Thursday, December 4, 2008


ကျေးရွာသို့ ပြန်လည်နေထိုင်ခဲ့သော်လည်း သိမ်းဆည်းခံ လယ်ယာမြေပြန်မရ

Wednesday, 03 December 2008 10:50
မြန်မာစစ်အစိုးရတပ်သည် လွန်ခဲ့သည့် ၁၉၉၆၊ ၉၇ ခုနှစ်တွင် ကျင့်သုံးခဲ့သည့် ဖြတ်လေးဖြတ်စနစ်ကြောင့် ဒေသခံပြည်သူများကို စုစည်းကျေးရွာသို့ အတင်းပြောင်း ရွေ့နေထိုင်ခိုင်းစဉ် စစ်တပ် ရွာသူရွာသားတို့၏ လယ်ယာမြေများကို သိမ်းဆည်းထားပြီး ယခုရွာသားများ ပြန်လည်နေထိုင်ကြသော်လည်း နယ်မြေပြန်မရရှိတော့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၀၀ ခုနှစ်က ဘောလခဲမြို့နယ် စုစည်းကျေးရွာမှ နေ၍ မိမိနေရပ်ကျေးရွာသို့ ပြန်လည်နေထိုင်ခွင့်ရခဲ့သည့် စောလိုနှင့် ဟော်ခါးကျေးရွာတို့သည် ၎င်းတို့၏ လယ်ယာမြေများကို ပြန်လည်မရရှိကြောင်း လယ်ယာမြေသိမ်းဆည်းခံလိုက်ရသည့် ဒေသခံများက ပြောဆိုသည်။ စစ်အစိုးရတပ်များသည် ပြည်သူပိုင် လယ်ယာမြေများကို အဓမ္မသိမ်းဆည်းထားသည့်အပြင် ကျေးရွာတွင် ကျန်ရှိခဲ့သော ကျွဲ၊နွားများကိုလည်း သတ်စား၊ ရောင်းစားခြင်း စသည့်တို့ပြုလုပ်ကြောင်း၊ မိမိကျေးရွာဟောင်းသို့ ပြန်ရောက်ရှိလာကြသည့် ရွာသူ၊သားများသည် ကျွဲ၊ နွားများ မရှိ၍ လုပ်ကိုင်စားသောက်နိုင်ရန်အတွက် အလွန်ပင် ခက်ခဲသည်ဟု သိရသည်။ စစ်တပ်များ၏ လယ်ယာမြေ သိမ်းဆည်းခံရခြင်းနှင့် ပတ်သက်ပြီး ရွာသားတဦး၏ ပြောပြချက်က “ ၉၆ မှာ စပြီးတော့ ကျနော်တို့ရွာကို စုစည်းရွာအဖြစ် ဘောလခဲ မြို့တွင်းကို သွားနေခိုင်းတယ်။ ဟိုမှာရောက်တော့လဲ အလုပ်မရှိ အကိုင်မရှိ။ ဒီ ၂၀၀၀ ခုနှစ်မှာ ကျနော်တို့ ရွာကို ပြန်နေထိုင်ခွင့်ပေးတယ်။ ပြန်ရောက်တော့ ကျွဲ၊ နွားမရှိတော့ဘူးကော၊ ဘယ်လို လယ်လုပ်လို့ရမလဲ။ လယ်ကွက်နည်းနည်းပါးပါး ရှိပေမဲ့ ဘယ်လိုမှ လုပ်စားလို့မရဘူး။ အဲဒါကြောင့် ခင်ဗျားတို့ လယ်ယာမြေများကို မလုပ်နိုင်ကြတဲ့အတွက် ကျနော်တို့ လယ်ယာမြေသိမ်းလိုက်မယ်တဲ့။” ဟု ပြောသည်။ စစ်အစိုးရတပ် သိမ်းဆည်းထားသည့် လယ်ယာမြေများသည် တပ်ပိုင်လယ်ယာမြေအဖြစ် သတ်မှတ်ထားပြီး စပါးများ စိုက်ပျိုးနေကြသည်ဟု ဆိုသည်၊။ လွန်ခဲ့သည့် ၁၉၉၆၊ ၉၇ ခုနှစ်တွင် မြန်မာစစ်အစိုးရတပ်က တိုင်းရင်းသား နယ်မြေဒေသ များမှာ ထိုးစစ်ဆင်ခဲ့သော ဖြတ်လေးဖြတ်စနစ်ကြောင့် ဒေသခံကျေးရွာများအား စုစည်း ကျေးရွာသို့ အတင်းပြောင်းရွေ့နေထိုင်ခိုင်းပြီး ဒေသခံပိုင် လယ်မြေများကို တပ်ပိုင်အဖြစ် သိမ်းဆည်းလိုက်သည်။ ၎င်းဒေသတွင် လာရောက်အခြေချနေထိုင်သည့် စစ်အစိုးရ ဗျူဟာတပ်မှ ခမရ ၃၃၀၊ ၃၃၇ နှင့် ၄၂၉ တို့ဖြစ်ပြီး ပြည်သူပိုင် လယ်ယာမြေများကိုလည်း ၎င်းတပ်က သိမ်းဆည်းထား ကြောင်း သိရသည်။