Sunday, October 7, 2012

ကျနော်နှင့်ကရင်ပညာတတ်မိတ်ဆွေများ

ဖူးဒို ၏ ရင်ဖွင့် စကားသံ စာတပုဒ်ကို Karen United တွင် တင်ထားတာ တွေ့ပြီးနောက် ဖတ်ရှုပြီးနောက် ကျနော်၏ မိတ်ဆွေများအားလည်း ဖတ်ရှုစေချင်သည့် အတွက် ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။ စောကျော်ခရော့စ်မှ ထပ်ဆင့်ဖေါ်ပြပါသည်။

ကျနော် ငယ်စဉ်က ရည်ရွယ်ချက်တခုရှိပါသည်။ အရွယ်ရောက်သည့်တနေ့ တိုင်းပြည်နှင့် လူမျိုးတွက် ပေးဆပ်ရန် တော်လှန်ရေးတပ်သို့ ၀င်ရောက်မည်ဟု မိဘတွေကို ကြိုပြောထားပါသည်။ မိဘကတော့မတား၊ သို့သော်ကြုံ တွေ့ရမည့် အခြေအနေများကို နားလည်အောင် ကြိုပြောထားသည်။ အဖေပြောသည့်အတိုင်း အထက်တန်းကျောင်းသားဘ၀တွင် ဟင်းရှိသော်လည်း ထမင်းကိုဆားနှင့် စားကျင့်ခဲ့သဖြင့် ခံနိုင်ခဲ့ပါသည်။ လူပျိုပေါက် ကျောင်းသားဘ၀တွင် မိမိရည်ရွယ်ချက်ကို စတင်အကောင်အထည်ဖော်ခဲ့ပါသည်။ ငယ်စဉ်ဘ၀မှ မြင်တွေ့လာနေရသော အာဏာရှင် စစ်တပ်၏ နှိပ်စက်မှုများကို ခုထိမေ့မရ။ မေ့မရအောင် အာဏာရှင်စစ်တပ်က ယနေ့ထက်တိုင် တိုင်းရင်းသားများကို နှိပ်စက်တုန်း။


 တော်လှန်ရေးကာလ လူအမျိုးမျိုးနှင့် ဆက်ဆံခဲ့ရသော ကျနော်၏ အတွေ့အကြုံများကို ရေးချင်လာပါသည်။ သို့သော်လည်း ဤစာသည် ရိုက်ပေါက်ဖြစ်နိုင်၏။ ကျနော် အားမလို အားမရခဲ့သော အပေါင်းအသင်းအချို့၏ အကြောင်းဖြစ်သည့်အားလျှော်စွာ လူအများနှင့် တိုက်ဆိုင်သည်များ ရှိနိုင်သောကြောင့်ပေတည်း။ တိုက်ဆိုင်မှုရှိနိုင်မည်ဆိုပါက ဤစာအား နောက်တပိုဒ်ထက်ပိုမဖတ်ရန် ကြိုတင် မေတ္တာရပ်ခံထားပါသည်။

ပညာတတ်အမျိုးစား ၁

ပညာသင်ပြီးခါစ ပြည်တွင်းမှနေပြီး အမျိုးသားရေးကို စတင်ထမ်းရွက်ပါသည်။ ကျွန်တော်၏ သူငယ်ချင်းအချို့မှာ တခါတည်း တောထဲသွားပြီး တော်လှန်ရေးတပ်သို့ ၀င်ရောက်သူများရှိသလို ပြည်တွင်းမှနေပြီး တတ်နိုင်သလောက်ပေးဆပ်သူများ ရှိပါသည်။ သို့သော် ကျနော်၏ သူငယ်ချင်းအများစုမှာ- “သူငယ်ချင်း ဆန္ဒသိပ်မစောနဲ့အုံး၊ ဒီအာဏာရှင်အဖွဲ့တွေက လူလိုမဟုတ်ဘူး၊ သိတာနဲ့ အမေးအမြန်းမရှိ တခါတည်းနှိပ်စက်ရုံမက ရှိနေတဲ့ မိဘ မိသားစုတွေပါ ဒုက္ခရောက်နိုင်တယ်။ မျိုးချစ်စိတ်က ငါ့ရင်မှာအပြည့်ဘဲ။ အချိန်မရွေး ဒီသွေးကိုဖောက်ကြည့် နီနေရမယ်။ အခြေမနေပေးတာနဲ့ လှုပ်ရှားပြီးသားဘဲ”

လက်ရှိအခြေအနေမှာ လှုပ်ရှားနိုင်သည်များကို ပြောပြသော်-
“ငါကဒီထက်ပိုထိရောက်အောင်လုပ်ချင်တာ၊ ဒါကတော့ထားလိုက်၊ သိပ်မထိရောက်ဘူး၊ ငါက တခါတည်းအပြတ်ချချင်တာ။ ခု ဒီအစိုးရအောက်က လွတ်အောင် ကြိုးစားလိုက်အုံးမယ်။ ဒီကြားထဲ မိဘကို ကျေးဇူးဆပ်လိုက်အုံးမယ်။ ငါအစီအစဉ်ဆွဲပြီးသား။ ခဏလေးစောင့်၊ ပြီးရင် ငါ မင်းနဲ့အတူ အပြတ်ချမယ်”

ကျွန်တော်ချပြသော အလုပ်က အောက်ခြေအလုပ်ဖြစ်သလို မိသားစုအခြေအနေက ရှိသေးတော့ ဘာမှမပြောတော့ဘဲ အပြတ်ချမယ်ဆိုသော သူ့စကားဖြင့် နှစ်သိမ့်ခဲ့ရပြီး လက်လျှော့ပြန်ခဲ့ရပါသည်။ ဟုတ်လည်းဟုတ်တာဘဲ။ ဘွဲ့ရဆိုတော့ အောက်ခြေအလုပ်ကို လုပ်ချင်စိတ်မရှိသလို စစ်ဘီလူးများ၏ ရက်စက်မှုကလည်း ရှိနေ တာကိုး။

 ပညာတတ်အမျိုးစား ၂

ပညာတတ်အမျိုးစား ၁ ၏ အခြေအနေကျော်လွန်ခဲ့သော သူငယ်ချင်းကို တွေ့သော် အားရ၀မ်းသာဖြင့် စည်းရုံး ပါတော့သည်။ အမျိုးစား ၂ မှာ ပြည်ပတွင်ရောက်ရှိနေသာ သူငယ်ချင်းများဖြစ်ပါသည်။ သူပြန်ပြောသည်မှာ-

 “သူငယ်ချင်း ဆန္ဒသိပ်မစောနဲ့အုံး၊ ငါအခုထွက်လာတာ အကြွေး xxxx သိန်းတင်ခဲ့တယ်။ ဒီအကြွေးတွေကို အရင်ရှင်းလိုက်အုံးမယ်။ ပြီးရင်ငါတခါတည်း အပြတ်ချမယ်။ မျိုးချစ်စိတ်က ငါ့ရင်မှာအပြည့်ဘဲ။ အချိန်မရွေး ဒီသွေးကိုဖေါက်ကြည့် နီနေရမယ်။ အခြေမနေပေးတာနဲ့ လှုပ်ရှားပြီးသားဘဲ” ဟုတ်လည်းဟုတ်ပါသည်၊ ယူထားသောအကြွေးကို ဆပ်ရန်အရေးကြီးသည်ဘဲ။ အကြွေးဆပ်ရင်း လုပ်နိုင်သော အမျိုးသားရေး အလုပ်များကို ပြောပြသော်- တယောက်က “ ဒါတွေဟာလူကြီးတွေ လုပ်ရမှာ သူတို့ကိုသွားပြော”

 နောက်အရွယ်ရောက်သူမိတ်ဆွေကမှု- “ ဟာ.. ဒါက မင်းတို့လူငယ်တွေ လုပ်ရမှာ၊ လူငယ်တွေအများကြီးရှိတာဘဲ သူတို့ကိုသွားပြောလိုက်” နောက်တယောက်ကမူ- “ ဒါတွေက အရေးမကြီးပါဘူး၊ လုပ်နေတဲ့လူတွေရှိပါတယ်။ ငါကအလုပ်ပင်ပန်းတယ်ကွာ။ အားတဲ့ အချိန်လေးတော့ နားပါရစေ၊ ပြီးတော့ဒီနေ့ဘော်လုံးပွဲကလည်း အရေးကြီးနေတယ်”

တချို့ကလည်း- “ ငါကဒါတွေနားမလည်ဘူး၊ လုပ်လည်းမလုပ်တတ်ဘူး”

 “ ဟေ့- ငါကတော့နိုင်ငံရေးနဲ့လုံးဝမပတ်သက်ချင်ဘူး”

 “ ငါ့ရည်းစားနဲ့ချိန်းထားတယ်၊ ဒီနေ့တော့မအားဘူး”

 “ ငါနောက်နှစ် မင်္ဂလာဆောင်မှာမို့ အလုပ်ပိုလုပ်နေရတယ်၊ အချိန်လည်းမပို ငွေလည်း လိုနေတယ်။ ငါ့ကိုနားလည်ပေးပါကွာ” “ Shopping Centre မှာ promotion လုပ်နေတယ်။ အဲဒါသူငယ်ချင်းတွေနဲ့ချိန်းထားတယ်။ နင်လဲလိုက်ခဲ့ပါလား။ နောက်အားတဲ့နေ့ကြမှ လူမျိုးရေးဆွေးနွေးကြတာပေါ့”

ကျွန်တော်ခေါင်းငိုက်စိုက်ဖြင့် တပ်ခေါက်ပြန်ခဲ့ရပါသည်။

ပညာတတ်အမျိုးအစား ၃

 ဤအတန်းကားအမျိုးစား ၂ ကိုကျော်လွန်လာသော အကျနုပ်၏ မိတ်ဆွေများပင်။ တွေ့သည်နှင့် အားရ၀မ်းသာ စည်းရုံးတော့၏။ တယောက်က ပြန်ပြောသည်မှာ- “သူငယ်ချင်းခဏလေးစောင့်၊ ငါလှုပ်ရှားတာ ဗမာစစ်အစိုးရသိသွားရင် ငါကဘာမှ မဖြစ်ပေမယ့် မြန်မာပြည်မှာ ငါ့မိသားစုရှိသေးတယ်။ ငါသူတို့ကိုခေါ်ထုတ်ပြီးတာနဲ့ မင်းနဲ့ အတူ တကယ်လုပ်မယ်”

မိသားစုနှင့်အတူ ပြည်ပတွင်နေထိုင်သော သူငယ်ချင်းက- “ သူငယ်ချင်း ခဏလေးစောင့်၊ ငါ့အခြေအနေမခိုင်သေးဘူး။ နောင် ၂ နှစ်ပြည့်ရင် ဒီနိုင်ငံမှာ အမြဲတန်းနေထိုင်ခွင့် (Permanent Residency) လျှောက်လိုက်အုံး မယ်။ အဲဒါရရင် ငါအပြတ်ချမယ်။ ငါမလုပ်သေးပေမယ့် ရင်ထဲမှာ (ရင်ဘတ်တီးလျှက်) မျိုးချစ်စိတ်အပြည့်ပါ”

လက်ရှိအခြေအနေရ သူတို့လုပ်နိုင်သည်များကိုချပြသော်-

တဦးက “ ငါ ဒါတွေမလုပ်တတ်ဘူး”

 နောက်တဦးက “ ဒါလေးနဲ့ Risk မယူနိုင်သေးဘူး၊ ငါသံရုံးကိုလည်းသွားရတယ်၊ မြန်မာပြည်လည်း ခဏပြန်လည်အုံးမယ်၊ ဒီအလုပ်လေးက ဘာမှမဟုတ်ပေမယ့် အန္တရာယ်ရှိတယ်။ နားလည်ပေးပါကွာ”

ကျွန်တော်ခေါင်းငိုက်စိုက်ဖြင့် တပ်ခေါက်ပြန်ခဲ့ရပါသည်။

ပညာတတ်အမျိုးစား ၄ 

အမျိုးစား ၃ ကိုကျော်လွန်လာပြီး လက်ရှိပြည်ပနိုင်ငံတခုတွင် အမြဲတန်းနေထိုင်ခွင့် (Permanent Resident) ရရှိထားသော ကျနော့် မိတ်ဆွေ ပညာတတ်များဖြစ်ပါသည်။ ဒီတခါတော့သေချာပြီဟုတွက်လျှက် အားရ ၀မ်းသာ စည်းရုံးပါတော့သည်။

ပထမတဦးက- “ သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ ခလေး စရိတ်၊ ကျောင်းစားရိတ်နဲ့ ပတ်ချာလည်ရိုက်နေတယ်။ ခုတောင် အငယ်ကောင်လေးကို ကျုရှင်အပြည့်မထား နိုင်သေးဘူး။ ငါ့လူမျိုးတွေကို ငါမမေ့ပါဘူး၊ ရင်ထဲမှာအမြဲသတိရနေပါတယ်။”

 နောက်တဦးက- “အပြင်ခေါ်ထုတ်လျက် သူငယ်ချင်းရော့ ၅၀ ယူသွား။ မင်းတို့ရန်ပုံငွေအတွက်။ နောက်ခါ ဒီကိစ္စကို အိမ်မှာ လာမပြောနဲ့၊ ငါ့မိန်းမက အရမ်းကြောက်တတ်တာ။ နားလည်းပေးပါကွာ”

 နောက်တဦးကမူ- “သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ ငါအခုဒီမှာ နိုင်ငံသား (Citizenship) ကို နောင်နှစ်ထဲမှာ လျှောက်မလို့။ ဒါကြောင့် Citizenship ရတဲ့အထိ ငြိမ်ငြိမ်လေးနေပါရစေ။ နို့မဟုတ်ရင် အဲဒီမှာ ငြိသွားရင်မလွယ်ဘူး၊ Citizenship ရရင် ငါ့လူမျိုးတွက် လုပ်ပြီးသား”

 နောက်ဆုံးတဦးက- “သူငယ်ချင်း အမျိုးသားရေးကိုတော့ အားပေးပါတယ်။ ဒါပေမယ့် ငါက ဘာမှမလုပ်တတ်ဘူး။ ပြီးတော့လည်း အန္တရာယ်ကလည်း ရှိသေးတယ်။ နည်းနည်း Safe ဖြစ်လာမှဘဲ ငါကိုယ်တိုင်လိုက်မယ်။”

သက်ပြင်းရှည်ကြီး ချလိုက်မိပါသည်။ ရင်ထဲမှာ ပြောစရာစကားများ ရှိနေသော်လည်း မပြောလိုတော့ပါ။ အမျိုးသားရေးသည် တော်လှန်ရေးဖြစ်သလို တော်လှန်ရေးသည်လည်း ပန်းခင်းလမ်းလည်းမဟုတ် ခရောင်းတောလမ်းလည်း မကပါ။ တော်လှန်ရေးသည် ခရောင်းတောလမ်းထက် ကြမ်းတမ်းသောလမ်းဖြစ်သလို တိုင်းပြည်နှင့်လူမျိုးတွက် အနစ်နာခံရသည့်နည်းတူ သာယာဖြောင့်ဖြူးပြီး လုံခြုံစိတ်ချရသော လမ်းမဟုတ်ပါ။

ကျွန်တော်ခေါင်းငိုက်စိုက်ဖြင့် တပ်ခေါက်ခဲ့ရပါသည်။

ပညာတတ်အမျိုးစား ၅

အဆင့် ၄ ကိုကျော်လွန်ပြီး မြန်မာနိုင်ငံသားကို စွန့်လွှတ်လျှက် ရောက်ရှိနေသောနိုင်ငံတွင် နိုင်ငံသားခံယူခွင့် ရရှိထားသော ကျနော်၏ မိတ်ဆွေပညာတတ်များဖြစ်သည်။ ဒီတခါတော့ သေချာပြီပေါ့။ Appointment လုပ်ပြီး အားရ၀မ်းသာ သွားစည်းရုံးပါတော့သည်။ ပထမတဦးက-

 “သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ အခုငါအိမ်ဝယ်ထားတယ်၊ အရစ်ကျပေးစနစ် Installment နဲ့ဝယ်ထားတယ်၊ ကားဖိုးကလည်းမကျေသေးဘူး။ အခုအကြီးကောင်ကလည်းတက္ကသိုလ်ဝင်တန်းဖြေရမယ်ဆို တော့ အရေးကြီးနေတယ်။ ချာလပတ်လည်ရမ်းနေတယ်။ ငါအချိန်မပေးနိုင်သေးဘူး။ အလုပ်ပိုလုပ်နေရတယ်။ ငါ့လူမျိုးအခြေအနေ ငါသိပါတယ်။ ဒီမှာလှုပ်လို့မရလို့ပါ။ နားလည်ပေးပါသူငယ်ချင်းရာ” ဒုတိယတဦးက- “သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ ငါအခု Master / Phd တက်နေတယ်။ ကျောင်းစာကလည်းများ၊ အလုပ်လည်း မလုပ်နိုင်တော့ ဘဏ်မှာ Loan ယူထားရတယ်။ ဒါပြီးရင် ငါ့လူမျိုးတွက် အပြတ်ချမယ်” ကျောင်းပြီးလို့သွားစည်းရုံးပြန်သော်- “ သူငယ်ချင်းခဏလေးစောင့်၊ ကျောင်းတက်တုန်းယူထားတဲ့ Bank Loan ဆပ်ဖို့လုပ်နေရတယ်။ အကြွေးနဲ့ ၀ယ်ထားတဲ့ အိမ်ဖိုးလည်းမကျေသေးတော့ အခု တပတ် ၆ ရက် အလုပ်လုပ်နေရတယ်။ ဒီအကြွေးလေးကျေ ရင်အဆင်ပြေပါပြီ” တတိယတဦးက- “သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ ငါ့အလုပ်အပြာင်းအလဲဖြစ်တယ်။ ကြားထဲမှာ အလုပ်ရှာတာ တလခွဲကြာသွားလို့ အကြွေးတင်သွားတယ်။ ပြီးတော့ ဒီနှစ်ထဲမှာလည်း သားကြီးက မင်္ဂလာဆောင်ဖို့ရှိတော့ အကုန်အကျများနေတယ်။ အဲဒါတွေကာမိဖို့ အလုပ်ပိုလုပ်ရတော့ အချိန်မရှိဘူးဖြစ်နေတယ်။ ငါ့ကိုနားလည်ပေးပါသူငယ်ချင်းရာ” စတုထ္ထတဦးက- “သူငယ်ချင်း ခဏလေးစောင့်၊ ငါအခြေမခိုင်သေးဘူး။ ငါ့မိန်းမ ခုဘဲဆေးရုံဆင်းလာတယ်။ ခုသူ့ကို အနီးကပ် ပြုစုနေရတယ်။ ဖြစ်နိုင်ရင် ဒီကိစ္စ အိမ်မှာလာမပြောပါနဲ့။ ငါ့သမီးက သူ့အမေလိုဘဲ ရှုပ်ရှုပ်ရှက်ရှက်ဆို မကြိုက်ဘူးကွာ။ ငါ့မိန်းမနေကောင်းလာရင် ငါပါဝင်ပါ့မယ်။ လောလောဆယ်တော့နားလည်ပေးပါ ကွာ။ ငါ့လူမျိုးကို ငါချစ်ပါတယ်။ ငါ့မမေ့ပါဘူး။ ဘုရှားရှိခိုးတိုင်းသတိရပါတယ်။” ပဉ္စမတဦးက- “ သူငယ်ချင်း ငါတို့လူမျိုးတွက် မင်းဆောင်ရွက်တာ ကျေးဇူးတင်တယ်။ ဂုဏ်လည်းယူတယ်။ ငါအခုအသက်ကြီးလာတော့ အရင်လိုမသွက်လက်တော့ဘူး။ကျန်းမာရေးကလည်း မကောင်းတချက်ကောင်း တချက်နဲ့ ဘယ်လောက်ထိနေရမယ်တောင် မသိဘူး။ ခုတောင် ပင်စင်သွားခါနီး တတ်နိုင်သလောက် အလုပ် ကြိုးစားဆင်းနေရတယ်။ ငါ့ကို နားလည်ပေးပါကွာ” နောက်ဆုံးတဦးက- “ သူငယ်ချင်း လာလည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါအခုဝင်ငွေက ပင်စင်လစာ ဘဲရှိတယ်။ ခုအိမ်မှာ မြေး ၂ ယောက်နဲ့ဘဲ အချိန်ကုန်တယ်။ အမေအဖေ ၂ ယောက်လုံးက အလုပ်လုပ်တော့ ငါတို့ အဖိုးအဖွား ၂ ယောက်ဘဲ ထိန်းနေရတယ်။ မင်းပြောသလို အမျိုးသားရေးတွက် စာသွားသင်ဖို့တောင် မျက်စိကလည်းမကောင်း ပြီးတော့ ရင်ကျပ် နဲ့ နှလုံးကလည်းတခါတခါဖောက်လာတယ်။ ငါတို့ကိုနားလည် ပေးပါကွာ။ ပြီးတော့လည်း အားရင်ခဏခဏ လာလည်ပေးပါကွာ။ ခုထက်ထိ မျိုးချစ်စိတ် ငါ့ရင်ထဲမှာအပြည့်ရှိပါတယ်။ ဒါပေမဲ့အခြေအနေက မင်းမြင်တဲ့အတိုင်းဘဲလေ” နောက်ဆုံးတော့ ကျွန်တော် ဖူးဒို တယာက်ခေါင်းငိုက်စိုက်ဖြင့် တပ်ခေါက်ပြန်ခဲ့ရပါသည်။ကျနော့်မှာ စည်းရုံးစရာလူမရှိပြီ။ ကျနော်နှင့်အတူ အမျိုးသားရေးတွင် တက်ကြွစွာ အနစ်နာခံလျက် ပါဝင်သူများမရှိတာတော့မဟုတ်ရှိပါသည်။ သို့သော်ကရင်လူမျိုး တသောင်းကျော်ရှိသော ကျနော်တို့ဒေသတွင်အမျိုးသားရေးတွက် ပါဝင်ဆောင်ရွက်သူ ၅၀ မျှမပြည့်။ ရာခိုင်နှုန်း နှင့်တွက်လျှင် ၀.၅ ရှိသဖြင့် အင်မတန်နည်းနေ၏။ ကရင်လူမျိုးသန်းနှင့်ချီရှိ၏။ သို့သော်တော်လှန်ရေးအင်အားမှာ သောင်းဂဏန်းသာရှိသည့်ပြင် အဲဒီသောင်းဂဏန်းရှိသော တော်လှန်ရေးအင်အားစု ကို ကျန်ပြည်သူများက ထမင်းဝအောင်မကျွေးနိုင်။ အမျိုးသားချစ်စိတ်မရှိဟု ပြောမိပါက စိတ်ဆိုးမာန်ဆိုးဖြင့် ရင်ဘတ်ကိုတီးလျှက် အမျိုးသားချစ်စိတ် အပြည့်ရှိကြောင်းပြန်ပြောတတ်၏။ မိမိအခြေအနေကို ခိုင်မာအောင်တည်ဆောက်ပြီးမှ၊ မိမိ ကိုယ်ပိုင်အချိန်ပိုမှ၊ မိမိအသုံးစရိတ်ပိုလျှံမှ အမျိုးသားရေးကို ဆောင်ရွက်လိုလျှင် ဤဘ၀တွင် လုံးဝ လုံးဝ မဖြစ်နိုင်တော့ပါ။ အပျို/ လူပျိုဘ၀မှ အိုမင်းရင့်ရော်သည်ထိဘ၀တွက် ချိန်ပြည့် ရုန်းကန်လုပ်ရှားရသောအခြေနေရှိ၏။ သိန်းနှင့်ချီသော မိမိလူမျိုးများ ဒုက္ခရောက်၊ ညှင်းဆဲသတ်ဖြတ်ခြင်းခံရတာကို နားနှင့်ကြား မျက်စိ ဖြင့် မြင်သော်လည်း နှုတ်စကားဖြင့် လူမျိုးကိုချစ်နေပါက ၀မ်းနည်းစရာ ကျွန်တော်တို့အားလုံးရဲ့အနာဂတ်သာ ရှိပါတော့သည်။ ရေစက်ပေါင်းများစွာ စုစည်းခြင်းဖြင့် ပင်လယ်သမုဒ္ဒရာဖြစ်လာ၏။ သို့သော် ရေတစ်စက်ဆိုသော အတိုင်းတာလေးကို ကျနော့်ကရင်လူမျိုးများ မလှုဒါန်း မပါဝင်နိုင်။ ကိုယ်တိုင် ပါဝင်ခြင်း၊ငွေကြေး၊ ပညာဒါနများ ပေးလှုခြင်း မရှိသော်လည်း ဆင်းရဲတွင်းထဲမှာ တိုက်ပွဲ ၀င်နေသော KNU အဖွဲ့ကို “ ကော်သူးလေး ဘယ်တော့ရမလဲ ” ဟု မေးခွန်းထုတ်တတ်၏။ ဒီထက်မက ပြောတတ်သည်မှာ- “ နင်တို့တွေ လုပ်တာမှ မဟုတ်တာ၊ နင်တို့တွေမှ အသုံးမကျတာ ဘယ်အောင်မြင်မလဲ” မိတ်ဆွေတို့- ကော်သူးလေး ဘယ်တော့ရမလဲဆိုသည့်မေးခွန်းသည် မိမိကိုယ်ကို ပြန်မေးရမည့်မေးခွန်းဖြစ်ပြီး အဖြေသည် ကျနော်တို့ ပြည်သူအားလုံးပေါ် မူတည်နေပါသည်။ ချစ်သောကရင်အမျိုးသားပေါင်းတို့- ကျနော်တို့လူမျိုးထဲမှ ၃% လောက် တော်လှန်ရေးမှာ ပေးဆပ်ပါကကော်သူးလေးပြည်ကို ကာကွယ်အုပ်ချုပ်နိုင်သော တပ်မတော် တည်ထောင်နိုင်ပြီး ကျန်ပြည်သူများမှ ရင်ဘတ်တွင်းသိမ်းဆည်းထားသော မျိုးချစ်စိတ်ကို ၅၀% လောက် လက်တွေ့ထုတ်ဖော် အသုံးပြုပါက ကိုယ့်ပြည်ကိုယ့်ရွာ တွင် တင့်တယ်စွာ နေနိုင်မည်မှာ မြေကြီးလက်ခတ်မလွှဲပါ။ ငါမတတ်ဘူး၊ ဟိုလူ့တာဝန် ဒီလူ့တာဝန် လက်ညိုး ထိုးနေမည့်အစား မိမိ အသိစိတ်ဖြင့် တော်လှန်ရေးကို တဖက်တလမ်းမှ ပါဝင်ကူညီကြရန် မေတ္တာရပ်ခံအပ်ပါတယ်။ ဤစာကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပါက နားလည်ခွှင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါတယ်။ အားလုံးကိုချစ်ခင်လေးစားလျှက်

No comments: