Free Finger For Freedom
Saturday, October 1, 2011
ဖယ်ဒရယ် အရေးနဲ့ ပတ်သက်ပြီး ပြောချင်တာတွေ ရှိပါတယ်။ ဒေါက်တာလှိုင်မြင့် ရေးထားတာတွေကို ဖတ်ပြီး ပါပြီ။ သူက ဗမာကိုယ်စားပြုပြီး ဗမာဖက်က ဖြစ်ချင်တာတွေကို ပြောသွားတာလို့ နားလည်ပါတယ်။ သူပြောခဲ့တာတွေ နဲ့ ပတ်သက်ပြီး တစ်ချက်ချင်း ညှိနှိုင်းဆွေးနွေးကြရင်း အဖြေပေါ်လာအောင် လုပ်ကြပါမယ်။
အောက်က ဒေါက်တာလှိုင်မြင့်အဆိုပါ။
တခါ သြစတြေးလျမှာလဲ ၂၀၀၈- ဖေဖေါ်ဝါရီလ မှာ အဲဒီတုန်းက အခု Burma Campaign Australia က ဘဏ္ဍာငွေက တောင့်တင်းနေတုန်းဆိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ညီလာခံလုပ်ပါတယ်။ တနေကုန် ဆွေးနွေးပွဲကြီးကို နှစ်ရက်လုပ်ပါတယ်။ အဲဒီိမှာ တိုင်းရင်းသားအများစုက ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေး (ဖက်ဒရယ်ကိစ္စ) တပြိုင်ထဲလုပ်ရမယ် တောင်းဆိုလာပါတယ်။ အဲဒီလို တောင်းဆိုလာတော့ မြန်မာတွေက လက်ရှောင် ထွက်သွားကြပါတယ်။ အားလုံးကဗျောင်ဘဲ။ ကျနော်မပါဘူးဆိုပြီး ထွက်သွားကြပါတယ်။ အခု တီဗွီတွေ ရေဒီယိုတွေအပေါ်မှာ အင်တာဗျူးနေတဲ့ ဆရာကြီးများ အကုန်လက်ရှောင် ကြပါတော့တယ်။ နောက်ဆုံးတော့ တိုင်းရင်းသားတွေ အများနဲ့ ကျနော်တဦးတည်း ဆွေးနွေးကြရပါတော့တယ်။ ဘိုမတွေ၊ ဘိုတွေ ထိုင်နားထောင်ပေးပြီး ကြပ်မတ်ပေးထားကြပါတယ်။
ဒီဆွေးနွေးပွဲမှာ မြန်မာတွေ လက်ရှောင်ထွက်သွားကြပါတယ်လို့ ပြောပါတယ်။ ဆွေးနွေးပွဲမှာ ပြောဆိုတိုင်ပင် ညှိနှိုင်းစရာတွေ ညှိနှိုင်းရမှာပါ ရှောင်ထွက်သွားရမှာ မဟုတ်ပါဘူး။ ပြည်ထောင်စုအရေးဟာ မြန်မာ သို့မဟုတ် ဗမာ နဲ့လည်း ဆိုင်ပါတယ် ရှောင်ထွက်သွားလို့ မရပါဘူး။ တိုင်းရင်းသားဆိုတဲ့ စကားကို ဘယ်သူက စထွင်တယ်တော့ မသိပါဘူး။ အမြင်မှောက်မှားစေတဲ့ အသုံးအနှုန်းပါ။ ဘာ့ကြောင့်လဲဆိုတော့ တိုင်းရင်းသား ဆိုတဲ့ စကားလုံးမှာ ရှင်းလင်းတိကျတဲ့ အဓိပ္ပာယ်မရှိလို့ပါပဲ။ တိုင်းရင်းသားလို့ သုံးစွဲလိုက်ခြင်းဟာ အမြင်မှားမှုကို စတင်စေပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း နဲ့ တကွ ကျန် လူမျိုးတွေကို တစ်ပေါင်းတည်း တိုင်းရင်းသားလို့ ပေါင်းပြီးကြည့်လိုက်တဲ့ အခါမှာ မဲအသားစီး ဆိုတဲ့ အမြင်ပေါ်လာမှာ ဖြစ်တဲ့ အတွက်ကြောင့်ပါ။ ဒါ့ကြောင့် တိုင်းရင်းသားဆိုတဲ့ ဝေါဟာရဟာ အမြင်မှောက်မှားစေတဲ့ ဝေါဟာရ တစ်လုံးဖြစ်ပါတယ်။ ဗမာဟာလည်း တိုင်းရင်းသား တစ်မျိုးပဲလို့ ပြောရင် ဗမာတွေ လက်မခံချင်းကြပြန်ပါဘူး။ စိတ်ထဲက ကျိတ်ရယ် ကြပါတယ်။ ဒါဆို ဗမာ နဲ့ တိုင်းရင်းသားနဲ့ ဘာကွာတာလဲ ဆိုတာ မေးမြန်းစရာ ဖြစ်လာပြန်ပါတယ်။
အောက်က ဒေါက်တာလှိုင်မြင့်အဆိုပါ။
နောက်ဆုံးတော့ တိုင်းရင်းသားတွေ အများနဲ့ ကျနော်တဦးတည်း ဆွေးနွေးကြရပါတော့တယ်။ ဘိုမတွေ၊ ဘိုတွေ ထိုင်နားထောင်ပေးပြီး ကြပ်မတ်ပေးထားကြပါတယ်။
အထက်က ဒေါက်တာလှိုင်မြင့်ရဲ့ အမြင်မှားမှု စတင်ပါတော့တယ်။ "တိုင်းရင်းသားတွေ အများနဲ့ ကျနော် တစ်ဦးတည်း ဆိုတာ အမြင်မှားမှုပါ။ အမှန်က ကချင်လူမျိုး၊ ကယားလူမျိုး၊ ကရင်လူမျိုး၊ ချင်းလူမျိုး၊ မွန်လူမျို၊ ရခိုင်လူမျိုး၊ ရှမ်းလူမျိုး နဲ့ ဒေါက်တာလှိုင်မြင့် ဗမာလူမျိုးပါ။ ဒေါက်တာလှိုင်မြင့် အတွေးမှာ ကျန်တဲ့လူမျိုးတွေကို တစ်ပေါင်းတည်းတွေးလိုက်တာမှားပါ
တယ်။ အဲလိုတွေးလိုက်တဲ့ အချိန်မှာ ကျန်တဲ့လူမျိုးက တစ်ပေါင်းတည်း ၇ ယောက် အင်အားကြီးပြီး၊ ဗမာက ၁ ယောက် အင်အားနည်းတယ် ဆိုတဲ့ အမြင်မှားမှု ဖြစ်သွားပါတယ်။
အောက်က ဒေါက်တာလှိုင်မြင့်အဆိုပါ။
အဓီက ပြောလိုတာကတော့ စစ်တပ်ကရေးထားတဲ့ အခုနာဂစ်အခြေခံဥပဒေနဲ့ နယ်စပ်မှာ လက်နက်ကိုင် တိုင်းရင်းသားတွေ ဦးဆောင်ရေးထားတဲ့မူ (ပြည်ထောင်စုစစ်စစ်မူ @ ရှစ်ပြည်နယ်မူ/ NCUBမူ) ဆိုတာနှစ်ခုကတော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း ဖြစ်နေပါတယ်။ ဘယ်လိုမှ မနီးစပ်နိုင်ပါဘူး ။ တိုင်းရင်းသားတွေက ၂၀၀၈- မှာတော့ ရှစ်ပြည်နယ်မူကနေ ၁၀-ပြည်နယ်မူ ဆိုပြီး ပြည်နယ်နှစ်ခုတိုး သတ်မှတ်လာပါတယ်။ နောက်ထပ်ထပ်တိုး ပြည်နယ်တွေအတွက်ပါ ကွက်လပ်လေးနှစ်ခု ပြထားပါသေးတယ်။ အမှတ်စဉ်လေး - ၁၂ အထိ ထိုးထားလိုက်ပါသေးတယ်။
ဒါနဲ့ ပါတ်သက်လို့လည်း အမြင်းမှားမှုနဲ့ အမြင်ကျဉ်းမြောင်းမှုတွေ ရှိနေပါသေးတယ်။ မြန်မာပြည်မှာ လူမျိုး ၁၃၅ မျိုး ရှိတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ပြည်နယ်တွေခွဲပေးရရင် တိုင်းပြည်ကြီး အစိတ်စိတ် အမွှာမွှာပြိုကွဲ သွားမှာပေါ့ ဆိုတဲ့ အမြင်ပါ။ ပြိုကွဲခြင်း၊ ညီညွတ်မှု ပျက်စီးခြင်းဆိုတာ တန်းတူမရှိမှုမှာ အခြေခံပါတယ်။ တန်းတူမရှိရင် တန်းတူဖြစ်ချင်တဲ့ စိတ်ပေါ်ကြတာ သဘာဝ တရားပါ။ သူတစ်ပါးကို သာချင် ကျောချင် တာကလည်း သဘာဝ တရားတွေပါ။ ဒါကို သတိနဲ့ ထိန်းချုပ်ပြီး၊ ကြပ်မတ်ပေးကြရမှာ ဖြစ်ပါတယ်။ လူမျိုးတစ်မျိုးစီမှာ သူ့လူမျိုးမပျောက်ပျက်ရေးအတွက် တောင်းဆိုခွင့် ထူထောင်ခွင့် ရှိရပါမယ်။ "ကမ္ဘာမှာ မျိုးတုန်းပျောက်ကွယ်မယ့် တိရိစ္ဆာန်တွေ အရေး တွေတောပူပင်နေကြပေမယ့်၊ လူမျိုးတွေ မျိုးသုဉ်းပျောက်ကွယ် သွားအောင် အစီအစဉ်တကျ ဆောက်ရွက်နေကြတာတွေ ရှိပါတယ်၊ ဒါတွေဟာ ကိုယ့်လူမျိုးချစ်စိတ် အရင်းခံတွေ နဲ့ပါ။ ဒါပေမယ့် လူယဉ်ကျေးတွေ လက်မခံတော့ပါဘူး။ လူမျိုးစု တိုင်းဟာ အခွင့်အရေး တန်းတူ ရသင့်ပါတယ်။ ပြည်နယ်တောင်းတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းတယ် ဆိုလည်း ပေးရမှာပါ။ ဒါမှ အဲဒီ လူမျိုး အဓွန့်ရှည်တည်တံ့မှာပါ။
အောက်က ဒေါက်တာလှိုင်မြင့်အဆိုပါ။
တခါစစ်တပ်ကဆွဲတဲ့ နာဂစ်-၂၀၀၈-ဥပဒေကတော့ ဒီမိုကရေစီဆိုတာ အနံ့လေးလောက်ဘဲပါတာပါ။ ဆွေးနွေးစရာမလိုတော့လို့ ခေါက်ထားလိုက်ပါတယ်။ နောက်တခု အဓိကထားပြောလိုတာကတော့ ၁၉၆၂ -နှစ်ဖေါ်ဝါရီလမှာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ မြန်မာ(ဗမာ)မပါဘဲ တိုင်းရင်းသားတွေက ပြည်ထောင်စု (စစ်စစ်)မူ / ရှစ်ပြည်နယ်မူကို တင်ဖို့လုပ်လာတော့ ဒီကိစ္စကို အခွင့်ကောင်းယူပြီး ဦးနေ၀င်းက အာဏာသိမ်းလိုက်တာပါဘဲ။ ဦးနေ၀င်း အာဏာသိမ်းတော့ တိုင်းပြည်ပြိုကွဲမယ့် အရေးကနေ ကာကွယ်ဖို့ပေါ့။ အဲဒီအချိန်က မြန်မာနိုင်ငံရေးသမားတွေက ဦးနေ၀င်းရဲ့ အကြောင်းပြချက်ကို သိပ်အကြောက်အကန် မငြင်းနိုင်ခဲ့ကြပါဘူး။ မြန်မာ(ဗမာ) လူမျိုးဘက်ကနေ ကြည့်တော့ ဗမာတွေအတွက် ကိုယ်ပြည်နယ်နဲ့ ဆိုင်တဲ့ကိစ္စ တခုခု ဆုံးဖြတ်ချင်ရင်တောင်မှ တိုင်းရင်းသားတွေ ခွင့်ပြုမှ တိုင်းရင်းသားတွေ သနားမှ လုပ်ခွင့်ရတော့မယ့် ဘ၀ကို လုံးလုံးရောက်သွားပါပြီ။ ဒီရှစ်ပြည်နယ်မူကို ဗမာကိုယ်စားလှယ်တွေက လက်မခံနိုင်ကြပါဘူး။ လက်ခံဖို့ သိပ်ခက်နေပါတယ်။ လက်မခံတော့ တိုင်းရင်းသားတွေဘက်က ဒါမဟာလူမျိုးဝါဒ ဆိုတာကို တွင်တွင် အော်တော့တာပါဘဲ။ ဒါပေမဲ့ လွတ်တော်မှာက အဖွဲ့တွေ အကွဲကွဲဖြစ်နေချိန်ကို တိုင်းရင်းသားတွေက အခွင့်ကောင်းယူလာတယ်လို့ တပ်မှုးတွေက လုံးဝယူဆထားကြပါတယ်။
အဲဒီ အချိန်က အမြင်မှန် မရှိခဲ့တဲ့ ဗမာမျိုးချစ်ခေါင်းဆောင်တွေ ကြောင့် လက်ရှိ ဆင်းရဲ မွဲတေမှုတွေ ရင်ဆိုင်နေရတာပါ။ ဒါက ငြင်းမရတဲ့ သက်သေပါပဲ။ မျှတတဲ့ အုပ်ချုပ်ခွင့် ပေးခဲ့ကြရင် စစ်ပွဲတွေ ဖြစ်နေမှာ မဟုတ်ပါဘူး။ KNU ပေါ်လာမှာ မဟုတ်ပါဘူး။ SSA ပေါ်လာမှာ မဟုတ်ပါဘူး။ KIA ဖြစ်လာမှာ မဟုတ်ပါဘူး။ ဗမာ့တပ်မတော်ကြီးလည်း ပြိုကွဲခဲ့မှာ မဟုတ်ပါဘူး။ ၁၉၄၈ လွတ်လပ်ရေး ရပြီးချိန်မှာ ဝန်ကြီးချုပ်ဦးနုက ဗမာမျိုးချစ် စိတ်နဲ့ဗုဒ္ဓဘာသာကြည်ညို စိတ်တွေကြောင့် အစွန်းရောက်ခဲ့ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုတွေ ကောင်းကောင်းမလုပ်ကြပဲ ကိုယ့်လက်ထဲ ရှိတဲ့ တပ်နဲ့ အနိုင်ယူ ချေးမှုန်းရေး လုပ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ သတ်မှတ် တာတွေ လုပ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်လို့ နာမည်ခံလိုက်တာနဲ့ ဗုဒ္ဓဘာသာ ဖြစ်သွားတာ မဟုတ်ပါဘူး။ သောတာပန်မဖြစ်သေးသမျှ ဗုဒ္ဓကို တကယ် ယုံကြည်သူ မဟုတ်သေးပါဘူး။ ရလာဒ်အဖြစ် ဗမာ့တပ်မတော်ကြီး ပြိုကွဲပါတယ်။ ကွန်မြူနစ်တွေ အဖြစ်တောခိုကြပါတယ်။ အင်္ဂလိပ် ပရောဂကြောင့်လို့ ပြောတာတွေ ဟာ အမှားတွေပါ။ ကိုယ့်အချင်းချင်း မညီညွတ်လို့ ကွဲပြဲကြတဲ့ ကိစ္စကို မဆိုင်သူကို ဆွဲထည့်စရာ မလိုပါဘူး။ ကိုယ့်ကြောင့် ကွဲတာကို သူ့ကြောင့်လို့ လက်ညှိုးထိုး ရှောင်လွှဲတာ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ဗမာတွေ အဲဒီအချိန်က ဘာလို့ ထောက်ခံခဲ့ကြသလဲ ဆိုရင် မရင့်ကျက်ကြသေးတာရယ်၊ အနာဂါတ်ကို မြော်မြင်နိုင်တဲ့ အားနည်းတာရယ်ကြောင့်ပါပဲ။ ရှစ်ပြည်နယ်မှုကို ဒေါက်တာလှိုင်မြင့် ကြည့်သလို ကြည့်ခဲ့ကြပါတယ်။ လွတ်တော်မှာ ဘာ့ကြောင့် အဖွဲ့တွေ အကွဲကွဲ ဖြစ်တာလဲ ဆိုတဲ့ အကြောင်းအရင်း ကို ရှာကြည့်ဖို့ လိုပါတယ်။ ညှိနိုင်းသင့်တာကို မညှိနှိုင်းပဲ အာဏာသိမ်းခွင့်ကို ပေးလိုက်ကြတဲ့အတွက် အာဏာရှင်စနစ် မြန်မာပြည်မှာ အမြစ်တွယ် ဖို့ ဖြစ်လာခဲ့ပါတယ်။
အောက်က ဒေါက်တာလှိုင်မြင့်အဆိုပါ။
မြန်မာ(ဗမာ) လူမျိုးဘက်ကနေ ကြည့်တော့ ဗမာတွေအတွက် ကိုယ်ပြည်နယ်နဲ့ ဆိုင်တဲ့ကိစ္စ တခုခု ဆုံးဖြတ်ချင်ရင်တောင်မှ တိုင်းရင်းသားတွေ ခွင့်ပြုမှ တိုင်းရင်းသားတွေ သနားမှ လုပ်ခွင့်ရတော့မယ့် ဘ၀ကို လုံးလုံးရောက်သွားပါပြီ။
ဒါဟာလည်း မှားယွင်းတဲ့ အမြင်ပါပဲ။ လူမျိုးတိုင်းဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိပါတယ်။ ကိုယ့်ပြည်နယ်အရေး ကိုယ်ပဲ ဆုံးဖြတ်လုပ်ကြမှာ ဖြစ်ပါတယ်။ ခုလက်ရှိမှာ ဗမာအခြေပြု စစ်အစိုးရက ရခိုင်တိုးတက်ရေး၊ ရှမ်းတိုးတက်ရေး ကြားကောင်းရုံပဲ ပြောမှာပါ။ ရှမ်းတိုးတက်ရေးကို ရှမ်းကပဲ လုပ်ပါလိမ့်မယ်။ ရခိုင်တိုးတက်ရေးကို ရခိုင်ကပဲ လုပ်ပါလိမ့်မယ်။ ဝင်ရောက် စွက်ဖက်လက်ဝါးကြီးအုပ်မှု မရှိအောင်၊ ကိုယ်ကြမ္မာကိုယ် ဖန်တီးနိုင်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို တောင်းကြတာပါ။ ဒါက ပြည်နယ်တွေ အဆင့်မှာ တိုးတက်ရေးကြိုးစားကြတာကို ပြောတာပါ။ ပြည်ထာင်စု အဆင့်ကို စဉ်းစားတဲ့ အခါမှာတော့ ငြိမ်းချမ်းရေး၊ အတူယှဉ်တွဲ တိုးတက်ရေးတွေ ပါလာပြီ ဖြစ်တဲ့အတွက်၊ ပြည်နယ်ချစ်တဲ့ ခေါင်းဆောင်တိုင်းဟာ ရေရှည်အကျိုးကြည့်ပြီး၊ သင့်တော်မျှတတဲ့ ဆုံးဖြတ်ချက်တွေကို ပြည်ထောင်စု လွတ်တော်မှာ တင်ပြတိုင်ပင်ပြီး မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ကိုယ့်ပြည်နယ်နဲ့ဆိုင်တဲ့ ကိစ္စ တခုခု ဆုံးဖြတ်ချင်ရင်တောင်မှ တိုင်းရင်းသားတွေ ခွင့်ပြုမှ တိုင်းရင်းသားတွေ သနားမှ" ဆိုတာ အရောင်ဆိုးထားတဲ့ စကားလုံးပါ။ အမြင်မှားမှုအပေါ် အခြေခံပါတယ်။ လူမျိုးတွေကို ပေါင်းပြီးကြည့်လိုက်တာ မှားယွင်းမှုပါပဲ။ ကျန်တဲ့ လူမျိုး ၇ မျိုးက ပေါင်းသွားတာဟာ၊ ဗမာလူမျိုးကို ခွဲထွက်ပြီး တွေးလိုက်လို့ပါ။ ဘာ့ကြောင့် ကျန်တဲ့ လူမျိုးတွေကို ပေါင်းပြီး တွေးလိုက်တာလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ကျန်တဲ့ လူမျိုးတွေက တစ်သွေးတည်း တစ်သားတည်း ညီညွတ်နေကြလို့လား။ ကျန်တဲ့ လူမျိုး ၇ မျိုးက ညီညွတ်တယ်ဆို ဗမာဆိုတဲ့ လူမျိုးကရော အဲဒီ ၇ မျိုးသော လူမျိုးနဲ့ တစ်သွေးတည်း တစ်သားတည်း မညီညွတ်နိုင်ဘူးလား။ ကျန်တဲ့ လူမျိုး ၇ မျိုးက ဘာ့ကြောင့် ဗမာ ဆိုတဲ့ လူမျိုးကို နိမ်ရမှာလဲ။ ဗမာမျိုးချစ်တွေ ကြောက်ခဲ့တာက အမြင်မှားမှုကို အခြေခံတဲ့ "မိုးမပြို၊ ပြိုခဲ့သော်" အတွေးတွေပါပဲ။ မိုးပြိုပြီလို့ အော်ပြီး ပြေးတဲ့ ကြက်ကလေးကြောင့် တစ်တောလုံး တစ်တောင်လုံး တစ်ပြေးတည်း ပြေးနေကြရသလို တိုင်းရင်းသားတွေ (လူမျိုး ၇ မျိုး) က ဖိနှိပ်အနိုင်ကျင့် ခဲ့ရင် လို့ မှားယွင်းတဲ့ အတွေးကြောင့် ခုထိ မြန်မာနိုင်ငံသားတွေ မိုးပြိုမှာ ကြောက်တဲ့ အတွေးနဲ့ ဗမာတွေရော၊ ကျန်တဲ့ လူမျိုးတွေ ရော သဘာဝတရားတွေနဲ့ လှပနေတဲ့ ဒီတောင် ဒီတောမှာ တစ်ပြေးတည်း ပြေးပြီး။ ဖတ်ဖတ် မောနေခဲ့တာ နှစ်ပေါင်း ၆၀ ကျော်လာခဲ့ပါပြီ။ ကျွန်တော်ပြောချင်ပါတယ်။ မိုးပြိုလာတာ ဟုတ်မဟုတ် ကျွန်တော်တို့ ရပ်ပြီး လေ့လာကြဖို့ ဖော်ထုတ်ကြဖို့ လိုပါတယ်။ ရှေးရှေးက ခေါင်းဆောင်တွေဟာ အရာရာမှာ အမြော်အမြင်ကြီးပြီး ပြီးပြည့်စုံခဲ့ကြတာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့ သိကြဖို့ သိပ်အရေးကြီးပါတယ်။ ကျွန်တော်တို့ အမြင်တွေကို တော်လှန်ပြောင်းလဲ ကြရပါမယ်။
No comments:
Post a Comment