Wednesday, April 22, 2009

KNLA နှင့် DKBA ပဋိပက္ခ အထိအခိုက် အကျအဆုံး များ

ဒယ်နီယယ်ပီဒါဆင်
အင်္ဂါနေ့၊ ဧပြီလ 21 2009 22:48 - မြန်မာစံတော်ချိန်
မဲဆောက် (မဇ္ဈိမ)။ ။ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ ထိုင်းနယ်စပ်နှင့် ကပ်နေသော စခန်းတခုကို မြန်မာစစ်တပ်နှင့် ယင်း၏ မဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့ တခုတို့က သိမ်းပိုက်နိုင်ရေးအတွက် တိုက်ခိုက် နေရာ ယခုအခါ ၉ ရက် ရှိသွားပြီဖြစ်ပြီး ယနေ့မွန်းလွဲပိုင်းတွင် ၂ ဘက်စလုံးတွင် အထိအခိုက် အကျအဆုံးများကြောင်း သိရသည်။

KNLA တပ်မှူးတဦးက အဝိုင်းခံထားရသော ဝါးလေခီး စခန်းမှ ပြောကြားရာတွင် သူတို့ဘက်မှ တပ်သားတဦး ကျဆုံး၍ ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

သို့သော် ထိုသို့ အထိအခိုက် အကျအဆုံးမှာ မြန်မာစစ်တပ်နှင့် သူတို့၏ မဟာမိတ်ဖြစ်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တို့ဘက်တွင် ပိုများသည်ဟု ဆိုသည်။ နောက်ဆုံး တိုက်ခိုက်မှုများ စတင်ခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က စတင်၍ သေဆုံး ဒဏ်ရာရသူများကို သူ့တပ်ဖွဲ့ဝင်တို့က ရေတွက်ကြည့်ရာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ ရန်သူဘက်မှ ၇ ဦးသေ၍ ၃၃ ဦး ဒဏ်ရာရှိခဲ့သည်ဟု အဆိုပါ တပ်မှူးက ပြောသည်။ စခန်း အနီးတဝိုက် ထောင်ထားသော မြေမြှုပ်မိုင်းများနှင့် ထောင်ချောက် မိုင်းများကြောင့် ထိခိုက် သေဆုံးမှုများမှာ အများဆုံး ဖြစ်သည်။

ပူးပေါင်းအင်အား ၂၅ဝ ခန့်ရှိသော မြန်မာစစ်တပ်နှင့် DKBA တပ်တို့သည် ၆ဝ မမ၊ ၈၁ မမ မော်တာ အများအပြားကို အသုံးပြုကာ တိုက်ခိုက်နေကြသည်။ စခန်းတွင်းရှိ တပ်မှူးက အင်္ဂါနေ့မွန်းလွဲ ၃ နာရီခန့်က ပြောကြားရာတွင် နောက်ဆုံး မော်တာဆံများ ကျရောက် ပေါက်ကွဲခဲ့သည်မှာ လွန်ခဲ့သော ၂၅ မိနစ်ခန့်ကဖြစ်ပြီး အခြေအနေမှာ မကောင်းဟု ဆိုသည်။ “သူတို့ ကျနော်တို့ကို နေ့တိုင်း လာတိုက်နေတာ”။

ဤသို့ လာရောက် တိုက်ခိုက်မည်ကို KNLA စစ်သားများက စောစီးစွာ ကတဲကပင် မျှော်လင့်ထားခဲ့ကြပြီး၊ အသင့် ပြင်ဆင်ထားခဲ့သည်ဟု ဆိုသည်။

ထိုဒေသတခုလုံးမှာ မြေမြှုပ်မိုင်းများ၊ ထောင်ချောက် ဗုံးများနှင့် ပြည့်နှက်နေပြီး၊ KNLA အနေဖြင့် သူတို့ကိုယ်ပိုင် ထုတ်လုပ်ထားသော ရှေ့ထွက် မိုင်းများဖြင့် ခုခံတိုက်ခိုက်နေကာ ယင်းသည် မီတာ ၂၅ဝ အကွာအဝေးအထိ ထိရောက်စွာ အသုံးပြု တိုက်ခိုက်နိုင်သည်ဟု KNLA ၏ ဒုဥက္ကဌ ဒေးဗစ်သာကပေါ က ပြောသည်။

ဝါးလေခီးစခန်းသည် KNLA တပ်မဟာ ၆၊ တပ်ရင်း ၂ဝ၁ ၏ စခန်းဖြစ်ပြီး၊ ထိုင်းနယ်စပ်နှင့် ခဲတပစ်သာ ဝေးသော်လည်း သီးခြားဖြစ်နေသော နေရာဖြစ်သည်။ ထိုင်းစစ်သားများက ဤစခန်းသို့ ချဉ်းကပ်လမ်းအဖြစ် အသုံးချနိုင်ဘွယ် လမ်းကြောင်း အားလုံးကို အင်အားအ လုံးအရင်းဖြင့် ပိတ်ဆို့ ကာကွယ်ထားသည်။

Tuesday, April 21, 2009

စစ်အစိုးရက KNU ကို ဖိအားပေးနေ

မြန်မာစစ်အစိုးရနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်စခန်းတခုကို သိမ်းပိုက်ရန် ကြိုးစား နေကြောင်း သိရှိရသည်။


စခန်းတခုကို ကာကွယ်နေရာယူထားသည့် ကေအဲန်အယ်လ်အေရဲဘော်တချို့။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ KNU လက် အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၂၀၁ စခန်း တခုကို နအဖတပ်များ နှင့် DKBA တပ်ဖွဲ့များက ယခုလ ၁၆ ရက်မှ ၁၉ ရက်နေ့ အထိ ဆက်လက် တိုက်ခိုက်နေခြင်း ဖြစ်သည်။
“အခုထိ နအဖနဲ့ DKBA တပ်တွေ ပြန်မဆုတ်သေးဘူး၊ ဝေါ်လေခီး စခန်းကို ရအောင်တိုက်မယ်လို့ ပြောတယ်”ဟု KNLA တပ်ရင်း ၂၀၁ ၏ ဒု တပ်ရင်းမှူး ဗိုလ်ကြီး ဘူးဖောက ဧရာဝတီသို့ ပြောသည်။
ယင်းတိုက်ပွဲသည် လွန်ခဲ့သည့် မတ်လအတွင်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya နှင့် မြန်မာ ၀န်ကြီး ချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းတို့နှင့် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့စဉ် စစ်အစိုးရဘက်က KNU အဖွဲ့အား ငြိမ်းချမ်းရေးအတွက် နားချပေးရန် ပြောဆိုခဲ့ပြီး နောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည်။
ယခု လဆန်းပိုင်းတွင်လည်း ထိုင်းအာဏာပိုင်များမှ KNU ဒု ဥက္ကဌ စောဒေးဗစ်တာကပေါ ၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးတို့ကို ဘန်ကောက်မြို့ တနေရာတွင် ခေါ်ယူ၍ ၂ နာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
တချိန်တည်းတွင်ပင် KNU ခေါင်းဆောင် ဗိုလ်ချူပ်ကြီးစောဘိုမြ(ကွယ်လွန်) ၏သား ဗိုလ်ကြီး စောနေစိုးမြက လည်း စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် အစိုးရနှင့် အတူ ပူးတွဲလုပ်ဆောင် သွားမည်ဖြစ်ပြီး KNU တွင်ဆက်လက်ကျန်ရှိနေသောအဖွဲ့ဝင်များအနေဖြင့်လည်း ကရင် ပြည်နယ် အေးချမ်း သာယာတိုးတက်ရေးအတွက် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်း ပြောကြားထားသည်။
ဧပြီလ ၁၉ ရက်နေ့ တနင်္ဂနွေနေ့ ညပိုင်းက ထုတ်လွှင့်သွားသည့် စစ်အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြား နှင့် တွေ့ဆုံ မေးမြန်းခန်းတခုတွင် စောနေစိုးမြက ကရင်ဘာသာစကားဖြင့် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
အဆိုပါ တွေ့ဆုံမေးမြန်းခန်းကို စစ်အစိုးရပိုင် မီဒီယာများတွင် ကြိုတင်ကြေညာထားခြင်းမရှိဘဲ ထုတ်လွှင့်ပြသ သွားခြင်းဖြစ်သည်။ယခုကဲ့သို့ စစ်အစိုးရနှင့်ငြိမ်းချမ်းရေး ရယူခြင်းမှာ KNU ခေါင်းဆောင် ၄င်း၏ဖခင် ချမှတ်ထားသော လမ်းစဉ်ကို အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း၊အဆိုပါငြိမ်းချမ်းရေးလမ်းစဉ်ကို ဦးလေး တော်စပ်သူ ဗိုလ်ထိန် မောင်က လုပ်ဆောင်ခဲ့ရာ ဗိုလ်ထိန်မောင်နှင့်အဖွဲ့ဝင်များ ဖိနှိပ်ချူပ်ခြယ်ခြင်းမရှိ လွတ်လပ်စွာသွားလာနိုင် ခြင်း၊ အေးချမ်း စွာဖြင့် စားဝတ်နေရေး အပါအ၀င်ဖွံ့ဖြိုးတိုးတက်လာသော အခြေအနေအရပ်ရပ်ကို ကိုယ်တိုင် သိမြင်တွေ့ကြုံ လာရသည့်အတွက် စစ်အစိုးရနှင့်ငြိမ်းချမ်းရေး ရယူလိုက်ခြင်းဖြစ်ကြောင်း စောနေစိုးမြ ကပြောဆိုသည်။
လက်ရှိ KNU ဗဟိုဌာနချုပ်သည် နိုင်ငံရေးကို ကစားစရာဟု သတ်မှတ်ပြီး ဆုံးဖြတ်ချက်လည်း တိတိကျကျ မရှိ သည့်အတွက် သေချာစွာစဉ်းစားပြီးငြိမ်းချမ်းရေးလမ်းစဉ်သို့ ပြန်လာစေချင်ကြောင်း၊ KNU လက်ရှိ ခေါင်း ဆောင် များတွင် ကရင်များပါသလို ကရင်မဟုတ်သူများလည်း ပါဝင်နေပြီး ကရင်ပြည်နယ် အရေးထက် ၄င်းတို့ ကောင်း စားရေးကို ဦးတည်လုပ်ဆောင်နေသည်ဟု ၄င်းကဆက်လက်ပြောသည်။
နှစ်ပေါင်း ၆၀ ကြာ စစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေသည့် အကြီးဆုံးသော တိုင်းရင်းသားအဖွဲ့အစည်း KNU မှ ဗိုလ်ကြီးစောနေစိုးမြသည် တပ်သား အင်အား ၁၀၀ ကျော် ၏ မိသားစုဝင်များနှင့်အတူ လက်နက်ခဲယမ်း မီးကျောက်များနှင့်တကွကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး ကျေးရွာတွင် စစ်အစိုးရနှင့်ငြိမ်းချမ်းရေးရယူ ထားသော ဗိုလ်ထိန်မောင်အဖွဲ့နှင့် ၂၀၀၉ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် လာရောက်ပူးပေါင်းခဲ့သည်ဟု စစ်အစိုးရ မီဒီယာများတွင် အကျယ်တ၀င့် ဖော်ပြခဲ့သည်။
ဧရာဝတီသတင်းဌာနမှ ကူးယူဖော်ပြသည်။

KNU reject Saw Nay Soe Mya Interview


စောနေစိုးမြ အင်တာဗျုး


KNU ခေါင်းဆောင်များ သူ့ အဖေ မရှိသည့် နောက် အားလုံးကိုချုပ်ကိုင်ထားပြီးလက်ဝါးကြီးအုပ် ထား ဟု စောနေစိုးမြ အင်တာဗျုး တွင်ပြော(ဗီဒီယို)April 20, 2009 · ၂၀ ဧပြီ ရန်ကုန်၊ ၊Freedom News Groupထော့ကော့ကိုးတွင် သွားရောက်အခြေစိုက် သော ကွယ်လွန်သူ ဗိုလ်ချုပ်မြ ၏ သားဖြစ်သူ စောနေစိုးမြ က မြန်မာ့ရုပ်မြင်သံကြား နှင့် မြ၀တီ ကို၎င်း ၏အမြင် နှင့် သူ့ အဖေချမှတ်ထားသော မူများကိုလက်ရှိ KNU ခေါင်းဆောင်များက လိုက်နာမှုမရှိကြောင်းထော့ကော့ကိုးတွင် ပြောနေ စဉ်။
Late KNU/KNLA leader General Saw Bo Mya 's son give interview at Burma state-run MRTV and Mya Wadi Television Channel

