Thursday, January 26, 2012

ကေအဲန်ယူနှင့် အစိုးရ အပစ်ရပ်လက်မှတ်ထိုးခြင်းအပေါ် အင်္ဂလန်ရှိ ကရင်လူငယ်များ (KYUK) သဘောထားထုတ်ပြန်ချက်

letter_to_KNU-01

၆၃နှစ်မြောက် ကရင်တော်လှန်ရေးနေ့  နှင့် ၆၅နှစ်မြောက် ကေအဲန်ယူနေ့  အခမ်းအနား ကို ဖိတ်ကြားခြင်း


ကရင်အမျိုးသား ညီအကို မောင်နှမများခင်ဗျာ...
လာမည် ဇန်န၀ါရီ ၂၉ ရက်နေ့ တွင် ၆၃နှစ်မြောက် ကရင်တော်လှန်ရေးနေ့ နှင့် ၆၅နှစ်မြောက် ကေအဲန်ယူ နေ့  အခမ်း အနား ကို ပြုလုပ်ကျင်းပမည် ဖြစ်ပါသောကြောင့် ဂျပန်ရောက် ကရင် အဖွဲ့ အစည်း အသီးသီးမှ ကရင် အမျိုးသား ညီအကို မောင်နှမ များ အနေဖြင့် အမျိုးသားရေး အတွက် လာရောက် ပူးပေါင်း တက်ရောက် ချီးမြှင့် ပေးပါရန် လေးစားစွာ ဖြင့် ဖိတ်ကြား နှိုးဆော်အပ်ပါသည်။

ကရင်အမျိုးသားအစည်းအရုံး (ဂျပန်)

နေ့ ရက်။           ။ ၂၀၁၂ -၀၁- ၂၉
အချိန်   ။           ။ ညနေ ၆း၀၀ နာရီ  မှ ၉း၀၀ နာရီထိ
နေရာ   ။           ။ KOMAGOME Bonka Center 4th Floor
ဆက်သွယ်ရန်  -  ၀၈၀၃၁၅၇၁၁၈၁

စောသစ္စာထူးရဲ့ ရင်တွင်းစကား

အင်မတန် နက်ရှိုင်းတဲ့ တောကြီးထဲမှာ လမ်းတောင် မလျှောက်နိုင်တော့တဲ့ ရှေ့မှီနောက်မှီ ကရင့်တော်လှန်ရေး သမားဟောင်းကြီး တဦးကို ရသလောက် အချိန်လေးမှာ တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်ပါသည်။ အဖူး စောဘဦးကြီးရဲ့ စကား၊ အဖူး စောဘဦးကြီးရဲ့ စိတ်ဓါတ်တွေကို သေသည်အထိ လိုက်နာသွားမည်ဟု ပြောသည့်အတွက်ကြောင့် အဖူး စောဘဦးကြီးလို့ တင်စားလိုက်ခြင်း ဖြစ်ပါသည်။
“လောကမှာ စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေး ရဖို့ ဆိုရင် အရင်ဦးဆုံး စစ်မှန်တဲ့ တန်းတူအခွင့်အရေး ရမှ ဖြစ်မှာပါ”
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
စောသစ္စာထူး (USK, United States of Karen)
စောသစ္စာထူး၏ ကရင့်အမျိုးသား ခေါင်းဆောင်ကြီး အဖူးစောဘဦးကြီးနှင့် တွေ့ဆုံ မေးမြန်းခန်း (ပထမပိုင်း၊ ဒုတိယပိုင်း)ကို အောက်တွင် ဆက်လက် ဖတ်ရှူနိုင်ပါသည်။

ကရင် အမျိုးသား ခေါင်းဆောင်ကြီး အဖူး စောဘဦးကြီးနှင့် တွေ့ဆုံ မေးမြန်းခန်း (ဒုတိယပိုင်း)

စောသစ္စာထူး (USK, United States of Karen) မှ တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။

စောသစ္စာထူး။ ။ လက်ရှိ မြန်မာ နိုင်ငံရေး အခင်း အကျင်းကို အဖူး ဘယ်လို မြင်ပါသလဲ။
စောဘဦီးကြီး။ ။ လက်ရှိ မြန်မာ့ နိုင်ငံရေးဟာ မြန်မာ ဘောလုံး အသင်း လိုပါပဲ။ အခုချိန်ထိ လူမှန် နေရာမှန် မဖြစ်သေးဘူး။ အသင်း ခေါင်းဆောင်က ဦးသိန်းစိန်၊ တိုက်စစ်မှူး ကတော့ မင်းအောင်လှိုင်၊ ကွင်းလယ် ဖန်တီိးရှင် ကတော့ ဦးဝဏ္ဏမောင်လွင်၊ နောက်တန်းက ဦးတင်အောင်မြင့်ဦး၊ ဂိုးသမားကတော့ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ကျန် ဘောလုံး သမားများ ကတော့ စစ် အာဏာရှင် အများစုနဲ့ ဖွဲ့စည်း ထားတယ်။ အလွန် အြံ့သဖို့ ကောင်းတာ ကတော့ နည်းပြချုပ်က ဗိုလ်ချုပ်မှူးကြီး သန်းရွေနှင့် ဒုနည်းပြချုပ် ကတော့ ဒုဗိုလ်ချုပ် မှူးကြီး မောင်အေး ဖြစ်နေတုန်းပါပဲ။ ၂၀၁၀ ရွေးကောက်ပွဲ ကနေ စလာခဲ့တဲ့ မြန်မာ့ နိုင်ငံရေး ဘောလုံးပွဲကို ကြည့်မယ်ဆိုရင် ပွဲစပြီး ဘောလုံး စပေးတဲ့ အချိန်မှာပဲ DKBA ဂိုးသွင်း လိုက်တယ်။ မြ၀တီမြို့မှာ ရှိတဲ့ အာဏာရှင်တွေကို မတရားမှု တွေကို ဘယ်သော အခါမှ လက်ပိုက်ကြည့်မှာ မဟုတ် ဘူးလို့ အချက်ပြ လိုက်တာပဲ။ ဒါကြောင့် အာဏာရှင် ဘောလုံးအသင်းဟာ DKBA ရဲ့ အဖွင့်ဂိုး ကြောင့် နိုင်ငံရေး သိက္ခာ အကြီးအကျယ် ကျဆင်းခဲ့ရတယ်။ ကချင်နဲ့ ကစားတဲ့ ပွဲမှာ ကြမ်းကြမ်းတမ်းတမ်း ကစားတဲ့ တိုက်စစ်မှူး မင်းအောင်လှိုင်နဲ့ ရှေ့တန်း ကစားသမားတွေကို အသင်းခေါင်းဆောင် ဦးသိန်းစိန်က အနီကဒ်ထိနိုင်တယ်ဆိုပြီး ကြမ်းကြမ်းတမ်းတမ်း ကစားတာကို ရပ်ဖို့ အမိန့်ပေးတယ်။ (KIAကို ထိုးစစ်ဆင်ခြင်းမှ ရပ်စဲခိုင်းခြင်း) ဒီကြားထဲ ရှေ့တန်း တိုက်စစ်မှူးတွေဟာ ပေါ်တင်ပဲ လူချကစား ပြန်တယ်။ (ကချင် အမျိုး သမီးများကို မုဒိမ်းကျင့်ခြင်း) အသင်းခေါင်းဆောင် ဦးသိန်းစိန်နဲ့ ကွင်းလယ်ဖန်တီးရှင် ဦးဝဏ္ဏမောင်လွင် တို့ကို ကြည့်လိုက်မယ်ဆိုရင် အလိမ်အခေါက်တွေ တအားသုံးတာကို တွေ့ရတယ်။ (မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားမရှိဟု ဗြောင်လိမ်ခြင်း) နောက်တန်းက မလုံတဲ့အတွက် ခဏခဏ ဂိုးသွင်းခံရတာပါပဲ။ DKBAက ဂိုးသွင်းလိုက်၊ KIAက ဂိုးသွင်းလိုက်၊ လူထုကလည်း နိုင်ငံရေး အကျဉ်းသမားတွေကို လွတ်ပေးရန် ဂိုးသွင်းလိုက်၊ အမေရိကန်ကလည်း စီးပွားရေး ပိတ်ဆို့မှုဂိုးကို အဆက်မပြတ် သွင်းပြန်နေတယ်။ ဒါကြောင့် ဒီအာဏာရှင် ဘောလုံး အသင်းဟာ မြန်မာ့အလယ်မှာရော ကမ္ဘာ့အလယ်မှာပါ မရှူမလှ ဂုဏ်သိက္ခာ ကျဆင်းခဲ့ရတယ်။ ဒါကြောင့် နည်ပြချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွေဟာ ကစားကွက် ပြောင်းလာတာကို တွေ့ရတယ်။ ရှေ့တန်း အလယ်တန်းနဲ့ နောက်တန်းတွေကို အချိန်အဆက် မိမိ ကစားနိုင်ဖို့အတွက် ကွင်းလယ် ဖန်တီးရှင်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အစားထိုးနိုင်တဲ့ ပုံတွေ ပြလာတယ်။ ဒေါ်အောင်ဆန်းစုကြည်က အချိတ်အဆက်မိမိ ကစားနိုင်တဲ့အတွက် နည်းပြချုပ်လည်း အဆဲခံရမယ့် ဘ၀က လွတ်မြောက်သွားနိုင်တယ်။ (ဗိုလ်ချုပ်မှူးကြီးသန်းရွေ နိုင်ငံတကာ စစ်ခုံရုံးမှ လွတ်မြောက်သွားခြင်း) လက်ရှိ မြန်မာ ဘောလုံး အသင်းဟာ အာရှအဆင့်ကိုလည်း မကျော်လွားနိုင်၊ ကမ္ဘာ့ဖလား အဆင့်ကိုလည်းမရောက်နိုင် သေးသလို မြန်မာ့နိုင်ငံရေး အသင်းဟာလည်း အာရှနိုင်ငံတွေက ကျင့်သုံးတဲ့ ဒီမိုကရေစီအဆင့်နဲ့ ကမ္ဘာ့နိုင်ငံတွေက ကျင့်သုံးတဲ့ ဒီမိုကရေစီအဆင့်ကို ရောက်ဖို့ဆိုတာ အဝေး အဝေးကြီး လိုနေပါသေးတယ်။ ဒါဟာ လက်ရှိ မြန်မာနိုင်ငံရေး အခင်းအကျင်းပဲ။

