Friday, January 6, 2012

ဒီဇင်ဘာလအတွင်း ဗမာစစ်တပ်၏ ကရင်ပြည်နယ်အတွင်း လူအခွင့်အရေးချိုးဖေါက်မှု အစီရင်ခံစာ တဖက်မှာ ငြိမ်းချမ်းရေးကမ်းလှမ်းသော်လည်း တဖက်မှာ ကရင်ပြည်သူတွေကို နည်းအမျိုးမျိုးနဲ့ အနိုင်ကျင့်ခိုင်းစေနေကြောင်း အစီရင်ခံစာက နေရာဒေသ လူနာမည်နဲ့ တကွ အတိအကျ ဖေါ်ပြထားပါသည်။

HMR_and_violation_reprot_in_December_2011-01

ငြိမ်းချမ်းရေးကမ်းလှမ်းချိန်တွင် အစိုးရတပ်က ရွာသားတစ်ဦးကို ပစ်သတ်

ကေအဲန်ယူတပ်က ကြံ့ဖွံ့ အစိုးရတပ်ကိုသွားပစ်ဒါ ဝေဖန်ထားတဲ့ ကလိုထူးဘောတပ်ဖွဲ့ ခေါင်းဆောင် စောလားပွယ်နဲ့ စောလုံ့ လုံတို့ ဒီသတင်းနဲ့ ဒီပုံတွေကို လာကြည့်ကြ၊ ကျွန်စော်နံ့ တဲ့ ထုတ်ပြန်ချက်တွေ စကားတွေ နောင်တွင် မပြောမိကြအောင်။ ဖားအံ့ကိုသွားမယ့် ကိုယ်စားလှယ်တော်ကြီးတွေလည်း မသွားခင် စောကိုမြ ရုပ်ကလပ်ပုံကို ဆယ်ခါလောက် သေခြာကြည့်ပြီးမှ သွားကြ။
xxxxxxxxxxxxxxxxxxx

ဇန်န၀ါရီ ၄ရက်၊ ၂၀၁၂။ စောဖိုးမူး၊ စောသိန်းမြင့် (ကေအိုင်စီ)


မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)တို့ ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စကားပြောဆိုနေကြသော်လည်း ကရင် ပြည်နယ်မြောက်ပိုင်းဒေသတွင် အစိုးရစစ်တပ်က တောင်ငူဒေသရှိ ရွာသားတစ်ဦးကို ယခင်ကုန်ပိုင်းက ပစ်သတ်ခဲ့သည်။

ယခင်လ ၂၄ရက်နေ့က ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်၊ ရေသိုးကြီးဒေသမှ ရွာပုန်းရွာရှောင် ကျေးရွာဖြစ်သည့် ခူလောင်ကျေးရွာတွင် ၀င်ရောက်လှုပ်ရှားသည့် အစိုးရစစ်တပ် စကခ(၉) လက်အောက်ခံ ခမရ(၅၄၀)တပ် ရင်းသည် ရွာသား စောကိုမြအား အကြောင်းမဲ့ ပစ်သတ်ခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံရွာသားတစ်ဦးက ပြောသည်။

၎င်းက “အဲဒီနေ့ နေ့လည်လောက်မှာ သေနတ်သံ အချက်အတော်များများ ကြားလိုက်တယ်။ လူတယောက်ယောက် ပစ်တယ် လို့ ကျနော်တို့ ခန့်မှန်းတယ်။ ပစ်ခတ်မှုအပြီး ညနေစောင်းလောက်မှာ ကျနော်တို့သွားကြည့်တော့ စောကိုမြ သေတဲ့အလောင်း ကိုပဲ တွေ့ရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

သေဆုံးသူ စောကိုမြသည် မိဘနှစ်ပါးနှင့်အတူ နေထိုင်သူ လူလွတ်တစ်ဦးဖြစ်သလို မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းမှ ဆက်နွယ်မှုမရှိကြောင်း အဆိုပါရွာသားက ဆက်ပြောသည်။

အဆိုပါ အခင်းဖြစ်ပွားရာဒေသတွင် မြန်မာအစိုးရတပ်ဘက်က အမဲရောင်နယ်မြေအဖြစ် သတ်မှတ်သဖြင့် ရွာသူရွာသားမှန်သ မျှကို ရန်သူအဖြစ် သတ်မှတ်ကြရာ အစိုးရစစ်တပ်များ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ပါက ထိုဒေသခံ ရွာသူရွာသားများမှာ လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ရလေ့ရှိသည်ဟု နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သူက “ရွာသားတွေဟာ အစိုးရစစ်တပ်က ရန်သူအဖြစ် သတ်မှတ်ကြခံထားရတော့ ဘာမှမတတ်နိုင်ကြဘူး။ မြို့ထဲသွားနေဖို့ ကလည်း သူတို့အတွက် အဆင်မပြေဘူးလေ။ ဒီလိုနဲ့ပဲ ရွာပုန်းရွာရှောင်အနေနဲ့ပဲ ရုန်းကန်နေရတယ်။ စစ်တပ်လာရင် ထွက် ပြေး၊ စစ်တပ်ပြန်ထွက်သွားရင် တဲမှာ ပြန်နေကြရတော့ အန္တရာယ် တော်တော်များတယ်။”ဟု ပြောသည်။

ထိုဒေသတွင် ၂၀၀၆ခုနှစ်က စစ်အစိုးရတပ်များ ကေအဲန်ယူ တပ်မဟာ(၂)ကို တပ်အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှု ကြောင့် ရေသိုးကြီးဒေသရှိ ခူလောင်ရွာ အပါအ၀င် ရွာပေါင်း ၁၀ရွာကျော်မှ ရွာသားတချို့မှာ စုစည်းကျေးရွာအဖြစ် နေထိုင်ခဲ့ ကြရပြီး ထောင်နှင့်ချီသည့် ရွာသားများလည်း ဋ္ဌာနေမဲ့ပြည်သူများအဖြစ် တောထဲတောင်ထဲတွင် ယနေ့အချိန်ထိ ထွက်ပြေးနေ ကြရသည်။

ယခုလ ၁၂ရက်နေ့တွင် နိုင်ငံတော်အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် KNU ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတို့ ကရင်ပြည်နယ် ဘားအံမြို့တွင် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေး ကြမည်ဖြစ်သော်လည်း ကရင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပစ်ခတ်မှုများမှာ ဖြစ်ပွားနေဆဲဖြစ်သည်။
အခင်းဖြစ်ပွားရာ ရေသိုးကြီးဒေသ ခူလောင်ရွာမှာ ဘောဂလိနှင့် ဘူဆာခီး ကားလမ်းတလျှောက်တွင် တည်ရှိပြီး ထိုဒေသရှိ အစိုးရစစ်တပ်၏ နယ်မြေခံတပ်များမှာ စကခ(၉) လက်အောက်ခံ ခမရ(၅၄၀)၊ ခမရ(၃၈၀)တပ်ရင်းများဖြစ်ပြီး KNU တပ်ရင်း (၆)လည်း လှုပ်ရှားလျှက်ရှိသည်။

ခမရ(၅၄၁)နှင့် ခမရ(၃၇၆)တပ်ရင်းများသည် ၂၀၁၀ခုနှစ်၊ မေလ ၁၅ရက်နေ့က ရေသိုးကြီးဂွင်ရှိ မောင်းတိုင်ကြီး၊ ခူလောင် ဒေသခံရွာသားများထံမှ စပါးမျိုးစေ့ ၃၃တင်းခွဲနှင့် လူနေတဲအိမ် ၆လုံးကို အကြောင်းမဲ့ ၀င်ရောက်မီးရှို့ ဖျက်ဆီးခဲ့သည်။

သေနတ်သံတွေ နဲ့ ခရစ္စမတ်

အိတ်ဖွင့်ပေးစာ.




