အခန်း(က)
“သမီး…..ရေနွေးဆူပြီလား....?”
“ဟုတ်ကဲ့အဖေ…အခုလေးတင်လ္ဘက်ခြောက်ခပ်ထားလိုက်တယ်...”
ဖိုးတုတ်သည်အိမ်ရှေ့ခန်းမှ မီးဖိုဆောင်အတွင်းသို့ဝင်လာ၏။
ဖိုခနောက်ပေါ်ရှိထမင်းအိုးထဲမှ ထမင်းကြမ်းကိုပန်းကန်အတွင်းသို့ ခူးထည့်လိုက်ပြီး
ခုံဝိုင်းပေါ်ရှိ မနေ့ညကငရုပ်သီးမှုန့်ပါရုံလေးဖျော်ထားသည့် ငါးပိရည်လက်ကျန်ကိုထမင်း
ပေါ်သို့ ဆမ်းချလိုက်သည်။
လက်ကျန်ကြောင်လျှာသီးမီးဖုတ်ဖြင့် ကတိုက်ကရိုက်စားလေ၏။
ရေနွေးကြမ်းဖြင့် ထမင်းကိုမျှောချလိုက်သည်၊ ပူလိုက်သည့်ရေနွေး လျှာကျွတ်မတတ်။
ဖိုးတုတ်သည် သမီးဖြစ်သူကိုလူတလုံးသူတလုံးဖြစ်ရန် ကျောင်းထားချင်သော်လည်း အခြေအနေက
မပေး။
ယနေ့အိပ်ရာထ,အနည်းငယ်နောက်ကျသဖြင့် အလုပ်ကမသေခြာ။
အသက်အရွယ်ကြီးရင့်သော ဖိုးတုတ်အတွက် အလုပ်ရှင်ရှားလွန်းလှ၏။
စားဝတ်နေရေးကြပ်တည်းသောကြောင့် သမီးဖြစ်သူခမျာ အိမ်နီးချင်းနိုင်ငံတနိုင်ငံသို့ တရားမ၀င်အလုပ်
သမအဖြစ် အလုပ်လုပ်ရန်ထွက်သွားလေ၏။
ဘာမျှမကြာလိုက် ၈၈ ကျောင်းသားတဦးနှင့်အကြောင်းပါကာ နိုင်ငံခြားထွက်သွားကြောင်းကြားလိုက်ရ၏။
သမီးဖြစ်သူက နိုင်ငံခြားသို့လာရန်ခေါ်သော်လည်း ဖိုးတုတ်တယောက် သူမြတ်နိုးတွယ်တာသည့် သည်မြေ
သည်ရေကို မခွဲချင်။
သို့သော်မင်းဆိုးမင်းညစ်၏ အများပြည်သူဆင်းရဲတွင်းနက်သည်ထက်နက်အောင် မကောင်းသည့်ဘက်၌
အလွန်ကြွမ်းကြင်လိမ္မာမှုကြောင့် အလွန်ဧချမ်းသာယာသည့် သည်မြေ သည်လေ သည်ရေကို ဖိုးတုတ်
စွန့်ခွါခဲ့ရလေ၏။
အခန်း(ခ)
ဒုက္ခသည်စခန်းတခုအတွင်းသို့ ဖိုးတုတ်ရောက်ခဲ့လေပြီ။
Under Table(အောက်လမ်း)နည်းဖြင့်ဒုက္ခသည်အဖြစ်ကို ဖိုးတုတ်ရရှိခဲ့ခြင်းဖြစ်သည်။
စခန်းအတွင်းရောက်အောင်ပို့ပေးသူ၊စခန်းအတွင်းရှိဆိုင်ရာပိုင်ရာများအပြင် ၎င်းတို့၏လက်ပါးစေ
ခိုင်းဖတ်များကို အဆင့်ဆင့်ပူဇော်ပ,သ,ရ၏။
နေစရာအိမ်၊ စားစရာရိက္ခာ ဘာဆိုဘာမှမပူရ။
ရေအတွက် တလ ဘတ်၁၀၀ပေးလိုက်ရုံသာ၊ သို့သော်အများကြားကောင်းအောင်တော့ လိမ်ညာပြောဆို
ပေးရ၏။
“အဘက အသက်ကြီးတော့..... ရေပိုက်နားသွားတန်းစီဘို့မလွယ်ဘူးလေ....အသက်ကြီးသူတွေကို
တာဝန်ရှိသူက.....သီးသန့်စီစဉ်ပေးတာပါ.....”
သမီးပို့ပေးလိုက်သောအစိမ်းများသည် အလွန်တန်ခိုးထက်မြက်စူးရှလှပါပေ့။
စားနပ်ရိက္ခာကားများရောက်လာပါက ကားပေါ်မှစားကုန်သောက်ကုန်များကို သိုလှောင်ရုံအတွင်းသို့သွင်းရ
၏။
ရိက္ခာသယ်ချခ ဘတ်လေးဆယ်ပေးရသည်၊ ကင်းခတလ ဘတ်နှစ်ဆယ်ပေးရသည်။
ကိုယ့်ကင်း ကိုယ်တိုင်စောင့်မည်ဆိုတော့စောင့်ခွင့်မပေး။
ကင်းခပေးရန် ငွေမရှိသူများ ဆီတပုလင်းဖြတ်ယူထားခြင်းခံရ၏။
ဗမာပြည်တွင်းမှ မင်းဆိုးမင်းညစ်စရိုက်များ နယ်စပ်ဒုက္ခသည်စခန်းအတွင်းသို့ မည်သို့မည်ပုံ
စိမ့်ဝင်နေသည်ကို ဖိုးတုတ်စဉ်းစားရန် ဥာဏ်မမှီချင်တော့။
သမီးပို့ပေးလိုက်သောငွေများကိုထုတ်ရန် ဖိုးတုတ်အပြင်ထွက်ရသည်၊ ထိုအခါ အပြင်ထွက်ခွင့်လက်မှတ်
ရေးရ၏။ လူတဦးလျှင်သုံးရက်ထွက်ခွင့်ရှိ၏၊ လက်မှတ်တစောင်ဘတ် ၁၀၀ပေးရ၏။
သုံးရက်ထက်ပိုလိုချင်ပါက Kroung Htip(စီးကရက်) တဗူးပေးရသည်။
မိသားစုတစုအတွင်း လူတဦးလျှော့နေသဖြင့် ဖိုးတုတ်လူစားဝင်လိုက်သည်။
အားလုံးနီးပါးအဆင်ပြေချောမွေ့သွားလေပြီ။
အခန်း(ဂ)
သမီးဖြစ်သူထံသို့ ဖိုးတုတ်ရောက်ရှိခဲ့ပါချေပြီ။
သမီးဖြစ်သူပြောသော ၈၈ကျောင်းသားဆိုသူကိုမတွေ့ရ။
မီးသွေးတုံးက အဖေခေါ်ရလောက်အောင် မဲတူးနေသည့်လူထွားကြီးတဦးကိုတွေ့ရသည်။
Boy friend ဟုပြော၏။
ထိုလူမဲဖြင့်အတူနေကြောင်း၊ ၈၈ကျောင်းသားနှင့်ဟန်ဆောင်လင်မယားအဖြစ် UNHCR တွင် မလှိမ့်
တပတ်လုပ်ပြီး နိုင်ငံခြားထွက်ခဲ့ခြင်းဖြစ်ကြောင်း ၀မ်းသာအားရပြောနေသည့် သမီးဖြစ်သူကို ကြည့်ကာ
ဖိုးတုတ်တယောက် သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပါတော့သည်။
သမီးဖြစ်သူနေအိမ်ရှိ ထမင်းစားခန်းသည် ကျယ်ဝန်းသည်ဟုပြောနိုင်၏။ လူ၁၂ ဦးတပြိုင်တည်းဝင်စား
နိုင်ပြီး အစားအသောက်များတင်ထားသည့် လက်တွန်းလှည်းနှစ်စဉ်းရှိ၏။
မည်မျှအဆင့်အတန်းမြင့်မားသည်ဆိုစေကာမူ ဖိုးတုတ်အတွက် စိတ်မောလူမောစရာများသာ ဖြစ်ခဲ့ပါ၏။
တနေ့တရက်လေးမျှ စိတ်မချမ်းသာရ။
ဟိုဟာစား စားပြန်ပြီ၊ သည်ဟာစား စားပြန်ပြီနှင့်သမီးဖြစ်သူ မြည်တွံတောက်တီးနေသောကြောင့်ဖြစ်၏။
အသက်အရွယ်ရလာသော ဖိုးတုတ်သည် အစားအသောက်ကို များများမစားနိုင်ပါ၊ နည်းနည်းချင်းနှင့်
အကြိမ်များများစားရ၏။
သမီး၏ Boy friend ဆိုသူပုဂ္ဂိုလ်ကြီး၏ မွေးနေ့ဖြစ်သည်။
ဝတ်ကောင်းစားလှများဖြင့်လူအချို့ရောက်လာကာ စားပွဲဝိုင်းတွင် နိုင်ငံခြားရုပ်ရှင်ကားများအတိုင်း
ပြောဆိုစားသောက်နေကြ၏။
အသက်ကြီးရင့်သူတို့၏ ထုံးစံအတိုင်း ဖိုးတုတ်သည် အလွန်ဆာလောင်လာသဖြင့် မီးဖိုဆောင်သို့ဝင်ကာ
KFC (Kentucky Fried Chicken)တတုံးကို ယူစားလိုက်သည်။
ထိုအခိုက် သမီးဖြစ်သူ၏ Boy friend က ကြက်သားကြော်လာယူခိုက်နှင့်ဆုံလေတော့၏။
အပြင်တွင်သူတို့တသိုက် ဘိုလိုထော့ကင်းနေသည်ဖြစ်၍ ဘာပြောနေသည်ကို
မီးဖိုဆောင်အတွင်းမှ ဖိုးတုတ်နားမလည်ပါ။
သို့သော်တခုခုမှားနေသည်ဆိုသည်ကိုတော့ ဖိုးတုတ်အလိုလိုသိလိုက်ပါ၏။
အခန်း(ဃ)
စိုးရိမ်ထိတ်လန့်မှုများ၊ အားငယ်စိတ်များ၊ မိမိကိုယ်ကိုမကြေနပ်မှုများကြောင့် ဖိုးတုတ်တယောက်
ဂဏှာမငြိမ်ဖြစ်နေစဉ် အခန်းတံခါးကို ၀ုန်းကနဲဆွဲဖွင့်လိုက်သံနှင့်အတူ သမီးဖြစ်သူအခန်းအတွင်းသို့
ဝင်လာ၏။
“အဖေ….ခုချိန်မှာ သမီးဟာ နေ့စားသမား၊ ကျဘမ်းသမား ဖိုးတုတ်ရဲ့သမီးမဟုတ်တော့ဘူးဆိုတာ အဖေ့ကို
ခဏခဏပြောထားတယ်.... ပြီးတော့အဖေဟာလည်း......အင်မတန်ဆင်းရဲတဲ့..... ကျဘမ်းသမားဖိုးတုတ်
ဘ၀မျိုးမဟုတ်တော့ဘူးဆိုတာလည်း..... ပြောထားတာပဲ အစားအသောက် အနေအထိုင်ဆင်ခြင်ဘို့..... သတိပေးခဲ့တာလည်း အကြိမ်မနည်းတော့ဘူး.....”
သမီးသည် လေသံကိုထိန်း၍ပြောနေသော်လည်းဒေါသမည်မျှထွက်နေသည်ကို ဖိုးတုတ်ကောင်းကောင်း သိပါ၏။
“သမီးဟာ…. အဆင့်အတန်းမြင့်တဲ့၊ လူဂုဏ်တန်အသိုင်းအ၀ိုင်းတွေကြားမှာ လှုပ်ရှားရုန်းကန်နေရတယ်
ဆိုတာအဖေ သိမှာပါ….ဒီလိုအဆင့်မြင့်တဲ့သမီးရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးဘို့အတွက်.....အဖေ့မှာ
တာဝန်ရှိပါတယ်အဖေ....အခုတော့.....အဖေ့လုပ်ပုံက...သမီးရဲ့ဂုဏ်သိက္ခာတွေ.....ဘာဖြစ်ကုန်ပြီလဲ?
သမီးရဲ့မျက်နှာ.....ဘယ်လိုထားရမှာလဲ?.....”
သမီးသည် မျက်နှာကို လက်ဖ၀ါးနှစ်ဖက်ဖြင့်အုပ်၍ အခန်းပြင်သို့ ထွက်သွားပါတော့သည်။
သမီးဆိုလိုသည့် ဂုဏ်သိက္ခာဆိုသည်ကို ဖိုးတုတ်စဉ်းစားကြည့်မိ၏။
မြန်မာပြည်မှဝန်ထမ်းအချို့ နည်းမျိုးစုံဖြင့်ပြည်သူအပေါ်ရိုက်စားလုပ်ကာ ထည်ထည်ဝါ၀ါနေထိုင်နိုင်မှုကို
ဂုဏ်သိက္ခာဟုဆိုမည်လော?၊
မုန့်ဟင်းခါးတပွဲ ၁၀၀ဟုဆိုင်းဘုတ်ချိတ်ထားသောမုန့်ဟင်းခါးသည်က လာစားသူအား အကြော်တခုချေ
ထည့်ကာ ၁၃၀ တောင်းခြင်းကို ဂုဏ်သိက္ခာဟုဆိုမည်လော?၊
ကမ္ဘာ့စီးပွါးရေးကျဆင်းမှုကြောင့် အလှူရှင်နိုင်ငံများမှ အကူအညီများလျှော့ချနေသည်ဟု ပြောဆိုကာ
ကိုယ်ပိုင်ကုန်စုံဆိုင်တည်နိုင်ခြင်း၊လိုင်းကားပြေးဆွဲနိုင်ခြင်း တို့သည် ဂုဏ်သိက္ခာဟုဆိုမည်လော?၊
ရေရရေးအတွက် သားသည်မိခင်များ နေ့တဓူဝ ရေဘုံပိုင်အနား ငြင်းခုံပြောဆိုခြင်းကို ဂုဏ်သိက္ခာဟု
ဆိုမည်လော?၊
ကျွန်ုပ်တို့သည် တရားဝင်အကြင်လင်မယားဖြစ်ပါသည်ဟု UNHCR ၌လိမ်ညာပြောဆို၍ တတိယနိုင်ငံ
သို့ထွက်လာနိုင်ခြင်းကို ဂုဏ်သိက္ခာဟုဆိုမည်လော?၊
တရားဝင်လက်ထပ်ထိမ်းမြားခြင်းမပြုပါပဲလျှက် ဆန့်ကျင်ဘက်လိင်နှင့် တအိုးတအိမ်အတူနေထိုင်ခြင်းကို ဂုဏ်သိက္ခာဟုဆိုမည်လော?၊
ခေတ်ပညာတတ်မဟုတ်သောဖိုးတုတ်၊ ခေတ်ပညာတတ်အတွေးဖြင့်တွေးလိုက်၏။
ကမ္ဘာ့ရာသီဥတုပြောင်းလွဲလာမှုကြောင့် တိရိစ္ဆာန်တို့သည် ပြောင်းလွဲနေထိုင်ကြကုန်၏။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
August 25, 2009
ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....
ပြန်ခေါက်ထားစေချင်သည် ...
Posted by မင်းစိုးစံ
No comments:
Post a Comment