Saturday, May 2, 2009
အုန်းဖျံစခန်းကို ဒီကေဘီအေဝင်စီးမည့်သတင်းကြောင့် ဒုက္ခသည်များ ပုန်းခိုကျင်းတူးနေရ
Friday, May 1, 2009
NEJ /၃၀ ဧပြီ ၂၀၀၉
အုန်းဖျန်ဒုက္ခသည်စခန်းကို တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) မှ ၀င်ရောက်စီးနင်း မီးရှို့ဖျက်ဆီးမည်ဟူသော သတင်းများထွက်ပေါ်နေသောကြောင့် စခန်းတွင်းနေထိုင်သူ (၂၅,၀၀၀) ခန့်မှာ ကျီးလန့်စာစားဖြစ်နေကြသည်။
ဒီကေဘီအေအဖွဲ့မှ အုန်းဖျန်စခန်းအတွင်း ၀င်ရောက်မီးရှို့ဖျက်ဆီးပြီး အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ဆိုသည့် သတင်းတရပ်ကြောင့် စခန်းတွင်းနေထိုင်သူများမှာ ယခု ရက်ပိုင်းအတွင်း အထုပ်အပိုးများ ထုပ်ပိုးထားကြကာ ရပ်ကွက်များတွင်လည်း ပုန်းခိုကျင်းများ တူးထားကြပြီး အချို့စခန်းအနီးရှိ တောင်ပေါ်တွင် တက်ရောက်ပုန်းရှောင်ကြသည်။အဆိုပါအတည်မပြုနိုင်သည့် သတင်းထွက်ပေါ်မှုနှင့်ပတ်သက်၍ ခေတ်ပြိုင်မှ ဒီကေဘီအေသို့ ဆက်သွယ်မေးမြန်း ရန် ကြိုးစားသော်လည်း ဖုန်းပိတ်ထားသည်။
ကရင်ဒုက္ခသည်ကော်မတီ ဥက္ကဋ္ဌ ဆရာရောဘတ်ထွေးက “ဒီရက်ပိုင်းအတွင်းမှာ အုန်းဖျန်စခန်းကို ဒီကေဘီအေနဲ့ စောဌေးမောင်ငြိမ်းချမ်းရေးအဖွဲ့တွေက ၀ါဒဖြန့်ထားတာတွေရှိတော့ ဒုက္ခသည်တွေ စိုးရိမ်ကြောက်လန့်ပြီး ရှောင်ပုန်း ကြတာဖြစ်တယ်” ဟု ပြောသည်။အုန်းဖျန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်တဦးဖြစ်သူ ဦးဖလူက “ကျနော်တို့အခု ပစ္စည်းတွေ ထုပ်ပိုးထားတယ်။ ညဘက်မအိပ်ရဲဘူး။ ပုန်းခိုကျင်းလည်း တူးထားတယ်၊ ပုန်းခိုကျင်းတူးတဲ့လူတွေ ရပ်ကွက်တိုင်းမှာ ရှိတယ်” ဟု ပြောသည်။ဦးဖလူသည် ဟွေ့ကလုပ်ဒုက္ခသည်စခန်းမှ ပြောင်းလာသူဖြစ်ပြီး ယင်းစခန်းအား ဒီကေဘီအေ (၉၉၉) မှ ဗိုလ်ချစ်သူတို့က လာရောက်ကာ အိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒုက္ခသည်များနှင့်အတူ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရသူဖြစ်သည်။
၎င်းက “ထိုင်းစစ်တပ်ကလည်း ဘာမှ အကာအကွယ်မပေးနိုင်ဘူး။ ဒီလို အတွေ့အကြုံမျိုးရှိတော့ ဒုက္ခသည်တွေ စိုးရိမ်တာ မလွန်ဘူး” ဟု ပြောသည်။အုန်းဖျန်စခန်းနှင့် ဒီကေဘီအေ (၉၀၇) အခြေစိုက်ရာ ဒေသသည် ကီလိုမီတာ (၄၀) ခန့်သာ ကွာဝေးသောကြောင့် ဒုက္ခသည်များ စိုးရိမ်ပူပန်ကြခြင်းဖြစ်သည်။ယခင်က ဖျက်သိမ်းလိုက်သည့် တာ့ခ်ခရိုင်အတွင်းရှိ ဟွေ့ကလုပ်၊ ရှိုးကလိုး၊ ဘောနော် စသည့် ဒုက္ခသည်စခန်း သုံးခုကို ဒီကေဘီအေအဖွဲ့က ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ကာ မီးရှို့တိုက်ခိုက်ဖျက်ဆီးမှုများ လုပ်ခဲ့သဖြင့် ဒုက္ခသည်အချို့သေဆုံး ဒဏ်ရာရမှုများ ဖြစ်ခဲ့ပြီး အိုးအိမ်နှင့် ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။
အဆိုပါစခန်းများအား ဒီကေဘီအေတို့ ၀င်ရောက်ဖျက်ဆီးရာတွင် ထိုင်းလုံခြုံရေးအဖွဲ့များက တစုံတရာ ၀င်ရောက်ဟန့်တားနိုင်သည့် အခြေအနေမရှိကြောင်း၊ ဒုက္ခသည်များ ကြိုတင်ရရှိထားသည့် သတင်းကို စခန်းအုပ်ချုပ်ရေး တာဝန်ရှိသူများအား ပြောကြားသော်လည်း တာဝန်ရှိသူများက ကောလာဟလ သတင်းများသာဖြစ်သည်ဟု ဆိုကာ အရေးမလုပ်ကြောင်း၊ အမှန်တကယ် ပြဿနာဖြစ်ချိန်တွင် ဒုက္ခသည်များသာ ဒုက္ခရောက်ကြရသည်ဟု ဟွေ့ကလုပ် ဒုက္ခသည်စခန်းဟောင်းတွင် နေထိုင်ခဲ့သူတဦးက ခေတ်ပြိုင်သို့ ပြောသည်။အုန်းဖျန်ဒုက္ခသည်စခန်း၏ တဘက်ခြမ်း မြန်မာနိုင်ငံဘက်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် တည်ရှိပြီး မြန်မာဘက် နယ်စပ်မျဉ်းအနီးတွင် ဒီကေဘီအေ တပ်ရင်း (၉၀၇) အခြေချသည့် ကလို့ထူးဘော ဒေသဖြစ်သည်။
Posted by linkardepa

ကေအဲန်ယူ လက်နက်ကြီးပစ်ချ
ကေအဲန်ယူ တပ်မဟာ ၅နှင့် တပ်မဟာ ၂ ပူးပေါင်းတပ်ဖွဲ့သည် တောင်ငူခရိုင်ရှိ နအဖစခန်းတခုကို လက်နက်ကြီး ၃လုံးပစ်ချလိုက်သဖြင့် နအဖစစ်သား ၂ယောက်သေဆုံးကာ ၄ယောက်ဒဏ်ရာ ရရှိသွားသည်ဟု ကေအဲန်ယူသတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ဧပြီလ ၂၅ရက်နေ့ တွင် အဆိုပါ ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး(၁၀၇)ဖြင့် တောင်ငူခရိုင်ရှိ နအဖ စကခ ၅ အခြေစိုက်ရာစခန်းကို ပစ်ချခြင်းဖြစ်ပြီး လက်နက်ကြီး သုံးလုံးအနက် နှစ်လုံးမှာ စခန်း တည့်တည့်ကျရောက်ပါက်ကွဲကာ အခြားတလုံး စခန်းပြင်တွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု တောင်ငူခရိုင် ကေအဲန်ယူမှ သတင်းထုတ်ပြန်ထားသည်။ နအဖ ၂ဦးသေဆုံး၊ ၄ဦး ဒဏ်ရာရ၊ လက်နက်ကြီးတလက်ဆုံးရှုံးကာ သေဆုံးသူများတွင် လက်နက်ကြီးတာဝန်ခံတဦး ပါဝင်သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ကွယ်ကလူမှ ဆီလျှော်အောင် ဘာသာပြန်ဆိုထားသည်။အဲခေါင်သောင့်

Thursday, April 30, 2009
ဗိုလ်မှူးကြီး နဒါးမြ စကား
"ကျနော်တို့ နောက်ထပ် စခန်းတွေ အများကြီး ထပ်ဆောက်မယ်၊
ဆက်တိုက်ရမယ် ဆိုရင်လဲ
နောက်ထပ် အနှစ် ၂၀ ဆက်တိုက်မယ်"
ဗိုလ်မှူးကြီး နဒါးမြ
ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်
ဆက်တိုက်ရမယ် ဆိုရင်လဲ
နောက်ထပ် အနှစ် ၂၀ ဆက်တိုက်မယ်"
ဗိုလ်မှူးကြီး နဒါးမြ
ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်
ဝေါလေခီးကို မြန်မာစစ်တပ် သိမ်းပိုက်
မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဧပြီလ 28 2009 17:08 - မြန်မာစံတော်ချိန်
မဲဆောက် (မဇ္ဈိမ) ။ ။ မြန်မာစစ်တပ်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ စစ်အခြေစိုက် စခန်းတခု ဖြစ်သော ဝေါလေခီးကို ယနေ့ သိမ်းပိုက်လိုက်သည်။ကေအင်အယ်လ်အေ၏ တပ်မဟာ ၆၊ တပ်ရင်း ၂၀၁ ၏ အထိုင်စခန်းကို ဧပြီ ၁၂ ရက်နေ့ကတည်းက စစ်အစိုးရတပ်များက ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်ပြီး ယခုတော့ သိမ်းပိုက် ရရှိသွားခြင်း ဖြစ်သည်။

Tuesday, April 28, 2009
ဗိုလ်မှူးကြီးစောဂျေးအတွက် ၀မ်းနည်းခြင်း။
This photo take from အဲခေါင်သောင့်မိမိကရင်အမျိုးသားလွတ်မြောက်ရေးအတွက်တိုက်ပွဲဝင်ရင်းလမ်းခုလတ်တွင်မမျှော်လင့်ပဲရန်သူများအား ခုခံကာကွယ်ရင်း ဧပြီလ ၂၅ရက်နေ့(စနေနေ့ည)တွင် မိမိကရင်လူမျိုးများတန်းတူအခွင့်အရေးအတွက် အသက်ပေးသွားခဲ့သူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ၂၀၁တပ်ရင်းမှ ဗိုလ်မှူးကြီးစောဂျေးအား မိသားစု၊ ရဲဘော်ရဲဘက်များနှင့် အတူKNL (JAPAN ) မှထပ်တူထပ်မျှ ၀မ်းနည်းပါသည်။ ဗိုလ်မှူးကြီးစောဂျေး ကောင်းရာသုဂတိ လားပါစေ။
တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) မှ တပ်ဖွဲ့ဝင်များ ယနေ့ နံနက်က ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ပစ်ခတ်
NEJ /၂၇ ဧပြီ ၂၀၀၉တိုးတက်သောကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) မှ တပ်ဖွဲ့ဝင်များ ယနေ့ နံနက်က ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ပစ်ခတ်သဖြင့် ထိုင်းစစ်သား (၂) ဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး ထိုင်းရွာသား (၃၀၀) ခန့် ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) နယ်မြေအတွင်းရှိ တပ်ရင်း (၂၀၁) ဝေါလေခီး တပ်စခန်းအား သိမ်းပိုက်နိုင်ရေးအတွက် ဒီကေဘီအေတပ်ရင်း (၉၀၇) မှ အင်အား (၅၀) ခန့်သည် ယနေ့နံနက် (၁၀) နာရီခန့်၌ ထိုင်းနိုင်ငံအတွင်းမှ ပတ်၍ဝင်တိုက်ရန် ထိုင်းနယ်မြေထဲဝင်ရောက်စဉ် ထိုင်းစစ်တပ်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။
အဆိုပါတိုက်ပွဲတွင် ထိုင်းစစ်သည် (၂) ဦး ဒဏ်ရာရပြီး မြန်မာဘက်ခြမ်းရှိ ဘုရင့်နောင်တောင်ကုန်းရှိ နအဖစစ်တပ်မှ လက်နက်ကြီးများဖြင့် ကူပစ်ပေးရာ ထိုင်းဘက်ခြမ်းရှိ ဖားဒီးထိုင်းရွာအတွင်း လက်နက်ကြီး (၄) လုံး ကျရောက်ပေါက်ကွဲပြီး ရွာသားတဦး ဒဏ်ရာရရှိသွားကာ ရွာသား (၃၀၀) ခန့်မှာ ရွာပြင်ရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်။
မဲဆောက်မြို့တောင်ဘက် ကီလိုမီတာ (၅၀) ခန့်အကွာ မြန်မာဘက်ခြမ်းတွင်တည်ရှိသည့် တပ်ရင်း (၂၀၁) စခန်းသည် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး တည်ရှိပြီး ကပ်လျက်ထိုင်းဘက်ခြမ်းတွင် ဖားဒီးရွာတည်ရှိသည်။
ဒီကေဘီအေတပ်ဖွဲ့ဝင်များက ယခုလောလောဆယ်တွင် မြန်မာဘက်ခြမ်း နယ်စပ်မျဉ်းအနီး တပ်စွဲထားပြီး ထိုင်းဘက်ခြမ်း၌ ထိုင်းစစ်တပ်က တပ်အင်အားတိုးမြှင့်ထားသောကြောင့် ယနေ့ညဘက်တွင် ထူးခြားမှုတစုံတရာ ရှိနိုင်သည်ဟု ထိုင်းလုံခြုံရေးအရာရှိတဦးက ပြောသည်။
တပ်ရင်း (၂၀၁) မှ အရာခံဗိုလ် စောထီးခုက “ဒီကေဘီအေက ကျနော်တို့စခန်းကိုတိုက်တာ လဆန်းကတည်းက ဖြစ်တယ်။ အခုတော့ အကြံကုန်ပြီး ကျနော်တို့ကို ထိုင်းဘက်ကနေ ဝင်ပိုင်းဖို့ကြိုးစားရာကနေ တိုက်ပွဲဖြစ်တာပါ။ အခြေအနေအရ ဒီည သူတို့ ကျနော်တို့ကို ဆက်တိုက်ဖို့ ရှိနိုင်တယ်။ ကျနော်တို့ဘက်ကလည်း အရံသင့်ပဲ" ဟု ခေတ်ပြိုင်သို့ ပြောသည်။
ဒီကေဘီအေတပ်ရင်း (၉၀၇) သည် နအဖလက်နက်ကြီး အကူပစ်တပ်ဖွဲ့ဝင်များ ခြံရံကာ တပ်ရင်း (၂၀၁) ဝေါလေခီးစခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ယခုလဆန်း (၄) ရက်နေ့မှ စတင်ထိုးစစ်ဆင်ခဲ့သော်လည်း ယနေ့ထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) ဒေသ ဒူးပလာယာခရိုင်ကို ဒီကေဘီအေဘက်မှ ကလို့ထူးဘောဒေသဟု ခေါ်ပြီး ဒေသတွင်း မဟာဗျူဟာကျသည့် ဝေါလေခီးတပ်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် အပြင်းအထန်ကြိုးစားလျက်ရှိသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် အရာရှိတဦး တိုက်ပွဲတွင် ကျဆုံး
ဒယ်နီယယ် ပီဒါဆင်(မဇ္ဈိမ)
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ ဝါးလေခီး စခန်းကို တိုက်ခိုက်နေသည့် ၂ ပတ်ကြာ တိုက်ပွဲအတွင်း ယခုနောက်ဆုံး ကျဆုံးခဲ့သူများမှာ မြန်မာစစ်တပ်မှ တပ်သား ၂ ဦးနှင့် ကရင်တပ်မတော်မှ ဗိုလ်မှူးကြီး စောဂျေး ဖြစ်သည်။ ၃ ဦးလုံးမှာ စနေနေ့ညက ကျဆုံးခဲ့ကြခြင်း ဖြစ်သည်။
ကေအဲန်အယ်အေရဲဘော်တဦးကို စခန်းတနေရာတွင် တွေ့ရစဉ်။
KNLA ဗိုလ်မှူးကြီးစောဂျေးမှာ တောနက်ထဲတွင် ထောင်ထားသော တိုက်မိုင်းကြိုးကို နင်းမိ၍ ကျဆုံးသွားခဲ့ပြီး၊ မြန်မာစစ်သား ၂ ဦး သေဆုံးရသည့် အကြောင်းရင်းကိုမူ ယခုချက်ချင်း မသိရသေးပါ။
ဝါးလေခီးစခန်း တိုက်ပွဲမှာ ကြာမြင့်လှပြီဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာ သေဆုံးမှုများမှာ နယ်မြေစိုးမိုးရေး တိုက်ပွဲအတွင်း လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် မဟုတ်ဘဲ အဓိကအားဖြင့် မြေမြှုပ်မိုင်းနှင့် ထောက်ချောက် ဗုံးများကြောင့် သေဆုံး ဒဏ်ရာရခဲ့ကြခြင်း ဖြစ်ပြီး စိတ်ဓာတ်ရေးရာအရ တုန်လှုပ်ချောက်ချားအောင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ယခု အခြေအနေတွင် ဝါးလေခီးစခန်းကို KNLA က ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပြီး မြန်မာစစ်တပ်မှာ စိန်ပြောင်းတကမ်းအကွာ ၅ မိုင်အဝေး တောင်ကုန်းမြင့်ပေါ်တွင် နေရာယူထားသည်။
ဤနေရာ ၂ ခုအကြား စပ်ကြားနယ်မြေမှာမူ ပြောက်ကျားစစ်သည်များ၏ နယ်မြေဖြစ်ပြီး အင်အားအနည်းငယ် ပါဝင်သော လှည့်ကင်းများ၊ ကင်းထောက်ခြင်းများကို ပြုလုပ်နိုင်သည်။
၃ ရက်ကြာ နှိုင်းယှဉ်ချက်အားဖြင့် ငြိမ်သက်နေခဲ့သော တိုက်ပွဲသည် ယမန်နေ့က အဆုံးသတ်သွားပြီး၊ မြန်မာစစ်တပ် အနေဖြင့် ဤစခန်းသိမ်း တိုက်ပွဲတွင် ရရှိခဲ့သော များပြားလှသည့် အသေအပျောက် အကျအဆုံးများကို ပြန်ထေမိနိုင်ခဲ့သည်။
မြန်မာစစ်တပ်မှ ဒဏ်ရာရရှိသူများကို မြဝတီဆေးရုံတွင် တင်၍ ကုသပေးလျက် ရှိသည်ဟု သိရသည်။
ယမန်နေ့ညက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (SPDC) သို့မဟုတ် မြန်မာစစ်အစိုးရ တပ်များနှင့် ယင်းတို့၏ စစ်ရေးမဟာမိတ် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) ပူးပေါင်းတပ်ဖွဲ့များသည် KNLA ၏ အဓိကစခန်းကို တိုက်ခိုက်ရန် ရှေ့တိုး ချီတက်လာခဲ့ကြသည်။
“တိုက်ပွဲက အခုဖြစ်နေတုန်းပဲ။ ဆက်လည်း ဖြစ်ဦးမယ်။ ကျနော်တို့ လူတယောက် မနေ့ညက ကျဆုံးခဲ့တယ် (ဗိုလ်မှူးကြီးစောဂျေးကို ရည်ညွှန်းသည်)” ဟု အကြီးတန်း တပ်မှူးတဦးက တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ပြောကြားသည်။
စခန်းကို KNLA က သိမ်းပိုက်ထားဆဲဖြစ်ပြီး၊ စခန်းပတ်ဝန်းကျင်တွင် ထောက်ချောက်ဗုံးများ၊ မြေမြှုပ်မိုင်းများကို နှစ်ဖက်စလုံးက တိုး၍ ထောင်လျက်ရှိပြီး၊ တိုက်မိုင်းများကိုလည်း ဆင်ထားသည်ဟု ဗိုလ်မှူးကြီးနဒါးမြက တနင်္ဂနွေနေ့ နံနက်ပိုင်းက ပြောသည်။
“ဒီမှာတော့ တကယ့်ကို ရှုပ်ထွေးနေတာပဲ” ဟု သူက ပတ်ဝန်းကျင် မြေအနေအထားကို ရည်ညွှန်းပြောကြားသည်။ နှစ်ဖက်စလုံးမှ တပ်ဖွဲ့ဝင်များအတွက် လှုပ်ရှားသွားလာရန် အလွန် ခက်ခဲကြမ်းတမ်းသော အနေအထားတွင် ရှိသည်။ “ကျနော်တို့ စခန်းကို ဆက်ထိန်းထားတုန်းပဲ။ ဆက်တိုက်သွားမယ်” ဟုလည်း သူက ပြောသည်။
KNLA တပ်မဟာ ၆ တပ်ရင်း ၂ဝ၁ ၏ ဝါးလေခီးစခန်းကို တိုက်ခိုက်နေသည့် တိုက်ပွဲသည် ဧပြီလ ၁၂ ရက်နေ့ကတည်းက စတင်ဖြစ်ပွားနေခဲ့သည်။
နှစ်ဖက်စလုံး မည်သည့်ဘက်မျှ အသာစီး မရသေးဘဲ နှစ်ဘက်စလုံးတွင် အထိအခိုက် အကျအဆုံး အများအပြား ရှိခဲ့သည်။ လက်နက်ကိရိယာများ ကောင်းမွန်စွာ တပ်ဆင်ထားပြီး ကြာရှည်စွာ ထိုင်ထားခဲ့သော ဤစခန်းကို ကာကွယ်နေသော KNLA တပ်ဖွဲ့များဘက်တွင်မူ အထိအခိုက် အကျအဆုံးများစွာ သက်သာသည်ဟု မျှော်လင့်ရသည်။
Posted by အဲခေါင်သောင့်

Monday, April 27, 2009
Life In Burma Marked By Fear And Poverty...
Author and campaigner Zoya Phan, who grew up in Burma and has written a memoir of her experiences, tells Sky News online that fear, poverty and child abuse continue to mark the lives of many living under Burmese military rule.
Sunday, April 26, 2009
ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ အပိုင်း(၁)
မင်းဟန်
ကြာသပတေးနေ့၊ ဧပြီလ 09 2009 16 :44 - မြန်မာစံတော်ချိန်
(ဝ)
`ထီးမူးခီး`ရွာက ကျောက်ကြီးမြို့နယ်နှင့် ဖာပွန်မြို့နယ်အကြားရှိသည့် တောင်ပေါ်ရွာလေးဖြစ်သည်။ မြန်မာလိုပြန်လျှင်မူ `ရေချောင်းဖျား`ရွာဟု ဆိုရမည်။ ရွာက အိမ်ခြေ ၃ဝ ထက်မပို…..။ ကရင်လူမျိုးများသာ နေထိုင်ကြသည့် တောင်ပေါ် ကရင်ရွာလေးဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲ၏။ တတောင်ဆင်း တတောင်တက် သွားရသည့် ခြေလျင်ခရီးသာ ရှိသည်။ စီးပွားရေးက မြေယာစီးပွားရေးသာ ရှိ၏။ တောင်ယာခုတ်၍ စပါးစိုက်မည်၊ နှမ်းစိုက်မည်။ ကုန်သွယ်ကူးသန်းရောင်းဝယ်မှု မရှိ…..။ ငါးပိ၊ ဆေး၊ ဆား ဝယ်လိုလျှင် …. မူသယ်-ဗျက်ကောမှတဆင့် ကျောက်ကြီးသို့ဆင်းပြီး တနှစ်စာ ဝယ်ထားကြရ၏။ စာသင်ကျောင်း မရှိ၊ ဆေးပေးခန်း မရှိ။ ကိုးကွယ်မှုကား ….. ရိုးရာနတ်ကိုးကွယ်မှုသာ ကိုးကွယ်ကြ၏။ ထိုရွာလေးတွင် … သူ့ကို ၁၉၂၇ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က မွေးဖွားခဲ့သည်။ ဖခင်က ``စောဂယ်``….၊ မိခင်ကမူ ``နော်ဒါးဆဲ`` ဖြစ်သည်။ သူ့တွင် သူ အပါအဝင် မွေးချင်းညီနောင် ၁၂ ယောက် ရှိသည်။ သူကား ဆယ်ဦးမြောက် သားဖြစ်သည်။ သူ့အထက်တွင် အမ ၇ ယောက်ရှိသည်။ သူ့အောက်တွင်ကား ညီတယောက်နှင့် ညီမငယ်တယောက်ရှိ၏။ ထိုဒေသရှိ အိမ်များကို အမိုးမိုးရာတွင် ဖက်မသုံး။ ``ကျသောင်းဝါး`` များကို ခြမ်း၍ မှောက်ခုံ၊ ပက်လက် ယှက်၍ ထပ်ပြီး မိုးကြ၏။ လေကွယ်ရအောင် တံခါးများ ဖောက်၍ အခန်း ဖွဲ့ကြ၏။ ရာသီက အေး၏။ အိမ်အလယ်တွင် မီးဖိုကြီးအား ဖိုထားကြရ၏။ ညအိပ်လျှင် မီးဖိုဘေးကပ်၍ အိပ်ကြရသည်။ ထိုတောင်ပေါ်ရွာလေးတွင်ပင် သူ၏ ခလေးဘဝ ဖြတ်သန်းကြီးပြင်းခဲ့ရ၏။
(၁)
ထီးမူခီးတွင်က အတန်းကျောင်း မရှိ၊ ပညာသင်ချင်လျှင် ဖာပွန်သို့တက်၍ သင်ကြရသည်။ သူလည်း မူလတန်းပညာကို ဖာပွန်သို့တက်၍ သင်ကြားခဲ့ရ၏။ သူ ကျောင်းစနေသည့် နှစ်က ….. ၁၉၃၆ ခုနှစ် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ကိုနု၊ ကိုအောင်ဆန်းတို့ ဦးဆောင်ပြီး ကိုလိုနီပညာရေး သပိတ်မှောက်ကြသည့် နှစ်ဖြစ်သည်။ ကိုလိုနီပညာရေးကိုပင် သူသည် ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရ….။ ဒုတိယကမ္ဘာစစ်ကြီးက ကျောင်းသင်္ခန်း၏ တံခါးများကို ပိတ်စေခဲ့၏။ ၁၉၄၂ တွင်ပင် သူသည် ကျောင်းပညာရေးနှင့် ဝေးခဲ့ရ၏။ ထိုစဉ်က သူ့အသက်သည် ၁၅ နှစ်ခန့် ရှိခဲ့လေပြီ။ ကျောင်းထွက်ပြီးနောက် သူသည် ထီးမူခီးသို့ မပြန်ဖြစ်။ ဖာပွန်တွင်ပင် ရှိနေ၏။ နေမျိုးနွယ်တပ်ကြီးက နယ်စပ်ကို ဖြတ်ကျော်ကာ မြန်မာပြည်ကို သိမ်း၏။ ဖာပွန်တွင် အုပ်ချုပ်ရေးအဖွဲ့သစ် ဖွဲ့၏။ ဘီအိုင်အေ အုပ်ချုပ်ရေး….။ ဖာပွန်မြို့ကာကွယ်ရေးအတွက် လက်နက်ကိုင် ပုလိပ်တပ်ဖွဲ့ ဖွဲ့သည်။ ထိုပုလိပ်တပ်ဖွဲ့သို့ သူ ဝင်လိုက်သည်။ ပုလိပ်တပ်သားအဖြစ် ``ဖွဂေါ်``တွင် တာဝန်ကျ၏။ ဗြိတိသျှတပ်သားအချို့က အိန္ဒိယသို့ ဆုတ်ခွာရာတွင် ပါမသွားဘဲ ဖာပွန်တောင်တန်းများအတွင်း ခိုအောင်း၍ ကျန်နေခဲ့ကြသည်။ ထိုသူတို့နှင့် သူသည် အဆက်အသွယ်ရှိ၏။ မကြာခဏ တွေ့၏။ ဖက်ဆစ်ဂျပန် တော်လှန်ရေးအတွက် ပြင်ဆင်ကြ၏။ မကြာ ….. ဗြိတိသျှစစ်တပ်မှ ဗိုလ်မှူးကြီး နီးမိုးနှင့် ဗိုလ်အဲရယ်တို့ နှစ်ဦး လေထီးနှင့် ဆင်းလာကြသည်။ သူတို့နှင့်အတူ အချက်ပြဆက်သွယ်ရေး စက်လည်း ပါလာသည်။ နောက်ပိုင်းတွင်မူ မကြာ …မကြာ အိန္ဒိယမှ လေထီးတပ်သားတို့ ဖာပွန်ဒေသ၌ ဆင်းကြ၏။ Force – 136 မှ တပ်သားများ ဖြစ်သည်။ ထိုလေထီးဆင်း တပ်သားများတွင် မြန်မာလူမျိုးများလည်း ပါ၏။ ဖတပလနှင့် Force – 136 အစီအစဉ်နှင့် ဆင်းလာကြသော ဖက်ဆစ်တော်လှန်ရေး ရဲဘော်များ ဖြစ်သည်။
(၂)
၁၉၄၅ ခုနှစ်။နွေဦး…။
ဖက်ဆစ်တော်လှန်ရေးက ရင့်မှည့်၍ နေလေပြီ။ Force – 136မှ တပ်မှူး ``ကာနယ်ဖီးကော့``သည် အင်အား ၃ဝဝ ခန့်နှင့် ဖာပွန်ဒေသတွင် အခြေပြုပြီး ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်လျက်ရှိသည်။ ထိုနွေဦးတွင်ပင် သူနှင့်အတူ ``ဖွဂေါ်``တွင် တာဝန်ကျသည့် ကရင်လူမျိုး ပုလိပ်တပ်သား အားလုံးသည် Force – 136 သို့ သွားရောက်၍ ပူးပေါင်းလိုက်ကြသည်။ Force – 136 မှ သူတို့အား စစ်သင်တန်းပေး၏။ ယူနီဖောင်းများ ထုတ်ပေး၏။ လက်နက်များက အသစ်များ …. အိန္ဒိယမှ လေယာဉ်နှင့် ချပေးသည့် လက်နက်ခဲယမ်းများ ဖြစ်သည်။ သင်တန်းဆင်းပြီးနောက် သူတို့အား Force – 136 ၏ ဦးဆောင်မှုအောက်ရှိ ကရင်ပြောက်ကျား တပ်အဖြစ် လှုပ်ရှားစေ၏။ သူတို့၏ တပ်ဖွဲ့သည် အင်အား ၅ဝဝ ခန့် ရှိသည်။ ခေပူ၊ သောသီခို၊ မော်ခီး၊ တောင်ငူ၊ ဇရပ်ကြီး နယ်မြေအတွင်း Force – 136 နှင့်အတူ… သူတို့ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ရ၏။
(၃)
ဖက်ဆစ်တော်လှန်ရေး ပြီးသည့်နောက် သူသည် UMP ဟု ခေါ်သည့် ပြည်ထောင်စု စစ်ရဲတပ်သို့ ဝင်ရောက်ခဲ့သည်။ ထိုစဉ်က …. မြန်မာပြည်ရှိ လက်နက်ကိုင်တပ်များတွင် … ကန္ဒီဆွေးနွေးပွဲအရ ဖွဲ့စည်းခဲ့သည့် တပ်မတော်တပ်ရင်းများ ရှိ၏။ ပြည်သူ့ ရဲဘော်တပ်ဖွဲ့များ … သောင်းကျန်းမှု နှိမ်နှင်ရေး တပ်ဖွဲ့များ … နှင့် KNDO ၊ MNDO တပ်ဖွဲ့များ ရှိသည်။ပြီးလျှင် ….. ရှမ်းပုလိပ်တပ်များနှင့် ပြည်ထောင်စု စစ်ရဲတပ်တို့ ရှိကြ၏။ သခင်အောင်ဆန်း ဦးဆောင်သည့် ဖဆပလ သည် တမျိုးသားလုံး လွတ်မြောက်ရေးအတွက် နည်းလမ်းပေါင်းစုံနှင့် လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။ သခင်အောင်ဆန်းသည် လန်ဒန်သို့သွားပြီး ဗြိတိသျှနန်းရင်းဝန် အက်တလီနှင့် ဆွေးနွေး၏။ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆို၏။ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများက အရှိန်အဟုန်နှင့် မြင့်တက်နေသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်တွင် ရန်ကုန်မြို့ရှိ `ဗင်တန်` ခန်းမ၌ ကရင်အမျိုးသား ကွန်ကရက် ကျင်းပ၏။ ကရင်အမျိုးသား ကိုယ်စားလှယ် ၇ဝဝ ခန့် တက်ရောက်ကြ၏။ ထိုကွန်ကရက်၌ ကရင်ဗဟိုအစည်းအရုံး KCO နှင့် ကရင်လူငယ်များ အစည်းအရုံး KYO ပေါင်း၍ ကရင့်အမျိုးသား အစည်းအရုံး KNU ဖွဲ့စည်းခဲ့သည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် KNU မှ မော်လမြိုင်မြို့၌ ညီလာခံတရပ် ခေါ်ယူခဲ့၏။ မော်လမြိုင်ညီလာခံမှ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံကြောင်း ထုတ်ပြန်ခဲ့၏။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ကရင်အမျိုးသားများအတွက် ကျေနပ်လုံလောက်သည့် ကရင်ပြည်နယ်နှင့် ကရင်အစိုးရ ဖွဲ့စည်းရေး မပါရှိဟု ဆိုကြသည်။၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ ကိုလိုနီတံပိုးအောက်က လွတ်မြောက်ကြောင်း လွတ်လပ်ရေး ကြေညာခဲ့၏။ ဖဆပလ ဦးဆောင်သည့် လွတ်လပ်ရေး အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့၏။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီးနှင့် သရာသာထိုက သထုံမြို့နယ် အင်းဝိုင်းရွာ လူထုအစည်းအဝေးတွင် ကရင်ပြည်နယ် သီးခြားရရှိရေး တရားများ ဟောကြ၏။ KNDO ကလည်း ၃ ရက်နေ့ နေ့စွဲနှင့် ကရင်ပြန်နယ် သီးခြား ဖွဲ့စည်းပေးရန် ထုတ်ပြန်ကြေညာချက် ထုတ်၏။ ဆန္ဒပြ တောင်းဆိုမှုများက ကရင်အမျိုးသားများ နေထိုင်သည့် နေရာဒေသတိုင်း၌ ထုတ်ဖော်ပြသ၍ လှုပ်ရှားလာကြ၏။ `ကရင်ပြည်နယ် ချက်ချင်းပေး``ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ``လူမျိုးရေး အဓိကရုဏ်း အလိုမရှိ`` ပြည်တွင်းစစ် အလိုမရှိ`
(၄)
၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့….။ အင်းစိန်စစ်မျက်နှာမှ စ၍ လက်နက်ကိုင် ကရင့်တော်လှန်ရေးသည် တရားဝင် စတင်ခဲ့၏။ ထိုမတိုင်မီကမူ …. အချို့ဒေသများတွင် KNDO နှင့် ကရင် စစ်ရဲတပ်ဖွဲ့များ၏ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲခဲ့သည်များ ရှိခဲ့၏။ KNU နှင့် KNDO တခုလုံးအနေနှင့် မဟုတ် …..။ စောဘဦးကြီး၊ မန်းဘဇံ၊ သရာသာထို စသည့် ကရင်ခေါင်းဆောင်များက ဖြစ်ပေါ်နေသည့် ကရင့်လက်နက်ကိုင် တော်လှန်ရေးများ ထိန်းသိမ်းနိုင်ရန် ဖဆပလ နှင့် ညှိနှိုင်းဆောင်ရွက်နေကြသေး၏။ မရ….။သမိုင်းက ငြိမ်းချမ်းရေးတေး မရေးဖွဲ့….။ လက်နက်၊ ပြာပုံ၊ ယမ်းငွေ့နှင့် သွေးပင်လယ် ရေးထိုး၏။ (၅) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး မင်းမောင် (နောင် KNU ဗိုလ်ချုပ်မင်းမောင်) ဦးစီးသည့် ကရင့်သေနတ်ကိုင် တပ်ရင်း (၁) သည် တောင်ငူကို သိမ်း၏။ ပြီးလျှင် … သံတောင်၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ပဲခူးရှိ KNDO တပ်များနှင့် ပူးပေါင်း၍ အင်းစိန် စစ်မျက်နှာသို့ ဆင်းလာ၏။ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးမြမောင် (နောင် KNU ဗိုလ်ချုပ်မြမောင်) ဦးစီးသည့် ကရင့်သေနတ်ကိုင် တပ်ရင်း (၂) သည်လည်း ပြည်ကို သိမ်းပိုက်ပြီး ရန်ကုန်-ပြည်လမ်းအတိုင်း အင်းစိန် စစ်မျက်နှာသို့ ချီလာ၏။ဦးနု၏ ဖဆပလ အစိုးရကား … ရန်ကုန် ၇ မိုင်ပတ်လည်တွင်သာ ရုံးစိုက်၍ အာဏာစစ်ကို ဖြန့်ထားနိုင်တော့၏။ သူသည် ကရင့်လက်နက်ကိုင် တော်လှန်ရေး စတင်သည်နှင့် ပြည်ထောင်စု စစ်ရဲတပ် (UMP) မှ ထွက်၍ ကရင့်လက်နက်ကိုင် တော်လှန်ရေးသို့ ဝင်ခဲ့၏။ ကရင့်လက်နက်ကိုင်တပ်ဖွဲ့ `သံလွင်` တပ်ရင်းကို ဖွဲ့၏။ သံလွင်တပ်ရင်းတွင် သူသည် တပ်ကြပ်ကြီး အဆင့်နှင့် တာဝန်ထမ်းဆောင်၏။ သံလွင်တပ်ရင်းက ညောင်လေးပင်၊ ဒိုက်ဦးနယ်များတွင် တိုက်ပွဲများ ဆင်နွှဲရသည်။ ၁၉၅ဝ ခုနှစ် နွေဦးအထိ ဖြစ်သည်။ ၁၉၅ဝ ခုနှစ် သင်္ကြန်မကျမီတွင် သူတို့၏ သံလွင်တပ်ရင်းကို ညောင်လေးပင်မှ ဘီးလင်း၊ ကျိုက်ထိုဘက်သို့ ပြောင်းရွှေ့ရန် တာဝန်ပေး၏။ ထိုအချိန်၌ သူသည် သံလွင်တပ်ရင်းတွင် တပ်ခွဲမှူး တယောက်အဖြစ် တာဝန်ထမ်းဆောင်နေသည်။
ကိုးကား … - စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့ ဖြတ်သန်းမှု အစစ်အမှန်-
ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)-
ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး-
ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ-
အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)-
ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်-
သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)-
BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်-
သနူထူး ဂျာနယ်များ-
ကရင့်သတင်းစဉ်-
KNU နှင့် နဝတကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU ၏ ရှင်းလင်း ချက်စာတမ်း

ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေး လုပ်သူ အပိုင်း (၂)
မင်းဟန်
သောကြာနေ့၊ ဧပြီလ 10 2009 14:57 - မြန်မာစံတော်ချိန်
(၆)
၁၉၅ဝ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကရင်အမျိုးသား ကွန်ကရက်ကို ဖာပွန်တွင် ကျင်းပ၏။ စောဘဦးကြီးကိုယ်တိုင် ကွန်ကရက်ကို ဦးဆောင်၏။
တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ မြိတ်-ထားဝယ်ခရိုင်နှင့် မြစ်ဝကျွန်းပေါ်တိုင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ စောဘဦးကြီးက သဘာပတိ အဖွင့်မိန့်ခွန်း ချွေသည်။
``ကရင့်တော်လှန်ရေးသမားများအားလုံး ရန်ကုန်သို့ ဆင်းပြီး၊ လည်စင်းမခံသရွေ့ တော်လှန်ရေးဟာ မကျဆုံးဘူး …. ကရင်ပြည် ရဖို့အတွက်က နည်းလမ်း ၃ ခု ရှိတယ်။
တစ်က … ရသင့်ရထိုက်တာကို အုပ်စိုးသူက ရိုးရိုးသားသားနဲ့ ပေးလို့ရတာ ဖြစ်တယ်။ ဒါကလည်း ဘယ်တော့မှ အုပ်စိုးသူဟာ ပေးမှာမဟုတ်ဘူး။နှစ်က …. တိုက်ယူလို့ ရတာဖြစ်တယ်။
သုံးက … ပတ်ဝန်းကျင်အခြေအနေကြောင့် ရတာဖြစ်တယ်။
ဒီအတွက် ကျနော်တို့က တမျိုးသားလုံးက ဒီမူ ၄ ချက်ကို လိုက်နာကြဖို့ လိုမယ်
````လက်နက်ချစကား မပြောရ````
ကရင်ပြည်ကြီး ပြည့်စုံရမည်````
ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမည်
````ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့် ရှိရမည်``
(၇)
၁၉၅ဝ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေတို့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြ၏။ စောဘဦးကြီး ကျဆုံးပြီးနောက် ကရင့်တော်လှန်ရေးအတွင်း ခေါင်းဆောင်အခက်အခဲ ရှိလာ၏။ မန်းဘဇံနှင့် စောဟံတာသာမွှေးတို့က မြစ်ဝကျွန်းပေါ်တွင် ကရင့်တော်လှန်ရေးကို ဦးဆောင်နေကြရပြီး အရှေ့တိုင်းသို့ မလာနိုင်ကြသေး….။
ထို့အတွက် … အရှေ့တိုင်းတွင် Kaw Thoo Lei Government Body (K.G.B) ဖွဲ့ပြီး ဦးဆောင်မှု တည်ဆောက်ရ၏။ ၁၉၅၄ ခုနှစ်တွင် အရှေ့တိုင်းသို့ မြစ်ဝကျွန်းပေါ်တိုင်းမှ စောဟန်တာသာမွှေး ရောက်ရှိလာပြီး (KGB) ကို ဖျက်သိမ်းခဲ့သည်။
ထို့နောက် …. ကရင့်တော်လှန်ရေးကောင်စီ (KRC) ဖွဲ့၏။ (KRC) တွင် ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်၏။ ကရင့်လက်နက်ကိုင် တပ်ဖွဲ့ (KAF) ကို ဖျက်သိမ်းပြီး၊ ကရင့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA) နှင့် ကရင့် ပြည်သူ့ပြောက်ကျား တပ်ဖွဲ့ (KPGF) တို့ကို ဖွဲ့စည်းပြန်သည်။ သူသည် စောဟန်တာသာမွှေး အသစ်ဖွဲ့စည်းလိုက်သည့် (KPLA) တပ်ရင်း (၁) တွင် တပ်ရင်းမှူးအဖြစ် တာဝန်ပေးအပ်ခြင်း ခံရ၏။
ကရင့်လက်နက်ကိုင် တပ်များ၏ ဦးစီးချုပ်မှာ ဗိုလ်ချုပ်မင်းမောင် ဖြစ်သည်။ (၈) တပ်မဟာ (၆) ကြာအင်းဆိပ်ကြီးဘက်တွင် တာဝန်ကျသည့် တပ်ရင်းမှူး ထွန်းငြိမ်း ရန်သူ့ထံသို့ လက်နက်ချ ဝင်ရောက်သွား၏။ ဖားအံဘက်မှလည်း Light Brigade မှ တပ်ရင်းမှူး စံဘော် လက်နက်ချပြန်သည်။
အခြား တပ်ရင်းများမှလည်း ၁ဝ ယောက် ….အယောက် ၂ဝ စသည်ဖြင့် လက်နက်ချကြ၏။ ထိုအချိန်၌ … သူ၏ တပ်ရင်းသည် ဖားအံခရိုင် ပိုင်ကျုံဘက်တွင် အခြေပြုလှုပ်ရှားလျက် ရှိသည်။ ရန်သူတပ်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ယဉ်အေးသည် သူ့ထံသို့ စာရေး၏။ ``အခု ကရင်ပြည်နယ်ကို ပေးလိုက်ပြီဖြစ်တယ်။ ဒါပေမဲ့ ပြည်နယ်ကို စောင့်ရှောက်မယ့်တပ် မရှိပါ။ ဒါကြောင့် ခင်ဗျားတို့ ကျုပ်တို့ဆီ ပြန်လာပြီး ပူးပေါင်းလိုက်ပါ။
ပြည်နယ်လုံခြုံရေးတာဝန်ကို ခင်ဗျားတို့လက်ထဲ အပ်မယ်။ ဒါပြီးရင် ကျနော်တို့ ဗမာတပ်တွေဟာ ရန်ကုန်မှာပဲ ပြန်နေမယ်။ ခင်ဗျားတို့က ဗမာတပ်ကို တွေ့ချင်ရင် ရန်ကုန်ကို သွားမှ တွေ့ရလိမ့်မယ်`` ယဉ်အေး၏ စာကို ရလျှင် သူနှင့် သူ့တပ်မှူးများ တိုင်ပင်ကြသည်။ နောက်ဆုံး …. ရန်သူ၏ ပြောကြားချက် ဟုတ်၊ မဟုတ်… ။ မှန်၊ မမှန် … သိစေရန်အတွက် လက်တွေ့စမ်းသပ်ရန် ဆုံးဖြတ်လိုက်ကြ၏။ရန်သူကမ်းလှမ်းသကဲ့သို့ သူတို့ သွားကြမည်။ အခြေအနေ မမှန်ပါက ပြန်၍ ရန်သူကို ဆက်တိုက်မည်။
သို့နှင့် ….. သူ အစီအစဉ် ဆွဲ၏။ သူ့တပ်မှ အိမ်ထောင်သည် မိသားစုများကို စု၍ ``ကျော့ကေခို``ရွာတွင် ထား၏။ အိမ်ထောင်သည် မိသားစုများကို စောင့်ရှောက်ရန် ဗိုလ်ကြီး ကွယ်လားကို တာဝန်ပေး၏။ တိုက်ရေခိုက်ရေ ပြည့်ဝသည့် တပ်သား ၄ဝ ရွေးထုတ်ပြီး လက်နက်အပြည့်အစုံနှင့် ``ပိတခ``ရွာတွင် နေရစ်စေ၏။
ပြီးလျှင် …. သူနှင့် ရဲဘော် ၁၅ဝ တို့သည် ရန်သူ၏ ကမ်းလှမ်းချက်အတိုင်း ရန်သူဗိုလ်မှူးနှင့် တွေ့ရန် ``မောကို``ရွာသို့ ထွက်ခဲ့ကြ၏။ ``မောကို`` ရွာတွင် ရန်သူတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးယဉ်အေးနှင့် တွေ့၏။ ပထမ …. ဗိုလ်ယဉ်အေးသည် သူတို့ကို မောကိုတွင် တညအိပ်စေပြီးမှ ဖားအံသို့သွားရန် ဖြစ်သည်။ သို့သော် သူတို့တပ်အင်အားကို ကြည့်ပြီး စိုးရိမ်လာသည်နှင့် တူ၏။ မောကိုတွင် ညမအိပ်တော့ဘဲ ….. ဖားအံသို့ ညတွင်းချင်းသွားရန် စီစဉ်တော့သည်။
ဖားအံသို့ သူတို့အဖွဲ့ ည ၈ နာရီခန့်တွင် ရောက်၏။ သူတို့ကို …. ရေတပ်မှ စစ်သင်္ဘောတစီးနှင့်အပြည့် ရန်သူ့ စစ်သားတို့က ဝိုင်းထားလိုက်ကြသည်။နောက်တနေ့ နံနက်မှာပင် ဒု-ဗိုလ်မှူးကြီးယဉ်အေး၏ ကိုယ်ရေးအရာရှိ စစ်ဗိုလ်တယောက် သူနှင့် လာတွေ့၏။ သူတို့ကို လက်နက်ချရန် လာပြောခြင်း ဖြစ်သည်။ သူက …… ``ခင်ဗျားတို့ စာရေးတုန်းကတော့ တမျိုး၊ လာပူးပေါင်းရင် ကရင်ပြည်နယ် ပြန်အပ်မယ်ဆို။ အခုတော့ လက်နက်ချခိုင်းနေတယ်။ ဒါ …. ဘာသဘောလဲ`` ရန်သူ့စစ်ဗိုလ်က …. ``မပူပါနဲ့၊ ခဏလေးပါ။ လူထုအမြင်ကောင်းအောင် လက်နက်ချပြီး ဓာတ်ပုံရိုက်မယ်။
ပြီးရင် လက်နက်တွေ ပြန်ပေးမယ်`` ဟု ပြော၏။ ဤသို့နှင့် …. သူတို့၏ လက်နက်ချပွဲ အခမ်းအနားကို ဖားအံတွင် ပြုလုပ်၏။ အခမ်းအနားတွင် သူ့ကို မိန့်ခွန်းပြောစေသည်။``ကျနော်တို့ဟာ အစိုးရကို တော်လှန်ခဲ့တာ ဖြစ်တယ်။ အခု ကျနော် ဒီကိုရောက်လာတော့ ဗမာ့တပ်မတော် တပ်မှူးကြီးတွေက ကျနော်တို့ကို တကယ့် ညီအကိုရင်းလို ဆက်ဆံတာကို တွေ့ရလို့ များစွာ ကျေနပ်အားရမိတယ်။ ကျနော်တို့ အခု ဖြစ်ပွားနေတဲ့ ပြဿနာဟာ ပြည်တွင်းရေးပြဿနာပဲ ဖြစ်တယ်။ ဒီပြဿနာကို ညီအကိုအချင်းချင်း တွေ့ဆုံဖြေရှင်းရင် ရပါတယ်။ တွေ့ဆုံဖြေရှင်းကြဖို့ပဲ။
ဒါပေမဲ့ ကျနော်တို့ခေါင်းဆောင်တွေဟာ ဒီလိုမလုပ်ဘဲ တရုတ်ဖြူတွေကို ခေါ်လာတယ်။ ဒါကို ကျနော်တို့ သဘောမတူနိုင်ပါ။ တိုင်းရင်းသားအချင်းချင်း ဖြစ်တဲ့ပြဿနာဟာ အချင်းချင်းပဲ ဖြေရှင်းသင့်ပါတယ်။ ဒါကြောင့် ကျနော်တို့ အခုလို ဒီကိုရောက်လာတာ ဖြစ်တယ်။ ကျနော် ကော်သူးလေနဲ့အတူ နေခဲ့တုန်းက ကျရောက်တဲ့ တာဝန်ကို တိတိကျကျ လုပ်ဆောင်ခဲ့တယ်။ အစိုးရတပ်ကို ရဲရဲပဲ တိုက်ခဲ့တယ်။ အခုတော့ အစိုးဘက်ကို ရောက်လာခဲ့ပြီး အစိုးရကို ပြန်ပြီး အကျိုးပြုသွားမှာပဲ။ ကျရောက်တဲ့ တာဝန်ကို အကောင်းဆုံး လုပ်သွားပါ့မယ်`` သူ၏ မိန့်ခွန်းထဲတွင် ဤသို့ ထည့်ပြောလိုက်သဖြင့် ရန်သူစစ်ဗိုလ်သည် သဘောကျ၏။
လက်နက်ချပွဲ အခမ်းအနားပြီးပြီ။ သူတို့၏ လက်နက်များကိုမူ ရန်သူက ပြန်မပေးသေး….။ ပြဿနာတော့ ရှိလာပြီ။ သူက …. တပ်ရင်းမှူး ဗိုလ်ယဉ်အေးနှင့် တွေ့ပြီး သူ၏ လက်နက်များ ပြန်တောင်း၏။ ဗိုလ်ယဉ်အေးက …. ``ကျနော်တို့ ဋ္ဌာနချုပ်မှာ အမိန့်ရှိထားတယ်။ လက်နက်ချတွေကို အော်တိုမတ်တစ် သေနတ်တွေ ပြန်မပေးရဘူး။ ရိုင်ဖယ်သေနတ်ပဲ တပ်ဆင်ရမယ်`` ဟူ၍ ရှင်းပြ၏။
သူက …. ``အခု ကော်သူးလေတွေဟာ လက်နက်ကောင်းတယ်။ ကျနော်တို့ကတော့ အစိုးရကို ကောင်းကောင်း အကျိုးပြုချင်တာပဲ။ ဒီလိုအကျိုးပြုနိုင်ဖို့ ခင်ဗျားတို့က သဘောမတူဘူး။ အားမပေးဘူးဆိုရင်လည်း လက်နက်ကို ပြန်မပေးပါနဲ့။ ကျနော်တို့လည်း စစ်သားမလုပ်ဘူး။ အရပ်သားရိုးရိုးပဲ လုပ်တာကောင်းပါတယ်`` သူ့စကားကြောင့် ရန်သူ့စစ်ဗိုလ်သည် အကျပ်တွေ့သွား၏။ သူ မဖြေရှင်းနိုင်။ ဋ္ဌာနချုပ်သို့ မေးမြန်းပြီး အကြောင်းပြန်ပါမည်ဟူ၍ သူ့ကို စကားပြန်၏။ ၂ ရက်ခန့် ကြာသည့်အခါ၌ ရန်သူတပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ယဉ်အေးသည် သူ့ထံသို့ လာပြီး၊ ဋ္ဌာနချုပ်မှ အကြောင်းပြန်ကြားချက်ကို ပြောပြ၏။
``ဌာနချုပ်က ခင်ဗျားကို လက်နက်အားလုံး ပြန်ပေးဖို့ အမိန့်ရပြီ။ ဌာနချုပ်က ပြောပါသေးတယ်၊ ဘိုမြဟာ အရှေ့တိုင်းက ကရင်ဖြစ်တယ်၊ ရိုးသားတယ်။ အရှေ့တိုင်းကို ပျက်စီးအောင်လာလုပ်တာက မြစ်ဝကျွန်းပေါ်က ကရင်တွေ ဖြစ်တယ်`` ရန်သူသည် သူတို့အပေါ် ယုံကြည်မှုရှိလာသည်ဟု ထင်၏။ ပိုမို ယုံကြည်မှု ရှိလာစေရန် သူက သူနှင့် သူ့ရဲဘော်များ မော်လမြိုင်သို့ သွားရောက်လည်ပတ် ကြည့်ရှုလိုကြောင်း ပြောသည်။ ရန်သူသည် သူတို့ကို နောက်နေ့တွင်ပင် မော်လမြိုင်သို့ ပို့ပေး၏။ မော်လမြိုင်တွင် အထူးဧည့်သည်အဖြစ် ထား၏။ သူတို့၏ စက်ယန္တရားများကို လိုက်ပြ၏။ စစ်သင်္ဘောများ၊ သံချပ်ကာကားများနှင့် လက်နက်ကြီးအမျိုးမျိုး ပြ၏။ မသိမသာ ခြိမ်းခြောက်ခြင်း ဖြစ်သည်။
မော်လမြိုင်မှာ သူတို့ ရှိနေစဉ်မှာပင် … ရန်သူ ဗဟိုစစ်ဋ္ဌာနချုပ်မှ မော်လမြိုင်ရှိ ရန်သူတပ်မဟာမှူးထံသို့ ကြေးနန်းဝင်လာ၏။``ဘိုမြအား နေရပ်သို့ အမြန်ပြန်ပို့ရန် ````ဘိုမြ မရှိခိုက် ယင်းဒေသတွင် ဓားပြများ သောင်းကျန်းနေသည်``ရန်သူ့တပ်မဟာမှူးက သူတို့ကို ရေတပ်သင်္ဘောနှင့်ပင် ``ကရှုတူး`` သို့ လိုက်ပို့၏။ ``ကရှုတူး``မှ ``မြပတဲ``သို့ ခြေလျင်ခရီး ဆက်၏။ ရန်သူ့တပ်မဟာမှူးက သူနှင့် ခွဲခါနီးတွင် …. ``ခင်ဗျားဟာ သူပုန်ဖြစ်ပေမယ့် သမိုင်းကောင်းတယ်။ ကျနော်တို့ ခင်ဗျားနဲ့ပတ်သတ်ပြီး ထောက်လှမ်းရေး သတင်းတွေ ရတယ်။ ပုလိပ်ရုံးမှာလည်း ကောင်းတဲ့မှတ်တမ်း ရှိတယ်`` ဟူ၍ ပြောသွားခဲ့သေး၏။ နောက်နေ့တွင်ပင် သူသည် KPLA တပ်မှူး ဗိုလ်မှူးချုပ် ``တာကပေါ်`` ထံသို့ ပြန်သွားခဲ့၏။ သူပုန်တပ်သား ပြန်ဖြစ်သွား၏။ စုစုပေါင်း ၁၅ ရက်ကြာ လက်နက်ချခဲ့ခြင်း….။
ကိုးကား…- စောဘိုမြ၏ ကျနော် တင်ပြလိုသည့် ကျနော့ဖြတ်သန်းမှု အစစ်အမှန်-
ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)-
ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး- ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ-
အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)-
ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)-
BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်-
သနူထူး ဂျာနယ်များ-
ကရင့်သတင်းစဉ်- KNU နှင့် နဝတကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU၏ ရှင်းလင်းချက် စာတမ်း

ကရင့်အမျိုးသား လွတ်မြောက်ရေးခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ - အပိုင်း (၃)
Wednesday, April 22, 2009
မင်းဟန်
တနင်္လာနေ့၊ ဧပြီလ 20 2009 14:30 - မြန်မာစံတော်ချိန်
(၉)
၁၉၅၆ ခုနှစ် ဇွန်လတွင် ကော်သူ့လေ ပြည်လုံးဆိုင်ရာ ကွန်ကရက်အား ရွှေကျင်မြို့နယ် ``မောကို``တွင် ကျင်းပ၏။ ကွန်ကရက်ကိုယ်စားလှယ် တဦးအဖြစ် သူလည်း တတ်ရောက်ရ၏။ စောဟန်တာသာမွှေး၊ မန်းဘဇံတို့က ဦးဆောင်၍ ကွန်ကရက်အား ကျင်းပခြင်းဖြစ်သည်။ ကွန်ကရက်တွင် ကရင့်တော်လှန်ရေးအတွက် လမ်းစဉ်သစ်တရပ် မန်းဘဇံမှ တင်၏။ ``ဒုတိယလမ်းစဉ်``ဟု အမည်ပေး၏။
၁၉၄၉ ခုနှစ်တွင် စတင်ခဲ့သည့် လက်နက်ကိုင် ကရင့်တော်လှန်ရေးကား …. ကရင်ပြည် ရရှိရေးနှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး ဟူ၍သာ ဦးတည်ချက် ရှိခဲ့၏။ လမ်းစဉ်၊ လုပ်ငန်းစဉ်ဟူ၍ မရှိခဲ့….။ ဦးတည်ချက်တွင်သာ ရပ်နေခဲ့၏။
ဒုတိယလမ်းစဉ်နှင့် ပတ်သက်၍ ကွန်ကရက်တွင် အကြီးအကျယ် ဆွေးနွေးကြ၏။ လည်ပင်းကြောကြီးများ ထောင်၍ ငြင်းခုန်ကြသည်။ အရှေ့တိုင်းရှိ တော်လှန်ရေး အင်အားစုများက …. လက်ဝဲယိမ်းသော လမ်းစဉ်ဟူ၍ လက်မခံချင်ကြ….။ စောဟန်တာသာမွှေးကမူ လက်ယာနိုင်ငံများ၏ အကူအညီအထောက်အပံ့များ မျှော်ကိုး၍ ကွန်ကရက်တွင် ဒုတိယလမ်းစဉ်ကို ငြင်းဆိုနေခြင်းဖြစ်၏။ ယခင်မြစ်ဝကျွန်းပေါ်တွင် ရှိခဲ့စဉ်ကမူ …. မန်းဘဇံနှင့် အတူတွဲ၍ ဤလမ်းစဉ်ကို ဆွေးနွေးခဲ့၊ တိုင်ပင်ခဲ့၊ နည်းလမ်းရှာခဲ့ …. ရေးဆွဲခဲ့ကြခြင်းဖြစ်၏။ ``ဝိတ်ထောင်`` ကွန်ဖရင့်တွင်ပင် အဆိုပြုတင်သွင်းခဲ့ကြသေး၏။
ကွန်ကရက်သည် တရက်ပြီးတရက် ကြာမြင့်လာ၏။ တနေ့၊ တနေ့… စာတမ်းများ ဆွေးနွေးရာ၏ ``ဝါကျ``တကြောင်း၊ ``ဝေါဟာရ``တလုံး ငြင်းခုံရင်းနှင့် တနေ့ကုန်၏။ ငြင်းခုံရင်းနှင့်ပင် ပြီး၏။ ဆုံးဖြတ်ချက် ချ၍မရ….။
နောက်ဆုံး…. မန်းဘဇံက ဒီလမ်းစဉ်ကို မြစ်ဝကျွန်းပေါ်တွင် စမ်းသပ်ကျင့်သုံးခဲ့ပြီးဖြစ်သည်။ အောင်မြင်သည်ဟု ဆိုရမည်။ ဤအတွက် အရှေ့တိုင်းတွင်လည်း ဒီလမ်းစဉ်ကို ၃-နှစ် စမ်းသပ်လုပ်ဆောင်ပါ။ မအောင်မြင်ရင် ပြင်နိုင်ပါသည်ဟူ၍ တင်ပြဆွေးနွေးမှ လမ်းစဉ်ကို စမ်းသပ်လုပ်ဆောင်ရန်ဟူ၍ ကွန်ကရက်က အတည်ပြုလိုက်၏။
(၁ဝ)
၁၉၆၃ ခုနှစ်တွင် ``ကဆောဝါး``၌ ကရင့်အမျိုးသား ကွန်ကရက် ကျင်းပ၏။ ``မောကို`` ကွန်ကရက်မှစ၍ အပ်ရာထင်ခဲ့သော KRC နှင့် KNUP သည် ``ကဆောဝါး``တွင်မူ သိသိသာသာပင် ကွဲတော့၏။ စောဟန်တာသာမွှေးသည် သူကိုယ်တိုင် ပါဝင်ချမှတ်ခဲ့သည့် `` ဒုတိယလမ်းစဉ်``ကို ဆန့်ကျင်ဝေဖန်သည်။ ကွန်ကရက်တွင် အများစု၏ သဘောထားကိုပင် မလေးစားဘဲ …ခွဲထွက်၏။ စောဟန်တာသာမွှေးနှင့်အတူ ပဒိုဝေသော၊ ပဒိုဖိုးညော၊ ပဒိုဝေရီကျော်စသည့် နိုင်ငံရေးခေါင်းဆောင်များပါပြီး တပ်ဖက်ကမူ …..ဗိုလ်လင်းထင်၊ ဗိုလ်မိုးဇက်တို့၏ တပ်မဟာ (၅)နှင့် ဗိုလ်ထရှုးမင်း၏ တပ်မဟာ (၃) တို့ ပါသွားကြ၏။
ထိုသို့ ….ကွန်ကရက်အတွင်း ကွဲပြဲသည့်အချိန်၌ သူသည် Zone Commander တာဝန်နှင့် တပ်မဟာ (၆) တပ်မဟာ (၇) နှင့် တပ်ရင်း (၂ဝ) နယ်မြေများအတွင်း ကွပ်ကဲ၍ စစ်ရေးဆင်နွှဲနေသည့် အချိန်ဖြစ်သည်။ သူ့အား…. ကြေးနန်းနှင့် လှမ်းခေါ်ကြ၏။ မန်းဘဇံကလည်း ခေါ်သည်။ စောဟန်တာသာမွှေးမှလည်း ခေါ်၏။ သူသည်နှစ်ယောက်စလုံးနှင့် တွေ့ရန် အရင်တွေ့၏။
စောဟန်တာသာမွှေးက သူ့ကို တွေ့လျှင် ….``ဟေ့ ….ဗိုလ်မြ၊ မင်း ဘယ်ဘက်ကနေမလဲ….`` ဟု တိုတိုပင် မေး၏။
သူကလည်း … `` မပြောတတ်သေးဘူးလေ။ ကျနော် မန်းဘဇံဆီ သွားကြည့်အုံးမယ်။
ပြီးမှ … ခင်ဗျားကို ပြန်လာပြောမယ်`` သူနှင့် စောဟန်တာသာမွှေးတို့ တွေ့ဆုံခြင်းက ဤမျှပင်…။
ပြီးလျှင်…သူသည် မန်းဘဇံနှင့် တွေ့ရန်``ဆောမီးလူး``ရွာသို့ ထွက်ခွာခဲ့၏။ မန်းဘဇံက ``ဆောမီးလူး``ရွာတွင် ရှိနေ၏။ ``ဆောမီးလူး``ရွာတွင် မန်းဘဇံနှင့် သူ တွေ့၏။ သူနှင့် မန်းဘဇံတို့ တွေ့ဆုံဆွေးနွေးသည်က တိုတိုရှင်းရှင်းနှင့် ဘွင်းဘွင်းပင် …..။
``မူးဆိုးက ပြောတယ်။ ခင်ဗျားဟာ ကွန်မြူနစ်ပဲ။ ခင်ဗျား ကွန်မြူနစ်ဖြစ်ရင် ခင်ဗျားနောက် ကျနော် မလိုက်ဘူး။ ခင်ဗျား ကွန်မြူနစ်မဟုတ်ဘူးဆိုရင် ကျနော် လိုက်မယ်….``
သူကား မန်းဘဇံကို ပွင့်ပွင့်လင်းလင်းပင် ပြော၏။ ``မူးဆိုး`` ဟူသည်က စောဟန်တာသာမွှေးကို ပြောခြင်းဖြစ်သည်။
မန်းဘဇံက ….. ``အားကွာ ….မူးဆိုးက ငါ့ကို သက်သက်ပျက်စီးအောင် ပြောတာပဲ။ ငါ ကွန်မြူနစ် မဟုတ်ပါဘူး။ အမြဲတမ်း ဘုရားရှိခိုးတာပဲ```
`အေး….ကောင်းပါပြီ။ ခင်ဗျား ကွန်မြူနစ်မဟုတ်ရင်တော့ ခင်ဗျားနောက် ကျနော် လိုက်မယ်။ ခင်ဗျား ကွန်မြူနစ်ဖြစ်လာတဲ့ တနေ့မှာ ခင်ဗျားကို ကျနော် ဆန့်ကျင်မှာပဲ``သူတို့၏ တွေ့ဆုံမှုက ဤမျှသာ ….။ ပြီးပြီ။ မန်းဘဇံနှင့် တွေ့ပြီးနောက် သူသည် စောဟန်တာသာမွှေးထံ ပြန်လာ၏။ စောဟန်တာသာမွှေးနှင့် တွေ့၏။
ပြီးလျှင် စောဟန်တာသာမွှေးကို ပြော၏။``ကျနော် မန်းဘဇံနဲ့ တွေ့ခဲ့တယ်။ မန်းဘဇံက သူ ကွန်မြူနစ်မဟုတ်ဘူးလို့ ပြောတယ်။ သူ ဘုရားရှိခိုးသားပဲ။ ဒါကြောင့် အခု ကျနော် သူ့နောက်လိုက်မယ်
````ခင်းဗျားကို မထောက်ခံရတာက …. ခင်ဗျား အလုပ်လုပ်တာ လင်းထင်လို လူတွေသုံးတယ်။ သူတို့က လိုက်ပြီး ဓားပြတိုက်တယ်။ ပြန်ပေးလည်း ဆွဲတယ်။ ဒီလုပ်ရပ်တွေဟာ ပြည်သူတွေကို ဒုက္ခပေးတာသာ ဖြစ်တယ်။ ဒါ့ကြောင့် ကျနော် မကြိုက်ပါ။ တခါက ခင်ဗျားအသံလွှင့်စက် ဝယ်မယ်လို့ ဆိုတယ်။ အောက်ခြေမှာ ငွေရှာခိုင်းတယ်။ ညွှန်ကြားချက်က လူထုထံ အကူအညီတောင်းပါ။ တောင်းလို့ မရရင်ချေး။ ဒါမှမရရင် ဓားပြတိုက်ပြီး လုယူလို့ ညွှန်ကြားတယ်။ ဒါတွေဟာ မမှန်ဘူးလို့ ထင်တယ်။ ဒါကြောင့် ခင်ဗျားကို ကျနော် မထောက်ခံနိုင်ပါ
``သူ့စကားဆုံးလျှင် ….စောဟန်တာသာမွှေးက …. ``အဲဒီအလုပ်တွေ ငါ မလုပ်ပါဘူး။ အဲ့ဒါကို လုပ်တာ ဝေသောပဲ````
ဝေသောလုပ်တာ မမှန်လည်း ခင်ဗျား ဘာမှမပြောဘူး။ ဒါကို ကျနော် မကြိုက်ပါ။ မန်းဘဇံကို ကွန်မြူနစ်လို့ စွပ်စွဲကြတယ်။ ဒါလည်း ကျနော် မကြိုက်ပါ။ ဒါပေမဲ့ သူက ဓားပြတိုက်ဖို့ ခွင့်မပြုဘူး။ သူ့ကို ထောက်ခံတာ ဒါကြောင့်ပဲ။ ခင်ဗျားကို ကျနော် မကြိုက်တာ တခြားအကြောင်း ရှိပါသေးတယ်။ လူတွေကို ဓားပြတိုက်ခိုင်းတယ်။ လူသတ်ခိုင်းတယ်။ အရင်က ခင်ဗျား ပြောခဲ့တယ်။ ဗမာဟာ မင်းတို့ယောက်ဖ မဟုတ်ဘူး။ အားလုံးသတ်။ ကျနော်တို့ ဒီအတိုင်းသာ လိုက်သတ်နေမယ်ဆိုရင် ကျနော်တို့ လူမျိုးကို ကာကွယ်လို့ ရတော့မှာ မဟုတ်ဘူး။ ကျနော်တို့ လူတွေကို ဒီလိုမသတ်သင့်ပါ။ ကျနော်တို့ ဒီအတိုင်း သတ်နေကြရင် ကရင်က ဗမာကိုသတ်၊ ဗမာကလည်း ကရင်ကိုသတ် လုပ်နေကြရင် နောက်ဆုံး ကျနော်တို့ ရှုံးမှာပဲ။ ဒါ့ကြောင့် ဒါကိုတော့ မလုပ်သင့်ပါ။ ကျနော်တို့က လူကောင်းနဲ့ လူဆိုး ခွဲခြားရမယ်။ ဗမာပြည်သူထဲမှာလည်း ဗမာလူထုနဲ့ ရန်သူကို ခွဲခြားရမယ်``
(၁၁)
``ကဆောဝါး`` ကွန်ကရက် ပြီးသည့်နောက် ….စောဟန်တာသာမွှေး ဦးဆောင်သည့် KRC သည် ဗိုလ်နေဝင်းထံသို့ လက်နက်ချသွားခဲ့၏။ စောဟန်တာသာမွှေးနှင့် KRC မရှိတော့သည့်နောက်တွင် ….မန်းဘဇံ ဦးဆောင်သည့် KNUP သည် ကရင်အမျိုးသား လွတ်မြောက်ရေးခရီးကို `` ဒုတိယလမ်းစဉ်``နှင့် အပြင်းချီတက် ပါတီတည်ဆောက်ရေး….။
တပ်ပေါင်းစုတည်ဆောက်ရေး….။
တပ်မတော် တည်ဆောက်ရေး…။
တော်လှန်ရေး ဦးဆောင်မှုပေးရာတွင် လူထုထက် ရှေ့ရောက်လွန်းနေ၍လည်း မဖြစ်။ ရှေ့ရောက်လွန်းပါက လူထုနှင့် ကင်းကွာနိုင်၏။ လူထုထက် နောက်ကျန်နေခဲ့ပါကလည်း …လူထုနောက်မြီးဆွဲအဖြစ် ကျန်နေရစ်မည်။ မဟာအောက်တိုဘာ တော်လှန်ရေး၏ ခေါင်းဆောင်ကြီး ``လီနင်`` မိန့်မှာသလိုပင် ….ဦးဆောင်သူတို့ကား …လူထုထက် ရှေ့လည်း မရောက်လွန်း၊ နောက်ကျ၍လည်း မကျန်ရစ်စေဘဲ လူထုကို ဦးဆောင်ချီတက်နိုင်ရမည်။
သူသည် ထိုစဉ်က…. စစ်ဇုံနယ်မှူးတာဝန်နှင့် ဖာပွန်ဒေသ၊ ဖားအံခရိုင်၊ ဒူးပလာယာခရိုင်တွင် စစ်ရေးတာဝန် ထမ်းဆောင်လျက်ရှိသည်။ ၁၉၆၄-၆၅ နှစ်များအတွင်း ရန်သူ၏ ပိတ်ဆို့ထိုးစစ်ဆင်မှုက ပြင်းထန်သည်။ ဇုံနယ်စစ်ဋ္ဌာနချုပ်ကို တနေရာရာတွင် အတည်တကျ မထိုင်နိုင်။ နေ့စဉ်လိုလိုပင် ရွှေ့ပြောင်းနေရသည်။ ရှောင်ရင်း၊ တိမ်းရင်းနှင့် ပြောက်ကျားစစ် ဆင်ရ၏။ လူထုအကြား သွားလာရင်း သူသည် လူထုထံမှ ညဉ်းတွားသံအချို့ ကြားလာရ၏။
``ကရင်ခေါင်းဆောင်များသည် ကွန်မြူနစ်များဖြစ်ကုန်ပြီ…။ဘုရား၊ တရား မရှိတော့ဘူး…``
ထို…ထိုသော အသံတို့ လူထုကြားတွင် ဟိုမှ….သည်မှ ကြားလာရ၏။ ဤသို့သော အသံများ ကြားရဖန် များလာသည့်အခါတွင် သူသည် ဗဟိုသို့ တက်၍ တင်ပြရန် ဆုံးဖြတ်လိုက်၏။ ဗဟိုသို့ နှစ်ကြိမ်မျှတက်၍ သူ တင်ပြခဲ့သည်။
သူက ….ခင်ဗျားတို့ နိုင်ငံရေးလုပ်ရာတွင် ပြင်းထန်လွန်းသည်။ ပြည်သူများက လက်မခံနိုင်သေး။ ပြန်ပြင်သင့်သည်။ လမ်းစဉ်ကို အနည်းငယ် လျှော့ချမှသာ ပြည်သူများက ခင်ဗျားတို့ကို ထောက်ခံလိမ့်မည်။ ဤသို့…. သူ တင်ပြ၏။ ဗဟိုခေါင်းဆောင်များက သူ့တင်ပြချက်ကို အလေးမထား…..။ ပို၍ပင် နီလာသည်ဟု သူ ထင်လာ၏။ သူနှင့် ဗဟိုခေါင်းဆောင်များအကြား အမြင်မတူမှုများ ရှိလာ၏။
ဗဟိုခေါင်းဆောင်များက ပါတီတည်ဆောက်ရေး…. တပ်ပေါင်းစု တည်ဆောက်ရေးတို့ကို တိုး၍ … ၊ မြှင့်၍ တည်ဆောက်ကြ၏။
ထိုစဉ်က …. ကရင့်လက်နက်ကိုင်တပ်များ၏ စစ်ဦးစီးချုပ်မှာ ဗိုလ်တင်ဦး (ဖူးတာအဲ့၊ ယခုကွယ်လွန်၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ) ဖြစ်သည်။ စစ်ဦးစီးချုပ်ဗိုလ်တင်ဦးမှ တိုင်းစည်းရုံးရေးမှူး ဖဒိုဘသင် (ယခု ကွယ်လွန် ၊ KNU ဥက္ကဋ္ဌဟောင်း) ထံသို့ အမိန့်ညွှန်ကြားစာတစောင် ပေးပို့၏။ ညွှန်ကြားစာက ….
``KNU ၏ ပါတီကလပ်စည်းများ နေရာတိုင်းတွင် ဖွဲ့စည်းထားရှိရန်
````ပါတီကို ပိုမို၍ ကျစ်လျစ်ခိုင်မာအောင် တည်ဆောက်သွားရန် ````
ပါတီတောင့်တင်း ခိုင်မာလာသည့်အခါတွင် စစ်ဖက်၊ နယ်ဖက် ရာထူးတာဝန်များကို ပါတီဝင်များကိုသာ ခန့်အပ်တာဝန်ပေးသွားရန် … ပါတီဝင်မဟုတ်သူများ ဖယ်ရှားသွားရန်`` ဖြစ်သည်။
ဤညွှန်ကြားချက် အမိန့်စာကို သူလည်း ဖတ်ရ၏။ ထိုအချိန်တွင် သူသည် စစ်ဖက်၌ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် ဖြစ်နေပြီး၊ KNUP တွင်မူ ဗဟိုကော်မတီဝင် ဖြစ်သည်။ သို့သော်…. သူကား KNUP တွင် ပါတီဝင်တဦး မဟုတ်….။ ပါတီဝင်ရန်လည်း သူ့တွင် ဆန္ဒစိတ်ကူးမရှိ။ သူကဲ့သို့ ပါတီဝင်မဟုတ်သည့် လက်နက်ကိုင် ကရင့်တော်လှန်ရေးသမားများက အများအပြားပင်ရှိ၏။ ဗဟို ညွှန်ကြားချက်အပေါ် သူ …. သဘောမကျ။ စိတ်မကောင်းလည်း ဖြစ်မိ၏။ နှစ်ပေါင်းများစွာ မျိုးချစ်စိတ်နှင့် တော်လှန်ရေးတွင် ပါဝင်လုပ်ကိုင်ခဲ့ကြပြီး ယခုကဲ့သို့ ဗဟိုခေါင်းဆောင်များမှ သဘောထားခြင်းသည်`မသင့်` ဟုလည်း သူ တွေးထင်မိ၏။
သူ စဉ်းစားရပြီ။ ဘာလုပ်မလဲ….။ ဤအတိုင်းဆိုလျှင် …. ဗဟိုခေါင်းဆောင်များ၏ နောက်သို့ မလိုက်သင့်တော့….။ သူ ဆုံးဖြတ်ချက် ချလိုက်၏။ KNUP မှ သူ ခွဲထွက်လိုက်၏။ သူနှင့်အတူ ဗိုလ်ချုပ်ရွှေဆိုင်း (ယခုကွယ်လွန် ဗိုလ်ချုပ်ရွှေဆိုင်း) ၊ ဗိုလ်ကစယ်ဒို (ယခု ဗိုလ်ချုပ် ကစယ်ဒို) နှင့် ဖဒိုသာပြည့်တို့လည်း အတူပါလာခဲ့၏။ သူ KNUP မှ ခွဲထွက်ကြောင်းအား ထုတ်ပြန်ကြေညာချက်ထုတ်ပြန်၍ ပြည်သူသို့ ရှင်းပြခဲ့၏။
ပြီးလျှင် …..``ကရင့်အမျိုးသား လွတ်မြောက်ရေးကောင်စီ`` KNLC ဖွဲ့သည်။ ခွဲထွက်ခဲ့သည့် လက်နက်ကိုင် တပ်များကိုမူ ``ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်`` KNLA ဟူ၍ ဖွဲ့စည်းထူထောင်ခဲ့၏။
သူကား…. အသစ်ဖွဲ့စည်းလိုက်သည့် KNLC တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူရပြီး KNLA တွင်လည်း စစ်ဦးစီးချုပ်….အဖြစ် စစ်ရေးတာဝန် ထမ်းဆောင်ရပြန်သည်။
၁၉၆၆ ခုနှစ် နွေဦး…..။
(၁၂)
KNUP မှ သူ ခွဲထွက်ခဲ့ပြီးနောက် KNUP အတွင်း၌ အယူအဆရေး ပဋိပက္ခသည် ကြီးမားလာသည်။ KNUP ကို အမျိုးသားတိုးတတ်ရေးပါတီမှ အလုပ်သမားပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ပါတီကလပ်စည်းများမှ ကြိုးပမ်းလာကြသည်။ ထိပ်ပိုင်းခေါင်းဆောင်များ အကြား၌လည်း အယူဝါဒရေးရာ ကွဲပြားမှုများ ရှိလာကြ၏။ ပါတီအတွင်း လက်ဝဲစွန်းကျမှုကို ဝေဖန်တိုက်ခိုက်ရင်း….လက်နက်ကိုင်ပဋိပက္ခ အဆင့်သို့ပင် ရောက်ခဲ့ရသည်။
ထိုစဉ်ကာလ ….ကရင့်တော်လှန်ရေးကား… သူဦးဆောင်သည့် ကရင့်အမျိုးသား လွတ်မြောက်ရေးကောင်စီ (KNLC) က အရှေ့တိုင်းတွင် တသီးတခြား….။ KNUP အတွင်း၌ကား ….အယူအဆရေး တိုက်ပွဲကြောင့် အချင်းချင်း လက်နက်ကိုင်ပဋိပက္ခ အဆင့်သို့ ရောက်ရှိနေလေ၏။ ကရင့်တော်လှန်ရေးအတွင်း ညီညွှတ်မှုသည် ပြိုကွဲနေ၏။ မဖြစ်…..။ ဤသို့ ညီညွှတ်မှု ပြိုကွဲနေသ၍ ကရင့်တော်လှန်ရေး အောင်မြင်မှုပန်းတိုင်သို့ မည်သို့မှ ချီတက်နိုင်မည် မဟုတ်။ ဤသို့…. သူ တွေးမိ၏။ ဆင်ခြင်မိ၏။
(၁၃)
၁၉၆၈ ….။
သူ KNUP မှ ခွဲထွက်ခဲ့ပြီး ၂ နှစ်အကြာတွင် KNUP ဥက္ကဋ္ဌ မန်းဘဇံနှင့် သူ တွေ့ဆုံရန် ဆုံးဖြတ်၏။ မန်းဘဇံနှင့်သူ တွေ့ပြီး ညီညွှတ်ရေး တည်ဆောက်မည်။ ``ခိုမူဒဲ``တွင် သူနှင့် မန်းဘဇံ တွေ့ဆုံကြ၏။ ဆွေးနွေးကြ၏။ ညီညွှတ်ရေးအတွက် အဖြေမရသေး….။ ထပ်၍ ….ထပ်၍ တွေ့ကြ၏။ ဆွေးနွေးကြ၏။ အဖြေရှာကြ၏။ ``မူသယ်`` ``သွေးဘိုးထာ````ပယ်ကောခီး``တို့တွင် တွေ့ကြ၏။ သူနှင့် မန်းဘဇံ ညီညွှတ်ရေးအတွက် ဆွေးနွေးကြသည်ကို KNUP ထဲမှ အချို့က ``ကျား-သမင်`` ညီညွှတ်ရေးဟူ၍ ဝိဂြိုဟ်ပြုကြ၏။
``ထိုဒိုပလော``ဆွေးနွေးပွဲတွင်မူ သူတို့ ညီညွှတ်ရေးအတွက် သဘောတူညီမှု ရရှိခဲ့၏။ အစည်းအဝေးသို့ KNUP ဘက်မှ မန်းဘဇံ၊ ပဒိုစောသန်းအောင် (KNU၊ ဒု-ဥက္ကဋ္ဌဟောင်း၊ ကွယ်လွန်) ၊ ဗိုလ်မောင်မောင် (ဗိုလ်ချုပ်မောင်မောင်၊ KNU အတွင်းရေးမှူး -၁၊ ကွယ်လွန်) ၊ ပဒိုဘသင် (KNU ဥက္ကဋ္ဌဟောင်း၊ ကွယ်လွန်)၊ ပဒိုဂေဒွဲ။ ပဒိုဘောယူဖောတို့ တက်ရောက်ကြ၏။
သဘောတူညီမှုကား….ကရင့်အမျိုးသား လွတ်မြောက်ရေးကောင်စီ KNLC ကို ဖျက်သိမ်းမည်။ မန်းဘဇံ၊ ပဒိုစောဘသင်၊ ပဒိုစောသန်းအောင်၊ ဗိုလ်မောင်မောင်၊ ပဒိုဂေဒွဲနှင့် ပဒိုဘောယူဖော က KNUP မှ နုတ်ထွက်မည်။ ပြီးလျှင် …. အတူပူးပေါင်း၍ ``ကရင့်အမျိုးသား ညီညွှတ်ရေးတပ်ဦး`` KNUF ဖွဲ့မည်။
ဆွေးနွေးပွဲ သဘောတူညီချက်အတိုင်း KNUF ဖွဲ့စည်းရန် ညီလာခံတရပ် ခေါ်ယူကြ၏။ ညီလာခံမှ ``ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးတပ်ဦး`` KNUF ဖွဲ့စည်းလိုက်၏။ ဥက္ကဋ္ဌအဖြစ် မန်းဘဇံအား ရွေးချယ်တင်မြှောက်ပြီး ဒု-ဥက္ကဋ္ဌအဖြစ် သူ့ကို ရွေးချယ်၏။ စစ်ဦးစီးချုပ်အဖြစ်လည်း သူ့ကို တာဝန်ပေး၏။ KNUF ဖွဲ့စည်းပြီး၊ ၁ နှစ်ကြာသည့် အချိန်တွင်မူ KNUF မှ ကရင့်အမျိုးသား အစည်းအရုံး KNU ဟူ၍ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့၏။
(၁၄)
ဗိုလ်နေဝင်း၏ တပ်မတော်သည် မြစ်ဝကျွန်းပေါ်ရှိ KNUP ပြောက်ကျားများကို ဝိုင်းပတ်ပိတ်ဆို့၍ စစ်ရေးအရ ထိုးစစ်ဆင်၏။ KNUP သည် မြစ်ဝကျွန်းပေါ်ရှိ အခြေစိုက်စခန်းများ စွန့်ခွာခဲ့ရသည်။ ပဲခူးရိုးမတွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်များဖြစ်သည့် သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ်၊ ဗိုလ်ဇေယျ (ရဲဘော်သုံးကျိပ်ဝင်) တို့သည် တိုက်ပွဲအတွင်း တဦးပြီးတဦး ကျဆုံးကုန်ကြ၏။ ရန်သူသည် ပဲခူးရိုးမ တောင်ပေါ်ရှိ တိုင်းရင်းသားကျေးရွာများ အဓမ္မ ပြောင်းရွှေ့၏။ တော်လှန်ရေးအင်အားစုများကို ဖြတ် ၄ ဖြတ် ဖြတ်၏။ ပဲခူးရိုးမတွင် တော်လှန်ရေး အခြေစိုက်စခန်းများ ထားရှိရန်မလွယ်…..။ ခက်ခဲလာ၏။ အကျအဆုံးများ၏။ ပဲခူးရိုးမတွင် ရပ်တည်လှုပ်ရှားရန် မဖြစ်နိုင်တော့….။ KNUP သည် ပဲခူးရိုးမကို စွန့်ခွာရတော့၏။
(၁၅)
၁၉၇၅ …
ခုနှစ်။မိုးနှောင်း….။
