၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ ရလဒ်နဲ့ ရွေးကောက်ခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍ ပျက်ပြယ်သွားပြီလို့ ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ပြောပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကိုယ်စား အဖွဲ့ဝင် ဦးမြင့်နိုင်က ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးမှာ ပြောကြား လိုက်တာပါ။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ကြတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ၁၂၀ နဲ့ပတ်သက်ပြီး ဘယ်လိုစဉ်းစားထားလဲလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ မေးခွန်းကို အဲဒီလိုရှင်းလင်းဖြေကြားသွားတာလို့ မြေပုံမဲဆန္ဒနယ်က ဦးဖေသန်းက ပြောပြပါတယ်။
“၁၉၉၀ ခုနှစ် ပါတီစုံရွေးကောက်ပွဲဥပဒေကို အခုရွေးကောက်ပွဲမှာ ဒီကော်မရှင် ဥပဒေနဲ့ ပြောင်းလိုက်ပြီလို့ ပြောလိုက်တဲ့အတွက် အဲဒီ ၁၂၀ ရဲ့ ပြဿနာက ဘာမှ မဆိုင်တော့ဘူးပေါ့။ လက်ရှိဥပဒေနဲ့ ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ ပြောလိုက်တာကြောင့် ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲဥပဒေဟာ အလိုလို ပျက်ပြယ်ပြီးသားဖြစ် တယ်။ အဲဒီအတွက် ၁၂၀ ဟာလည်း အလိုလို ပျက်ပြယ်ပြီးဖြစ်တယ်လို့ ရွေးကောက် ပွဲ ကော်မရှင်ကိုယ်စား ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသွားတာ။”
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာပီပီ) အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်ကတော့ “ရွေးကောက်ပွဲတခုကို ကျင်းပထားပြီးတော့ ဒီရွေးကောက်ပွဲရဲ့ ရလဒ်ကို တစုံတရာ အကောင်အထည်မဖော်ဘဲနဲ့ လက်လွတ်စပယ် ပြောတယ်လုပ်တယ် ဆိုတာတော့ နိုင်ငံအတွက်ကော သမိုင်းမှာကော မကောင်းတဲ့ လက္ခဏာတခုပဲ”လို့ ဝေဖန် ပြောကြားပါတယ်။
“အန်အယ်ဒီအပါအဝင် အန်ကယ်တို့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်က ၉၀ ရွေးကောက် ပွဲကြောင့် ပြည်သူတွေက တာဝန်ပေးတဲ့အတိုင်း နိုင်ငံရေးပါတီတွေဖြစ်တယ်၊ နိုင်ငံရေးသ မားတွေဖြစ်တယ်။ ဒီအခြေခံကို အကြောင်းပြုပြီးတော့ အန်အယ်လ်ဒီအပါအဝင် အန်ကယ် တို့ပါတီတွေက ရပ်တည်နေတာဖြစ်တယ်။
“နဝတ၊ နအဖက ပြောင်းလိုက်တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရလည်း ပြည်ထောင်စု အစိုးရသစ်လို့ပဲ ခေါ်ခေါ် ဒီအစိုးရနဲ့ကတော့ တမျိုးသားလုံးအတွက် ရှေ့ဆက်သွားမယ့် အရေးကြီးတဲ့ အမျိုးသားရေး ကိစ္စတွေ၊ တနည်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို ဆွေးနွေးတဲ့အခါမှာ ဒီလိုအချက်အလက်တွေကို တနည်းနည်းဖြင့် အသိအ မှတ်ပြုဖို့၊ အကောင်အထည်ဖော်ဖို့၊ အကောင်အထည်ဖော်ဖို့ ဆိုတဲ့နေရာမှာ အာဏာလွှဲဖို့ အစိုးရဖွဲ့ပေးဖို့ ဒီလိုပြောတာမဟုတ်ဘူး၊ တိုင်းပြည်အတွက်ရော၊ လုပ်ခဲ့တဲ့နိုင်ငံရေး သမားတွေအတွက်ရော တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကော အသီးသီးကို အသိအမှတ်ပြုဖို့ လိုမယ်လို့ ယူဆပါတယ်။”
၂၀၁၀ ရွေးကောက်ပွဲတုန်းက ပါတီမှတ်ပုံမတင်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါဝင် တိုင်းရင်းသားပါတီတွေဟာ တရားဝင် ပါတီရပ်တည်မှု ပျက်ပြယ်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ကြေ ညာခဲ့ပါတယ်။
No comments:
Post a Comment