အစိုး ရသစ်တက်လာပြီး သုံးလလောက်အကြာကတည်းက ရခိုင်ပြည်နယ်က မြို့တချို့မှာ လျှပ်စစ်မီး ၂၄ နာရီ လာနေပေမယ့် မီတာခမှာ ကျန်ဒေသတွေနဲ့နှိုင်းယှဉ်ရင် အဆနှစ်ဆယ်လောက် ကွာဟနေတာကြောင့် မီးမထွန်းနိုင်ဖြစ်နေကြပါတယ်။
ရန်ကုန်အပါဝင် ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ လျှပ်စစ်မီတာ တယူနစ်ကို ၂၅ ကျပ်နှုန်း ကျသင့်ပေမယ့် ရခိုင်ပြည်နယ်မှာ တယူနစ်ကို ကျပ်ငါးရာထိ အဆနှစ်ဆယ်လောက် ကြီးမြင့်နေတာ ဖြစ်ပါတယ်။
နှစ်ပေါင်း လေးဆယ်ကျော် လျှပ်စစ်မီးပျောက်သွားရာက အခု ပြီးခဲ့တဲ့ဇွန်လကစပြီး တနေကုန် မီးလာနေတယ်လို့ ရှေ့မီနောက်မီ သံတွဲဒေသခံ ရပ်မိရပ်ဖတဦးက ပြောပါတယ်။ အခုအခါ ဖိုးသီးချို ကုမ္ပဏီက မီးရရှိရေးဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
“နှစ်ပေါင်း ၄၀ လောက်ဟာ ၂၄ နာရီ ဆိုတာ သံတွဲဒေသ မမြင်ဖူးဘူးဖြစ်သွားတယ်။ အခုတော့ မြင်နေရတယ်။ ဒါလည်း ဝမ်းသာစရာ တခုပေါ့။ မီးတန်ဖိုးကို တွက်ကြည့်တော့လည်း နည်းနည်းတော့ များတာပေါ့။ ဒါပေမယ့် အရေးကြုံတဲ့လူတွေ ဆေးရုံတို့ ဘာတို့လည်း သုံးဖို့ အဆင်ပြေလာတာပေါ့။ အိမ်တွေမှာလည်း အသုံးတည့်လာပါတယ်။”
ဒါပေမယ့် အောက်ခြေလူထုကတော့ မသုံးနိုင်ဘူးလို့ ပြောတယ်။
“ကျနော်တို့ ၁၉၅၀ ကျော်၊ ၆၀ လောက်မှာရှိတဲ့ ငွေတန်ဖိုးနဲ့ အခုတန်ဖိုးကို တွက်ကြည့်ရင် ကွာခြားတယ်ခင်ဗျ။ ဆင်းရဲသားကတော့ ဘယ်သုံးနိုင်မလဲ။ မီတာ တယူနစ်ကို ၄၀၀- ၅၀၀ ပေးနိုင်ဖို့ ဆင်းရဲသားတယောက်ရဲ့ ဝင်ငွေနဲ့ ဆိုက်ကားသမားတယောက် ဝင်ငွေ တနေ့ကို ၁၅၀၀ လောက်နဲ့ မီးကို မစဉ်းစားနိုင်ပါဘူး။ လူနင်းပြားတွေ ဘဝကတော့ ဟိုခေတ် ကိုလိုနီဘဝတွေလိုပဲပေါ့။”
ရခိုင်ပြည်နယ် စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဦးခိုင်ပြည်စိုးက စစ်တွေမှာ မီး ၂၄ နာရီလာနေတဲ့အကြောင်း ပြောပါတယ်။
“စစ်တွေမြို့ မှာ မီး ၂၄ နာရီလုံး ပေးထားတယ်။ ဒါပေမယ့် တစ်ယူနစ်ကို ၄၆၀ ကျတယ်ဆိုတော့ ကျနော်တို့မှာ စက်ရုံအလုပ်ရုံတွေ မရှိဘူး။ သာမန်ပြည်သူတွေက မီးတော့ ရတယ်။ မီတာခ တအားဈေးကြီးတော့ မီးရပေမယ့် အလုပ်မဖြစ်ဘူး။ မြို့သူမြို့သားတွေက စရိတ်သက်သာစွာနဲ့ သုံးနိုင်မှ ထူးထူးဆန်းဆန်းလေး ဖြစ်နိုင်မယ်။ ဒီနေ့ မီးတော့ပေးထားတယ်။ အဲဒီမီးကို ပိတ်ထားရတယ် ပိုက်ဆံမတတ်နိုင်လို့။”
မီးလာတယ်ဆို ပေမယ့် ထိရောက်မှုမရှိ ဖြစ်နေသေးတယ်လို့ သူက ဝေဖန်ပြောဆိုလိုက်ပြီး စမ်းသပ်ကာလကို စောင့်ကြည့်ရဦးမယ်လို့ ပြောပါတယ်။
အစိုး ရတက်တက်ချင်း ရခိုင်အမတ်တွေက လျှပ်စစ်မီတာခ ရခိုင်မှာ ဈေးကြီးလွန်းတာ တင်ပြတဲ့အပေါ် မဟာဓာတ်အားလိုင်းက ပေးတာမဟုတ်လို့ ဈေးကြီးရတာပါလို့ တုံ့ပြန်ဖြေရှင်းဖူးပါတယ်။
No comments:
Post a Comment