Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, July 3, 2011

နိုင်ငံရေး သင်ပုန်ကြီး ဖတ်စာ

- “ မြန်မာတွေကြောက်နေပြီနဲ့ နည်းသစ် ”

- ဆရာမ... စပါရှယ်စိန် (နေပြည်တော်)-၁-၇-၂၀၁၁

ကလေးတို့ရေလာကြလာကြ ×××× ကျားကိုက်အောင် ကျားဖင်နှိုက်ကြ၊ အဲအဲ ဟုတ်ပေါင်၊ ကြားလိုက်အောင် နားစိုက်ထောင်ကြ ××× စိတ်အာရုံ မြေဝယ်မကျ၊ မှတ်သားနာယူကြ ××× ခုပြောနေတာ ကလေးတို့တတွေရဲ့ ညာချမယ့် ဆရာမ ×××× အဲ.. အဲ စာပြမယ့် ဆရာမ.. ဆရာမ၊ မင်းတို့ ဆရာမ၊

ဆရာမ ........... ကလေးတို့ရေ၊
ဒီအပတ် ကမ္ဘာ့သမိုင်းကို သင်မယ်၊
စာအုပ်ထုတ်ကြ၊ ကဲ ကဲ လိုက်ဆိုကြ၊ --ယက်တော ရေကူးနေသည်၊


ကလေးများ.............. ဘဦး ရေကူးနေသည်ပဲ ကြားဘူးပါတယ် ဆရာမ၊
ဆရာမ................... ဟဲ့ ဟိုတုန်းက အင်္ဂလိပ်ကိုလိုနီခေတ်မှာ ရေကူးတာက ဘဦး၊
အခု တရုတ်ကိုလိုနီခေတ်မှာ ရေကူးတာက ယက်တော ဟဲ့၊ ဂျွန်ယက်တော၊
ငါဆိုတဲ့ အတိုင်းလိုက်ဆို၊ ဆေးကုခ မရှိကြပါ၊


ကလေးများ.............. ဆေးကု၍ မရပါ မဟုတ်ဘူးလား ဆရာမ၊
ဆရာမ .................. ဟဲ့ ခုခေတ်မှာ ဆေးကုလို့ရတယ်၊
ပိုက်ဆံရှိရင် နိုင်ငံခြားကိုသွားပြီး ကုလို့ရတယ်၊
အခု မြန်မာလူထုမှာက ဆေးကုစရာကို ပိုက်ဆံမရှိကြဘူး၊ ဟုတ်ဘူးလား....


ကလေးများ................ ဟုတ်ပါတယ် ဆရာမ၊





















ဆရာမ ............... ဆေးကုစရာ ပိုက်ဆံမရှိတဲ့အထဲမှာ ပြည်တွင်းစစ်နဲ့ ဆူပူအုံကြွမှုတွေ ဖြစ်ရင် သေရောပေါ့၊ မကြာခင်က ဒို့ ဗမာပြည်ကို လာသွားတဲ့ ကမ္ဘာ့အကြီးဆုံး ဆင်ကြီးတကောင်က နိမိတ်ဖတ် ခဲ့တယ်၊
အရှေ့အလယ်ပိုင်းဒေသက နိုင်ငံတွေလို ဖြစ်သွားနိုင်တယ်တဲ့။


ကလေးများ ............. အရှေ့အလယ်ပိုင်းက ဆူပူအုံကြွမှုတွေကို ပြောတာလား ဆရာမ။
ဆရာမ ................. ဟုတ်တယ် ဟုတ်တယ်၊ ယီမင်၊ တူနီးရှား၊ အီဂျစ်၊ ဆီးရီးယား၊ လစ်ဗျား၊ ဘာရိန်း၊ မော်ရိုကို နိုင်ငံတွေမှာ မငြိမ်မသက်နဲ့ဆူဆူ ပူပူတွေ ဖြစ်နေတယ်၊

ပြည်တွင်းစစ်လို့တောင် ပြောနိုင်တယ်၊ ဒုက္ခသည်တွေအဖြစ်နဲ့ ထွက်ပြေးနေကြရတယ်၊
အချို့နိုင်ငံတွေမှာ ပြန်လည်တည်ငြိမ်ပြီး ဒီမိုကရေစီ ဖြစ်ထွန်းလာနိုင်ပေမယ့် အချို့နိုင်ငံတွေမှာတော့ ပြည်တွင်းစစ်က အဒွန့်ရှည်သွား နိုင်တယ်၊

ဒါ သိပ် ကြောက်စရာ ကောင်းတယ်၊ လစ်ဗျားမှာဆိုရင် နေတိုး တပ်ကတောင် ဝင်တိုက်နေတယ်၊
အီရတ်မှာဆိုလည်း အခုအထိ မငြိမ်သက်သေးဘူး၊
ဒါကြောင့် ဒို့ နိုင်ငံမှာလည်း ဆူပူအုံကြွ မှုတို့ ပြည်တွင်းစစ်တို့ ဖြစ်လာရင် မြန်မြန် အဆုံးသတ်ပြီး တိုးတက်ဖြစ်ထွန်း မလား၊
ဒါမှမဟုတ် ရေရှည်ပြီး ဒုက္ခတွေ ရောက်နေမှာလား ဆိုတာ ကြိုတင် တွက်ဆ ကြရမယ်။


ကလေးများ ............. သားတို့ သမီးတို့ မတွက်ဆတတ်ပါဘူး ဆရာမ၊
ဆရာမ ............... ဟဲ့ နင်တို့ကို တွက်ဆခိုင်းတာ မဟုတ်ဘူး၊ ဟို အစိုးရခေါင်းဆောင်တွေရော၊ အတိုက်အခံ ခေါင်းဆောင်တွေကို ပြောတာ၊ ဒါသူတို့ အလုပ်ဟဲ့။

ကလေးများ .............. မြန်မာပြည်မှာ ပြည်တွင်းစစ် ဖြစ်နေတာ နှစ်ပေါင်းခြောက်ဆယ်ကျော် ရှိနေပြီပဲ ဆရာမ၊
ဘာမှ ကြောက်စရာ မလိုပါဘူး၊ မီးစဉ်ကြည့်က ရမှာပေါ့ ဆရာမ။

ဆရာမ .................. က ကြ က ကြ၊
နင်တို့က နောင်တခေတ်မှာ ခေါင်းဆောင်ဖြစ်မယ့် ကလေးတွေပဲ ကကြပေါ့၊
ကဲ မြန်မာ့သမိုင်း ဆက်မယ်၊ စာအုပ်ထုတ်၊


(ခေတ္တနား။)

.................. .................. .................. .................. ..................

ဆရာမ ................. ဇာနည်မျိုးဟေ့၊ ဒို့ဗမာဆိုတာ ဟိုတုန်းက ဟုတ်ခဲ့တယ်၊
အခု မဟုတ်တော့ဘူး။


ကလေးများ ........... ဘာပြုလို့လဲ ဆရာမ၊
ဆရာမ ................ မြန်မာတွေ မလုံခြုံလို့ ကြောက်ကုန်ပြီတဲ့၊

ကလေးများ ........... စောင် ရှားလို့ပါ ဆရာမ၊
ဆရာမ ........... ဟဲ့ စောင်ရှားလို့ မဟုတ်ဘူး ဟဲ့၊
လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတာတွေ အော်ဟစ်တာတွေ မလုပ်ဝံ့ကြ တော့ဘူး၊
အဲဒါ လုံခြုံမှု မရှိဘူးလို့ ခံစားနေကြရလို့တဲ့၊ ဒေါ်အောင်ဆန်းစုကြည် ပြောတာ၊


ကလေးများ .......... အဖွားစုက ခုမှ ပြောတာ၊ ခုမှ သူသိလို့ပေါ့ ဆရာမ၊
ဆရာမ .............. အေး ၊ သူက မြန်မာပြည်ကို ပြန်ရောက်တာလည်း နောက်ကျတာကိုး၊ ၁၉၆၂ ခုနှစ် စစ်အာဏာ သိမ်းပြီးကတည်းက မြန်မာပြည်မှာ ဥပဒေဆိုတာ မရှိတော့ပါဘူးကွယ်၊
ဥပဒေ မရှိတော့ ပြည်သူတွေအတွက် မလုံခြုံတော့ဘူးပေါ့၊

ဦးနေဝင်းရဲ့ အမိန့် အာဏာကို ဒေါက်တာမောင်မောင် တို့က စာရေးပြီး ဥပဒေဖြစ်အောင် လုပ်ကြရတယ်၊
ဒီတော့ မြန်မာပြည်မှာ ဥပဒေဆိုတာ စစ်အာဏာရှင်ရဲ့ ငါ့ သဘော ဥပဒေပါပဲ၊
ဒီတော့ လူထုက ဥပဒေအောက်မှာ မနေရတော့ဘဲ အာဏာရှင်အောက်မှာပဲ နေကြရတာ၊ ကြောက်ကြမှာပေါ့၊

ဒီမိုကရေစီမှ မရဘဲ ဘာမှပြန်ပြောလို့ မရဘူး၊
ဒါတွေကို နက်နက်ရှိုင်းရှိုင်း မသိတော့ ဒေါ်စုက အကြောက်တရားကင်းဝေးခြင်းဆိုတဲ့ စာအုပ်တွေ ရေး၊ သူကိုယ်တိုင် လမ်းပေါ်ထွက်ပြီး လူထုကို တိုက်ပွဲဝင်ဖို့ ဆွဲခေါ်ပါသေးတယ်၊
သူတောင် ကံကောင်းလို့ မသေ၊ သံချောင်းတို့ အဖေ ဖြစ်ခဲ့တယ် မဟုတ်လား။


ကလေးများ ........... သံချောင်းတို့ အဖေက လူထုဦးလှပါ ဆရာမ၊


























ဆရာမ .......... ဟယ် နင်တို့ကလည်း၊ စကား နဗေ ကာရံနဲ့ ပြောတာ ဟဲ့၊ နားထောင်၊
ဒီပဲရင်း အရေးအခင်းမှာ ကံကောင်းလို့ မသေခဲ့တာ၊ နောက်ပြီး အကျယ်ချုပ်ချထားတာလည်း ခံရတယ် မဟုတ်လား၊
ခုတော့ ဒေါ်စု သိသွားပြီ လူတွေ ကြောက်နေကြ တယ်တဲ့။


ကလေးများ ............ လူထုကြီးက ကြောက်နေလို့ ဆိုရင်လည်း အဖွားစုနဲ့ သူ့ပါတီက လူတွေချည်း ဆန္ဒပြကြပါလား၊
ဆရာမ ............... ဟဲ့ ဟဲ့ ဘယ်နှယ့်တွေ လျှောက်ပြောနေတာတုံး၊
သူတို့လည်း အသဲနဲ့ နှလုံးနဲ့ ကြောက်တတ် တာပေါ့၊
လူတွေ အများကြီးနဲ့ဆို တော်သေး၊ သူတို့ချည်း ဘယ်လုပ်ဝံ့ပါ့မလဲ၊
လုပ်ဝံ့ရင် ဂန္ဒီခန်းမ ညီလာခံထဲက ပွဲပြတ်နေပြီ၊
မလုပ်ဝံ့လို့ ပေရှည်နေတာပေါ့၊
ခုတော့ သူ့ လူထုနည်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ နည်းကို သူ မယုံကြည်တော့ဘူး၊


ကလေးများ ................ ဒါဆို ဘယ်နည်းနဲ့ ဆက်ပြီး တိုက်မှာလဲ ဆရာမ၊
ဆရာမ ............. ဟဲ့ ငါလည်း ဘယ်သိပါ့မလဲ၊
အကြမ်းနည်းကိုလဲ မယုံ၊ အနုနည်းကိုလည်း မယုံ ဖြစ်လာတော့


ကလေးများ ............. ဘိုးဘွား အရွယ်တွေက အနုနည်းနဲ့ပဲ လိုက်ပါတယ် ဆရာမ၊ အခု မနုမကြမ်းဆိုရင်တော့ ဆေးကုစရာကလည်း ပိုက်ဆံမရှိနဲ့ ဒုက္ခပါပဲ ဆရာမရယ်။
ဆရာမ .......... ကဲ ကဲ လိုက်ဆို

ယက်တော ရေကူးနေသည်၊
ဆေးကုခ မရှိပါ၊
ငါ၏ စိတ်နာ၏ ။ ။
ကဲ အချိန်စေ့ပြီ ကျောင်းဆင်းမယ်။


ကလေးများ ........... မင်္ဂလာဆောင်ပါ ဆရာမ၊
ဆရာမ ................ ယူမယ့်သူ မရှိသေးဘူး။

ကလေးတို့ရေ လာကြ လာကြ ××××ကျားကိုက်အောင် ××××ကျားဖင်နှိုက်ကြ။

ဆရာမ... စပါရှယ်စိန် (နေပြည်တော်)
သုံးမီးနစ် အပြတ်ကျူရှင်
မူကြိုမှ.... ဒေါက်ထရစ်အထိ။ ။

Friday, July 1, 2011

ရဲဘော်သူငယ်ချင်းသို့


အခွင့်အရေးကမ္ဘာ
အခွင့်အရေးရှာထွက်တဲ့သူငယ်ချင်း
မပြင်းထန် မှေးမှိန်နောက်ကျိ
အိပဲ့အိပဲ့နဲ့ နင့်ရဲ့နှုတ်ဆက်နေခြင်းမှာ
ဝမ်းနည်းစွာ နှမျောနေစဉ်
ငါ့ကျောပြင်ထက်က နင့်ခြေရာများ
ထင်ရှား ကျန်ရစ်နေတုန်းပါ သူငယ်ချင်း။

အခုတော့လေ
အစွမ်းတွေရှိသော်လည်း
တလွဲမှား အတွေးအခေါ်တွေနဲ့
ခွဲခွာသွားတဲ့နင့်ကို
အလိုလို ငါ အံ့သြမိတယ် သူငယ်ချင်း။

အနာဂတ်မဲ့နေတဲ့ဘဝ
မဝရေစာနဲ့ သေရမဲ့ရက်ကို
ငိုခြင်း ထိတ်လန့်ရခြင်းတွေနဲ့
စောင့်စားလုံးပါးတဲ့ ငါတို့ရဲ့ဘဝတွေ
နင်လေ…တခါက အံကြိတ်တောက်ခေါက်ကာ
စာနာဖေးမခဲ့ဖူးတယ်လေ။

ငါတို့ဘဝ ဒုက္ခတွေများ
ဆိုးရွားလှလေခြင်း
ဖြစ်ရခြင်းရယ်လို့
အံတင်းပြီးကျခဲ့တဲ့ နင့်မျက်ရည်
ငါလေ…နင့်ကို လေးစားမျှော်လင့်ခဲ့ဖူးတယ်။

တစ်ထောင့်တစ်ညပုံပြင်
ယုံကြည်ချင်စရာကောင်းတဲ့ အပြုအမူ
လူတွေကို လူသားနဲ့တူစေချင်တဲ့
နင့်ရဲ့စေတနာစကား
ငါ…နားထောင် မြင်ယောင်ခဲ့ဖူးပြီ။

ရေဝေး မြေဝေး ဌာနေဝေးရာ
စိတ်တွေပါ ဝေးသွားပြီလား သူငယ်ချင်း
အကျဉ်းကျ ငြင်းမရ
လင်းတလို တို့ဘဝဖြစ်အင်
ထီမထင် နင်ပြုံးရယ်ဖွဲ့
ကျောခိုင်းခဲ့ပြီ ထင်ပါရဲ့လေ။

“အခြားရေအိုး မပြည့်ချင်နေစေ
ငါ့ရေအိုး အရင်ပြည့်လျှံဖို့” အရေး
အတွေးတခုနဲ့ ရုန်းထွက်သွားတယ်
သူငယ်ချင်း…နင့်အပြောနဲ့နင်လည်း
တထပ်တည်း မကျတော့ပါလား။

နင် ကြားစေချင်စမ်းပါသည်
ဒီပတ်ကြား ခရောင်းလမ်းအိုထက်မှာ
ငါဆိုနေတဲ့ အမျိုးသားရေးသီချင်းကို
မျက်ရည်စိုတွေသုတ်ပေးဖို့
လိုနေတာတွေ ကုစားဖို့
တို့တွေအားလုံး သတိရှိရမယ်။

အစွမ်းတွေရှိသော်လည်း နင် မတောင့်
ပန်းတွေရှိသော်လည်း နင် မကောက်
လမ်းတွေရှိသော်လည်း နင် မလျောက်
နန်းပျောက်တဲ့ ပန်းပိတောက်လို
ခမ်းခြောက်သွား မျိုးချစ်မာန်
ဟင်း…နင် ပြန်မလာတော့ဘူးလား သူငယ်ချင်း။
(လင်္ကာဒီပ)
ဇူလိုင် ၁၊ ၂၀၁၁။
လင်္ကာဒီပသည် ကေအိုင်စီ၏ပင်တိုင်ကဗျာရေးသားသူဖြစ်သည်။