အင်တာနက်ပေါ် တင်လိုက်တဲ့ ဒီဗွီဒီယိုဖိုင်ကိုကြည့်ပြီး ကိုယ့်အဖွဲ့အစည်းက တရားဝင်မဟုတ်တဲ့အပြင် လူသားချင်းစာနာစိတ်မရှိတာကြောင့် တော်တော်များများက ခံစားကြရပါတယ်။
အဲဒီအထဲမှ မလေးငယ် ဆိုသူလေးရဲ့ အိတ်ဖွင့်ပေးစာကိုပါ တင်ပေးလိုက်ပါတယ်။





မလေးရှားရောက် မလေးငယ်ဆိုသော မြန်မာမိန်းမပျိုလေး၏ အိတ်ဖွင့်ပေးစာ..

အစ်ကိုတို့ရေ အစ်ကိုတို့ကို ညီမအနေနဲ့ ဆက်သွယ် ပြောချင်တာလေး နည်းနည်း ရှိပေမဲ့ ဘယ်လို ဆက်သွယ်ရမှန်း မသိလို့ အင်တာနက်ပေါ်ကပဲ အိတ်ဖွင့်ပေးစာအနေနဲ့ ပို့လိုက်ပါတယ်ရှင်။ ပြောချင်တာတွေများတော့ စာကနည်းနည်း ရှည်သွားလို့ သည်းခံပြီး အဆုံးထိ ဖတ်ပေးစေချင်ပါတယ်နော်။

ညီမက ပီနန်မှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေး တစ်ယောက်ပါ။ အစ်ကိုတို့ အကြောင်းကို ညီမစသိတာတော့ နည်းနည်းကြာပါပြီ။ ညီမ သူငယ်ချင်းတစ်ယောက်က ညီမကို ပြောပြလို့ပါ။ သူပြောပြတာကတော့ မလေးရှားမှာ တခြားနိုင်ငံသားတွေနဲ့ တွဲပြီး အခြေအနေဆိုးနေတဲ့ မိန်းကလေးတွေ မရှိရအောင် ရည်ရွယ်ချက်တူတဲ့ လူတွေစုပြီး အဖွဲ့ဖွဲ့ပြီး လုပ်ဆောင်မယ်တဲ့။ သူပြောတာကြားတော့ ညီမလေဝမ်းသာလိုက်တာ။ သူ့ကိုတောင် ပြောလိုက်သေးတယ်။ ဖြစ်သင့်တာ ကြာပြီလို့။

ဟုတ်ပါတယ်။ မလေးရှားမှာ မြန်မာမိန်းကလေးတချို့ဟာ တခြားနိုင်ငံသားတွေနဲ့ အပျော် သဘောတွဲပြီး အခြေအနေဆိုးနေတာ ကြာပါပြီ။ ညီမ မလေးရှားကို စရောက်တည်းက မြန်မာမိန်းကလေးတွေနဲ့ ပတ်သက်ပြီး အဆိုနှစ်ခု ကြားရပါတယ်။ တစ်ခုကတော့ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက်ရပြီတဲ့။

နောက်တစ်ခုကတော့ မြန်မာ ယောက်ျားလေးတွေက ပြောတာပါ။ မြန်မာနိုင်ငံ ပြန်ရောက်လို့ မိန်းမယူမယ် ကြံရင် မလေးရှားကို ရောက်ဖူးတဲ့ မိန်းမ ဆိုရင်တော့ ဝေးဝေးရှောင်မယ် တဲ့။ ညီမလေ အဲ့စကားတွေကြားရတော့ တော်တော် စိတ်မကောင်းပါဘူး။ အစ်ကိုတို့ သတင်းကို အဲ့ဒီနေ့မှာ ကြားလိုက်ရတော့ ညီမ တော်တော် ပျော်မိတယ်။ ညီမ ကိုယ်တိုင်လဲ အပြင်တွေဘာတွေ သွားရင် မြန်မာမိန်းကလေးတွေ လူမျိုးခြား ယောက်ျားလေးတွေနဲ့ တွဲနေတာမြင်ရင် မချိအောင် နာမိသူပါ။ ဒါတောင် ညီမက အပြင်ကို သိပ်မထွက်ပါဘူး။ မထွက်မဖြစ် လကုန် အိမ်ကို ပိုက်ဆံ ပို့တဲ့ အချိန်ရယ်ချက်ဖို့ပြုတ်ဖို့ ဈေး မသွားမဖြစ် ကိုယ်တိုင် သွားရမယ့် အချိန်ရယ်။ ဒီနှစ်ချိန်လောက်ပဲ အပြင် ထွက်တာပါ။ ဒါတောင် ညီမထွက်တိုင်း မိန်းကလေးတွေကို တခြားလူမျိုးတွေနဲ့ တွဲပြီး မကြာမကြာမြင်နေရပါတယ်။ အဲ့တော့ အစ်ကိုတို့ သတင်းလေးကြားတော့ ညီမ အရမ်း ဝမ်းသာတယ်။ အစ်ကိုတို့ သူတို့ကို ဘယ်လို ကူညီမလဲ။ ဘယ်လို လုပ်ဆောင်မလဲ။


ညီမအမြဲနားစွင့်နေပါတယ်။ ဒါပေမဲ့ ညီမ ကိုယ်တိုင်ကလဲ အပြင် သိပ်မထွက်လို့လားတော့ မသိ။ အစ်ကိုတို့အဖွဲ့ရဲ့သတင်းကို မျက်ခြည်ပျက်သွားခဲ့တာ ကြာရောပေါ့။ ဟိုရက်ပိုင်းကလေးကမှ အစ်ကိုတို့ အင်တာနက်ပေါ်ကို တင်လိုက်တဲ့ ဗီဒီယိုလေး ကြောင့် အစ်ကိုတို့ လုပ်ဆောင်နေတာတွေကို ညီမ သေချာသိခဲ့ရပါတယ်။


ဒီနေရာမှာ အစ်ကိုတို့ကို ရှင်းပြချင်တာလေး နှစ်ခု ရှိပါတယ် အစ်ကိုရေ။


ပထမ ရှင်းပြချင်တာကတော့ မလေးရှားက မြန်မာမိန်းကလေးတိုင်း မပျက်စီးပါဘူး ဆိုတဲ့ အချက်ပါပဲ။ အစ်ကိုတို့ရေ ညီမ ဖတ်မိဘူးတာလေး တစ်ခုရှိပါတယ်။ မန္တလေးမြို့က မစိုးရိမ် ကျောင်းတိုက်ကြီးကို လှူခဲ့တဲ့ ဒကာ အကြောင်းပါ။ တစ်နေ့ အဲ့ဒီ ဒကာအိမ်ကို သူ့မိတ်ဆွေ တစ်ယောက်က ရောက်လာပြီး
“ဟေ့ကောင် မင်းကတော့ မစားရက် မသောက်ရက်နဲ့ စုပြီး ကျောင်းတိုက်ကြီး လှူထားတာကွာ။ အခုပဲ မင်းလှူထားတဲ့ ကျောင်းကို ငါရောက်ခဲ့တော့ ဘုန်းကြီးတွေ သင်္ကန်း ခါးတောင်းကျိုက်ပြီး ခြင်းခတ်နေတယ်။ ဘယ်မြင်လို့မှ မကောင်းကွာ” ဆိုပြီး လာပြောသတဲ့။


အဲ့ဒါနဲ့ အဲ့ဒီ ဒကါကလည်း “ဟုတ်လား လာ ကျောင်းသွားရအောင်ကွာ” ဆိုပြီး သူ့သူငယ်ချင်းနဲ့ အတူ နှစ်ယောက်ကျောင်းကို သွားကြသတဲ့။ ကျောင်းရောက်တော့ သူ့သူငယ်ချင်း ပြောတဲ့ အတိုင်းပေါ့လေ။ ကျောင်းဝင်းထဲမှာ ဘုန်းကြီးတွေ ခြင်းခတ်နေတာကို တွေ့သတဲ့။ အဲ့ဒါနဲ့ပဲ ဒကါလည်း သူ့သူငယ်ချင်းကို “လာ ကျောင်းတိုက်ပေါ် ခဏတက်ဦး” ဆိုပြီး ကျောင်းပေါ် ခေါ်သွားတယ်။ ကျောင်းပေါ်ရောက်တော့ ကျောင်းပေါ်မှာ စာအံတဲ့ ကိုရင်တွေ စာသင်တဲ့ ဘုန်းတော်ကြီးတွေ တရား ထိုင်နေတဲ့ ဘုန်းတော်ကြီးတွေ အစရှိသဖြင့်ပေါ့။ ဘုန်းကြီးတွေ ကိုရင်တွေကို တွေ့သတဲ့။ အဲ့ဒီအခါ ဒကါက သူ့သူငယ်ချင်းဖက်ကို လှည့်ပြီး “ခြင်းခတ်နေတဲ့ဘုန်းကြီး ဘယ်နှစ်ပါးရှိသလဲ” လို့ မေးလိုက်ပါတယ်။


သူ့သူငယ်ချင်းကလဲ “မင်းမတွေ့ဘူးလား ဘုန်းကြီး ငါးပါး ခြင်းခတ်နေတာ။” ဒကါက ထပ်ပြီးတော့ “ဟော့ဒီကျောင်းပေါ်မှာ စာအံ စာချနေတဲ့ ဘုန်းကြီးတွေ ကိုရင်တွေ ဘယ်နှစ်ပါး ရှိမယ် ထင်သလဲ ”လို့ ထပ်မေးလိုက်ပါတယ်။


သူ့သူငယ်ချင်းလဲ “ဟာ ဒါကတော့ အများကြီးပဲပေါ့။” အဲ့ဒီအခါ ဒကါက “အေးဟုတ်တယ် မင်းအပြင်မှာ ခြင်းခတ်နေတာကိုပဲ မြင်တာကိုးကွ။ အထဲလည်း ဝင်ကြည့်ပါဦး” လို့ ပြောသတဲ့။


အစ်ကိုတို့ရေ အဲ့လိုပါပဲ။ မလေးရှားမှာ အစ်ကိုတို့တွေ အပြင်မှာတွေ့နေရတဲ့ မိန်းကလေးတွေရဲ့ အရိပ်အကဲကို ကြည့်ပြီးတော့ မလေးရှားက မြန်မာမတွေ မကောင်းဘူး။ ယောက်ျားတွေနဲ့ ပလူးနေလိုက်တာ။ မြင်လို့မှမကောင်း။ -ါ လုံးလုံးဖြစ်နေပြီလို့ ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းကြပါနဲ့။ စက်ရုံတွေ အလုပ်ရုံတွေထဲမှာ ရိုးရိုးသားသားနေပြီး ကြိုးကြိုးစားစားနဲ့ မိဘတွေကို လုပ်ကျွေးနေကြတဲ့ မိန်းမကောင်းလေးတွေ တစ်ပုံကြီး ရှိပါတယ်။


အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို မှန်ကန်တဲ့ လုပ်ရပ်နဲ့ အကောင်အထည် ဖေါ်နိုင်ပါစေ


ဒုတိယ ရှင်းပြချင်တာကတော့ မလေးရှားကို ရောက်နေတဲ့ မြန်မာမိန်းကလေး တော်တော်များများရဲ့ ဘဝပေးအခြေအနေပါ။ မလေးရှားကို လာပြီး အလုပ် လုပ်နေတဲ့ မြန်မာမိန်းကလေး တော်တော်များများဟာ မြန်မာနိုင်ငံရဲ့ အခြေခံ လူတန်းစား တစ်နေ့လုပ် တစ်နေ့စား အသိုင်းအဝိုင်းတွေက လာတာများပါတယ်။ မြန်မာနိုင်ငံမှာ ပိုက်ဆံအလယ်အလတ် အဆင့် ရှိတဲ့လူတွေတောင် မလေးရှားကို မလာပါဘူး။ သူတို့တွေ နိုင်ငံခြားကို ထွက်ရင် စင်္ကာပူလောက်ကို အနိမ့်ဆုံး ထွက်တတ်ပါတယ်။ ပြီးတော့ မလေးရှားကို လာတဲ့ မိန်းကလေးတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ဟာ ပိုက်ဆံချေးပြီးလာတာ များပါတယ်။ အဲ့ဒီလိုပဲ လာတဲ့ မိန်းကလေးတွေရဲ့ ငါးဆယ် ရာခိုင်နှုန်းလောက်ဟာ လက်မထပ်ရသေးတဲ့ မိဘအုပ်ထိန်းမှု အောက်မှာ ရှိနေသေးတဲ့ မိန်းမပျိုလေးတွေ များပါတယ်။ လာတဲ့အချိန်မှာတော့ မျှော်လင့်ချက်တွေ တစ်နင့်တစ်ပိုးကြီးနဲ့ပေါ့။ ပွဲစားတွေရဲ့မစားရဝမခန်း ပြောလုံးတွေကြောင့်လည်း ပါတာပေါ့လေ။
အဲ တကယ်ရောက်ပြီ ဆိုတဲ့ အချိန်မှာတော့ ………………….။


မလေးရှားမှာ အလုပ်လုပ်တဲ့ မြန်မာမိန်းကလေး တော်တော်များများရဲ့ အခြေခံလစာကို တွက်ရင် မလေးငွေ ရင်းဂစ် ၇၅၀ ပေါ့။ တချို့တွေဆို တစ်နေ့ကို ရင်းဂစ် ၂၀ကျော်လောက်နဲ့ တစ်လမှ ၆၀၀ကျော်လောက်ပဲ ရကြပါတယ်။


အမျိုးမျိုးပေါ့လေ။ ဒါပေမဲ့ ပျမ်းမျှ တွက်လိုက်မယ် ၇၅၀ ပဲထား။ (တစ်ထောင်ကျော် ထွက်နေတဲ့လူတွေလည်း ရှိပါတယ်။ ဒါကရောက်ပြီး သုံးနှစ်လောက်ကြာ လုပ်ငန်းအတွေ့အကြုံရှိ စကားပြောလေး တက်လာတဲ့အချိန်မှပါ။) ရောက်စ၂လ လောက်မှာ ဘယ်လိုမှ ပိုက်ဆံ မပို့နိုင်ပါဘူး။ ဒီမှာ စားဖို့ အိုးလေးခွက်လေးတွေ လိုတဲ့ပစ္စည်းလေးတွေ ဝယ်ရတာကို။


ကဲ ပိုက်ဆံပို့ပြီ ဆိုတော့ ။ ရတဲ့လခက ၇၅၀။ ထမင်းဖိုးက ၁၅၀ ထား။ အိမ်ကို ဖုန်းဆက်ဖို့နဲ့ ဆပ်ပြာ သွားတိုက်တံတခြားဝယ်စရာ တိုလီမှုတ်စလေးတွေက ၁၀၀ ပဲ ထားဦး။ ဒါ အနည်းဆုံးနှုန်းကို တွက်ပြနေတာပါနော်။ အဲ့ဒီမှာတင် ၂၅၀ ကုန်ပြီ။ အိမ်အတွက် ၅၀၀ ပေါ့။ ငွေဈေးက ၂၅၀ ဈေး။ အဲ့တော့ အိမ်ကိုပို့တဲ့ပိုက်ဆံက တစ်လကို မြန်မာငွေ ၁၂၅၀၀၀။


အဲ့ဒီမှာ အရေးကြီးတာက နောက်မှာ ကျန်ခဲ့တဲ့ မြန်မာနိုင်ငံက လူတွေရဲ့ အခြေအနေပဲ။ ချေးထားတဲ့ ပိုက်ဆံကလည်း အတိုးက တက်နေ။ ဒါလေးကိုကျေဖို့ အမြန် ဆပ်နေတဲ့ အချိန်မှာ အိမ်ကလူတွေက တစ်ခြား ပိုက်ဆံ ဝင်ငွေရှိရဲ့လား။ ကိုယ့် တစ်ယောက်တည်းဆီကပဲ မျှော်ကိုးနေရတဲ့ လူတွေလား။ အဲ့ဒီအခြေအနေတွေပေါ် မူတည်ပြီး မိန်းကလေးတွေ ခမျာ အဆင်ပြေသလို လှုပ်ရှားနေရတာတွေ ညီမတွေ့နေရတယ်။


အစ်ကိုတို့ ညီမအရင်းလေးတွေ ဆိုရင်ရော အဲ့လိုဖြစ်ခဲ့လို့ ရိုက်နှက်ဆုံးမမယ် ဆိုရင် အဲ့လိုပဲ တစိမ်းယောက်ျားလေး အပေါင်းအသင်းတွေ ခေါ်ပြီးတော့ တစ်ယောက်တစ်ချက်စီ ချောင်ပိတ်ပြီး ဝိုင်းရိုက်ကြမှာလား။ ရိုက်ရက်ကြမှာလား။


ညီမလေ သူတို့ကို အရမ်း သနားပါတယ်။ သူတို့ လုပ်ချင်လို့ လုပ်နေကြတာ မဟုတ်ပါဘူး။ တခါတလေကျရင် ဘယ်လိုမှ လွန်ဆန်လို့ မရတဲ့ ဘဝတွေ ရှိတတ်ကြတယ် အစ်ကိုရေ။ မလုပ်ချင်ပေမဲ့လည်း မဖြစ်ချင်ပေမဲ့လည်း ကိုယ့်မိဘအတွက် ကိုယ့်ညီအစ်ကို မောင်နှမတွေအတွက် …………………………………………………..။


အစ်ကိုတို့ရေ တော်တော်များများက ပြောပါတယ် မြန်မာနိုင်ငံမှာ ထမင်းငတ်လို့ သေတဲ့ မသာ မရှိဘူးတဲ့။ ဟုတ်ပါတယ် ထောက်ခံပါတယ်။ ဒါပေမဲ့ ဆင်းရဲလို့ ဆေးကုဖို့ ပိုက်ဆံ ငါးသောင်းလောက် မရှိလို့ သေတဲ့ မသာတွေ ရှိပါတယ် အစ်ကိုတို့ရေ။ ပိုက်ဆံ ငါးသောင်း ဆိုတော့ မလေးငွေ ၂၀၀ ပေါ့နော်။ အစ်ကိုတို့ရေ အစ်ကိုတို့ အင်တာနက်ပေါ်မှာ တင်ထားတဲ့ အခွေမှာ မိန်းကလေးကို အစ်ကိုတို့ ပြောဆို ဆုံးမနေတဲ့စကားတွေ ညီမ ကြားခဲ့ရပါတယ်။ အဲ့ဒီအထဲမှာတစ်ခုက နင်တို့ ရုပ်ရည်လေးနဲ့ဆို မြန်မာနိုင်ငံမှာ လင်ကောင်းကောင်း ရှာယူလို့ ရပါတယ်တဲ့။ ဟုတ်ပါတယ် အစ်ကိုရေ။ မိန်းကလေးတွေ အတွက်က ယောက်ျား ကောင်းကောင်း တစ်ယောက် ရှာယူလိုက်ရင် သူ့အတွက် ပူစရာ မလိုပါဘူး။ ယောက်ျားက ရှာကျွေးမှာပေါ့နော့။ ဒါပေမဲ့ အဲ့ဒီယောက်ျားက သူ့မိန်းမကိုပဲ ရှာကျွေးမှာလေ။ သူ့မိန်းမနောက်က မိဘတွေကိုတော့ ရှာကျွေးဖို့ သထာမယ် မထင်ပါဘူး အစ်ကိုတို့ရေ။ ဒါကညီမ ပြောပြချင်တဲ့ မလေးရှားက မိန်းကလေး တော်တော်များများရဲ့ ဘဝပေး အခြေအနေပါ။


အစ်ကိုတို့ရေ သိတတ် နားလည်တဲ့လူကြီးမပြောနဲ့ ငယ်ရွယ်စဉ် ကလေး ဘဝမှာတောင် မိဘတွေက သားလေးကြီးလာရင် လူကောင်းလုပ်မှာလား လူဆိုးလုပ်မှာလား ဆိုရင် လူကောင်းလုပ်မယ် လို့ ဖြေခဲ့ကြ လူကောင်း လုပ်ချင်ခဲ့ကြတာချည်းပါပဲ။ တခါတရံမှာ ရှင်းပြလို့မရနိုင်တဲ့ အခြေအနေတွေကြောင့် လူတော်တော်များများဟာ လူဆိုးတွေဖြစ်ကြရတယ်။ အစ်ကိုတို့ရေ အစ်ကိုတို့ရော ဘဝမှာ မလုပ်ချင်ပေမဲ့ မတတ်သာလို့ မဖြစ်သာလို့ ကြိတ်မှိတ်လုပ်နေရတဲ့အဖြစ်မျိုးတွေ မကြုံခဲ့ဖူးဘူးလားဟင်။ မကြုံခဲ့ဖူးဆိုရင်တော့ အစ်ကိုတို့ဟာ တော်တော် ကံကောင်းတဲ့လူတွေပါပဲ။


ညီမတောင် အခုဖြစ်နိုင်ရင် မလေးရှားမှာ အလုပ်မလုပ်ချင်ပါဘူး။ မြန်မာပြည်ပြန်ပြီး ကိုယ့်မိဘတွေနဲ့ပဲ ပျော်ပျော် ရွှင်ရွှင် လွတ်လွတ်လပ်လပ် နေချင်ပါတယ် အစ်ကိုတို့ရေ။ မလေးရှားမှာ အလုပ်လုပ်ရတာ အနည်းနဲ့အများ အခက်အခဲတွေ ရှိနေတာ ဖိနှိပ်မှုတွေ ရှိနေတာကို အစ်ကိုတို့လဲ မလေးရှားမှာ နေနေတဲ့လူတွေပဲ ဆိုတော့ သိမှာပါအစ်ကိုရေ။ ဒါတောင်ညီမက တချို့သော မိန်းကလေးတွေလို မိသားစုမှာတစ်ဦးတည်း ပိုက်ဆံရှာသူ မဟုတ်ခဲ့ပါဘူး အစ်ကိုရေ။ မြန်မာပြည်ကနေ မလေးရှားကို လာဖို့ပြင်ရတည်းက သတင်းတွေကလည်း ကြားနေတော့ ငါ ကံဆိုးလိုက်တာ မသွားချင်ပေမယ့်လည်း သွားရဦးမယ် ငါ တော်တော် ကံဆိုးတာပဲလို့ ထင်နေခဲ့သမျှ ဒီက တချို့သော မြန်မာ မိန်းကလေးတွေရဲ့ ဘဝကို အသိမှာ ငါတော်တော်ကံကောင်းသေးတာပဲ လို့ ကိုယ့်ကိုယ်ကို အားပေးမိပါတယ်။


အခုချိန်ထိလည်း ညီမက ပိုက်ဆံကို ရိုးရိုးသားသားနည်းနဲ့ပဲ ကိုယ့်လုပ်အားနဲ့ကိုယ် ရှာဖွေနေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပျက်စီးနေပါတယ် ဆိုတဲ့ မြန်မာမိန်းကလေးတွေရဲ့ ဘဝကိုလည်း ညီမ စာနာနားလည်ပေး နိုင်ပါတယ်။ နင်တို့တွေကြောင့် ငါတို့တွေပါ ရောပြီး နာမည်ပျက်နေရတာလို့ လက်ညှိုးမထိုးရက်ခဲ့ပါဘူး။ သူတို့နေရာမှာ ငါသာဆိုရင်ရော ဆိုတဲ့ အတွေးနဲ့တင် ညီမ အပြစ်တင်ဖို့ မဝံ့ရဲခဲ့ပါဘူး။ အစ်ကိုတို့ရေ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို ညီမ လေးစားမိပါတယ်။ ဒါပေမဲ့ အစ်ကိုတို့ရေ လုပ်ရပ်တွေက မှားနေလားလို့။
အစ်ကိုတို့တင်ထားတဲ့ အခွေထဲက မိန်းကလေးတွေရော ဘယ်လိုဖြစ်သွားလဲဟင်။ သူတို့တွေ ရှက်ပြီး မြန်မာပြည် ပြန်ကုန်ကြပြီလား။ ဒါဆိုရင် တော်သေးတာပေါ့။ မဟုတ်ဘဲနဲ့ပေါက်တဲ့နဖူး မထူးပါဘူး အခုဆိုရင် ငါတို့အကြောင်းတွေ အကုန်သိကုန်ပြီ ဆိုပြီး အဲ့ဒီ နီပေါတွေဆီ အပြီးလိုက်သွားတာမျိုး ဘဝကိုဖြစ်သလို ရေစုန်မျှောလိုက်တာမျိုး ဒါမှမဟုတ် ရှက်ပြီး ကိုယ့်ကိုယ်ကို အဆုံး စီရင်သွားတာမျိုး ဆိုရင်တော့ …………………………………..။


အစ်ကိုတို့ရေ မလုပ်ကြပါနဲ့။ သနားပါတယ်။ ဝဋ်ဆိုတာ လည်တက်တယ်လေ။ တစ်ချိန်မှာ အစ်ကိုတို့မှာ သမီးလေးများ ရလာခဲ့လို့ အဲ့လိုများ ဖြစ်သွားကြရင်……………။


ဝါးလုံးရှည်ကြီးနဲ့ သိမ်းမရမ်းကြပါနဲ့။ စက်ရုံတွေ အလုပ်ရုံတွေထဲမှာ ရိုးရိုးသားသားနေပြီး ကြိုးကြိုးစားစားနဲ့ မိဘတွေကို လုပ်ကျွေးနေကြတဲ့ မိန်းမကောင်းလေးတွေ တစ်ပုံကြီး ရှိပါတယ်။


အစ်ကိုတို့ရေ စိတ်မဆိုးဘူး ဆိုရင် မေးခွန်း တစ်ခုလောက်မေးချင်ပါတယ်။ အစ်ကိုတို့ ညီမအရင်းလေးတွေ ဆိုရင်ရော အဲ့လိုလုပ်မှာပဲလားဟင်။ အစ်ကိုတို့က ဖြေရင် ဖြေလိမ့်မယ်။ ညီမအရင်းဆိုရင်လည်း ရိုက်နှက် ဆုံးမသင့်ရင်ဆုံးမရမှာပဲ။ ဒါမှမဟုတ် ငါ့ညီမသာဆို အစောထဲက ငါကိုယ်တိုင် သတ်ပစ်လိုက်ပြီ အစရှိသဖြင့်ပေါ့။


ညီမ သိချင်တာက အဲ့ဒါတွေ မဟုတ်ပါဘူး။ အစ်ကိုတို့ ညီမအရင်းလေးတွေ ဆိုရင်ရော အဲ့လိုဖြစ်ခဲ့လို့ ရိုက်နှက်ဆုံးမမယ် ဆိုရင် အဲ့လိုပဲ တစိမ်းယောက်ျားလေး အပေါင်းအသင်းတွေ ခေါ်ပြီးတော့ တစ်ယောက်တစ်ချက်စီ ချောင်ပိတ်ပြီး ဝိုင်းရိုက်ကြမှာလား။ ရိုက်ရက်ကြမှာလား။ ညီမလေ မနေ့က အစ်ကိုတို့ တင်ထားတာကို ကြည့်ပြီးတော့ မျက်ရည်တောင် ကျပါတယ်။ ငါ့ညီမလေးသာ ဆိုရင် ဆိုတဲ့ အတွေးနဲ့လေ။ အစ်ကိုတို့ရေ ဖတ်ခဲ့ဖူးတာလေးတစ်ခု ထပ်ပြောပြချင်ပါတယ်။ စာကလည်း ရှည်နေပြီ ဆိုတော့ အတိုချုံးလေးပဲ ပြောလိုက်တော့မယ်နော်။


တစ်ခါက ရွာတစ်ရွာမှာ ပြည့်တန်ဆာအလုပ် လုပ်တဲ့ မိန်းမတစ်ယောက်ကို ရွာသူရွာသားတွေက ခဲနဲ့ ဝိုင်းပေါက်ကြသတဲ့။ အဲ့ဒီအချိန်မှာ ဂျီးဇက်ရောက်လာပြီး ဘာဖြစ်တာလဲ လို့မေးတော့ ဒီမိန်းမက ပြည့်တန်ဆာအလုပ် လုပ်တဲ့အတွက် ဝိုင်းအပြစ်ပေးနေကြတာပေါ့။ ဂျီးဇက်က မလုပ်ပါနဲ့လို့ တားပေမယ့်မရပါဘူး။ အပြစ် ရှိရင်တော့ အပြစ်ပေးရမှာပဲလို့ ပြောပြီး ခဲနဲ့ ထပ်ပေါက်ကြသတဲ့။ အဲ့ဒါနဲ့ ဂျီးဇက်က စကားတစ်ခွန်း ထပ်ပြောလိုက်ပါတယ်။ အဲ့ဒီစကားအဆုံးမှာတော့
အဲ့ဒီ အမျိုးသမီးဆီကို ခဲတစ်လုံးမှ မရောက်လာတော့ဘူးတဲ့။ ဂျီးဇက်ဘာပြောလိုက်လဲ ဆိုတော့ သင်တို့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါဦး။ သင်တို့ဟာ ဘဝမှာ အပြစ်ကင်းခဲ့တဲ့လူတွေ အပြစ် မလုပ်ခဲ့ဖူးတဲ့လူတွေ ဆိုတာ သေချာရင်တော့ ဒီမိန်းကလေးကို ခဲနဲ့ ဆက်ပေါက်ကြပါ တဲ့။ အစ်ကိုတို့ရေ အစ်ကိုတို့လည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ကြပါဦး။


စာကလည်း ရှည်သွားပြီဖြစ်တဲ့အတွက် ဒီမှာပဲ အဆုံးသတ်လိုက်ပါတော့မယ်။ အစ်ကိုတို့ရဲ့ မွန်မြတ်တဲ့ စိတ်ဓါတ်နဲ့ ရည်ရွယ်ချက်ကို မှန်ကန်တဲ့ လုပ်ရပ်နဲ့ အကောင်အထည် ဖေါ်နိုင်ပါစေလို့ ညီမက ဆန္ဒပြုလိုက်ပါတယ်။


ရေးသားသူ= မလေးငယ်
၃.၁.၂၀၁၂

Monday, January 2, 2012

စင်ကာပူနိုင်ငံ ပင်နီစူလာလာပလာဇာရှိ ဟွန်ဒီငွေလဲဈေးကွက် ပြိုလဲမှု

ယုံကြည်အပ်နှံမှုအပေါ် အလွဲသုံးစားပြုခဲ့သော စင်ကာပူနိုင်ငံ ပင်နီစူလာလာပလာဇာရှိ ဟွန်ဒီငွေလဲဈေးကွက် ပြိုလဲမှု ပြည်တွင်း ငွေကြေး ဈေးကွက်နှင့် စီးပွားရေးလုပ်ငန်းများအပေါ် ကြီးမားသည့် ရိုက်ခတ်မှုများ ဖြစ်လာနိုင်

Saturday, 31 December 2011 13:52

b39_20 စင်္ကာပူနိုင်ငံတွင်မကြာခင်က ဖြစ်ပွားခဲ့သော ပင်နီစူလာပလာဇာရှိ ရွှေရတနာဆိုင်မှ ဒေါ်တင်တင်မြင့်ဆိုသူက ဟွန်ဒီ ငွေလွှဲရေးလုပ်ငန်းများ၏ ယုံကြည်အပ်နှံမှုအပေါ် အလွဲသုံးစားပြု လိမ်လည်သွားသောဖြစ်ရပ်ကြောင့် ငွေကြေးဈေးကွက်အပေါ် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း၊ အလားတူဟွန် ဒီလုပ်ငန်းများကို မှီခိုနေကြသော ငွေလွှဲသူများအပေါ်တွင် ရိုက်ခတ်မှုရှိခဲ့ကြောင်း သိရှိရသည်။ 
ဖြစ်ပွားပုံမှာ စင်ကာပူ ပင်နီစူလာပလာဇာတွင် ဖွင့်လှစ်ထားသော ရွှေရတနာ ငွေလွှဲလုပ်ငန်း ဦးစီးလုပ်ကိုင်သူ ဒေါ်တင်တင်မြင့်နှင့် အဖွဲ့သည် လက်ခံရရှိသည့် ငွေလွှဲရန်ဒေါ်လာများကို ဒီဇင်ဘာလ ၁၉ ရက်နေ့၌ ဘဏ်တွင် စတိသာအသွင်းပြခဲ့ပြီး တနင်္လာ၊ အင်္ဂါနေ့များတွင် ထပ်မံဝင် ရောက်လာသောငွေများကို စုစည်းကာ အစဖျောက်ခဲ့ကြောင်း၊ အင်္ဂါနေ့တွင်မူ ခန့်မှန်းခြေဒေါ်လာ သန်း ၄၀ ခန့်ဖြင့် အင်္ဂလန်သို့ လိမ်လည် တိမ်းရှောင် သွားခဲ့ကြောင်း သိရှိရသည်။ ထိုအမျိုးသမီး ထွက်ပြေးတိမ်းရှောင်သွားသည်ကို လွိုင်ဟိန်း ဇနီးမောင်နှံက သိလျက်နှင့်ပင် ပင်နီစူလာဆိုင်များမှ ငွေများကို လက်ခံယူပြီး လက်ကျန်ဒေါ်လာ နှစ်သန်းကိုပါ အစဖျောက် လိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။
''အခုစင်္ကာပူမှာဖြစ်သွားတဲ့ကိစ္စက မြန်မာပြည် ပြည်တွင်း ငွေကြေးဈေးကွက်ပေါ်မှာ အများကြီး သက်ရောက်ပါတယ်။ အခု ပင်နီစူလာပလာဇာက ဟွန်ဒီငွေလွှဲတဲ့ လုပ်ငန်းအသေးလေး နှစ်ခုလောက်ပဲရှိတော့တယ်လို့ သိရတယ်။ လိမ်တဲ့အမျိုးသမီးနာမည်က ဒေါ်တင်တင်မြင့်။ အခုတဖြည်းဖြည်းနဲ့ ပမာဏက များလာတယ်။ နောက်ဆုံးရရှိထားတဲ့ သတင်းအရဆိုရင် စင်္ကာပူဒေါ်လာ သန်း ၄၀-၆၀ ကျော်လောက်လို့ သိရတယ်။ တစ်ယောက်ထဲ သန်း ၂၀၊ ၃၀ ပါသွားတဲ့လူလည်း ရှိတယ်။ ပထမပိုင်းတော့ ယုံအောင်လုပ်ထားတယ်။ ဈေးတောင် လျော့ပေးထားတယ်။ အခုက တစ်ဆင့်လွှဲတဲ့သူတွေဆီကပါ ပြန်ယူသွားတာပါ'' ဟု စင်္ကာပူမှပြန် လာသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

b39_20_1
ဘာမင်ဂမ်ရှိ ဒေါက်တာသန်းသန်းမြင့်၏ နေအိမ်

''အခု လိမ်လည်သွားတဲ့ ဒေါ်တင်တင်မြင့်ရဲ့ သမီး Stephine က လန်ဒန်မှာရှိတဲ့ Queen Marry University မှာ တက်ရောက်နေတာပါ။ သူ့ယောကျာ်းကတော့ စင်ကာပူမှာ ရှိပါတယ်။ စင်ကာပူမှာရှိတဲ့ ရွှေရတနာဆိုင်မှာ ဟန်မပျက် ဆက်နေနေတယ်။  သူ့မိန်းမစီးပွားရေးကို မသိပါဘူးလို့လဲ ငြင်းထားတယ်။ ၂၀ ရက်နေ့ နံနက် ၁၂ နာရီနောက်ပိုင်းလောက်ကနေပြီးတော့ ညနေ ၄ နာရီအချိန်လောက်မှာ သူကရုံးခန်းကိုဆင်းလာပြီး သူနဲ့လည်း လုံးဝအဆက်အသွယ်မရဘူးလို့ ပြောပါတယ်။ ၂၁ ရက်နေ့မှာလည်း အများဆုံး ပါသွားတဲ့သူက ငိုယိုပြီးပြောလို့ သူ့ညီမ(ဒေါ်တင်တင်မြင့် ညီမ)က ဖုန်းအဆက်သွယ်ရပါတယ်။ သူ့ဆီ သူ့အစ်မပြန်ဆက်ရင် ဆက်ဆက်ပြော ပေးပါမယ်လို့ ပြောပါတယ်။ ၂၂ ရက်နေ့ကိုရောက်လာတဲ့အခါ လူပျောက်ကြော်ငြာဖို့ စလုပ်ခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ M.A.S (Monetary Authority of Singapore)က ပင်နီစူလာမှာ စစ်ဆေးတယ်ဆိုတဲ့သတင်းကြောင့် ကိုပြည့်ဖြိုး(Loi Heing) ကလည်း လုံးဝပျောက်သွားတယ်။ ကိုပြည့်ဖြိုးတို့လင်မယားက ဟောင်ကောင်ကိုသွားပြီး တရုတ်က ငွေပို့ပေးနေတဲ့ ကုန်သည်တွေနဲ့တွေ့ဖို့ လက်မှတ်ဝယ်ထားပြီးပြီ ဗီဇာ လျောက်ထားပြီးပြီလို့ သိရတယ်။ ဒီကိစ္စမှာ မန္တလေးကနာမည်ကြီး ရွှေဆိုင်တစ်ခုကလည်း ပါဝင်ပတ်သက်နေတယ်။ သူတို့က ဒေါ်တင်တင်မြင့်ဆီက ကျပ်ငွေတွေ အားလုံးယူထားလိုက်ပြီး ကိုပြည့်ဖြိုးနဲ့ ပူးပေါင်းဖို့လို့ သိရတယ်။ အဲဒီအချိန်မှာ ငွေတွေကျပ်သွားပြီး ချက်ချင်းအလုပ် ဆက်မလည်ပတ်နိုင်တော့ပဲ ငွေကြေးဈေးကွက်ကြီးတစ်ခုလုံး ရပ်ဆိုင်းသွားခဲ့တာပါ။ နောက်ပိုင်းသိရတာတွေ ပေါ် အခြေခံပြီးသူ (ဒေါ်တင်တင်မြင့်) ရှိမယ့် ဘာမင်ဂမ်ကို လိုက်သွား ခဲ့ပါတယ်''ဟု ဒေါ်တင်တင်မြင့် တိမ်းရှောင်နေသော ဘာမင်ဂမ်သို့ လိုက်သွားခဲ့သူတစ်ဦးက ပြောပြပါသည်။
ဒေါ်တင်တင်မြင့်ညီမ ဒေါက်တာသန်းသန်းမြင့်၏ အမျိုးသား Dr.Zaki သည် အီဂျစ်နိုင်ငံသားတစ်ဦးဖြစ်ပြီး ဒေါ်တင်တင်မြင့် တိမ်းရှောင်နေသည့် ဘာမင်ဂမ်ရှိ နေအိမ်သို့ လိုက်သွားခဲ့သော်လည်း ရှောင်နေ၍ မတွေ့ခဲ့ ရကြောင်းလည်း သိရသည်။
'' အဲဒီအိမ်ကိုရောက်ခဲ့ပေမယ့် ရှာဖွေဖို့ အခွင့်အရေးမရှိလို့ ရဲစခန်းကိုပဲ တိုင်ကြားခဲ့ပါတယ်။ ရဲများကလည်း ချက်ချင်းတိုင်ချက်ဖွင့်ပြီး ဖုန်းဆက်ရှာပေးခဲ့ပါတယ်။ ဖုန်းတွေ လုံးဝမကိုင်လို့ message တွေ ချန်ထားခဲ့ကြောင်းနဲ့ အဲဒီအိမ်နားမှာ ရဲကားတွေ လှည့်လည်စစ်ဆေးပေးမယ်လို့ ရဲတွေက ပြောခဲ့ပါတယ်''ဟု ဘာမင်ဂမ်သို့ လိုက်သွားခဲ့သူက ဆက်လက်ပြောပြခဲ့ပါသည်။
ယင်းဖြစ်ရပ်များသည် မကြာမီက ထုတ်ပြန်ကြေငြာခဲ့သော ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ၏ ၀င်ငွေအပေါ်အစိုးရမှ အခွန်ကောက်ခံမှုအား ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ကင်းလွတ် ခွင့်ပြုလိုက်ကြောင်းနှင့် ငွေပို့ငွေလွှဲလုပ်ဆောင်ခြင်းများကို ပြည်တွင်းရှိ သမ၀ါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ အာရှစိမ်းလမ်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် ဧရာဝတီဘဏ်တို့ကို တရားဝင်ခွင့်ပြုခဲ့ပြီး မရှေးမနှောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကြိုတင်ကြံစည် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
''အချို့ကိစ္စတွေက တရားမ၀င်တို့၊ တရားဝင်တို့ဆိုတာ မျဉ်းပါးပါးလေးပါပဲ။ စင်ကာပူက ဟွန်ဒီလုပ်ငန်း ဘာလို့လိုအပ်နေဆဲဆိုတာလဲ အားလုံးသိပြီးသားပါ။ ကျွန်တော်တို့နိုင်ငံက Sanction ရှိထားတဲ့အတွက် သွင်းကုန် ထုတ်ကုန်လုပ်ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်မယ့်လူတွေက စင်ကာပူမှာ LC  ဖွင့်ဖို့ လုပ်ရတယ်။ ဒီလိုလုပ်မှ ရမှာလေ။ အခု ငွေကြေးလိမ်လည်မှုကြောင့် နစ်နာဆုံးရှုံးရသလို စီးပွားရေးလုပ်သူ အချင်းချင်းကြား ယုံကြည်မှုတွေ ပါ ပျောက်ဆုံးရင် စီးပွားရေးဝန်းကျင်တစ်ခုလုံး ထိခိုက်သွားမှာပါ။ ဒီလိုကိစ္စမျိုးကို ထိထိရောက်ရောက် ကိုင်တွယ်သွားစေချင်တယ်''ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။
''အခုတလော ယုံကြည်မှုကို အလွဲသုံးစားလုပ်လိမ်လည်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတယ်။  ပဲကိစ္စ၊ မှန်ချိုဆေးတိုက်ပိုင်ရှင်က သမီးအဖြစ် အမွေပြတ်စွန့်လွှတ်ခံထားရသူက လိမ်သွားတဲ့ ငွေကြေးလိမ်လည်မှုတွေနဲ့ အခုပင်နီစူလာကိစ္စတွေက ပေါ့လို့မရဘူး။ လုပ်လို့ရမှန်းသိရင် ဒါမျိုးတွေ ခဏခဏဖြစ်နေရင် ယုံကြည်မှုပျက်ပြားပြီး စီးပွားရေးဝန်းကျင်တစ်ခုလုံး ထိခိုက်နိုင်တယ်။ ပင်နီစူလာကလိမ်လည်မှုက စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ နိုင်ငံပိုင်ငွေတချို့ ပါနေတယ်လို့ ပြောနေကြတာ ကြားတယ်။ အလုပ်လာလုပ်တဲ့ လူတွေရဲ့ ချွေးနည်းစာတွေ ပါနေတယ်လို့သိရတာ  စိတ်မကောင်းစရာပါ''ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။
မြန်မာပြည်မှ အလိမ်ခံရသောသူများ တရားစွဲရေးအတွက် မည်သို့လုပ်ရမည်ကို မသိရှိသေးကြောင်း၊ ယင်းကဲ့သို့ ဟွန်ဒီဖြင့် ငွေလွှဲခြင်းမှာ တရားမ၀င်လုပ်ငန်းဖြစ်သောကြောင့် သတင်းအတိအကျရယူပြီး အစိုးရ အမှု၊ တရားမမှု၊ ရာဇ၀တ်မှုတစ်ခုခု ဖြစ်ရန် ခဲယဉ်းသည်ဟု ယူဆနေသည့်အပိုင်းများလည်း ရှိကြောင်း၊ အဆိုပါငွေလိမ်သွားသူ ဒေါ်တင်တင်မြင့်မှာ စင်္ကာပူနိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး တရုတ်ပတ်စ်ပို့တစ်ခုကို တရားမ၀င် ကိုင်ဆောင်ထားကြောင်း သိရှိရသည်။
ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေး ဥပဒေသည် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်သော အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဝင် နိုင်ငံ(သို့) ဒေသဆိုင်ရာ သဘောတူ စာချုပ်ဝင်နိုင်ငံနှင့်ဖြစ်စေ၊ နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုထားသည့် နိုင်ငံနှင့်ဖြစ်စေ၊ အဆိုပါ ကွန်ဗင်းရှင်းဝင်နိုင်ငံ ဒေသဆိုင်ရာ သဘောတူစာချုပ်ဝင်နိုင်ငံ(သို့) နှစ်နိုင်ငံသဘောတူစာချုပ်ဝင် နိုင်ငံမဟုတ် သော်လည်း အပြန်အလှန် အကူအညီပေးရန် စည်းကမ်းချက်ဖြင့် သဘောတူသည့် နိုင်ငံနှင့်ဖြစ်စေ၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် စုံစမ်းထောက်လှမ်းခြင်း တရားစွဲဆိုခြင်းနှင့် တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ခြင်း တစ်ရပ်ရပ်ကို အကူ အညီပေးခြင်းနှင့် သက်ဆိုင်စေရမည်ဟု ယင်းဥပဒေ၏ ပုဒ်မ(၂)တွင် ပြဌာန်းထားပါသည်။
ထို့အပြင် အစိုးရအဖွဲ့သည် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးအတွက် ဗဟိုအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းထားရမည်ဖြစ်ပြီး ယင်းအဖွဲ့၏ လုပ်ငန်းတာဝန်များကို ဥပဒေတွင် သတ်မှတ်ထားပြီးဖြစ် ကြောင်း သိရသည်။
ပြည်တွင်းတွင် ဖြစ်ပွားခဲ့သော ငွေကြေးလိမ်လည်မှုများကို ဖော်ထုတ်ရရှိနိုင်ရန် လုပ်ဆောင်နေကြောင်းနှင့် နိုင်ငံပြင်ပတွင် ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံသားများ၏ ယခုကဲ့သို့ ဖြစ်စဉ်မျိုးအတွက် အချက်အလက် အထောက်အထားများဖြင့် ပြည်တွင်းတွင် ပြန်လည်တိုင်ချက်ဖွင့်ပါက လိုအပ်သလို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
ထပ်မံသိရှိရသော သတင်းများအရ ယခုအခါစင်ကာပူမှ အင်္ဂလန်သို့ ထွက်ပြေးတိမ်းရှောင်နေသော ဒေါ်တင်တင်မြင့်အား ဖမ်းဆီးရမိရေး အမှုမှန်ပေါ်ပေါက်ရေးအတွက် စင်ကာပူရဲနှင့် အင်္ဂလန်ရဲတို့ ပူးပေါင်းလုပ်ဆောင် နေကြောင်းနှင့် လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ ရွှေရတနာဆိုင်မှ ဒေါ်တင်တင်မြင့်က အဓိက လိမ်လည်သွားသူဖြစ်ပြီး ယင်းသို့ လုပ်ဆောင်မှုကြောင့် လွှဲငွေလက်ခံပြီး ရွှေရတနာဆိုင်သို့ လွှဲကြရသော ကျန်ငွေလွှဲလုပ်ငန်းများမှာလည်း အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
"ဒီကိစ္စကြောင့် စင်ကာပူကနေ မဖြစ်မနေလုပ်ရမယ့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေ အများကြီး ထိခိုက်ကုန်ပြီ။ စင်ကာပူမှာ ကုမ္ပဏီဖွင့်ပြီး မလုပ်ရဲအောင်ဖြစ်နေပြီ။ ဒီကိစ္စကို မြန်မြန်ဖြေရှင်းပေးဖို့ အစိုးရက အာမခံချက်ပေပြီး စုံစမ်းရင် အမှန်ပြောမယ့်သူတွေ ရှိပါတယ်" ဟု လုပ်ငန်းရှင်တစ်ဦးက ပြောပြပါသည်။
ယခုအခါ သီရိမွန် ငွေလွှဲလုပ်ငန်းမှ ဒေါ်နန်းခင်ခင်ထားက တိုင်ချက်ဖွင့်ထားသောကြောင့် စုံစမ်းနေပြီဖြစ်ကြောင်း သိရသည်။
'ဒီအခြေအနေမျိုးမှာ Sanctionက တစ်နှစ်ကျော်လောက် ရှိဦးမှာဆိုတော့ စင်ကာပူ ကုမ္ပဏီတွေက တစ်ဆင့်လည်း သွားရဦးမှာ။ အဲဒီတော့ ဒီအလုပ်က တရားမ၀င်ဘူးပဲ ပြောပြော၊ တရားဝင်တယ်ပဲ ပြောပြော ဆက်ရှိ ဦးမှာပါ။ ဒီတော့ မြန်မာ နိုင်ငံတွင်းက သွင်းကုန် ထုတ်ကုန်လုပ်ငန်းတွေ ရှင်သန်အောင် ပုံမှန်လည်ပတ်နိုင်အောင် မြန်မာအစိုးရ တာဝန်ရှိအဖွဲ့အစည်းတွေရယ်၊ ကုမ္ပဏီတွေရယ် ပူးပေါင်းအဖြေရှာဖို့ လိုပါတယ်။ အဲဒီအဓိက လိမ်လည်သူ အမျိုးသမီးတွေကို ရအောင်ရှာဖွေ ဖမ်းဆီးပြီး ကျန်တဲ့တစ်ဆင့်ခံ ကုမ္ပဏီ၊ ဆိုင်ရှင်တွေရယ်ကို ရင်ဆိုင်ဖြေရှင်းသင့်တယ်။ လိမ်လည်သွားတဲ့ သူတွေ၊ လူသတ်တရားခံတွေ၊ နိုင်ငံခြားထွက်ပြေးတိုင်း လွတ်နေ တယ်ဆိုတာ မဖြစ်သင့်ဘူး။ မရရအောင် ဖမ်းသင့်တယ်။ ဒီမှာ သူတို့ရဲ့ အဆက်အသွယ်တွေ၊ ဆွေမျိုးမိဘတွေ ကျန်နေတာပဲ''ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါသည်။
http://news-eleven.com

Phado David-Htaw (KNU) Interview

Sunday, January 1, 2012

ကြားဖြတ်ရွေးကောက်ပွဲရက်သတ်မှတ်ပြီ

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၂ခုနှစ် ဧပြီလ ၁ရက်နေ့ (တနင်္ဂနွေ) တွင် ကျင်းပသွားမည်
ဖြစ်ကြောင်းနှင့် အဆိုပါသတင်းကို ဒီဇင်ဘာ ၃၁ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသွားမည်ဟု သိရပါသည်။

ကမ္ဘာ့နှစ်သစ်ကူးနေ့ကို လှိုက်လှဲစွာကြိုဆိုလိုက်ပါတယ်