ထိုင်းနိုင်ငံမြောက်ပိုင်းကို ဦးစွာလွှမ်းမိုးခဲ့တဲ့
ရေကြီးမှုဟာ ဘန်ကောက်ရဲ့ အထက်က အယုဒ္ဒယခရိုင်ကို ရောက်ရှိလွှမ်းမိုးနေကာ
တနိုင်ငံလုံးမှာ လူ ၈ သန်းကျော်ဒုက္ခရောက်ပြီး ၂၆၉ ဦး
သေဆုံးသွားပြီလို့သိရပါတယ်။
မြို့နယ် ၁၆ ခုရှိတဲ့ အယုဒ္ဒယမှာ ဒီကနေ့
မနက် ၃ နာရီကစပြီး မြို့နယ်အားလုံး ရေလွှမ်းမိုးသွားပြီဖြစ်ပြီး
နှစ်ထပ်တိုက်အိမ်တွေရဲ့ ခေါင်မိုးတွေအထိ ရေမြုပ်နေတဲ့အတွက် လူ ၃ သိန်းကျော်
ရေဘေးဒုက္ခ ကြုံတွေ့နေရပါတယ်။
အယုဒ္ဒယခရိုင်အတွင်း ရေဘေးကျရောက်နေတဲ့
မြန်မာလူမျိုးတွေကို တတ်အားသမျှ ကူညီနိုင်ဖို့အတွက် မြန်မာလူမှုရေးအဖွဲ့တဖွဲ့
ဘန်ကောက်မြို့မြန်မာ တွေဆီမှာ စတင်အလှူငွေ ကောက်ခံနေပြီဖြစ်ကြောင်း
အဖွဲ့ခေါင်းဆောင် ဦးသန်းဖေက ပြောပါတယ်။
“အကုန်လုံးမြုပ်ကုန်ပြီလေ။
ကျနော်တို့ပြည်ပရောက်ကျောင်းသားအဖွဲ့အနေနဲ့
ကျနော်တို့ဗမာရေဘေးဒုက္ခသည်တွေကို ဒီမှာကူညီရေးရှိပါတယ်။
ကျနော်တို့လောလောဆယ် ရန်ပုံငွေကမရှိဘူး။ ဒါပေမယ့် ဘန်ကောက်မှာရှိနေတဲ့
အလုပ်ရုံစက်ရုံတွေမှာ ကျနော်တို့အလှူခံတာမျိုးတွေ လုပ်ဖို့ရှိပါတယ်။”
လောလောဆယ်မှာ ဆက်သွယ်လို့ရသူတွေကို စတင်ကူညီ
ဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။
ရေကြီးမှုဒဏ်ကြောင့် အယုဒ္ဒယခရိုင်အတွင်းက
အလုပ်သမား ၁ သိန်းကျော်ရှိတဲ့ စီးပွားရေးဇုန်ဟာ ဘတ်ငွေ သန်းပေါင်း
တသိန်းကျော်လောက် ပျက်စီးဆုံးရှုံးမှုရှိမယ်လို့ ဟွန်ဒါကားကုမ္ပဏီက
ခန့်မှန်းတွက်ချက် ထုတ်ပြန်ထားပါတယ်။
ထိုင်းအစိုးရက ရေလွှမ်းမိုးမှုကို
နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ပြီး ဝန်ကြီးဌာန ၈ ခု
ပူးပေါင်းဆောင်ရွက်ဖို့ညွှန်ကြားထားပါတယ်။
မြန်မာအလုပ်သမားထောင်ပေါင်းများစွာ
အလုပ်လုပ်ကိုင်နေကြတဲ့ ဘန်ကောက်မြို့ဟာ မလွှဲမရှောင်သာ ရေလွမ်းမိုးမှုဒဏ်ကို
ခံရဖို့ရှိနေတယ်လို့ ထုတ်ပြန်သတိပေးထားပြီး ရေဘေးဒုက္ခသည်စခန်း ၈၀
ကိုလည်း ပြင်ဆင်ထားပါတယ်။
နိုင်ငံမြောက်ပိုင်းကဆင်းလာပြီး
အယုဒ္ဒယကိုဖြတ်သန်းလာတဲ့ ရေထု၊ ဆက်လက်မိုးရွာသွန်းနေမှု၊
ပင်လယ်ရေတက်ချိန်နဲ့တိုက်ဆိုင်မှုအပြင် ဖိလစ်ပိုင်နိုင်ငံကနေ ဖြတ်လာတဲ့
မုန်တိုင်း၂ လုံး စတာတွေဟာ နောက်သီတင်းပတ် အတွင်း ဘန်ကောက်မှာ
လာပြီးဆုံစည်းနိုင်တာတွေကြောင့်အစိုးရက ထုတ်ပြန်သတိပေးထားတာပါ။
No comments:
Post a Comment