Monday, October 31, 2011

နှမြောလိုက်တာ NLD


နှမြောလိုက်တာ NLD
အောင်မျိုးထွန်း
(စာရေးသူ၏ အာဘော်ကို ဖတ်ရှုဆင်ခြင်သုံးသပ်နိုင်ရန် တင်ဆက်ပေးခြင်းဖြစ်သည်။)

၂၀၀၈ အခြေခံဥပဒေကို “ကာကွယ်စောင့်ရှောက်တာ” နဲ့ “လေးစားလိုက်နာတာ” အတူတူပဲ။ ကုလားကြီးနဲ့ အရာကြီး ဘာကွာလို့လဲ။ သဘောခွေ့ မနောမွေ့နေစရာလား။ တမတ်သားစစ်ဗိုလ်တွေ၊ အရင် နအဖသစ္စာ တော်ခံတွေ၊ ခါးပိုက်ဆောင် ဒီမိုကရက်အမတ်တချို့နဲ့ ခြေချင်းလိမ်နေကြတဲ့ နေပြည်တော်လွှတ်တော်ထဲ ဘာသွားလုပ်ဦးမလို့လဲ။ နှမြောလိုက်တာ NLD။

“၂၅ % အမတ်ကိစ္စ ပယ်ဖျက်ပေးရင် ရွေးကောက်ပွဲဝင်မယ်” ဆိုပြီး ကိုယ့်ကို လိုအပ်နေချိန်မှာ အတိုက်အခံ ပီပီသသနဲ့ သမိုင်းကြောင်းကို ဆက်ရမယ်။ NLD ရယ်လို့ ပြည်သူလူထုကြား ဟိုးလေးတကြော်ကြော် သတင်း မွှေးခဲ့တာ၊ စစ်ခေါင်းဆောင်အဆက်ဆက်ရဲ့ အညှိုးအတေးအကြီးဆုံး ဖြစ်လာခဲ့တာ၊ နိုင်ငံတကာက စံထားရ တဲ့ ဒီမိုကရက်တစ်ပါတီတခုအဖြစ် ဂုဏ်တင့်ခဲ့ရတာ ... ဒါတွေကို လည်ပြန်ငဲ့မကြည့်နိုင်လောက်အောင် ရွေး ကောက်ပွဲရေတစက်ကို ဘာ့ကြောင့် မက်မက်စက်စက် ဖြစ်နေရတာလဲ။ လှုပ်တိုင်း သွားတာမဟုတ်သလို ဒေါ်စု ရပ်နေတာဟာလည်း သူတို့အတွက် မျက်ခုံးတလှုပ်လှုပ်နဲ့ ရိုးတိုးရွတဖြစ်မှာပဲ။ စစ်ကျွန်ဘူတာကို ထိုး ဆိုက်မယ့် ဒီမိုကရေစီရထားကြီးလို့ NLD ခေါင်းဆောင်တွေပဲ ယုံယုံကြည်ကြည် ပြောခဲ့တာ ဘာကြာသေးလို့ တုန်း။

“တဘက်က သူ့ပါတီနိုင်ငံရေးကို ပါးပါးနပ်နပ်နဲ့ ဘယ်ပြညာဖမ်းလုပ်နေတာ။ ကိုယ်က အသုံးတော်သွားခံတာ အရေးမကြီးဘူး။ နောက်က မျက်စိစုံမှိတ်လိုက်မယ့် ရိုးသားတက်ကြွတဲ့ အရပ်ရပ် နိုင်ငံရေးအင်အားစုတွေရဲ့အမြင်မှာ မြန်မာပြည်နိုင်ငံရေး ဆိုတာကို ဒါပဲလို့ ရေတွင်းထဲက ဖားသူငယ်တွေလို သင်းသတ်ခံလိုက်ရရင် အကုန်လုံး ပျက်သုဉ်းပြီ။ ဆယ်သက်ဆယ်ဘ၀ နာလန်ထူနိုင်ကြမှာမဟုတ်ဘူး။ လည်ပင်းကို ကြိုးကွင်းစွပ် ခြေထောက်အောက်က ပျဉ်ပြားကို ဒိုင်းခနဲ ဖြုတ်မှ သေဒဏ်လို့ သတ်မှတ်တယ်မထင်နဲ့။ နိုင်ငံရေးမှာ နုတဲ့၊ ယဉ်တဲ့၊ နန်းဆန်တဲ့၊ သတ်နည်းတွေ အလျှိုအလျှို ပေါ်ကုန်ပြီ။ စက်သတ်ကျောက်ချ နည်းနာဟောင်းတွေနဲ့ဆို ခံပေရော့။”

ရှက်တယ်၊ ရှက်ဖွယ်လိလိပါ။ ဦးဉာဏ်ဝင်းတို့၊ ဦးဝင်းတင်တို့ကို ၂၀၁၀ ရွေးကောက်ပွဲ ကြံ့ဖွံ့ပါတီ အောင်ပွဲခံ ရေးလော်ဘီလုပ်ခဲ့တဲ့ တရားခံတွေအဖြစ် စွဲချက်တင်ရမယ်။ အဲဒီရက်ပိုင်းက ဖြစ်ကြောင်းကုန်စင်ကို ဒီမိုကရေ စီဘက်တော်သားတွေက မြေလှန်တူးဆွပစ်ရမယ်။ အခုမှ ကျနော် မပါဘူး၊ ကျမ မပါဘူးလို့ ထန်းလက်နဲ့ မ ကာကြနဲ့။

တဘက်က သူ့ပါတီနိုင်ငံရေးကို ပါးပါးနပ်နပ်နဲ့ ဘယ်ပြညာဖမ်းလုပ်နေတာ။ ကိုယ်က အသုံးတော်သွားခံတာ အရေးမကြီးဘူး။ နောက်က မျက်စိစုံမှိတ်လိုက်မယ့် ရိုးသားတက်ကြွတဲ့ အရပ်ရပ် နိုင်ငံရေးအင်အားစုတွေရဲ့ အမြင်မှာ မြန်မာပြည်နိုင်ငံရေးဆိုတာကို ဒါပဲလို့ ရေတွင်းထဲက ဖားသူငယ်တွေလို သင်းသတ်ခံလိုက်ရရင် အ ကုန်လုံး ပျက်သုဉ်းပြီ။ ဆယ်သက်ဆယ်ဘ၀ နာလန်ထူနိုင်ကြမှာမဟုတ်ဘူး။ လည်ပင်းကို ကြိုးကွင်းစွပ် ခြေ ထောက်အောက်က ပျဉ်ပြားကို ဒိုင်းခနဲ ဖြုတ်မှ သေဒဏ်လို့ သတ်မှတ်တယ်မထင်နဲ့။ နိုင်ငံရေးမှာ နုတဲ့၊ ယဉ် တဲ့၊ နန်းဆန်တဲ့၊ သတ်နည်းတွေ အလျှိုအလျှို ပေါ်ကုန်ပြီ။ စက်သတ်ကျောက်ချ နည်းနာဟောင်းတွေနဲ့ ဆို ခံပေရော့။

ရှင်းရှင်းလုပ်ပါ။ လူထုခမျာ နိစ္စဓူဝ စားဝတ်နေရေးနဲ့ ချာလပတ်လည်ပြီး နိုင်ငံရေးဆိုတာကို တံခြူနဲ့ မမီ တုတ် နဲ့ လှမ်းပစ်မရတဲ့အထဲ လူထုအချစ်တော် နိုင်ငံရေးခေါင်းဆောင်တွေက “စောင့်ကြည့်ရမှာပေါ့၊ မပြောနိုင်သေး ပါဘူး၊ မရှိတာထက်စာရင် ရှိတာကောင်းပါတယ်” စတဲ့ မရေမရာ ပြတ်သားမှုမရှိတဲ့ စကားလုံးတွေကို ထည် လဲသုံး လူလည်လုပ်နေရင် အချိန်က တဖန်ပြန်ဒဏ်ခတ်မှာ သေချာတယ်၊ မှုန်ဝါးဇာတ်နဲ့ စခန်းသိမ်းလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကြံရည်ထွက်အောင် ညှစ်သလို ညှစ်နေတယ်လို့ မြင်ကြရင် ၀ိုင်းဝန်းထိန်းကျောင်း ပေးကြရမယ့် တာဝန်ရှိတယ်။ ကျားထိုးတဲ့လူထက် ဘေးက ခါးထောက်ကြည့်သူက ကင်းပွင့်မယ့် အကွက်ကို ပိုမြင်တယ်။ ကျားဝိုင်းမှာ “ဘေးမပြောရ” ဆိုတဲ့ စာကပ်ထားတာ အလကားမဟုတ်ဘူး။ စိန်နားကပ်ရောင် ကြောင့် ပြောင်တဲ့ပါးဟာ သူမှီခိုရာ မရှိတော့တဲ့တနေ့ ခွေးကျဝက်ကျ ကျတတ်တယ်။ ဒေါ်စု အသက်ကြီးပြီ။ အားလုံးမမှန်နိုင်တော့ဘူး။ ‘မူ’ ကို ရင်မြေခံတုတ်လုပ်ရမယ့် နိုင်ငံရေးကို အခုကတည်းက ရှင်ကြီးဝမ်း ရှင်ငယ် ၀မ်း နေခဲ့ဖူးသူတွေနဲ့ အမြုတေ စုထားရမယ့် အချိန်တခုရောက်ပြီ။ ဒေါ်စုအသက် နှစ်တစ်ထောင်ရှည်မှာ မ ဟုတ်ဘူး။

စစ်ဗိုလ်မျိုးဆက်သစ်တွေနဲ့ အတိုက်မခံ မျိုးဆက်သစ်တွေ ပက်ပင်းတိုး ထိပ်တိုက်တွေ့တဲ့အခါ ကူပါကယ်ပါနဲ့ ခွေအလှည်းနင်း မဖြစ်ဖို့ လိုတယ်။ ‘ဒေါ်စုရေ’ ဆိုပြီး ရင်ဘတ်စည်တီးနဲ့ ငိုကြီးချက်မ မဖြစ်ဖို့ လိုတယ်။ ‘လူ’ ကို မှီလွန်းတဲ့ နိုင်ငံရေးမှန်သမျှ ဘယ်မှာ ခိုင်ခံ့တောက်ပြောင်ပြီး သမိုင်းလှခဲ့လို့လဲ။ အဆိုးတကာ့အဆိုးဆုံးက မိမိ ကိုယ်တိုင်လည်း ခပ်တုံးတုံးဖြစ်သွားတာပဲ။

နိုင်ငံ့ဦးဈှောင်တပါးလို၊ ခေတ်ရှေ့ပြေး ဖလော်ဆော်ဖာတယောက်လို၊ ကမ္ဘာကျော် ဒီမိုကရေစီစံပြတဦးလို၊ အင်္ဂလိပ်-မြန်မာစကားလုံးတွေကို ပုလဲပန်းလိုခြယ်မှုန်းနိုင်တဲ့ စာရေးဆရာတဦးလို၊ တည်ကြည်ခံ့ညားတဲ့ ရာဇ ၀င်ဆရာတစ်ယောက်လို ... စတဲ့ တကမ္ဘာလုံး ဦးညွှတ်စံထားရတဲ့ မြန်မာ့ဂုဏ်ဆောင်အမျိုးသမီးကြီးအဖြစ်နဲ့ ကျနော်ချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မျိုးမှဲ့မထင်မြင်ချင်ပါတယ်။ နိုင်ငံရေးထက် အဆင့်ပိုမြင့်တဲ့ နေ ရာမှာ ထားချင်မြင်ချင်လှပြီး နောင်လာနောင်သားမြန်မာများအတွက် “ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ငါတို့နဲ့ သက်တမ်းအတူတူ မြန်မာပြည်မှာ လူဖြစ်သွားတာကွ” ဆိုပြီး ကဗ္ပည်းရေးထိုးလိုက်ချင်ပါတယ်။ လန်ဒန်ဟိုက် ကုတ်ပန်းခြံထဲက သေတ္တာခွံတခုပေါ်တက်တဲ့ နိုင်ငံရေးလိုမျိုး ဒီမှာက မရိုးစင်းဘူးလေ။

အောင်မျိုးထွန်း
၃၀-၁၀-၂၀၁၁
(အောင်မျိုးထွန်း ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

No comments: