ကျမ မိဘတွေ ဝယ်ထားတဲ့ ကျမတို့ မြောက်ဒဂုံက မြေကွက်ကို နာမည်ပြောင်းဖို့ လိုလာလို့ ရန်ကုန် စည်ပင်ရုံးကို သွားရာမှာ အရင်ဆုံး မြေပုံရာဇဝင်ဆိုတာ ထုတ်ရပါတယ်။ အဲဒါထုတ်ဖို့က ပုံစံဝယ်ရာမှာတင် ငွေက ၂ ထောင်နီးပါး အပိုပေးရပါတယ်။
အဲဒီပုံစံကို ဖြည့်ပြီး တင်ရာမှာ တင်ခကျပြန်တော့ ၃ဝဝဝ ကျပ်ပါတဲ့။ တော်သေးတယ်၊ တချို့ဆို ၅ဝဝဝ ပေးတဲ့ သူတွေတောင် တွေ့ပါရဲ့။
သူတို့က မေးလိုက်သေးတယ်။ အမြန်လား၊ ရိုးရိုးလားတဲ့။ အမြန်ဆိုတာ ၂ ပတ်နေရင် ပြန်ချိန်းတယ်၊ ရိုးရိုးကျ တလကြာတယ်။
ပြီးတော့ သူတို့ရုံးမှာ ပွဲစားမဝင်ရလို့ ရေးထားပါတယ်။ ပွဲစားအလုပ်က သူတို့ဝန်ထမ်းတွေပဲ လုပ်ခွင့်ပေးထားတဲ့ အပေါက်။
ပုံမှန်အတွက် တလ ချိန်းပြီးရင် မြေပုံရမယ်၊ အဲဒီအတွက် သူတို့ဝန်ထမ်းကို ပွဲစားငှားမယ်ဆိုယင် ၃ သောင်းခွဲ
ပေးရမယ်လို့ ဆိုသေးရဲ့။ ဖြစ်ပုံများ ပြောပါတယ်။
ကျမက အချိန်ရှိနေတော့ ကိုယ်တိုင်သွားပါတယ်။ ပုံစံတင်ခ ၃ဝဝဝ ကိုတော့ ပေးလိုက်ပါတယ်။ တလပြည့်လို့ သွားဖို့ပြင်တဲ့အခါ ချက်ချင်းမသွားဘဲ စုံစမ်းပြီးလို့ ရပြီဆိုမှ သွားခဲ့တာပါ။ သူတို့ပွဲစားကို မငှားခဲ့တဲ့အတွက် ကျမကို ပြဿနာ မျိုးစုံရှာပါလေရောလား။
ပြန်သွားတဲ့နေ့က မရသေးဘူး။ တင်ခဲ့တဲ့ပုံစံက မူရင်းမဟုတ်ဘဲ မိတ္တူတွေမို့လို့ဆိုပဲ တကယ်ဆို သူတို့ကိုယ်တိုင်က မိတ္တူတောင်းလို့ မိတ္တူပဲ ပေးခဲ့တာပါရှင်။ တလနဲ့ တပတ်နေပြီးမှ မူရင်းပေးခဲ့တဲ့အခါ နောက်တပတ် ထပ်စောင့်တဲ့။
နောက်ထပ် ၁ဝ ရက်လောက်မှ သွားယူပြန်တော့ ပြဿနာ ရှိနေတယ်၊ သိချင်ရင် အနောက်ရုံးကို သွားပါတဲ့။ အနောက်ရုံးကို ဘယ်လိုသွားရလဲလို့ ပြန်မေးတော့ သိပ်ကို စိတ်ပျက်တဲ့ ပုံစံနဲ့ ပြန်ကြည့်ပြီး မလာဖူးဘူး ထင်တယ်တဲ့။
ကျမလို ရုံးလာသူတယောက်က မနေနိုင်တာနဲ့ သေချာပြောပြလို့ အနောက်ရုံး ရောက်တဲ့အခါ ဖိုင်တွေထားတဲ့
နေရာရောက်တော့ ကျမဖိုင်က ပျောက်နေပါတယ်၊ ဖိုင်ရှာခဆိုပြီး တချို့က ၅ဝဝဝ ပေးတယ်၊ တချို့က ၃ဝဝဝ ပေးရတယ်။ အသိတယောက်က အဲဒီထဲမှာ ရှိနေတော့ တထောင်ပေးပြီး ရှာတော့ ဖိုင်ကိုတော့ တွေ့ပါရဲ့၊
ပြဿနာက မြေကွက်ဝယ်တဲ့သူက အရစ်နဲ့ ဝယ်ထားလို့ ပြန်ပြီးဆပ်ထားတာ မတွေ့ဘူးတဲ့။ ကျမက မြေဂရန်မူရင်း ရှိတယ်လို့ ပြောတော့ အထက်ကို ဆက်ပြီး တင်ပြပေးမယ်လို့ ပြောပါတယ်။
ဒီနေရာမှာ မြေဝယ်တဲ့လူတိုင်း (အထူးသဖြင့် မြောက်ဒဂုံက ဝယ်တဲ့သူတွေ အားလုံးနီးပါး အစိုးရဆီက အရစ်နဲ့ ဝယ်တာဆိုတော့ အကြွေးတော့ တင်နေတာပဲ။ ဒါပေမဲ့ အကြွေးကြေတဲ့ လူကိုပဲ ဂရန်မူရင်းပေးတာပါ။) ဒါကို သူတို့က အခွင့်ကောင်းယူပြီး ပြဿနာရှိတယ်လို့ ဆိုတာပါ။ ဘဏ်ကနေ ငွေကြေကြောင်း ပြန်ယူခိုင်းချင်တယ်။ ယူရမှာက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဆိုတော့ အတော်မလွယ်တဲ့ ကိစ္စဆိုတော့ သူတိုအတွက် ရိုက်စားခွင်ကြီးတခု
ဖြစ်လာတာပေါ့လေ။ အထက်ကို တင်ပေးမယ်ပြောပြီး အချိန်ထပ်ဆွဲ၊ မစောင့်နိုင်ရင် ငွေပေးပြီး ပြေလည်အောင် လုပ်ပေးမယ်ဆိုတဲ့ သဘောပါ။ တကယ်ဆိုရင် အကြွေးကြေလို့သာ မြေဂရန်ရထားခဲ့တာပါ။
အဲဒီနေ့ တနေ့လုံး လူပေါင်းမြောက်မြားစွာနဲ့ တွေ့ပြီး စကားပြောရာမှာ ဘယ်သူနဲ့ တွေ့တွေ့ နည်းမျိုးစုံနဲ့ အကြောင်းရှာ အချိန်ဆွဲတာပဲ တွေ့ရပါတယ်။ တချို့ ထက်တဲ့လူက အဲဒီစည်ပင်က ဟောခန်းမကြီးထဲက ထိပ်ဆုံးက ထိုင်နေတဲ့ အရာရှိကြီးဆီ သွားပြောပြီး ပြေလည်သွားတာလည်း တွေ့ခဲ့ရတယ်။
မြေတန်ဖိုး၊ အိမ်တန်ဖိုး သိန်းထောင်နဲ့ချီတဲ့ လူတွေကတော့ သောင်းဂဏန်း ပေးဆိုလည်း ပေးဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း လာဘ်ပေး လာဘ်ယူ ကိစ္စကတော့ စည်ပင်မှာ ဆက်လက်တွင်ကျယ်နေဟန် တူပါရဲ့။
နောက်ဆုံး ခင်တဲ့ ဗိုလ်ကြီးတယောက်ကနေ တဆင့်ပြောခိုင်းတော့မှ ဒီနေ့ ရပါပြီ၊ လာယူခိုင်းလိုက်ပါတဲ့။ မြေပုံကို ကြည့်လိုက်တဲ့အခါ လွန်ခဲ့တဲ့ တလလောက်ကတည်းက သက်ဆိုင်ရာ အရာကြီးတွေက သူ့နေရာနဲ့သူ လက်မှတ်ထိုးပြီးသားပါ။ သက်သက်မဲ့ အချိန်ဆွဲထားလို့ ၂ လကြာမှ ရခဲ့ကြောင်းပါရှင်။
No comments:
Post a Comment