Wednesday, June 18, 2014

တနင်္သာရီတိုင်းအစိုးရ၏ အမိန့်စာအပေါ် ကေအဲန်ယူ သဘောမတူ



KNPF stamp

ဇွန် ၁၈ရက်၊၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်/ထားဝယ်ခရိုင်၊ တပ်မဟာ(၄)အနေဖြင့် ၎င်းတို့ လက်အောက်ခံ ကရင်အမျိုးသား ရဲတပ်ဖွဲ့(KNPF)အဖွဲ့အား စနစ်တကျ ကြပ်မတ်ထိန်းသိမ်းရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရမှ ပေးပို့သည့် အမိန့်စာအပေါ် သဘောမတူကြောင်း ယမန်နေ့က ပြောဆိုလိုက်သည်။

KNU ဘိတ်/ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောဘီးလယ်က “ကျနော်တို့ဘက်က နောက်ဆုတ်မှာ မဟုတ်ဘူး။ ကျနော်တို့ ရဲတွေက ဆူပူသောင်းကျန်းတာလည်း မဟုတ်ဘူး။ အခွန်အကောက်တွေကို အကူအညီလိုက်တောင်းကောက်တာလည်း မဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးအတွင်းမှာရှိတဲ့ မြို့နယ်တိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးကနေပြီးတော့ ရဲတွေကို လိုအပ်ရင် လိုအပ်သလို လုပ် ပေးတာ။ သူတို့ ကန့်ကွက်တာကျတော့ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စတွေပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

ပဒိုစောဘီးလယ်နှင့် KNU တပ်မဟာ(၄)မှူး ဗိုလ်မှူးချုပ်စောဒါးကျော်လုထံသို့ ၂၀၁၄ခုနှစ်၊ ဇွန်လ ၄ရက် နေ့စွဲဖြင့် ပေးပို့ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး အစိုးရ၏ စာတွင် ၎င်းဒေသရှိ KNPF တပ်ဖွဲ့ဝင်တို့သည် ဆိုင်းဘုတ်တင်၍ ရဲတပ်ဖွဲ့၊ အကောက်ခွန်၊ သစ်တော စသည့်အဖွဲ့အစည်းများ၏ လုပ်ငန်းများကို ဆောင်ရွက်နေခြင်းမှာ အစိုးရလက်အောက်ခံ ဌာနများနှင့် ထင်ယောင်ထင် မှား ဖြစ်စေနိုင်သည့်အတွက် ဖျက်သိမ်းပေးရန် ပြောဆိုထားခြင်းဖြစ်သည်။

၎င်းပေးပို့စာထဲတွင် KNU ၏ ဆောင်ရွက်ချက်များကြောင့် ဒေသခံပြည်သူများ၊ ပြည်တွင်း/ပြည်ပခရီးသွားပြည်သူများအား အနှောက်အယှက်ဖြစ်စေသည့်အပြင် KNU အနေဖြင့် အစိုးရမှ ဖွဲ့စည်းထားသည့် ၀န်ကြီးဌာန၊ ဦးစီးဌာနများနည်းတူ ဖွဲ့စည်းခွင့် မရှိသဖြင့် KNPF ဖျက်သိမ်းပေးရေးနှင့် ရဲတပ်ဖွဲ့၊ အကောက်ခွန်၊ သစ်တောဦးစီးဌာနများ၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခြင်း မပြုရေးတို့ကို ထည့်သွင်းရေးသားထားသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအနေဖြင့် KNU ၏ ဖွဲ့စည်းပုံအားလုံးကို နားမလည်သေးသည့်အတွက် ထိုသို့ ကန့်ကွက်စာ ပို့ လာခြင်းဖြစ်နိုင်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်းရင်းသားပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရာတွင် အစိုးရရဲတပ်ဖွဲ့မှ တာဝန်ရှိသလို KNU လည်း တာဝန်ရှိသောကြောင့် ကမ်းလှမ်းလာသည့် ကန့်ကွက်စာအညီ တိုင်းဒေသကြီး နားလည်သဘောပေါက်အောင် KNPF ၏ လုပ်ဆောင်ချက်များကို ပြန်လည်ရှင်းပြပေးမည်ဟု ဖြည့်စွက်ပြောဆိုသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး အစိုးရမှ KNU ဘိတ်/ထားဝယ်ခရိုင်၊ တပ်မဟာ(၄)ထံသို့ ပေးပို့သည့် ၎င်းစာ၏ နိဂုံးတွင် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်စား အတွင်းရေးမှူး ဦးတင်သိန်းက လက်မှတ်ထိုးထားသည်။

၎င်းဒေသရှိ အမည်မဖော်လိုသူ ကရင်ရွာသားတစ်ဦးက “ဒီကိစ္စဟာ အစိုးရကော ကေအဲန်ယူကော သေသေချာချာ ညှိနှိုင်းပြီး ပြေလည်ကြရင်တော့ ကောင်းတာပေါ့။ နှစ်ဖက်စလုံး တင်းမာပြီး ပြဿနာတွေဖြစ်လာကြရင် ကျနော်တို့ဒေသခံတွေပဲ လုပ်စား ကိုင်စားရတာ ပိုခက်သွားမှာလည်း စိုးရိမ်ရတယ်”ဟု ဆိုသည်။

KNU ၏ ပြည်ထဲရေးနှင့် သာသနာရေးဌာန လက်အောက်ရှိ KNPF ကို ၁၉၉၁ခုနှစ်တွင် စတင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး KNU ၏ ခရိုင်/တပ်မဟာ ၇ခု အသီးသီးတွင် ထားရှိကာ ရာဇ၀တ်မှု ကျူးလွန်သူများ ဖမ်းဆီးရေးနှင့် မူးယစ်ဆေးဝါး နှိမ်နင်းရေးတို့တွင် သတ်မှတ်ထားသည့် ဥပဒေအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Monday, June 16, 2014

တနင်္သာရီမြို့နယ်တွင် တပ်မတော်နှင့် KNLA တိုက်ပွဲဖြစ်ပွား

On Mon, 2014-06-16 11:47


တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဝှေးဖaတာင်ဒေသတွင် တပ်မတော်နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော KNLAတပ်မဟာ(၄)တပ်ရင်း(၁၁)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့ ဝှေးဖ ဒေသတွင် ဇွန်လ ၁၄ရက် နံနက် ၇နာရီမှ ၉ နာရီအထိ ၂နာရီကြာ မြန်မာ့တပ်မတော်နှင့် KNLAတပ်ရင်း(၁၁)တို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားပြီး မြန်မာ့တပ်မတော်မှ ကျဆုံးသူမရှိသော်လည်း KNLAဘက်မှ နှစ်ဦး ကျဆုံးခဲ့ကြောင်း သတင်;ရရှိသည်။

ဝှေးဖဒေသတွင် KNU/KNLA တပ်မဟာ(၄)တပ်ရင်း (၁၁)အခြေပြုတပ်စွဲထားပြီး တပ်မတော်စစ်ကြောင်း လမ်းမှား၍ နယ်ကျွံခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့jခင်းဖြစ်ကြောင်း တပ်မမှူးဖဒိုစောနေထူးက ပြောသည်။

အပစ်အခတ်ရပ်စဲထားပြီး ဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကြား နယ်မြေသတ်မှတ်ချက်များရှိပြီး စစ်ကြောင်းများ ဖြတ်သန်းပါက ကြိုတင်အသိပေးရလေ့ရှိသည်။

‘‘KNU ကမှားပြီးပစ်တာ။ တခြားအဖွဲ့တွေ ၀င်လာတယ်ထင်လို့။ အဲဒီမှာက တပ်မတော်အပြင် တခြား နှစ်ဖွဲ့ရှိသေးတယ်’’ဟု မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC)မှ အ ပစ်အခတ်ရပ်စဲရေးဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသောနယ်မြေသည် တပ်မဟာ(၄)မှ တပ်ရင်း(၁၁) တမ်မမှူးဖဒိုစောနေထူး၏  နယ်မြေဖြစ်ကြောင်း သတင်းရရှိသည်။

ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာအစိုးရတို့သည် ၂၀၁၂ ခုနှစ်ဇန်န၀ါရီလတွင် အ ပစ်အခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးပြီးနောက်ပိုင်းတပ်မဟာ(၅) နယ်မြေတွင်သာ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် KNLA တပ်များကို ပြန်လည်တပ်လှန့်ထားပြီး နှစ်ဖက် တာဝန်ရှိသူများ နယ်မြေတပ်များကို ပြန်လည်ကြပ်မတ်သွားမည်ဖြစ်ကြောင်း KNUတပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးမှ သတင်းရရှိသည်။

Sunday, June 15, 2014

လူသားပြတိုက်ထဲက မြန်မာနိုင်ငံသား ကြေးကွင်းစွပ် ပဒေါင်များ

Thursday, June 5, 2014 



        ဘတ် ၅၀၀ မြန်မာကျပ်ငွေနဲ့ ဆိုရင် ၁၅၀၀၀ ဝန်းကျင်ပေးပြီး ကြည့်ရတဲ့ လည်ပင်းကြေးကွင်းစွပ် ကယန်း ပဒေါင် တိုင်းရင်းသားတွေဘဲ ဖြစ်ပါတယ်။ အားလုံးက မြန်မာနိုင်ငံ ကယားပြည်နယ်က လာကြတာပါ။ 



ဓာတ်ပုံ - ငြိမ်းဇော်၊ ဧရာဝတီ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်းမှာရှိတဲ့ မဲ့ဆာ (Mae Sa) မြို့ငယ်လေးက ထိုင်းသူဌေး တစ်ဦးပိုင် လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်း ကျင်က ဖွင့်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီထဲမှာ LONG NECK KAREN ဆိုပြီး လည်ပင်း ကြေးကွင်းစွပ် ပဒေါင် ဦးရေ ၁၀၀ ကျော်နီးပါးကို ပြထားတာ ဖြစ်ပါတယ်။ 

တဲအိမ်ပေါင်း ၇၀ နီးပါကို ရွာတန်းရှည်ပုံဆံ မျိုးနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ 

အဲဒီမှာ နေကြတဲ့ ပဒေါင်တွေဟာ သူတို့ဒေသမှာ လုပ်ကိုင်စားသောက်ရေး ခက်ခဲတာကြောင့် နယ်စပ်တွေ က နေတဆင့် ထိုင်းနိုင်ငံ ဘက်ကို ရွှေ့ပြောင်းလာရင်း ထိုင်းလုပ်ငန်းရှင်တွေ ဖွင့်တဲ့ လူသားပြတိုက် ထဲ 
ရောက်လာခဲ့တာ ဖြစ်တယ်လို့ ပဒေါင် တိုင်းရင်းသား တစ်ဦးက ပြောပါတယ်။ 

သူတို့ကို သူဌေးက မိသားစုအလိုက် ထောက်ပံ့ကြေး အနည်းငယ်သာ ပေးတာကြောင့် ပဒေါင်အမျိုးသား 
တွေက အပြင်ထွက် နေ့စားကျပန်းအလုပ်တွေ ရှာကျန် လုပ်ရတယ်လို့ ဆိုကြပါတယ်။ 

“သူဌေးက ဆီးဖိုး ဆန်ဖိုးလောက်ဘဲ ပေးတာ ပါ” တဲ့ မေးသမျှ အားလုံးနီးပါးက ဒီအတိုင်းပဲ ဖြေကြပါ တယ်။
ကြေးကွင်းစွပ် ပဒေါင်အမျိုးသမီးတွေကိုတော့ အပြင်ထွက်ခွင့်ကို ပိတ်ပင်ထားပါတယ်။ အဲဒီထဲမှာဘဲ မိုးလင်း မိုးချုပ် ဧည့်သည် အလာကို စောင့်မျှော်နေကြရတာပါ။ 

မဖြစ်မနေ အပြင်ပေးထွက်ရင်တောင် သူတို့ ဝတ်ဆင်ထားတဲ့ လည်းပင်းက ကြေးကွင်းတွေကို လူမမြင်နိုင်
အောင် အဝတ်တွေနဲ့ ပတ်ပြီးသွားရတာပါ။ 

သူဌေးတစ်ဦးဦးက ကြေးကွင်းစွပ် ပဒေါင်မှန်းသိရင် လူကို တန်ဖိုးဖြတ်ဝယ်ယူတာကြောင့် အပြင်သွားတိုင်း ရုပ်ဖျက်ပြီး သွားကြရတယ်လို့ ပဒေါင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။ 

တဲအိမ်ထဲက လက်ယက်ကန်းယက်နေတဲ့ ၁၀ ကျော်သက်အရွယ် ပဒေါင်ငယ်တစ်ဦးကတော့ “ကျမ ရွာမှာ ကျောင်း ၅ တန်းဘဲ တက်တယ်။ ဒီမှာ ရောက်လာတယ်။ ရွာမှာ အလုပ်မရှိဘူး” တဲ့ လက်တဘက်က ချည်စကို သိမ်းနေရင် မြန်မာစကားကို ကြိုးစားပြီး ပြောပါတယ်။ 

အဲဒီမှာ ရှိတဲ့ ပဒေါင်အမျိုးသမီးတိုင်း ချည်ထည်မျိုးစုံ ယက်လုပ်ကြတာပါ။ သူတို့အတွက် တဖက်တလမ်း ဝင်ငွေလို့ ဆိုရမှာပါ။ အဲဒီက ရောင်းလို့ရတဲ့ ဝင်ငွေက သူတို့အိမ်သုံးစရိတ်ကာမိတယ်လို့ ဆိုပါတယ်။ 

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ကြေးကွင်းစွပ် ပဒေါင်တွေကို နိုင်ငံခြားသားတွေ ကြည့်ရှု့လေ့လာဖို့အတွက် ထိုင်းအစိုးရက ဈေးကွက်တခုအနေနဲ့ စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ 

အခုနောက်ပိုင်း အစိုးရက ကိုယ်တိုင်မလုပ်တော့ဘဲ စီးပွားရေး လုပ်ငန်းရှင်တွေကို လွဲပြောင်းပေး လိုက်တာလို့ သိရပါတယ်။ 

လွဲပြောင်းပေးလိုက်ပြီး မကြာခင်မှာဘဲ ထိုင်းနိုင်ငံရဲ့ မြို့ပြတော်တော်များများမှာ “တိုင်းရင်းသား ကျေးရွာ” ဆိုပြီး ပဒေါင်တွေကို ပြစားလာတာဘဲ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံအနေနဲ့ ပဒေါင်လူမျိုးတွေကို အခကျေးငွေယူပြီး Human Zoo သဖွယ်ပြစားတယ်ဆိုပြီး နေရပ် ရင်း မြန်မာပြည်က ပဒေါင်တိုင်းရင်းသားတွေက ကန့်ကွက်ခဲ့ကြပါသေးတယ်။ 

ပဒေါင်းတိုင်းရင်းသားတွေကိုယ်တိုင်ကလည်း နေရပ်ရင်းမြန်မာပြည်မှာ စီးပွားရေးကြပ်တည်းပြီး အလုပ် အကိုင် ရှားပါး တဲ့အတွက် ထိုင်းနိုင်ငံရဲ့ လူသားပြတိုက် မှာ အရှက်တရားတွေဘေးဖယ်ပြီး လုပ်ကိုင်နေ ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာစကားကို ပီပီသသပြောဆိုနိုင်တဲ့ ပဒေါင်တိုင်းရင်းသား ဦးခါးလွေက “ဒီမှာတော့ ဘယ်နေချင်ပါ့မလဲ။ မဖြစ်လို့တာ နေရတာပေါ့။ ကိုယ့်နိုင်ငံမှာ အဆင်ပြေရင် ပြန်မှာဘဲ။ အခုက လူသား တိရစ္ဆာန်လိုလို ဖြစ်နေ တယ်” သောက်လက်စ ရေနွေးခွက်ကို ကိုင်ရင်း ပြောပြတာပါ။

နေရပ်ရင်းမြန်မာနိုင်ငံမှာတော့ စုစုပေါင်း ကြေးကွင်းစွပ် အယောက် ၁၀၀ ဝန်းကျင်သာ ကျန်တော့တယ်လို့ သိရပေမယ့် ထိုင်းနိုင်ငံမှာတော့ စီးပွားရေးအရ ရောက်ရှိလာကြတဲ့ မြန်မာနိုင်ငံသား ကြေးကွင်းစွပ် ပဒေါင် လူမျိုး ရာပေါင်းများစွာရှိနေပြီဖြစ်တယ်လို့သိရပါတယ်။ 



















ငြိမ်းဇော် 

10th Karen Unity Seminar 2014 (ရုပ်သံ)





Type the rest of your post here.