မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ မေလ ၁၀ ရက် ၂၀၁၁ ခုနှစ်
(စာရေးဆရာကြီး ဒဂုန်တာရာနှင့် အင်တာဗျူး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒဂုန်တာရာခေါ် ဆရာကြီး ဦးဌေးမြိုင်သည် ၁၉၃၆ ခုနှစ် မေ ၈ ရက် ရန်ကုန်ဂျူဗလီဟောတွင် ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂညီလာခံကြီးကို ကျိုက်လတ်မြို့ သပိတ်မှောက်
ကျောင်းသားများ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။
၁၉၄ဝ ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဝါဒဖြန့်ချိရေးမှူး၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ ၁၉၄၆ ဒီဇင်ဘာ တာရာမဂ္ဂဇင်း ထုတ်ဝေသူ၊ ၁၉၅ဝ တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် စာပေလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူလည်း ဖြစ်သည်။
ထို့ပြင် ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖြစ် ၁၉၅၁ တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ၏ ယာယီဥက္ကဋ္ဌ၊ ၁၉၅၂ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ၏ ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။
၁၉၅၃ တွင် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ကျင်းပခဲ့သော ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေး၊ ၁၉၆၁ တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း၌ ကျင်းပခဲ့သော ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ ၁၉၇၄ တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကောင်စီ သဘာပတိအဖြစ် ရွေးချယ်ခံခဲ့ရသည်။
၉၂ နှစ်ပြည့်မွေးနေ့တွင် ငြိမ်းချမ်းရေး အယူအဆ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ယနေ့ခေတ် လူငယ်များအပေါ် အားကိုးမှု၊ သမ္မတ ဦးသိန်းစိန်အပေါ် အမြင်၊
ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား၊ ဖက်ဒရယ်ရေးရာ အမြင်၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ၊ စာပေဖြတ်သန်းမှု၊ စာပေစိစစ်ရေးစသည်များကို သိရှိနိုင်ရန် ဆရာကြီး ဒဂုန်တာရာကို မဇ္ဈိမသတင်းထောက် မျိုးသန့်က ဆက်သွယ်မေးမြန်းထားသည်။
ကိုယ်တိုင် စာပေဖြတ်သန်းမှုနဲ့ အခုခေတ် လူငယ်တွေ ဖြတ်သန်းနေတဲ့ စာပေဖြတ်သန်းမှု ယှဉ်ပြပေးပါလား။
“စာပေဖြတ်သန်းမှုက ၁၉၄၆ မှာ ကျနော်က တာရာမဂ္ဂဇင်းကို ထုတ်တာ၊ ကျနော် အဲဒီအချိန်တုန်းက စာပေသစ်လို့ ကြွေးကြော်လိုက်တယ်၊ အဲဒီခေတ်က ကျော်သွားပြီဗျ။ စာကို လွတ်လွတ်လပ်လပ် ရေးလို့ရတဲ့ လွတ်လပ်ရေးက မရပြန်ဘူး။ ဒီမှာ ဘာမှ ရေးခွင့် မရှိဘူးဗျာ။ အခုက မလွတ်လပ်တော့ဘူးဗျ။ ကျနော်တို့ခေတ်က အကြောင်းကို ရေးလို့မရဘူး။ ရေးရင် ဟိုဖြတ်ဒီဖြတ် ဖြတ်တော့ ပုံက ပျက်သွားပြီ။ လူငယ်တွေက လုပ်ရမှာ၊ လူငယ်တွေကလည်း မလွတ်လပ်တော့ လုပ်လို့မရဘူး။ အဲဒီတော့ နိုင်ငံခြားထွက်တာပေါ့၊ အမှန်က ကိုယ့်တိုင်းပြည်မှာ ကိုယ်လုပ်ရမှာ ။ အခု မြန်မာပြည်သားတွေ သူများတွေခိုင်းတာ လုပ်နေရပြီ၊ စိတ်မကောင်းဘူးဗျ”
အခုခေတ်လူငယ် အများအပြားက မြန်မာ့သမိုင်းရဲ့ အဖြစ်မှန်တွေကို မသိကြဘူး။ အဲဒီတော့ ဒီလူငယ်တွေကို ဘာပြောချင်လဲ ဘဘ။
“သမိုင်းကို မသိဘူးဗျ။ တကယ်မသိတော့တာ။ ဟိုတနေ့ကဗျာ အတိုက်အခံ မီဒီယာတခုက အမျိုးသမီးတယောက်ဗျ အသံလွှင့်တာ နာမည်တော့ ကျနော် မပြောချင်တော့ပါဘူး၊ ကိုအောင်ဆန်းကို ကွန်မြူနစ်ပါတီဝင် မဟုတ်ဘူးလို့ ပြောလို့ပြော။ အဲဒါ သူ စာမဖတ်လို့ပေါ့ဗျ။ ကွန်မြူနစ်ပါတီကို စထောင်တဲ့ လူတွေထဲမှာ ကိုအောင်ဆန်းပါတယ်၊ အတွင်းရေးမှူးဗျ”
မြန်မာ့နိုင်ငံရေးမှာ အရေးပါခဲ့ကြသူတွေအကြောင်း ရေးထားတဲ့ ရုပ်ပုံလွှာ အထ္တုပ္ပတ္တိတွေ ရေးဖြစ်ပုံပြောပါအုံး။
“တာရာ ထုတ်မယ်ဆိုတော့ ကျနော်က အထ္ထုပ္ပတ္တိ ရေးတာကို ကျနော်က ဝါသနာပါတယ်၊ အတ္ထုပ္ပတ္တိ ရေးခြင်းဖြင့် မိမိ ကိုယ်ကိုလည်း ဆန်းစစ်ရာရောက်တယ်။ စာပေမှာလည်း စကားလုံးအသစ်ကို ရှာရတယ်။ စကားလုံးအသစ်၊ အတွေးအခေါ်အသစ်။ အဲဒီတော့ ပိုကောင်းတယ်။ အဲဒါတွေ ရေးမယ့်လူ မရှိတော့ ကျနော်က အောင်ဆန်း ရေးလိုက်ရတာ။ နောက်တော့မှ လူတွေ ကြိုက်ကြတယ် ထင်ပါတယ်။ အောင်ဆန်းပြီးတော့ ကိုဗဟိန်း၊ ကိုဗဟိန်းပြီးတော့ ကိုဗဆွေတို့ အဲဒီလို ရေးတာ”
ဗိုလ်ချုပ်အောင်ဆန်း အကြောင်းရေးထားတဲ့ အောင်ဆန်း သို့မဟုတ် အရိုင်းမှာ ဗိုလ်ချုပ်ကို ဘာ့ကြောင့် အရိုင်းလို့ သုံးနှုန်းခဲ့တာလဲခင်ဗျ။
“ကိုအောင်ဆန်းရဲ့ ရိုးသားမှုကို ကျနော်က ရေးခဲ့တာ အရိုင်းဆိုတာ၊ စကားလုံးက ရှာမရတော့ အရိုင်းတပ်လိုက်တာ။ မဂ္ဂဇင်းက ထွက်ခါနီးနေပြီဗျာ။ ရုပ်ပုံလွှာဆိုတဲ့ နာမည်က ဆရာဇော်ဂျီ ပေးတာပါ၊ ဆရာသိန်းဟန်ပေးတာပါ”
ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး အမှတ်ရစရာလေး တခုလောက် ပြောပြပေးပါ။
“သူကတော့ ကျနော့်ထက် ၄ နှစ်ပဲကြီးတယ်ဗျ၊ သူက တကယ်ရိုးသားတယ်ဗျ။ အာဏာ လုံးဝမမက်ဘူး။ အဲဒါတော့ ကျနော် ပြောနိုင်တယ် ။ ဒီလက်နက် အားကိုးတဲ့ စိတ်ကတော့ သူ ခပ်ငယ်ငယ်တုန်းကတော့ ရှိပုံရတယ်”
အခုခေတ် လူငယ်တွေ ရေးကြတဲ့ ရသစာပေပေါ်မှာကော ဘယ်လိုသုံးသပ်လဲခင်ဗျ။
“လူငယ်တွေ ရေးကြတယ်။ ဒါက ရေးပါစေ၊ ကောင်းပါတယ်။ ကောင်းပါတယ်ဆိုတာ ကျနော်တို့အကြိုက် ဟုတ်ချင်မှ ဟုတ်မယ်။ ကျနော်တို့ ကြိုက်တာ၊ မကြိုက်တာ အရေးမကြီးဘူးဗျ။ ခေတ်အကြောင်းကို ရေးရင် ခေတ်ပေါ်စာပေလို့ ခေါ်တယ်ဗျ။ ကျနော်တို့ သဘောတူလည်း အရေးမကြီးဘူး၊ မတူတာလည်း အရေးမကြီးဘူး။ ခေတ်အလိုက် ပြောင်းသွားမှာပဲ။ ခေတ်ကို ကျနော်တို့က မလုပ်နိုင်ဘူး။ ခေတ်ကသာ ကျနော်တို့ကို လုပ်နိုင်တယ်”
အခုခေတ် စာပေအရေးအသားတွေက ဘာတွေကို အလေးပေးတယ်လို့ ထင်မိလဲခင်ဗျ။
“ခေတ်ကတော့ သရုပ်ဖော်စာပေလို့ ကျနော်က ပြောချင်တယ်။ သရုပ်ဖော်စာပေဆိုတာ ခေတ်ရဲ့ အဖြစ်အပျက်တွေကို အရင်းအတိုင်း ရေးတာ။ အနုပညာ မြောက်တာလည်း ပါတယ်၊ မမြောက်တာလည်း ပါတယ်။ တချို့လည်း
မြောက်တယ်လို့ မထင်ဘူး။ ကဗျာလည်း ကျနော်က ကဗျာလို့ မယူဆဘူးဗျ။ စကားပြေကိုလည်း ကဗျာလို့ ပြောချင်ပြောတာ”
စာပေစိစစ်ရေးကို ဘယ်လိုသုံးသပ်မိလဲဗျ။
“သူတို့ကို မတတ်ဘူးလို့လည်း မပြောချင်ဘူးဗျာ။ မတတ်ဘူးလို့ ပြောရမှာလည်း အားနာတယ်။ သူတို့တွေကို ကိုယ့်လူတွေလို သဘောထားတယ်။ အဲဒါကြောင့် ကျနော် ရန်သူမရှိ၊ မိတ်ဆွေရှိလို့ ပြောတာ။ ဒါပေမဲ့ သူတို့က ကျနော့်ကို ရန်သူလို သဘောထားရင်တော့ မတတ်နိုင်ဘူးဗျာ”
ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာကိုကော နည်းနည်း ပြောပြပါအုံး။
“လူကြီးဖြစ်တော့ ပိုပြီးတော့ ငြိမ်းချမ်းရေးကို ကြိုက်လာတယ်။ အစကတည်းကလည်း ငြိမ်းချမ်းရေး လုပ်တာပါပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့နဲ့ တွဲလုပ်တာ။ အခုကျတော့ လူကလည်း သိပ်မရှိတော့ဘူး။ လုပ်မယ်လို့ ကြံကာရှိသေးတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး ရမှဖြစ်မယ်။ ငြိမ်းချမ်းရေး မရရင် ဘာမှ ဖြစ်မှာမဟုတ်ဘူး”
နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်။ အဲဒါကိုကော ဘာပြောချင်လဲခင်ဗျ။
“ခဏခဏ ကြားတယ်ဗျာ၊ စိတ်မကောင်းဘူး။ လူငယ်တွေကို တိုက်တွန်းချင်တာက ငြိမ်းချမ်းရေးအဖွဲ့တွေ နယ်တိုင်းရွာတိုင်းမှာ ဖွဲ့စေချင်တယ်။ အစိုးရပဲဖြစ်ဖြစ် ဘယ်သူလုပ်လုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက မကောင်းကြဘူးဗျာ၊ စာလည်း မဖတ်ဘူး။ အဆင့်အတန်းကတော့ ချက်ချင်း မြင့်လာမှာ မဟုတ်ဘူး။ အဆင့်အတန်း မြင့်လာတဲ့အချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ကြိုက်တဲ့သူ၊ ဖယ်ဒရယ် အုပ်ချုပ်ရေးကို ကြိုက်တဲ့သူတွေ ပေါ်စေချင်တယ်။ အဲဒီလူတွေက ခေါင်းဆောင်သွားမှာပဲ”
၁၉၆၂ ခုနှစ်တုန်းက အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။
“သူဟာ နိုင်ငံရေးသမား မဟုတ်ဘူး။ နိုင်ငံရေးသမားဆိုတာ ဒါမျိုးမဟုတ်ဘူး။ သူက လက်နက်ကို အာဏာရတယ် ထင်နေပုံရတယ်။ ဖက်ဒရယ်ဆိုတဲ့ဟာကိုလည်း ကောင်းကောင်း နားလည်ပုံမရဘူး။ ကိုအောင်ဆန်းကတော့ ကောင်းကောင်း နားလည်တယ်။ သူက စာဖတ်ဝါသနာပါတယ်။ ဗိုလ်နေဝင်းက ဖတ်ပုံမရဘူးဗျ။ သူက အာဏာ ရအောင်တော့ လုပ်တတ်ဟန်တူတယ်။ အဲဒီတော့ သူက အာဏာရသွားတော့ ငြိမ်းချမ်းရေး ရအောင် မလုပ်တော့ဘဲနဲ့ စစ်နည်းနဲ့ပဲ သူက လုပ်တာလေ”
ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကိုကော ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။
“ဒီမိုကရေစီနိုင်ငံပဲ ဖြစ်မယ်။ ဖက်ဒရယ်ဆိုတာလည်း လူမျိုးတမျိုးတမျိုးမှာ သူ့မှာကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရမယ်။ သူလုပ်ချင်တာ လုပ်ခွင့်ရှိရမယ်”
တိုင်းရင်းသား နယ်ခြားစောင့်တပ်တွေပေါ်မှာကော ဘယ်လို မြင်လဲဗျ။
“အဲဒါ အလကားပဲဗျ။ သူတို့ ထိန်းချုပ်မှုအောက်ကို ရောက်အောင် လုပ်တာ။ သူတို့က လက်နက်ကို ယုံကြည်ဟန် တူပါတယ်ဗျ။ လက်နက်နည်းဟာ မအောင်မြင်နိုင်ဘူး။ ခဏတော့ အောင်မြင်သလိုလို ထင်ရပြီး အာဏာတော့ ရကောင်းရမယ်”
ရွေးကောက်ပွဲကနေ တက်လာတဲ့ အခု နိုင်ငံတော်သမ္မတ အပေါ်မှာကော။
“ကိုသိန်းစိန်ကို ကျနော် မသိဘူး၊ ကျနော်တို့ထက် အများကြီး ငယ်မှာပေါ့ဗျ။ အစိုးရက ဘာအစိုးရမှန်း မသိဘူးဗျ။ စစ်သမားတွေပဲ၊ အဲဒီလိုပဲ မြင်တယ်။ ဒါပေမဲ့ သိန်းစိန်က သိပ်ဆိုးပုံ မရဘူးထင်တယ်။ ဒါကတော့ စောင့်ကြည့်ရမှာ။ ပြောတဲ့အတိုင်း လုပ်ရင်တော့ ကောင်းတယ်။ နောက်လာတဲ့ လူတွေကို ငြိမ်းချမ်းရေးနည်းနဲ့သာ တိုင်းပြည်ကို ထူထောင်မယ်ဆိုရင် အစိုးရကောင်းပေါ့။ သူ့မိန့်ခွန်းထဲမှာ ပါသလို သန့်ရှင်းတဲ့အစိုးရ ဖြစ်မယ်ပေါ့။ မဟုတ်ရင်တော့ ဖြစ်မှာမဟုတ်ဘူး၊ ကြာမယ်ပေါ့ဗျာ”
ဦးသိန်းစိန်ဟာ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ တကယ်စိတ်ဝင်စားတယ်လို့ ထင်လားခင်ဗျ။
“တခြားစစ်သမားတွေနဲ့ စာရင်တော့ စာဖတ်တယ်လို့ ကျနော်ကြားတယ်။ ဗိုလ်သိန်းစိန်ကတော့ တခြားစစ်သမားတွေနဲ့ စာရင်တော့ ဒီမိုကရေစီဘက်ကို ယိမ်းတဲ့လူတယောက်လို့ သတ်မှတ်တဲ့အတွက် သူ့ကိုတော့ အားကိုးစိတ်ရှိတယ်။ ပြောလို့သာ ပြောရတယ်။ သူက တကယ်ငြိမ်းချမ်းရေး လုပ်မလား မလုပ်လား ကျနော်မသိဘူး။ ပြောရဲရအောင်လည်း သူက လုပ်ပြတာတွေလည်း မရှိသေးဘူး၊ အဲဒါမျိုးလုပ်ပြတယ်ဆိုရင်တော့ ကျနော် အကြီးအကျယ် ထောက်ခံရမှာပဲ”
နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့ ပြောနေကြတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါလဲ။
“အကျဉ်းသားတွေရှိတယ်ဗျာ၊ အများကြီးပဲ။ မင်းကိုနိုင်တို့ဘာတို့ ကောင်လေးတွေက ဘာမှအပြစ်မရှိဘဲနဲ့ အဖမ်းခံရတယ်။ တကယ်သာ လွတ်လွတ်လပ်လပ် ဥပဒေအတိုင်း လုပ်မယ်ဆိုရင် အဖမ်းခံစရာ အကြောင်းမရှိဘူး။ သူတို့က လွတ်လပ်ရေးအတွက် ဒီမိုကရေစီအရေးအတွက် လုပ်တာပဲ။ ဘာလို့အဖမ်းခံရမလဲ အဖမ်းခံရတော့လည်း နှစ်တွေက အများကြီး။ ပြောရင်း ပြောရင်းနဲ့ စိတ်က တော်တော်မကောင်းဘူး”
ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက လွတ်လပ်ရေးရအောင် လုပ်ပေးနိုင်ခဲ့တယ်။ သူ့သမီး လက်ထက်မှာကော ဘာများ မျှော်လင့်လို့ ရနိုင်မလဲခင်ဗျ။
“မလုပ်နိုင်တာ မဟုတ်ဘူး၊ လုပ်သင့်သလောက် သူလုပ်တယ်။ လုပ်ခွင့်ရှိသလောက် သူလုပ်တယ်။ ရတော့ ရမှာပဲဗျာ။ သူကလည်း ကြီးသွားပြီလေ၊ အခု ၆ဝ ကျော်။ သူလုပ်မှာပါ၊ ဒီကောင်မလေးကတော့ လုပ်နိုင်လိမ့်မယ်။ ဒီမိုကရေစီနည်းနဲ့ ထူထောင်မယ့် တိုင်းပြည်ကို သူလိုလားတယ်၊ လူကောင်းပါ။ လွတ်လပ်ရေးက ခင်ဗျားတို့အပါအဝင် ပြည်သူလူထုက ဆုံးဖြတ်ပါ။ တကယ့်လွတ်လပ်ရေး ရမှပဲ ငြိမ်းချမ်းရေး ရမယ်”
ဘဘ လိုချင်တဲ့ ငြိမ်းချမ်းရေးကော ဘယ်လိုအခြေအနေမျိုးမှာ ရနိုင်မယ်လို့ မျှော်မှန်းလဲ။
“စောင့်ကြည့်ရမှာပဲဗျာ။ စောင့်ကြည့်ရမှာပဲလို့ ပြောရတာကလဲ ခင်ဗျားတို့ အားရချင်မှ အားရမယ်၊ ယုံချင်မှလည်း ယုံမယ်။ ခင်ဗျားကတော့ ကျနော့်စာတွေ ဖတ်ဖူးပုံရတယ်။ ပြောပုံကြည့်ရတာ ခင်ဗျားတို့လို စိတ်ဓာတ်ရှိတဲ့လူတွေ များရင် ငြိမ်းချမ်းရေး ရရမယ်။ နှေးတော့ နှေးမယ်”
မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ် ဘာများ ပြောချင်ပါလဲခင်ဗျ။
‘‘ညီညွတ်ကြပါ၊ ညီညွတ်ကြရင် ငြိမ်းချမ်းရေး နီးစပ်မယ်။ အဲဒါပဲပြောချင်တယ်။ အဲဒါကိုတော့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်တယ်။ တန်းတူအခွင့်ရေးရရင် ညီညွတ်ရေးရမယ်။ ညီညွတ်ရေးဆိုတာ လည်ပင်းဖက်ဖို့၊ လက်ဆွဲနှုတ်ဆက်ဖို့ မလိုဘူး။ သီချင်း ပြိုင်တူဆိုဖို့လည်း မဟုတ်ဘူး။ အချင်းချင်း ညီညွတ်တဲ့ စိတ်ကလေး၊ သဘောချင်း တိုက်ဆိုင်တဲ့ စိတ်ကလေး၊ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ကလေး ပြင်းထန်ရင် ရရမယ်’’
မြန်မာလူငယ်တွေကိုကော ဆုံးမစကား ဘာပြောချင်လဲခင်ဗျ။
“လူငယ်တွေကိုတော့ စာဖတ်ဖို့ ပြောချင်တယ်။ ကျနော်လည်း စာဖတ်တယ်။ လူငယ်တွေ စိတ်ဓာတ်ထဲမှာ ငြိမ်းချမ်းရေးစိတ်ဓာတ် ပြင်းထန်ရင် ငြိမ်းချမ်းရေး ရရမယ်။ ငြိမ်းချမ်းရေး လမ်းကြောင်းကိုတော့ ခင်ဗျားလည်း တွေးဖို့ကောင်းတယ်။ တွေးပါ၊ တွေးလို့ရသမျှ ခင်ဗျားလုပ်ရင်တော့ သူရဲကောင်းလို့ ယူဆမှာပဲ။ တခြားသူတွေလုပ်ရင် တခြားသူတွေ သူရဲကောင်းပေါ့ဗျာ”
မွေးနေ့ အမှတ်တရအဖြစ် ဘာများပြောချင်ပါလဲ။
“ဟိုတုန်းကတော့ အရေးတော်ပုံအောင်ပါစေ၊ အခုတော့ ငြိမ်းချမ်းရေးအောင်ပါစေလို့ ဆုတောင်းချင်တယ်။ ငြိမ်းချမ်းရေးအကြောင်းကို တတ်နိုင်သမျှ အသံလွှင့်ပေးကြပါ။ လူတွေလည်း သတိရရင် ငြိမ်းချမ်းရေးအကြောင်း
တွေးကြ။ အသက်ကြီးတဲ့အထိ လုပ်ကြရမှာပဲ။ နောက်တခုက အစိုးရကလည်း ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ရင် ငြိမ်းချမ်းရေးက ရကို ရရမယ်။ လူငယ်တွေကိုလည်း အားကိုးတယ်ဗျာ”
Wednesday, May 11, 2011
ငြိမ်းချမ်းရေး လမ်းကြောင်းကို ခင်ဗျားလည်း တွေးဖို့ကောင်းတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment