“သင့်လူမျိုးကို သင်ချစ်ပါသလား’ ဟု အမေးရောက်ခဲ့ပါလျှင် ကိုယ့်လူမျိုးကို ကိုယ်ချစ်ပါသည် ဟု အလွယ်တကူ ဖြေဆိုကြပေလိမ့်မည်။ အမှန်တကယ် မျိုးချစ်သောသူသည် ဘာသာ၊သာသနာနှင့်တကွ ဘာသာစကား၊စာပေ၊ယဉ်ကျေးမှု၊ ရိုးရာဓလေ့များမှ အစ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုများကိုပါ ထိန်းသိမ်းဖော်ထုတ် စောင့်ရှောက်ရမည့် တာဝန်ရှိသူ ဖြစ်ရပါမည်။
လူမျိုးတစ်မျိုးတွင်
၁။သီးခြားရုပ်သွင်၊
၂။သီးခြားဘာသာစကား၊
၃။သီးခြား ယဉ်ကျေးမှု ဓလေ့စရိုက်၊
၎။သီးခြားစာပေ၊
၅။သီးခြားနယ်မြေ၊
ဟူသော အင်္ဂါရပ်များနှင့် ပြည့်စုံရမည်။မြန်မာနိုင်ငံအတွင်း နေထိုင်ကြကုန်သော တိုင်းရင်းသားများတွင် ကရင်လူမျိုးဟူ၍ သတ်သတ်မှတ်မှတ်ရှိသည်။ကရင်ပြည်နယ်ဟု လည်းသီးခြားရှိသည်။
ကရင်လူမျိုးတို့သည် မြန်မာပြည်အနှံ့ ပြန့်ပြောစွာ ရောက်ရှိနေထိုင်ကြလျက် စုစည်းမှု အားနည်းကာ ၀ါးအစည်းဖြေသကဲ့သို့ တကွဲတပြားစီ ရှိနေကြပေသည်။ တဖြည်းဖြည်းနှင့် မိမိလူမျိုး၏ ဘာသာစကား ရိုးရာဓလေ့ စရိုက်များသာမက မိမိစာပေကိုပင် ပေါ့တန်စွာ မေံလျော့နေကြပေပြီ။
စာပေပျောက်လျှင် လူမျိုးပျောက်မည်မှာ အမှန်ပင်။
မိမိလူမျိုး၏စာပေကို ထိန်းသိမ်းမြှင့်တင်ရမည်မှာ မိမိအမျိုးသားထု တစ်ရပ်လုံး၏ သမိုင်းပေးတာ
ဝန်တစ်ရပ် ဖြစ်ပါသည်။
ကရင့်စာပေ ရေစီးကြောင်းကို ကြည့်လျှင် မျိုးဖျက်သူတို့၏ လက်ချက်ကြောင့် အတက်အကျ အကောက်အကွေ့များသာမက မြစ်လက်တက်များသဖွယ် ကွဲကွာဖြာထွက် စီးဆင်းနေရသည်။ သို့ကြောင့်လည်း ကရင်လူမျိုးတို့ တိုးတက်များပြားလာသလောက် ကရင့်စာပေမှာ လုံးပါးပါး နောက်ကျကျန်ရစ်နေရဆဲပင် ဖြစ်ပါသည်။
ကရင့်စာပေသမိုင်းတွင် ခရစ်ယာန်သာသနာပြု (မစ်ရှင်)တို့၏ အခန်းကဏ္ဍသည် အရေးပါ၍ ထင်ရှားလှသည်။ ကရင်လူမျိုးတို့သည် ခရစ်ယာန်သာသနာပြု(မစ်ရှင်)များ မရောက်မီကတည်းက ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။
ခရစ်နှစ် ၁၈၅၁-နှစ်က အလင်္ကာများဖြင့် တန်ဆာဆင် ဖွဲ့ဆိုလာသော ရှေးဟောင်းကရင်စာပေဖြင့် ရေးသားထားသည့် သိဒ္ဓတ္ထ၀တ္ထုဂန္ထ၀င်ကျမ်းကြီး ပေါ်ထွက်ခဲ့သည်ဖြစ်၍ ပိဋကတ်သုံးပုံတည်းဟူသော စာပေမှ ကရင့်စာပေသည် ဆက်နွယ်သက်ဆင်းခဲ့သည်မှာ ယုံမှားဖွယ်မရှိပါ။
ကရင့်ရှေးစာပေများမှ လည်း ပေရွက်ဖြင့်သာ ရေးသားထားသည်ဖြစ်၍ ပေါပေါများများ မရှိခြင်းသာ ဖြစ်တန်ရာ၏။
နှစ်ခြင်းခရစ်ယာန်သာသနာပြု ဆရာကြီး ယုဒသန်၏ (၁၈၃၁-၃၂)ခုနှစ် အစီရင်ခံစာတွင် `ကရင်များသည် ဗုဒ္ဓဘာသာ အယူဝါဒကို လက်ခံထားပြီုးဖြစ်၍ ခရစ်ယာန်ဘာသာသို့ ပြောင်းလဲရန် အလွယ်တကူ ဟောပြော၍ မရနိုင်ပါ` ဟုရေးသားခဲ့သည်။
(၁၈၃၅)ခုနစ် အစီရင်ခံစာ၌ ကရင်တွင် ကရင်အက္ခရာဖြင့် စာရှိကြောင်း ၀န်ခံ၍ မည်သို့ ပျောက်ကွယ်အောင် လုပ်ရမည့် အရေး အခက်ကြုံနေရသည်ကို ဘင်္ဂလား အစိုးရထံ တင်ပြခဲ့ပေသေးသည်။
ခရစ်ယာန်သာသနာပြု ဆရာကြီးများသည် ကရင်လူမျိုးတို့၏ အမျိုးသားရေးကို ငဲ့ကွက်မှု မထားဘဲ မိမိလုပ်ငန်း အောင်မြင်ရေးနှင့် ပုဂ္ဂိုလ်ရေးကျော်ကြားမှုကို ရှေ့တန်းတင်ကာ မစ်ရှင်ဆရာကြီး (၀ိတ်)ဆိုသူက ၁၈၃၂-ခုနှစ်တွင် မြန်မာအက္ခရာနှင့် စကောကရင် သင်ပုန်းကြီးကိုလည်းကောင်း၊၁၈၄၄-ခုနှစ်တွင် (ဘရေတန်)က မြန်မာအက္ခရာသုံး၍ ပိုးကရင် (အနောက်)သင်ပုန်းကြီးကို တီထွင်ပြုစု ပို့ချခဲ့ကြသည်။
ထိုမျှ အားမရသေးဘဲ ဒေါက်တာ ၀ိတ်သည် ၁၈၄၇-ခုနှစ်တွင် ရောမအက္ခရာနှင့် မြန်မာအက္ခရာသုံး၍ ပိုးကရင် (အနောက်) သင်ပုန်းကြီး မူသစ်ကို တီထွင်သင်ကြား ပို့ချလိုက်ပြန်သည်။ဤသို့သော မစ်ရှင်ဆရာကြီးများ၏ တီထွင်ပေးခဲ့ကြသည့် စာသစ်များ၊ စာရေးနည်းမူကွဲများကြောင့် ကရင်လူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြားမှုများ၊ ဂိုဏ်းဂဏစိတ်ဓာတ်များ ဖြစ်ပေါ်စေပြီး ကရင်အမျိုးသား စည်းလုံးညီညွတ်မှု အားလျော့လာစေခဲ့ပါသည်။
ဗုဒ္ဓဘာသာ ကရင်ဘုန်းတော်ကြီးများ၊ အဆက်ဆက်ထိန်းသိမ်းလာခဲ့သည့် ကရင်စာပေသည်လည်း ရှိပါပေ၏။ ထိုသို့ ကွဲပြားနေသည့် ကရင်စာပေများသည် မျိုးချစ်ကရင် မျိုးဆက်သစ်များမှ လက်ဆင့်ကမ်း၍ မိမိဒေသအလိုက် တတ်အားသမျှ သင်ကြားပို့ချခြင်းများ ယနေ့ထက်တိုင်အောင်ပင် ရှိနေပေသေးသည်။
ဗုဒ္ဓပိဋကတ်တော်များကို မှီ၍ မွန်၊မြန်မာစာတို့ ဖြစ်ထွန်းသကဲ့သို့ပင် ရှေးကရင်စာပေ အစစ်အမှန်သည် ဗုဒ္ဓဘာသာနှင့် ဆက်နွယ်နေမည်မှာ ဧကန်မလွဲပါ။ မည်သို့ပင် ရှိစေ တစ်သီးတစ်ခြား ကွဲပြားစီးဆင်းနေကြသည့် မြစ်လက်တက်များသည် ပင်မမြစ်မကြီးကို ပစ်ခွါသွား၍ မရသကဲ့သို့ ကရင်အမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ်တည်းဟူသော မြစ်မကြီးဖြင့် ကရင့်စာပေ ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းများတွင် ခိုင်ခိုင်မာမာ မားမားမတ်မတ် ရပ်တည် ရှင်သန်သွားရပေမည်။
စစ်မှန်ဖြောင့်မတ်သော မျိုးချစ်သူတို့၏ အမျိုးသားရေးစိတ်ဓာတ်သည် မိမိအမျိုးသား၏ ဘာသာစကား၊စာပေယဉ်ကျေးမှုကို ချစ်မြတ်နိုးနိုင်ရမည်။သို့မှသာ မိမိကရင်စာပေယဉ်ကျေးမှုများ အစဉ်ထာဝရ တည်တံ့နိုင်မည် ဖြစ်ပါသည်။ ယခုအချိန်ကာလသည် လူမျိုး အစုလိုက်သော်လည်ကောင်း၊
လူတစ်ဦးချင်းသော်လည်းကောင်း
(၁)ဒါနသင်္ဂဟ-တစ်ဦးနှင့်တစ်ဦး ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ပေးကမ်းချီးမြောက်ထောက်ပံ့ခြင်း၊
(၂)ပိယသင်္ဂဟ- ကောက်ကျစ်စဉ်းလဲလိုစိတ်မရှိကြဘဲ ဖြောင့်မတ်တည်ကြည်သည့် ချစ်ဖွယ်သောစကား၊ အပြုသဘောဆောင်၍ လက်တွေ့ကျသော စာပေရေးကားခြင်းတို့ဖြင့် ပြောဆိုရေးသားခြင်း၊
(၃)အတ္ထသင်္ဂဟ- ပညာရေး၊ကျန်းမာရေး၊စီးပွါးရေး စသည့် အကျိုးစီးပွါးဟူသမျှ တစ်ဦးကို တစ်ဦးလမ်းပြခြင်း၊ညွန်ကြားပေးခြင်း၊
(၄)သမာနတ္ထသင်္ဂဟ- စားဝတ်နေရေး ကစ္စအ၀၀ကို မိမိနှင့်အတူ ထပ်တူထပ်မျှ အကျိုးစီးပွါး ရှာဖွေမျှဝေခံစားခြင်းစသည့် မင်္ဂလာနှင့် အညီ ကျင့်ကြံလုပ်ကိုင် နေထိုင်သွားကြရန် အထူးလိုအပ်လှပေသည်။သို့မှသာလျှင် မိမိ အမျိုးသားရင်ကြားစေ့ စည်းလုံးညီညွတ်မှုကို ရရှိကာ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်ကောင်း အသီးအပွင့်များ ခံစားရမည်ဖြစ်ပါသည်။
´ဒေါင်းငှက်က အမြီးကိုချစ်၊ လူကအမျိုးကိုချစ်´ဟူသည့် ကရင်စကားပှုံနှင့်အညီ စစ်မှန်သော မျိုးချစ်သူတို့ နှလုံးသား၌ ကိန်းဝပ်များပြားစေပြီး မြင့်မြတ်သော အမျိုးသားရေး စိတ်ဓာတ်ကောင်းတို့ဖြင့် မိမိတို့၏ စာပေ၊ယဉ်ကျေးမှု၊ အနုပညာ၊ အတတ်ပညာ၊ ရိုးရာဓလေ့များ သူများထက် အောက်မကျရလေအောင် တင့်တင့်တယ်တယ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။
ရှင်တောပျော် (တောင်ကလေး) (၁၀)နှစ်ပြည့် ကရင်စာပေသင်တန်း အထိန်အမှတ် (ဒုံလီကျေးရွာ)မဂ္ဂဇင်းမှ ပြန်လည်ဖော်ပြပါသည်။
http://kda2005.blogspot.com/ မှတဆင့်ပြန်လည်ဖေါ်ပြပါသည်။
No comments:
Post a Comment