စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ထဲက သီလုံးစံပြကျေးရွာမှာ အသက် ၈၃ နှစ်အရွယ်အဖွားအို ဒေါ်သိန်းရီဟာ ဒီလဆန်း (၃) ရက်နေ့က အိမ်မှာ မီးလောင်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
ဒီသေဆုံး မှုဟာ အဖွားရဲ့မြေးက ဓာတ်ဆီလောင်းမီးရှို့တာလို့ ရွာသားတွေက ယူဆပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲကအရေးမယူတဲ့အပေါ် မကျေမနပ် ဖြစ်နေကြပါတယ်။
ဒီလ ၃ ရက်နေ့ ည ခုနှစ်နာရီခန့် မီးလောင်မှုကို ဘေးအိမ်တွေက သိလို့ ငြိမ်းသတ်နိုင်ပေမယ့် နာရီပိုင်းလောက်အကြာမှာ မီးလောင်ဒဏ်ရာတွေရတဲ့ အဖွားဟာ နောက်နေ့ မနက် ၂ နာရီလောက်မှာ ကွယ်လွန်ခဲ့ပါတယ်။
သူ့မြေး ကိုလှိုင်ဝင်းက သူ့ကိုခေါင်းကနေ ဓာတ်ဆီလောင်းချ မီးရှို့လိုက်တာလို့ အဖွားက မသေခင်မှာ ရွာသားတွေကို ပြောခဲ့သလို ကိုလှိုင်ဝင်းကို ရဲကဖမ်းသွားပြီဆိုမှ အသက်ထွက်သွားတယ်လို့ ရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။
အလောင်းကို ၁၁ နာရီလောက်မှာ သင်္ဂြီုဟ်ပြီးမှ ကျေးရွာအုပ်ချုပ်ရေးမှူးက ဒီအဖွားဟာ အနာကြီးရောဂါရှိလို့ ဓာတ်ဆီနဲ့အရက်ပျံရောပြီး လိမ်းရာက ဆေးလိပ်ဖွာလိုက်လို့ မီးကူးစက်လောင်သွားတာလို့ ဖြေဆိုပြီးတဲ့နောက် ကိုလှိုင်ဝင်း ပြန်လွတ်လာပါတယ်လို့ ဆိုပါတယ်။
ရွာသူအမျိုး သမီးတဦးက “အဖွားကြီးကို ဓာတ်ဆီနဲ့ ခေါင်းကနေ လောင်းချပြီးတော့ အောက်ကနေ ဂတ်စ်မီးချစ်နဲ့ တင်ရှို့လိုက်တာပေါ့။ အဲဒီလို တင်ရှို့တော့ အဖွားကြီးက လောင်သွားတာ။ တိုင်မှာ တိုင်မှာနဲ့ ဆိုပြီးတော့ ဘေးကလူတွေ ဝိုင်းငြှိမ်းကြတာပေါ့ဗျာ။ စောင်နဲ့ ရေစွတ် အုပ်လိုက်တော့မှ ငြိမ်းသွားတာ။ ဝိုင်းပြီး လုပ်ရာကိုင်ရာကနေပြီးတော့ အဖွားကြီးက မနက် ၂ နာရီထိုးလောက် ရောက်တော့ လှိုင်ဝင်းကို ဖမ်းသွားပြီဆိုမှ အဖွားကြီးက အသက်ထွက်သွားတာ သူက။ အဲဒီကျမှ လူတွေက အလောင်းကို တခါတည်း ပြင်ဆင်ပြီးတော့ သူတို့ နေ့ ၁၁ နာရီ ထိုးလောက်ကို မီးသင်္ဂြီုဟ်လိုက်တယ်။ ဘယ်ရဲမှလည်း လာမကြည့်ရဘူး” လို့ ပြောပါတယ်။
ဆေးလိမ်းတဲ့ ဓာတ်ဆီဟာ ဒီလောက်မီးလောင်စရာ အကြောင်းမရှိဘူးလို့ ရွာသားတွေက အခိုင်အမာ တွက်ချက်နေကြပြီး အဖွားကို ခေါင်းကနေ ဓာတ်ဆီလောင်းပြီးမီးရှို့ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီမီးလောင်မှုကို ရဲက လာရောက်မစစ်ဆေးတဲ့အပေါ် ရွာသားတွေက အပြစ်ဖို့ နေကြပါတယ်။
မီးငြိမ်း သတ်တဲ့ ဒေသခံတွေက ကိုလှိုင်ဝင်းရဲ့ အရင်က အဖွားအိုကို မီးရှို့မယ်လို့ ပြောဆိုကြိမ်းမောင်ပြောဆိုမှုတွေနဲ့ တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို ထောက်ပြပြီး ဒီဖြစ်ရပ်ဟာ လူသေမှု၊ လူသတ်မှုတွေနဲ့ ကိုလှိုင်ဝင်းကို စွဲဆိုစစ်ဆေးအရေးယူစေချင်ကြပါတယ်။
No comments:
Post a Comment