Sunday, April 19, 2009



ကရင့်အမျိုးသမီးလှုပ်ရှားမှုအဖွဲ့ 


ကရင့်အမျိုးသမီးလှုပ်ရှားမှုအဖွဲ (ပြည်တွင်း)့၏ မတ်လလှုပ်ရှားမှုလေးတခုဖြစ်သည်

ကျမဖြတ်သန်းခဲ့ရသောဘန်ကောက်ခရီးလမ်း

ကျမဖြတ်သန်းခဲ့ရသော ဘန်ကောက်ခရီးလမ်းလွန်ခဲ့သော ၂၀၀၃ခုနှစ်ကာလ ကျမအသက်၁၆နှစ်အရွယ် ၈တန်းကျောင်းသားဘ၀ စာမေးပွဲဖြေပြီးခါစ နွေဦးအခါတွင် ဘန်ကောက်မြို့ မှ ပြန်လာသောဝမ်းကွဲအစ်မတစ်ယောက်၏ အပြောကောင်းမှုဖြင့် ကျမဘန်ကောက်မြို့ သို့ လိုက်သွားရန်စိတ်ဆန္ဒပြင်းပြခဲ့ရ၏။ မှန်ပါသည် ဘန်ကောက်မှာအလုပ်လုပ်ပြီး ငွေအသင့်အတင့်စုဆောင်းမိ၍ မိသားစုမောင်နှမကို ထောက် ပံ့နိုင်သောဝမ်းကွဲအစ်မကိုသဘော ကျမိသည် ။ဘန်ကောက်သို့ မလိုက်သွားရန် မိုးမိုးနဲ့ ပါးပါးတားမြစ်သော်လည်း ကျမဆန္ဒများမလျော့ခဲ့။ နွေရာသီရောက်တိုင်းအားလပ်သောလယ်ယာပြီးစီးချိန်ဖြစ်၍ပါးပါးမှာထင်းခုတ်သွား၍ မိုးမိုးနဲ့ ကျမ မှာတောအရက်ချက်ချင်းဖြင့် အချိန်ကုန်ခဲ့ရလေသည်။ မိသားစုမောင်နှမ ၄ယောက်အနက်ကျမမှာ ဒုတိယ မြောက်သမီးဖြစ်၍ အစစအရာရာ မိုးမိုးနဲ့ ပါးပါးကိုဝိုင်းဝန်းကူညီခဲ့ရလေသည်။ အဦးဆုံးအစ်ကိုတစ်ယောက်မှာကိုယ်ရင်ဝတ်သွား၍ကျန်ရှိနေသောမိသားစုမှာမိုးမိုးနဲ့ပါးပါးအကြီး ဆုံး ကျမမှာ မောင်လေး၂ဦး ၅ယောက်သာဖြစ်သည်။ ခေတ်စားလာသော ဘန်ကောက်ခေတ်သည် ကျမတို့  ဘားအံမြို့ နယ် ကော့ကသောင်ကျေးရွာ မောင်မယ်များ မလွန်ဆန်နိုင်ခဲ့ပါဘူး။ ရေကြည်ရာ မြက်နုရာ မဆိုခဲ့ပေမဲ့ မတူကွဲပြားခြားနားလှသော နိုင်ငံရေးခေတ်ရေစီးကြောင်း ၊ စီးပွားရေးရေစီးကြောင်းများကြောင့်ကျမတို့  လည်း လူတောထဲမှ လူသားတစ်ဦးမို့  မတူညီသော ဘ၀အနိမ့်အမြင့်ကို ခါးသီးစွာ မရင်ဆိုင်ရဲပါ။ လူမှာအ၀တ် တောင်းမှာ အကွတ် ဆိုသလို လူဖြစ်လာမှ အရှက်နဲ့ အကြောက်ရှိတတ်စမြဲပါ။ပူပြင်းလှသော တန်ခူး၊ ကဆုန် နွေဦးကာလမို့  လောကဟင်းလင်းပြင်တစ်ခုလုံး ပူလောင် ခြောက်သွေ့ လှပေသည်။ ကျမမှာအဖို့ ဘန်ကောက်တက်ရန်ဖြင့် တက်ကြွပြီး စိမ်းစိုလမ်းဆန်းလျက်ရှိနေ ပါသည်။ ဤသို့ ဖြင့် မိုးမိုးက အိမ်နီးနားချင်းဆီမှ လမ်းစရိတ် ၃ သိန်း ၈သောင်းကို ချေးယူကာ ဘန်ကောက် ခရီးဆန်ခဲ့ရလေသည်။ မနက်ပိုင်းတွင် မိုးမိုးနဲ့ ပါးပါးကို ရှိခိုးကန်တော့ကာ ရွာမှမြ၀တီမြို့ သို့ ညနေစောင်း ၄ နာရီအချိန်တွင် ရောက်ခဲ့သည်။ မြ၀တီမှာ ၁ရက်နားပြီး ဘန်ကောက်သို့  သွားရန်လူစုသည်။ လူအားလုံးမှာ (၈၀) ခန့် ဖြစ်သည်။ ညနေပိုင်းအချိန်တွင် သောင်းရင်းမြစ်ကို တိတ်တဆိတ် ဖြတ်ကူးပြီး ဘန်ကောက်မြို့ သို့  ခြေလျင်သွားခဲ့ရသည်။ နေ့ ရောညပါ မအိပ်တမ်း လမ်းလျောက်ခဲ့ရသည်။ ၂ ရက်မြောက်သောနေ့  တွင် အချို့ သောသူများလမ်းမလျောက်နိုင်၍ အယောက်(၄၀)ခန့် ပြန်လည့်သွားခဲ့သည်။ (၃)ရက်မြောက် သောနေ့ တွင်လမ်းပြက လမ်းခရီးတ၀က်ရောက်ပြီးဟုဆိုကာ ထိုည၌ တောထဲတွင် အိပ်ခဲ့ရသည်။ သန်း ခေါင်ယံအချိန်တွင် ကျမတို့ အုပ်စုအိပ်မောကျနေစဉ် လူအုပ်စုတစ်စုရောက်လာ၍ ယိုးဒယားလိုစကားပြောကာ ကျမတို့ထဲမှအချောဆုံးအလှဆုံး ကရင်မ လေးသုံးဦးကို အတင်းအဓ္ဓမ ဆွဲခေါ်သွားခဲ့သည်။ မိန်းခလေး၃သုံးမှာ အသက်ထွက်မက ငိုယိုတောင်းပန်၍ အတင်းဆွဲခေါ်သွားခဲ့သည်။ မည်သူတစ်ဦး တစ်ယောက်မျှ မလှုပ်ရဲမတောင်းပန်ရဲကြ။ကျမ များစွာ တုန်လှုပ်ခြောက်ခြားမိပါသည်။ ကံကောင်းထောက်မ၍ ၀မ်းကွဲအစ်မပါမသွားခြင်းဖြစ်သည်။ အကယ်၍ အစ်မပါသွားခဲ့ပါမူ ကျမမည်သို့ ဖြစ်မည်နည်း။ ဘန် ကောက်ဆိုတာလည်းကြားဖူးရုံသာ တစ်ခါမှ မရောက်ဖူးခဲ့။ အသိမိတ်ဆွေလည်းမရှိ။ ကျမမည်သို့  ဖြစ်သွားမည်းနည်း။ ကျမအတွေးများ တောမီးလောင်သလို ပူပြင်းရိုက်ခတ်နေပါသည်။ လူအုပ်ထဲ မှာ ကျမတစ်ဦးသာအငယ်ဆုံးဖြစ်သည်။ ထိုအချိန်၌ ကျမမှာ အပျိုရုပ်ပင် မပေါက်သေးပါ။ ထိုခဏ မှာ လမ်းပြတစ်ဦးက ကရင်လိုပြောကာ“ ဘာချနော မိုင်အေး ၊ ဘာချနော မိုင်အေး၊ ကဲ လီလော့” “ဘာမှမဖြစ်ပါဘူး ၊ ဘာမှမဖြစ်ပါဘူး၊ ကဲဆက်သွားမယ်” ဟုဆိုကာ ညသန်းခေါင်းအချိန်ခရီးထွက် ခဲ့ရသည်။ ကျမအရမ်းပင် ငိုချင်လှပါသည်။ မောလည်းမော၊ အိပ်ရေးလည်းမ၀၊ အားလည်းကုန် အစားအစာမ၀တ၀၊ ရေလည်းငတ်မျိုးစုံဖြင့် ကျမတသက်တာတွင် မကြုံဘူးသေးသည်. ဘန်ကောက်လမ်းခရီး ဘ၀ဇတ်ဆရာကို ကခဲ့ရပါသည်။ အားမငယ်ပါနဲ့ ညီမလေး ဟိုဘက်ရောက် ရင် အားလုံးအဆေပြေမှာပါဟု ကျမကိုအစ်မ အားပေးစကားပြောခဲ့ပါသည်။ ကျမအိမ်ကို အရမ်းပဲ လွမ်းတယ်၊ မိုးမိုးနဲ့ ပါးပါးကို အရမ်းသတိရတယ်၊ ကျမအိမ်ပြန်လှည့်ချင်လိုက်တာ။ ၀မ်းကွဲအစ်မက လမ်းခရီး တ၀က်ကျော်ပြီး လမ်းစရိတ်လည်း အကြွေးနဲ့ အတိုးနဲ့ ချေးထားတာ ၊ မင်းအိမ်ပြန်လှည့်ရင် လမ်းစရိတ်လည်း ပြန်မရတော့ဘူး။ မင်းတို့ မိဘ မွဲပြီးသာမှတ်ဟု ကျမကို ဆူပူကြီမ်းမောင်းလေသည်။(၄) ရက် မြောက်သောနေ့ တွင် ကျမလမ်းမလျောက်နိုင်တော့ပါ။ စီးလာသောဖိနပ်လည်းကြိုးပြတ်၊ လမ်းမှာ ပုလိပ်လည်းကြောက်ရ၊ သူခိုးဓါးပြလည်းကြောက်ရ၊ မြင်းဆေးသမားတွေးလည်းကြောက်ရ၊ ညအချိန် ကျွတ်၊ကင်း၊ မြွေဆိုးတွေလည်းကြောက်ရ မျိုးစုံဖြင့် ခရီးဆက်ခဲ့ရသည်။ ဖိနပ်မရှိသဖြင့် ခြေဖ၀ါးများနီရဲရောင်ရမ်းကာ နာကျင်နေပါသည်။ ထိုအထဲတွင် ဦးကြီးတစ်ယောက်က လာသမီး ဦးကျောပိုးထမ်းသွားမည်ဟုဆိုကာ ကျမကို ကျေပိုးထမ်းသွားခဲ့လေသည်။ဦးကြီးကိုကျမအရမ်းအားနာပါတယ်ကျမအတတ်နိုင်ဆုံးကြိုးစားပြီး လမ်းလျောက်သွားပါမည် ဟုဆိုကာ ဦးကြီးစီးသော ဖိနပ်ကို ကျမကိုပေးစီးကာ တစ်ယောက်တစ်လှည်စီ စီးခဲ့ရလေသည်၊၊ ကျမကို ကျမအားတင်းကာ လမ်းလျောက်ခဲ့ရပါသည်။ ၅ရက် ၅ည လုံးလမ်းလျောက်ခဲ့ရသည်။ ဘန်ကောက်မြို့ ရောက်ခါနီး ဦးကြီးကို ကျမကန်တော့ကာ ကိုယ်စီကိုယ်ငှ လမ်းခွဲကာ လိုရာခရီး ဆက်ထွက်ခဲ့ရလေသည်။ကျမဘန်ကောက်တွင် အလုပ်မျိုးစုံဖြင့်အလုပ်လုပ်ခဲ့ရပြီး ရွာမှကျန်ရှိနေတဲ့ မိုးမိုးနဲ့ ပါးပါး ရယ်၊ မောင်လေး၂ယောက်ရယ်ဖြင့် သတိရလွမ်းဆွတ်လျက်ရှိနေပါတယ်။ ၂၀၀၉ ခုနှစ် နှစ်သစ်ကူးမှာ ဘန်ကောက်မြို့ ဘုရင့်ပန်းခြံ မှာ ရွာမှာရှိတဲ့သူငယ်ချင်းတစ်ချို့ နှင့်ဆုံတွေ့  ဖြစ်ခဲ့သည်။ နှစ်တိုင်းလိုလိုပင် ပန်းခြံမှာ ကျမသွားဖြစ်ခဲ့သည်။ တစ်ဦးနှင့်တစ်ဦးတွေ့ ကြခင်ကြ အချင်းချင်းမိတ်ဆက်ကြဖြင့် ထောင်းသောင်းမက များပြားလှစွာသော ကရင်မောင်မယ်လေးများ လာဆုံတွေ့ ကြသည်။ တိုင်းတပါးနိုင်ငံမှာ ကြောက်ရွံ့ မှုပေါင်းများစွာ၊ အခက်အခဲပေါင်းများစွာ၊ဒုက္ခ ဆင်းရဲ ပေါင်းများစွာရပ်တည်ခဲ့ရသော တရားမ၀င်ရွေ့ ပြောင်းအလုပ်သမားအဖြစ် တိုင်းပြည် မရှိသောလူသားများကဲ့သို့ ရပ်တည်ခဲ့ရခြင်းကို ရွာကျန်ရှိနေတဲ့ ရွာသူကြီးများ၊ ဘုန်းကြီးရဟန်းများ၊ လူကြီးသူမများ၊ မိဘဆွေမျိုးအသိုင်းအ၀ိုင်းများ၊ ကလေးသူငယ်များ မျှဝေခံစား ပြောပြချင်လှပါဘိ။ရက်၊ လ၊ နှစ်ပြောင်းလဲလာသည်နှင့်အမျှ ကျမတို့ ဘ၀ပြီးပြည့်စုံခြင်းမရှိခဲ့ပါဘူး။ မိသားစု တို့ ၏ စားရေး၊ ၀တ်ရေး၊ နေရေး အစစအရာရာကျမတို့ ပံပိုးခဲ့ရတယ်။ ဘန်ကောက်မှာ ၆နှစ်ကာ လမျှကြာသွားခဲ့လေပြီး၊၊ အိမ်ကိုလည်းအရမ်းလွမ်းနေတာပဲ။ နောက်ပြီး လမ်းခရီးမှာ ကျမကို ကယ် တင်ခဲ့တဲ့ဦးကြီးကို ကျမအမြဲသတိရနေပါတယ်။ ဦးဦးရဲ့ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်ကိုလည် ကျမ မရ ခဲ့ပါဘူး။ လမ်ခွဲပြီး ဦးကြီးကို ထိုင်ပြီးရှိခိုးကန်တော့ချိန်မှစပြီး ဦးဦးနဲ့ တခါမှ မဆုံဖြစ်ခဲ့ပါဘူး။ ဦးကြီးနဲ့ အဆက်အသွယ်လုပ်ချင်လဲ ဘယ်သူနဲ့ မှအဆက်အသွယ်မရခဲ့ပါဘူး၊၊ ဦးဦးကို ကျေးဇူး ဆပ်ချင်တယ်၊၊ ဦးဦးနဲ့ တွေ့ ချင်တယ်။ နေရပ်လိပ်စာ မယူမိခဲ့တဲ့သမီးရဲ့ အားနည်းချက်ကို နားလည် ပေးပါနော် ဦးဦးရယ်……………………….။(ဘားအံမြို့ နယ်+ကော့ကသောင်ကျေးရွာ)လောကနိယာမတရားတို့ ၏လိုတာမရ ရတာမလို၊ ကြုံရ ဆုံရ တခဏ၀ယ်မှန်ကန်သစ္စာ၊ ရိုင်းပင်းကူညီ၊ သနားညှာတာဖြစ်စေကာမူ ကုသိုလ်ပါရမီ ဖြစ်မည်သာတည်း။ ။လူသားအချင်းချင်းကူညီတတ်မှု၊စာနာထောက်ထားမှုကို ရှေးရှုလျက်။ကရင့်အမိမြေ မှရှာဖွေတင်ပြသည်။

Comments (0)
ဇိုယာဖန်း၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထုတ်ဝေမည်
Friday, 17 April 2009 18:59 သန်းထိုက်ဦး

ကရင်အမျိုးသား ခေါင်းဆောင် တဦးဖြစ်သည့် ဖဒိုမန်းရှာ (ကွယ်လွန်) ၏ သမီးဖြစ်သူ ဇိုယာဖန်း ရေးသားပြုစုသော Little Daughter: A memoir of survival in Burma and the west အမည်ရှိ စာအုပ် တအုပ်ကို ထုတ်ဝေမည်ဖြစ်ကြောင်း သိရှိရသည်။
စာရေးသူ ဇိုယာဖန်းက ယခုစာအုပ်ထုတ်ရခြင်းသည် မြန်မာ ပြည်သူလူထုကို ကမ္ဘာက ပိုမို အာရုံစိုက်လာရန် အဓိက ရည်ရွယ်ခြင်းဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။ “မြန်မာပြည် အခြေအနေကတော့ လူထုတွေ ဒုက္ခရောက်နေတယ်၊ အမှန်ဆိုရင် တိုင်းရင်းသား လူမျိုးစုတွေ မက ပါဘူး၊ ဗမာတွေလဲ စစ်အာဏာရှင် စနစ်မှာ ဖိနှိပ်ခံရတယ်၊ အဲဒါကြောင့် ကမ္ဘာက ဒီထက်ပိုပြီးတော့ သိအောင် အာရုံစူးစိုက်လာအောင် နားလည်အောင် အကူညီပေးလာအောင် ကျမ အဓိက ဒီစာအုပ်ကို ရေးတာဖြစ်ပါတယ်” ဟု ပြောသည်။ ယခုထုတ်ဝေသော စာအုပ်ထဲတွင် မြန်မာနိုင်ငံမှာ ရှိသည့် ကရင်တိုင်းရင်းသားများအပြင် တခြားသော တိုင်းရင်း သား လူမျိုးစုများအပါအ၀င် မြန်မာပြည်သူများ စစ်အာဏာရှင် စနစ်အောက်တွင် ဖိနှိပ်ခံနေရသည့်အကြောင်း များ ပါဝင်သည်ဟု သိရသည်။ ယင်းစာအုပ်ကို နိုင်ငံတကာသို့ ဘာသာပေါင်းစုံ ဘာသာပြန်၍ ထုတ်ဝေသွားရန် အစီအစဉ်ရှိသည်ဟု ဇိုယာဖန်း က ပြောသည်။ ဇိုယာဖန်းသည် နှစ်ပေါင်း ၆၀ ကျော် မြန်မာအစိုးရကိုတော်လှန်တိုက်ခိုက်နေသော ကရင်တိုင်းသား အဖွဲ့တဖွဲ့ရှိ မိဘ နှစ်ပါးမှ မြန်မာပြည် တောတွင်းတနေရာတွင် မွေးဖွားခဲ့သူ ဖြစ်သည်။ သူ ၏ မိဘများမှာ ကရင်လွတ်မြောက် ရေး တိုက်ပွဲဝင် ပြောက်ကျား ရဲဘော်များ ဖြစ်ကြသည်။ထိုအချိန်က ဇိုယာဖန်းတို့မိသားစုသည် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ပေါ်တွင် ခြေတန်ရှည် အိမ်ကလေး များ ဆောက်လုပ်နေထိုင်ကြရကြောင်းနှင့် သူချစ်ခင်သော မွေးစား အစ်ကို တဦးရှိကြောင်းလည်း ယခုစာအုပ်တွင် ရေးသား ဖော်ပြထားသည်။ဇိုယာဖန်း ၁၄ နှစ် သမီးအရွယ်တွင် သူနေထိုင်သည့် ရွာကို မြန်မာအစိုးရ စစ်တပ်က တိုက်ခိုက်ပြီး အိမ်ကိုလည်း မီရှိုးဖျက်ဆီးခံရသောကြောင့် မိသားစုနှင့် အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း စာအုပ်တွင် ပါရှိသည်။ထိုသို့ ၂ နှစ်ခန့် ပြေးလွှား၍ တောတွင်း၌ ပုန်းအောင်း နေရာမှ နောက်ဆုံးတွင် ထိုင်းနယ်စပ်ကို ဖြတ်ကျော်၍ ဒုက္ခသည် စခန်းတွင်းသို့ ရောက်ရှိသွားပြီး ၂၀၀၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၌ နိုင်ငံရေး ခိုလှုံခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု လည်း သိရှိရသည်။ထို့နောက် ဇိုယာဖန်းကို ဘီဘီစီ အသံလွှင့် ဌာနက အင်တာဗျူး ပြုလုပ်ရာမှ နိုင်ငံတကာမှ အာရုံစိုက်ခံခဲ့ရခြင်းဖြစ် သည်။အဆိုပါ စာအုပ်သည် အသက် ၂၈ နှစ်ရှိ ဇိုယာဖန်း၏ ဘ၀ဖြတ်သန်းမှု အတွေ့ကြုံများကို ရေးသားထားသော အတ္ထုပ္ပတ္တိ စာအုပ် အမျိုးအစားဖြစ်ပြီး လာမည့် ၂၀ ရက်နေ့၌ အင်္ဂလန်နိုင်ငံတွင်ထုတ်ဝေသွားမည်ဖြစ်သည်။ ပိုးကရင်တိုင်းရင်းသား တဦးဖြစ်သည့် ဇိုယာဖန်းသည် လက်ရှိ အင်္ဂလန်နိုင်ငံတွင် နေထိုင်လျက်ရှိပြီး UK အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့(Burma Campaign-UK) ၏ နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ တဦး အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။ ဇိုယာဖန်း၏ ဖခင် ဖဒိုမန်းရှာသည် လွန်ခဲ့သည့် နှစ်က ထိုင်းမြန်မာ နယ်စပ် တနေရာတွင် အမည်မသိ သေနတ် သမားများ၏ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရသည်။ဖဒိုမန်းရှာသည် ကွယ်လွန်ချိန်အထိ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ)တွင် အထွေထွေ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းအား စစ်အစိုးရကို ဆန့်ကျင်နေသည့် အတိုက်အခံအင်အားစုများ အပါ အ၀င် တခြားသော တိုင်းရင်းသားလူမျိုးစုများကပါ လေးစားခဲ့ကြသည်။

Wednesday, April 15, 2009

KNLA fights Burmese Army and DKBA

Wednesday, 15 April 2009 00:46
Mae Sot (Mizzima) - Fighting broke out tonight at the Karen National Liberation Army's base camp in Wah Lay Kee between the KNLA’s 201st Brigade, the Burma Army and its allies the Democratic Karen Buddhist Army.Speaking at a border location at about 7.15 pm Colonel Nerdah Mya said the fighting was expected to carry on into the night.For months now the camp has been on tenterhooks, with both DKBA and junta troops maintaining forward positions nearby.The KNLA lost the camp once last year, but reclaimed it within a matter of days.Colonel Nerdah said the Burmese Army and DKBA troops were now maintaining forward posts armed with heavy armour that was capable of hitting the main base camp at any time.

by Daniel Pedersen

ပြည်ပမြေရောက် မြန်မာ များ ရှက် မဆုံးတော့သည်

ခုတလော မြန်မာနိုင်ငံမှာ နအဖ စစ်အစိုးရ ရေးဆွဲတဲ့ အခြေံ ဥပဒေကို ထောက်ခံဖို့ မြန်မာ့အသံနဲ့ မြန်မာ့ ရုပ်မြင် သံကြားဌာန တွေကနေ တရား ၀င် ဆော်သြနေပါပြီ။ဒီဥပဒေဟာ စစ်အစိုးရ သက်ဆိုးရှည်ရေးအတွက် လုပ်ကြံ ရေးထားတာမို့ မတရားဘူးလို့ ကန့် ကွက်သူတွေကိုတော့ စီးပွါးရေးလုပ်ခွင့် ပိတ်ပင်ခြင်း၊ ချောင်းမြောင်း ရိုက်နှက်ခြင်း၊ အမှုဆင် ဖမ်းဆီးခြင်း တွေ သင်္ကြန် ရက်မြတ် အတွင်းပါမရှောင် ဆက်တိုက်လုပ် နေပါတယ်။
နအဖစစ်အိုးရဘက်က ဘယ်လို တားဆီးနေပါစေ အမှန်တရားကိုမြတ်နိုးသူတွေ၊ ဒီမိုကရေစီစနစ် ထွန်းကား ဖို့ ကြိုးစားနေကြ သူတွေကတော့ ကြောက်မွေးပါ ဇာဂနာနဲ့ နှုတ် စိတ်မွေးပြီး မျိုးဆက်သစ် တွေနဲ့ တိုက်ပွဲခရီး ဆက်လက်ချီတက်နေပါတယ်။
မြန်မာ့အရေးကို ပြည်တွင်းမှာ ဖော်ဆောင်နေကြသလို ပြည်ပရောက်မြန်မာတွေကလည်း တတ်နိုင် သလောက် ကြိုးစားလုပ် ဆောင်နေကြတာ တွေ့မြင်ကြားသိကြမှာပါ။လွန်ခဲ့တဲ့ နှစ်ရက်ခန့်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တခုမှာ ဆယ်စုနှစ် ၂ ခု ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ကျန်းမာရေး ချို့ယွင်နေတဲ့ တော်လှန်ရေး ရဲဘော်တယောက် ကျနော့်ထံ ရောက်လာပါတယ်၊ သူက တော်လှန်ရေးမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် လမ်းကောင်းစွာ လျှောက်နိုင်စွမ်းမရှိတော့ပါဘူး။ မျိုး ဆက်သစ် အနေနဲ့တော့ သူ့မှာ ၁၂ အရွယ် အကြီးဆုံးရှိတဲ့ လူမမယ် သမီး ၄ ယောက်ရှိပါတယ်၊သူက ဒေါ်အောင်ဆန်း စုကြည် တို့၊ မင်းကိုနိုင် တို့ အဖွဲ့ နဲ့ တွေ့ ဖူးသလားတဲ့ ၊ သူတို့ အခု လက်ရှိ နိုင်ငံရေး အခြေအနေအတိုင်းကို ရှေ့ ကို ဘယ်လို ခရီး ဆက် ကြမယ်ထင်သလဲတဲ့ ဆွေးနွေး မေးမြန်းလာပါတယ်။
၁၉၉၅ ကျနော်ထောင်ကလွတ်စက ပုဇွန်တောင်မှာရှိတဲ့ အင်အယ်ဒီအဖွဲ့ဝင်တဦး ထောင်ထဲမှာ ဆုံးတာကို ဆွမ်းကျွေးတော့ ဒေါ် အောင်ဆန်း စုကြည် လာရောက်ပြီးအားပေးလို့ စကားလက်ဆုံပြောကြပြီး သိချင်တာ တွေ ဆွေးနွေးဖူးကြာင်း၊ ကိုမင်းကိုနိုင်တို့ အဖွဲ့နဲ့တော့ အပြင်မှာ မကြာခန ဆုံဖြစ်ခဲ့ကြောင်း သူ့ကို ရှင်းပြ လိုက်ပါတယ်၊ သူတို့ ရှေ့ ရေးက တော့ ပြည်တွင်းမှာပဲ သူတို့ ယုံ ကြည်တဲ့ အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ ယုံယုံကြည်ကြည်ကို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်သွားမယ်လို့ ယုံကြည်ကြောင်း ဆက် ရှင်းပြလိုက် မိ ပါတယ်၊
နောက်တော့ သူတို့လုံခြုံရေးအကြောင်း ဆွေးခန်းအရောက်မှာတော့῝ အင်း -ဒေါ်အောင်ဆန်းစုကြည်ကတော့ ရပြီးသား အခွင့် အရေးတွေကို စွန့်လွှတ်ပြီး စစ်အစိုးရ ဖမ်းဆီး နှိပ်စက်မှာကို သိရက်နဲ့ ဒီမိုကရေစီအရေး လုပ်ဆောင်နေတဲ့သူ၊ ကိုမင်းကိုနိုင်တို့ အဖွဲ့ကတော့ နအဖက ပေးမယ့် ဆွယ်လုံးအခွင့်အရေး၊ ပြည်ပထွက်ရင် ဘယ်လိုအခွင့် အရေး တွေ ရနိုင်မှန်းသိရက်နဲ့ ပြည်တွင်း မှာ စစ်တပ် ဖမ်းဆီးမှာကို ရဲရဲဝန့်ဝန့် အံတုပြီး လုပ်နေတဲ့သူတွေ῞ လို့ဖြေတော့ သူအားရကြေနပ်စွာပြုံးရင်း῝ ဒီလူတွေကို သူရဲ ကောင်းလို့ သတ်မှတ်ပြီး ခေါ်သင့်၊ လေးစားသင့် တဲ့ သူတွေ῞ မှတ်ချက်ချပြောဆိုပါတယ်။
သူရဲကောင်းနှင့် ပတ်သက်ပြီး လူတို့ အဓိပ္ပါယ်များစွာ ကျနော်တို့ မမွေးဖွားခင် ရှေးဘုရှင်ဘုရင်ခေတ်များက အဓိပ္ပာယ်တွေ ဖွင့် ခဲ့ကြဖူးပြီဖြစ်ပါ တယ်၊ သူရဲကောင်းတွေကို ပြည်သူ တွေက အထူးချစ်ခေင် လေးစားခဲ့ကြ တာ၊ ကျနော်တို့ မသိမီလိုက်တဲ့ ပုဂံ ခေတ်ကနေ ဒီနေ့ခေတ်အထိ ပါ။လက်ရှိလဲ ကျန်စစ်သားမှအစပြုပြီး ကြည်ညိုလေးစား ခံရဆဲ ဗိုလ်ချုပ် အောင်ဆန်းအထိ လူ အများက လေးစားမြဲ လေးစားဆဲပါ၊
သူရဲကောင်းတွေဟာ နိုင်ငံတိုင်းမှာ ပေါ်ပေါက်ခဲ့ကြသလို မြန်မာနိုင်ငံမှာလည်း မထင်မရှားသူရဲကောင်းတွေ ထင်ထင်ရှားရှား သူရဲကောင်းတွေ များစွာရှိနေပါတယ်၊စစ်အာဏာ ရှင်စနစ် ၁၉၆၂ ခုနှစ် စတင်ခဲ့ပြီးနောက်မှာ လွတ်လပ်မှု၊ မျှတမှု ငြိမ်းချမ်းမှု တို့အတွက် အညတြ သူရဲကောင်း တွေ များစွာ အသက်ပေး၊ ဘ၀ပေးပြီး တိုက်ပွဲဝင်ခဲ့ကြတာ ရေတွက်လို့ ရနိုင်မယ်မထင်ပါ။
သူက ပြန်ခါနီး နောက်သလိုနဲ့ စကားတခွန်းပြောပါတယ်၊အခုပြည်ပရောက် နေသူဆိုတော့ ဒေါ်အောင်ဆန်း စုကြည်တို့၊ မင်းကို နိုင် တို့အဖွဲ့ နဲ့ မြန်မာပြည်တွင်းက တိုက်ပွဲဝင် ရဲဘော်တွေကို ခင်ဗျားက ချန်ခဲ့ထားခဲ့ပြီးပြီ၊ လက်နက်ကိုင်ဖူးတဲ့ တော်လှန်သူ တဦးအနေနဲ့ ပြောရရင် ခင်ဗျား ပြည်ပထွက်လာတာ စစ်မြေပြင်နဲ့ တိုက်ပွဲကိုစွန့်ခွါမှုပဲ၊ သေဒဏ် ကျနိုင်တဲ့ ပြစ်မှု နော်လို့ ပြော ပြီး၊ ပြန်လိုက်ဦးမယ် တိုက်ပွဲဝင် ရဲဘော်ကြီးရေ ဆိုကာ နှုတ်ဆက်ပါတယ်။
သူက နောက်သလို ပြောဆိုနေပမယ့် ကျနော့် ရင်ထဲမှာ ၀မ်းနည်းကြေကွဲအလုံး ဆို့နေပါတယ်၊ကျနော်တို့ ပြည်ပရောက် မြန်မာ တွေ စစ်အစိုးရကို စီးပွါးရေးပိတ်ဆို့ဖို့ ၊မြန်မာ့ဒီမို ကရေစီအရေးကိုကူညီဖို့ ဆန္ဒပြကြ၊ ဒေသခံနိုင်ငံသားတွေနဲ့လက်တွဲပြီး မြန်မာ့ အရေးလှုံ့ ဆော်ပွဲတွေ လုပ်ကြတယ် ဆိုတာက ပြည်တွင်းကတိုက်ပွဲဝင် ရဟန်းပြည်သူ ကျောင်းသားတွေလို အနှိပ်စက်ခံ အရိုက် နှက်ခံ ၊ထောင်ကျမယ့်ဘေး၊ အသက်ဘေးတို့နဲ့ မနီးပါ။
တကယ့်အသေခံ တိုက်ပွဲဝင်သူတွေက ပြည်တွင်းစစ်မျက်နှာမှာ ရှိပါကြောင်း၊ သူပေးလိုက်တဲ့ မြန်မာ့ဒီမို ကရေစီတိုက်ပွဲဝင် ရဲ ဘော်ကြီးဆိုတဲ့ အမည် လက်ခံထိုက်ရလောက် အောင် အလုပ်အများကြီးလုပ်ဖို့ လိုပါသေးကြောင်း တွေးမိတိုင်း တာဝန်မကျေ သေးတဲ့ ကိုယ့်ကိုကိုယ် ပြည်တွင်း က နိုင်ငံရေးဆောင်ရွက်သူတွေနဲ့ ယှဉ်ကြည့်မိတိုင်း ရှက်မဆုံး ဖြစ်မိနေပါတော့တယ်။
ဖိုးသောကြာ(အညာမြေ)

နိုင်ငံရေး နားမလည်တဲ့ပြည်သူ

ကျွန်တော်ကအငြိမ်းစားပါ။ မ.ဆ.လ ခေတ်က မ.ရ.က လို့ ခေါ်တဲ့ မြန်မာ့ရေနံကော်ပိုရေးရှင်းရဲ့ ဘူမိဗေဒဌါန အရာရှိ တစ် ယောက်ပါ။ မ.ဆ.လ ခေတ်ပြုတ်ပြီး အချိန်မှာပဲ ပင်စင်ယူလိုက်ပါတယ်။ ပင်စင်ငွေထောက်ပံ့ကြေးက မလောက်ပေမယ့် ဟို တုန်း က ရထားတဲ့ဆိုင်ခန်းတခုကို ငှါးထားလို့ ရတဲ့ငွေရယ်၊ သားနှစ်ယောက်ထောက်ပံ့ ကြတဲ့ငွေလေးနဲ့  ကျွန်တော်တို့ လင်မ ယား အိုကြီး နှစ်ယောက် စားလောက်ပါတယ်။
သားတယောက်က ရေတပ်က ဗိုလ်ကြီးပါ။ နောက်တယောက်က နာမည်ရ ကျူရှင်ဆရာတယောက်ပါ။ သူတို့ လည်း ချောင် ချောင် လည်လည် ရှိကြပါတယ်။ ကျွန်တော်တို့ သားအဖသုံယောက်ရဲ့ ပြဿနာက နိုင်ငံရေးစကားပြောတိုင်း သဘောထားမတူ ညီဘဲ ရပ် လိုက်ကြရတာချည်းပါပဲ။ ဒီနေ့ တော့ ကျွန်တော်တို့ ရဲ့ လုပ်နေကြစကားဝိုင်း လေးဟာ တိုးတက်မှု့ ရှိလာပါတယ်။ သားအဖသုံးဦးရဲ့ ကွဲလွဲနေတဲ့ သဘောထား သုံးမျိုးကနေပြီး သဘောထားနှစ်မျိုးပဲဖြစ်သွားပါတယ်။ သားနှစ်ယောက်က တမျိုး ကျွန်တော်က တမျိုး။
ကျွန်တော်က ကိုလိုနီခေတ်နှောင်း၊ ဖ.ဆ.ပ.လ ခေတ်၊ မ.ဆ.လ နဲ့  န.အ.ဖ ခေတ်တွေကို မှီပါတယ်။ သားတွေကမ.ဆ.လ နဲ့  န.အ.ဖ ခေတ်တွေပဲ မှီပါတယ်။ တနေ့ တော့ သားနှစ်ယောက်နဲ့ အတူ ကျွန်တော့်အိမ်မှာ စကားပြောဖြစ်ကြပါ တယ်။ ဦးတည် ချက်ရယ်လို့ တော့ မရှိပါဘူး။ ယနေ့ ဖြစ်ပျက်နေတဲ့ တိုင်းပြည်ရဲ့အခြေအနေတွေပါ ပဲ။
ကျွန်တော်ကမေးတယ်။ အိန္ဒိယ သမုဒ္ဒရာထဲမှာ အမေရိကန်စစ်သင်္ဘောတွေ စစ်ရေး လေ့ကျင့် နေတဲ့ကိစ္စ၊ ဂျပန်က ကူညီပြီး စစ်သင်္ဘောတွေကို ဆီဖြည့်ပေး နေတယ် ဆိုတဲ့ကိစ္စ၊ နောက်တခုက အမေရိကန်က ဦးဆောင်ပြီး အာရှနေတိုးအဖွဲ့  ဖွဲ့ တော့ မယ် ဆိုတဲ့ကိစ္စတွေပါပဲ။ အဲဒါ သားတွေ ရဲ့အမြင်နဲ့ သူတို့  ဘယ်လိုကြားကြသလဲပေါ့။
စစ်ဗိုလ် သားကြီးကပြောပါတယ်။ သူလဲဒါကိုကြားပါတယ်။ ဒါမဆန်းဘူးတဲ့။ အမေရိ ကန်က ကမ္ဘာ့ပုလိပ်ကြီးလေ။
ပွဲလန့် တုန်းဖျာခင်းမယ့် အကြံယုတ်နဲ့  လှုပ်ရှားနေတာပါပဲ။ ခုလည်း မြန်မာ့ပြည်တွင်းရေးမှာ အတင်းဝင်စွက်နေတာ ဖေဖေတို့ အမြင်ပဲတဲ့။



ကျောင်းဆရာသားငယ်ကလည်း ဝင်ပြီးဆွေးနွေးပါတယ်။ ကိုကိုတို့  စစ်အစိုးရကို ကျွန်တော်တို့ မကြိုက်တာ အမှန်ပါပဲ။ဒါပေ မယ့် အမေရိကန် ဝင်လာမှာ၊ ဝင်ရောက်စွက်ဖက်မှာကိုတော့ လက်မခံနှိုင်ပါဘူးတဲ့။ ဒီနေရာမှာ သားနှစ်ယောက်စလုံး အမေရိ ကန် ဆန့် ကျင်ရေး အယူအဆမှာတော့ တူညီသွားတာတွေ့ ရပါတယ်။ ဒီအခါမှာ ကျွန်တောက်သားငယ်ကို မေးကြည့်ပါတယ်။ သားရယ် မင်းကစစ်အစိုးရကို မကြိုက်တာတော့ ဟုတ်ပါပြီ။ အမေရိကန်က မြန်မာပြည်ကို ကူညီတာပဲဆိုဆို၊ စွက်ဖက်တယ်ပဲ ပြောပြော စစ်အ စိုးရ ပြုတ်သွားရင် သားအနေနဲ့  မကျေနပ်နှိုင်ဘူးလား။ ဒီတော့ သားငယ်ကပြောပါတယ်။ သားကတော့အမြင် ရှင်းပါတယ် ဖေဖေ၊ အမေရိကန်ကသာ ဝင်လာရင် စစ်အစိုးရထက် ပိုဆိုးသွားမှာပဲ။ ဒါကြောင့် အမေရိကန်ရဲ့ ဝင်ရောက်စွက် ဖက်မှု့ ကိုတော့ အမြဲပဲ ဆန့် ကျင် သွားရမှာပဲ ဖေဖေ။ အင်္ဂလိပ်၊ အမေရိကန်ဆိုတာက ဟိုတုန်းကလည်းမကောင်းခဲ့ဘူး၊ခုလည်း မကောင်းဘူး၊ နောင်လည်း ဘယ်တော့မှကောင်းမှာမဟုတ်ဘူးတဲ့။


စစ်ဗိုလ်သားကြီးကလည်း ကျောင်းဆရာသားငယ်ရဲ့စကားကို ထောက်ခံလိုက်ပြန်ပါတယ်။ အမေရိကန်က ဝင်တဲ့ နိုင်ငံတွေ ဒုက္ခ ရောက်နေတာ ဖေဖေလည်း သိသားပဲ။ အီရတ်နဲ့  အာဖဂန်နစ္စတန်တို့က သက်သေပြနေတာပဲတဲ့။ မြန်မာ့အလင်းသတင်း စာထဲ က အတိုင်းပြောလိုက်ပါတယ်။
ကျွန်တော်နားလည်လိုက်တာကတော့ စစ်ဗိုလ်နဲ့  နိုင်ငံရေး ဝါသနာရှိတဲ့ ကျောင်းဆရာသားငယ်တို့ ဟာ အမေရိကန် ဆန့်ကျင် တဲ့ နေရာမှာ တသဘောထဲပါလားလို့  ကျွန်တော်ကတော့ အမေရိကန်၊ အင်္ဂလိပ်ကို လိုလားခြင်း၊ မလိုလားခြင်းဆိုတဲ့ တရား သေစိတ်ခံစားချက်ပေါ်မှာ မဆုံးဖြတ်တတ်ပါဘူး။ အသက်အရွယ်နဲ့ အတွေ့ အကြုံအရ မျက်မှောက်တွေ့ ကြုံ နေရတဲ့ အခြေ အနေပေါ်မှာပဲ ကောက်ချက်ချ တတ်ပါတယ်။ ကျွန်တော်နဲ့ သားနှစ်ယောက်ဟာ သဘောထားခြင်း ကွဲပြားနေပါပြီ။ ဒါကြောင့် သားတွေကို ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ မေးခွန်းတခုမေးလိုက်ပါတယ်။ သားတို့ တရုတ်ပြည်လို ကွန်မြူနစ် နိုင်ငံကြီး မှာတောင် သူတို့ လူမျိုးကောင်းစားဖို့ ဆိုရင် အရင်းရှင်အမေရိကန်နိုင်ငံနဲ့  စီးပွားရေးပူးပေါင်းဆောင်ရွှက်မှု့ ၊ စီးပွားရေးမဟာ မိတ် အဖြစ်ပူးပေါင်း ကြသေးတာပဲ။ သားတို့ ကလည်း ကိုယ့်ပြည်သူလူထု ကောင်းစားမယ်ဆိုရင် ဘာလို့  မပေါင်းနိုင်ရမှာလဲ။


