးရောဂါ ဖြင့် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ ဈာပနအခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် ယမန်နေ့က ပြုလုပ်ပြီးစီးသွားခဲ့သည်။
လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများ အပါအ၀င် လူထုပရိဿတ် ၄၀၀ခန့် လာရောက်ခဲ့သည့် ပဒိုမန်းဇဋိလ၏ ဈာပန အခမ်း အနားကို မိသားစု၊ အသိုင်းအ၀ိုင်းများက ဗုဒ္ဓဘာသာတို့၏ ထုံးစံအတိုင်း သံဃာတော်များ ပင့်ဖိတ်ကာ ကျင်းပပြုလုပ်ခဲ့ကြပြီး အခြားတိုင်းရင်းသားများကလည်း သူ၏နောက်ဆုံး ခရီးကို ဂါရ၀ပြုခဲ့ကြသည်။
မန်းဇဋိလ၏ ဇနီးဖြစ်သူ နန်းသိန်းမြိုင်က “ဒီရောဂါကို သူခံစားနေတာ အတော်လေးကြာပါပြီ။ ကုလိုက်၊ သက်သာလိုက် ဘုရား၊ တရားအလုပ်လေးလုပ်လိုက်နဲ့ အခုတော့ သူ အေးချမ်းသွားပြီ။ နိုင်ငံခြားရောက်နေတဲ့ သားအကြီးနှစ်ယောက်ကလည်း သူတို့ အဖေကို မမှီလိုက်တာကို စိတ်မကောင်းကြဘူးလေ။”ဟု ဆိုသည်။
မွေးချင်းမောင်နှမ ၈ဦးအနက် အထွေးဆုံးသားဖြစ်သူ ငယ်နာမည် စစိုးသိန်း ခေါ် ပဒိုမန်းဇဋိလကို ၁၉၄၁ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၀၃ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ရက်နေ့)တွင် သထုံခရိုင်၊ အပေါင်မြို့နယ် ကျောက်စ ရစ်ကျေးရွာ၌ မန်းလောင်ကြိုင်၊ နန်းစောမျှင်တို့မှ ဖွားမြင်ခဲ့သည်။
သူသည် ဇာတိရွာတွင် ၄တန်းအောင်မြင်ခဲ့ပြီး မော်လမြိုင်မြို့ အထက်တန်းကျောင်းမှတဆင့် မော်လမြိုင်ကောလိပ်၊ ၎င်းနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေ(၀ိဇ္ဖာ)ဘွဲ့ ရရှိခဲ့သည်။ ၁၉၇၃ခုနှစ်တွင် ဗမာ့တပ်မတော် ဗိုလ်လောင်းသင်တန်းကို ၆လကြာ သာ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းမှ ကရင့်တော်လှန်ရေး လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
၁၉၇၆ခုနှစ်တွင် ကေအဲန်အယ်လ်အေတပ်ရင်း(၁၀၁)ဌာနချုပ် ၀မ်းခါဂိတ်တွင် ရဟန်းအမည် အရှင်ဇဋိလ ဘွဲ့အမည်ဖြင့် သီ တင်းသုံးရင်း အမျိုးသားရေး၊ တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၇၇ခုနှစ်မှ ၁၉၈၅ခုနှစ်အထိ ကေအဲန်ယူ အရံဗဟိုကော်မတီဝင်အဖြစ်လည်းကောင်း၊ ၁၉၈၅ခုနှစ်တွင် ဘိတ်ထားဝယ်ခရိုင်၌ မွေးမြူရေးနှင့် ငါးဖမ်းဌာနတာဝန်ကိုလည်း ကောင်း၊ ၁၉၉၅ခုနှစ်တွင် ၁၁ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်မှ ပေးအပ်သည့် ကုန်သွယ်ရေးနှင့် ငါးဖမ်းဌာနတာဝန်ခံအ ဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
၂၀၀၀ခုနှစ် (၁၂)ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်တွင် ဗဟိုအမြဲတမ်းကော်မတီအဖြစ် ထပ်မံ ရွေးကောက်ခံရပြီး ဗဟိုပြည် ထဲရေးနှင့် သာသနာရေးဝန်ကြီးအဖြစ်တွင် တာဝန်ပေးအပ်ခြင်းခံရကာ ၂၀၀၇ခုနှစ်၊ ထိုမှဆက်၍ ၂၀၀၉ခုနှစ်အထိ လုပ်ငန်းတာ ၀န်များကို ထမ်းဆောင်ခဲ့သည့်အပြင် ထိုနှစ်တွင် ကျန်းမာရေးအရ အနားယူခဲ့သော်လည်း KEAB (Karen Elder Advisor Board) တွင် အဖွဲ့ဝင်အဖြစ် ကွယ်လွန်သည်အထိ ပါဝင်ခဲ့သည်။
ရိုးသားကြိုးစားပြီး ယုံကြည်မှုပြင်းထန်သည့် မျိုးချစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ မန်းဇဋိလသည် အချောင်သမား၊ ဂိုဏ်းဂန၀ါဒကို ပြတ်သားစွာ ဆန့်ကျင်ကာ စုပေါင်းခေါင်းဆောင်မှုနှင့် လုပ်ဖော်ကိုင်ဖက်များနှင့် လူငယ်များအပေါ် ခင်မင်ရင်းနှီးစွာ ဆက်ဆံ ပေါင်းသင်းတတ်ပြီး အမျိုးသားရေး၊ သာသနာရေးတာဝန်များကို ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အတွက် သူ ကွယ်လွန်သွားခြင်း သည် အမျိုးသားအတွက် ကြီးမားသော ဆုံးရှုံးမှုပင်ဖြစ်သည်ဟု ပဒိုစောလေးတောက ဈာပနအခမ်းအနားတွင် ပြောဆိုခဲ့သည်။
ပဒိုမန်းဇဋိလ ကွယ်လွန်ချိန်တွင် ဇနီး နန်းသိန်းမြိုင်နှင့်အတူ သားလေးဦး၊ သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။
Subscribe to:
Posts (Atom)