Friday, January 9, 2009

စစ်ရေးအရပါ ဖိအားပေးမယ်ကြားလို့ …


Thursday, January 8, 2009



စစ်ရေးအရပါ ဖိအားပေးမယ်ကြားလို့ …စိုင်းအိမ်မွဲဝန်ကြီးချုပ် ဦးနု တောခိုပြီး ဗိုလ်နေ၀င်းစစ်အစိုးရကို ပြန်တိုက်မယ်ဆိုပြီးလုပ်ခဲ့တာ ၁၉၆၉ ခုနှစ်ကာလက ဖြစ် ပါတယ်။ အခုဆို အနှစ်လေးဆယ်တောင် ရှိပါပြီ။ အဓိကအားဖြင့်တော့ ထိုင်း-မြန်မာနယ်စပ်ကို အခြေခံခဲ့ပါ တယ်။ ကေအန်ယူနဲ့ အများဆုံးလက်တွဲပြီး ဗိုလ်နေ၀င်းစစ်တပ်ကို တိုက်ခိုက်ခဲ့ကြောင်း သိမီလိုက်သူ လူကြီးသူ မများ ပြောပြလို့ သိရှိရပါတယ်။အဆိုပါကာလများတုန်းက အရှေ့တောင်အာရှမှာ ဗီယက်နမ်စစ်ပွဲကြီး ဖြစ်နေဆဲပါ။ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများလည်း စစ်မီးတောက်လောင်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ မြန်မာ-ထိုင်း နယ်စပ်မျဉ်းကြောင်းအပေါ်ထားရှိတဲ့ ပေါ်လစီက မြန်မာကွန်မြူနစ်၊ လာအိုကွန်မြူနစ်၊ ထိုင်းကွန်မြူနစ်များ လက်ဆက်သလို ချိတ်ဆက်မိမှာကို ဖြတ်တောက်ရေး ဖြစ်ပါတယ်။ ကွန်မြူနစ်တွေကို ဟန့်တားရာရောက်မယ့် ကိစ္စမှန်သမျှ ကြီးငယ်စဉ်လိုက်ကူညီနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ဦးနုက ဗိုလ်နေ၀င်းစစ်တပ်ကို ပြန်တိုက်မယ်ဆိုတော့ အမေရိကန်စီအိုင်အေက တဖက်လှည့်နဲ့ ငွေကြေးအကူ အညီ ပေးခဲ့တယ်လို့ မာတင်စမစ် ရေးခဲ့တဲ့ (မြန်မာပြည် ပုန်ကန်ထကြွခြင်းများနှင့် တိုင်းရင်းသားနိုင်ငံရေး) ဆိုတဲ့စာအုပ်မှာ ပါရှိပါတယ်။ စီအိုင်အေက ဦးနုရဲ့ ပီဒီပီလို့ခေါ်တဲ့ ပါလီမန်ဒီမိုကရေစီပါတီကို ငွေကြေးဘယ် လောက် အကူအညီပေးခဲ့သလဲ ဆိုတာတော့ ဘယ်သူမှ အတိအကျ မပြောနိုင်ခဲ့ပါဖူး။ တချို့ကတော့ ဒေါ်လာ (၁၅) သန်းခန့်တော့ ရမယ်လို့ တွက်ချက်ပါတယ်။ တချို့ကတော့ အဲသလောက် မများနိုင်ဘူး။ ဒေါ်လာနှစ် သန်းလောက်ထက် မပိုနိုင်ဘူးလို့လည်း တွက်ပါတယ်။ ဘယ်လိုပဲပြောပြော လွန်ခဲ့တဲ့ အနှစ်သုံးဆယ်တုန်းက ဒေါ်လာတသန်းဟာ အခုခေတ်အနေနဲ့ဆိုရင် ဒေါ်လာသန်း (၂၀ သို့ ၂၅) လောက် ရှိပါတယ်။ ပိုတောင် များ ကောင်းများနိုင်ပါသေးတယ်။ဦးနုရဲ့ ပီဒီပီတပ်မှာ လူအင်အားအနေနဲ့ ခြောက်ထောင်လောက်ရှိကြောင်း မာတင်စမစ်က သူ့ရဲ့စစ်တမ်းများ အရ သူ့စာအုပ်ထဲမှာ ရေးသားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ကေအန်ယူမှာ လက်နက်အဆင့်အတန်းဟာ ခေတ်နောက်ကျနေသေးတယ်ဆိုပေမယ့် အင်အားက တသောင်းခွဲလောက်ရှိကြောင်းလည်း သိရပါတယ်။ ဗိုလ်နေ၀င်းရဲ့ စစ်တပ်ကတော့ ထိုအချိန်မှာ အင်အား ခုနှစ်သောင်း ပတ်ဝန်းကျင်မှာရှိတယ်လို့ ဆိုပါတယ်။ ကျန်တဲ့ အဓိကလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ဗကပတို့၊ ကချင်တို့၊ ရှမ်းတို့မှာလည်း သူတို့သက်ဆိုင်ရာ နယ် မြေများမှာ စိုးမိုးထားနိုင်တဲ့ အင်အားများ ပိုင်ဆိုင်ကြပါတယ်။ဦးနုရဲ့ ပါလီမန်ဒီမိုကရေစီတပ်အတွက် စီအိုင်အေက ငွေပေးတာ နည်းသလား များသလားဆိုတဲ့ အပိုင်းကို တွက်ကြည့်ရင် နည်းနိုင်တယ်ဆိုတဲ့ အထောက်အထားများကို တွေ့ရပါတယ်။ ဒေါ်လာ (၁၅) သန်းရခဲ့တယ် ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဥပမာတခုအနေနဲ့ ထုတ်ပြရရင် … ၁၉၇၂ ခုနှစ်မှာ အက်စ်အက်စ် အေ လို့ခေါ်တဲ့ ရှမ်းပြည်တပ်မတော်ရဲ့ နိုင်ငံရေးတောင်ပံအသစ်တခုဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ခွန်ကြာနု (မနှစ်လောက်က ဇင်းမယ်မှာ ကွယ်လွန်) နဲ့ ချောက်ဇန်းယောင်ဝေ (လွန် ခဲ့တဲ့နှစ်အနည်းက ကွယ်လွန်) တို့ ထိုင်းနယ်စပ်မှာ အခြေခံစခန်းတခုတည်ဖို့ ရောက်လာခဲ့ပါတယ်။ ချောက် ဇန်းယောင်ဝေက ဦးနုနဲ့ ဘန်ကောက်မှာ သွားတွေ့ဆုံပါတယ်။ အဲဒီအချိန်မှာ ပီဒီပီဟာ လက်ထဲမှာ ငွေကုန် သလောက် ရှိနေပြီလို့ မာတင်စမစ်က ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပီဒီပီအနေနဲ့ အက်စ်အက်စ်အေ ကို HK ၃၃ မောင်းပြန်သေနတ် အလက် (၄၀) လောက်ပဲ ကူညီနိုင်ခဲ့တယ်လို့ ဆိုပါတယ်။တဖက်မှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီဟာ ဦးနုနဲ့ ထဲထဲဝင်ဝင် လက်တွဲဖို့ အကန့်အသတ်ရှိနေပါတယ်။ အကယ်၍ ဦးနုနဲ့ နီးနီးကပ်ကပ်ပေါင်းပြီး လုပ်ကိုင်မယ်ဆိုရင် မြန်မာပြည်ကွန်မြူနစ်ပါတီနဲ့ ဗိုလ်နေ၀င်းစစ်တပ် နှစ်ခုစလုံးက အက်စ်အက်စ်အေကို ပြဿနာရှာနိုင်လို့ ဖြစ်ပါတယ်။ ဗကပက အရင်းရှင်ကိုယ်စားလှယ်လို့ သတ်မှတ်ထားတဲ့ ဦးနုနဲ့ ရှမ်းတပ်တွေပေါင်းပြီဆိုရင် ရှမ်းတပ်တွေဟာ ဗကပနဲ့ ထိပ်တိုက်ဖြစ်သွားနိုင်ပါတယ်။ တဖက်မှာလည်း ဗိုလ်နေ၀င်းတပ်တွေက ရှမ်းပြည်ထဲမှာ နဂိုရှိတဲ့ စစ်တပ်တွေထက် ပိုပြီးအင်အားသုံးလာမှာ ကိုလည်း ထည့်တွက်ရလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ရှမ်းပြည်တိုးတက်ရေးပါတီဟာ ပီဒီပီနဲ့ တိုက်ရိုက်မဟာမိတ် ဖွဲ့ခြင်းကိုရှောင်ပြီး ပီဒီပီလူငယ်အဖွဲ့နဲ့ ပူးတွဲကြေညာချက်တစောင်လောက်သာ မည်ကာမတ္တ ထုတ်ခဲ့ပါတယ်။နောက်တချက်ကလည်း ဦးနုက လက်နက်ကိုင်တော်လှန်ရေး လုပ်မယ်ဆိုတော့ တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ပူးပေါင်းလုပ်ရမယ်ဆိုတာကို သေချာပေါက်တွက်မိပြီးသားပါ။ ဒါ့ကြောင့် ဦးနုကိုယ် စား စီအိုင်အေ အေးဂျင့်ဟောင်းတဦးဖြစ်တဲ့ ၀ီလီယံရောင်က ၀တပ်တွေ၊ လားဟူတပ်တွေကို ဦးနုနဲ့ ပူးပေါင်းဖို့ ရှမ်းပြည်ထဲမှာ လိုက်လံစည်းရုံးခဲ့ပါတယ်။ ၀ီလီယံရောင်ရဲ့ မိသားစုတွေဟာ ခရစ်ယန်မစ်ရှင် နောက်ခံသမိုင်း ရှိသူများဖြစ်ပြီး အဲဒီအချိန်တုန်းက ရှမ်းပြည်ရဲ့ အချို့သောနယ်များမှာ သြဇာအတော်လေး ရှိပါတယ်။ သို့သော် ၀နဲ့ လားဟူတပ်တွေက ဦးနုနဲ့ ပူးပေါင်းဖို့ ငြင်းဆန်ခဲ့ပါတယ်။သို့သော်လည်း ပီဒီပီဟာ တင်္နသာရီတိုင်း၊ မွန်နဲ့ ကရင်ပြည်နယ်တွေထဲမှာတော့ ကေအန်ယူတို့၊ မွန်ပြည်သစ် ပါတီတို့ရဲ့ ပူးပေါင်းမှုနဲ့ အောင်မြင်မှုအတော်အတန်ရှိခဲ့တယ်ဆိုတာကိုတော့ မာတင်စမစ်က ထောက်ပြထားပါ တယ်။အခုအကျဉ်းရုံးတင်ပြထားတဲ့ ဖြစ်စဉ်အပေါ်ကနေ သင်ခန်းစာကောက်ချက်အချို့ ဆွဲယူနိုင်ပါတယ်။
၁။ ပြည်သူက ဒီမိုကရေစီနည်းကျ ရွေးချယ်ခဲ့တဲ့ ၀န်ကြီးချုပ်ဦးနုသည်ပင် လက်နက်ကိုင်တော်လှန်ရေး ဆင်း လုပ်တော့ နိုင်ငံခြားအကူအညီ (အထူးသဖြင့် အမေရိကန်ထံမှ) ထင်သလောက် မရခဲ့ခြင်း။
၂။ အဲသလို လိုအပ်သလောက် အကူအညီမရခဲ့လို့ ဦးနုရဲ့ ပီဒီပီတပ်၊ ကေအန်ယူတပ်နဲ့ မွန်ပြည်သစ်တပ်တွေ ဟာ Conventional warfare ဆိုတဲ့ စစ်တပ်ကြီးများနှင့် တိုက်ခိုက်တဲ့ သမရိုးကျစစ်ပွဲအတွင်းမှာ လက်နက် ကိုင်တော်လှန်ရေးကို အောင်မြင်စွာ မဆင်နွှဲနိုင်ခဲ့ပါ။ (ဦးနုရဲ့နောက်မှာ ထိုအချိန်က နာမည်ကြီး စစ်ရေးနိုင်ငံ ရေးခေါင်းဆောင်များဖြစ်သော ဗိုလ်လင်္ကျာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင်၊ ဗိုလ်ချုပ်စောကြာဒိုး၊ ကျိုက်မရောဦး သွင် အစရှိသူတို့ ပါရှိသော်လည်း …)။
၃။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက အကြောင်းကြောင်းများကြောင့် ဦးနုရဲ့တပ်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့ကြခြင်း။ယခုလက်ရှိမှာ ကျယ်ပြန့်သော အဝေးရောက် စင်ပြိုင်အစိုးရသစ်ကြီး ဖွဲ့စည်းတော့မယ်ဆိုတာ ကြားရပါတယ်။ စစ်ရေးအရလည်း အာဏာရှင်အစိုးရကို ဖိအားပေးမယ်လို့ တဖက်မှာ ဆိုထားတာကို တွေ့ရပါတယ်။ ဘယ်လို စစ်ရေးမျိုးကို ဆိုလိုသလဲဆိုတာတော့ မရှင်းသေးပါ။
၁။ နိုင်ငံရပ်ခြားမှ စစ်ရေးအတွက် အကူအညီများ လှိမ့်ဝင်လာဖို့ ဒီခေတ်တွင် ဖြစ်နိုင်ခြေမရှိတော့။ ဦးနုခေတ် တုန်းကတောင် အကန့်အသတ်နှင့်သာ ရခဲ့ခြင်းဖြစ်သည်ကို သတိရစေလိုပါတယ်။ မာနယ်ပလော ခေတ်တုန်း ကလည်း နိုင်ငံခြားက စစ်ရေးအရ ကူညီခဲ့တယ်လို့ မကြားမိပါ။ (တချိန်တည်းမှာလည်း နိုင်ငံကြီးများပါ ကမ္ဘာ လုံးဆိုင်ရာ စီးပွားရေး ဆုတ်ယုတ်တဲ့ ပြဿနာများနဲ့ ၂၀၀၈ ကတည်းက ရင်ဆိုင်နေရပါတယ်။)
၂။ အစိုးရအသစ်ကို ဦးဆောင်ဖို့ ဦးနုလို ပုဂ္ဂိုလ်တွေရှိရဲ့လား။ ခေါင်းခေါက်ရွေးမယ့် သူတွေနဲ့ ဖွဲ့မှာလား။ နောက်တချက်က အတိုက်ခံများဘက်မှာ သမရိုးကျ စစ်ပွဲများအတွက် ဦးဆောင်နိုင်တဲ့ အဆင့်မြင့်စစ်ခေါင်း ဆောင်များ မရှိသလောက် ရှားပါးသွားခြင်း။
၃။ လက်နက်အင်အား တောင့်တင်းဆဲဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက အစိုးရသစ်ကြီး နဲ့ ပူးပေါင်းပါ့မလား။ ဥပမာ - စစ်သားနှစ်သောင်းကျော်ရှိတဲ့ ၀ပြည်သွေးစည်းညီညွှတ်ရေးအဖွဲ့ (တဖက်မှာ လည်း စစ်အစိုးရနဲ့ အပစ်ရပ်ထား)၊ ရှမ်းပြည်တောင်ပိုင်းမှာ စစ်အစိုးရကို တိုက်နေဆဲဖြစ်တဲ့ ကာနယ်ယွတ် ဆတ် ခေါင်းဆောင်တဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်။ ကေအိုင်အေ ခေါ် ကချင်လွတ်မြောက်ရေး တပ်မ တော်ဟာလည်း အင်အားရှိပေမယ့် စစ်အစိုးရနဲ့ စေ့စပ်ထားပါတယ်။ ဒါ့အပြင် ကချင်တွေက ၂၀၁၀ မှာ ရွေး ကောက်ပွဲ ၀င်မလိုလိုတောင် ပြောနေတယ်လို့ ကြားရပါတယ်။ ဒီစာရင်းမှာ အင်အားအရ မပြောပလောက်တဲ့ အခြားအဖွဲ့တွေကို ထဲ့သွင်းတွက်ချက်ခြင်း ပြုမထားပါ။သို့သော် ချွင်းချက်တခုတော့ ရှိနေပါသေးတယ်။စစ်တပ်ကြီးများ မရှိသော်လည်း အိုင်အာအေကဲ့သို့၊ တမီတိုက်ဂါးများကဲ့သို့၊ မွတ်စလင်အစွန်းရောက် အဖွဲ့ များကဲသို့ အသေခံဗုံးခွဲတိုက်ခိုက်မှုများ ရှိလာရင်တော့ နိုင်ငံရေးလမ်းကြောင်း တမျိုးတမည် ပြောင်းနိုင်ပါ တယ်။ စိတ်ကူးယဉ်တာကတော့ လူတိုင်းယဉ်ခွင့်ရှိတာဆိုတော့ အကျယ်မပြောလိုပါ။ သို့သော်ငြားလည်း မြန် မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်းမှာ ထိုအဖွဲ့များကဲ့သို့ အသေခံဗုံးခွဲတိုက်ခိုက်ခြင်းမျိုး တခါမှမရှိခဲ့တာမို့ သိပ် တော့မထင်ပါကြောင်း …။

စိုင်းအိမ်မွဲ
Posted by ဒေါက်တာလွဏ်းဆွေ

No comments: