Friday, August 19, 2011

၂၀၁၁ခုနှစ်၊ သြဂုတ်လ၊ ၁၄ရက်နေ့ဆိုရင် ၇ နှစ်တင်းတင်း ပြည့်မြောက်ထူးအိမ်သင်

ထူးအိမ်သင် - ဂျပ်ဆင်ထိပ်က လရိပ်ပြာ


A Lin Sai Yet Tha Chin - Htoo Eain Thin


Tu Nine Mat Ya Da Nar - Htoo Eain Thin



မြရဲ့လ

ဂျူး ရေးသားတဲ့ မြရဲ့လ ဝတ္ထုတို ထူးအိမ်သင် ရွတ်ဖတ်ထားခဲ့သည်။
Mya yaet La- Htoo Eain Thin by komyoedesign
သူ ” သူ့ကိုစတင် သိရှိခဲ့တာက ၁၉၈၆ ခုနှစ်လောက်က ဖြစ်သည်။ နာရီသံတွေ ဆူညံလွန်းနေ၊ ငိုချင်ပါတယ် အချစ်ဆုံးရယ်၊ ရီ(ရယ်) ပုလဲ ၊ ငိုရင်ရွဲ စတဲ့ ပြောင်မြောက် ထိမိတဲ့ စကားလုံးတွေ အဖွဲ့အနွဲ့တွေနဲ့ လူငယ်ေ





တွရဲ့ နှလုံးအိမ်ကို စေစားဖမ်းယူ ညို့ငင်နိုင်ခဲ့သူ။ ထူးအိမ်သင် ဆိုတဲ့ “ သူ ” ပါ။ အဲဒီနောက်မှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ သီချင်းခွေတွေနဲ့၊ သူရဲ့ ဂီတမှော်တွေနဲ့ ဖမ်းစားခဲ့ပြန်တယ်။


တလောကက မိတ်ဆွေ တယောက်ပြောပြတဲ့ ငှက်ကြီး ခြေရာတချို့ကို သိလိုက်ရတယ်။ ငှက်ကြီး ကနဦးခွေ ဖြစ်တဲ့ နာရီပေါ်က မျက်ရည်စများကို အသံသွင်းပြီး မာစတာရီးလ် အခွေအတွက် ပရိုဂျူဆာလိုက်ရှာချိန် ကုက္ကိုင်းရေကူးကန် လမ်းနားက အိမ်တအိမ်မှာ တရက် တေးရေးဆရာ ညီညီသွင် (ဝက်) တို့ အခု အယ်လ်ဆိုင်းဇီ အဖေ၊ အယ်လ်ခွန်းရီ မောင် တေးရေး လဇွန်ထွဲဝါ ( ကိုကြီး ) သူငယ်ချင်းတွေ ဆုံပြီးနားထောင်ကြတာ အဲဒီမှာတင် ရန်ကင်း ၁၂လုံးတန်းက ညီညီ့ သူငယ်ချင်း မောင်မောင်ကျော် ဆိုတဲ့ဘော်ဒါက အဲဒီခေတ်က ငွေ ၂သောင်းကျော်နဲ့ ဝယ်လိုက်တယ်လို့ ပြောတယ်၊ နောက် မောင်မောင်ကျော်က တခြားတယောက်ဆီ ရောင်းလိုက်ပြီ ထုတ်တော့ ဒီခွေပေါက်သွားတယ်လို့ ဆိုတယ်။ ဒီခွေဟာ လက်ဖက်ရည်ဆိုင်လေးတွေမှာ သူ့ သီချင်းတွေက ပျံ့လွင့်နေသလို၊ ခေတ်တခုရဲ့ လူတွေ ရင်ဘတ်ထဲကိုလည်း သူ့ သီချင်းသံတွေက မင်းမူ စိုးမိုးနေခဲ့ ပြန်တယ်လေ။ လူငယ် ဘာသာဘာဝ လမ်းဘေး အုတ်ခုံလေးတွေနဲ့ အဆောင်တွေရှေ့မှာလည်း သူ့ သီချင်းတွေက ပျံလွင့် နေခဲ့ပြန်တယ်။ ၁၉၈၈ လူထုအရေးတော်ပုံကြီး ဖြစ်ပြီးတဲ့နောက် အမှန်တရားနဲ့ လွတ်လပ်ခြင်းတွေကို ခုံမင်နှစ်သက်တဲ့ သူတစ်ယောက် တောထဲရောက်ခဲ့တယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ ဘဝတွေနဲ့ သူအံကြိတ်ပြီး နေခဲ့တယ်၊ ကဗျာတွေရေးခဲ့သလို၊ “အရေးကြီးပြီ” ဆိုတဲ့ တော်လှန်ရေး သီချင်းတွေလည်း စပ်ဆိုခဲ့ပြန်သေးတယ်၊ ဂီတကိုင်တဲ့ သူ့လက်က ပါးစပ်တီးလုံးတွေနဲ့ သီချင်းတွေစပ်ရင်း၊ မဟူရာညဉ့် နက်နက်တွေထဲ အမေကိုလွမ်းတဲ့ စိတ်တွေနဲ့ မျက်ရည်ကျခဲ့ဖူးတယ်။ မြို့ပေါ်ပြန်တက်တဲ့ ကျောင်းသားအုပ်စုတွေထဲ သူ အမေကိုလွမ်းတဲ့ စိတ်တစ်ခုထဲနဲ့ သူ့ဇာတိ မော်လမြိုင်က သူ့ အမေရဲ့ အိမ်အိုဟောင်းလေးဆီ ကျောပိုးအိတ် တစ်လုံးလွယ်လို့် သူပြန်သွားခဲ့တယ်။ သူ့ ရဲဘော်တွေအားလုံးက သူ့ကို ခွင့်လွတ်နားလည်မူ အပြည့်ပေးခဲ့ သလို သူကလည်း နောက်ဆုံး ထွက်သက်အချိန်ထိ ရဲဘော်တွေအပါ် သစ္စာရှိခဲ့တယ်။ လက်နက်အာဏာပြပြီး အနုပညာသမားတွေကို သူတို့ရဲ့ ဝါဖြန့်ချီရေး တွေအတွက် အသုံးချခဲ့ပေမယ့် ရှောင်ထွက်ခဲ့တယ်။ နောက်ပိုင်း သူ့အကြောင်းတွေ သိပ်မကြားရတော့ပေမယ့် မဂ္ဂဇင်း၊ ဂျာနယ်စာစောင်တွေမှာ တွေ့မြင်ခဲ့ရပြီး အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် ဆိုတဲ့ တေးစီးရီးတွေ ထုတ်တာနားထောင့်ခွင့် ရခဲ့တယ်။

ဘ၀ကို အနုပညာတစ်ခုတည်းနဲ့ ရိုးသားစွာ လျှောက်လှမ်းသွားခဲ့ သလို ၁၄-၈-၂၀၀၄ ခုနှစ်၊ သြဂတ်လ၊ ၁၄ ရက်မှာ သူချစ်တဲ့ မိသားစုလေးနဲ့ ချစ်တဲ့ ပရိတ်သတ်ကြီးကို ခွဲခွာသွားခဲ့တာ ဒီနေ့ဆို (၂၀၁၁ခုနှစ်၊ သြဂုတ်လ၊ ၁၄ရက်နေ့ဆိုရင် ၇ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီလေ။ သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားဟာ သူ့အတွက် မဟုတ်ခဲ့ဘူး ဒီကမ္ဘာမြေပေါ်က အားလုံးကို သူနှုတ်ဆက် ထွက်ခွာသွားခဲ့ပေမယ့် ကျန်ရစ်တဲ့ သူ့ ကဗျာတွေ၊ သူ့ သီချင်းတွေကို ချစ်တဲ့ သူ့ ပရိတ်သတ်တွေ အားလုံးက သူ့ ကိုချစ်တဲ့ သူငယ်ချင်းတွေ အားလုံးက ကျော်မြင့်လွင် (အမည်ရင်း) သျှပ်၊ ဘဲဥ၊ ငှက်ကြီး၊ ထူးအိမ်သင်ကို အချိန်ပြည့် သတိ၇နေသလို၊ သူဖန်တီးခဲ့တဲ့ ဂီတ နဲ့ ကဗျာတွေ သူ့ပုံရိပ်တွေ မြင်တိုင်း လွမ်းနေတုန်း၊ တမ်းတ သတိရနေတုန်းပါ။

ဒီနေ့ သူငယ်ချင်းတွေနဲ့ သူ့အတွက် သတိတရနဲ့ သူ့ ကဗျာတွေ ရွတ်ဆိုခဲ့ကြတယ်။ ကိုယ်ကလည်း အမေကို အရမ်းချစ်ခဲ့တဲ့ လူတစ်ယောက် အမေရဲ့ နောက်ဆုံး ထွက်သက်ငင် နေချိန်မှာ “ သား ” ကို တွေ့ချင်တယ်လို့ တဖွဖွပြောခဲ့ ပေမယ့် အမေကို မတွေ့နိုင်ခဲ့ဘူး၊ ဈာပန အခမ်းအနားလေးတောင် တက်ရောက်ခွင့်မရ ခဲ့တဲ့ ဘဝမို့ “ အမေ ” ဆိုတဲ့ ကဗျာလေးကို ရွေးပြီး ရွတ်ဆိုခဲ့တယ်။

… အမေ …
မိန်းမတကာ ထက်၌ ကျနော် လေးစားမြတ်နိုး မဆုံးသော
အနာဒိ အနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ …
အမေ …..
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ …
ကဗျာ …
ကဗျာ …
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါ .. အမေ
သားတော့ မီးလောင်နေပြီ။
သျှပ်မှူးကျော်
ငှက်” ကောင်းရာ သုဂတိလားပါစေ၊ အေးချမ်းတဲ့ ဘဝသစ်မှာ ချစ်တဲ့ အနုပညာတွေကို ဆက်လက် ဖန်တီးနိုင်ပါစေလို့ ။

ထုပတိ
တောင်းပန်ပါတယ်၊ ရွှေမော်ကွန်း အယ်ဒီတာ က ငှက်” အတွက် အမှတ်တရ ကို တောင်းထားတာ လွန်ခဲ့တဲ့ (၁၀) ရက်လောက်ကပါ။ စာရေးဖို့ အခြေအနေ မပေးတာကြောင့် လုံးဝ မရေးဖြစ်ခဲ့ဘဲ၊ သူငယ်ချင်းတွေက ငှက်” အတွက် လုပ်ဖြစ်တဲ့ ဒီနေ့ပွဲလေးကို တက်ရောက်ရင်း ဒီစာကို အားခြင်း ရေးပေးလိုက်ရတာမို့ အမှားပါခဲ့ရင် ခွင့်လွှတ် နားလည်ပေးပါလို့်။
ထုပတိ

No comments: