Sunday, September 4, 2011
မြစ်ဆုံသို့ (ငြိမ်းအေးအိမ်)
၁။ ကျနော်ဟာ သာမာန်စာဖတ်သူတဦး လမ်းဘေးက layman တဦးသာဖြစ်ကြောင်း ကြိုတင်အသိပေးပါတယ်။ ကျနော် ပြောလိုတဲ့ အကြောင်းအရာက (ငွေတမတ်နဲ့ ငါးကြင်းခေါင်း ကိုင်ချင်သူလို) မြစ်ဆုံ ရေကာတာနဲ့ ပတ်သက်တဲ့အ ကြောင်း ဖြစ်လို့ပါပဲ။ အဲတော့ဗျာ၊ ကျနော်ဥာဏ် တထွာတမိုက်နဲ့ မတန်မရာတွေပြောမိတဲ့ ခုလိုအခါမျိုးမှာ အမှားတွေပါ တာ၊ နည်းပညာ၊ အတတ်ပညာနဲ့ မနီးစပ်တာ၊ မတော်မလျော်တာတွေ ပါနိုင်ပါတယ်။ အဲဒီအခါမျိုးမှာ၊ လမ်းညွှန်ပေးပါ၊ တည့်မတ်ပေးပါ၊ ဆုံးမပေးပါ၊ နာရင်းဝင်ရိုက်ပေးကြပါ ခင်ဗျား။
၂။ “ဧရာဝတီကို ကာကွယ်ကြ” ခေါင်းစဉ်ဟာ ခုတလော (လိုအပ်ချက်အရကို) မြည်ဟည်း ကျယ်လောင်နေပါတယ်။ ကန့် ကွက်ရန်မရှိပါ။ မြန်မာမှန်ရင်၊ မြန်မာ့နယ်နမိတ်အတွင်း မွေးဖွားရှင်သန်လာသူ (မည်သည့် တိုင်းရင်းသားမဆို) တိုင်းဟာ ဧရာဝတီနဲ့ဆိုင်ပါတယ်။ ဧရာဝတီကိုချစ်ကြတယ်။ ချစ်ဖို့တာဝန်ရှိတယ်လို့ ခံယူထားပါတယ်။ ဒီတော့ ပြောကြဆိုကြ၊ ပါဝင် ဆွေးနွေးနေကြပါတယ်။ လုပ်သင့်တဲ့ ကောင်းတဲ့ ကိစ္စပါပဲ။
၃။ မြစ်ဆုံစီမံကိန်းစနေတာ နှစ်တချို့ကြာနေပါပြီ။ အစဦးပိုင်းမှာ သိပ်ပြောဆိုသံတွေ မကျယ်လောင်ပေမယ့် ဒီလပိုင်းမှာ တော့ ကျယ်ကျယ်လောင်လောင် (တတ်နိုင်သမျှ ပြည့်ပြည့်စုံစုံ) အလွှာပေါင်းစုံက ဆွေးနွေးပြောဆိုလာကြတာကို တွေ့ရ ပါတယ်။ အရင်ကပြောဆိုခွင့်မသာလို့ အသံတွေငြိမ်နေပြီး၊ ဒီမိုကရေစီအစိုးရသစ်တက်လာချိန်မှာ ပြောရေးဆိုခွင့်နည်း နည်းရှိလာလို့ တိုးတိုးပြီး (တိုးတိုးလေးမဟုတ်) ကျယ်ကျယ်လောင်လောင် ပြောဆိုလာကြတာလို့ ယူဆပါတယ်။ ဒါလည်း ကိစ္စကောင်းပါပဲ။ အဲသလို ပြောကြလို့သာ ဘာမှမသိတဲ့သာမာန်လမ်းေးဘးက လေးမဲန်းတွေ သိခွင့် နာကြားခွင့် ရခဲ့ပါတယ်။ မျက်စိပွင့်လို့ နားလည်းစွင့်နေရပါတယ်။
၎။ ခုတလော အချိန်ရရင် ရသလို “မြစ်ဆုံ” ကို “မြစ်ဆုံး” မဖြစ်စေချင်လို့ စိုးရိမ်သောက ဗလပွနဲ့ ၀င်ရောက်ဆွေးနွေးတဲ့ ဆွေးနွေးမှုတွေကို လက်လှမ်းမီသလောက် ဂရုတစိုက်ဖတ်ဖြစ်ပါတယ်။ အဲဒီအခါမှာ “ထောက်ခံသူ” နဲ့ “ကန့်ကွက်သူ” ဘက် နှစ်ဘက်ရဲ့ အသံတွေကိုကြားရပါတယ်။ ထောက်ခံသူတွေဘက်က ပွင့်လင်းမြင်သာမှုမရှိသော အဆိုတွေရယ်၊ ကန့်ကွက်သူတွေဘက်က အစိုးရိမ်လွန်ကာ ခံစားချက်ရှေ့တန်းတင် ပြောဆိုဆွေးနွေးတာတွေရှိတယ်လို့ ခံစားရပါတယ်။
“ကျနော်တို့လည်း ကိုယ့်နိုင်ငံကို ချစ်တာပါပဲဗျာ” ဆိုတဲ့ စကားတခွန်းနဲ့ (မှန်ကောင်း မှန်နိုင်ပေမယ့်) ပွဲသိမ်း လိုက်ကာ ချ လိုက်လို့ မရဘူးထင်ပါတယ်။ ကျနော်တို့ (နှစ်ဘက်စလုံး) ဟာ အချက်အလက်မှန်တွေဆီချည်းကပ်လို့၊ ထင်သာမြင်သာ သောဆွေးနွေးမှုတွေ၊ ပါဝင်ပတ်သက် ဆုံးဖြတ်နိုင်ခွင့်တွေပေးလို့ တမျိုးသားလုံးနဲ့ဆိုင်တဲ့ ပြဿနာကိုဖြေရှင်းရရင် အဖြေ တခုဆီ အမြန်ဆုံးရောက်ရှိနိုင်လိမ့်မယ်ထင်ပါတယ်။ အားလုံးလည်း မေတ္တာမပျက် ချစ်ချစ်ခင်ခင်ရှိလျက်ပေါ့။ (အမျိုးသား ပြန်လည်ပေါင်းစည်းမှုဆိုတာ မရသရွှေ့ ကျနော်တို့လိုချင်တဲ့ ငြိမ်းချမ်းသာယာဝပြော တန်းတူညီမျှသော ရွှေပြည်တော် ဟာလည်း မျှော်လေတိုင်း ဝေးနေမှာပါပဲ)
၅။ တိုင်းပြည်ရဲ့ ထိပ်တန်းလုံခြုံရေးဆိုင်ရာ ကိစ္စ မဟုတ်လို့ ပြည်သူတွေလည်း သိထားသင့်တဲ့အချက်အလက်တွေဖြစ်လို့ နိုင်ငံတော် တာဝန်ရှိသူတွေကဖြစ်ဖြစ်၊ သတင်းစာဆောင်းပါးရှင် “လျှပ်စစ်ဝန်ထမ်းတဦး” နဲ့ “ကျော်မင်းလူ (ရွှေပြည် သာ)” ကဖြစ်ဖြစ် အောက်ပါပြည်သူတွေကသိလိုလို့ ထုတ်ဖေါ်မေးမြန်းထားတဲ့ မေးခွန်းများကို ဖြေကြားပေးရင်ကောင်း မယ်ထင်ပါတယ်။
ပြည်သူတွေ စိတ်အေးချမ်းသာရှိဖို့ပါ။ အဖြေတွေဟာ အပြစ်ထက် အကျိုးပိုများတယ်လို့ ခိုင်ခိုင်လုံလုံသိလာတဲ့ ဘယ်သူမ ဆို ကိုယ်တွေ့အကျိုးရှိမယ့် ရလာဒ်အတွက် ငြင်းဆန်ကြ၊ ကန့်ကွက်ကြမယ်မထင်ပါ။ ခုဟာက ဘာဘာ ဘာမှမသိရတဲ့ ပြည်သူတွေမှာ စိုးရိမ်သောကအပြည့်နဲ့ မေးခွန်းထုတ်နေရတာပါ။ ပြည်သူဆိုတာ တိုင်းပြည်ရဲ့အမိ တိုင်းပြည်ရဲ့အဖပါ။ သူ့မြေ သူ့ရေမှာ ဖြစ်လာမယ့်အကျိုးဆက်တွေကို အိမ်ထောင်ဦးစီး အဖေနဲ့အမေသိခွင့် ရှိကိုရှိရပါ့မယ်။ သက်ဆိုင်သူများ ဖြေကြည့်ကြရအောင်လား။ ထင်သာမြင်သာပေါ့။
ပထမမေးခွန်းအုပ်စုကတော့ facebooker “ကြည်ဝါထွန်း” ရဲ့ မေးခွန်းတွေပါ။
(က) ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်ရလာဒ်နှင့် ဆုံးရှုံးမှုမှ တန်ဖိုးခွဲဝေမှုရှင်းတမ်း (Project Cost and Profit & Loss Ratio)
(ခ) နိုင်ငံတခုနှင့်တခု စီမံကိန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် ဖြစ်ပေါ်လာနိုင်သောဆိုးကျိုးများအားလုံးအတွက် အပြည့်အ၀ပြန်လည်အစားထိုးပေး ကာကွယ်ပေးနိုင်သည့် အာမခံချက် ( Policital Risk Insurance) (ဂ) ကမ္ဘာ့ဘဏ် တွင်ထားရှိသော ရင်းနှီးမြှုပ်နှံသူ၏ စီမံကိန်းဆိုင်ရာ ကုန်ကျစရိတ်နှင့် တိုက်ရိုက်မပတ်သက်သော သတ်မှတ်ထားသည့် ငွေကြေးအာမခံချက် (Banker’s Guarantee from World Bank) (အကျယ်ဖတ်လိုသူများ ကြည်ဝါထွန်းရဲ့ fb စာမျက် နှာမှာ သွားဖတ်ကြစေ့ချင်ပါတယ်။) ပြည်သူတွေအတွက် ဘယ်လောက်အကျိုးအမြတ်ရှိလည်း အာမခံချက် ဘယ် လောက်ရှိလဲဆိုတဲ့ အမြင်ကထွက်ပေါ်လာတဲ့၊ (အများပြည်သူလည်း သိသင့်တဲ့) မေးခွန်းများလို့ ထင်ပါသဗျာ။
နောက်တယောက်ကတော့ facebooker “နိုင်ထူးအောင်” ပါ။
သူကတော့ အင်ဂျင်နီယာ (သို့မဟုတ်) အဲဒီ တည်ဆောက်မှု အတတ်ပညာနဲ့ ကျွမ်းဝင်သူဖြစ်ဟန်တူပါရဲ့ (သူဘယ်သူလဲ ကျနော်မသိပါ)။ သို့သော် အောက်ပါ သူ့မေးခွန်းလေးတွေကို ကျနော်လည်း သိချင်နေပါတယ်။
(က) ငလျင်ဒဏ်ခံနိုင်တယ်ဆိုတာ၊ structure တွက်တဲ့အပိုင်းအပေါ် အများကြီး မှီတည်နေတာမျိုးပါ။ Magnitude ဘယ် လောက်ခံနိုင်အောင် ထည့်သွင်း Design လုပ်ထားတဲ့အပေါ်မူတည်ပါတယ်။ RC တိုက်တလုံးကို Magnitude 8 ခံနိုင် အောင်လည်း တွက်လို့ရတယ်။ 4 လောက်ပဲ ခံနိုင်အောင်လဲ တွက်လို့ရပါတယ်။ “ကျော်မင်းလူ” ရဲ့ ဆောင်းပါးမှာ မြစ်ဆုံ ဆည်ဟာ ငလျင်ဒဏ်ခံနိုင်အောင် CFRD type ကိုရွေးချယ်ထားတယ်လို့ ပြောတဲ့အပေါ်မှာ type က အဓိကမကျ ရွေးချယ်တဲ့ structure သာ အဓိကကျကြောင်း ထောက်ပြတာပါ။
(ခ) ဆောင်းပါးရှင်ရဲ့ “တမံရဲ့ သိုလှောင်ရေပမာဏဟာ စီးဝင်ရေပမာဏရဲ့ ၇ ဒဿမ ၆ ရာနှုန်း သာရှိတဲ့အတွက် ကျန် စီးဝင်ရေ ၉ ၂ ဒဿမ ၄ ရာနှုန်းဟာ ဧရာဝတီမြစ်ထဲကို နဂိုမူလအတိုင်း စီးဝင်နေမှာသာဖြစ်ပါတယ်” ဆိုတဲ့ တင်ပြမှုကို “ရေပိုလွှဲရဲ့ Capacity မသိ turbine တွေက ဘယ်လောက်နှုန်းနဲ့ ရေပြန်ထွက်လာမှာလဲ မပါဘဲ ဘာအခြေခံနဲ့ ပြောတာ လဲဗျ” လို့ မေးပါတယ်။ (ခင်ဗျားတို့က နိုင်ငံအကြီးအကဲတွေမို့ ရှင်းလင်းဆောင်ကို ဖိတ်ပြီး ဒါတွေကို ရှင်းပြနေရဦးမှာ လားလို့ ပြန်ပက်ရင်လည်း ခံရမှာပါပဲ။) ကျနော်တို့က သာမာန်ပြည်သူတွေဆိုတော့ မေးခွန်းများရဲ့ အဖြေကို သိလိုစိတ် ကြီးလှပါတယ်။
Burma River Network က “မအားနန်” ကတော့၊ ရေလွှမ်းဧရိယာက မလွတ်လို့ ရွှေ့ပြောင်းပေးထားရတဲ့ “အောင်မြေ သာစံပြကျေးရွာ” ဟာ ဒုက္ခသည်စခန်းနဲ့ အတူတူပဲလို့ ဆိုပါတယ်။ 9-8-11 သတင်းစာမှာတော့ “ယင်းတို့၏ နဂိုရှိရင်းစွဲ အဆင့်အတန်းထက် ပိုမိုကောင်းမွန် မြင့်မားစွာ တည်ဆောက်အကောင်ထည်ဖေါ် နေရာချထား ပေးခဲ့ပြီဖြစ်သည်” လို့ ဆိုပါတယ်။ ဘယ်ဘက်က မှန်သလဲတော့ သွားမကြည့်ရသေးတဲ့ ကျနော် မသိပါ။ အဲဒီဒေသခံ အောင်မြေသာမှာ နေထိုင် တဲ့ ပြည်သူတွေရဲ့အသံကိုကြားရရင်တော့ ဒီအဆိုတွေ မှန်မမှန်သိရမှာပေါ့။ international River Network ရဲ့ စာတမ်း တခုမှာတော့ ထိုင်း၊ အိန္ဒိယ၊ ဘရာဇီးက ရွှေ့ပြောင်းခံရသူတွေရဲ့အသံကို ကြားရပါတယ်။ “ရေကာတာဘေးဒဏ်ခံနေရ သူများ၏ သဘောတူညီချက်မရရှိဘဲ မည်သည့်ရေကာတာမှ ဆောက်ခွင့်မရှိဟု အပြည်ပြည်ဆိုင်ရာ ရေကာတာကော် မရှင်က ဆိုသည်” ဆိုတာလည်း ဖတ်ရပါတယ်။ ဒါပေမယ့် မြစ်ဆုံရေကာတာမှာ ပြောင်းရွှေ့ခံရသော လူဦးရေနဲ့ ထွက်ရှိ မယ့် မီဂါဝပ်အချိုး (People Displace/MW) အရဆိုရင်တော့ ဆည်ဆောက်ရန်တွက်ချက်စဉ်းစားရာမှာ သင့်လျော်သော အချိုးအစားတခု ဖြစ်နေတာလည်း တွေ့ရပြန်ပါတယ်။ ရေရှည်မှာ ရွှေ့ပြောင်းခံရသော လူတွေရဲ့ အနာဂတ် အာမခံချက် ရှိရေးဟာ အလွန်အရေးကြီးလှတာလည်းတွေ့ရပါတယ်။ တချို့နိုင်ငံက ဆည်တွေ ဆည်မဆောက်ခင်ပေး တဲ့ကတိက တ မျိုး၊ ဆည်ဆောက်ပြီးတော့ စားပြီးနားမလည်လုပ်ရင်း အဲဒီလူတွေရဲ့အနာဂတ်ရေးရာကို ပစ်ပယ်ထားတာ တွေ့ရလို့ပါပဲ။
မြစ်ဆုံသို့ (၂)
၆။ သတင်းစာမှာ မြန်မာပြည်က BANCA အဖွဲ့နဲ့ တရုတ်ပြည်ကပညာရှင်တွေအဖွဲ့ စူးစမ်းလေ့လာပြီးတင်ပြခဲ့တဲ့ (စာမျက် နှာ ၅၆၉ မျက်နှာ) ပါ စာတမ်းရဲ့ ကောင်းမွန်အားသာချက်တွေကို ဖေါ်ပြထားတယ်။ ကန့်ကွက်သူများဘက်က စာမျက် နှာ (၉၀၀) ကျော် ပါတယ်ဆိုတဲ့ BANCA နဲ့ CPI တို့ရဲ့ စူးစမ်းတွေ့ရှိချက်မှာ မြစ်ဆုံရေကာတာကို မတည်ဆောက်သင့်ဘူး လို့ပြောထားကြောင်း အခိုင်အမာ ဆုပ်ကိုင်ကြတယ်။ (စာတမ်းဟာ တခုတည်းလား၊ နှစ်ခုလား၊ အတူတူလား၊ မတူဘူး လား၊ ကျနော်တို့မသိနိုင်/သိခွင့်မရနိုင်ခဲ့ပါ) အုပ်ချုပ်မှုဒါရိုက်တာဦးဝင်းမျိုးသူရ၊ စီးပွားရေးနှင့် ဂေဟစနစ်ဖွံ့ဖြိုး တိုးတက် ရေးအဖွဲ့ (ECODEA) က၊ “ တရုတ်ကလုပ်တဲ့ EIA (Environmental Impact Assessment) ထဲမှာလည်း မဆောက်သင့် ဘူးလို့ ရေးထားတာ ဆရာတို့ ဖတ်ရတယ်။ EIA Report အရကတော့ ဒီနေရာမှာ ဆည်မဆောက်သင့်ဘူးလို့ သုံးသပ် ထားတယ်။ အထက်ဘက်နေရာမှာ ပြောင်းဆောက်ဖို့လိုတယ်လို့ ရေးထားတယ်။ အဲဒီ အချက်တွေကို တိတိကျကျလိုက် နာဖို့ လိုတယ်။” လို့ သြဂုတ်လ (၁၀) ရက်နေ့ ညနေသုံးနာရီမှာ ပြောဆိုခဲ့ကြောင်း အင်တာနက် စာမျက်နှာတွေပေါ်မှာ ပေါ်လာတယ်။ ကော်မဲန့် တနေရာမှာ အဲဒီစာမျက်နှာ (၉၀၀) ကျော်ပါတဲ့ အစီရင်ခံစာဟာ အတု ဖြစ်ပြီး၊ အစစ်က BANCA နဲ့ CPI ရုံးတွေမှာ သိမ်းဆည်းသော့ခတ်ထားပြီး အပြင်ကိုပေါက်ကြားဖို့ မဖြစ်နိုင်ကြောင်း ပြောလာတယ်။ ဘယ်ဟာက အမှန်လဲ၊ ဘယ်ဥစ္စာက အမှားလဲ၊ ဘယ်သူက နဝေတိမ်တောင်လုပ်နေတာလဲ၊ ဘယ်သူက လမ်းလွဲကြီးဆီ ဆိုင်းဘုတ် ညွှန်ပြနေတာလဲ။ layman ကျနော်မှာ မစဉ်းစားတတ်။ ရွာတင်မက မြို့ပါပတ်ခဲ့ရပါတော့တယ်။
၇။ တကယ်လို့များ စာမျက်နှာ (၉၀၀) ကျော်ပါတယ်ဆိုတဲ့ BANCA နဲ့ CPI တို့ရဲ့ စူးစမ်းတွေ့ရှိချက် EIA Report ကြီးဟာ အမှားဆိုခဲ့ရင် ဒီစီမံကိန်းကို ကန့်ကွက်နေသူတွေဟာ အသုံးချခံဖြစ်သွား မျက်ကန်းများဖြစ်သွား နိုင်ပါတယ်။ အဲဒီ EIA Report ကြီးသာ အမှန်ဆိုရင်တော့ အကြောက်အကန်ငြင်းဆန်နေသူများဘက်မှာ ပြဿနာကြီးကြီးမားမား ရှိနေပါပြီ။ မပွင့်လင်းမှု၊ မရိုးသားမှု၊ ထိန်ချန်မှု၊ ကိုယ်ကျိုးစီးပွားကြည့်မှု၊ လာဘ်ယူလာဘ်စားမှု စသဖြင့် ထိုးလာမယ့်လက်ညှိုးပေါင်း သိန်းသန်းကို မြင်ယောင်နေမိပါတယ်။
အဲသလိုပဲ၊ သတင်းစာမှာ “တံတားခုနှစ်စင်း တည်ဆောက်မှာဖြစ်ပြီး၊ တံတားများ၏ခံနိုင်ဝန်မှာ တန် (၈၀) ဖြစ်သည်” လို့ ဖေါ်ပြထားသလို၊ အဲဒီဖေါ်ပြချက်ပေါ်ထွက်မလာခင် နှစ်လသုံးလအလိုလောက်ကတည်းက တန်(၈၀) ၀န် ခံနိုင်တဲ့တံ တားတွေပါဝင်တဲ့လမ်းများ ဒီစီမံကိန်းမှာ ဖေါက်လုပ်တည်ဆောက်ဖို့ရှိနေကြောင်း၊ တန် (၈၀) အလေးဆိုတာ တင့်ကားနဲ့ အခြားသော စစ်သုံးယန္တရားကြီးများ ဖြတ်ကျော်နိုင်အောင် လုံလောက်တဲ့ အခြေအနေရှိတာမို့ တရုတ်ဟာ မဟာဗျူဟာ ကျကျစဉ်းစား ရင်းနှီးလုပ်ကိုင်နေတာဖြစ်ကြောင်း စာတမ်းတစောင် အင်တာနက်ပေါ်မှာ ပေါ်ထွက်ခဲ့ဖူးတယ်။ (ဖတ်ရုံသာ ဖတ်ပြီး၊ လင့်ခ် မှတ်မထားမိတဲ့အတွက် ပြန်လည် မညွှန်းဆိုပြနိုင်တာ ခွင့်လွှတ်ပါ။) အဲသလို တိကျတဲက အချက်အလက် တွေ ဘယ်တာက ထွက်ခဲ့သလဲ။ ခင်ဗျားတို့ ဘယ်ဟာကို ယုံကြည်ကြသလဲ။ ကျနော်ကကော ဘယ်ဟာကို ယုံကြည်ရမှာ လဲ။ ယုံကြည်မှုတည်ဆောက်တယ်ဆိုတာ ပါးစပ်ပြောသာလွယ်ပြီး လက်တွေ့မှာအတော့်ကို မလွယ်တဲ့ အမျိုးပါ့ဗျာ။
၈။ ဆရာကြီး လူထုဦးစိန်ဝင်းက ဧရာဝတီမြစ်မှာ သောင်တွေထွန်းလာပြီ၊ အခြေအနေဆိုးလာပြီလို့ ညွှန်းဆိုတော့ သောင် ထွန်းတာဟာ ဆည်တွေကြောင့်မဟုတ်ပဲ၊ မတွက်မချက် မြစ်ဖြတ်တံတားတွေဆောက်ခဲ့လို့သာဖြစ်ကြောင်း တုန့်ပြန်ပြော ဆိုမှုတွေလည်း တွေ့ခဲ့ရတယ်။ Eleven ၁၁ နှစ်မြောက်အခမ်းအနား မိန့်ခွန်းနဲ့ လက်ခုပ်သြဘာ သောသောညံခဲ့တဲ့ ကိုသန်းထွဋ်အောင်တယောက် တကယ့်စေတနာ အပြည့်၊ ခံစားမှုဝေဒနာတပွေ့နဲ့ ဧရာဝတီကိုဆုံးရှုံးမှာ စိုးရိမ်စိတ်နဲ့ပြော ခဲ့တဲ့ အထဲမှာ “ဒီရေ၀ပ် ဧရိယာတွေလုပ်ရင် မြေပေါ်သယံဇာတတွေဖြစ်တဲ့ သစ်တောတွေ၊ tourist တွေလာနိုင်တဲ့ သမိုင်းဝင်နေရာတွေ၊ လှပတဲ့ ရေမြေတောတောင်တွေ၊ မြေအောက်သယံဇာတဖြစ်တဲ့ ရွှေ၊ ကျောက်စိမ်း၊ ရေနံနဲ့ အခြား သတ္တုတွေ ဆုံးရှုံးသွားမယ့်တန်ဖိုးတွေကို တွက်ချက်ထားပြီးပြီလား” ဆိုတဲ့ ဂရုဏာဒေါသောမေးခွန်းကို ရေ၀ပ်ဧရိယာမှာ ကျောက်စိမ်းမှော်တွေမရှိ၊ ကချင်မှာ ရေနံမရှိဆိုတဲ့ ထန်းလက်ကာ ငြင်းဆိုမှုတွေလည်း တွေ့ခဲ့ရပါတယ်။
အဲဒါနဲ့ တဆက်တည်းပြောခဲ့တဲ့၊ “သူတို့က ၇၀ ရာခိုင်နှုန်း အကျိုးအမြတ်ယူမယ်။ ပြည်ထောင်စုအစိုးရက ၂၀ ရာခိုင်နှုန်း၊ ကြားပွဲစားက ၁၀ ရာခိုင်နှုန်း ကချင်ပြည်နယ်အစိုးရနဲ့ ကချင်လူထုအတွက်ရော ဘယ်လိုစဉ်းစားထားသလဲ။ ဒီစာချုပ်ဟာ မမျှတဘူး” ဆိုတဲ့ မိုးကြိုးပစ်သလို ပြင်းထန်လှတဲ့ မေးခွန်းအတွက်တော့ တုန့်ပြန်သံစိုးစိမျှ မကြားလိုက်ရပါဘူး။
ဘာဖြစ်ဖြစ်၊ ဧရာဝတီ ချစ်စိတ် (အဲဒီခေါင်းစဉ်နောက်မှာ တိုင်းပြည် ချစ်စိတ်၊ အမျိုးကို ချစ်စိတ်၊ သာယာဖွံ့ဖြိုး မျှတသော လူနေမှုစနစ်ကို ချစ်စိတ်တွေပါဝင်မှာ မလွဲမသွေထင်ပါတယ်) နဲ့ ပြောကြဆိုကြသူတွေ၊ နိုင်ငံတော်ရဲ့ စီမံကိန်းကို ဖျက်လို ဖျက်ဆီး လုပ်တယ်ဆိုတဲ့ အယူအစွဲနဲ့ ကတ်ကတ်လန် ငြင်းဆန်သူတွေ အင်တာနက်လိုင်းပေါင်းစုံပေါ်မှာ ဗေါင်းလန် ဗြောင်းဆန်ခဲ့ပါတော့တယ်။
မြစ်ဆုံသို့ (၃)
Nyein Aye Eain on Friday, August 19, 2011 at 3:18pm
၉။ “မြန်မာဂလိုဘယ်လ် သတင်းဂျာနယ်မှ ဦးလင်းဘိုက မြစ်ဆုံကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုကို ရေအားလျှပ်စစ်စီမံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြီးစိုးက အခုမေးမြန်းချက်နှင့် ပတ်သက်၍ (၉/၈/၂၀၁၁) နေ့ သတင်းစာတွင် ဖေါ်ပြ ထားချက်မှာ မှန်မှန်ကန်ကန် ရေးသားထားတာဖြစ်ကြောင်း၊ အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ကိုယ်တိုင်ရေးသားထားသည့် ဆောင်းပါးဖြစ်ကြောင်း၊ EIA/SIA နဲ့ ပတ်သက်ပြီးပြောရရင် ဧရာဝတီမြစ် အထက်ပိုင်း စူးစမ်းလေ့လာမှုများ ပြီးခဲ့ပါပြီ၊ ဆက်လက်ပြီး ဧရာဝတီမြစ်အောက်ပိုင်း မြစ်ဝကျွန်းပေါ်အထိ စူးစမ်းလေ့လာနေဆဲ ဖြစ် ကြောင်း စသည်ဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။”” (weekly eleven 17-8-2100) အဲသလိုဖတ်ရတော့ သတင်းစာပါ အချက်အလက်တွေဟာ နိုင်ငံရဲ့ (တာဝန်ရှိသူ တဦး) က၊ (အချက်အလက် မှန်မှန်ကန်ကန်) နဲ့ တိတိကျကျ ရေးသား ဖေါ်ပြထားတဲ့ “မြစ်ဆုံ” နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ပဲလို့ မှတ်ယူရမှာပါ။
ဒါပေမယ့် အရာရာမှာ ဆိုးကျိုး/ကောင်းကျိုး ဒွန်တွဲနေတဲ့ ကိစ္စမို့၊ ဒီအရေးအသားကနေ မကောင်းတာတွေတော့ (မသိလို့ မဟုတ်) ထုတ်နှုတ်ဖေါ်ပြထားတာ မတွေ့ရပါ။ တာဝန်ရှိသူတဦးအနေနဲ့ ပြည်သူအများကို တင်ပြ (ချပြခြင်း မဟုတ်) ရာ မှာ ပြောသင့်တယ်ထင်သလောက်သာ ပြောထားပုံရတယ်လို့ သဘောပိုက်ရပါတယ်။ ပြောစရာတွေတော့ ကျန်နေဦး မှာပါ။။ အခြား ဆန့်ကျင်ဘက် အမြင်ရှိသူတွေရဲ့ ဆောင်းပါးပါ အချက်အလက်တွေ (အများစု) ကို ချေပမထားတာက လည်း စိတ်ဝင်စားစရာပါပဲ။ ပြည်သူတွေ စိတ်အေးအောင် နှပ်ဆေးလေးကျွေးလိုက်တာများလားလို့ တောင်တောင်အီအီ စဉ်းစား မိပါတယ်။ ဒီကိစ္စဟာ ဆေးမြီးတိုနဲ့ ပြီးမှာမဟုတ်၊ အဆိုးအကောင်း/အကျိုးအကြောင်းကို တိတိကျကျ/ပွင့်ပွင့် လင်းလင်းရှင်းပြပြီး အားလုံးနဲ့ ဆိုင်တဲ့အရေးမို့ အားလုံးပါဝင် ဆွေးနွေးဆုံးဖြတ်ခွင့်ရအောင်လုပ်တာသာ အသင့်လျော်ဆုံး နည်းလမ်း လို့ထင်မိပါသဗျာ။
တဆက်တည်းမှာပဲ သတင်းစာဆောင်းပါးကို ပြန်ဖတ်မိရဲ့။
“ရေကာတာမှ ရေထိမ်းသိမ်းမှုကြောင့်၊ မိုးရာသီကာလတွင်၊ ပုံမှန်မြစ်ရေထု စီးနှုန်းထက် ၃ ဒဿမ ၅ ရာခိုင်နှုန်း လျော့ နည်း စီးဆင်းမည်ဖြစ်သော်လည်း၊ နွေရာသီကာလ (နိုဝင်ဘာလမှ ဧပြီလအထိ) တွင် ရေလှောင်တမံမှ ရေထုတ်လွှတ်မှု ကြောင့် နွေရာသီ ပုံမှန်မြစ်ရေစီးဆင်းမှုထက် ၁၆ ရာခိုင်နှုန်း ပိုများလာမည်ဖြစ်သည်။ ထို့ကြောင့် တမံ၏အောက်ပိုင်း ဧရာဝတီမြစ်ကြောင်း တလျှောက်တွင် မြစ်ရေ ၁ ဒဿမ ၅ ပေခန့် မိုမိုမြင့်တက်လာနိုင်ကြောင်း လေ့လာတွေ့ရှိရသည်” လို့ ဆိုထားပါတယ်။ ဒါဆို ကျနော်တို့ဆီမှာ မြို့တွေ ရွာတွေရေကြီးမှု ဒုက္ခနဲ့ကြုံနေရတဲ့ မိုးတွင်းကာလမှာ မြစ်ရေလျှော့ပြီး ရေလိုတဲ့နွေမှာ မြစ်ရေတိုးမယ့် သဘောပေါ့။ ဖေါ်ပြထားတဲ့ ဇယားမှာ ကြည့်လိုက်တော့လည်း မြစ်ရေနည်းချိန်ဟာ မေ၊ ဂျွန်၊ ဂျူလိုင်၊ သြဂုတ်၊ အောက်တိုဘာလို့ တွေ့ရပါတယ်။
စက်တင်ဘာမှာတော့ ပုံမှန်အတိုင်းစီးပြီး ကျန်တဲ့လတွေမှာပုံမှန်ထက် ပိုစီးမယ့်သဘောပါပဲ။ နည်းပညာနားမလည်တဲ့ ကျနော်ကတော့ ဘာ့ကြောင့် ဒီလိုထိမ်းချုပ်နိုင်ရသလဲ မပြောတတ်ပေမယ့်။ Burma River Network က မ အားနန် ကတော့ “တရုတ်နိုင်ငံမှာ လျှပ်စစ်ဓာတ်အား ဘယ်လောက်လိုမှုအပေါ်မှာပဲ မူတည်ပြီးတော့ ဒီရေ (ဆည်ရေ) ကို အဖွင့် အပိတ်လုပ်မှာ ဖြစ်တယ်” လို့ ဆိုပြန်ပါတယ်။ သူ့ အဆိုဘယ်လောက် မှန်သလဲ။ ကျနော်မသိ၊ ရေအားလျှပ်စစ်ဓါတ်အား ပေးစက်ရုံနဲ့ ဆည်တွေရဲ့သဘောကို စောကျောနိုင်သူတွေသာ ဒီယူဆချက်နှစ်ခုရဲ့ မတူသောလားရာကို ဘယ်ဟာက မှန်တယ် ဆုံးဖြတ်ပေးနိုင်လိမ့်မယ် ထင်ပါတယ်။ တခါတရံမှာ ထဲထဲဝင်ဝင်မဖတ်ရှု မလေ့လာမိသေးပဲနဲ့ လူတွေဆီ မက်ဆေ့ခ်ျအမှားကြီး ပို့ပေးမိတာမျိုးဖြစ်မှာလည်း ကြောက်မိပါတယ်။
သြဂုတ်လ (၁၈) ရက်နေ့နေ့စွဲနဲ့ DVB ၀က်ဘ်ဆိုဒ်မှာ ဆည်ဆောက်ရေးကန့်ကွက်ဖို့ လူထုကို သဘောထားလက်မှတ် ကောက်ခံရာမှာ “ဧရာဝတီမြစ်ကြီးပေါ်မှာ ရေအားလျှပ် စစ်စီမံကိန်း (၈) ခု တည်ဆောက်ထားပါတယ်” လို့ ပြောဆို စည်းရုံး ကောက်ခံတယ်ဆိုတာမျိုးလည်း ဖတ်နေရပါသေးတယ်။ တက်ကြွမှု၊ အားထုတ်မှု၊ လုပ်သင့်တာကို အနာခံ လုပ်ဆောင်မှုတွေကို အားကျလေးစားပေမယ့်၊ သတင်းအချက်အလက် အမှန်ပေးမှုဆိုတာကလည်း ရေရှည်အတွက် အရေးကြီးတယ်လို့ သဘောပိုက်မိပါရဲ့၊
၁၀။ “ဆည်ဆောက်မယ့်နေရာက ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက် အရေးပါတဲ့နေရာဖြစ်တယ်။ ဆုံးရှုံးမှုက မြန်မာနိုင်ငံ အနေနဲ့တင် မဟုတ်ဘူး။ Globally Endanger ဖြစ်နေတယ်။ မြန်မာအတွက်တင် မကဘူး။ ကမ္ဘာအတွက်ပါ အရေးပါ နေတယ်။ ဒါကိုရော ဆန်းစစ်ပြီးပြီလား” လို့ မေးလာတဲ့ ဦးဝင်းမျိုးသူရရဲ့ မေးခွန်းတွေ နားထဲဝင်လာတယ်။
တဆက်တည်းမှာပဲ မြစ်ကြီးနားမြို့က ညစာစားပွဲတခုမှာ စားသောက်ရင်း ပြောဆိုဆွေးနွေးခဲ့တဲ့ ပတ်ဝန်းကျင်ထိမ်းသိမ်း ရေး စကားဝိုင်းလေးကို ရောက်သွားတယ်။ Traditions, Beliefs and Practices: Links with nature conservation in Kachin State စာအုပ်ကို ပြုစုခဲ့သူရယ် မြစ်ကြီးနား တက္ကသိုလ်ရုက္ခဗေဒဌာနက လက်ထောက်ကထိကတဦးရယ် ပါဝင် ပါတယ်။ ပညာရှင်တွေကတော့ အီမောဘွမ်ဒေသကို (ယခု မေခမြစ်အတွင်း ဆည်ဆောက်မယ့်နေရာများရဲ့ အရှေ့ဘက် ဘက်လျက်ကို) National Park အဖြစ်လုပ်ဖို့ (တကယ်တော့ အဲဒီအဆိုပြုချက်ကို ၁၉၉၀ လွန်နှစ် တွေကတည်းက တင် ပြခဲ့ဖူး ကြိုးပမ်းခဲ့ဖူး ပါပြီ) အကြောင်း၊ အီမောဘွမ်ဒေသရဲ့ ဇီဝဖြစ်စဉ်ကြီးသာ အကြောင်းကြောင်းကြောင့် ပျက်စီးခဲ့ရင် ကမ္ဘာ့ပတ်ဝန်းကျင်တခုလုံးပါ ပျက်စီးရုပ်လျှော့သွားနိုင်ကြောင်း သူတို့တွေ့ရှိချက်တွေကိုပြောတာ ပြန်အမှတ်ရပါတယ်။ (အဲဒီတုန်းက မြစ်ဆုံနဲ့ မေခ မေလိခမှာ ရေအားလျှပ်စစ်စက်ရုံတွေ ဆည်တွေဆောက်မယ်ဆိုတဲ့ စီမံချက်မပေါ်သေးပါ)။
တပြိုင်နက်ထဲမှာပင် ကျနော်၏ မထုတ်ဖြစ်သောစာအုပ်(ညှို့ငင်တောင်) မှ အောက်ပါစာပိုဒ်တချို့ကိုလည်း အမှတ်ရနေ ပါသည်။
“ရှေးဟောင်း၊ ရှေးဟောင်းဟု တကြော်ကြော်အော်နေတတ်သူများအတွက်မူ လွန်ခဲ့သော အီမောဘွမ်ဒေသသည် ဧရာမ ရှေးဟောင်း ပစ္စည်းကြီးဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော် နှစ်သန်းပေါင်း (၁၀ဝ) ကျော်က ယခု ဟိမဝန္တာတောင်၊ တိဘက်ကုန်းမြင့်နှင့် မြန်မာ့မြေတို့သည် ဆိပ်ငြိမ်ပင်လယ် (Tethys Sea) ကြီးအောက်က ကြမ်းပြင်သာဖြစ်သည်။ -{ဟိမဝန္တာတောင်ဖြစ်မှုဖြစ်စဉ်} သမိုင်း ပြီးနောက်တွင် မြန်မာနိုင်ငံ မြောက်ဖျားပိုင်းနှင့် အရှေ့မြောက်ဖျားပိုင်းတို့သည် အစောဆုံးမြန်မာ့ မြေလွှာအဖြစ် ရေပြင်ပေါ်ရောက်ကာ တောင်တန်းကြီးများအသွင် ဖြစ်တည်ခဲ့ခြင်း ဖြစ်သည်။ ဤမျှ စောသောမြေလွှာတွင် တည်ရှိခဲ့မည့် သက်ရှိသတ္တဝါများ၊ အပင်များ၏ ဖြစ်တည်မှုနှင့် ယင်းတို့မှ ရွေ့လျားတည်ရှိနေမည့် သဘာဝဗီဇများသည် ပညာရှင်တို့ကို ညှို့ယူဖမ်းစားနေခဲ့မည်မှာ သိပ်တော့လည်းမဆန်းသာ။
သူတို့က ထိုတောင်ဝန်းကျင်တခုလုံးကို နိုင်ငံတော်၏ အမျိုးသားဥယျဉ်ကြီး (National Park) အဖြစ် ထိမ်းသိမ်းစောင့် ရှောက်စေချင် ကြသည်။ စောင့်ရှောက်နိုင်အောင်လည်း ဝိုင်းဝန်းကြိုးပမ်းနေ ကြသည်။ ဟိမဝန္တာ တောင်စဉ်တန်း၏ အစိတ်အပိုင်းတခုဖြစ်ပြီး ကမ္ဘာ့ရှားပါး သစ်ပင်ပန်းမာန်များ၊ အင်းဆက်များ၊ သားကောင်များနှင့် ရှေးသစ်ပင်ကြီးများ ပေါကြွယ်ရာအဖြစ် လေ့လာမှတ်တမ်းတင်လျက်ရှိသည်။
ပညာရှင်တို့၏ စာတမ်းများတွင် စိတ်ဝင်စားဖွယ်ကောင်းသော ဇီဝမျိုးစိတ်ကြွယ်ဝမှုမျိုးစုံကို အံဘနန်းဖတ်ရှူခဲ့ရသည်။ ထိုအထဲမှာ ကျွန်တော့်စိတ်ကိုဆွဲဆောင်ခဲ့သော အချက်များစွာရှိခဲ့၏။ ကောင်းမွန်သော မြေသြဇာနှင့် (Microclimate)
ကိုလိုက်၍ ဆင့်ကဲဖြစ်စဉ် (Evolution) တိုးတက်မှုဖြစ်ပေါ်ခဲ့ပြီး ဘူမိရုပ်သွင် သီးခြားခွဲထွက်ခြင်းဖြစ်စဉ်ကြောင့် ကမ္ဘာပေါ် တွင် မည်သည့်နေရာတွင်မျှ မတွေ့ရနိုင်သော အပင်များပေါက်ရောက်ရာနေရာ ဖြစ်သည်ဆိုသောအချက်ကို ဖတ်မိချိန် တွင်တော့ ရင်ထဲလှိုက်ကနဲ ဖြစ်မိသည်။
ထိုခံစားမှုကို ပြင်းထန်သောဝမ်းသာပီတိဟု အနက်ဖွင့်၍ ရတန်ကောင်း၏။” နိုင်ငံတော်ရဲ့ရှင်းလင်းမှုမှာ အဲသလိုသဘာဝ ၀န်းကျင်နဲ့ ပတ်သက်တဲ့ တန်ဖိုးကြီးမားမှုတွေ ပါဝင်မလာတာ၊ မရှင်းပြသေးတာကို စိတ်မကောင်းပါ။ တခုတော့ရှိသည် ယခုရှင်းပြသူသည် ရေအားလျှပ်စစ်ပညာရှင်သာဖြစ်၍ သူနှင့်သက်ဆိုင်သည်ကိုသာ ရှင်းလင်းသွားသည်ဟုပင် မှတ်ယူရ မည်သာ။
ဖြည်းဖြည်းပြောကြတာပေါ့။ အချိန်ရရင် ဆက်ရေးပါဦးမယ်။
မြစ်ဆုံသို့ (၄)
ဒီတခါတော့ ထိမ်းသိမ်းရမယ့် တန်ဖိုးတချို့တွေအကြောင်း ပြောဖို့ဖြစ်လာစေတဲ့ အောက်ပါ စာတမ်းတစောင် ဖတ်ရ ပါတယ်။ မနေ့ကမှ ဖတ်ရတဲ့ EIA စာတမ်းအပေါ်မှာ “ဘက်မလိုက်သော သုံးသပ်ချက်” ဆိုတဲ့ စာတမ်းပါ။ အဲဒီထဲက စာတပိုဒ်မှာ “ဆည်ဆောက်မည့်နေရာများနှင့် မေခ၊ မလိခတို့၏ ရေဝေကုန်းတန်းများသည် ဇီဝမျိုးကွဲများကို တင်းတင်း ကြပ်ကြပ် ထိန်းသိမ်းစောင့်ရှောက်ထားသည့် အချက်အချာကျသည့် ဧရိယာအတွင်း ပါဝင်သည်။ ရေကာတာများနှင့် လျှပ်စစ်ဓါတ်အားထုတ်ယူမည့် အဆောက်အအုံများသည် ဂေဟနယ်မြေ သော့ချက်ကျသော ဇီဝမျိုးကွဲများ ရှိရာနေရာ၊ ထိန်းသိမ်းစောင့်ရှောက်ရမည့် အ၀န်းအ၀ိုင်း၊ ထို့အပြင် ကမ္ဘာပေါ်တွင် အပင်မျိုးကွဲများတည်ရှိရာ နေရာများအနက်မှ တခု ဖြစ်သည့် နေရာရပ်ဝန်း အနီးတ၀ိုက်တွင်တည်ရှိနေကြခြင်း ဖြစ်သည်။ ဆည်များကြောင့် တိုင်းရင်းဆေးပင် အမြောက် အများဆုံးရှုံးမည်မှာလည်း သေချာသည်။ စိုက်ပျိုးရေး ဇီဝမျိုးကွဲနှင့်ပတ်သက်လျှင်လည်း ချီဖွေမြို့နယ်မှာ ဖြစ်ထွန်းနေ သည့် အလေ့ပေါက်စပါးမျိုးများနှင့် သူတို့ရှေ့က မျိုးရိုးများအပေါ်ဆိုကျိုးများ သက်ရောက်လာနိုင်စရာ ရှိပါသည်။
(စာ=၂၁)
ဒီစာပိုဒ်ကိုဖတ်ပြီးတော့ အဲဒီဒေသရဲ့ ရှေးရိုးစပါးမျိုးတွေနဲ့ပတ်သက်လို့ ကျနော်ရေးခဲ့တာလေး ပြန်သတိရပါတယ်။ အောက်မှာ ဖေါ်ပြထားပါတယ်။ ဒီအထဲမှာ “လာဗျူချောင်” ဆိုတဲ့ အမည်တခုပါနေ ပါတယ်။ သူ့ အကြောင်းကိုတော့ နောက်မှ တင်ပေးပါ့မယ်။ “လာဗျူချောင်”ဆိုတာ ရှေးလူများနေခဲ့တဲ့ ဂူလို့ အနက်ရပါတယ်။ ဆိုရရင် ကျောက်ခေတ် လောက်ကတည်းက ဒီနေ့ထိရှိနေတဲ့ သမိုင်းတန်ဖိုးကြီးသော ဂူတခုပါ။ အဲဒီဂူဟာ ချီဖွေရဲ့အရှေ့ဘက် (၇) မိုင် လောက်မှာ ဒီနေ့ထိ တည်ရှိနေပါသေးတယ်။ လွန်ခဲ့တဲ့ ငါးခြောက်နှစ်ကအထိ၊ ဂူဝကို ထိမ်းသိမ်းမှုလုပ်(နိုင်ငံတော်မှ လုပ်ပေးခြင်း မဟုတ်ပါ) ထားပါသေးတယ်။ သူ့အောက်ခြေမှာတော့ (ယခုခါမှာ) ယန္တရားတွေ သွားမယ့်လမ်း၊ စက်ရုံတွေ ဆီ သွားမယ့်လမ်းတွေ အူချာယှက်ဖေါက် လုပ်ထားတာတွေ့ရပါတယ်။ လမ်းဖေါက်ဖို့ မိုင်းတွေ တဒိုင်းဒိုင်းခွဲနေတုန်းက ကျနော်မှာ ရင်တုန်ပမ်းတုန်ဖြစ်ရပေမယ့် ဘယ်အရပ် ဘယ်ဌာနကို တိုင်ကြားရမှန်းမသိတာနဲ့ပဲ ……..။
ဆက်စပ်စဉ်းစားနိုင်ကြအောင် အခု ကျနော်စာအုပ်ထဲက “အသက်၏ အစေ့အဆံ” ဆိုတဲ့ အခန်းကို တင်ပေးလိုက် ပါတယ်။ အသက်၏ အစေ့အဆံ “လာဗျူချောင်” တွင် တွေ့ရှိခဲ့သော စပါးစေ့များ၏ သက်တမ်းကို ကျောက်ခေတ်နှောင်း ပိုင်းဟု ခန့်မှန်းတွက်ချက်သည်ကို ဖတ်ရပြီးသောအခါ၊ မြန်မာပြည်မြောက်ဖျားက စပါးစိုက်ပျိုးမှုသမိုင်းသည် “ငေါ့ချမ်းခ” ချိုင့်ဝှမ်းမှ စတင်ခဲ့လေသလား စဉ်းစားရင်း ကျွန်တော့်အတွေးတို့သည် စပါးနှင့် ဆန်ဆီ ရောက်သွားခဲ့ပြန်ပါသည်။
ငယ်ငယ်ကဖြစ်သည်။
မိသားစု ထမင်းဝိုင်းတွင် ထမင်းအတူစားကြစဉ်၊ ကျွန်တော့်ပန်းကန်ထဲမှာ ထမင်းစေ့များ ဖိတ်လျံကျသည့်အခါ အဖွားက
“ဟဲ့ ငါ့မြေး၊ ထမင်းစားရင် ထမင်းတစေ့အပြင်ကို မဖိတ်စေရဘူး။ ထမင်းဟာ လူတွေရဲ့အသက်ပဲ။ မင်းစားနေတဲ့ ထမင်း တစေ့ရဖို့ စပါးစိုက်ရတဲ့လူတွေရဲ့ ပင်ပန်းမှုကိုအားနာ ရမယ်။ မင်း စပါးတစေ့ဖြစ်အောင် စိုက်ပျိုးတတ်သလား။ ဆန်တစေ့ ဖြစ်အောင် ထုတ်လုပ်တတ်လား။ မင်းစားနေတဲ့ ထမင်းတွေဘယ်ကရသလဲ မင်းသိသလား” ဟု မြည်တွန်တောက်တီး တတ်သည်။ လယ်သမားဘဝကလာသော အဖွားသည် လယ်သမား၏ ဆင်းရဲဒုက္ခ၊ စပါးတပင်ဖြစ်အောင် အားထုတ်ရ သော လုံ့လကို ကောင်းကောင်းသိထားသူ ဖြစ်သည်။ ထိုအခါ ဆာဆာနှင့်စားနေသော ကျွန်တော်က ပြန်အငေါ်တူး တတ်၏။
“အဖွားရာ၊ ထမင်းဘယ်ကနေ ရ ရမှာလဲ။ အဖွားချက်ခဲ့တဲ့ ထမင်းအိုးထဲကနေ ခူးခပ်လာတာပေါ့” ဟု။ ထို အခါမျိုးတွင် အဖွားသည် အလွန်စိတ်ဆိုးတတ်၏။ ကျေးဇူးမသိတတ်သူဟုလည်း စွပ်စွပ်စွဲစွဲ ထပ်မံဆူပူနေတတ်သည်။ အမှန်ပင် ကျွန်တော်သည် စပါးတစေ့၊ ဆန်တစေ့၊ ထမင်းတစေ့၏တန်ဖိုးကို နားမလည်ခဲ့သော လူ့အန္ဓတယောက်သာ ဖြစ်ခဲ့သည်။ ထို့ထက်မက စပါးဘယ်တုန်းက စဖြစ်လာသလဲဟူသော မေးခွန်းပင် ယောင်မှား၍ခေါင်းထဲမဝင်ခဲ့ဖူး။ ခုမှ စပါး၏အစကို သိလိုလာသည်။ သည်လိုနှင့် ဟိုလှန်သည်လှော ဖတ်ရှူဖြစ်သည်။
ရုပ်ကြွင်းများအပေါ် ကာဗွန် ၁၄ စမ်းသပ်မှုဖြင့် သက်တမ်းခန့်မှန်းချက်အရ ခရစ်တော်မပေါ်မီ နှစ်ပေါင်းငါးထောင်ငါးရာ (၅၅၀ဝဘီစီ) ခန့်တွင် စပါးစိုက်ပျိုးခြင်းကို အာရှကစသည်ဟု ဆိုသည်။ နှံစားပြောင်းနှင့် ဆန်ကို တရုတ်နှင့် အရှေ့တောင် အာရှနိုင်ငံများတွင် စိုက်ပျိုးခဲ့ကြောင်း မှတ်တမ်းပြုကြသည်။ စပါးစိုက်ပျိုးမှု၏ မူလအစမှာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း တသောင်းခန့်ကတည်းက အာရှတွင် စတင်သည်ဟူသော အဆိုလည်းရှိသည်။ အထောက်အထားများအရ ထိုင်းနိုင်ငံ တွင် (၄၀ဝ၀ဘီစီ) ထက် စောပြီးတွေ့ရသည်ဟု ဆို၏။ ထိုကာလတို့သည် ကျောက်ခေတ်နှောင်းပိုင်းကာလ အပိုင်းအခြား တွင် ကျရောက်သည်။ သို့ဆိုလျှင် အီမောဘွမ်တောင်ခြေရှိ စပါးစိုက်ပျိုးခြင်းသည် ထိုကာလနှင့် ခေတ်ပြိုင်ဖြစ်မည်လော၊ သူ့ထက် စောမည်လောဟု တွေးမိသည်။
ပညာရှင်တို့သာ စွမ်းနိုင် တတ်နိုင်သည့် ကိစ္စကို အလကားပဲတင်း ခေါင်းဝင်စားရသည်မှာ အတော်တော့ပင်ပန်းသည်။
မည်သို့ဆိုစေ ဤဒေသတွင် စပါးစိုက်ပျိုးမှုသမိုင်း ရှည်ကြာခဲ့သည်မှာ အသေအချာ။ သို့ဆိုလျှင် မြန်မာ့ရှေးဦးလယ်သမား တို့၏ လူမှုအဖွဲ့အစည်း အဝန်းအဝိုင်းလေးတခုသည် ထိုနေရာတွင်ထွန်းကားခဲ့ဖူး ပေလိမ့်မည်။ တရုတ်ပြည်ဘက်မှ ရွှေ့ ပြောင်းဝင်လာသော ရှေးဦးမြန်မာများသည် စပါးစိုက်ပျိုးမှုနည်းပညာများကိုပါ တပါတည်းသယ်ဆောင်လာခဲ့ပုံပေါ်သည်။
လာချိဒ်သမိုင်းက ယခုငေါ့ချန်းခဒေသတွင်အတွေ့ရအများဆုံး လာချိဒ်လူမျိုးတို့၏ ရှေးဘိုးဘေးမျိုးဆက်တို့ လဗျူချောင် တွင် နေထိုင်ခဲ့ကြောင်း ညွှန်းဆိုသည်။ လဗျူချောင်တွင်တွေ့ရှိခဲ့သော ထိုစပါးစေ့များသည် ငေါ့ချန်းခ မြစ်ဝှမ်းကလေးမှ စတင်ခဲ့သည်လော။ တွေးတောဖွယ်ပင်။ လာဗျူချောင်ဝန်းကျင်ထက် လယ်ပေါများသည်မှာ “အီမောဘွမ်” အရှေ့တောင် ခြေက “ငေါ့ချန်းခ” တောင်ပေါ် လွင်ပြင်ချိုင့်ဝှမ်းလေးပင် ဖြစ်သည်။
ထိုဒေသဝန်းကျင်ရှိ မြစ်ချိုင့်ဝှမ်းလေးများငါးခုခန့်တွင်တော့ ငေါ့ချန်းခချိုင့်ဝှမ်းသည် အကြီးဆုံးနှင့် မြေဆီဩဇာအကောင်း ဆုံးနေရာလေး ဖြစ်၏။ ထို့ကြောင့်ပေလားမသိ၊ နှုတ်ဆင့်ကမ်းပုံပြင်များတွင် လူမျိုးစုများအချင်းချင်းကြား၊ ရွာအချင်းချင်း ကြား၌ မြေလုစစ်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ကြသည့်အကြောင်း အမြဲကြားရလေ့ရှိသည်။
တောင်ပေါ်ဖြစ်၍ လယ်ရှားသည်။ လယ်ရှားခြင်းသည် ရိက္ခာအခက်အခဲကို ဖြစ်စေသည်။ ကျွန်တော် အမြဲဖြတ်သွား ဖြတ် လာ ဖြစ်နေသော (သွားတိုင်းလည်း စွဲစွဲလမ်းလမ်း ငေးမောကြည့်ရှူ နှစ်သက်နေမိတတ်သော) ငေါ့ချန်းခ လယ်ကလေး များက ထိုဝန်းကျင်တခိုကို ရိက္ခာလုံလောက်အောင် ဖြန့်ဖြူးပေးနေသည်။ ထိုလယ်များသည် ကျွန်တော်တို့ မြေပြန့်တွင် မြင်ဖူးနေကျ တပြန့်တပြူး မြေညီလယ်ကွက်များ မဟုတ်ကြ။ တောင်စောင်းလေးများကို လှေကားထစ်ဖြစ်အောင်ပြုပြင် ပြီး စိုက်ပျိုးနေကြခြင်း ဖြစ်သည်။ တချို့လယ်ကွက်တို့သည် ကျောက်တုံးကြီးများဖြင့်ပွစာကြဲနေသော တောင်စောင်းများ ကို လယ်ဖြစ်အောင်ပြုပြင်ထားခြင်း ဖြစ်သည်။
အခွင့်သာသမျှမြေကို လယ်ဖြစ်အောင်လုပ်ထားရသောကြောင့် လယ်ကွက်ထဲတွင် ကျောက်ဆောင်ကျောက်တုံးများကို ထိုးထိုးထောင်ထောင် တွေ့ရတတ်သည်မှာ နေရာအနှံ့။ ထိုဒေသနေ လာချိဒ်နှင့် ငေါ့ချမ်းတို့သည် ကုန်းမြေပြေပြေရှိလျှင် လယ်ဖြစ်အောင် လုပ်တတ်သောအရည်ချင်း ရှိသလို၊ စိုက်ပျိုးမြေများကို ပြုပြင်ရာတွင် သဘာဝမြေဩဇာ(Organic Fertilizer) များ အသုံးချရမှန်း နှစ်ပေါင်းထောင်ချီကတည်းက သိလာခဲ့သောသူများ ဖြစ်သည်။ မျိုးဆက် အဆင့်ဆင့် လက်ဆင့်ကမ်းကာ စိုက်ပျိုးမှု ပညာတတ်မြောက်ထားနှင့်ကြသော ကျွမ်းကျင်လှသည့် တောင်ပေါ်လယ်သမားများ ဖြစ် ကြ၏။ ရှေးခေတ် တောင်ပေါ်ဒေသ “ဂျွယ်ဒိန်ကျွယ်လော့ဂျန်” (Gyiddeinggui:Y Lojan:) တွင် နေထိုင်စဉ်ကပင် လာချိဒ်တိုင်းရင်းသားတို့သည် စပါးကိုတရိုတသေ စိုက်ပျိုးခဲ့ကြသည်ဟူသော မှတ်တမ်းကလည်း ထိုဒေသ၏ စပါးစိုက်ပျိုးမှုသမိုင်း သက်ရှည်ခဲ့ခြင်းကို ညွှန်းဆိုနေပုံရသည်။
Dr. Seng Awng ၏ ဤဒေသကို လေ့လာပြီးတင်သွင်းခဲ့သော စာတမ်းတွင်ဖတ်ခဲ့ရသော ”A highland cultivation is the traditional way of earning a living for the majority of native people in Kachin mountainous region. According to Kyaw Soe, who cited the work of Vavilov, this study area is considered to be the origin of the wild rice in the world (Kyaw Soe. Dr, 1978, p 140). ဟူသည့် ဝါကျတကြောင်းကလည်း ထိုဒေသ၏ စပါး စိုက်ပျိုးမှုသမိုင်းကို တစုံတရာညွှန်းဆိုနေလိမ့်မည် ထင်ပါသည်။
ရှေးဟောင်း ဂူတခုမှတွေ့ခဲ့သော စပါးတစေ့သည်၊ သမိုင်းကိုလည်းကောင်း၊ လူမျိုးတို့အကြောင်းနှင့် ယဉ်ကျေးမှုကိုလည်း ကောင်း၊ ကောင်းမွန်စွာ သက်သေခံပြောပြနေလိမ့်မည်သာ ဖြစ်သည်။ ဒီနေရာတွေဟာ သမိုင်းတန်ဖိုး ယဉ်ကျေးမှုတန်ဖိုး ကြီးတယ်ဆိုတဲ့ အကြောင်းပြောချင်တာပါ။ စာတအုပ်ထဲကဟာတွေကို ဟိုနားကတခန်း၊ ဒီနားကတပိုဒ် ပြန်ပြန်ဆွဲထုတ် ပြနေရတော့ ဖတ်ရတာအဆီအငေါ် မတည့်ရင်လည်း သည့်းခံခွင့်လွှတ် ပေးကြပါ။
မြစ်ဆုံသို့ (၅)
မြစ်ဆုံသို့ (၄) မှာ “လာဗျူချောင်” ဆိုတဲ့ နာမည်တခုပါသွား ပါတယ်။ ဒီအတွက် စာဖတ်သူတွေကို ရှင်းပြဖို့ တာဝန်ရှိလာ ပါတယ်။ အဲဒါ တန်ဖိုးအလွန်ကြီးတယ်လို့ (ကျနော်ယူဆသော) ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းဂူတခုပါ။ ပြောရရင် ပြဒါးလင်းဂူတို့ ဘာတို့နဲ့တတန်းထဲ တန်ဖိုးထားနိုင်ပါရဲ့။ မေခမြစ်မှာ ဆောက်မယ့်ရေကာတာတွေရဲ့ ဧရိယာထဲမှာ (ရေထဲ မနစ်မြုပ်နိုင်ပေမယ့်) ပါဝင်နေတဲ့ (ထိမ်းသိမ်းစောင့်ရှောက်သင့်သည်ဟု ကျနော်ယူဆသော) နေရာတခုပါ။ ကဲ ကျနော် စာအုပ်ထဲက အခန်း (၄) ကို ဖတ်တော်မူကြပါ။ အဲသလိုပြောတာက ခုမှ ခါတော်မီ ထရေးခဲ့တဲ့ စာမဟုတ်ကြောင်း သိစေ ချင်လို့ပါ ခင်ဗျား။ (နာရင်း ပါးရင်း အရိုက်ခံရတာများလာတော့ ကြိုကန်ထားတာပါ)
အခန်း (၄)
ရှေးဟောင်းဂူသည် မြစ်ကိုငေးရီလျက်
အီမောဘွမ်၏ အနောက်တောင်ဘက်တွင် ချီဖွေမြို့ရှိသည်။ ယခင်က ချီဖွေ-လော့ခေါင်ဟု ထင်ရှားခဲ့သော နေရာဖြစ် သည်။ အင်္ဂလိပ် အုပ်စိုးစဉ်ကာလက လော့ခေါင်သည် အုပ်ချုပ်ရေးအချက်အချာကျခဲ့သော်လည်း ယခုအခါ ချီဖွေသည် သာ မြို့နယ်ရုံးစိုက်ရာ ဝန်ထမ်းမြို့ကလေး ဖြစ်လာခဲ့သည်။ ထိုမြို့၏ အရှေ့တောင်ဘက်ယွန်းယွန်း သုံးလေးမိုင်ခရီးခန့် အကွာတွင် ကျောက်သားလှိုဏ်ဂူကြီးတခု ရှိသည်။
“လာဗျူချောင်” လှိုဏ်ဂူဟုအခေါ်ရှိသည်။ “လာဗျူ” မှာ ရှေးလူသားအစဟု အနက်ရှိပြီး၊ “ချောင်” မှာ ဂူဟူသောအဓိပ္ပယ် ဖြစ်သည်။ “ချောင်” ၏ အသံထွက်အမှန်မှာ “ခ” နှင့် “ယောင်” ကို တဆက်စပ်တည်း အမြန်ရွတ်ဆိုရသည့် “ခယောင်” ဟူသော အသံမျိုးဖြစ်သည်။) အမြင့်ပေ လေးထောင်ခန့်တွင် စကျင်ကျောက်တောင် ( Marbel Cave) ကို ဖေါက်လုပ် ထားသော ဂူ။ ဂူ၏ အနောက်ဖက်တွင် စီးဆင်းနေသည်မှာ ဧရာဝတီ၏ အသက်တချောင်းဖြစ်သော မေခမြစ်။ သို့သော် သူတည်ရှိနေပုံက မထင်ရှား။ လျှို့ဝှက်လွန်းသည်။
ရှေးဟောင်းလူသားတို့ နေထိုင်အခြေပြုခဲ့ကြသည့် သဲလွန်စများအဖြစ် ဂူသို့သွားရာ လမ်းတလျှောက်တွင်၊ ရှေးလူတို့ ထွင်းထုခဲ့ဟန်ရှိသည့် နွား၊ လား၊ မြင်း၊ ဝက် သဏ္ဍာန်ရှိ ကျောက်တုံးများနှင့် ဂူအတွင်းရှိ အခန်းနံရံများတွင် ရေးဆွဲထား သော တိရိစ္ဆာန်ရုပ်ပုံများ ရှိသလို၊ ကျောက်ဆုံ၊ ကျောက်ဒယ်အိုး၊ ဖိုခနောက်များ၊ ရုပ်ကြွင်းများ တွေ့ရှိခဲ့ဖူးသည်ဟူသော အဆိုလည်း ရှိသည်။ မြစ်ကြီးနား တက္ကသိုလ်၏ ဘူမိဗေဒတွေ့ရှိချက် အစီရင်ခံစာတခုတွင် “ရှေးဟောင်းလူများ နေထိုင် ဖွယ်ရာဟု ယူဆနိုင်သော အထောက်အထားများ တွေ့ရှိခဲ့ရပါသည်” ဟု ဖေါ်ပြပါရှိခဲ့သည်။
မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့သော ရှေးဟောင်းလှိုဏ်ဂူများအနက် အကြီးဆုံးဟု ယူဆဖွယ်ရှိ၏။ ဂူဝင်ပေါက်က အခြေ လေးပေ၊ အမြင့် ခြောက်ပေခန့် တြိဂံပုံ ဆန်ဆန်။ ဝင်ဝင်ချင်း အကျယ်ပေသုံးဆယ် ပတ်လည်ခန့်၊ အမြင့်ပေ နှစ်ဆယ်ခန့် ရှိသော ခန်းမကို တွေ့ရမည်။ ထိုခန်းမမှ ဂူလမ်းသုံးသွယ် ဖြာထွက်နေသည်။ အရှေ့၊ မြောက်နှင့် တောင်အရပ်များဆီ ဦးတည်နေ၏။ ထိုလမ်းတို့ အလျားရှည်လွန်းသဖြင့် မည်သည့်နေရာတွင်ဆုံးသည်ကို မသိနိုင်။ စနစ်ကျသော စူးစမ်းလေ့ လာမှု ပြုနိုင်ခဲ့ပြီဟု မကြားဖူး။ လမ်းသွယ်တိုအဝင်ဝတွင် ကိုးပေအကျယ်ခန့်အခန်းများတွေ့နိုင်ပြီး တလမ်းစီ၌ထိုသို့သော အခန်းငယ်လေးများဖွဲ့ပြန်သည်။
နှစ်ပေါင်းမည်မျှအကြာက မည်သည့်လူသားတို့ အသုံးပြုခဲ့သည်ဟူသော သမိုင်းတန်ဖိုးသည် ဆိပ်ငြိမ်သော ဂူကြီးနှင့် အတူ လျှို့ဝှက်စွာတည်ရှိနေသည်။ ထိုအချက်က ကျွန်တော့်အားညှိုငင်ထားခဲ့၏။ ထိုဂူ၏ အမည်နှင့် ခန့်မှန်းတည်နေရာ ကို လွန်ခဲ့သောရှစ်နှစ်ခန့်ကမှ ကျွန်တော် စတင်ကြားဖူးခဲ့ ခြင်းဖြစ်သည်။ ကျွန်တော့်ကို ထိုအကြောင်းပြောပြခဲ့သူက မြန်မာပြည်ဖွား တိုင်းရင်းသားတဦးဦးမဟုတ်ခဲ့ပါ။ ဂျပန်အမျိုးသားတဦးဖြစ်သည်။ သူတို့က ထိုနေရာသို့ သွားရောက်လေ့ လာလိုသည်၊ စီစဉ်ပေးပါရန် ကျွန်တော့်အား အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။ ကျွန်တော်တို့ ကိုယ်တိုင်မှတ်တမ်းတင် လေ့လာစူးစမ်းမှု ပြုခဲ့သည်/မပြုခဲ့သည်ကို ဂဃနဏမသိရသေးသော နေရာသစ်တခုဆီသို့ တိုင်းတပါးသားတယောက် အား အချက်အလက်ရယူခွင့်ပြုဖို့ ကျွန်တော့်စိတ် ကိုယ်တိုင်က ကျွန်တော့်ကို ခွင့်မပြုခဲ့။
၁၉၇၀ ခန့်ကမှ ဒေသခံလူထုက ထိုရှေးဟောင်းပစ္စည်းများကို စတင်တွေ့ရှိခဲ့ပြီး၊ ရှေးဟောင်းသုတေသန ပညာရှင်များက စစ်ဆေးခဲ့ကာ ထိုဂူတွင်တွေ့ရှိရသော စပါးစေ့များ၏သက်တမ်းကို ကျောက်ခေတ်နှောင်းပိုင်း ကာလခန့်ဟု ခန့်မှန်းခဲ့ကြ သည်။ ကျောက်ခေတ်လူသားများ အခြေပြုနေထိုင်သွားကြသည်ဟု မှတ်တမ်းတင်ထားသော မြန်မာကျော် ကမ္ဘာကျော် ကျောက်ဂူဖြစ်သည့် ပြဒါးလင်းဂူ၏ သက်တမ်းကို နှစ်ပေါင်း ၁၂၀ဝ၀ မှ ၄၀ဝ၀ အတွင်းဟု တွက်ချက်ခဲ့ကြသည်။ ထို့အတူ ဟဲဟိုးမြို့အနီးမှ ဗုဒ္ဓဇိနောလိုဏ်ဂူအား နှစ်ပေါင်း (၆၀ဝ၀) မှ (၄၀ဝ၀) ခန့်အတွင်း၊ မိုးဗြဲမြို့နယ် အနောက်ဘက် ကျား တောင်ခြေရင်း လိုဏ်ဂူအား နှစ်ပေါင်း (၆၀ဝ၀) မှ (၄၀ဝ၀) ခန့်အတွင်းဟု ခန့်မှန်းသတ်မှတ်ကြသည်။ သို့သော် လဗျူ ချောင်၏ သက်တမ်းကိုမူ သတ်မှတ်နိုင်ခြင်းမရှိသေး။ ယခုတိုင် လေ့လာဖွယ်များစွာကျန်သော ရှေးဟောင်းဂူတခုအဖြစ် လတ်လတ်ဆတ်ဆတ်ကြီး ရှိနေသေးသည်ကို တွေ့ရမည်။
ကျွန်တော်သည် ဂူဂဲလ်အတ် (Google Earth) မှတဆင့် လဗျူချောင်တည်ရှိရာကို လှည့်ပတ်ကြည့်ရှူလေ့လာနေရင်းက ကိုယ်ကိုယ်တိုင် ဂူနေရှေးဟောင်းလူသားတယောက် အကြိမ်ကြိမ်ဖြစ်ခဲ့ရဖူးသည်။ လဗျူချောင် လူသားတယောက်တွင် ရာသီဥတုဒဏ်၊ သားရဲတိရိစ္ဆာန်ဒဏ်၊ ရန်သူအပေါင်းဒဏ်မှ ကြံ့ကြံခံရပ်တည်ရင်း မေခမြစ်ကြီးစီ ငေးရီကြည့်နေခဲ့ရသော နေ့ရက်ပေါင်းမည်မျှ ရှိခဲ့မည်လဲဟုတွေးမိသည်။ စိန်ခေါ်မှုများစွာကို အာခံတွန်းလှန်၊ စားနပ်ရိက္ခာရှာဖွေစုဆောင်း၊ ဂူလေး ထဲတွင် နေထိုင်ရပ်တည်ရင်း သားသမီးများပွားစီးခဲ့သော ထိုရှေးလူကြီးတို့ မျိုးဆက်သည်၊ ယခုအခါ လဲန်ခရုဇာ စီးသူများ ဖြစ်နေသည်လား၊ မူးယစ်နွံတွင် ကျွံနစ်တိမ်းပါးသွားသူများ ပါသေးသည်လား၊ ကျွဲတကောင်နှင့် လယ်တကွက်ကို ဖက် တွယ်ရှင်သန်ရသူများရော ရှိသေးသည်လား။
ပညာတတ်ကြီးများအဖြစ် တင့်တယ်နေသူ မည်မျှရှိမည်လဲ။ သို့မဟုတ် ထိုဂူနေမျိုးဆက်တခုလုံးသည် ကမ္ဘာမြေပေါ်မှ လုံးလုံးလျားလျား ပျေက်ကွယ်သွားခဲ့ရပြီလား။ နှောင်းလူ ကျွန်တော်တို့အနေဖြင့် ဘာကိုမျှသဲသဲကွဲကွဲ သိခွင့်မရှိတော့။ လဗျူချောင်ကတော့ နောင်နှစ်ပေါင်းမည်မျှကြာသည်အထိ သည်သို့ပင်လျှို့ဝှက်စွာ တည်ရှိနေဦးမည်လား။ မပြောနိုင်။
(ယခုအခါ ချီဖွေရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေးစီမံကိန်းအတွက် လုပ်ငန်းခွင်ဝင်နေသော ယန္တရားများ၊ လူများ၊ လမ်းများကတော့ လဗျူချောင်ရှိရာဝန်းကျင်တဝိုက် တိုးတိုးလှုပ်လှုပ်ရှိနေသည်ကို မြင်ရသည်။ ခေတ်သည်မြန်ဆန်သော အဟုန်ဖြင့် ဂမူးရှူးထိုးပြေးလွှား ပြောင်းလဲနေ၏။ သမိုင်းတန်ဖိုး မသိသော၊ ဥာဏ်ပညာနည်းသူတို့ မောင်းနှင်ကြမည့် ယန္တရားကြီးများ ထိုဂူကို ဖေါက်ထွင်းဖြတ်မောင်းသွားမည်ကို စိုးရိမ်နေမိသည်) လဗျူချောင်နည်းတူ တန်းဖိုးထားရမည့် ဂူတခုသည် ချီဖွေမြို့အနီးတွင်ပင် တည်ရှိနေသေးသည်။ ထိုဂူသည် လင်းနို့ဂူ ဖြစ်၏။ ရှားပါးသော အပြာရောင်စကျင် ကျောက်ဂူ (Blue Marbel Cave) ဖြစ်သည်ဆို၏။ မေခမြစ်ကမ်းပါးရှိ ချီဖွေမြို့မှ အရှေ့တောင်ဘက် (၃) မိုင်အကွာ၊ ဆွမ်ပန်ခုံးရွာဟောင်း အနီး၊ လိုင်မားချောင်းမြောက်ဘက် (၂) ဖာလုံ အကွာတွင်ဖြစ်သည်။ အနောက်ဘက်သို့ မျက်နှာ လှည့်ထား သောဂူသည် မြင့်ပေ (၇) ပေ၊ အကျယ် (၆) ပေခန့်ရှိပြီး မြေပြင်မှပေ (၅၀ဝ) ခန့်အမြင့် ကျောက်သားနံရံတွင် ရှိကြောင်း မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည် ဆို၏။
စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ဂူနံရံတွင် တွေ့ရသည်ဆိုသော၊ သဘာဝရှူခင်းပုံ၊ လူပုံ၊ တိရိစ္တာန်ပုံ၊ နေပုံ၊ လပုံ ဆိုသည် များပင် ဖြစ်သည်။ ရှေးဦး နံရံဆေးရေးပန်းချီများ ဖြစ်နိုင်သည်ဟု ရောက်ရှိလေ့လာဖူးသူတို့ မှတ်တမ်းတွင် တွေ့ရသော် လည်း အမှန်ပင် နံရံဆေးရေးပန်းချီလော၊ မီးသွေးဖြင့် ဆွဲခြစ်ထားသည်ရုပ်ပုံများလား၊ မာကျောချွန်ထက်သောအရာဖြင့် ကျောက်သားတွင် ထွင်းခြစ်ထားခြင်းလားဟူသည်ကိုမူ ထိုဂူသို့ ရောက်သည့်အချိန်တွင် လေ့လာလိုလှသည်။
ချီဖွေသည် ကျွန်တော့်လုပ်ငန်းအရ ခေါက်တုန့်ခေါက်ပြန် သွားသွားလာလာ ပြုနေရသောမြို့ကလေးဖြစ်သော်လည်း ထိုလင်းနို့ဂူသို့ တခါတခေါက်မျှမရောက်ဖြစ်အောင် အလှမ်းကွာခဲ့သည်။ တမြို့တနယ်ကလူများအတွက်မူ ထိုလဗျူချောင် သည်လည်းကောင်း၊ လင်းနို့ဂူသည်လည်းကောင်း ရှိသည်ဟုကြားဖူးဖို့ပင် ခက်ပေလိမ့်မည်။ သမိုင်းတန်ဖိုးများကို ဖေါ် ထုတ်ဖို့၊ ထိမ်းသိမ်းဖို့ဆိုသည်မှာ တဦးတယောက်၊ တစုတဖွဲ့၏အင်အားဖြင့် ရကောင်းသောအရာမဟုတ်သော်လည်း ဖြစ် မြောက်အောင်ကြိုးပမ်းရမည်သာ ဖြစ်သည်။ လူ့သမိုင်းကို တန်ဖိုးထားခြင်း၊ ဖေါ်ထုတ်ခြင်း၊ ခြေရာခံခြင်းသည် လူကိုလူက ချစ်သော စိတ်အားအမြင့်ဆုံးနေရာသို့ ပို့ဆောင်ထားခြင်းမှ တပါး အခြားမဖြစ်နိုင်။
ကဲဗျာ EIA Report အပေါ် “ဘက်မလိုက်သော သုံးသပ်ချက်” စာတမ်းထဲက စာမျက်နှာ (၅) ရဲ့ နောက်ဆုံးအပိုဒ်လေး ကို ထပ်ဖြည့်ပေးလိုက်ပါတယ်။ တွေးတောဆင်ခြင်နိုင်ကြပါစေ။ ကချင်ပြည်နယ်မှာ ရေအားလျှပ်စစ်ထုတ်ယူရေးအတွက် ရေကာတာများ အဆင့်ဆင့် တည်ဆောက်လိုက်ခြင်းကြောင့်၊ ယင်းဒေသတွင်လည်း ထင်ရှားအရေးပါသော တကမ္ဘာလုံး တွင်လည်း ထင်ပေါ်ကျော်ကြားသော ဂေဟရပ်ဝန်းသုံးခုနှင့် ကမ္ဘာ့အမျိုးမျိုးသောအပင်များ စုဝေးရာနေရာဖြစ်သည့် ဤ ရပ်ဝန်းဒေသအပေါ် အကြီးအကျယ်ဆိုးကျိုးသက်ရောက်လာစေလိမ့်မည်။
မြန်မာနိုင်ငံတွင် ဇီဝမျိုးကွဲများတည်ရှိရာ၊ ယင်းတို့ကို ထိမ်းသိမ်းစောင့်ရှောက်ရမည့် “သော့ချက်ကျသော ဧရိယာပေါ်မှာ” ကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်လာလိမ့်မည်။
မြစ်ဆုံသို့ (၆)
အစကတော့ အပိုင်း (၆) ကို “ဆည်များတည်ဆောက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်” အကြောင်းရေးထားတဲ့ “ညိုဝေ မှိုင်း” ရဲ့ စာတမ်းထဲက ဟာလေးတွေပြောမလို့ပါပဲ။ ဒါပေမယ့် တဘက်မှာ ကျနော်ဆရာမောင်မောင်သန်းက နုံးတွေ အကြောင်း သစ်တောတွေအကြောင်း ပြောနေလေတော့ ဆက်စပ်ရသွားအောင်၊ အဲဒီဒေသ (အီမောဘွမ်ဒေသ) ရဲ့ ရုက္ခဗေဒအရ အရေးပါခဲ့ပုံလေးတွေကို ကျနော်စာအုပ်ထဲကပဲ ထုတ်နှုတ်တင်ပြလိုက်ပါတယ်။ (စာအုပ်ခမြာလည်း အမြည်းနှုတ် ခေါင်းနှုတ်ဖေါ်ပြရင်းနဲ့ အကောင်ထည်လိုက်မပြရင် တစစီဖြစ်သွားမယ် ထင်ပါရဲ့၊)။ ကျနော် မူရင်း စာမူမှာ တော့ ဓါတ်ပုံတွေနဲ့ရှင်းအောင် မြင်သာအောင်ဖေါ်ပြထားပါတယ်။ ဒီမှာတော့ ဓါတ်ပုံမပါသော စာသားသက်သက်ပေါ့ဗျာ) ကဲ ဖတ်ကြည့်ကြပါဦး။ ဒီဒေသ (အခု ဆည်ဆောက်မယ့် မေခမြစ်ဝှမ်းဝန်းကျင်ဒေသအကြောင်း တစေ့တစောင်းသိလာ ပါလိမ့်မယ်) တန်ဖိုးထားသင့်၊ မထားသင့်ကတော့ တဦးစီရဲ့အမြင် အယူအဆ နှလုံးသားများနဲ့သာ သက်ဆိုင်ပါလိမ့်မယ်။
အခန်း(၂)
ခိုးဝှက်ယူသွားခြင်းခံခဲ့ရသော တန်ဖိုးများ
“ယာဆူယူကီ ဝါတာနာဘီ” (Yasuyuki Watanabe) ၏ “looking for insects in kachin state” စာတမ်းတွင် Frank Kingdon-Ward ဆိုသူ ရုက္ခမုဆိုးတဦး မြန်မာပြည်မြောက်ဖျားသို့ ၁၉၂၀ မှ ၁၉၃၀ ခုနှစ်များအတွင်း ရောက်ရှိခဲ့သည်ဟု ဆိုသည်။ ဆရာမဒေါ်ဘောက်ဂျာနှင့် ဆရာမဒေါ်ကလျာလူ၏ စာတမ်းပါ ကျမ်းစာရင်းထဲတွင် Kingdon Ward ၏ ၁၉၂၁၊ ၁၉၄၉၊ ၁၉၅၆ ခုနှစ်များထုတ် စာအုပ်ငါးအုပ်စာရင်းကို တွေ့ရှိခဲ့ရသည်။ သို့ကြောင့် စိတ်ဝင်တစားဖြင့် Frank Kingdon Ward အကြောင်းကိုရှာဖွေကြည့်ရာ ၁၈၈၅ ၌် ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့တွင်မွေးဖွားပြီး ၁၉၅၈ တွင် ကွယ်လွန်ခဲ့သည့် လူစွန့်စားပညာရှင်တဦး ဖြစ်နေသည်ကို တွေ့ရသည်။
သူရေးသားထုတ်ဝေခဲ့သည့် စာအုပ်စာရင်းတွင်လည်း (၁၉၁၀) ခုနှစ်တွင် ထုတ်ဝေသည့် On the Road to Tibet စာအုပ် မှသည် (၁၉၆၀) တွင် နောက်ဆုံးထုတ်ဝေခဲ့သည့် Pilgrimage for Plants အထိ (၂၅) အုပ်တွေ့ရှိခဲ့သည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အပြီးတိုင်သိမ်းပိုက်ချိန်တွင်မှ မွေးဖွားခဲ့သောထိုသူသည် သူ့အသက် (၂၅) နှစ်အရွယ်တွင် စာအုပ်ထုတ်ဝေ နိုင်သော စာရေးဆရာတယောက်၊ မျိုးစိတ်သစ်များကိုရှာဖွေသူ ရုက္ခဗေဒပညာရှင်တယောက် ဖြစ်နေပေပြီ။
“ဖီမော်”ဒေသသို့ အစောဆုံးရောက်ရှိခဲ့သည့် လက်နက်ကိုင်အုပ်ချုပ်သူ မဟုတ်သော ထိုခရီးသွား သဘာဝသိပ္ပံပညာရှင် သည် သူရေးသားခဲ့သည့် In Farthest Burma ဟူသောစာအုပ်တွင် မေခ-သံလွင် ရေဝေကုန်းတန်းဒေသ၏ ထိုစဉ်က အခြေအနေကို အောက်ပါအတိုင်း ထည့်သွင်းဖေါ်ပြခဲ့သည်။ “ဖီမော်ချိုင့်ဝှမ်းကိစ္စတွင် နယ်ချဲ့“ဟက်” သာ ကြားမဝင်ပါက ယူနန်အရာရှိများသည် ဆင်းမလားမှ ဗြိတိသျှအရာရှိများကို တပတ်ရိုက်သွားကြမည် ဖြစ်ပေသည်။ လှလိုက်တဲ့ ရှူမျှော် ခင်းရယ်။
မြန်မာပြည်မှ (၂) လကြာမျှ တရွေ့ရွေ့ချီလာသောစစ်ကြောင်းသည် ခုခံမှုကို ရင်ဆိုင်ရမှာကိုလည်း စိုးရိမ်သည်။ ခုခံလျှင် တိုက်မည်ဟူသော သန္ဒိဌာန်ဖြင့် စစ်အင်္ဂါခင်းကျင်းကာ ဖီမော်သို့ဝင်ရောက်လာသည်။ စစ်ဖြစ်ကြတော့မည်ဟူသော ကော လဟလသတင်းတွေ ပျံ့နေသော်လည်း တရုတ်တပ်ကို မတွေ့ရ။ အလွန်သိမ်မွေ့သည့် တရုတ်ကျောင်းဆရာတဦး ကိုသာ တွေ့ရသည်။ တရုတ်ကျောင်းဆရာကလည်း ရေးကြီးသုတ်ပြာမရှိ။ ခပ်အေးအေးပင်။ ၄င်းကို အရာရှိများက နာရီဝက်ခန့် စောင့်နေပြီးမှ ထိုကျောင်းဆရာ ရောက်ရှိလာသည်။ “မောင်မင်း အခုဒီရွာမှ ထွက်သွားပါ” တပ်မှူးက ခပ်ပြတ်ပြတ်ပင် ပြောကြားလိုက်သည်။
“ဟုတ်ကဲ့ပါခင်ဗျာ” ဟု ရည်မွန်သော တရုတ်မျိုးသားတို့ဟန်ပန်အတိုင်း ဦးခေါင်းညွှတ်ကာ ဖြေကြားပြီးနောက် ၄င်း၏ အိပ်ရာလိပ်ကိုထုပ်ပိုးကာ ဖီမော်တောင်ကြားလမ်းအတိုင်း တရုတ်ပြည်သို့ ပြန်လည်ထွက်ခွာသွားသည်။ ဤသို့ဖြင့် ဖီမော် ကို ဗြိတိသျှတို့သိမ်းယူလိုက်ပြီး ချက်ချင်းလိုပင်ဗြိတိသျှတို့က အမြဲတမ်းစခန်းအဖြစ် ပြန်လည်သိမ်းပိုက်ခဲ့ပေသည်။ ဝဲယာ တွင် ပြာလဲ့သောမိုးကောင်းကင်များဖြန့်ထားသည့် ရေဝေကုန်းတန်းမှသည် ပေ ၂၀ဝ၀ ခန့်သို့ ကျွန်ုပ်တို့ တက်ရောက်လာ ခဲ့သော် တောင်ထိပ်ပေါ်တွင် ပုံ့ပုံတည်နေသည့် ခံတပ်စခန်းသို့ရောက်သည်။ ထိုခံတပ်စခန်းသည် ပင်လယ်ရေပြင်မှ ပေ ၈၀ဝ၀ မြင့်သည့် ဖီမော်ရွာကိုအပေါ်စီးမှ စီး၍မြင်ရသည်။ ကျွန်ုပ်တို့ကို တပ်မှူးက ခရီးဦးကြိုပြုကာ ရသာထူးသည့် နေ့လည်စာဖြင့် ဧည့်ခံသည်။
ဤသို့ဖြင့် ဖီမော်မှ တပ်မှူး၏ ဘန်ဂလိုတွင် ကျွန်ုပ်စတည်းချခဲ့သည်။ မြန်မာပြည်သို့ Kingdom Ward ရောက်ရှိချိန်တွင် ဒုတိယကမ္ဘာစစ်ပင်မဖြစ်သေး။ လမ်းပန်းအဆက်အသွယ် ကောင်းကောင်းရှိသေးသည်မဟုတ်။ သည်မျှ ဝေးလံခေါင်ဖျား သောဒေသသို့ ရောက်ရှိနိုင်အောင်အားထုတ်ခဲ့သော ပညာရှင်တယောက်၏ဇွဲသတ္တိကို ဩချယူရတော့သည်။ ထိုမျှသာ မက အဆိုပါပုဂ္ဂိုလ်သည် အီမောဘွမ်ဒေသမှ တောင်ဇလပ်ပန်းအပါအဝင် (ericaceousflora ) များကို ခက်ခက်ခဲခဲ စုဆောင်းပြီး အင်္ဂလန်တော်ဝင်ရုက္ခဥယျာဉ် (Royal Botanical Garden) သို့ ပို့ပေးနိုင်ခဲ့၏။ မျိုးစိတ်ပေါင်း (၁၀ဝ၀) ကျော် ကိုစုဆောင်းနိုင်ခဲ့ပြီး အင်္ဂလန်တွင်ပြန်လည်စိုက်ပျိုးကာ မျိုးစပ်ခြင်းဖြင့် နှစ်ပေါင်း (၆၀) အတွင်း တောင်ဇလပ်မျိုးစပ်ပေါင်း (၁၀ဝ၀) ကျော်နှင့် တခြားစပ်မျိုးပေါင်းများစွာ ဖန်တီးခဲ့သည်။ သို့ကြောင့်ပင် ထိုပန်းများနှင့်ပတ်သက်လျှင် အင်္ဂလန်သည် ကမ္ဘာ့ရှေ့တန်းရောက်နိုင်ငံ ဖြစ်ခဲ့သည်ဆို၏။ ပညာရှင်တဦး၏ အားထုတ်မှုအောက်တွင် ကမ္ဘာ့မြေပေါ် မည်သည့်နေရာ တွင်မျှ မတွေ့နိုင်သော အပင်အမျိုးအစားပေါင်းမည်မျှကို သူ့နိုင်ငံ (အင်္ဂလန်) ၌ ရှင်သန်ကျော်ကြားခွင့်ရရှိစေခဲ့ ပါသလဲ။
၂၀ဝ၆ ခုနှစ် ဇွန်လခန့်က ထိုတောင်တန်းဒေသသို့ လေ့လာရေးလာရောက်သော၊ ထိုင်းနိုင်ငံအခြေစိုက် အင်းဆက် ပညာ ရှင်တစုနှင့် သူတို့အပြန်ခရီးတွင် ဆုံဖြစ်သည်။ စကားစမြည်ပြောဆိုစားသောက်နေရင်း Bro Amnuay Pinratana ဆိုသူ က သတင်းတခုပေးသည်။
“ခင်ဗျားတို့ အီမောဘွမ်တောင်ခြေက လိပ်ပြာတွေ ချင်းမိုင်ဈေးထဲမှာ ရောင်းနေတာတွေ့ခဲ့တယ်” ဟုဖြစ်သည်။ သူ့ကြည့် ရသည်မှာ အပြောင်အပျက်ပြောနေဟန် မတူ။ အမှန်ပင်ကိုယ့်အိမ်က အဖိုးတန်ရတနာများ အခိုးခံသွားရသည်ကို မသိ သည့် အိမ်ရှင်လူနုံလူအတယောက်ကို စိတ်မကောင်းခြင်းကြီးစွာကြည့်နေသည့် မျက်လုံးမျိုးဖြင့်ငေးရီရီကြည့်ကာ ပြောနေ ခြင်းဖြစ်သည်။ ဤဒေသသည် လူမျိုးစုံ ဥဒဟိုဝင်ထွက်သွားလာနိုင်သည့် ဒေသမဟုတ်။ သွားလာနိုင်သူက လက်ချိုးရေ၍ ရသည်။
ခိုးထုတ် ရောင်းစားနေကြသည်ဆိုလျှင်လည်း ထိုတရားခံသည် လူမျိုးစုထဲက မဖြစ်နိုင်။ ဒေသခံတို့ ထိုမျှလက်တံမရှည်၊ ဥာဏ်ရည်မများ။ လာလည်သူ ရွှေဧည့်သည်တို့မှတပါး အခြားမဖြစ်နိုင်။ ရွှေသမင်ထွက်သည့်တာကို မဓမတိုင်နှင့်ကာ၍ လုံမည်မထင်။ ၁၉၂၀ မှသည် ၂၀ဝ၀ ခုနှစ်ကျော်လာသည်အထိ နှစ်ပေါင်းသာ (၈၀) ကျော်ခဲ့။ အီမောဘွမ်ခမြာ သူ့ရင် သွေးများစွာ တိုင်းတပါးရောက်သွားခဲ့ကြသည်ကို ရေငုံနှုတ်ပိတ်ကြည့်နေခဲ့ရသည် ချည်းသာ။ အီမောဘွမ်ဆောင်တန်း ဒေသတွင် လိပ်ပြာမျိုးစိတ်ပေါင်း များစွာရှိသည်။ ရှားပါးအဖိုးတန်သော လိပ်ပြာများသာမက၊ ကမ္ဘာပေါ်တွင် မှတ်တမ်း တင်ခွင့် မရသေးသည့်မျိုးစိတ်များလည်း ရှိနိုင်ပါသည်။ တောင်ဇလပ်နှင့် အခြားပန်းပေါင်းစုံဖူးပွင့်သည့် နွေဦးရာသီတွင် ရောင်စုံလိပ်ပြာများ တလူလူတလွင့်လွင့်ပျံဝဲနေသည်ကို မြင်ယောင်ရင်း ချင်းမိုင်ဈေးထဲမှ လိပ်ပြာလေးများ မည်သည့် လမ်းကြောင်းက ထွက်သွားသည်ကိုသိလိုစိတ် ပြင်းပြလာမိသည်။
မြစ်ဆုံသို့ (၇)
by Nyein Aye Eain on Thursday, 25 August 2011 at 22:28
International Rivres Network က ထုတ်တဲ့ “ရေကာတာများ မြစ်ချောင်းများနှင့် အခွင့်အရေး” ဆိုတဲ့ စာတမ်းငယ်တခု ဖတ်ရပါတယ်။ အဲဒီမှာ ရည်မှန်းချက်ပန်းတိုင်နဲ့ ပတ်သက်ပြီး အချက်သုံးချက် ဖေါ်ပြပါတယ်။
(က) ရေကာတာကို ရပ်သွားစေချင်တာလား။
(ခ) လျှော်ကြေးများများ လိုချင်တာလား။
(ဂ) သင့်လူ့အဖွဲ့အစည်းကို ထိခိုက်မည့် ရေကာတာနှင့်ပတ်သက်ပြီး ဆုံးဖြတ်မည့်ကိစ္စမှာ သင်ပါဝင်ချင်သလား။ ဆိုတဲ့ မေးခွန်းသုံးခုပါ။
အခုဧရာဝတီကို ချစ်တဲ့ပြည်သူတွေ ရေကာတာအရေးမှာ ရည်မှန်းချက်တခုခု (ဒါမှမဟုတ် ဒီ့ထက်ပိုတဲ့ရည်မှန်းချက်တွေ) ချမှတ်ပြီး/ပန်းတိုင်ရွေးပြီး ရောက်အောင်သွားစေ့ချင်တာပါ။ မင်းကရော ဘာဖြစ်ချင်တာလဲလို့မေးလာရင် ဖြေပါ့မယ်။
(က) မြစ်ဆုံရေကာတာကို မဆောက်စေ့ချင်ပါ
(ခ) မေခ မြစ်ရိုးတလျှောက်က ဆောက်လုပ်ရေးလုပ်ငန်းတွေကြောင့် ဖယ်ပေးဖျက်ပေးခဲ့ရတဲ့ အိမ်ရာတွေ လယ်၊ ရွာနဲ့ စိုက်ပျိုးခြံတွေကိစ္စမှာ လျော်ကြေးရသင့်တာထက် သိပ်နည်းတဲ့တန်ဖိုး (အချို့ဆို ရကိုမရတာ) ရကြတဲ့ ပြည်သူတွေ အတွက် လျှော်ကြေးအပြည့်ရစေ့ချင်တယ်။
(ဂ) မြန်မာပြည်ထဲမှာ နေထိုင်သူအားလုံးနဲ့သက်ဆိုင်တဲ့ ဧရာဝတီမို့လို့ သူ့ရဲ့အရေးကိစ္စကို ဆုံးဖြတ်ရာမှာ ပိုင်ဆိုင်သူ ပြည်သူများရဲ့ဆန္ဒနဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်စေ့ချင်တယ်။ ပြည်သူ့လွှတ်တော် ခန်းမကြီးရဲ့အ၀င်ဝမှာ
“ပြည်သူ့အသံ လွှတ်တော်အသံ”
“ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ”
“ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဆောင်ရွက်” ဆိုတဲ့ ကြွေးကြော်သံတွေရေးထားတဲ့ ဆိုင်းဘုတ်တခုကို ကြက် သရေရှိစွာ တွေ့ရပါတယ်။ ကျနော်တို့ရဲ့အားကိုးရာ၊ မျှော်လင့်ရာဟာ ပြည်သူ့ကိုယ်စားလှယ်တွေ ပါဝင်ပြီး ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စကို တောင်းဆိုပေးမယ့် နေရာပါလားလို့ အသေအချာ ယုံကြည်လာစေနိုင်တဲ့ ဆောင်ပုဒ်တွေ ပါပဲ။ ဆောင်ပုဒ်တွေဟာ စာမျက်နှာတွေ၊ နံရံတွေမှာသာ အသက်သေနေကောင်းတဲ့အရာမဟုတ်တဲ့အတွက် ဧရာဝတီနဲ့ ပတ်သက်တဲ့ ပြည်သူ့အသံဟာ လွှတ်တော်ခန်းမတခုလုံးမှာ ဖုံးနေလိမ့်မယ်လို့ ထင်ပါတယ်။ ဧရာဝတီကို ကယ်တင်ဖို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကိုကို လွှတ်တော်က ဆောင်ရွက်ပေးပါလို့လည်း တောင်းဆိုရမှာပါပဲ။
ဧရာဝတီကို ချစ်တယ်လို့ အော်နေသူများဘက်ကလည်း ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်အတွက် (မတူသောလုပ်ဆောင် ချက်တွေနဲ့) ဦးတည်ချက်တခုခုထားပြီး ဆောင်ရွက်မှ အရာရောက်၊ အရွေ့ရှိမယ် ထင်ပါတယ်။ ဧရာဝတီမြစ်ဆုံသာမက မေခမြစ်ဝှမ်းတခုလုံးဟာ “ကမ္ဘာ့အဆင့် ဇီဝမျိုးကွဲများ ထိမ်းသိမ်းရေးနယ်မြေ” ဖြစ်ပါတယ်။
ဒီ့အပြင်၊ စိုက်ပျိုးရေးအရ၊ ယဉ်ကျေးမှုအရ၊ ကမ္ဘာ့ဘယ်နေရာမှာမှ မရှိပဲ ဒီဇုန်ထဲမှာပဲရှိတဲ့ ဇီဝမျိုးကွဲများ ပေါကြွယ်မှုတွေ အရဆိုတဲ့ အမြင်ဘက်ကကြည့်ရင် တော်တော်ကြေကွဲစရာ ကောင်းလှပါတယ်။ တရုတ်က သူ့နယ်မြေထဲက သံလွင်မြစ် ညာမှာရှိတဲ့ ရေအားလျှပ်စစ် (၁၃) ခုကို ရပ်ဆိုင်းပြီး၊ ဧရာဝတီမြစ်ညာဒေသကို တက်တက်ကြွကြွ မြန်မြန်ဆန်ဆန်လုပ် နေတာ ဘာ့ကြောင့်လဲလို့ မေးခွန်းထုတ်ချင်ပါတယ်။
ဧရာဝတီရဲ့အော်သံဟာ အင်တာနက် စာမျက်နှာတွေပေါ်ကနေ၊ မြန်မာ့ဂျာနယ်တွေရဲ့ စာမျက်နှာဆီရောက်လာပါပြီ။ ဖေါ်ပြခဲ့တဲ့ မဂ္ဂဇင်းတွေရော၊ ဖေါ်ပြခွင့်ပြုခဲ့တဲ့ တာဝန်ရှိသူတွေရောကို ကျေးဇူးတင်လှပါတယ်။ ဒီတပတ် ရန်ကုန်တိုင်းမ်၊ (သြဂုတ် ၂၅-၃၁၊၂၀၁၁) မှာ “မြစ်မင်းဧရာဝတီ၏ ရှေ့ရေး” ဆိုတဲ့ အထူးဆောင်းပါးတပုဒ် ပါဝင်ပါတယ်။ ရှာဖတ်ကြစေ့ ချင်၊ လက်တို့ မျှဝေပေးစေ့ချင်ပါတယ်။
အဲဒီဆောင်းပါးထဲမှာ ဦးဝင်းမျိုးသူ (Eco-dev) က ဒီလိုရှင်းပြပါတယ်။
“ဒီမြစ်ဆုံဒေသဟာ ကမ္ဘာကသတ်မှတ်ထားတဲ့ Ecoregion ကြီးနှစ်ခုကနေ ဖြတ်ဆင်းလာတာဖြစ်တယ်။ Ecoregion ၂၀၀ ထဲက၊ နှစ်ခုမှာ ပါဝင်တဲ့ဒေသဖြစ်တယ်။ မြန်မာပြည်မှာ Bio Diversity အရအရေးအကြီးဆုံးလို့ လက်ရှိ နိုင်ငံတော်က အမျိုးသားအဆင့်ဆွဲနေတဲ့ “ဇီဝမျိုးကွဲများ ထိန်းသိမ်းရေးစီမံချက်” မှာလည်း ပထမဦးစားပေးအဆင့်မှာ ပါပြီးသားဒေသ ကြီး ဖြစ်နေတယ်။””
အခြားဒေသ/အခြားနိုင်ငံတွေမှာ ဆောက်ခဲ့တဲ့ဆည်တွေက မြေအနေအထားဟာ ကမ္ဘာ့အတွက် အဲသလောက်တန်ဖိုး များမယ်မထင်ပါ။ ဒါတောင် မနေ့ကသတင်းတခုထဲမှာ ထိုင်းဝန်ကြီးချုပ်ယင်လပ်ခ်ရှင်နာဝပ်ထရာက ထိုင်း၊ ဖရာပြည်နယ် မှာ တည်ဆောက်မယ့် Kaeng Sua Ten ရေကာတာစီမံကိန်းကို အစိုးရက ပြန်လည်စိစစ်ပေးမယ်လို့ ကတိက၀တ်များ ပေးခဲ့ပါသေးသဗျာ။ “ရေကာတာ တည်ဆောက်မယ့်အစီအစဉ်မှာ မှန်ကန်တဲ့အချက်အလက်တွေရရှိမှ ဆုံးဖြတ်နိုင်မှာ ဖြစ်ပြီး ပါဝင်ပတ်သက်သူအားလုံးရဲ့ ပူးပေါင်းမှုလိုအပ်တယ်” တဲ့။
အဲဒီဝန်ကြီးချုပ်မမ ပြောခဲ့တာ။ ကျနော်တို့ လိုချင်နေတာလည်း အဲဒါပါပဲ။ ပြည်သူတွေပါဝင် ဆုံးဖြတ်ခွင့်၊ ဆန္ဒပေးခွင့်၊ အစိုးရဘက်က ပွင့်လင်းမြင်သာသောတင်ပြမှု၊ ပြည်သူ့ ယုံကြည်မှုရအောင်ဆောင်ရွက်မှုတွေပါ။ ခက်တာက ဆည်အရေး ကို ကန့်ကွက်သူတွေဘက်က ထောင်းလမောင်းထအောင် ဆောင်းပါးရေးသားကြ၊ အချက်အလက်ထုတ်ပြကြနဲ့ အုံးအုံး ကြွက်ကြွက်ဖြစ်နေပေမယ့်၊ ဆည်ဆောက်ဖို့ ထောက်ခံသူတွေဘက်က အဲဒီထောက်ကွက်တွေကို ချက်ကျလက်ကျ ပြန် လည်ချေပရှင်းလင်းတာတခုမှ မတွေ့ရသေးတာပါပဲ။ ဒီလို တန်ပြန်ရှင်းလင်းဖို့ဆိုတာ အစိုးရကမှ အစိုးရ၀န်ထမ်းကမှ မဟုတ်ပါဘူး။ ဆောက်သင့်တယ်အမြင်ရှိတဲ့၊ ခြေခြေမြစ်မြစ်ရှင်းပြနိုင်သူ ဘယ်သူမဆို ပါဝင်ဆွေးနွေးလို့ရပါတယ်။ ဆန္ဒရှိ ရင်ပေါ့။ ခုတော့ ဆန္ဒမရှိလို့ပဲလား ပြန်ရှင်းစရာ အချက်မရှိလို့ပဲလား ကျနော်တော့ ဘာတခုမှ ဖတ်ခွင့်မရသေးပါ။
ဒီအပိုင်းကို နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းနဲ့အဆုံးသတ်ချင် ပါတယ်။ “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်း များကို အကောင်ထည်ဖေါ်ဆောင်ရွက်ရာမှာ ကျနော်တို့ အစိုးရအနေနဲ့၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကို အစဉ်အမြဲ ဒွန်တွဲပြီး အဘက်ဘက်မှ လေ့လာသုံးသပ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများမှာ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ NGO အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကြိုးပမ်းဆောင်ရွက်သွား မှာ ဖြစ်ပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment