ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း
တူမောင်ညို။ နိုဝင်ဘာ ၁၃၊၂၀၁၁
ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ကို
နိဒါန်း၊ အခန်း (၁၅) ခန်း၊ ပုဒ်မပေါင်း (၄၅၇) ခု၊ ဇယား (၅) ခုတို့ဖြင့်
ဖွဲ့စည်း ထားပါတယ်။ အဲဒီ အခန်း (၁၅) ခန်းအနက်၊ “အခန်း(၁၂) ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြင်ဆင်ခြင်း”ဆိုတဲ့ အခန်းကို လေ့လာကြည့်ကြပါစို့။
အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း ကို ပုဒ်မ (၄၃၃)၊ (၄၃၄)၊ (၄၃၅)၊ (၄၃၆) ဆိုပြီး ပုဒ်မ(၄) ခုနဲ့ ဖွဲ့စည်းထား ပါတယ်။
ပုဒ်မ (၄၃၃)၊ (၄၃၄)၊ (၄၃၅)
တို့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက် တစ်ရပ်ရပ်ကို
ပြင်ဆင်လိုလျှင် ဘယ်လို နည်းလမ်းတွေနဲ့ ပြင်ဆင် ရမယ်ဆိုတာကို ဖေါ်ပြထားတာ
ဖြစ်ပါတယ်။
အချုပ်အားဖြင့်ကတော့ ပြည်ထောင်စု
လွှတ်တော်မှာ တင်သွင်းရမယ်။ ဥပဒေ မူကြမ်းအဖြစ် တင်သွင်းရမယ်၊ အခြားအဆိုများ
မပါရှိစေရ။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းက
တင်ပြလာလျှင် အဆိုပါ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က
လက်ခံ ဆွေးနေရမယ်လို့ ဖေါ်ပြ ထားပါတယ်။
ပြည်ထောင်စု လွှတ်တော်ဆိုတာ
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ၂ ရပ်ကို စုပေါင်း ထားတာပါ။
ပြည်သူ့လွှတ်တော် မှာ လွှတ်တော် ကိုယ်စားလှယ် (၄၃၅) ဦး၊
အမျိုးသားလွှတ်တော်မှာ (၂၂၄) ဦးရှိပါတယ်။ ဒီတော့ ပြည်ထောင်စု လွှတ်တော်မှာ
စုစုပေါင်း ကိုယ်စားလှယ်( ၆၅၉) ဦး ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းလို့ ဆိုထားလေတော့ (၁၃၁ ဒသမ ၈) ဦး
ရရှိမှာ သာလျှင် ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးရမယ် ဆိုတဲ့
အဆင့်ကို ဖြတ်ကျော်နိုင်မှာ ဖြစ်ပါတယ်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်ထဲမှာ
ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်များနဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့
စစ်သားအမတ်တွေ စုစု ပေါင်းရင် (၅၅၄) ဦး ရှိပါတယ်။ ပြည်ထောင်စု
လွှတ်တော် ကိုယ်စားလှယ် အရေအတွက် စုစုပေါင်း (၆၅၉) ဦးထဲ အဲဒီအရေအတွက်
(၅၅၄) ဦးကို နှုတ်လိုက်ရင် (၁၀၅) ဦးကျန်ပါတယ်။ အဲဒီ (၁၀၅) ဦးဟာ
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း ဆိုတဲ့
သတ်မှတ်ချက် ကိုပြည့်မီခြင်း မရှိတာကို တွေ့နိုင်ပါတယ်။
ပြည်ထောင်စု လွှတ်တော်ထဲမှာ
ကြံဖွံပါတီ ကိုယ်စားလှယ်တွေနဲ့ စစ်သားအမတ်တွေ မပါတဲ့ အခြား ပါတီငယ်များရဲ့
စုစုပေါင်းက (၁၀၅)ဦးသာ ဖြစ်ပါတယ်။ ဒီအထဲမှာ (တစည) လို ပါတီတွေ၊ (စဒက)
ကဲ့သို့ ကြံဖွံ့ပါတီနဲ့ မဟာမိတ် ဖွဲ့ထားတဲ့ ပါတီငယ်တွေကိုပါ ထည့်ပြီး
ပေါင်းထားတာပါ။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀
ရာခိုင်နှုန်း ရဖို့ မလွယ်ဘူးဆိုတာ လက်တွေ့ ကိန်းဂဏန်းတွေက
ရိုးရိုးရှင်းရှင်း သက်သေ ထူနေပါတယ်။ ဒါက ပထမဆင့်သာ ဖြစ်ပါတယ်။
အရေးကြီးတာက ပုဒ်မ (၄၃၆)
ဖြစ်ပါတယ်။ ပုဒ်မ(၄၃၆) ကို ပုဒ်မခွဲ (က) နဲ့ (ခ) ဆိုပြီး ခွဲခြားထားပါတယ်။
တကယ်တော့ ပုဒ်မ(၄၃၆) (က) နဲ့ (ခ) ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ကို ၂
ပိုင်း ခွဲထားတဲ့ သဘောဖြစ်ပါတယ်။ ပုဒ်မ (၄၃၆) (က) ဟာ ဖွဲ့စည်းပုံ
အခြေခံဥပဒေ (၂၀၀၈) ရဲ့ အဓိက အပိုင်း ဖြစ်ပြီး၊ ပုဒ်မ (၄၃၆) (ခ) ကတော့ သာမည
အပိုင်းလို့ ခွဲပြောရင် ရပါတယ်။ ပုဒ်မ (၄၃၆)(က) ကို အဓိက အပိုင်းလို့
ခွဲပြောရတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈) ထဲက သော့ချက်ကျတဲ့ အခန်းတွေနဲ့
အချက်အချာကျတဲ့ ပုဒ်မတွေကို ရွေးထုတ် ဖေါ်ပြထားလို့ ဖြစ်ပါတယ်။
ပုဒ်မ(၄၃၆) ပုဒ်မခွဲ(က) ကို
ဦးစွာကြည့်ကြပါစို့။ ပုဒ်မခွဲ(က) တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈) မှာ
ပါဝင်တဲ့ အခန်း (၁၅) ခန်းအနက်၊ အခန်း (၈) ခန်းမှာ ရှိတဲ့ ပုဒ်မပေါင်း (၉၅)
ခုကို သီးသန့် ရွေးချယ်ေ ဖ်ါပြထားတယ်။
ပုဒ်မခွဲ(က)မှာ သီးသန်း ရွေးချယ်
ဖေါ်ပြထားတဲ့ အခန်း (၈) ခု ဆိုတာ ဘယ်လို အခန်းတွေလဲ။ ပါဝင်တဲ့ ပုဒ်မတွေက
ဘာတွေလဲ။ အောက်ပါ ဇယားကိုကြည့်ပါ။
အခန်းအမည်
|
ပါဝင်သည့်ပုဒ်မများ
|
စုစုပေါင်း
|
အခန်း (၁) နိုင်ငံတော်အခြေခံမူများ
|
(ပုဒ်မ ၁ မှ ၄၈ ထိ ပုဒ်မ အားလုံး)
|
၄၈
|
အခန်း(၂) နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ
|
(ပုဒ်မ ၄၉ မှ ၅၆ ထိ ပုဒ်မ အားလုံး)
|
၈
|
အခန်း (၃) နိုင်ငံတော်သမ္မတနှင့်ဒုတိယသမ္မတများ
|
(ပုဒ်မ ၅၉ နှင့် ၆၀)
|
၂
|
အခန်း(၄) ဥပဒေပြုရေး
|
(ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁)
|
၎
|
အခန်း(၅) အုပ်ချုပ်ရေး
|
(ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆)
|
၎
|
အခန်း(၆) တရားစီရင်ရေး
|
(ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀)
|
၅
|
အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက်များ
|
(ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ ပုဒ်မ အားလုံး)
|
၂၃
|
အခန်း (၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း
|
(ပုဒ်မ ၄၃၆)
|
၁
|
၉၅
|
အဆိုပါ အခန်းများနဲ့ ပါရှိသော ပုဒ်မများကို ဘယ်လို ပြင်ဆင်ရမည် ဆိုတာကိုအခုလို ရေးသား ဖေါ်ပြထားပါတယ်။
“ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက်၊ ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲ ဖြင့်သာ ပြင်ဆင်ရမည်” လို့ ဆိုထားပါတယ်။
သာဓကအားဖြင့် – အခန်း (၁) နိုင်ငံတော် အခြေခံမူများ အခန်း
- ပုဒ်မ
(၆) (စ) “နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင်
တပ်မတော် က ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်”
- ပုဒ်မ(၁၄)
“ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်နှင့်
ပြည်နယ်လွှတ်တော်များတွင် လွှတ်တော် ကိုယ်စားလှယ် များအဖြစ် ဤဖွဲ့စည်းပုံ
အခြေခံဥပဒေအရ သတ်မှတ်သည့် ဦးရေ အတိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က
အမည်စာရင်း တင်သွင်းသည့် တပ်မတော်သားများ ပါဝင်သည်”
- ပုဒ်မ (၂၀) (ခ) “တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်”
- ပုဒ်မ
(၂၀) (င) “ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု
မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲ ရေး တို့ကို
ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန် ရှိသည်”
- ပုဒ်မ (၂၀) (စ) “တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည်”
သာဓကအားဖြင့် – အခန်း(၂) နိုင်ငံတော်ဖွဲ့စည်း တည်ဆောက်ပုံ အခန်း
- ပုဒ်မ(၄၉)
“နိုင်ငံတော်ကို အောက်ပါ တိုင်းဒေသကြီး (၇)ခု၊ ပြည်နယ် (၇) ပြည်နယ်နှင့်
ပြည်ထောင်စု နယ်မြေများဖြင့် ပိုင်းခြား သတ်မှတ်သည်” ဆိုတဲ့ ပုဒ်မကို
တန်းတူရေးနဲ့ကိုယ်ပိုင် ပြဌာန်းခွင်ရှိရေး (၈ပြည်နယ်မူ) ကို အစဉ်တစိုက်
တောင်းဆိုနေခဲ့ကြတဲ့ တိုင်းရင်းသားများ အနေဖြင့် အဆိုပါပုဒ်မ (၄၉)ကို
မည်သို့ ပြင်ဆင်ကြမလဲ။
သာဓကအားဖြင့် – အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများ အခန်း
- ပုဒ်မ(၅၉)
(စ) “မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊
မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး
တစ်ဦးဦး သော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီးသို့မဟုတ်
ခင်ပွန်း သော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာကို
ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ
သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည်
နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏
နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်ရေးများနှင့် ကျေးဇူး
ခံစားခွင့်များ ကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ”
( ဤ ပုဒ်မသည်
ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်သည်ဟု ဖေါ်ပြ ဆိုလိုခြင်း မရှိသော်ငြားလည်း
ဒေါ်အောင်ဆန်း စုကြည်၏ လက်ရှိအခြေအနေအရ ကန့်သတ် ထားသလိုဖြစ်နေပါတယ်)
- ပုဒ်မ(၆၀)
(က) နဲ့ (ခ) သည် သမ္မတကို လွှတ်တော် ၂ ရပ်မှရွေးချယ်တင်မြှောက်ရုံမကပဲ။
တပ်မတော်ကပါ လွှတ်တော်ကဲ့သို့
သမ္မတတစ်ဦးရွေးချယ်နိုင်ခွင့်ပေးအပ်ထားခြင်းဖြစ်ပါတယ်။
သာဓကအားဖြင့် – အခန်း(၄) ဥပဒေပြုရေးအခန်း
- (ပုဒ်မ
၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁) တို့သည် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊
အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အဆင့်ဆင့်
ဖွဲ့စည်းမှုများကို ထိန်းချုပ် ထားသည့် ပုဒ်မများဖြစ်ပါတယ်။
သာဓကအားဖြင့် – အခန်း(၅) အုပ်ချုပ်ရေး
- (ပုဒ်မ
၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆) တို့တွင် ပြည်ထောင်စု အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း စတဲ့ကစ္စများကို
ထိန်းချုပ် ထားခြင်းဖြစ်ပါတယ်။
သာဓကအားဖြင့် – အခန်း(၁၁) အရေးပေါ် ကာလဆိုင်ရာ ပြဌာန်းချက်များ
- (ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ ပုဒ်မ အားလုံး) ဖြစ်ပါတယ်။
ဒီအခန်းမှာ ဖေါ်ပြထားတဲ့
ပုဒ်မအားလုံးရဲ့ ခြုံငုံ အဓိပ္ပါယ်ကတော့ နိုင်ငံတော် အာဏာကို ကာကွယ်ရေး
ဦးစီးချုပ်၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီထံ ဝကွက်
အပ်ထားတယ်ဆိုတဲ့ အချက်ကို ဥပဒေ သဘောဖြစ်အောင် ရေးထားခြင်းသာ ဖြစ်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်၊
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ က အချိန်မရွေး၊
တရားဝင်အာဏာသိမ်းခွင့် ထာဝစဉ်ရရှိ ထားခြင်း သို့မဟုတ်
ပေးအပ်ထားခြင်းဖြစ်ပါတယ်။
ခြုံငုံသုံးသပ်ချက်
ဒါကြောင့်အထက်မှာ သာဓက အသီးသီး
ထုတ်ပြခဲ့တဲ့ အချက်အလက် တွေကို ပြုပြင်ဖို့ဆိုလျှင် ပထမဆင့် အနေနဲ့
ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ရာခိုင်နှုန်း
ရရှိဖို့လိုအပ်ပါတယ်။ ၂၀ ရာခိုင်နှုန်း ရရှိဖို့ ဘယ်လောက် ခက်ခဲတယ်ဆိုတာကို
လက်ရှိ ကိန်းဂဏန်းတွေနဲ့ တွက်ချက်ပြခဲ့ပါတယ်။
လွှတ်တော်ထဲ ဝင်ပြီး
ပြုပြင်ယူမယ်ဆိုတာ ဘယ်လောက် ခက်ခဲမယ် ဆိုတာ မြင်နိုင်ပါတယ်။ ပုဒ်မ(၄၃၆) မှာ
ဖေါ်ပြထားတဲ့ ပုဒ်မ တွေဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ပုဒ်မတွေ
တနည်းအားဖြင့် စစ်အာဏာရှင် စနစ်နဲ့ စစ်အုပ်စု အကျိုးစီးပွားကို ထိန်းသိမ်း
ကာကွယ်ပေး ထားတဲ့ အချက်တွေလည်း ဖြစ်နေပါတယ်။
ဒီအချက်တွေဟာ စစ်အုပ်စုရဲ့ အတိတ်၊
ပစ္စုပ္ပန်၊ အနာဂတ် အကျိုးစီးပွား တွေနဲ့လိမ်ယှက် ဆက်နွယ် နေတာမို့
လွှတ်တော်ထဲ ဝင်ပြီး ပြင်ဆင်နိုင်ဖို့ ဆိုတာဟာ လက်တွေ့မကျတဲ့
စိတ်ကူးယဉ်မှုသာလျှင် ဖြစ်ပါလိမ့်မယ်။
ပထမဆင့် အနေနဲ့ ပြည်ထောင်စု
လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ရာခိုင်နှုန်း ရရှိပါစေ။ တကယ်တန်း
ပြင်ဆင်နိုင် ခွင့်ဆိုတာ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ရာခိုင်နှုန်း ကျော်ရရှိရမှာဖြစ်ပြီး၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး၊ မဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက် ကျော်မဲဆန္ဒ ဖြင့်သာ ပြင်ဆင်နိုင် ပါလိမ့်မယ်။
ရှင်းအောင် ပြောရလျှင် ပုဒ်မ ၄၃၆
(က) မှာ ရွေးထုတ် ဖေါ်ပြထားတဲ့ အခန်း (၈) ခန်း နဲ့ ပုဒ်မ (၉၅) ခုဟာ
ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ရဲ့ အဓိကကျတဲ့
အခန်းတွေနဲ့သော့ချက်ကျတဲ့ပုဒ်မတွေဖြစ်ပါတယ်။ ဒါ့အပြင်
ယနေ့ဦးသိန်းစိန်အစိုးရ အတွက် အလျှော့ ပေးလိုက်လျောနိုင်တဲ့ အချက်တွေ
မဟုတ်ပါဘူး။ မဆုတ်တမ်း ခံစစ်စခန်းတွေဖြစ်ပါတယ်။ ဒါကြောင့်လည်းပြင်ဆင်ဖို့
တမင်ခက်ခဲအောင် အခုလို တိတိကျကျရေးသား ထည့်သွင်းပြဌာန်းထားခြင်းဖြစ်ပါတယ်။
ပုဒ်မ(၄၃၆) (ခ) ကတော့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး၊ မဲပေး ပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် မဲဆန္ဒဖြင့်သာ
ပြင်ဆင်ရမယ်ဆိုတဲ့ အချက်မပါတာပဲ ကွာခြားပါတယ်။ နှိုင်းယှဉ်ချက်အရ ပြောရရင်
ပုဒ်မ(၄၃၆ (က) လောက် မတင်းကြပ်တဲ့ အချက်တွေလို့ ဆိုကောင်းဆို
နိုင်ပါလိမ့်မယ်။
ဒါ့အပြင် မပယ်ပျက်သေးသမျှ အတည် ဖြစ်စေရမယ်ဆိုတဲ့ အခြားသော တည်ဆဲဥပဒေ (၄၀၀)ကျော်လည်း ရှိနေပါသေးတယ်။
အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာရှိတဲ့ ဥပဒေ ကျွမ်းကျင်သူတွေဟာ ဖွဲ့စည်းပုံ
အခြေခံဥပဒေ (၂၀၀၈) ထဲမှာ ဘယ်လိုအချက် အလက်တွေဟာဖြင့် ဒီမိုကရေစီ
နည်းလမ်းမကျဘူး၊ ဘယ်လို အပေါ်စီး ယူထားတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး၊
ပိုပြီးသိရှိ နားလည်နိုင်မယ် ဆိုတာ ကျနော် သံသယမရှိပါဘူး။ ထွင်းဖောက်
တွေးခေါ်မြော်မြင်နိုင်စွမ်း ရှိကြသူတွေ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ထဲ ရေရှိမယ်ဆိုတာ ပြေးကြည့်စရာ မလိုတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။
အခြေခံ ဥပဒေ ဘောင်ထဲ ဝင်မယ့်ကိစ္စဟာ
ဥပဒေ ရှုဒေါင့်ထက်၊ နိုင်ငံရေး ရှုဒေါင့်ကို ပိုပြီး အလေးပေး ရပါလိမ့်မယ်။
တိုင်းပြည်ရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေ(၂၀၀၈) အပါအ၀င်
တိုင်းပြည်ရဲ့ အဓိက ကျတဲ့နိုင်ငံရေး ပြဿနာ အားလုံးကို နိုင်ငံရေးအရ
တန်းတူရည်တူ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဦးသိန်းစိန်အစိုးရ တွေ့ဆုံ ဆွေးနွေးဖို့
လိုပါတယ်။
ပြည်သူလူထု တစ်ရပ်ပါဝင်ခဲ့တဲ့ ၁၉၈၈
ဒီမိုကရေစီ အရေးတော်ပုံကြီးက (မဆလ) တစ်ပါတီကိုရော၊ တစ်ပါတီ အာဏာရှင်
စနစ်ကို ခုတ်မောင်း လည်ပတ်စေခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၁၉၇၄) ကိုပါ
တိုက်ဖျက်ခဲ့တာ တကယ့် သမိုင်းဖြစ်ရပ်မှန် တစ်ခုပါ။
No comments:
Post a Comment