ဘ၀တစ်ကွေ့မှ တော်လှန်ရေး အမှတ်အသားများ - အပိုင်း(၂)
နအဖနဲ့ ရှေ့သွားနောက်လိုက်ညီနေတဲ့ ဒီကေဘီအေ အကြောင်း
ပေးပို့သူ - ကိုမိုးအေး
ကျောက်ခေတ်ဆိုတာက ဒီဘက်မှာ နယ်စပ်၊အုန်းဖန်နဲ့ နီးတယ်။ အုန်းဖန်ကနေပြီး သွားရတယ်။ အုန်းဖန် ကနေပြီး သွားရင် ဟိုဘက်မှာ ၀င်းနန္ဒာတို့ ကျောက်ခတ်တို့ရောက်ရော။ အုန်းဖန်နားက ထွက်ရင်တော့ နယ်စပ်ရောက်တာပေါ့။ ရွာဟောင်းဘဲလေ၊ အခုအချိန်မှာတော့ စခန်း တွေ ကျသွားပြီ။ တိုက်ပွဲတွေကို အများကြီး ကျွန်တော်တို့ ကြုံခဲ့ရတယ်။ မမှတ်မိတာတွေလည်းရှိတယ်။ ရွာထဲမှာ ၀င်ဆော်တဲ့ ပွဲလည်းရှိတယ်။
ဝေါလေမှာ ဖြစ်ခဲ့တာလေး ပြောပြအုံးမယ်။အဲဒီအချိန်က ကျွန်တော်တို့ တပ်ဖွဲ့က မူးယစ်ဆေးဝါး နှိမ်နင်းရေးအထူးတပ်ဖွဲ့ ပေါ့။
အဲဒီအချိန်မှာ DKBA မှ နှုတ်ခမ်းမွှေးကနေပြီးတော့ နောက်နေ့ကျလို့ရှိရင် ထိုင်းနယ်စပ်ဘက်ကို မြင်းဆေးတို့ ရာမတို့ ပို့တော့မယ်။ အဲဒီ သတင်းကြားတော့ ကျွန်တော်တို့က ကျောက်ခတ်ကနေပြီး ည ၉း၀၀ နာရီပေါ့။ ကျောက်ခတ်ကနေပြီး ခရီးစထွက်တယ်။ အဲဒီမှာ အင်အား အယောက် (၄၀) ကျော်လောက်ရှိမယ်။ ကားတွေ အကူအညီ တောင်းပြီးတော့ ဝေါလေဘက်ကို သွားတယ်။ ၂၀၀၁ ဒီဇင်ဘာလထဲမှာ အဲဒီအချိန်က အရမ်းအေးတဲ့ အချိန်လေ။ သောင်းရင်းမြစ်ကို ဖြတ်ရတယ်။ ရေကလည်း မေးစေ့မြုပ်တယ်။ မယ်ကုဘက် သွားတဲ့ လမ်းတစ်လမ်း ရှိတယ်။ အဲဒီကနေပြီး ၀င်သွားရတယ်။ ဝေါလေဘက်ကို ဖြတ်တာ ကျွန်တော်တို့ အဲဒီကို ရောက်တော့ ည ၁၀း၀၀ နာရီလောက်ရောက်တယ်။ အဲဒီ ကမ်းနားကို ချောင်းတွေ ဘာတွေ ဖြတ်ပြီးတော့ ဟိုကို ၁၂း၃၀ နာရီ ကျော်ကျော် ရောက်တယ်။ ဝေါလေရွာကို ရောက်တယ်။ဝေါလေရွာဆိုတာ နှုတ်ခမ်းမွှေးတို့ မြင်းဆေးထားတဲ့နေရာပေါ့။ ကျွန်တော်တို့ အစီအစဉ်က ည ၁း၃၀ နာရီမှာ စမယ်ပေါ့။ ကျွန်တော်က သေနတ် စဖောက်မယ်။ အဲဒီမှာ RPJ 7 ချည်းဘဲ (၈) လက်၊ M 40 က (၁၂) လက်လောက် ရှိမယ်။ အဲဒီ ဝေါလေစခန်းကို သွားဖြိုဖို့ဟာ အဲဒီမှာ ကျွန်တော်တို့ သတင်းကြားထားတာက ရန်သူစစ်ကြောင်း မရှိဘူး။ အဲဒါနဲ့ ည ၁း၃၀ နာရီမှာ ကျွန်တော်တို့ ကျည်စဖေါက်တယ်။ အဲဒီမှာ ကျွန်တော်တို့ ဆီက အထူးတပ်ရင်းမှာ ခွဲ (၁)၊ ခွဲ (၂)၊ ခွဲ (၃) တို့နဲ့ KNU တပ်ရင်း (၁၀၁) တို့နဲ့ ပူးပေါင်းထားတာပေါ့။ အဲဒီ စစ်ဆင်ရေး ဦးဆောင်တာက အထူးတပ်ရင်း တပ်ခွဲမှူး ဗိုလ်အောင်တင့်လွင် ဖြစ်တယ်။
တပ်အစုံပါဘဲ. KNU ထဲက လူတွေ သွားကြတယ်။ ည ၁း၃၀ နာရီလောက်ကျတော့ စဖေါက်ရော၊ အဲဒီမှာ ဘုန်းကြီးကျောင်းမှာ ဘာပွဲ တစ်ခု လုပ်လဲမသိဘူး။ နှုတ်ခမ်းမွှေး စခန်းချထားတဲ့နေရာနဲ့ ဘုန်းကြီးကျောင်းနဲ့ နည်းနည်းလေးဘဲ ကွာတယ်။ မီတာ (၂၀၀) လောက်ပဲ ကွာမယ်။
အဲဒီမှာ ကာရာအိုကေ သီချင်းဆိုတဲ့ဆိုင်နဲ့ ဈေးတန်းတွေပေါ့.. ကျွန်တော်က နှုတ်ခမ်းမွှေးအိမ်နဲ့ မီတာ (၁၀၀) အကွာလောက်မှာ နေရာယူထားတယ်။ အပြည့်ပဲပေါ့။ အဲဒီအချိန်မှာ ကံဆိုးတာက ကျွန်တော်တို့ မသိလိုက်ဘူး။ ရန်သူ စစ်ကြောင်း သုံးကြောင်းက အဲဒီရွာကို ရောက်နေတယ်။ ကျွန်တော်တို့ စဖောက်တာပေါ့။ ခြိမ်းခြိမ်းဆိုပြီးတော့ စဖောက်တဲ့အချိန်မှာ ဘုန်းကြီးကျောင်းဘက်က လက်နက်ငယ်သံ ထွက်လာတယ်။ ဒုန်းဒုန်းဒုန်း ဆိုတော့ ကျွန်တော့်ဆီမှာ တာဝန်ယူထားတာကတော့ ဗိုလ်တစ်ယောက်ပေါ့။ အဲဒီဘက်ကို သွားမပစ်နဲ့ အဲဒီဘက်မှာ ဘုန်းကြီးကျောင်း ရှိတယ်။ ဒီဘက်ဘဲ ပစ်ဆိုတော့ ဒီဘက်မှန်းပစ်တယ်။ နှုတ်ခမ်းမွှေး ဘက်ပဲ ပစ်လိုက်တယ်။ ပြိုင်ပစ်တာလေ။ ၁..၂.. ၃ ဆိုတာနဲ့ RPJ 7 တွေရော လက်နက်ငယ်တွေရော အားလုံးဘဲ M 79 တွေရော အကုန်လုံး ဖေါက်ပစ်တယ်။ တအောင့်နေတော့ ရန်သူဘက်က ပြန်ပစ်ရော၊ သူတို့ စိတ်ထဲမှာ ကျွန်တော်တို့က အဝေးကြီးမှာ ရှိတယ်လို့ ထင်နေတယ်။ ပစ်ရင်းပစ်ရင်းနဲ့ ကျွန်တော် ပစ်တာ (၁၅) မိနစ် (၂၀) မိနစ်လောက်ဘဲ ရှိမယ်။ သူတို့ဘက်က ပြန်ပစ်လာပြီး M79 တို့ 60 မမ စိန်ပြောင်း တို့ နဲ့ ဆော်ပြီ ၊ကျွန်တော်တို့ ဟိုအဝေး နောက်ဆုတ် ပြေးမယ်ဆိုရင် ကျွန်တော်တို့ဘက် အထိခိုက် ဖြစ်ပြီ၊ အဲဒါကြောင့် ကျွန်တော်တို့က သူတို့ နဲ့ဘယ်လောက် ဝေးမလဲ ဆိုရင် မီတာ (၅၀) လောက်ကွာမယ်။ သူတို့ အရှေ့ ကပဲ ဖြတ်ပြီး ဆုတ်သွားတယ်။ သူတို့က ပစ်နေတာက 79 နဲ့ ဆိုတော့ ကီလိုမီတာ (၃၀၀) လောက် ရောက်နေတယ်လေ။ အဲဒီနောက် သူတို့ ရှေ့ နားကပဲ အဲလို ဖြတ်တာ ည လရောင်က မှုန်မှုန်ဝါးဝါးမို့ သူတို့ ရုပ်တော့ မမြင်ရဘူး။
အသံတွေကို ကြားနေရတယ်။ သူတို့နဲ့ ကပ်ကပ်လေးဘဲ ဖြတ်သွားတယ်။ ကျွန်တော် ရွာကို ပတ်တာ ဟိုလယ်ကွင်းဘက်က ပတ်တာကိုး၊ အရှေ့ဘက်က ပတ်တာ မဟုတ်ဘူး။ အနောက်ဘက်က ပတ်တာကို ရွာနဲ့ အဝေးကြီး ကွင်းပြီး ၀င်တာကိုး၊ အဲဒါ ရယ်စရာ တိုက်ပွဲတွေပေါ့။ ဘာဖြစ်လို့ ရယ်စရာ တိုက်ပွဲဆိုတော့ အခု ကျွန်တော် ပြောခဲ့တဲ့ တိုက်ပွဲ (၃) ပွဲဟာလည်း သူတို့ အရှေ့ မှာဘဲ ကပ်ပြီး ဖြတ်လျှောက် သွားတယ်။ ကျွန်တော်တို့က လမ်းကြောင်းလုံခြုံရေးအတွက် အရှေ့ မှာ လူ၄၀၊ အနောက်မှာ လူ (၂၀) လောက်ကင်း ချထားတယ်။ စုစုပေါင်း (၆၀) လောက် ရှိတယ်။ မအောင်မြင်ဘဲ ဆုတ်လာရတာပေါ့။ ကျွန်တော်တို့ အစီအစဉ်က ၀ုန်းဝုန်းဆိုရင် ပစ်ခွဲမယ် ခွဲပြီးတာနဲ့ အိမ်ကို ကျွန်တော် အထူး ကွန်မန်ဒို ကျင့်ထားပေးတဲ့ သင်တန်းအတိုင်း တက်စီးမယ်။ မြင်းဆေး ထုတ်တွေ အားလုံးသိမ်းမယ်။ ကျွန်တော်တို့ မြင်းဆေး သိမ်းပြီး ထိုင်းကို အပ်မယ်။ နှုတ်ခမ်းမွှေးက မထိဘူး။ သူကတော့ အိမ်မှာ မနေဘူးထင်တယ်။ မြင်းဆေး ဂိုဒေါင်ကြီးတော့ ရှိတယ်လေ။ အဲဒီမှာလည်း ကင်းသမား လေးငါးယောက်လောက် ရှိတယ်။ ကင်းလှည့်သလို ပတ်နေကြတာပေါ့။ ဒါပေမဲ့ ဒီကောင်တွေလည်း ကျေမှုန့်သွားမှာဘဲ။
ဝေါလေ စခန်းအခုမရှိတော့ဘူး။ ဟိုအရင်တုန်းကတော့ ABSDF ဌာနချုပ်ကြီးပေါ့။ DKBA တွေ တကယ်တမ်း လုပ်တာကတော့ မြင်းဆေးဘဲ လုပ်တယ်။ ကျွန်တော်တို့ မျက်စေ့ရှေ့ မှာဘဲ စုစုပေါင်း ကျွန်တော်တို့ လုပ်ခဲ့တဲ့ တိုက်ပွဲမှာ တာဝန်ယူခဲ့တဲ့ သက်တမ်းတလျှောက်မှာတော့ မြင်းဆေး လုံးရေ (၆၂) သန်းကျော် သိမ်းမိတယ်။ အဲဒီ (၆၂) သန်းကျော်ကို ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကို အပ်နှံနိုင်ခဲ့တယ်။ အလုံးရေ (၆၂) သန်း ကိုအပြင်မှာ ရောင်းရင် ဟိုခေတ်ကဆိုရင် တစ်လုံး ဘတ် (၅၀) ပေါက်ဈေးရှိတယ်။ သူတို့ ဖောက်သည်ပေးရင် (၁၅) ဘတ်ပေါ့။ တန်ဖိုး မနည်းဘူးဆိုတာ စဉ်းစားကြည့်ပေါ့။ ကျွန်တော်တို့ အခုတော့ အဲဒီနေရာတွေ သိပ်မမှတ်မိတော့ဘူး။အဲဒီလို မြင်းဆေးတွေရောင်းကာ ချမ်းသာနေပြီး နအဖနဲ့ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်နေတဲ့ “တိုးတက်သော ကရင် ဗုဒ္ဓဘာသာ အစည်းအရုံး” DKBA အဖွဲ့ဟာ ပြည်သူ့အကျိုးပြု လုပ်ငန်း (အထူးသဖြင့်) ကရင်ပြည်နယ်နဲ့ ကရင်လူထု ကောင်းစားရေးအတွက် အမှန်တကယ် လုပ်ကိုင်နေရဲ့ လားဆိုတာကို ဖြစ်စဉ်များ နှင့်တကွ အတွင်းကျကျ စာဖတ်ပရိသတ်များကို ကျွန်တော် ပြောပြပေးပါအုံးမယ်။DKBA အဖွဲ့ဟာ ဘာသာရေး ခွဲခြားခံရမှုအပေါ် ဟစ်ကြွေးပြီးတော့ မိခင်ဖြစ်တဲ့ KNU အဖွဲ့ကို သစ္စာဖောက်ကာ နအဖထံ သွားရောက်ပူးပေါင်းခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
နိုင်ငံတကာကို နအဖကောင်းကြောင်း ပြောခိုင်းရာမှာ နအဖက ရှေ့ နေလိုက်ခိုင်းတဲ့ အဖွဲ့တွေအနက်က အထူးချွန်ဆုံးအဖွဲ့လို့ ဆိုရမလို ဖြစ်ပါတယ်။ ဒီ DKBA အဖွဲ့ရဲ့  အဖွဲ့ဝင်တွေဟာ ဘာသာရေးအရ လူအထင်ကြီးခံရအောင် သတ်သတ်လွတ် စားတယ်ဆိုတဲ့ ကြွေးကြော်သံဟာဖြင့် လက်တွေ့ နယ်ပယ်မှာ ကျေးရွာလူထုတွေအပေါ် အဓမ္မ ပြုကျင့်နေတာနဲ့တော့ တခြားစီ ဖြစ်နေပါတယ်။ DKBA ဟာ KNU မှ ခွဲထွက်စဉ်က နိုင်ငံရေးကြောင့် မဟုတ်ဘဲ ဘာသာရေး ခွဲခြားခံရလို့ ဗုဒ္ဓဘာသာကို ကာကွယ်မယ်ဆိုပြီး ကြွေးကြော်ထွက်လာတာ ဖြစ်တယ်။ ဒါပေမဲ့ လက်တွေ့ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ပွားတဲ့အချိန်မှာ ဗုဒ္ဓသားတော် ရဟန်းသံဃာတွေ မြို့ လည်ခေါင်မှာ ရိုက်သတ်ခံရချိန်မှာ သူတို့ဟာ ကူညီကယ်တင် ကာကွယ်သင့်ရမဲ့အစား ဗုဒ္ဓဘာသာ အရေခြုံပြီး ပျက်ကွက်ခဲ့တာ အထင်အရှား ဖြစ်တယ်။
သူတို့ဟာ အဲဒီအချိန်မှာ နအဖပေးတဲ့ အရိုးအရင်းတွေကို ကိုက်ဝါးကာ စည်းစိမ်ယစ်မူးနေတာ ဗုဒ္ဓဘာသာစာလုံးတောင် သူတို့အဖွဲ့ နံမည် ဖြုတ်သင့်ပါတယ်။ ဒါကြောင့် DKBA တိုးတက်သော ကရင် ဗုဒ္ဓဘာသာ အစည်းအရုံး အစား တခြားနံမည် တမျိုးနဲ့ ပြောင်းပြီး ပေးသင့်ပါတယ်။အမှန်တကယ်တော့ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတဲ့ တရားတော်တွေထဲမှာ သတ်သတ်လွတ် စားခိုင်းတာ မပါဘဲ ဒေ၀ဒတ်ရဲ့  အယူဝါဒတွေဘဲ ဖြစ်ပါတယ်။ သက်သတ်လွတ် စားနိုင်တာက ကောင်းပါတယ်။ ဒါပေမဲ့ ဖြူစင်အောင် သတ်သတ်လွတ် စားတာထက် ပြုမူလုပ်ကိုင်ပုံတွေ ကျင့်ကြံပြုမူ ဆောင်ရွက်ပုံတွေ ဖြူစင် သန့်ရှင်းဖို့သာ ပိုမို အဓိက ကျပါတယ်။ဒီအဖွဲ့အနေနဲ့ တရားတော်ကို ရဟန်းအဖြစ် ခံယူပြီး လက်နက်ကိုင်ဆောင်မှုကို စွန့်လွှတ်ကာ ဘာသာရေး သက်သက်ဘဲ ဆောင်ရွက်မှသာ သဘာဝကျကာ ပိုကောင်းလိမ့်မယ်လို့ ထင်မြင် မိပါတယ်။ လက်နက် ကိုင်ဆောင်နေတဲ့ အဖွဲ့အစည်း တစ်ခုအနေနဲ့ ဗုဒ္ဓရဲ့နာမည်ကို လုံးဝမသုံးသင့်ပါ။ ယခုတော့ စားတော့ သတ်သတ်လွတ် လုပ်တော့ ပါဏာတိပါဏာကံကို ကျူးလွန်နေပြီး ငါးပါးသီလ တောင် မလုံခြုံတဲ့ လုပ်ရပ်တွေဟာ ဗုဒ္ဓဘာသာအတွက် သိက္ခာကျစရာ ဖြစ်နေပါတယ်။ အောက်မှာ ဖေါ်ပြထားတဲ့ ဖြစ်စဉ် တွေဟာ ကျွန်တော် သိရသလောက် အနည်းအကျဉ်းမျှသာ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် မေလက DKBA (၉၀၇) တပ်ရင်းမှ မောင်ရွှေဝ နဲ့ ခလရ (၂၈၄) နအဖတပ်တို့ ပူးပေါင်းပြီး ထီးကပလဲ ရွာသားစောဟဲစိုးနဲ့ မိသားစု (၅) ယောက်စလုံးတို့အား အိမ်မှာ တစ်ဦး မကျန် ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။၂၀၀၈ ခုနှစ် နိုဝင်ဘာလကစပြီး DKBA ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကျွန်တော်တို့ သွားတိုက်ခဲ့တဲ့ ဗိုလ်နှုတ်ခမ်းမွှေးဟာ နယ်မြေ ရှင်းလင်းဖို့ အကြောင်းပြုပြီး ဝေါလေဂွင်ကို ၀င်ရောက် မွှေနောက် ပါတော့တယ်။ ရွာသားတွေ ပိုင်တဲ့ ပြောင်းခြံများကို ကိုယ်ပိုင် လွတ်လပ်စွာရောင်းခွင့်မပြုဘဲ DKBA ကိုသာ မရောင်းမနေရဟု အမိန့်ထုတ်ခဲ့ပါတယ်။
အရက်သမား ရုပ် ပေါက်နေသော သတ်သတ်လွတ်စားသည် ဆိုတဲ့ ပုဂ္ဂိုလ်ကြီး
ဒါ့အပြင်အဲဒီအဖွဲ့ဟာ စည်းရုံးရေးခေါင်းစဉ် မော်ကြွား ပြသလိုတဲ့အနေနဲ့ ကရင်နှစ်သစ်ကူးပွဲသို့ သွားရန် တရား နည်းလမ်းတကျ စည်းရုံးဆောင်ရွက်ခြင်း မပြုဘဲ တစ်အိမ်တစ်ယောက် မသွားမနေရလို့ အမိန့်ပေးခဲ့ပြီး သွားတဲ့ လူတိုင်းကိုလည်း တစ်ဦးလျှင် ဘတ်ငွေ (၅၀၀) နှုန်း ပေးဆောင် စေခဲ့ကြောင်းသိရပါတယ်။၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာလည်း DKBA ၉၀၇ တပ်ရင်းမှ ဒုရင်းမှူး နယ်လဲယ်ယေးဟာ တောအုပ်ရွာမှ သေဘောဘိုးရွာသို့ ပြောင်းလာတဲ့ ဖားဒီဝါး (၄၈) နှစ်နှင့်ဇနီးဖြစ်သူ ပွေဟောမို့တို့ နှစ်ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။ ဒီလို ဖြစ်စဉ်တွေအရ ယနေ့ DKBA ဟာ ကရင်ပြည်နယ်မှာ ဗိုလ်ကျအနိုင်ကျင့်နေတာမို့ ပြည်သူလူထုက တနေ့တခြား သိမြင်လာသလို ပြည်သူလူထု ထောက်ခံမှုလည်း ကျဆင်းလာနေလို့ အနှေးနဲ့အမြန် ကျဆုံးဖို့ ရှိလာမှာ ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်ခင်ဗျား။
တင်ပြသူ ကိုဖိုးတရုတ် at 4:04 AM 0 ယောက်က ဒီလို ထင်တယ်။
ဘယ်ကဏ္ဍကလည်းဆိုတော့.... အတွေ့ အကြုံ
January 30, 2009
ဘ၀တစ်ကွေ့မှ တော်လှန်ရေး အမှတ်အသားများ - အပိုင်း(၁)
နအဖနဲ့ အပေါင်းအပါ DKBA တို့ကို တိုက်ခိုက်ရတဲ့ ကိုယ်တွေ့တိုက်ပွဲဖြစ်စဉ်များ
ပေးပို့သူ- ကိုမိုးအေး
KNU တပ်မဟာ(၆) တပ်ရင်းတွင် တပ်စုမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော ကိုမိုးအေးရဲ့  တိုက်ပွဲ အတွေ့အကြုံများကို ပေးပို့လာရာ စာဖတ်ပရိသတ်များ ဗဟုသုတ ရရှိစေရန် ကျွန်တော် ကိုဖိုးတရုတ်မှ ဒီကနေ့ တင်ပြ ပေးလိုက် ပါတယ်။ ယခုလို ပေးပို့လာတဲ့ ကိုမိုးအေးအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူး ကျေးဇူးတင်ရှိပါကြောင်း စည်းလုံးခြင်းရဲ့  အင်အား ဘာလောဂ်မှာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။သရက်ပင် စခန်းတိုက်ပွဲကို KNUတပ်မဟာ (၆) အထူး တပ်ရင်း အဖြစ် ကျွန်တော် တို့ ပါဝင်ဆောင်ရွက်ခဲ့ပုံကို ပြောပြချင်တယ်။ ကျွန်တော်တို့ရဲ့  စခန်းက တော့ ကျောက်ခတ်မှာ ဖြစ်တယ်။ ကျောက်ခတ်စခန်းကနေပြီး တိုက်ကင်းထွက်တဲ့ အခါမှာ သာအုတ်ထရွာမှာ စခန်းချရတယ်။ ယာယီစခန်းပေါ့။ အဲဒီက တဆင့် တောလမ်းကနေပြီး ကျားသစ်ဂူတို့ သရက်ပင်စခန်းနားတို့ကို ရောက်တယ်။သရက်ပင်စခန်းက ခမရ (၁၀၈) ထိုင်တဲ့ တပ်ခွဲစခန်းပေါ့။ အချိန်ကတော့ သင်္ကြန်ကာလ April လဖြစ်တယ် ။
၁၉၉၉-၂၀၀၀ မှာ ကျွန်တော် အဲဒီမှာ ရိက္ခာ သွားသယ်တယ်။ ရွာကိုတော့ မသွားဘူး။ အဲဒီနားမှာ သစ်စက်တွေ ရှိတယ်။ ဒါပေမဲ့ နအဖရဲ့  ညံ့ကွက်တွေကြောင့် သူတို့ခံလိုက်ရတာကို ပြောပြချင်တယ်။ ကျွန်တော်တို့ အဲဒီတောင် နှစ်လုံးကြားက ဖြတ်သွားတဲ့အချိန် သေနတ်သံ တစ်ချက် ကြားလိုက်တယ်။ သူတို့စခန်းက တောင်ကုန်းလေး ဘေးမှာ နေကြတယ်။ ကျွန်တော်တို့က အဲဒီလမ်းကြားထဲက ဖြတ်ကြတယ်။ စခန်းရှိမှန်းလည်း မသိဘူး။ အဲဒီ ကြားလမ်းရောက်တဲ့အချိန်မှာ တောင်ထိပ်ပေါ်က သေနတ်သံ တစ်ချက် ကြားရတယ်။ ကျွန်တော်က အရှေ့ မှာ ရန်သူရှိလား မသိဘူးလို့ ပြောတယ်။ ကျွန်တော့် တပ်စု တက်ကြည့်တယ်။ စုစုပေါင်း (၇) ယောက်ဘဲ ရှိတယ်။အဲဒီတောင်ကုန်းကတော့ သိပ်မမြင့်ပါဘူး။ (၅) မိနစ် လောက်ပဲ သွားရပါတယ်။ အဲဒီအချိန်မှာ နအဖ ဘက်က လူ (၇) ယောက် (၈) ယောက်လောက် တွေ့တော့တာဘဲ။ တစ်ယောက်က ကင်းတဲမှာ ထိုင်နေတယ်။ တစ်ယောက်က ရေခပ်ဆင်းနေတယ်။
တစ်ယောက်က ကျွန်တော်တို့ ဘေးနားက ဖြတ်သွားတယ်။ ကျန်တဲ့ (၃) ယောက်က ပုခက်ထဲမှာ ထိုင်နေတယ်။ အဲဒီမှာ အမျိုးသမီး တစ်ယောက်လည်း တွေ့တယ်။အမျိုးသမီးက ရွာသားလား.. သူတို့ရဲ့ အမျိုးသမီးလားတော့ ကျွန်တော်လည်းမသိဘူး။ ကျွန်တော့် စိတ်ထဲမှာ တော့ သူ့မိန်းမဘဲ ထင်တယ်။ သူတို့ ပြောနေကြတာကတော့ တပ်ကြပ်တစ်ယောက်ရဲ့  မိန်းမလို့ ပြောတယ်။ ဒီသင်္ကြန် မဲဆောက် တက်သွားမယ်။ သွားလည်မယ်လို့ ပြောနေသံကို ကြားရတယ်။ အဲဒါနဲ့ ကျွန်တော်တို့ (၇) ယောက်က နေရာယူလိုက်တယ်။ ၀ိုင်းလိုက်တယ်။ အဲဒီမှာ တပ်ကြပ် စောဌေးဆိုတာ တစ်ယောက်ရှိတယ်။ ကျွန်တော့်တပ်ကို သူကနေပြီး စပစ်တာပေါ့။ တိုက်ပွဲက ဘယ်လောက်ကြာလဲဆိုတော့ (၁၂) မိနစ်လောက် ကြာတယ်။ အဲဒီမှာ နအဖ ဘက်က (၅) ယောက် ကျသွားတယ်။ ကျွန်တော်တို့ဘက်က MA - 4, MA - 1 တစ်လက်ရတယ်။ ကျွန်တော် လက်နက်ယူပြီး အတင်းပြန်ဆုတ်ဆင်းလာတယ်။
ကျွန်တော်တို့ အင်အား မရှိဘူး။ (၇) ယောက်ဘဲ ရှိတယ်လေ။ (၇) ယောက်နဲ့ဘဲ တိုက်တာ။ နောက်တစ်ခါကျတော့ ရက် (၂၀) လောက် အကွာမှာ နာရီဝက်လောက် တိုက်ပွဲဖြစ်တယ်။သရက်ပင်စခန်း နေရာမှာတော့ မဟုတ်တော့ဘူး။ နောက်တစ် နေရာမှာ၊ ကျွန်တော်တို့က သာအုပ်ထ ရွာဘက်က နေပြီး ဝေလီဝေလင်းမှာ ကျောက်ခတ်ဘက်ကို အဆင်းမှာ တောလမ်းလေ စမ်းချောင်းလမ်းလေး တန်းတန်းဆင်း သွားတော့ ကျွန်တော်တို့က (၅) မိနစ်လောက် ကြိုရောက်တယ်။ ကျွန်တော်တို့ နောက်မှာ ကတော့ သူတို့ စခန်း ချိန်းတဲ့ တပ်ခွဲက နယ်မြေလိုက်ပြနေတဲ့ အချိန် ဖြစ်ပြီး သူတို့ နောက်က လိုက်လာနေမှန်းလည်း ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ ရှေ့ က သွားမှန်းလည်း သူတို့ မသိဘူး။ အဲဒီနေရာ ရောက်တော့ တောင်ကုန်း တစ်ကုန်း ရှိတယ်။ အဲဒီနားမှာ ကွမ်းသီးပင် လေးငါးဆယ်ပင်လည်း ရှိတယ်။ ကွမ်းသီးခြောက် တွေ့တော့ ကျွန်တော်တို့ ကောက်ရော.. နောက်ဘက်က ကျွန်တော့် လူနှစ်ယောက်ကတော့ “ဟေ့ကောင်တွေ မင်းတို့ တောင်ကုန်းပေါ် တချက် တက်ကြည့်လိုက်... ဒါ ရန်သူစခန်းဟောင်း နေရာ ဖြစ်နိုင်တယ်လို့ ပြောပြီး သူတို့ အပေါ် တက်သွားကြတယ်။ တက်ပြီး ပြန်အဆင်း ရန်သူနဲ့ (၁၀) ကိုက် လောက်အကွာမှာ တွေ့ကြပါလေရော။ မျက်နှာချင်းဆိုင် ထိပ်တိုက်ကို တွေ့ကြတာ။ ဟိုကလည်း ကြောက်နေတယ်။ ဒီကလည်း ကြောင်နေတယ်။ မပစ်ဘူး၊ ကျွန်တော်တို့ ဘက်က လူက စပြောတယ်။ ခဏနေဦး ခဏနေဦး ပြန်ဆုတ် ပြန်ဆုတ်လို့ ပြောပြီး ပြေးဆုတ်ရင်း နေရာယူတယ်။ အဲဒီတော့မှ ဟိုဘက်က နှစ်ရစ်နဲ့ ကောင်က အဲဒီ မင်း ပထွေးတွေ ပစ်ပစ် လို့ သူ့လူတွေကို အော်တော့တာဘဲ။ သူတို့ဘက်က သေနတ် နှစ်ချက် အရင်ဖောက်တယ်။ ကျွန်တော်က ပြောတယ်။ ဘယ်ကောင် ပစ်တာလဲပေါ့။ အဲဒါ ဘယ်ကောင်မှ မဟုတ်ဘူး။ ရန်သူပစ်နေတာလို့ သိတာနဲ့ ကျွန်တော်တို့လည်း နေရာယူကြတယ်။ လက်နက်ကြီးတွေ ပြိုင်ပစ်ကြတယ်။ အနီးကပ် တိုက်ပွဲလေးပဲ၊စုစုပေါင်း ပေ ၂၀၊ ၃၀ လောက်ဘဲ ကွာတယ်။ သူတို့က ငှက်ပျောတောမှာ နေရာရတယ်။ ကျွန်တော်တို့က သစ်ပင်တွေ ကြားထဲမှာ နေရာယူတယ်။ကျွန်တော်တို့ဘက်က RPJ 7, M40 တို့နဲ့ သုံးတာပေါ့။ ပြီးတော့ စက်လတ် နှစ်လက်ပါတယ်။ MA-4 နဲ့ M40 တွဲထားတဲ့ဟာကတော့ သုံးလက်ပါတယ်။ ကျွန်တော့် အဖွဲ့ အားလုံး (၁၄) ယောက်ရှိတယ်။အဲဒီလို ထိပ်တိုက်တွေ့တော့ သူတို့ဘက်က နာရီဝက်လောက် ထိပ်တိုက်ဖြစ်ပြီးတော့ သူတို့က စစ်ကူ လှမ်းတောင်းပြီး သရက်ပင်စခန်းမှ ကျွန်တော်တို့ နေရာကို “၈၀”မမ စိန်ပြောင်း ၊“၆၀” မမစိန်ပြောင်းနဲ့ပစ်ခိုင်းရာ ကျွန်တော်တို့လည်း လစ်ပါလေရော၊ ကျွန်တော်တို့ တစ်ကွက် ကံကောင်းတာကတော့သူတို့က နည်းနည်း ညံ့သွားတယ်။
ကျွန်တော်ထင်တာက သူတို့မှာ အယောက် (၃၀) ကျော်ကျော်လောက်ရှိတယ်။ သူတို့ အနောက် နားလေးကဘဲကပ်ပြီး ဖြတ်သွားတယ်။ ကျွန်တော် ဆုတ်တဲ့အချိန်မှာ သူတို့ အင်အား အရမ်းများလာပြီလေ။ သူတို့က အရမ်းထိုးဖောက်လာလို့ တောင်ကျောလေး အနောက်က ကွေ့ပြီးတော့ သူတို့နဲ့ ကျွန်တော်တို့ ဆုတ်တဲ့ နေရာဟာ (၁၀) ပေလောက်ပဲ ဝေးတယ်။ ဘာဖြစ်လို့လည်း ဆိုရင် ကျွန်တော်က သူတို့ကို ပစ်မယ်ဆိုရင် နောက်ထပ် လေးငါးယောက်လောက်တော့ လဲနိုင်ပါသေးတယ်။ ဒါပေမဲ့ မပစ်ရဲတော့ဘူး၊ဘာဖြစ် လို့လည်း ဆိုတော့ ကိုယ့်လူက ရှိသေးတယ်။ ကိုယ့်လူ နာမှာကြောက်လို့ အသာလေး ပြန်ဆုတ်လိုက်ရတယ်။ သူတို့ မဲပြီးတော့ အရှေ့  ကို ထိုးတက်လာတော့ လူမရှိတော့ဘူးလေ။ အဲဒါက တစ်ပွဲ။ ကျွန်တော် ရှိတဲ့အချိန် ကျွန်တော်တို့ရဲ့ တပ်ရင်းမှူးကတော့ တပ်ရင်းမှူး ရွှေမောင်း၊ ဒုတပ်ရင်းမှူး ဗိုလ်ရန်နိုင်၊ ခွဲမှူးတွေကတော့ ဗိုလ်ဥာဏ်တို့ အောင်တင့်လွင်တို့ ဖြစ်ကြတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မူးယစ်ဆေးဝါး အထူးအဖွဲ့လေ။ ကျွန်တော်သိတာက နအဖ တပ်အနေနဲ့ ခမရ(၁၀၈), (၁၀၉) ချိန်းတယ်လို့ သိရတယ်။
တင်ပြသူ ကိုဖိုးတရုတ် at 5:46 AM 0 ယောက်က ဒီလို ထင်တယ်။
ဘယ်ကဏ္ဍကလည်းဆိုတော့.... အတွေ့ အကြုံ
No comments:
Post a Comment