ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသောလူမျိုးစုတို့သည် ရှေးပဝေသဏီကပင် မြန်မာနိုင်ငံအတွင်း ချစ်ကြည်ရင်းနှီးစွာ စုပေါင်းနေထိုင်ခဲ့ကြသည်။ ယင်းတို့အနက် လူမျိုးစုကြီးတစ်ခုဖြစ်သော ကရင်တိုင်းရင်းသားတို့သည် အခြားညီအစ်ကို တိုင်းရင်းသားတို့အောက် နောက်မကျပဲ မြန်မာနိုင်ငံအတွင်း ၀င်ရောက်နေထိုင်ခဲ့ကြသည်။
ကရင်လူမျိုးတို့သည် အေဒီ (၇) ရာစု သို့မဟုတ် (၈) ရာစုခန့်တွင် ရမည်းသင်း သို့မဟုတ် တောင်ငူအရှေ့ဘက်မှ အနောက်ဘက်၊ တောင်ငူ-ရွှေကျင်လမ်းကြောင်းအတိုင်း မြစ်ဝကျွန်းပေါ်ဒေသ၊ တောင်ဘက်ဘက် ဖာပွန် သံလွင်မြစ်ကြောင်းအတိုင်း၊ တနင်္သာရီကမ်းမြောင်ဒေသနှင့် မြန်မာနိုင်ငံအောက်ပိုင်းများသို့ ၀င်ရောက်နေထိုင်ခဲ့ကြသည်ဟု အဆိုရှိသည်။ မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော ကရင်လူမျိုးများကို (၁၉၁၁) ခုနှစ် သန်းခေါင်စာရင်းအရ ..
၁။ စကောကရင်
၂။ ပိုးကရင်
၃။ ဘွဲကရင် ဟူ၍ အုပ်စုသုံးစုဖော်ပြထားသည်။
(၁)စကောကရင်
စကောကရင်မျိုးကွဲတွင်...
၁။ စကောကရင်
၂။ ပကူး (ပူးကရင်)
၃။ မော်နေပွာကရင်နှင့်
၎။ တလေပွာကရင်တို့ ပါဝင်ကြသည်။
စကောကရင် တို့သည် သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ဘားအံခရိုင်၊ကော့ကရိတ်ခရိုင်၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဖာပွန်မြို့နယ်၊ ပြည်ခရိုင်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ဟင်္သာတခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ ပုသိမ်ခရိုင်နှင့် အင်းစိန်ခရိုင်များတွင် နေထိုင်ကြသည်။ စကောကရင် မျိုးကွဲတွင်ပါဝင်သော ပကူးကရင်တို့သည် တောင်ငူခရိုင်၊ သံတောင်မြို့နယ်၊ မော်ချီးမိုင်ဒေသ၊ ဘောဂလိ၊ စစ်တောင်းနှင့်ပြောင်သိုအရပ်များတွင် နေထိုင်ကြသည်။ စကောကရင် မျိုးကွဲတစ်ခုဖြစ်သော မော်နေပွားကရင်အမျိုးသားများသည် မြစ်ငန်ချောင်း အနောက်ဘက်ရွာများတွင် နေထိုင်ကြပြီး အခြားမျိုးကွဲဖြစ်သော တလေပွာအုပ်စုကား ဘောဂလိမော်ချီးကားလမ်းနှင့် (၂၅)မိုင်အကွာ တောင်ပေါ်အထက်ရွာများတွင် နေထိုင်ကြသည်။ ထိုသို့ နေထိုင်ရာဒေသခြားနား၍ မျိုးကွဲအဖြစ် တည်ရှိသော်လည်း ပြောဆိုသောစကားမှာ မူလအရင်းအမြစ်ချင်း တူညီကြသည်။
(၂)ပိုးကရင်
ပိုးကရင်သည်လည်း အရှေ့ပိုင်းကရင်နှင့် အနောက်ပိုင်းကရင် (၀ါ) မြစ်ဝကျွန်းပေါ်ပိုးကရင်ဟူ၍ အုပ်စုနှစ်စုခွဲနိုင်သည်။ အရှေ့ပိုးကရင်များသည် ဘားအံခရိုင်၊ ကော့ကရိတ်ခရိုင်၊သထုံခရိုင်၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ဖာပွန်မြို့နယ်များတွင် နေထိုင်ကြပြီး အနောက်ပိုးကရင် (၀ါ)မြစ်ဝကျွန်းပေါ်ကရင်တို့သည် ပုသိမ်ခရိုင်၊ မအူပင်ရိုင်၊ မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ ဟံသာဝတီခရိုင်၊ သာယာဝတီခရိုင်၊ ညောင်လေးပင်မြို့နယ်နှင့် အင်းစိန်မြို့နယ်များတွင် နေထိုင်ကြသည်။ ပိုးကရင်မျိုးကွဲတစ်ခုဖြစ်သော မိုပွာအုပ်စုဝင်ကရင်တို့သည် တောင်ငူခရိုင်၊ မော်ချီးကားလမ်း မိုင်တိုင် (၂၀) အနီး သံတောင်မြို့နယ် မဲဖြူတိုက်၊ ဥသျှစ်ကုန်းနှင့် စည်ပင်ကြီးကျေးရွာများတွင် နေထိုင်ကြသည်။
(၃)ဘွဲကရင်
ဘွဲကရင်မျိုးထဲတွင်
၁။ ဘွဲကရင်
၂။ ပလေချီးကရင်
၃။ ပိုဟွကရင်တို့ပါဝင်သည်။
ဘွဲကရင်အမျိုးသားတို့သည် သံတောင်မြို့နယ်တောင်ပေါ်ဒေသတစ်လျောက်တွင် နေထိုင်ကြပြီး ပလေချီးကရင်တို့သည် သံတောင်မြို့နယ် ပလေချီး၊ ကျွဲဖြူတောင်၊ တောပြာကလေး၊ ငွေတောင်ကြီး၊ ငွေတောင်ကလေးရွာများတွင် နေထိုင်ကြသည်။ ပလေချီးချောင်း၊ ပလေချီးဒေသတွင် နေထိုင်ခြင်းကိုအကြောင်းပြု၍ "ပလေချီးကရင်" ဟုခေါ်ခြင်းဖြစ်သည်။
ရေကြည်ရာမြက်နုရာ မိမိတို့နှင့်နီးစပ်ရာအုပ်စုရှိသည့် ဒေသအသီးသီးသို့ သွားရောက်နေထိုင်ကြသော်လည်း ယင်းတို့၏ မူလဇစ်ဖြစ်မှာ ကရင်အမျိုးသားများသာဖြစ်ကြသည်။ နေထိုင်ရာဒေသကိုစွဲ၍ အရှေ့ဘက်အရပ်ဒေသတွင် နေထိုင်သူများသာ ကရင်အစစ်ဖြစ်ပြီး အနောက်ဘက်အရပ်တွင် နေထိုင်သူများမှာ ကရင်မစစ်ဟူ၍လည်ကောင်း ၊ ဖါထါ်-စကောကရင်များသာ ကရင်အစစ်ဖြစ်ပြီး မေ၀်ၟထါ်-ပိုးကရင်များမှာ ကရင်အစစ်မဟုတ် ဟူ၍လည်ကောင်း၊ တောင်ပေါ်ဒေသနေထိုင်သူများသာကရင်ဖြစ်ပြီး မြစ်ဝကျွန်းပေါ် မြေပြန့်ဒေသများတွင် နေထိုင်သူများကား ကရင်မပီသတော့ဟူ၍ ပြောဆိုယူဆပါက လွန်စွာမှမှားယွင်းသော ယူဆချက်ဖြစ်ပေသည်။ ဖော်ပြပါအားလုံးသည် ကရင်လူမျိုးများသာဖြစ်သည်ဟူသော အသိခံယူချက်မှသွေဖီပြီး သွေးမကွဲအပ်ပါပေ။
ကရင်လူမျိုးတို့သည် မိမိတို့ စား၊ ၀တ်၊ နေရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် တောင်ယာလုပ်ငန်းများ၊ အချို့က ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးစသော ဦးစီးဌာန၊ ကော်ပိုရေးရှင်းနှင့် လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည်။ မိမိတို့လုပ်ကိုင်ရသော လုပ်ငန်းသဘာဝခြားနားမှုကြောင့် သွေးမကွဲသင့်ကြပေ။ မိမိတို့သည် နိုင်ငံကောင်းရာကောင်းကြောင်း ၊ အမျိုးသားကောင်းရာကောင်းကြောင်း လုပ်ဆောင်နေကြသူများ ဖြစ်သည်ဟူသော တစ်ခုတည်းသော ခံယူချက်ဖြင့် အချင်းချင်းသွေးမကွဲဘဲ ရိုင်းပင်းကူညီသင့်ပေသည်။
ယုံကြည်ကိုးကွယ်ခြင်းနှင့်ပတ်သက်၍ ရှေးကရင်တို့မှာ အများအားဖြင့်နတ်ကိုးကွယ်ကြသည်။ နောက်ပိုင်းတွင် ဗုဒ္ဓဘာသာကိုးကွယ်သူများ၊ ခရစ်ယာန်ဘာသာ၊ တလကူရသေ့ဗုဒ္ဓဘာသာ၊ နောင်ပွင့်တော်မူမည့် အရိမေတ္တာယျဘုရားလောင်းကို ကိုးကွယ်သည့် လဲကယ်ဘာသာ၊ ဗြဟ္မာစိုရ်ဂိုဏ်း၊ ၀ီး(ဟွီး) ကိုးကွယ်သူများ စသည်ဖြင့်ကိုးကွယ်ယုံကြည်မှုကွဲပြားလာကြသည်။ ဘာသာရေးသည် ပုဂ္ဂိုလ်ရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုသာဖြစ်သည်။ အမျိုးသားရေးနှင့်ရောနှောမသွားသင့်ပေ။ ကိုးကွယ်သည့်ဘာသာကွဲပြားမှုကို အကြောင်းပြု၍ ကရင်အချင်းချင်း စိတ်ဝမ်းကွဲပြားခြင်း၊ အနေစိမ်းသွားကြခြင်း၊ ညီညွတ်မှုအားနည်းသွားခြင်းမျိုး မဖြစ်သင့်ပေ။
ကရင်လူမျိုးတို့တွင် '' လိက်ဆောင့်ဝေး'' ''လိပ်ဆန်ဝှေ့" "လီဆောဝဲ့" စာရေးနည်းနှင့် ပေစာရေးနည်းများရှိခဲ့သည်။ (၁၈၃၂) ခုနှစ်နောက်ပိုင်းတွင် စကောကရင်စာပေ၊ ပိုးကရင်စာပေ၊ ဗုဒ္ဓဘာသာသင်ပုန်းကြီးစာရေးနည်းစနစ်၊ လဲကယ်ဘာသာဝင်တို့၏ စာရေးနည်းစနစ် စသဖြင့် စာပေများ ပေါ်ပေါက်လာသည်။ စာပေကွဲပြားမှုကိုအကြောင်းပြု၍ ကရင်အချင်းချင်း သွေးမကွဲသင့်ကြပါချေ။ ကရင်အမျိုးသားအလံတွင် အရောင်သုံးမျိုးပါရှိရာ အနီရောင်သည် အစဉ်အလာအရ ကရင်အမျိုးသားတို့၏ ရဲရင့်ခြင်းကို ဖော်ညွန်းသည်။ အပြာရောင်က သစ္စာရှိမှု၊ တည်ကြည်ဖြောင့်မတ်မှုကိုလည်ကောင်း၊ အဖြူရောင်က ကရင်လူမျိုးတို့၏ စိတ်ဓါတ်ဖြူစင်ရိုးသားမှုကိုလည်ကောင်း ကိုယ်စားပြုသည်။ တက်သစ်စနေရောင်ခြည်က ကရင်အမျိုးသားတို့ ဖွံဖြိုးတိုးတက်သာယာစည်ပင်လာမည့် အလားအလာကိုလည်ကောင်း ဖော်ညွန်းပြီး၊ ဖားစည်က ရန်အောင်ကြောင်းနှင့် ကျွဲချိုက အချက်ပေးမှုတ်သည့် ကိရိယာများအဖြစ် အသုံးပြုရပေသည်။
အချုပ်အားဖြင့်တင်ပြရလျှင် ကရင်လူမျိုးတို့သည်မျိုးနွယ်စုအားဖြင့် ကွဲပြားနေစေကာမှု၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအရ ခြားနားစေကာမှု၊ ယုံကြည်ကိုးကွယ်မှုအရ ဘာသာရေး မတူညီစေကာမူ၊ စာပေနှင့် ဘာသာစကားဒေသလိုက်၍ ခြားနားနေစေကာမှု ဤသို့မတူ ကွဲပြားခြားနားမှုများ ရှိနေမည်ဖြစ်သော်လည်း မူလဇစ်မြစ်အရ လုံးဝကွဲပြားခြင်းမရှိ ကွဲပြားမှုမရှိသည့်အလျောက် ထာဝရစည်းလုံးညီညွတ်နေကြရမည်ဟု သတိချထားရမည်သာဖြစ်သည်။ ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသော အမျိုးသားအလံတော်၏ ရည်ညွန်းချက်များကို ကရင်တစ်မျိုးသားလုံး၏ နှလုံးသည်းပွတ်တွင် လမ်းညွန်အဖြစ် ခံယူထားရမည်ဖြစ်သည်။ ထိုလမ်းညွန်ချက်ကို အကောင်အထည်ဖော်ရာတွင် သာမန်ဖြစ်သော ကွဲပြားချက်များကို လျစ်လျူရှုကာ အဓိကဖြစ်သော စည်းလုံးညီညွတ်မှုကို မဖြစ်မနေ တည်ဆောက်ရမည်ဖြစ်ပါကြောင်း ကရင်လူမျိုးများအားလုံး ဘယ်လောက်ပဲဝေးဝေး ထာဝရသွေးစည်းရမည်ဖြစ်ပါသည်။
No comments:
Post a Comment