ဒီတော့ သားတွေကပြန်ပြောတယ်။ တရုတ်ပြည်က မသူတော်ကို ပေါင်းမိနေတော့ ကျားမြီးဆွဲလို ဖြစ်နေပြီ ဖေဖေ။တိန့်ရှေင်ဖိန် ဝါဒီတွေ ဒီအမှားကို မုချခံကြရလိမ့်မယ်တဲ့။ ကျွန်တော်လဲသားတွေနဲ့ ဆက်ပြီးမဆွေးနွေးတော့ဘဲ၊ ကဲ ဒီလိုလုပ်ကွာ၊ ဖေဖေတို့ သား တို ၊့စားဖို့  သောက်ဖို့ ကို အမြဲတာဝန်ယူစီမံနေတဲ့ မင်းတို့ မေမေကို မေးကြည့် မယ်။ သူက နေ့တိုင်း ဈေးဝယ်ရတယ်။ ဥပုဉ်ကျောင်း သွားမယ်။ ရပ်ကွက်ထဲက သာရေး၊ နာရေးကိစ္စတွေကအစ မလစ်လပ်ရဘူး။ လူထုနဲ့ အမြဲပဲထိတွေ့ နေတဲ့ ̏လူထု” ပဲပေါ့ကွာဆိုပြီး မီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ အမေကို ခေါ်လိုက်တယ်။ ကျွန်တော်ကပဲ မေးလိုက်ပါတယ်။ ကဲ အမေကြီးလဲ ကျုပ်တို့ ပြောတာတွေ ကြားပြီးနေမှာပေါ့။ အဆုံးအဖြတ်ပေးပါအုံးလို့ ၊၊


ဒီတော့ ကျွန်တော့်ဇနီး သားတို့ အမေက “ကြားပါ့တော့် နားထဲမှာတောင် မဆန့်တော့ဘူး”။ ဒီမှာ ကျွန်မပြောမယ်၊ဦးနေဝင်း စတက် ကတည်းက နှစ်ပေါင်းလေးဆယ်ကျော် ခံခဲ့ရတာလေ။ သူပုန်ထလိုက် သပိတ်မှောက်လိုက် ဆိုတာလဲ ပြတ်တယ် မရှိ ဘူး။ လူထု ပိုပြီး ငတ်သထက်ငတ်လာတာကတော့ လက်တွေ့ ပဲ။ ခုလို အချိန်မျိုးမှာ စစ်အစိုးရပြုတ်ကျပြီး အရပ်သားအစိုးရ တက်လာဖို့ ပဲလိုတယ်။ ကုလသမဂ္ဂ တပ်ဆိုတာကြီးပဲလာလာ၊ နေတိုးတပ်ဆိုတာပဲလာလာ၊ အမေရိကန်တပ်ဆိုတာပဲလာလာ ဘယ်နိုင်ငံ ဘယ်သူကပဲ ကူညီ၊ကူညီ ကျွန်မတို့ ကတော့ လက်ခံမှာပဲ။ မြန်မာပြည် ကောင်းစားဖို့ ဆိုရင် ရပ်ကွက်ထဲက လူ အများပြောသလို “အမေရိကန် တပ်ကြီးရယ်မြန်မြန်သာ ဝင်တိုက်ပါတော့လို့  ဘုရား မှာနေ့တိုင်းဆုတောင်းနေတယ် တော်ရေ့ ” လို့  ပြောပြီး ဆောင့်ဆောင့်နဲ့ မီးဖိုခန်းထဲ ပြန်ဝင်သွားပါတယ်။


ကျွန်တော်က သားတွေကိုကြည့်ပြီး၊ ကဲ မင်းတို့  အမေပြောတာကိုကြားတယ် မဟုတ်လားလို့  ပြောလိုက်တော့ သားတွေက အမေက နိုင်ငံရေးမှ နားမလည်တာဘဲ လို့  မှတ်ချက်ချလိုက်ပါတယ်။
̏ ကဲ ပြည်သူကို နိုင်ငံရေး နားမလည်ဘူးတဲ့ဗျား˝

ဦးရွှေအုန်းမြင့် ။ စစ်ကိုင်း။

Sunday, April 12, 2009

အပြည်ပြည်ဆိုင်ရာမြန်မာအေ၇းထိပ်သီးဆွေးနွေးပွဲတရပ်ကိုဂျပန်နိုင်ငံရှိနဂိုရာမြို့တွင်ကျင်းပ

အပြည်ပြည်ဆိုင်ရာမြန်မာအေ၇းထိပ်သီးဆွေးနွေးပွဲတရပ်ကို နဂိုရာမြို့ ၌၁၃-၃-၂၀၀၉ မှ ၁၅-၃-၂၀၀၉နေ့အထိကျင်းပခဲ့ရာမြန်မာအရေး ကျွမ်းကျင်သူများ ၊ ပါရဂူများတက်ရောက်ဆွေနွေးခဲ့ပါသည်၊၊
ထိုဆွေးနွေးပွဲသို့ KAREN NATIONAL LEEAGUE JAPAN ( KNL-JAPAN ) မှစောကျော်ထင်ထူး( တွဲဖက်အတွင်းရေးမှူး -၁ ) ၊ နော်ပေါ်လင်း ( တွဲဖက်အတွင်းရေးမှူး -၂) ၊ စောဆဲနေဗလုတို့
တက်ရောက်ကြသည်၊၊






Saturday, April 11, 2009

တပ်မဟာ ၄တွင် တိုက်ပွဲဖြစ် နအဖ ၈ယောက် ကျဆုံးထိခိုက်

တရားသောစစ် တော်လှန်ဆင်နွဲနေသူများအတွက် အခုလို ပန်းကုံးနဲ့ ဂုဏ်ပြုကြိုဆိုနေကြစဉ်။
နအဖစစ်တပ်နှင့် ကေအဲန်ယူ တပ်မဟာ ၄တို့ ဧပြီလ ၉ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖစစ်တပ်ဘက်မှ ၄ဦးကျဆုံးကာ ၄ဦးဒဏ်ရာရရှိပြီး လက်နက်နှစ်လက်ကို ကေအဲန်ယူက သိမ်းဆီးရမိသည်ဟု သိရသည်။ကေအဲန်ယူ တပ်မဟာ၎ ထုတ်ပြန်ချက်အရ ဧပြီလ ၉ရက်နေ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ်အေ)တပ်မဟာ၎မှ မေထင်နှင့် ထိုးမားမို ကြားရှိ နအဖခြေမြန်တပ်ရင်း ၄၃၃၊ စစ်ကြောင်း ၁ကို သွားရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ကွယ်ကလူမှ ဘာသာပြန်ဆိုထားသည်။ အဲခေါင်သောင့်
Posted by အဲခေါင်သောင့်