Friday, April 22, 2011

မယ်လသွား တောလား (၁) (၂) (၃)




မြူတွေဆိုင်းနေတဲ့ နွေဦးနံနက်ခင်း ဝေလီဝေလင်းမှာ မြန်မာပြည်သား ဒုက္ခသည်တွေနေထိုင်တဲ့ ထိုင်း-မြန်မာနယ်စပ် မယ်လစခန်းကို ရောက်သွားခဲ့တယ်။ ဈေးနေ့နဲ့လည်း တိုက်ဆိုင်နေတော့ စခန်းတခုလုံးမှာရှိတဲ့ လူတွေအားလုံး ဈေးမှာ လာစုနေသလိုပဲ လူးလာတုံ့ခေါက်နဲ့ စည်ကားနေတာပေါ့။

ကျနော်တို့ စီးလာတဲ့ ကားလေး ဈေးရှေ့ စခန်းဂိတ်ပေါက်မှာ ရပ်လိုက်တယ် ဆိုရင်ပဲ တောင်ခိုးတွေ ဝေနေတဲ့ တောင်တန်းကြီး အောက်က ဈေးတန်းလေးကို ဘွားခနဲ မြင်လိုက်ရတယ်၊ မြင်ကွင်းတချို့ကြောင့် နံနက်စောစော စည်ကားတတ်တဲ့ မြန်မာပြည်က ဈေးလေးတွေကို သတိရမိတယ်၊၊ ရောင်းဖို့ မြေပြင်ပေါ်မှာ ခင်းထားတဲ့ ဗန်းတွေပေါ်က အရောင် သွေးစုံတဲ့ မေမြို့၊ ဂန္ဓမာ စတဲ့ ပန်းတွေကို မြင်လိုက် ရတော့ ကားပေါ်ကဆင်းပြီး အားပါးတရ ဓာတ်ပုံ တဖျပ်ဖျပ် ရိုက်လိုက်မိတယ်။

ဓာတ်ပုံရိုက်နေတုန်းမှာပဲ ဟေ့- ဟေ့ ဆိုတဲ့ အသံကြောင့် ဖျတ်ခနဲ ခေါင်းမော့ကြည့်လိုက်တော့ စခန်းလုံခြုံရေး တာဝန်ယူထားတဲ့ စစ်ဝတ်စုံနဲ့တယောက်က လက်ရပ် လှမ်းခေါ်နေပါပြီ၊ သူတို့စခန်းကုန်းပေါ်ကို တက်လာဖို့ ပြောလိုက်ချိန်မှာတော့ ဓာတ်ပုံရိုက်ခွင့် မရှိဘဲ ရိုက်မိတဲ့အတွက် ပြဿနာတက်ပြီဆိုတာ စိတ်ထဲမှာ သိလိုက်တယ်။
ဘယ်လိုဖြေရှင်းရမလဲ အပြေးအလွားစဉ်းစားရင်း အနားရောက်သွားတော့ စကားမတတ်တတတ်နဲ့ပဲ ရှင်းပြတဲ့အခါ စခန်းစောင့်က နောက်မရိုက်ဖို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။ ဒါပေမယ့် ဒီလောက်ကောင်းတဲ့ အခွင့်အရေးတရပ်ကို ဘယ်လက် လွတ်ခံနိုင်ပါ့ မလဲ၊ နောက်တော့လည်း ဆက်ရိုက်တာပေါ့။

မြန်မာပြည်တနံတလျားက ဒုက္ခအမျိုးမျိုးကြောင့် လာရောက်နေထိုင်ကြရတဲ့ ဒုက္ခသည်တွေရဲ့ ပုံရိပ်တွေဟာ ဒုက္ခအပေါင်းကို မေ့ပြီး လတ်တလော ပျော်ရွင်စွာနဲ့ ဈေးတန်းလေးမှာ အော်ဟစ်ရောင်းဝယ်နေကြတယ်၊ ပန်းခပ်ပျားသဖွယ် လူးလာခေါက်တုံ သွားနေသူတွေထဲမှာ ထိုင်းပုံစံ ဘောင်းဘီအတိုအရှည်၊ တီရှပ်အင်္ကျီတွေနဲ့ ၀တ်စားဆင်ယင် ထားတဲ့ တိုင်းရင်းသူ လှပျိုဖြူတွေကို တွေ့ရသလို၊ ရိုးရာဝတ်စုံ ပုဆိုး၊ ထဘီနဲ့ ကရင်လူမျိုးတွေ၊ မလေးရှားပုဆိုး နဲ့ ပသီဦးထုပ်ကို ဆောင်းထားတဲ့ မွတ်စလင်တွေ တော်တော် များများလည်း တွေ့ရပါတယ်။

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို မြေပြင်မှာ အပုံလိုက်၊ အပုံလိုက်ချပြီး ကရင်စကား၊ မြန်မာစကားတွေနဲ့ ဖောက်သယ်ခေါ် အော်ဟစ်ရောင်းဝယ်နေကြတဲ့ ဈေးသည်တွေကို တွေ့ရသလို ဆိတ်၊ ၀က်၊ ကြက်၊ ငါး စတဲ့ ဟင်းစားတွေကိုလည်း ဈေးသက်သက်သာသာနဲ့ လတ်လတ် ဆတ်ဆတ် ၀ယ်ယူ စားသုံးနိုင်တာကို တွေ့ရပြန်တော့ မြို့ပြနဲ့ ကျေးလက် ကွာခြားမှုတခုကို သတိထားမိလိုက်တယ်။
မြန်မာပြည် အလွမ်းပြေ လက်ဖက်ရည်ဆိုင် ၀င်ထိုင်လိုက်ပြန်တော့ ချိုပေါ့ကျတခွက်ကို ၆ ဘတ်၊ ကော်ဖီတခွက်ကို ၇ ဘတ် တဲ့။ ဘာစားချင်သလဲ အီကြာကွေးလား၊ နံပြားလား၊ အုန်းသီးနိုင်းချင်းဖြူးထားတဲ့ ကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်း စားချင်သလား၊ ရနိုင်သလို ထမင်းကြော်ပွဲကြီး တပွဲ ၁၀ ဘတ်၊ အမဲစွပ်ပြုတ် တပွဲ ၁၀ ဘတ် ဆိုတော့လည်း ထိုင်းနိုင်ငံ မြို့ကြီး ပြကြီးက ကော်ဖီတခွက် ဘတ် ၃၀၊ ၄၀ ကနေ ဘတ် ၇၀ အထိ ရှိတဲ့ ဈေးနှုန်းတွေနဲ့ ယှဉ်မလား၊ လက်ဖက်ရည်တခွက် ၄၀၀ ကျပ်ဆိုပြီး တရိပ်ရိပ်တက်နေတဲ့ မြန်မာပြည်က ကုန်ဈေးနှုန်းတွေထက် စာရင် အပုံကြီး ကွာခြားနေတာကိုလည်း တအံ့တသြ တွေ့ရပြန်တယ်။

ဆိုင်ထဲမှာလည်း လူအပြည့်၊ ဆိုင်ရှေ့မှာလည်း တီဗီ ၂ လုံးက ပြနေတဲ့ အမျိုးသမီး နပမ်းပွဲကို လူတွေက မတ်တပ်ရပ်ပြီး စိတ်ဝင်စားစွာနဲ့ ကြည့်နေကြသလို ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ထုတ်လွှင့်နေတဲ့ လစ်ဗျားအရေးကို ကြည့်နေတဲ့သူတွေလည်း မနည်းဘူး။

ဒုက္ခသည်စခန်းလို့သာ ဆိုရပေမယ့် မယ်ဆောက်မြို့ကို သွားစရာ မလိုလောက်အောင် ဈေးဆိုင်ပေါင်း ၇၀၀ လောက် ရှိပြီး အ၀တ် အထည်၊ လျှပ်စစ်ပစ္စည်း လူသုံးကုန်ပစ္စည်းမျိုးစုံ၊ စိန်ကနေ စလောင်းဖုံး အထိ စခန်းထဲက မွတ်စလင် အများစုပိုင်တဲ့ ဆိုင်တွေမှာ ၀ယ်ယူနိုင်တာကိုလည်း မြင်ရပြန်တယ်။
အရင်က ဒီလိုမျိုး ရောင်းရေးဝယ်တာတွေကို ထိုင်းအာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူး။ ဒါပေမယ့် နောက်ပိုင်းတော့ စခန်း၊ ရွာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီညွတ်အောင် ရောင်းချခွင့်ပေးခဲ့တယ်လို့ သိရတယ်။
တောင်ပေါ်လမ်းကျဉ်းလေးအတိုင်း ဦးဆောင်သူ စေရာနောက်ကို လိုက်ခဲ့ပြန်တော့ ဘွားကနဲ တွေ့လိုက်ရတာက သီရိစန္ဒာဆိုတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းလေးပါပဲ။ ကျောင်းသား ၄၀ ကျော်၊ ကိုရင် အပါး ၆၀ ကျော်နဲ့ သံဃာအပါး ၂၀ နီးပါး သီတင်း သုံးနေထိုင်ကြတယ်လို့ ဦးပဉ္ဇင်းတပါးက ရှင်းပြတယ်။

ဒါ့အပြင် လောကုတ္တရာ အတွက်သာမက လောကီပညာရေးပါ စိတ်အေးရအောင် ARTIC JAPAN ဆိုတဲ့ အဖွဲ့ အထောက်အပံ့နဲ့ မူလတန်းကနေ အထက်တန်းပညာအထိပါ သင်နိုင်တဲ့ ဘုန်းတော်ကြီးကျောင်း ပညာရေးကိုပါ တွဲဖက်ဖွင့်ထားတာကို တွေ့ရပါတယ်။

ဘုန်းတော်ကြီးကျောင်း ပရ၀ုဏ်မှာတော့ စာအုပ်ကလေးတွေ ကိုယ်စီကိုင်ပြီး ဆော့လိုက်၊ စာအံလိုက် လုပ်နေတဲ့ ကိုရင်လေးတွေကို မြင်တွေ့ရသလို၊ တချို့လည်း စက်ဘီးစီးလိုက် ဘောလုံးကန်လိုက်ပေါ့။ အဆိုတော် ၀ိုင်ဝိုင်းရဲ့ သီချင်းကို ဖွင့်ပြီး ငြိမ့်နေတဲ့ ကျောင်းသားလေးတချို့ကိုလည်း မြင်တွေ့ရပါတယ်။

ကျောင်းပေါ်မှာတော့ သီတင်းသီလ ဆောက်တည်တဲ့ လပြည့်လကွယ် ဥပုဒ်နေ့ ဖြစ်တာကြောင့် ဥပုသ်စောင့်ဖို့ အစောကြီး ရောက်နေတဲ့ အဖိုး ၂ ယောက် အဖွား ၁ ယောက်ကို ကျောင်းပေါ်မှာတွေ့ရ ပြန်တော့ စကားဝိုင်းလေး ဖွဲ့ဖြစ်ခဲ့တယ်။ အဖိုးအဖွား သုံးယောက်ထဲက အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ အဘ ဦးကျော်ပစ်ကတော့ လှိုင်းဘွဲ့မြို့ မအဲကျေးရွာဇာတိတဲ့။ ပြည်တွင်းစစ်ကြောင့် သမီးသား၊ ဇနီးမယားပါ အကုန်ခေါ်ပြီး လွန်ခဲ့တဲ့ နှစ် အစိတ်ကျော်ကျော်လောက်ကတည်းက မွေးရပ်မြေကို စွန့်ခွာခဲ့ရသူပါ။


ကရင်ပြည်နယ် တပ်မဟာ ၇ နယ်မြေထဲက ကရင်အမျိုးသာ အစည်းအရုံး (KNU) စခန်းတွေ တခုပြီးတခုမှာ လှည့်လည် နေထိုင်ရင် နောက်ဆုံး KNU ဋ္ဌာနချုပ် မာနယ်ပလော အစိုးရတပ် လက်ထဲကျချိန်မှာတော့ သူလည်း နောက်ဆုံးစခန်း ဖြစ်တဲ့ မယ်လဒုက္ခသည် စခန်းကို ရောက်လာတာပါ။

ဘယ်လိုအကြောင်းတရားတွေကြောင့် မွေးရပ်ကိုခွာခဲ့ရသလဲလို့ စပ်စုကြည့်မိပြန်တော့ “ရွာမှာ KNU နဲ့အစိုးရတပ်တွေကလည်း တဂျိန်းဂျိန်းချ၊ အစိုးရတပ်ဝင် လာရင်လည်း ပြေးကြ၊ မပြေးရင် ပေါ်တာပါ၊ KNU ကလည်း စစ်တပ်နဲ့ မခြားဆိုတော့ ပြေးရတာပဲလို့ အဘိုး ဦးကျော်ပစ်က ဆိုတယ်။

မယ်လစခန်းမှာတော့ သက်တမ်းရင့် ဘိုးတော်ကြီး တဦးပေါ့။ ရွာမှာတုန်းက ကြံစိုက်ပြီး အသက်မွေးခဲ့ပေမယ့် အခုအခါ အသက် ၈၃ နှစ်ရှိပြီမို့ စခန်းက ဝေခြမ်းတဲ့ ရိက္ခာနဲ့ သားသမီးတွေရဲ့ လုပ်စာကိုပဲ ထိုင်စားတော့တယ်။ သူများတွေ တတိယနိုင်ငံကို အခြေချဖို့ ကြိုးစားနေချိန်မှာ အဖိုး ဦးကျော်ပစ်ကတော့ အမေရိကန်လည်း မသွားချင်ဘူး၊ မသွားရဲဘူး ကိုယ့်မြေ ကိုယ်ရေမှာပဲ ပြန်နေချင်တယ်ဆိုတဲ့ စကားကို ကရင်လေသံဝဲ၀ဲ၊ လေအေးအေးနဲ့ ပြုံးပြုံးကြီး ရှင်းပြနေလေရဲ့။


ဒါပေမယ့် “ဇာတိမြေကို ပြန်ဖို့ဆိုတာ စိတ်ကူးပဲရှိပါတယ်။ မိရိုးဖလာ ဓားမဦးချ လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်ယာဥယျာဉ်ခြံမြေတွေကတော့ အခုဆို ဘယ်ဆီရောက်မှန်းမသိ အားလုံးနိဋ္ဌိတံသွားပြီ၊ ဒီတော့ စခန်းမှာပဲ ခေါင်းချရမယ့် သဘောပါဆိုပြီး ၀မ်းနည်းဖွယ်ရာ သံဝေဂသံ ပြည့်နေတဲ့ စကားတွေကိုလည်း ကြားရတယ်။

ပြောလက်စ စကားကို ဖြတ်ပြီး အဖိုးအဖွားတွေကို လက်ပြနှုတ်ဆက် ခရီးထွက်ခဲ့ပြန်တော့ လမ်းဘေးဈေးဆိုင်တနေရာမှာ ဆေး တံတိုကို မာန်ပါပါခဲပြီး ကရင်လွယ်အိတ် ဘေးတစောင်းလွယ်ထားတဲ့ ကြီးတော်တယောက်ကို တွေ့လိုက်မိတော့ ပါလာတဲ့ ကောက်ညင်းငချိတ်ပေါင်းနဲ့ ဖိတ်မန္တက ပြုရင်းနဲ့ မိတ်ဖွဲ့ဖြစ်တယ်။ ကောက်ညင်းပေါင်းကို ၀မ်းသာအားရ တပြုံးပြုံးစားနေတဲ့ ကြီးတော်ကို ဓာတ်ပုံ အရိုက်ခံဖို့ပြောတော့ ဂုဏ်ယူစွာနဲ့ပဲ ဆေးတံတိုကို ပြန်ခဲကာ ဓာတ်ပုံ အရိုက်ခံပြန်တယ်။

ဒီလိုနဲ့ တတောင်ဆင်း တတောင်တက်နဲ့ အင်ဖက်မိုး ထရံကာ အိမ်လေးတွေ အကြား ခရီးဆက်မိပြန်တော့ ထိုင်း၊ မြန်မာ ရုပ်ရှင်တွေ စတိတ်ရှိုး၊ သီချင်းခွေတွေကို အစီအရီခင်းထားတဲ့ အိမ်တလုံးရှေ့ ရောက်သွားတယ်။ ဦးဆောင်သူက ကရင်ဘာသာနဲ့ ပြောလိုက်တဲ့အသံကြောင့် အိမ်ထဲက ၀မ်းသာအားရ တုန့်ပြန်သံကို ကြားရတယ်။



အိမ်နံရံမှာ ကရင်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီးတို့၊ ဖဒိုမန်းရှာတို့ ဓာတ်ပုံတွေကို အစီအရီ ချိတ်ဆွဲထားပြီး ကြမ်းခမ်းပေါ်မှာတော့ အသားညိုညို မေးရိုးကားကား ဖော်ရွေတဲ့ မျက်နှာနဲ့ လူတယောက် ထိုင်နေတာကို တွေ့ရတယ်။ မိတ်ဆက်စကားအရဆိုရင်တော့ မယ်လစခန်း အုပ်ချုပ်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ ဆရာ ထွန်းထွန်း ဆိုတာ သိလိုက်ရတယ်။



ဖားအံဇာတိ အသက် ၄၀ ကျော်ခန့်ရှိတဲ့ ကိုထွန်းထွန်းဟာ လွန်ခဲ့တဲ့ ၂၃နှစ်၊ ၁၉၈၈ ခုနှစ် ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအရေး အခင်းမှာ ရန်ကုန် ဆေးတက္ကသိုလ် ( ၁) ဒုတိယနှစ် ကျောင်းသားတဦးအဖြစ် ပါဝင်ခဲ့ပါတယ်၊ ၁၉၈၉ ခုနှစ်မှာတော့ တော်လှန်ရေး နယ်ပယ်ထဲကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ စခန်းမှာတော့ အတွင်းရေးမှူး၊ ဒု ဥက္ကဋ္ဌ ၊ ဥက္ကဋ္ဌ စတဲ့ တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့သူပါ။

စခန်းမှာပဲ အိမ်ထောင်ကျပြီး အခုဆိုရင် သမီးကြီးတောင် ဆယ်တန်းအောင်ခဲ့ပါပြီ။ စခန်းအတွင်းက နိမ့်ကျနေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုတဲ့ ခံယူချက်ကြောင့် တတိယနိုင်ငံကို ထွက်ခွာဖို့ အစီအစဉ်မရှိပါဘူး၊ အခြေအနေပေးလို့ ဒုက္ခသည်တွေ အားလုံးပြန်ရမယ်ဆိုရင်တော့ မြန်မာပြည်ပဲ ပြန်ချင်တယ်လို့ ကိုထွန်းထွန်းက ပြောပါတယ်။



အိမ်ခြေ ၁ သောင်း ၂ ထောင်လောက်ရှိတဲ့ စခန်းမှာ လူဦးရေက ၄ သောင်း ၈ ထောင် ရှိပါတယ်။ နေထိုင်သူတွေကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ သကြား၊ မီးသွေး ပေးပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပြီးတော့ လူတယောက်ကို တလ ဆန် ၁၅ ကီလိုပေးရာက ၁၃ ကီလိုခွဲ လျော့ချလိုက်ပြီး ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာလည်း ဖြတ်တောက်မှုတွေလုပ်လာတယ် နောင်နှစ်တွေမှာသာ ဆက်တိုက် လျှော့ချခဲ့ရင်တော့ ဒုက္ခသည်တွေရဲ့ ရပ်တည်ရေး မလွယ်တော့ဘူးလို့ ကိုထွန်းထွန်းက ဆိုပါတယ်။

ဒီလို စားနပ်ရိက္ခာ အကူအညီပေးနေတဲ့ အလှူရှင်နိုင်ငံတွေက ဖြတ်တောက်မှုတွေ လုပ်လာတဲ့ အချိန်မှာပဲ ထိုင်းအာဏာပိုင်တွေကလည်း အနုနည်းနဲ့ အိမ်ပြန်ဖို့ စည်းရုံးနေတယ်။ ဒါပေမယ့် အိမ်ပြန်ဖို့ဆိုတာက လက်နက်ကိုင် ပဋိပက္ခတွေ အားလုံးဖြေရှင်းပြီး လုံခြုံမှုလည်းရှိ ငြိမ်းချမ်းရေးလည်းရမှ ဖြစ်မှာပါလို့ သက်ပြင်းချရင်း ကိုထွန်းထွန်းက ဆိုပါတယ်။

တကယ်တော့ ဒုက္ခသည်ဆိုတဲ့ မြန်မာပြည်သားတွေဟာ ရောက်ရာအရပ်မှာပဲ သုဂတော ဆိုတဲ့ ဘုရားဟောကို ရှုပြီး လောကဓံကိုမေ့ကာ နေထိုင်ရတဲ့ စနစ်ရဲ့သားကောင် ရင်နာစရာ မြန်မာပြည်သားတွေပါ။

ဒီလို ဂျာအေး သူ့အမေရိုက်နေတဲ့ ဒုက္ခသည်တွေအကြောင်း စဉ်းစားရင်း စခန်းဥက္ကဋ္ဌ ကိုထွန်းထွန်းကို နှုတ်ဆက်ကာ စခန်းက ပြန်ခဲ့ပါတော့တယ်။

No comments: