လူ့ခန္ဒာကိုယ်၏အရေးကြီးအင်္ဂါတစ်ခုဖြစ်သော မျက်လုံးသည် တန်ဖိုးကြီးလှပါသည်။ မျက်လုံးသည် ရှိရမည့် စွမ်းအားထက်လျှော့နည်းလာလျှင် မျက်မှန်များကို လိုအပ်သည့် ဒီဂရီ အတိုင်းတပ်ဆင်အသုံးပြုလာရ ပါသည်။ မျက်မှန်တပ်ဆင်သူသည် မျက်လုံးရှေ့တွင်ရှိသော မှန်ကို ကြည့်နေခြင်းမဟုတ် မှန်ကိုဖြတ်ပြီး ရှိနေသော မြင် ကွင်းကိုကြည့်နေခြင်းဖြစ်သည်။ မျက်မှန်ကြောင့် အားနည်းနေသော မျက်လုံးသည် မှန်ကိုဖြတ်၍ ကြည့်သော် ကြည်လင်သောမြင်ကွင်းကို ရရှိပါသည်။ အချို့မျက်လုံးများ အားနည်းချက်မတူညီသဖြင့် အဝေးကြည့်ရန် ဒီဂရီ တမျိုး၊ အနီးတွက်ဒီဂရီတမျိုး၊ စာကြည့်ရန်ဒီဂရီတမျိုး များရှိတတ်သဖြင့် မှန်တစ်ချပ်တည်းတွင် ဒီဂရီ ၂မျိုးတပ် ဆင်အသုံးပြုရပါသည်။
ကျွန်တော်တို့ကကရင်လူမျိုးတွေဆီမှာရှေးဘိုးဘွားကအမွေပေးခဲ့တဲ့ စာပေ၊ ယဉ် ကျေးမှု့ အမွေအနှစ်တွေ များ စွာရှိပါတယ်။ ဒိပြင် ရိုးရာပွဲတော် နှင့်ဓလေ့များ အမျိုးသား သီချင်းနှင့်အလံတော်၊ ရိုးရာအက နှင့်တူရိယာပစ္စည်း ရိုရာအ၀တ်စားဆင်ရင်မှု့၊ ကိုယ်ပိုင်အက များရှိကြပါသည်။ ဒီဘိုးဘွားဆီမှ ရရှိခဲ့သော သမိုင်းအမွေအနှစ်များ သည် လူမျိုးတစ်မျိုး၏အဆင့်အတန်းကို ဖေါ်ပြနေပါသည်။ ဒီစာပေ၊ ယဉ်ကျေးမှု သမိုင်းအမွှေအနှစ်များကို တစ်ပါးသူ က ဖျက်ဆီးနေတာရှိသလို ကျွန်တော်တို့ တစ်ဦး ခြင်းဆီ က မထိမ်းသိမ်းလို့ ပျောက်ကွယ်ခဲ့သည်၊ ပျောက်ဆုံးနေတာကို သတိပေးလိုပါ သည်။ ဒီထက်မက ကျနော်တို့လူမျိုး ဟာ တစ်ပါးလူမျိုး၏ အနိုင်ကျင့် သတ်ဖြတ်တာခံရသဖြင့် လူ့အခွင့်ရေးဆုံးရှုံးခြင်းနှင့်အတူ ဖွံ့ဖြိုးမှု့နောက်ကျလျက်ရှိပါတယ်။ ဒေါက်တာစံစီ ဖိုးရေးထားသော (Burma and the Karen) စာအုပ်ထဲတွင် မြန်မာဘုရင်များခေတ်တွင် စာဖတ်တတ်သောကရင် လူမျိုးများကိုတွေ့ရှိပါက ညဉ်းစဲသတ်ဖြတ်လေ့ရှိကြောင်း သမိုင်းသက်သေ ရှိနေပါသည်။
အဖိနှိပ်ခံလူမျိုးဖြစ်သည့်အလျောက် ဘိုးဘွားများထံမှ ရရှိခဲ့သည့် အဖိုးတန်သမိုင်းအမွှေအနှစ်များ ဆုံးရှုံးလာ သဖြင့် လူမျိုးတစ်မျိုးအနေဖြင့်အားနည်လာ၏။ အားနည်းလာသော မျက်လုံးတွက် မျက်မှန်တပ်ရသလိုအား နည်းလာသော လူမျိုးအတွက် “အသိတရား” ဆိုသော မျက်မှန်တပ်ပြီးကုစားရပါတော့သည်။ တစ်ဦးနှင့်တစ်ဦး တပ်ဆင်ထားသော “အသိတရား” ၏မျက်မှန်ပါဝါသည် မတူကြ။ မျက်မှန် မတပ်လည်းမရတော့။ မျက်မှန်တပ် ပြန်သော် ပိုပြီးမြင်လာ၏။
ကျွန်တော်တို့ကရင်လူမျိုးစုထဲတင် မတူကွဲပြားမချက်များစွာရှိနေ၏။ ဘာသာစကား၊ ယုံကြည်ကိုးကွယ်မှု့၊ ဓလေ့စရိုက်များ ကွဲပြားလျက်ရှိ၏။ အရှေ့ပိုး၊ အနောက်ပိုး၊ စကော၊ ကရင်နီ၊ ဘွဲ၊ ပကူး၊ ကယ်ဘား၊ ပလေချီး စ သည်ဖြင့် အုပ်စုဖွဲ့လေးများစွာရှိ၏။ ဆုံးရှုံးမှု့များကြောင့် အားနည်းလာသောအရာများကို “ အသိတရားအနည်း ငယ်” ဖြင့် ကုစားလိုက်ပါက “မာန်” ဆိုသောအရာပါလာ၏။ မာန်ဆိုသော အရာများလာပါက “မာန” ဆိုသောအရာ ကပ်ပါလာ၏။ အသိတရားအများအပြားပိုသုံးပါကဆင်ခြင်တုံတရားရလာပြီး ရင့် ကျက်သောပညာများ ရရှိတတ်၏။ ကျွန်တော်တို့ကရင်လူမျိုး ဘယ်လမ်းတွင်ရောက်နေပါသနည်း။
အရှေ့ပိုးကရင်အုပ်စုများသည် အနောက်ပိုးနှင့် စကော စသည့်အခြားအုပ်စုများထက် အရှေ့ပိုး ကိုဘဲ ပေါင်း သင်းလို၏။ ထို့အတူ စကောကရင် လည်း အခြားကရင်အုပ်စုများထက် စကောကရင်ကိုဘဲ ပိုပြီးခင်တွယ်၏။ ဤ ဓလေ့ နှင့် စိတ်ထား (Mentality) သည် ကျနော်တို့ ကရင်အုပ်စု တိုင်းတွေရှိနေ၏။ ၄င်းအားနည်းချက် နှင့် ဓလေ့သည် ဒီမှာတင်မရပ်၊ ၄င်းအားနည်းချက် ရောဂါသည် ကျနော်တို့အတွင်းထဲသို့ နက်ရှိုင်းစွာ ထိုးဖေါက်သွား ၏။ ဥပမာအားဖြင့် အနောက်ပိုးခရစ်ယာန်များသည် အနောက်ပိုးအခြားဘာာဝင်များကို တရင်းတနှီးမပေါင်း သင်းတတ်။ တရင်းတနှီးမရှိသဖြင့် “ စည်းရုံးရေး” အင်အားလျော့နည်းလာ၏။ ဤ ဓလေ့သည် အနောက်ပိုးတခု တည်းတွင်ရှိသည်မဟုတ် ကရင်အုပ်စုအားလုံးအ တွင်းရှိနေ၏။ ဤ အားနည်းချက်သည် ဒီမှာတင်မရပ် ဆက်ပြီး အတွင်းထဲသို့လိုက်စား၏။ အုပ်စုတူဘာသာတူ ကို ထပ်ကြည့်ပြန်သော် “ဒေသစွဲ” ဆိုသော ဓလေ့ရှိနေပြန်၏။ အုပ်စုတူ ဘာသာတူ ဒေသတူသော ကရင်ရွာတစ်ရွာကို ကြည့်ပြန်သော ရွာအရှေ့ပိုင်း၊ ရွာအနောက်ပိုင်း ဆိုပြီး “ခွဲခြားဆက်ဆံရေး” များရှိနေပြန်၏။ ဤ အားနည်းချက်ရောဂါသည် ထိပ်ဆုံးမှဝင်ပြီးအောက်ခြေထိ ၀င်ရောက် လိုက်စားပြီးသပ်ရှိုထားသလိုဖြစ်နေ၏။
မေးခွန်းတစ်ခုမှာ မည်သူသပ်ရှိုထားသနည်း။ အခြားသူများသပ်ရှိုခြင်းလော၊ ကိုယ့်ကို ကိုယ်ဘဲသပ်ရှိုခြင်းလော။ ဘယ်သူဘဲသပ်ရှိုရှို အဖြေတစ်ခုရှိ၏။ ကိုယ်လက်မခံမကျင့်သုံးရင် ၄င်း “သပ်” သည် ကျွန်တော်တို့ထဲတွင် မရှိနိုင်။ လက်ရှိတွင် ၄င်း “သပ်” ကျနော်တို့အတွင်းထိဝင်ရောက်ပြီး ကျနော်တို့ကို သတ်နေ၏။ ဤ ရောဂါပြသာ နာကို ကျွန်တော်တို့တတွေ ဘယ်လိုဖြေရှင်းနိုင်ပါသနည်း။ မဖြေရှင်းဘဲထားလျှင် ကရင်လူမျိုးတဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားမည်။ ယခုပင်ကြည့် ကရင်လူမျိုးထဲမှာ ကရင်နီကို ကယားဆိုပြီး ခွဲထုတ်ခံလိုက်ရ၏။ သို့သော် အဲဒီမှာတင်မပြီး ကယား၊ ကယော၊ ကယန်း ပဒေါင် ဆိုပြီးခေါင်းစဉ်တပ်ကာ သပ်များရှိုနေပြန်၏။
လူမျိုးရေးအားနည်းချက်ကို အသိတရားဆိုသော မျက်မှန် ဖြင့်တပ်ဆင်ကါကွယ်သောအခါ ၄င်းမျက်မှန်ပါဝါ တစ်ခု တည်းမှ လူမျိုးတွင်းရှိနေသော ကွဲပြားနေသာ အရာအားလုံးတွက် မျက်မှန်ဒီဂရီ တစ်ခုတည်းနှင့် အဆင် မပြေ။ တစ်ဖက်ကပြန်ကြည့်သော် မျက်မှန်ကို ချွတ်လည်းမရ။
ဤ အတွေးအခေါ်ပြသာနာသည် ကျနော်တစ်ယောက်တည်းဥာဏ်ဖြင့် အဖြေမရနိုင်။ ကျနော်တို့ ကရင်အားလုံးဝိုင်းဝန်းအဖြေရှာရန်လိုပါသည်။ အဖြေရသော် ၄င်းအဖြေကို သေတ္တာထဲမှာ မသိမ်းစည်း ထား ဘဲ လက်တွေ့ အကောင်ထည်ဖေါ် (Apply) ရန်လို၏။
ကျနော်တစ်ဦးတည်းအနေဖြင့် အမြင်တစ်ခု တင်ပြလိုပါ၏။ ကျနော်တို့တပ်ထားသော မျက်မှန်ပေါ်တွင် လက်ရှိ ပါဝါဒီဂရီ နှင့်မတူသော ပါဝါဒီဂရီတစ်ခုကိုထပ်ပြီး ပူးတွဲတပ်ဆင်သင့်ပါသည်။ အဝေးကိုကြည့်သောအခါ အဝေးကြည့်ပါဝါ ကို၎င်း အနီးကိုကြည့်သောခါ အနီးကြည့်ပါဝါကို သုံးစွဲကြပါစို့။ အသိတရားဆိုသော မှန်ပါဝါ နှင့် မတူသော ပါဝါ ကို ချစ်ခြင်းမေ့တ္တာ ပါဝါဖြင့် ပူးတွဲတပ်ဆင် အသုံးပြုလျှင် ကျနော်တို့ကရင်ညီအစ်ကို အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ချစ်ခြင်းမေ့တ္တာ မှန်ဖြင့်ကြည့်သောအခါ ……….
“ သူဟာငါ့ညီအစ်ကိုကရင်တွေဘဲ၊ ဘာသာမတူလည်း ငါသူတို့ကိုချစ်တယ်၊ သူတို့ဟာ ငါ့မိသားစုဘဲ”
“သူဟာငါ့ညီအစ်ကိုကရင်တွေဘဲ၊ နေရပ်ဒေသခြင်းမတူလဲ သူဟာငါ့မိသားစု၊ ငါသူ့ကိုချစ်ရမယ်”
“သူဟာငါ့ညီအစ်ကိုကရင်တွေဘဲ၊ ဆင်းရဲလည်းငါသူ့ကိုချစ်တယ်၊ ချမ်းသာလည်းငါသူ့ကိုချစ်ရမယ်၊ ပညာ တတ်သည်ဖြစ်စေ ပညာမတတ်သည်ဖြစ်စေ ငါသူ့ကို အမြဲချစ်မယ်”
မတူညီသော ကျနော်တို့ကရင်အုပ်စုများတွင် တူညီနေသောအရာတစ်ခုရှိပါသည်။ ၄င်းအရာမှာ ကျနော်တို့ ကရင်တိုင်းတွင် ယုံကြည်ကိုးကွယ်သော ဘာသာတရားရှိ၏။ ၄င်းဘာသာတရားအာလုံးတိုင်းတွင် “ချစ်ခြင်းမေတ္တာတရား” ကို သင်ကြားထားပြီး လက်တွေ့အကောင်ထည်ဖေါ် (Apply) ရန်တိုက်တွန်းထားပါ သည်။ မိမိတို့ယုံကြည်သက်ဝင်တဲ့အတိုင်း ချစ်ခြင်းမေတ္တာ မျက်မှန် ပါဝါလေးတစ်ခုကို ကျနော်တို့ရဲ့မျက်မှန် လေးတွင် တပ်လိုက်ရင် စည်းလုံးညီညွတ်ခြင်း နှင့်အတူ အောင်မြင်ခြင်းပန်းတိုင်သို့ ရောက်ရှိမှာ သေချာပါ တယ်။
ကျနော်တို့လူမျိုးအချင်းချင်း မျက်နှာစိမ်းဖြင့်ကြည့်ခြင်း ခွဲခြားဆက်ဆံခြင်း များကိုစွန့်လွှတ်ထားခဲ့ရန်အချိန်တန် ပါပြီ။ ကမ္ဘာပေါ်တွင် ခွဲခြားဆက်ဆံခြင်း အနည်းဆုံးရှိသော နိုင်ငံများသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနှင့် အင်အား အတောင့်တင်းဆုံး နိုင်ငံများဖြစ်နေသည်ကို အတုယူသင့်ပါသည်။
ကျနော်တို့အားလုံးမေတ္တာတရားပွါးနိုင်ပါစေသား
ဖူးဒို
ဇွန်လ ၂၃ရက်၊ ၂၀၁၁
No comments:
Post a Comment