ဗိုလ်ချုပ်မြမောင် ဦးဆောင်သည့် KNUP တပ်ဖွဲ့သည် ပဲခူးရိုးမမှ အရှေ့တိုင်းသို့ ဆုတ်ခွာခဲ့ကြ၏။ KNUP မှ မြောက်ပိုင်းချီ တပ်ဖွဲ့သည်လည်း ပဲခူးရိုးမသို့ ပြန်ရောက်ရှိပြီး အားလုံးစုပေါင်း၍ ဖာပွန်အနီးရှိ ``ဒူးဒါးဂေး``တွင် KNUP ကွန်ကရက် ကျင်းပ၏။ ဤကွန်ကရက်က KNUP ၏ ဆဋ္ဌမမြောက် ကွန်ကရက် ဖြစ်၏။ ပြီးလျှင် ….နောက်ဆုံးသော ကွန်ကရက်လည်း ဖြစ်၏။ ကွန်ကရက်ကား… KNUP ကို ဖျက်သိမ်း၍ KNU နှင့် ပူးပေါင်းရန် ဆုံးဖြတ်လိုက်၏။ KNUP မှ ခေါင်းဆောင်များသည်လည်း KNU ဗဟိုအဆင့် ခေါင်းဆောင်များအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ကြ၏။
KNU သည် ကရင့်အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေးတွင် တခုတည်းသော အမျိုးသားအဖွဲ့အစည်းအဖြစ် တည်ရှိလာတော့၏။
(၁၆)
၁၉၇၆ ခုနှစ်…။
မာနယ်ပလောတွင် KNU ၏ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေး ခေါ်၏။ ဖြစ်ပေါ်တိုးတက်နေသော စစ်ရေး၊ နိုင်ငံရေး အခြေအနေများအရ….ခေါင်းဆောင်မှု အပြောင်းအလဲ ပြုလုပ်၏။ ဥက္ကဋ္ဌ မန်းဘဇံကို KNU ၏ နာယကအဖြစ် ခန့်အပ်၏။သူ့ကို KNU ဥက္ကဋ္ဌအဖြစ် ဗဟိုကော်မတီက ရွေးချယ်လိုက်သည်။ အရှေ့တိုင်း၌ ထွက်ပြူစ နေဝန်းနီနီအောက်၌ ဖားစည်သံသည် ဝေစည်၍ လွှင့်ပျံနေတော့၏။
ကိုးကား…- စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့် ဖြတ်သန်းမှု အစစ်အမှန်-
ကရင်သမိုင်းသုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)-
ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး-
ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ-
အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)-
ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်-
သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ -၅)-
BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်-
သနူထူး ဂျာနယ်များ- ကရင့်သတင်းစဉ်-
KNU နှင့် နဝတကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU ၏ ရှင်းလင်းချက် စာတမ်း

ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ - အပိုင်း(၄)
Wednesday, April 22, 2009
မင်းဟန်
အင်္ဂါနေ့၊ ဧပြီလ 21 2009 16:31 - မြန်မာစံတော်ချိန်
(၁၇)
KNU ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၁၉ နှစ်ကြာသည့် အချိန်တွင် သူ့အတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီးကို ရင်ဆိုင်ရ၏။ သူ့အတွက်တွင်မဟုတ် …. KNU အတွက်လည်း ကြီးမားသော စိန်ခေါ်မှုတရပ်ဟု ဆိုရမည်။
စိန်ခေါ်မှုက ``သုမွဲထ`` မြစ်ဆုံတွင် ဗဟိုပြုဖြစ်ပေါ်ခဲ့သည့်အတွက် ``သုမွဲထ`` စိန်ခေါ်မှုဟု ဝိဂြိုဟ်ပြုရမည်။ သုမွဲထက သံလွင်နှင့် သောင်းရင်းဆုံရာ သံလွင်မြစ်၏ အနောက်ဘက်ကမ်းတွင် ရှိ၏။ မာနယ်ပလော ခုခံရေးစစ်တွင် စစ်ရေးအရ အရေးပါသော အရပ်ဖြစ်သည်။
၁၉၈၉ ခုနှစ် နှစ်ဦးတွင် မြိုင်ကြီးငူဆရာတော် အရှင်သုဇနသည် မာနယ်ပလောသို့ကြွပြီး သူနှင့် တွေ့၏။ ပြီးလျှင် ….. သုမွဲထမြစ်ဆုံ၌ ဘုရားတည်၊ ကျောင်းဆောက်၍ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လိုကြောင်း မြွက်ကြား၏။ သူကလည်း KNU ၏ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် မူဝါဒအရ ခွင့်ပြု၏။ သို့သော် ….ခြွင်းချက်တော့ပါသည်။ ခြွင်းချက်က ….စစ်ရေးအရ အချက်အချာကျသော နေရာဖြစ်၍ ကန့်သတ်ချက် ထည့်ရခြင်းဖြစ်သည်။
``စေတီကို ထုံးသင်္ကန်း ကပ်လှူခြင်း မပြုရန်````
ကျောင်း၊ ဇရပ်တို့ကို သွပ်မိုးခြင်း မပြုရန်````
မအေးချမ်းသေးသော ဒေသဖြစ်၍ တဖက်နိုင်ငံမှတဆင့် ဒကာ၊ ဒါယိကာမများ လာရောက်ပူဇော်ခြင်း မပြုရန်`` ဟူ၍ဖြစ်သည်။
သွပ်မိုးနှင့် ထုံးဖြူဖြူစေတီတို့က ရန်သူစစ်တပ်များ လက်နက်ကြီး ပစ်မှတ်များအတွက် အထောက်အကူပြုရာ ရောက်စေမည်ဟု KNU က ယူဆ၍ မပြုလုပ်ရန်၊ ကန့်သတ်ခြင်းဖြစ်သည်။ မြိုင်ကြီးငူဆရာတော် အရှင်သုဇနက မကျေနပ်…..။ တည်လိုက်၊ နားလိုက်နှင့်ပင် ….၊ မြစ်ဆုံစေတီ ထီးတင်မည့် အခြေသို့ ရောက်လာ၏။
ဤအတွင်း မြိုင်ကြီးငူဆရာတော်၏ အခြေအနေက KNU အဖို့ သံသယပွားစရာများနှင့် ဖြစ်လာသည်။ သုမွဲထတွင် ဘုရားတည်ရင်း မြိုင်ကြီးငူဆရာတော်ထံတွင် မှီတင်းခိုလှုံနေကြသည့်လူများက လူပေါင်း ၈ဝဝ၊ တထောင်ခန့် ရှိမည်။ ရွာငယ်လေးတရွာမျှ ဖြစ်သည်။ ဤသူတို့ကို ရှင်သုဇနသည် နေ့စဉ် ထမင်း၊ ဆေး၊ ကွမ်း ကျွေးမွေး၏။ ဤမျှသော ဒကာတို့ကို ရှင်သုဇန ကျွေးမွေးနိုင်အောင် မည်သည့် ဒကာက လှူဒါန်းနေပါသနည်း…..။ KNU အဖို့ တွေးစရာဖြစ်လာ၏။
သုမွဲထရှိ မြိုင်ကြီးငူဆရာတော်ရှင် သုဇနထံ ခိုလှုံနေထိုင်ကြသည့် ဒကာ၊ ဒယိကာမများကို စစ်မှုထမ်းရွက်ခြင်း၊ တော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်ခြင်းမှ ကင်းလွတ်ခွင့်ပေးရန် အရှင်သုဇနက တောင်းဆိုလာ၏။
အချို့သော KNLA မှ ရဲဘော်တပ်သားအချို့ပင် တပ်မှ စွန့်ခွာ၍ သုမွဲထတွင် ခိုလှုံသွားကြ၏။
ခက်ပြီ…..။သုမွဲထတွင် ခိုလှုံလာကြသည့်သူများကို မြိုင်ကြီးငူဆရာတော် အရှင်သုဇနက မြိုင်ကြီးငူတံဆိပ်တုံး နှိပ်ထားသည့် လက်မှတ်ကဒ်ပြားများ ထုတ်ပေး၏။ ဤလက်မှတ်က ခရီးသွားလျှင် နိုင်ငံသားစိစစ်ရေး ကဒ်ပြားထက် တန်ခိုးထက်၍ နဝတစစ်တပ်များက တွေ့လျှင် စစ်ဆေးမေးမြန်းခြင်း မရှိ။ လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိ၏။ လိုအပ်လျှင် ….အကူအညီတောင်း၍ ရသေး၏။ ဤတွင် …..KNLA တပ်တွင်းမှ စည်းကမ်းချိုးဖောက်ကြသူများ၊ အပြစ်ကျူးလွန်ကြသူများနှင့် ရန်သူ၏ သူလျှိုလုပ်ငန်းလုပ်ရန် လာကြသူများသည် သုမွဲထသို့ လာ၍ခိုလှုံကြ၏။ မြိုင်ကြီးငူဆရာတော် အရှင်သုဇနဂိုဏ်းသို့ ဝင်ကြ၏။ အချို့က သင်္ကန်းစီး၍ပင် နေကြ၏။ ခက်ပြီ…..။
(၁၈)
ပြဿနာက အရှင်သုဇနသည် ဘာသာရေးကို ခုတုံးလုပ်၍ KNU နှင့် မာနယ်ပလောကို လည်မျိုညှစ်ရန်အတွက် လည်တိုင်ပေါ်သို့ လက်တင်လာခြင်းဖြစ်သည်။
KNU ဥက္ကဋ္ဌ တယောက်အနေနှင့် သူ ဤသို့ တွေးမြင်မိ၏။ လည်တိုင်ဆီသို့ တင်လာသော လက်ကို မည်သို့ ဖယ်ရှားမည်နည်း….။ သူ နည်းလမ်းရှာရ၏။ ဘာသာအရေး၊ သာသနာ့အရေး၊ သံဃအရေးဖြစ်၍၊ သံဃာတော် အရှင်မြတ်တို့သာ ဖြေရှင်းကြလျှင် သင့်မြတ်မည်။ ဤသို့ သူ စဉ်းစားမိ၏။ ကော်သူလေ ပြည်နယ်အတွင်းရှိ ကရင့်သံဃာတော်များ အစည်းအရုံး၏ အရေးပေါ် သံဃာအစည်းအဝေး ခေါ်ယူရန် သူ ဆုံးဖြတ်၏။
(၁၉)
၁၉၉၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် မာနယ်ပလော၌ပင် ကရင့်သံဃာတော်များ အစည်းအရုံး၏ အရေးပေါ် အစည်းအဝေး ကျင်းပ၏။ သံဃာတော် အရှင်သူမြတ် ၁ဝ၂ ပါး တတ်ရောက်ကြသည်။ မြိုင်ကြီးငူဆရာတော် ရှင်သုဇနကိုလည်း ပင့်ဖိတ်၏။ ရှင်သုဇနနှင့် မြိုင်ကြီးငူ နန်းဦးဘေးမဲ့ ကျောင်းမှ သံဃာတော်များက ကြွရောက်ကြခြင်း မရှိ…..။ သပိတ်မှောက်သကဲ့သို့ ဖြစ်နေ၏။ ၂ ရက်ကြာ သံဃာအစည်းအဝေးကြီးမှ ဆုံးဖြတ်ချက် ၇ ချက် ချမှတ်ခဲ့ကြ၏။
(၁) သာသနာပြု လုပ်ငန်းများကို လုပ်ဆောင်ရာတွင် လည်းကောင်း၊ ဘာသာရေးကိစ္စများကို လုပ်ဆောင်ရာတွင် လည်းကောင်း၊ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး လုပ်ငန်းများကို ထိခိုက်ပတ်သက်မှု မရှိစေရန်။
(၂) လူပုဂ္ဂိုလ်များကို ရဟန်းဘောင်သို့ သွတ်သွင်းရာတွင် ဗုဒ္ဓ၏ ဝိနည်းတော်နှင့်အညီ ဆန်းစစ်သွတ်သွင်းမှု ပြုကြရန်။
(၃) စစ်မက်ဖြစ်ပွားနေသော ဒေသများအတွင်း သာသနာပြုခြင်း၊ ဘုရားကျောင်းကန် တည်ဆောက်ခြင်းများ ရပ်ဆိုင်းထားရန်။
(၄) ဘာသာရေးမှတဆင့် လူထုအတွင်း၊ ရဟန်းသံဃာများအတွင်း၊ ဘာသာအယူဝါဒ အမျိုးမျိုးအတွင်း၊ စည်းလုံးညီညွှတ်မှု ပျက်ပြားစေမည့် လုပ်ဆောင်မှုများ ရှောင်ရှားရန်။
(၅) ဗုဒ္ဓဘာသာဝင်များအတွင်း၊ ရဟန်းသံဃာများအတွင်း၊ ရဟန်းသံဃာများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များအတွင်း၊ ပြဿနာကြီးငယ် ရှိပါက ကော်သူးလေ သံဃအဖွဲ့အစည်းများ၏ ဆုံးဖြတ်ဆောင်ရွက်မှုများကို လိုက်နာဆောင်ရွက်သွားကြရန်။
(၆) သံဃာတော်များအတွင်း မသမာသူများ ဝင်ရောက်ခြင်း၊ ဘာသာရေး ခုတုံးလုပ်ခြင်းများကို ဆန့်ကျင်ကြရန်။
(၇) ဘုရားတည် ကျောင်းဆောက်သည့် လုပ်ငန်းများကို လုပ်ဆောင်ရာတွင် ဒကာ၊ ဒယိကာမများ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားကြရန် - ဟူ၍ ဖြစ်သည်။
အစည်းအဝေး ဒုတိယနေ့တွင်မူ မြိုင်ကြီးငူဆရာတော် အရှင်သုဇနမှ သံဃာအစည်းအဝေး သဘာပတိ ဆရာတော်ထံသို့ ပေးစာတစောင်ကို လျှောက်ထားပေးပို့ခဲ့၏။
…. မိမိအနေနှင့် ဘုရားတည်၊ ကျောင်းဆောက်သည့် အလုပ်များ စွန့်လွှတ်လိုက်ပြီးဖြစ်ကြောင်း….၊ ဆောက်လုပ်ပြီးခဲ့သည့် ဘုရားစေတီနှင့် ကျောင်းဇရပ်တို့ကိုလည်း သံဃနာယက သဘာပတိ ဆရာတော်ထံ အပ်နှံပါကြောင်း …. ယခုမှစ၍ ၄၉ လတိုင်တိုင် အဓိဋ္ဌာန်ဝင်မည်ဖြစ်၍ ကျောင်းသို့လည်း ပြန်လာတော့မည် မဟုတ်ကြောင်း ….. ပါရှိလေ၏။ သံဃာအစည်းအဝေးကား ပြီးလေ၏။
ဆုံးဖြတ်ချက် ၇ ချက်ကိုလည်း ချမှတ်နိုင်ခဲ့လေပြီ။ လည်မျိုပေါ်မှ လက်ကို ညင်သာစွာနှင့် ဖယ်ရှားနိုင်ရန်မှာ မခက်ခဲတော့ ….။ သို့သော်…..။ သံဃာအစည်းအဝေးသို့ မြိုင်ကြီးငူဆရာတော် မတက်ရောက်သည့် အကြောင်းနှင့် ၄၉ လ အဓိဋ္ဌာန်ဝင်သွားသည့် ဂယက်တို့ကား ဗုဒ္ဓဘာသာဝင် KNLA ရဲဘော်များအကြား ကောလာဟလ အမျိုးမျိုးနှင့် ရိုက်ခတ်နေပြန်၏။
``KNU က မြိုင်ကြီးငူ ဆရာတော်ကို KNU နယ်မြေအတွင်းမှ နှင်ထုတ်လိုက်ပြီ``သတင်းများက …. အစွန်းရောက်လိုသော ဗုဒ္ဓဘာသာဝင် KNLA ရဲဘော်များအတွက် သွေးဆူစေရာများ……။
(၂ဝ)
၁၉၉၄ ခုနှစ်။
ဟေမာန်ဦး…။
KNDO တပ်ခွဲတခွဲသည် ``မယ်ညောပလိုး`` ခံစစ်စည်းမှ မိမိသဘောအတိုင်း စစ်မြေပြင်မှ ဆုတ်ခွာပြီး သုမွဲထသို့ ပြောင်းရွှေ့နေရာယူခဲ့၏။ KNDO မှ အရာခံဗိုလ် ကျော်သန်းနှင့် တပ်ကြပ်ကြီး ဖားမီးတို့တပ်ဖွဲ့က သုမွဲထသို့ ချီရာတွင် လမ်း၌ တာဝန်ယူ တပ်စွဲထားကြသည့် KNLA တပ်များကို သူတို့နှင့် လိုက်ရန် စည်းရုံး၏။ မလိုက်သည့် ရဲဘော်များမှ လက်နက်များ သိမ်းပြီး သုမွဲထသို့ သွား၏။ ပြီးလျှင် …. သုမွဲထ မြစ်ဆုံကို ထိန်းသိမ်းထားလိုက်တော့၏။
ရှေ့တန်းတပ်မ ၃၃ မှ ``ကရင်သောင်းကျန်းသူများက မြိုင်ကြီးငူ ဆရာတော် အရှင်သုဇန၏ သာသနာပြု လုပ်ငန်းများအား ဖိနှိပ်ချုပ်ချယ်ကြောင်း`` သတင်းများ ရေးသား၍ ကရင်-မြန်မာ နှစ်ဘာသာနှင့် ကျေးရွာများ၌ ဖြန့်ဝေ၏။ ဤအရေး၌ ….. နဝတတို့ လက်ပါလေပြီ။ အောက်တွင်မူ ``ဗုဒ္ဓဘာသာဝင်များ``ဟူ၍ အမည်တပ်၏။
ရန်သူ၏ ဒေသခံ လှုပ်ရှားစစ်ကြောင်းများကလည်း ဖာပွန်နယ်ရှိ ရဟန်သံဃာများနှင့် ဗုဒ္ဓဘာသာဝင်တို့ကို သုမွဲထသို့ သွားရောက်စုရုံးကြရန် ခိုင်းစေ၏။
သွေးဖည်လမ်းလွှဲသည့် ပုန်ကန်မှုသည် စနစ်မကျစွာနှင့် ပီပြင်လာပြီဖြစ်သည်။ KNLA တပ်ရင်း ၁ဝ၂ စစ်ကြောင်းသည် စစ်ကြောင်းမှူး ဗိုလ်မှူးကျော်မှူးကို ထိန်းသိမ်းလိုက်ပြီး သုမွဲထတွင် ပူးပေါင်းသွား၏။ KNLA တပ်ရင်း ၁ဝ၄ မှ အချို့….. တပ်မဟာ ၇၊ တပ်မဟာ ၁ နှင့် ရင်း ၂ဝ မှ ရဲဘော်အချို့ ….။ အချို့သည် သုမွဲထသို့ လာရောက်၍ ပူးပေါင်းလိုက်ကြ၏။
(၂၁)
မာနယ်ပလောရှိ KNU ခေါင်းဆောင်များမှာ ဖြစ်ရှိနေသည့် အခြေအနေများအပေါ်တွင် စိတ်သောက ရောက်ကြရ၏။ ကရင်အမျိုးသားအချင်းချင်း သွေးထွက်သံယို ပဋိပက္ခဖြစ်ရမည့် အရေး မလိုလားကြ။ တော်လှန်ရေး လမ်းကြောင်းမှ သွေဖည်ခွဲထွက်သွားကြသည့် သူများကို ပျော့ပြောင်း ညင်သာစွာနှင့် စည်းရုံးရမည်ဟု သူတို့ ခံယူထားကြ၏။ ဤအတွက် …. စစ်ဦးစီးချုပ်အနေဖြင့် သူ အမိန့်ထုတ်ပြန်၏။
``KNLA တပ်များမှ ခွဲထွက်သွားကြသည့် သူများကို လုံးဝပစ်ခတ်ခြင်း မပြုရ…``ပြီးလျှင် …. သူကိုယ်တိုင် ခွဲထွက်သွားကြသည့် သုမွဲထရှိ ရဲဘော်များထံ စာရေးပို့၏။ ကရင်လို ရေးသားခဲ့ခြင်း ဖြစ်၏။
သို့
သား၊ မြေး၊ တပ်မှူးတပ်သားအပေါင်းတို့…
.ရဲဘော်စစ်သည်များအနေဖြင့် ကိုယ့်လုပ်ရပ်ကို ကိုယ်သေသေချာချာ စဉ်းစား၍ လုပ်ကိုင်ကြစေလိုတယ်။ မစဉ်းစားမဆင်ခြင်ဘဲ ပြုလုပ်ပါက အမှားတွေ့မည် ဖြစ်တတ်တယ်။ မသိသည့်ကိစ္စကို သေချာစွာ မေးမြန်းကြစေလိုတယ်။ ခေါတောဘုန်းကြီး (မြိုင်ကြီးငူဆရာတော် အရှင်သုဇန) ကို မိမိတို့ နှင်ထုတ်လိုက်ခြင်း မဟုတ်ပါ။ အဓိဋ္ဌာန် ၄၉ လ ဝင်မည်ဆိုပြီး မိမိတို့ကို စာရေးပေးခဲ့တယ်။ ထိုကိစ္စအပေါ် အမြင်မမှားစေလိုပါ။ မိမိအဖွဲ့အစည်းမှာ ဘာသာတိုင်းကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားတယ်။
သား၊ မြေး၊ ရဲဘော်အပေါင်းတို့အနေနဲ့ မဆင်မခြင် မလုပ်ကြစေလိုပါ။ တော်လှန်ရေးနဲ့ အမျိုးသားထုအရေးကို ထိခိုက်နိုင်ပါတယ်။ ရဲဘော်များက မသိ၍ မေးမြန်းလာမည်ဆိုလျှင် မိမိတို့အနေနဲ့ ရဲဘော်များ နားလည်သဘောပေါက်အောင် ပြောပြမည် ဖြစ်တယ်။ မကျေနပ်တဲ့ အရေးကိစ္စများကို တင်ပြရင်လည်း မိမိတို့ စီစဉ်ပေးမည် ဖြစ်တယ်။ တမျိုးသားလုံးရဲ့ ရေရှည်အကျိုးကို ကြည့်ပြီး စဉ်းစားချင့်ချိန်ကာ လုပ်ကြစေလိုတယ်။
မင်းတို့ကိုချစ်သော…
ဗိုလ်ချုပ်
၅.၁၂.၉၄-------------
သူကိုယ်တိုင် လက်မှတ်ထိုးထားသည့် ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက် နေ့စွဲနှင့်စာကို သုမွဲထသို့ ပေးပို့ခဲ့ပြီး တရက်အကြာတွင် သူသည် ၇ ရက်နေ့…၊ နေ့စွဲနှင့် ဒုတိယ စာတစောင် ရေးပို့ပြန်၏။
သို့
သား၊ မြေး၊ တပ်မှူးတပ်သားအပေါင်းတို့….
အဘိုး မင်းတို့ကို ပြောချင်တယ်။ ကောင်းကင်ဟာ မိုးတိမ်နဲ့ မကင်းသလို လူတွေဟာလည်း အပြစ်နဲ့ မကင်းပါဘူး။ ငါ့သား ငါ့မြေး…. မင်းတို့ တယောက်ကိုမှ ငါ အပြစ်မဆိုပါဘူး။ ငါ မင်းတို့ကို ချစ်တယ်။ ငါ့လူမျိုးကို ချစ်တယ်။ ငါ တော်လှန်ရေးလုပ်တာ ၄၆ နှစ်ကျော် ကြာခဲ့ပြီ။ ငါတို့ အမျိုးသားတွေ ကောင်းမွန်အေးချမ်းစွာ နေရတာကို ငါ မြင်လိုတယ်။ မင်းတို့ကို ငါ့အပြစ် ချည်နှောင်ထားလိမ့်မယ်လို့ ထင်ပြီး မကြောက်ကြပါနဲ့။ ငါ လုံးဝ အပြစ်မမြင်ပါဘူး။ မင်းတို့တွေ တိုင်းပြည်အတွက် အလုပ်လုပ်နေကြတာကို ငါ သိပါတယ်။ တပ်မှူးတပ်သားအပေါင်းတို့ …. အဘိုးပြောတာကို နားထောင်ကြပါ။ မင်းတို့ နားမထောင်ရင် ရန်သူကို ကောင်းကျိုးပြုသလို ဖြစ်သွားမယ်။ ပြီးတော့ ဒို့ ကရင်တမျိုးသားလုံး ရန်သူ့ကျွန်တွေ ဖြစ်ကုန်မယ်။ ဒို့ ပြောတာကို နားထောင်ကြပါ။ ဒို့ ကရင်တမျိုးသားလုံး စည်းလုံးညီညွှတ်မှု ရှိဖို့လိုတယ်။ ချစ်ခြင်းမေတ္တာ ရှိစွာနဲ့ ဒို့များ စည်းစည်းလုံးလုံး၊ နေကြပါစို့…။
သုခအပေါင်းနဲ့ ခညောင်းပါစေ။
မင်းတို့ကို ချစ်သော…
ဗိုလ်ချုပ်
၇၊ ၁၂၊ ၉၄။
သုမွဲထရှိ ခွဲထွက်သွားကြသည့် KNU တပ်ဖွဲ့များထံသို့ ဒုတိယမြောက်စာကို သူ ရေးပို့ခဲ့သည့်နေ့၌ပင် သုမွဲထ သွေးမြေကျခဲ့ရ၏။
(၂၂)
တပ်ကြပ်ကြီး ဖားမီးသည် အစွန်းရောက် ခွဲထွက်အုပ်စုတစုမှ ခေါင်းဆောင်တယောက် ဖြစ်သည်။ ယခင်ကမူ KNU တပ်မဟာ ၇ မှ ဖြစ်၏။ ဖားမီးက ရက်စက်ကြမ်းကြုတ်သော လက်နက်ကိုင်တယောက် ဖြစ်သည်။
``ကရင့်သွေး ဖမ်းလို့မိရင် သတ်ပစ်လိုက်`` သူ၏ မျက်လုံးနှစ်လုံးအောက်၌ မျက်နှာကို ကန့်လန့်ဖြတ်၍ စာတမ်းကို ဆေးမင်ကြောင်ထိုးထား၏။
ဖားမီးသည် မြေတိုက်ခန်းအတွင်း ဖမ်းဆီးထားသည့် KNDO မှ ဗိုလ်ကြီးကျော်အေး၊ မယ်လဲ့ထဂိတ်မှ စောကီးဒိုနှင့် သော်လဲထမှ ဖဒိုစောနယ်ကော်တို့ကို လက်ပြန်ကြိုးများ တုတ်ပြီး အပြင်သို့ ခေါ်ထုတ်ခဲ့၏။ သံလွင်မြစ်ကမ်းဘေးသို့ ခေါ်လာ၏။ လပြည့်ကျော် တရက်နေ့ - လသည် ဝင်းဝင်းပပ။ သံလွင်မြစ်ပြင်ကို ဖြတ်တိုက်လာသော လေတွင် နှင်းငွေ့တို့ ယှက်၍ပါလာ၏။ ကောင်းကင်သည် ကြည်လင်၍ တောက်ပနေသည်။ ဖားမီး၏ တပ်ဖွဲ့က သူတို့ ၃ ဦးကို စီ၍ ရပ်နေစေ၏။
အခြေအနေကို ဗိုလ်ကြီးကျော်အေး သိလိုက်ပြီ။ ``မင်းတို့က ဒို့ကို သတ်တော့မယ်ဆိုရင် ….. ကျေးဇူးပြုပြီးတော့ ပထမဦးဆုံး ဒို့အားလုံး ဆုတောင်းလိုက်ကြရအောင်`` သူတို့ ၃ ယောက်လုံးက ခရစ်ယာန်ဘာသာဝင်များ ဖြစ်သည်။ နောက်ဆုံး ဆုတောင်းခွင့်ပြုရန် ဗိုလ်ကြီးကျော်အေးက ဖားမီးကို ပြော၏။ ဖားမီးက အင်းမလှုပ်၊ အဲမလှုပ်…..။ ဘာမှ ပြန်မပြော…..။ ဗိုလ်ကြီးကျော်အေးက -
``ကဲ ဆုတောင်းကြစို့….`` ဟုဆိုလျှင် ဝတ်ပြုရန် ဒူးထောက်လိုက်၏။ ဖားမီးသည် သူ၏ လက်တွင်းမှ မောင်းပြန်ရိုင်ဖယ်နှင့် ဗိုလ်ကြီးကျော်အေးကို ပစ်၏။ နေရာတွင်ပင် လဲကျသေဆုံးသွားသည်။ မဲလဲ့ထဂိတ်မှူး စောကီးဒိုသည် ရုတ်တရက် လှည့်၍ ထွက်ပြေး၏။ ဖားမီးတို့အုပ်စုမှ စောကီးဒိုကို လှည့်၍ပစ်သည်။ စောကီးဒိုသည် လက်မောင်းတွင်ထိ၏။ ထိသည့်အရှိန်နှင့် လည်ပြီး သံလွင်မြစ်အတွင်းသို့ ကျသည်။ ရေစီးက သူ့ကို မြစ်လယ်သို့ ဆွဲခေါ်သွားသည်။ ဖဒိုစောနယ်ကောသည်လည်း ထိုနေရာတွင်ပင် ဖားမီးတို့၏ သတ်ဖြတ်ခြင်း ခံလိုက်ရ၏။
သံလွင်မြစ်အတွင်း သေနတ်ဒဏ်ရာနှင့် မျောနေသော မဲ့လဲ့ထဂိတ်မှူး စောကီးဒိုကို KNU အပေါ် သစ္စာစောင့်သိသည့် KNLA ရဲဘော်များက ကယ်လိုက်နိုင်၏။ ဒဏ်ရာက မပြင်းထန်…..။
စောကီးဒိုမှတဆင့် သုမွဲထမှ လူသတ်ပွဲကို မာနယ်ပလောက သိကြရ၏။ နောက်တနေ့တွင်ပင် သူသည် KNU ဥက္ကဋ္ဌအနေဖြင့် မြိုင်ကြီးငူဆရာတော် အရှင်သုဇနထံသို့ စာရေးပို့၏။
စာတွင် ….``ဆရာတော်နှင့် အေးအေးဆေးဆေး ညှိနှိုင်းဆွေးနွေးလိုကြောင်း လျှောက်ထားပြီး KNU အဖွဲ့အစည်းသည် ကရင်အမျိုးသားများ လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေသည်မှာ ၄၆ နှစ် ရှိပြီဖြစ်ကြောင်း ဆရာတော်အနေနှင့် …. အဖိနှိပ်ခံ ကရင်များဘက်မှ ရပ်တည်မည်လား…။ ဒါမှမဟုတ် ဖိနှိပ်သည့် အုပ်စိုးသူ အာဏာရှင်များဘက်က ပါမည်လား…..`` ဟူ၍ မေးခွန်းထုတ်ထား၏။ မြိုင်ကြီးငူ ဆရာတော်က သူ၏ စာကို ဖတ်၍ပင် မကြည့်ဟု သိရ၏။ မြိုင်ကြီးငူ၏ သဘောထားက ရှင်း၍နေ၏။
သုမွဲထမှ ခွဲထွက်ပုန်ကန်သူ အုပ်စုများသည် စေ့စပ်ဆွေးနွေးရန် သုမွဲထသို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မောင်မောင်၊ ပဒိုမန်းရှာလားဖန်း၊ ပဒိုစံလှိုင်၊ ဗိုလ်မှူးကြီး တူးတူးလေးနှင့် ဒုဗိုလ်မှူးကြီး ဂျော်နီကို မာနယ်ပလောသို့ ပြန်ခွင့်မပြုတော့ဘဲ သုမွဲထ၌ပင် ထိန်းသိမ်းထားလိုက်ပြန်၏။ သုမွဲထတွင် ဗိုလ်ကြီးကျော်အေးကို သတ်ဖြတ်ခဲ့ပြီး ၄ ရက်မြောက်တွင် ဖားမီးသည် အစွန်းရောက် ခွဲထွက်တပ်သား ၆ဝ ခန့်ကို စုစည်းကာ သံလွင်ကို ဖြတ်ကူး၍ မာနယ်ပလောသို့ ချီတက်ရန် ပြင်ဆင်၏။ သင်္ကန်းစများကို နဖူးတွင် စည်း၏။ လက်တွင် ပတ်ကြ၏။ ဤသင်္ကန်းစများက သူတို့ကို အရာရာကာကွယ်ပေးမည့်၊ ``အဆောင်လက်ဖွဲ့`` များအလား…..။ သံဃာတော်အချို့က ဖားမီးတို့ကို မသွားရန် တားကြ၏။ မရ….။ သွေးကြွနေသော ဖားမီးနှင့် အဖွဲ့သည် သံဃာတော်များ၏ အနူးအညွတ်တားမြစ်နေသည်ကို ဂရုမပြုကြ။
သံလွင်သည် လွှမ်းခြုံထားသော မြူပုဝါကို ဖယ်ရှား၍ လူးလွန့်လာလေပြီ။ မြစ်ပြင်သည် ကြည်ကြည်လင်လင်….။ သဲသဲကွဲကွဲ….။ အရာရာသည် ရှင်းနေ၏။ ထင်း၍နေ၏။ ညိုညစ်သော မြစ်ရေသည် နေရောင်အောက်၌ ပြိုးပြက်….ရွှန်းလက်နေသည်။ စက်လှေ ၂ စီးနှင့် ဖားမီးတို့တပ်ဖွဲ့ သံလွင်ကို ကူး၏။ တဖက်ကမ်းသို့ ရောက်၏။ မာနယ်ပလောသည် ဤမှာဘက်ကမ်း၌ ရှိ၏။ မာနယ်ပလော လုံခြုံရေးအတွက် KNLA တပ်များဖြင့် စစ်ဆေးရေးဂိတ်များ အထပ်ထပ်ချထား၏။ ဖားမီးတို့အဖွဲ့သည် ပထမအဆင့် လုံခြုံရေးဂိတ်သို့ ရောက်လာကြ၏။ ဂိတ်တွင် လုံခြုံရေးအတွက် KNLA မှ တပ်စိတ်တစိတ် ချထား၏။ ရဲဘော် ၉ ယောက်ရှိ၏။ သူတို့က ဖားမီးတို့ကို ဆက်၍ တက်မလာရန် တား၏။ ပြန်ဆုတ်ရန် ပြော၏။ မရ….။ ဖားမီးတို့က ဆက်တက်လာကြပြီး လုံခြုံရေးဂိတ်ကို ဝိုင်းလိုက်ကြသည်။ လုံခြုံရေးတပ်သားများအဖို့ အကျပ်တွေ့၏။ ဗဟိုက ခွဲထွက်သူတို့ကို မပစ်ခတ်ရန် အမိန့်က ညွှန်ကြားထားဆဲဖြစ်၏။ နောက်ဆုံး…. လုံခြုံရေးဂိတ်မှ ရဲဘော်များ ဆုတ်ခွာပေးရန် ဆုံးဖြတ်လိုက်ကြ၏။ ရဲဘော် ၅ ယောက်က ကိုယ်လွတ်ဆုတ်ခွာ နိုင်ခဲ့ကြပြီး ၄ ယောက်ကိုမူ ဖားမီးတို့က ဖမ်းဆီးလိုက်ကြ၏။ ဖားမီးတို့က ပထမကင်းစခန်းကို သိမ်းပိုက်ရမိပြီးနောက် …. ရှေ့သို့ ဆက်တက်လာကြ၏။
(၂၃)
သုမွဲထကို အခြေပြုပြီး ပုန်ကန်နေသည့် အရေးက KNU ဥက္ကဋ္ဌအနေနှင့် သူ အလေးအနက် စဉ်းစားရလေပြီ။ အခြေအနေများက စက္ကန့်နှင့်အမျှ ပိုင်းဆစ်၍ ဆုံးဖြတ်ချက် ချရမည့်အရေး ဖြစ်လာပြီ။ ပြဿနာက အပ်နှင့် ထွင်ရတော့မည့် အရေးဟု သူ ဆုံးဖြတ်လိုက်၏။
သုမွဲထကို တိုက်ရန် စစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး လောဝါဒီကို သူ အမိန့်ပေးလိုက်၏။ လောကွားလူမှ သုမွဲထကို လက်နက်ကြီးများနှင့် ပစ်တိုက်၏။ ပြီးလျှင် ….. ပြီးလျှင် ….။ သူကား လောဝါဒီကို အမိန့်များ ပေး၏။ ညွှန်ကြားချက်များ ပေး၏။ သို့သော် …. သူ၏ အမိန့်နှင့် ညွှန်ကြားချက်များက ``လက်ယာသွေဖည်သော `` ဗဟိုကော်မတီ ခေါင်းဆောင် အချို့အကြား၌ လက်တွေ့ ဖြစ်မလာခဲ့…….။
ကိုးကား…-
စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့်ဖြတ်သန်းမှု အစစ်အမှန်- ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)-
ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး- ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ-
အောင်စောဦး၏ ပြည်တွင်းစစ် နှစ် ၅ဝ- ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်- သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ - ၅)-
BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်- သနူထူး ဂျာနယ်များ-
ကရင့်သတင်းစဉ်- KNU နှင့် နဝတကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU ၏ ရှင်းလင်းချက် စာတမ်း
Posted by linkardepa
ကရင့်အမျိုးသား လွတ်မြောက်ရေး ခရီးနှင့် … စောဘိုမြ၏ ဗိုလ်ချုပ်မြ (သို့မဟုတ်) စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ - အပိုင်း(၆)
Friday, April 24, 2009
မင်းဟန်
ကြာသပတေးနေ့၊ ဧပြီလ 23 2009 14:31 - မြန်မာစံတော်ချိန်
(၃၁)
၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပပြီး နဝတ၏ သဘောထား ၆ ရပ်ကို ဆွေးနွေးကြ၏။ ပြီးလျှင် …. KNU ၏ သဘောထားကို နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ KNU ဥက္ကဋ္ဌ အနေဖြင့် သူ စာရေး၍ အကြောင်းပြန်ကြားရန် ဆုံးဖြတ်ကြသည်။
သို့ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရက်စွဲ ….. ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်။
ဥက္ကဋ္ဌနိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့
နဝတမှ တင်ပြသည့် အချက် (၁) သည် အနှစ်သာရအားဖြင့် အညံ့ခံရေး ဖြစ်သည့်အတွက် ကြိုတင်စည်းကမ်းချက်အဖြစ် ထားရမည့် အချက်မဟုတ်ပါ။ အချက် (၅) နှင့် ပတ်သက်ပြီး အမျိုးသားညီလာခံမှ ချမှတ်ထားသည့် …. အနာဂတ် အမျိုးသားနိုင်ငံရေးတွင် တပ်မတော်မှ ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရမည် … ဟူသော ဦးတည်ချက်သည် နဝတ ကိုယ်တိုင် အကောင်အထည် ဖော်ပေးရန် လူထုကို ကတိပေးထားသည့် ပါတီစုံဒီမိုကရေစီ အခြေခံမူများနှင့် ဆန့်ကျင်နေပြီး၊ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရသည့် NLD ကိုယ်တိုင်က ဆန့်ကျင်သပိတ်မှောက်နေခဲ့သည့်အပြင်၊ ပြည်သူလူထုကလည်း ညီလာခံအပေါ် ယုံကြည်မှုမရှိတော့သည့်အတွက် KNU အနေနှင့် အမျိုးသားညီလာခံသို့ တက်ရောက်လေ့လာရန်မှာ မဖြစ်နိုင်ပါ။
အချက် (၆) ဖြစ်သည့် အခြေခံဥပဒေ ပေါ်ပေါက်ပြီးပါက လက်နက်စွန့်ရမည်ဟူသည့် အချက်သည် ပေါ်ပေါက်လာမည့် ဖွဲ့စည်းပုံကို ပြည်သူလူထုအားလုံး၊ တိုင်းရင်းသားအားလုံးမှ လက်ခံနိုင်သည်၊ လက်မခံနိုင်သည်ကို မသိရသေးဘဲ ဥပဒေပေါ်ပေါက်ပြီးပါက လက်နက်စွန့်ရေးအတွက် ကြိုတင်ကတိပေးထားရေးသည် အကြောင်းအကျိုး ယုတ္တိမရှိသည့်အတွက် KNU မှ လက်မခံနိုင်ပါ။
စောဘိုမြ
ဥက္ကဋ္ဌ
ကရင့်အမျိုးသား အစည်းအရုံး
မိတ္တူ …
ဗိုလ်ချုပ်ကြီး မောင်အေး
(ဒု-ဥက္ကဋ္ဌ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)
ဒု-ဗိုလ်ချုပ်ကြီး ခင်ညွှန့်
(အတွင်းရေးမှူး - ၁ ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)
ဒု-ဗိုလ်ချုပ်ကြီး တင်ဦး(အတွင်းရေးမှူး - ၂ ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့)
ငြိမ်းချမ်းရေး အကျိုးဆောင်များအားလုံး
(၃၂)
သူက နဝတ ဥက္ကဋ္ဌထံ KNU ၏ သဘောထားကို စာရေးအကြောင်းပြန်ကြားခဲ့ပြီး နောက်တလအကြာတွင် ခွန်မြတ်တို့အဖွဲ့သည် သူနှင့် လာတွေ့၏။ နဝတမှ ပါးလိုက်သည့် စကားများကို ခွန်မြတ်က သူ့ကို ပြောသည် …… -
KNU အနေဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခြင်း မပြုနိုင်ပါက (ကက လှမ်း) တပ်မတော် ထောက်လှမ်းရေးအဖွဲ့မှ KNU နှင့် ဆက်လက်ဆွေးနွေးနိုင်တော့မည် မဟုတ်ကြောင်း …။-
နှစ်ဦးနှစ်ဖက် ဆက်လက်မဆွေးနွေးနိုင်သော်လည်း နှစ်ဦးနှစ်ဖက်ကြား ဆက်သွယ်မှုများကို ယခင်အတိုင်း ဆက်လက်ထားရှိမည် ဖြစ်ကြောင်း …။-
(ကက လှမ်း) က KNU နှင့် ဆက်လက်မဆွေးနွေးနိုင်ပါက (ကက ကြည်း) အနေဖြင့် မည်သို့ ဆက်လက်ဆောင်ရွက်မည် ဆိုခြင်းကို (ကက လှမ်း) က မသိကြောင်း …။
ထို … မသိကြောင်း အဖြေက နောက် ၁ဝ ရက်အကြာတွင်ပင် သိလာရ၏။ KNU ၏ အခြေခံဒေသများ အားလုံးသို့ နဝတ ၏ စစ်ကြောင်းများ အလုံးအရင်းနှင့် ဝင်လာပြီး စစ်ပွဲဆင်နွှဲတော့၏။ စစ်ပွဲက ပြင်းထန်၏။ ခုခံစစ်ကလည်း ပြင်းပြင်းထန်ထန်ပင် …..။
မုန်တိုင်းအတွင်း ရော်ရွက်ဝါတို့ ကြွေ၏။ မထူးဆန်း ….။ KNLA တပ်ရင်း ၁၆ မှ တပ်ရင်းမှူး စောသမူဟဲသည် နဝတ ထံတွင် လက်နက်ချ၏။ လက်နက်ချပွဲသို့ နဝတ ဗိုလ်ချုပ်မောင်အေး လာ၏။ လက်နက်ချသူ သမူဟဲကို မောင်အေးသည် သူ့အရှေ့၌ ဒူးတုတ်စေ၏။ ဖက်ဆစ် စစ်ဖိနပ်ဖြင့် ကရင့်အမျိုးသား အလံတော်ကို နင်း၏။
(၃၃)
၂ဝဝ၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သူ ကွယ်လွန်ခဲ့၏။ သူကား … KNU ၏ ဒု-ဥက္ကဋ္ဌ၊ ကာကွယ်ရေးဌာနကြီးမှူး ….. တာဝန်များကို ကွယ်လွန်သည်အထိ ထမ်းဆောင်လျက်ရှိနေဆဲ ……။ နောက်ဆုံးထွက်သက်အထိ ကရင်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲအတွင်း၌ ရှိနေခဲ့သည်။ သူ့ဘဝက ရှည်၏။ သူ့သမိုင်းက ကြီး၏။ သူ့ဘဝ၊ သူ့သမိုင်းသည်ပင် ကရင့်အမျိုးသား လွတ်မြောက်ရေးသမိုင်း ဖြစ်နေခဲ့၏။
၁၄ နှစ်သား ဘဝမှပင် သူသည် မောင်းပြန်ရိုင်ဖယ် သေနတ်ကို ကိုင်ခဲ့ရသည်။
ဖက်ဆစ်ဂျပန်တို့ကို လက်နက်ကိုင်၍ တော်လှန်ခဲ့၏။ ယမ်းငွေ့များအတွင်း သူသည် ကြီးရင့်ခဲ့၏၊ ရင့်ကျက်ခဲ့ရ၏။
သူသည် လက်နက်ကိုင် တော်လှန်ရေးသမား …. စစ်သားတဦး ဖြစ်၏။ သူသည်ပင် …. ကရင့်အမျိုးသား လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသည့် နိုင်ငံရေးသမားတဦး ဖြစ်နေပြန်သည်။ စစ်သားစိတ်နှင့် နိုင်ငံရေးလုပ်သူ ….။ သူ့တွင် …. လက်ဝဲ၊ လက်ယာ အယူဝါဒစွဲ မရှိ ….။ ပစ္စုပန်တည့်တည့်တွင် ရပ်ပြီး လက်တွေ့ကျကျ တွေးခေါ်မြော်မြင်၍ နိုင်ငံရေးကို လုပ်၏။ ဦးဆောင်မှုကို ပေးခဲ့၏။
သူက …. မြင်သည့်အတိုင်း တွေး၏။ တွေးသည့်အတိုင်း ပြော၏။ ပြောသည့်အတိုင်း လုပ်၏။ အမြင်ရှင်း …. အတွေးရှင်း ….. အပြောရှင်း ….. အလုပ်ရှင်းသဖြင့် သူ့ကို … ပွင့်လင်းသည်ဟု ဆိုကြ၏။ ပွင့်လင်းမှုက ဟန်ဆောင်ယူ၍ မရ။ ဤသည်ပင်လျှင် …. သူ့ကို သံလွင်တပ်ရင်း တပ်သားလေးမှသည် KNU ၏ ဥက္ကဋ္ဌ ……။ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟူ၍ ဖြစ်လာစေခဲ့ခြင်း ဖြစ်မည်။ သူ မကွယ်လွန်မီ ဆယ်စုနှစ် အတွင်း၌မူ ….. သူ့ဘဝက အလင်း၊ အမှောင်တို့နှင့် ထွေးယှက်၍ နေခဲ့သည်ဟု ဆိုရမည်။
သူကား ….. ကွယ်လွန်ခဲ့လေပြီ။ သူ ကွယ်လွန်ခြင်းကား KNU အတွက် ကရင့်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲအတွက် ကြယ်ကြွေခြင်းလား ….။ မိုးပြိုခြင်းလား …..။ တံတားကျိုးခြင်းလား …..။သူကား ….. သူ့သမိုင်းကို ရေးထိုး၍ သွားခဲ့လေပြီ …..။မည်သို့ …. ကဗ္ဗည်းတင်ကြမည်နည်း ….။ဝိဂြိုဟ်ပြုရေးက …. ကျန်နေသူတို့၏ တာဝန်ပင် ……။
ကိုးကား …-
စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့်ဖြတ်သန်းမှု အစစ်အမှန်-
ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)-
ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး-
ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ- အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)-

Subscribe to:
Posts (Atom)