Saturday, November 12, 2011
ဘုရားသုံးဆူရှိ ဒီကေဘီအေတပ်ဖွဲ့များ
လက်နက်ချရန် တောင်းဆိုခံရ
11/12/2011
စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် လှုပ်ရှားနေသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့ဝင်များအား လက်နက်အပ်နှံရန် အစိုးရစစ်တပ်၏ တောင်းဆိုခြင်းခံခဲ့ရသည်ဟု ဒီကေဘီအေဘက်က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဘုရားသုံးဆူမြို့ရှိ အစိုးရစစ်တပ် ခလရ(၂၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအောင်ဝင်းခိုင်က ဘုရားသုံးဆူ ဒေသတွင် လှုပ်ရှားနေသည့် ဗိုလ်ကြီးအေ၀မ်း ဦးစီးသော ဒီကေဘီအေ တပ်ခွဲ(၃)မှ တပ်ဖွဲ့ဝင်များအား လက်နက်အပ်နှံပြီး မြို့ တွင်းသို့ ပြန်လည်နေထိုင်ရန် ဒီကေဘီအေ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူများထံမှ တောင်းဆိုခြင်းဖြစ်သည်ဟု ဗိုလ်ကြီးအေ၀မ်း က ပြောသည်။
၎င်းက “ဘုရားသုံးဆူနယ်မြေဟာ ဝေါ်လေဒေသနဲ့မတူဘူး ပြောတယ်။ ခင်ဗျားတို့ လက်နက်အပ်ပြီးတော့ မြို့ထဲ ပြန်လာနေ ပါ။ စီးပွားရေး ပြန်လာလုပ်စားပါတဲ့။ ကျနော်ကလည်း ဒီကေဘီအေက ဝေါ်လေဒေသ တစ်ခုတည်း သတ်မှတ်ပြီးတော့ အပစ် အခတ်ရပ်စဲတာ မဟုတ်ဘူး။ ကရင်ပြည်နယ်တခုလုံး အတိုင်းအတာနဲ့လုပ်တာ။ ကျနော်တို့ လက်နက်အပ်နှံဖို့ အပစ်အခတ် ရပ်စဲတာ မဟုတ်ဘူးလို့ ပြန်ပြောခိုင်းလိုက်တယ်။”ဟု ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေ ဗဟိုအဆင့်သို့ တိုင်ကြားထားကြောင်း အကယ်၍ အစိုးရစစ်တပ်ဘက်မှ ယခုလို ပုံစံအ တိုင်း ခွဲခြားဆက်ဆံမှုများ ဆက်လက် ပြုလုပ်လာပါက ၎င်းတို့အနေဖြင့် စစ်ရေးအရ တုန့်ပြန်ရလိမ့်မည်ဟု ဗိုလ်ကြီးအေ၀မ်းက ကေအိုင်စီကို ပြောသည်။
ဘုရားသုံးဆူဒေသတွင် လှုပ်ရှားနေသည့် တပ်အင်အား ၃၀ကျော်ရှိ ဗိုလ်ကြီးအေ၀မ်း ဦးဆောင်သည့် ဒီကေဘီအေ တပ်ရင်း (၉၀၂) တပ်ခွဲ(၃)သည် လက်ရှိအချိန်တွင် ကေအဲန်အယ်လ်အေ တပ်ဖွဲ့နှင့်အတူ လက်တွဲထားဆဲဖြစ်သည်ဟု ဒီကေဘီအေက ပြောသည်။ ဒီကေဘီအေ ပြည်ပဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးစောလုံ့လုံက “ကျနော်တို့ သွားရောက်တွေ့ဆုံတဲ့ ၀န်ကြီးအဖွဲ့က ရှေ့တန်း တပ်မှူးတပ်သားတွေကို အသိပေး အကြောင်းကြားမှု မရှိသေးတာ ဖြစ်နိုင်တယ်။ ဟိုဖက်ခြမ်းမှာရှိတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ကိုလည်း စိတ်ရှည်သီးခံဖို့ ပြောထားသလို ဒီကိစ္စကို အစိုးရဖက်ကိုလည်း ၀င်ရောက်ဖြေရှင်းပေးဖို့ အကြောင်းကြားထားပါ တယ်။ ပြဿနာက ဒီလောက် မကြီးကျယ်လောက်ဘူးလို့ ထင်တာပဲ။”ဟု ပြောသည်။
ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့မှ ကိုယ်စားလှယ်အချို့သည် နိုဝင်ဘာလ ၃ရက်နေ့က မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် ဘားအံမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်ဘက် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် မြ၀တီမြို့တောင်ဘက် ဝေါ်လေဒေသ တာအူထာ့နေရာ၌ အပစ်အခတ် ရပ်စဲရသည့် အကြောင်းနှင့် ပတ်သက်၍ နိုဝင်ဘာလ ၈ရက်တွင် တပ်အစည်းအဝေးနှင့် ၁၁ရက်နေ့တွင် လူထုရှင်းလင်းပွဲများ ပြုလုပ်ခဲ့သည်။ ဒီကေဘီအေသည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ခွဲထွက်ကာ မြန်မာအစိုးရနှင့် ပူးပေါင်းခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်အုပ်စုကို ပြန်လည် တိုက်ခိုက်ခဲ့ရာမှ ယခု အပစ်အခတ် ရပ်စဲလိုက်သည့်အပေါ် သံသယ၀င် နေသူများလည်း ရှိသည်။
Credit http://kanyawpo.blogspot.com/2011/11/blog-post_12.html
မြင်တော်မူကြတဲ့အတိုင်းပါပဲ ပြဿနာက ကြီးလာမှာလား ငယ်သွားမှာလားဆိုတာတော့ မပြောတတ်ပါဘူး။ အောက်ကစာသားမှာက ကလိုထူးဘောတပ်လို့သာ ရေးထားပါတယ်၊DKBA လို့ရေးမထားပါဘူး။
ကရင်အမျိုးသားနှင့် ငြိမ်းချမ်းရေးပြဿနာ
ဆရာ ဗန်းမော်တင်အောင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ ရာစုနှစ်ပေါင်းများစွာက အခြေချနေထိုင်လာခဲ့ ကြသော ကရင်အမျိုးသားများသည် မိမိတို့ဘာသာဘာဝအလျှောက် ဘာသိဘာသာနှင့် အေး အေးချမ်းချမ်းလုပ်ကိုင် စားသောက်ကာ နေထိုင်ခြင်းပြုခဲ့ကြသော တိုင်းရင်းသားလူမျိုးစုကြီး တစုဖြစ်လေသည်။
မြန်မာနိုင်ငံတော်၏ သမိုင်းတိုးတက်မှုကိုလေ့လာသောအခါ အခြားသောတိုင်းရင်းသားလူမျိုးစုများ ဖြစ်ကြသည့် မွန်၊မြန်မာ၊ရခိုင်နှင့်ရှမ်းတို့ အချင်းချင်း၏ပဋိပက္ခစစ်ပွဲများကိုသာ အများဆုံးတွေ့ရှိရလျှက် ကရင်လူမျိုးစုနှင့်ပတ်သက်သောပဋိပက္ခစစ်ပွဲများကို မတွေ့ရှိရသလောက်သာလျှင်ဖြစ်ပေသည်။
ပုဂံခေတ်ပထမမြန်မာနိုင်ငံကို ထူထောင်ခြင်းပြုခဲ့ကြသောအချိန်ကာလ ပေါ်ပေါက်ခဲ့သောလူမျိုးရေးဆိုင်ရာ ပဋိပက္ခစစ်ပွဲများကိုလေ့လာသောအခါ မွန်မြန်မာနှင့်ရှမ်းမြန်မာတို့၏ အရေးအခင်းသာဖြစ်သကဲ့သို့ တောင်ငူ၊ညောင်ရမ်းခေတ် ဒုတိယမြန်မာနိုင်ငံတော်ကိုမထူထောင်နိုင်မီ ကြားကာလသမိုင်းသည်လည်း
ရှမ်းမြန်မာနှင့်မွန်ရှမ်းတို့၏အရေးအခင်းများသာ ဖြစ်သည်ကိုတွေ့ရှိရသည်။ တောင်ငူ၊ညောင်ရမ်းခေတ်သည်လည်း ရှမ်းမြန်မာနှင့်မွန်မြန်မာတို့၏အရေးအခင်းသာလျှင် လွှမ်းမိုးများပြားလျှက် နောက်ဆုံးကုန်းဘောင်ခေတ် တတိယမြန်မာနိုင်ငံတော်အား မွန်မြန်မာနှင့် ရခိုင်မြန်မာတို့၏ အရေးအခင်းများသာဖြစ်ကြောင်း တွေ့ရှိရလေသည်။
ယင်းသို့မြန်မာနိုင်ငံတော်၏ သမိုင်းဖြစ်ပေါ်တိုးတက်မှုတလျှောက်လုံး အခြားမည်သည့်တိုင်းရင်းသား လူမျိုးစုများနှင့် ပဋိပက္ခသော်လည်းကောင်း၊စစ်မက်သော်လည်းကောင်း ဖြစ်ပွါးခြင်း မရှိပဲ မိမိတို့၌ရှိသမျှကလေးနှင့်ရောင့်ရဲတင်းတိမ်ကာ အေးအေးချမ်းချမ်းနေထိုင်လာခဲ့ကြသော ကရင်လူမျိုးများသည် ကျွန်ဘဝမှဤတိုင်းပြည်၏လွတ်လပ်ရေးကို ပြန်လည်ကြောငြာခြင်းပြုခဲ့သည့် အချိန်မှစ၍ အဘယ့်ကြောင့်မငြိမ်မသက်ဖြစ်ကာ အပြင်းအထန်ဆုံးနှိမ်နင်းခြင်းကို ခံနေရသနည်း။
လွတ်လပ်ရေးကြေငြာပြီးကာစက တန်းတူရေးနှင့်ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုခဲ့ကြစဉ်ကလည်း တစ်ချက်ထိုးလျှင်နှစ်ချက်ပြန်ထိုးမည်ဟု ခြိမ်းခြောက်ခြင်းခံခဲ့ရပြီးလျှင် နောက်ပိုင်းတွင်မူကား ကရိုင်း များဟူ၍လည်းကောင်း၊ကရင်ဆိုးများဟူ၍ပင်လည်ကောင်း အမျိုးမျိုးချိုးဖဲ့ပြောဆိုခြင်းကို ခံခဲ့ကြရသည်၊ခံနေကြရတုံးလည်းဖြစ်သည်။
ကရင်အမျိုးသားများသည် ဤတိုင်းပြည်ကိုလွတ်လပ်ရေးကြေငြာသောအခါ ဤတိုင်းပြည်၌ရာစုနှစ် ပေါင်းများစွာက နေထိုင်လာခဲ့သောတိုင်းရင်းသားလူမျိုးစုကြီးအနေနှင့် ၎င်းတို့လည်းရသင့်ရထိုက်သော အခွင့်အရေးကို ဒီမိုကရေစီစည်းဝိုင်းကြီးအတွင်း၌နေထိုင်ကာ ဒီမိုကရေစီကျကျတောင်းဆိုခဲ့ကြသည်၊ တရားသဖြင့်မဟုတ်သောကိစ္စကိုလည်း ငန်းငန်းတက်မတောင်းဆိုခဲ့ကြချေ။
တိုးတက်ယဉ်ကျေးသောလူမျိုးများပီပီ မိမိတို့၏ကံကြမ္မာမိမိတို့ဘာသာပြဌာန်းခွင့်နှင့် အခြားတိုင်းရင်းသား များနည်းတူ တန်းတူအခွင့်အရေးပေးဘို့သာ တောင်းဆိုခဲ့ခြင်းပြုခဲ့ကြသည်၊သို့ရာတွင် ဤပြည်ထောင်စု တိုင်းရင်းသားများ၏ တရားသဖြင့်နှင့်ဒီမိုကရေစီကျကျတောင်းဆိုချက်ကို ထိုအချိန်ကအာဏာပိုင်များသည် မခန့်မငြားသဘောထားကာ မထိတရိပြုလုပ်နေခဲ့သည်။
၎င်းတို့၏တောင်းဆိုချက်ကို မပေးရုံမျှသာမက မထိတရိနှင့်မခန့်မငြားပြုလုပ်ခြင်းခံလာရသော အခါတွင် ကရင်အမျိုးသားများသည် လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်၊ မယုံမကြည်နှင့်မငြိမ်မသက်ဖြစ်လာကြသည်၊ ယင်းသို့ဖြစ်ပွါးလာသော ကရင်အမျိုးသားများ၏လှုပ်ရှားမှုနှင့်စိုးရိမ်မှုတို့ကို ပြေလည်သွားအောင် မှန်မှန် ကန်ကန်နှင့်အရေးတယူဖြေရှင်းပေးရမည့်အစား တလွဲဆံပင်ကောင်းနေခဲ့ကြသည်၊ ဤနည်းဖြင့် ကရင်အမျိုးသားတို့၏လက်နက်ကိုင်စစ်ပွဲကြီး ပေါက်ကွဲထွက်လာခဲ့ရသည်။
ယင်းသို့ ပြည်ထောင်စုအစိုးရနှင့် ကရင်အမျိုးသားလက်နက်ကိုင်နိုင်ငံရေးအင်အားစုများ ဖြစ်ပွါး လာခဲ့ကြသောလက်နက်ကိုင်ပဋိပက္ခသည် ယခုအခါတွင် ၁၃နှစ်ကျော်လွန်ကာ၁၄နှစ်အတွင်းသို့ ချင်းနင်းဝင်ရောက်လာခဲ့လေပြီ၊ သို့ရာတွင် ထိုလက်နက်ကိုင်ပဋိပက္ခသည် ပြေလည်ပြီးငြိမ်းချမ်းခြင်း မရှိသေးချေ၊ ပြင်းပြင်းထန်ထန်ဖြစ်ပွါးလျှက်ရှိနေတုံးသာဖြစ်သည်။
ထို့ကြောင့် ဖက်ဆစ်နှင့်ဒီမိုကရေစီဘယ်သင်းရွေးမလဲ ဟူ၍ မဲခေါ်ကာတက်လာခဲ့သော ပထမအစိုးရသည် ၁၃နှစ်ကျော်ကျော်၁၄နှစ်ခန့်မျှ ကရင်အမျိုးသားများအပေါ်စစ်ပြုနေသော မိမိတို့ ၏လုပ်ငန်းကို ပြန်လည်စဉ်းစားသင့်လှပြီဟု တင်ပြလိုသည်။
မြန်မာနိုင်ငံတော်၏သမိုင်းတလျှောက်လုံး မည်သည့်တိုင်းရင်းသားလူမျိုးစုနှင့်မှ ပဋိပက္ခသော်လည်းကောင်း၊ စစ်မက်သော်လည်းကောင်း ဖြစ်ပွါးခဲ့ခြင်းမရှိသောကရင်အမျိုးသားများ၏ပြဿနာကို စစ်ပြု၍ ဖြေရှင်းနေခြင်းသည် ပြည်ထောင်စုကြီးတရပ်လုံး၏အရေးအနေနှင့်သော်လည်းကောင်း၊ မှန်ကန်သည် သို့မဟုတ် မှားယွင်းသည်ဆိုသောအချက်ကို လေးလေးနက်နက်စစ်ဆေးတွက်ချက်ဘို့ လိုအပ်လှပြီ
ဟုထင်ပေသည်။
သမိုင်းတလျှောက်လုံး မိမိတို့၌ရှိတတ်သမျှကလေးနှင့် အေးအေးချမ်းချမ်းနေထိုင်ခြင်း ပြုလာခဲ့သော ထိုတိုင်းရင်းသားလူမျိုးစုများ၏အရေးကို အဘယ့်အတွက် ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်း၍ မရနိုင်နိုင်မည်နည်း။
ထို့ကြောင့်နိုင်ငံတော်အစိုးရသည် ကရင်အမျိုးသားများအပေါ်၌ ၁၃နှစ်ကျော်မျှကျင့်သုံး၍ အောင်မြင်ခြင်း လည်းမရသော လက်နက်အားကိုးဝါဒကိုအမြန်ဆုံးရပ်စဲကာ ကရင်အမျိုးသားများ၏ပြဿနာကို မှန်မှန်ကန်ကန်ဖြေရှင်းခြင်းပြုနိုင်ရန်အတွက် ကရင်အမျိုးသားအကြီးအကဲများ၊ ခေါင်းဆောင်များနှင့် စားပွဲဝိုင်းတွင်ထိုင်ကာ ပွင့်ပွင့်လင်းလင်းနှင့်ရင်းရင်းနှီးနှီး ဖြေရှင်းသင့်လှသည်ထင်ပေသတည်း။
ဗန်းမော်တင်အောင်
၁၉၆၂ခု ဖေဖေါ်ဝါရီလထုတ် ကရင့်ရှေ့ဆောင်ဂျာနယ်
ရှာဖွေတင်ပြရေးသားသူ
သင်သည်ငါ့အတွက်
2003, April လထုတ် OKRSO ၁၀နှစ်မြောက်အထူးထုတ်မဂ္ဂဇင်းမှဖေါ်ပြထားချက်ကို ထပ်ဆင့် တိုက်ရိုက်ကူးယူတင်ပြလိုက်ခြင်းဖြစ်ပါသည်။
၁၉၆၂ခုနှစ်ကတည်းက ဗမာလူမျိုးတယောက်က ဒီလိုရေးလိုက်တဲ့အထိဖြစ်သွားရတယ်ဆိုတာ တော်ရုံအလွဲတွေ
ဟုတ်မယ်မထင်ပါဘူး။
အခုဆို နှစ်ပေါင်း ၄၉နှစ်ကျော်နေပါပြီ၊ သဘောထားပြောင်းမယ်ဆို ကြာလှရောပေါ့။
အခုအချိန်ရောက်လာမှ ပြောင်းဖြစ်မယ်ဆိုလျင်တောင် ဒီနည်းနဲ့တော့ တော်တော်ကို
ခက်ခဲမှာကတော့ အသေအခြာပါပဲ။
အောက်က စုစည်းတင်ပြထားတဲ့အသံဖိုင်လေးကိုသာ နားသောတဆင်ကြည့်ကြပါ။ ဘာတွေဆက်ဖြစ်လာမှာလဲဆိုတာကို ခန့်မှန်းနိုင်ကြလိမ့်မယ်ထင်ပါတယ်။
အသံဖိုင်တွေကတော့ ဘီဘီစီ အာရ်အက်ဖ်အေ ဒီဗွီဘီ အသံလွှင့်ဌာနတွေက ကူးယူထားတာပါ။ ကျန်းမာချမ်းသာကြပါစေ။
No comments:
Post a Comment