ရဲဘော် ကမ်ပူးခြား
Sunday, June 27, 2010
ဒီနေ့ ဒီအချိန်အထိ ဦးငြိမ်းအမည်ကို ကြားဖူးသူ နည်းပါလိမ့် မယ်။ နာမည်တူကတော့ များလှတယ်။ ရှစ်လေးလုံးအရေး တော်ပုံကြီးက မွေးဖွားပေးလိုက်တဲ့ ကျောင်းသားတပ်မတော် ရဲ့ ရဲရင့်တဲ့ တပ်သားကောင်းကြီးတယောက်ပါ။ မုတ္တမ ပုလဲ ရတနာ ဘုန်းတော်ကြီးကျောင်းမှ ရဟန်းတပါးလည်း ဖြစ်ခဲ့ပါ တယ်။
မျိုးချစ်စိတ်ဓာတ်ပြင်းထန်လွန်းလို့ ကျောင်းသား ကျောင်းသူ တွေရဲ့ ဒီမိုကရေစီတိုက်ပွဲနဲ့ စစ်အာဏာရှင်အောက်က ဘ၀ တွေလွတ် မြောက်ရေးအတွက် ဘုန်းတော်ကြီးဘ၀ကို စွန့်၊ မုတ္တမအထွေထွေသပိတ်စခန်းကို ရောက်လာခဲ့သူ ဖြစ်ပါတယ်။ သပိတ်စခန်းက ညွှန်ကြားတဲ့ အလုပ်တွေကို အရွယ်နဲ့မလိုက် အောင် တက်တက်ကြွကြွ ဆက်သွယ်ဆောင်ရွက်ပေးနိုင်သူတဦးလည်း ဖြစ်ပါတယ်။
စစ်တပ်က အာဏာမသိမ်းခင် ရက်ပိုင်းလောက်မှာပဲ ပြည်တွင်းအခြေအနေတွေရဲ့ တောင်းဆိုမှုအရ လက်နက်ကိုင်တော်လှန်ရေးလုပ် ဖို့ ကရင့်လွတ်မြောက်ရေးနယ်မြေ တပ်မဟာ (၆) ရှိ အဇင်းရွာကို အင်အား ၅၀ နီးပါးနဲ့ အကူအညီရယူဖို့ တက်လာခဲ့ကြပါတယ်။ အဇင်းရွာမှာခေတ္တကြာပြီးတော့၊ “ဝေါလေ”..၊ အဲဒီကတဆင့် သံလွင်မြစ်နဘေးရှိ KNU၊ KNLA တပ်ရင်း (၂၀) ကို ရောက်ခဲ့ကြပါတယ်။ တပ်မမှူး ရွှေဆိုင်းရဲ့ အထူးညွန်ကြားချက်နဲ့ တပ်ရင်း (၂၀) မှာ စစ်သင်တန်း အထူးကွန်မင်ဒို တိုက်ခိုက်ရေးသင်တန်း တလတက်ရပါ သေးတယ်။ ဦးငြိမ်းက သင်းတန်းတက်ရင်း စားဖိုမှူးတာဝန်ကိုယူခဲ့ပါသေးတယ်။ သင်တန်းပြီးတော့ မာနယ်ပလော ကရင့်တောလှန် ရေး ဗဟိုဌာနချုပ်ဆီ ရောက်သွားပြီး ရှေ့တန်းဆင်းဖို့ လက်နက်များအကူအညီတောင်းကြပါတယ်။
ဗိုလ်ချုပ်မြကြီးကိုယ်တိုင် လက်နက်ကြီးငယ် ၅၀ ကိုပေး သစ္စာရေသောက်ကြပြီး မိမိတို့အဖွဲ့က KNU တပ်ဖွဲ့နှင့်ပေါင်းကာ ကျုံထော်၊ ကွီးလေးနယ်မြေဘက်သို့ ထွက်လာခဲ့ကြပါတယ်။ အဲဒီတုန်းက DAB စစ်ကြောင်းလဲ မဖွဲ့ရသေးပါဘူး..။ ကျောင်းသား၊ KNU မဟာမိတ် ပူးပေါင်းတဲ့.စစ်ကြောင်းတခုပဲ ရှိနေပါသေးတယ်။
ဒီစစ်ကြောင်းကြီးဟာ ကွီးလေးရွာနားရောက်ခဲ့ပါတယ်။ ကွီးလေးရွာထဲကို နံနက် ၉ နာရီရောက်ပါတယ်။ နံနက်စာစားဖို့ အမိန့်ရလာ တာကြောင့် ထမင်းချက်ကြ၊ ခေတ္တနားကြပါတယ်၊ ဦးငြိမ်းက ရွာထဲက မရမ်းသီးအစိမ်းတွေတောင်းပြီးတော့ ကျနော်တို့ကိုဝေပေးပါ တယ်။ မရမ်းထောင်းနဲ့ ပဲဟင်းက ပိုပြီးလိုက်တယ်လို့ပြောပြီး ပြန်ထွက်သွားပါတယ်။
ရန်သူ နဝတ စစ်ကြောင်းဟာ မိမိတို့ရှိနေတဲ့ ကွီးလေးရွာ ထဲဝင်လာတော့မယ်လို့ ရွာသားကသတင်းပို့တော့ ခပ်မြန်မြန်ပဲ တိုက်ပွဲဝင်ဖို့ ပြင်ဆင်ကြပါတယ်။ ရွာအပြင်မျက်ကွယ်ကောင်းတဲ့နေရာ ရန်သူစစ်ကြောင်းကို အလစ်အငိုက်ရမဲ့နေရာကို တပ်မှူးတွေက နေရာယူဖို့ အမိန့်ပေးတော့ အဆင်သင့်နေရာယူပြီး စောင့်နေကြပါတယ်။
ရဲဘော်တို့ ကျည်ထိုးထား လုံခြုံရေးခလုတ်ပြန်ပိတ် ခပ်တိုးတိုးအမိန့်က ရဲဘော်တိုင်းဆီရောက်လာခဲ့တယ်။
ကျနော့်အနေနဲ့ ပထမဆုံးကြိမ်မို့ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ လုံခြုံရေးခလုတ်ကိုမပိတ်မိ။ ရန်သူကို မိမိကလက်ဦးမှုအရင်ယူချင်သည်။ မိမိအရင်ဆုံးပစ်မှတ်ကို ယူချင်နေသည်။ လူငယ်၊ စိတ်လှုပ်ရှားလွန်းလို့သေနတ်ကို အောက်သို့ပြန်ချလိုက်ပြီး အသင့်ပြင်ထားသည်။ ရန်သူလည်းတက်လာသည်။ ခြေသံများပင်ကြားနေရသည်။ သေနတ်ပြန်အချတွင် တစုံတခုနဲ့ ညိပြီး ရုတ်တရက် ကျနော့်သေနတ် AR မှ ကျည်များ ပေါက်ထွက်သွားသည်။
ရန်သူများက သေနတ်သံကြားတော့ နောက်ဆုတ်နေရာယူကာ ကာပစ်ပစ်ပြီး ဆုတ်သွားကြသည်။ ကျနော့်အတွက်နဲ့ အပိုင်တပွဲ လွတ်သွားသည်။
KNLA က ရဲဘော်တွေက မကျေနပ်ကြ။ ဒေါသထွက်ပြီး ဒါ ရန်သူလူဖြစ်ရမယ် သူအချက်ပေးလို့ ရန်သူတွေနောက်ဆုတ်သွားပြီ ဒီလိုလုပ်တဲ့ကောင်ကို သတ်ပစ်ရမယ်လို့ ကြိမ်းမောင်းပြီး ကျနော့်ဆီကိုလာဖို့ လုပ်နေကြတယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့ရဲ့ ဒုရင်းမှူး ဦးရဲထွန်းနဲ့ တပ်ခွဲမှူးမောင်အေးက တားလိုက်ပြီး ဘယ်အချက်နဲ့သက်သေပြမလဲ ဒါကဖြစ်တတ်တာပဲ ပထမ ဆုံးပွဲပဲ။ မင်းတို့ခေါ်သွား ပြီး အပြစ်ပေးစရာမလိုဘူး…။ ငါတို့ ရဲဘော် ငါတို့အပြစ်ပေးမယ်ဆိုပြီး..။ ကျနော့်ကို မှောက်ခိုင်းပြီး ခါးကို ၀ါးကိုင်းနဲ့ ခပ်ပြင်းပြင်း ၂ ချက် ရိုက်လိုက်တယ်။ ပြီးတော့ ဒို့ဆက်လုပ်မယ်ပြောပြီး ခွဲမှူးနဲ့အတူ နောက်ဆုတ်သွားတဲ့ ရန်သူတွေနောက်ကို ခပ်ပြင်းပြင်းလေး လိုက်ကြတယ်…။
ရန်သူနောက်မြီးပိုင်းကို မီသွားတယ် ရန်သူက သတိထားပြီး စနစ်တကျဆုတ်နေတော့..။ အတော်လေးသတိထားပြီး လိုက်ကြရတယ်။ နယ်မြေကျွမ်း ဖြတ်လမ်းသိတဲ့ KNLA က ရဲဘော်တွေနဲ့ နောက်ကပိုင်းတယ်။ အတင့်ရဲလွန်းတဲ့ အန္တရာယ်များလွန်းတဲ့ လုပ်ရပ်တွေ ဖြစ်ပေမဲ့ ကျောင်းသားရဲဘော်တွေက လွတ်သွားတဲ့ ရန်သူကို အမိအရ ပြန်ချေမှုန်းနိုင်ဖို့ စိတ်စောနေကြတယ်။ ရန်သူ့စစ်ကြောင်းကို အမြီးပိုင်းက ဖြတ်တောက်ချေမှုန်းဖို့ စဉ်းစားနေကြတယ်။ ဖြတ်တိုက်ပြီး အလျင်ဆုတ်ဖို့လည်း အမိန့်ပေးထားတယ်။ နဝတ မကြာခင်ပဲ လွတ်သွားတဲ့စစ်ကြောင်းကို မီလာတယ်။
လျှိုတခုရဲ့အဆင်း သတ်ကွင်းအနေအထားကောင်းတခုမှာ အပိုင်စောင့်ကြတယ်။ ရန်သူက စနစ်တကျဆုတ်နေတာမို့ သတ်ကွင်းက နဲနဲကျဉ်းလေးသွားတယ်။ ရန်သူ့ နောက်ဆုံးတပ်စိတ် တစိတ်လောက်အကျန်ခန့်မှန်းပြီး KNLA ရဲဘော်တွေက ဖြတ်တိုက်ပြီး ဆုတ် သွားကြတယ်။ အဲဒီအချိန်မှာ ဦးငြိမ်းက လက်ကျန် ဖရိုဖရဲဖြစ်တဲ့ ရန်သူ ၄ ယောက်လောက်ကို တက်ရှင်းနေတယ်။ ရန်သူ ၂ ယောက် လောက်ကျသွားတယ်။ ပါးစပ်ကလည်း …
“ကျောင်းသားတပ်ကွ” …ဟု
ဆက်တိုက်အော်ပြီး လိုက်ပစ်နေတယ်။
“ဦးငြိမ်း…ဦးငြိမ်း…ဆုတ်..ဆုတ်တော့”.. ဟု
ပြောနေသော တပ်ခွဲမှူးအမိန့်ကို မကြားတော့ပဲ အတင်းတက်ပစ်တော့တယ်။ သိပ်မကြာလိုက်ပါ ဦးငြိမ်းတယောက် နောက်လန်ကျ သွားတာကို တွေ့လိုက်ကြရတယ်။
တပ်ခွဲမှူးက ဦးငြိမ်းကို ပြန်ထမ်းလာခဲ့ပြီး ဦးငြိမ်းကျသွားပြီလို့ ပြောပါတယ်။ သေနတ်သံများလည်း တဖြည်းဖြည်းနဲ့ ဝေးသွားပါတယ်။ ဦးငြိမ်းရဲ့အလောင်းကို ကွီးလေးချောင်းဘေးနားက တောင်ကုန်းမို့မို့လေးမှာပဲ မြှုပ်နှံခဲ့ပါတယ်။
ကျနော် … တိတ်ဆိပ်စွာနဲ့ပဲ တယောက်တည်း မျက်ရည်ကျခဲ့ရတယ်။
ကျနော်တို့ ဦးငြိမ်းကို ဦးညွှတ်အလေးပြုခဲ့ကြတယ်။
နောက်ထပ် တိုက်ပွဲတွေရှိရာကို စစ်ကြောင်းဆက်ထွက်ခဲကြတယ်။
ခွင့်လွှတ်ပါ ဦးငြိမ်း…
ကျနော့် ဒီတသက်မေ့မရနိုင်တဲ့ ပထမဆုံးတိုက်ပွဲရဲ့အတွေ့အကြုံပါ…။
ကျနော် ကဗျာမရေးတတ်ပါ။ ၃ တန်းအောင်ပြီး ၄ တန်းနှစ်မှာ တောထဲရောက်ခဲ့ပါသည်။ တောထဲမှာပဲ တိုက်ရင်းခိုက်ရင်းနဲ့ အကိုကြီး တွေဆီက စာကို အချိန်ရသမျှ သင်ယူပါတယ်။ သူတို့ရေးသော ဖတ်သောကဗျာလေးများက နားထောင်ကောင်းပါတယ် ကျနော် လည်း ရေးချင်တယ်။ ရေးပါလို့အားပေးတဲ့ နောင်တော်ကြီးတွေဆီက ကဗျာရေးပို့တော့ သူတို့က တည်းဖြတ်ပေးကြပါတယ်။
ခုလည်း ကျနော်ခံစားနားလည်းသလို စပ်ဆိုပြီး ဦးငြိမ်းကို ဂုဏ်ပြုလိုက်ပါတယ်။
အတိတ်က ပုံရိပ်
ပုံရိပ်အထင်ရှားလျှက်
အကြင်နာတရားတွေက သူ့နှလုံးသားထဲ
စုပြုံ .. ။
ဒါပေမဲ့ သူဟာ သူမျက်လွှာကို မှိတ်ပစ်ခဲ့တယ်။
သူ့မျက်ဝန်းထဲက ပုံရိပ်တွေက
ပျိုမြစ်စိမ်းလန်းခြင်း။
သူ့အသိ အာရုံထဲမှာ အလွန်ရဲရင့်တဲ့
နီလွင်ရင့်ရင့်အရောင်တွေ…။
သူ့ရဲ့အကြားအရုံထဲမှာလည်း
ငရဲပွက်ထ
အသံတွေ ဆူဆူညံညံနဲ့။
ဒါကြောင့် သင်္ဃန်း ဝတ်ရုံဖယ်ရှား
စိတ်ပုတီးကို ဘုရားစင်ပေါ်မှာ ထားခဲ့ပြီ…။
နံရံက ဓား
အဓမ္မကိုရင်ဆိုင်ဖို့ ကိုင်ဆွဲ…။
မတရားမှုတွေ
သွေးတွေ..
မျက်ရည်စက်တွေ.. အတွက်
မောင်းပြန်ကိုကိုင် ဒေါင်းအလံအောက်မှာ
တော်လှန် အသက်ပေးလှူခဲ့တယ်။
ကောင်းကင်ထက်က ကြယ်တပွင့်ပါ ဦးငြိမ်း။
ရဲဘော် ကမ်ပူးခြား
(ABSDF)
2010
Photo by: http://burmeserebel.blogspot.com/
No comments:
Post a Comment