စောသစ္စာထူး။ ။ လက်ရှိ တိုင်းရင်းသား နိုင်ငံရေးသမားတွေရဲ့ အခြေအနေကို အဖူး ဘယ်လိုမြင်ပါသလဲ။
စောဘဦီးကြီး။ ။ လက်ရှိ တိုင်းရင်းသား နိုင်ငံရေးသမားတွေထဲမှာတော့ ရှမ်းခေါင်းဆောင် ခွန်ထွန်းဦးရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ကြည့်ပြီး မန်းရှာကို အဖူး ချက်ခြင်း ပြေးမြင်မိတယ်ကွာ။ စစ်အာဏာရှင်တွေ မန်းရှာကို လုပ်ကြံလိုက်တာဟာ ကရင်တမျိုးသားလုံးနဲ့ တိုင်းရင်းသား အားလုံးကို လုပ်ကြံ သတ်ဖြတ်တာနဲ့ အတူတူပဲ။ ဒါကို မမေ့ကြနဲ့။ “တိုင်းရင်းသားတွေ လက်နက်ကိုင် လာတာ ကြာပြီဆိုတော့ လက်နက်စွန့်ခိုင်းဖို့ ခက်တယ်လို့ အာဏာရှင်တွေ ပြောသလို တိုင်းရင်းသားတွေကလည်း စစ်အာဏာရှင်တွေ အာဏာရှင် စနစ် စွဲကိုင်လာတာ ကြာပြီဆိုတော့ အာဏာစွန့်ဖို့ ခက်တယ်လို့ ပြန်ပြောရမယ်” KIAကတော့ ၀ါးကြည့်မှ ခါးမှန်း သိသွားပြီး။ တချို့ တိုင်းရင်းသား နိုင်ငံရေး သမားတွေဟာ စစ်အာဏာရှင်တွေနဲ့ ပေါင်းပြီး တိုင်းပြည်ကို ထူထောင်ဖို့ လုပ်နေကြတယ်။ ဒါဟာ အခုမှ မဟုတ်ဘူး။ အရင်တုန်းကလည်း လုပ်ခဲ့ကြတယ်။ ပေါင်းပြီးတော့ တန်းတူ အခွင့်အရေးလည်း မရ၊ ကိုယ်ပိုင် ပြဌာန်းခွင့်လည်း မရ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်လည့်း မရပဲနဲ့ နောက်ဆုံးတော့ ဒီပေါင်းတဲ့ လုပ်ရပ်ဟာ ကိုယ့်တိုင်းရင်းသားတွေကို ကိုယ်ပြန်တိုက်သလို ဖြစ်ခဲ့ကြတယ်။ ဒီလုပ်ရပ်ဟာ စစ်အာဏာရှင်တွေနဲ့ ပေါင်းခဲ့တဲ့ တချို့ တိုင်းရင်းသား နိုင်ငံရေးသမားတွေ ပေးခဲ့တဲ့ အမွေဆိုးပဲ။ ပေါင်းတယ်ဆိုတာ နိုင်ငံရေး အာမခံချက် ရှိမှ ပေါင်းရတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံစာချုပ်မှာ နိုင်ငံရေး မအာခံချက် ပေးခဲ့တာတောင် အခုချိန်ထိ ဘာမှ ဖြစ်မလာသေးဘူးဆိုရင် နိုင်ငံရေး အာမခံချက် မပေးတဲ့ လက်ရှိ စစ်အာဏာရှင်တွေနဲ့ ဆက်ပေါင်းဖို့၊ ဆက်ဆွေးနွေးဖို့ဆိုတာ တိုင်းရင်းသား အားလုံး တော်တော်လေးကို သတိကြီးကြီးနဲ့ လုပ်ဆောင်ရမယ်လို့ အဖူးမြင်တယ်။

စောသစ္စာထူး။ ။ပင်လုံစာချုပ်ကို အဖူးဘယ်လိုမြင်သလဲ။
စောဘဦီးကြီး။ ။ ဗမာပြည်ဟာ လွတ်လပ်ရေး ရပြီးရင် ပြည်တွင်းစစ်ကြီး ဖြစ်လာမယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ကောင်းကောင်းကြီး သိခဲ့တယ်။ ဒါကြောင့် ပြည်တွင်းစစ် မဖြစ်ရလေအောင် ပင်လုံစာချုပ်နဲ့ ကာကွယ်ခဲ့ကြတာပါ။ ပြည်တွင်းစစ်ကို ဖန်တီးလိုက်တဲ့သူတွေဟာ ဗမာလူမျိုးကြီးဝါဒကို ကျင့်သုံးတဲ့ သူတွေပဲ။ အဲဒီလူတွေ အခုချိန်ထိ အာဏာကို ဆုပ်ကိုင်ထားသေးတယ် ဆိုတာ တိုင်းရင်းသားတွေ သိထားဖို့ လိုတယ်။ နှစ်ပေါင်း (၆၀) ကျော်လာအောင် ပြည်တွင်းစစ်ကြီး ဖြစ်လာရတာဟာ ဗမာ့ အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တို့ လက်နဲ့ ရေးခဲ့တဲ့ ပင်လုံ စာချုပ်ကို ခြေနဲ့ ဖျက်ပစ်လို့ပဲ ဖြစ်တယ်။ ပင်လုံစာချုပ်ကို အကောင်အထည် မဖော်ဘူးဆိုရင် ဗမာပြည်မှာ ဘယ်လူမျိုးမှ အေးအေးချမ်းချမ်း နေလို့ ရမှာ မဟုတ်ဘူး။ ဘယ်တော့မှလည်း စစ်မှန်တဲ့ ထာဝရ ငြိမ်းချမ်းရေး ရမှာ မဟုတ်ဘူး။ နယ်ချဲ့ကျွန်ဘ၀က လွတ်မြောက်ဖို့အတွက် ဗမာပြည်မှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ တော်လှန်ခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင် အားလုံးကတော့ အင်မတန် ကျေးဇူးကြီးမားတဲ့ သူတွေပဲ။ ဗမာပြည်မှာ အခုချိန်ထိ မအေးချမ်းသေးတာဟာ ကျေးဇူးရှင်တွေကို ကျေးဇူးကန်းခဲ့ကြလို့ပဲ။ တကယ်တော့ ပင်လုံစာချုပ်ကို ပစ်ပယ်ကြတဲ့ သူတွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တို့ရဲ့ တိုင်းပြည်အပေါ် ထားတဲ့ စေတနာကို ပြတ်ပြတ်သားသား စော်ကားလိုက်တာပါပဲ။ ဒါကြောင့် ကျေးဇူးရှင်တွေကို ထပ်ပြီး ကျေးဇူး ကန်းနေသေးမယ် ဆိုရင်တော့ ဗမာပြည်မှာ ရှိတဲ့ လူမျိုးအာလုံး ပူပူလောင်လောင်နဲ့ ပြည်တွင်းစစ်ကြီးကို ခါးစည်း ခံကြရအုံးမှာပါပဲ။ "ပြည်တွင်း စစ် ရောဂါဆိုးကြီး ပျောက်ဖို့ ဆိုရင် ပင်လုံစာချုပ်ဟာ အကောင်းဆုံး ဆေးတခွက်ပဲ"လို့ အဖူးမြင်တယ်။

စောသစ္စာထူး။ ။ ကရင့်တော်လှန်ရေးမှာ ကရင်လူငယ်တွေရဲ့ ပါဝင် လှုပ်ရှားမှုဟာ အင်မတန်မှာ အားနည်းတယ်လို့ ပြောကြတယ်။ ဒါကို အဖူးဘယ်လို ပြောချင်သလဲ။ 
စောဘဦီးကြီး။ ။ ကရင့်တော်လှန်ရေးမှာ ကရင်လူငယ်တွေ ပါဝင်မှု အားနည်းရတဲ့ အကြောင်းရင်း များစွာ ရှိပါတယ်။ တချို့ကို တင်ပြရမယ်ဆိုရင် ပြည်တွင်းမှာ ရှိကြတဲ့ ကရင်လူငယ်တွေက ကရင့်သမိုင်းကို ကောင်းကောင်း မသိကြတော့ဘူး။ သူတို့က ဗမာ့သမိုင်းပဲ သင်ရတယ်။ ကရင့်သမိုင်းကို မသင်ကြရဘူး။ ဒါကြောင့် ကရင့်တော်လှန်ရေးကို မသိကြတော့ ဘာလုပ်ရမှန်းမသိ၊ ဘာတာဝန်ယူရမှန်းလည်း မသိကြတော့ဘူးပေါ့။ ဒါကြောင့် ကိုယ်လုပ်ရမယ့် အလုပ်ဟာ ဘာကြီးမှန်းလည်း မသိတော့ စိတ်ဝင်စားမှု အားနည်းတာ သဘာဝပဲ။ နောက်တချက်ကတေ့ ကရင့်တော်လှန်ရေးကို ကရင်လူငယ်တွေ သိရှိခွင့်မရအောင် စစ်အာဏာရှင်တွေက နည်းမျိုးစုံနဲ့ အကြမ်းဖက်ပြီး နှိပ်ကွပ်ထားတယ်။ အဆိုးဆုံးကတော့ DKBAနဲ့ KNLAတိုက်ကြတာကို ကြည့်ပြီး ကရင်လူငယ်တွေ တော်တော်လေး စိတ်ပျက်ခဲ့ကြတယ်။ KNLAထဲ ၀င်ရင် DKBAက ရန်သူအဖြစ် မြင်တယ်။ DKBAထဲဝင်ရင် KNLAက ရန်သူအဖြစ် မြင်တယ်။ နောက်ဆုံးတော့ ဘယ်အဖွဲ့ထဲမှ မ၀င်ပဲ လက်ပိုက် ကြည့်နေကြတဲ့ ကရင်ပညာတတ် လူငယ်တွေ အများအပြား ရှိပါတယ်။ DKBAနဲ့ KNLAပွဲတောင် မပြီးသေးဘူး။ KPCကရင် ငြိမ်းကောင်စီက ထပ်ပြီး ကွဲလာပြန်တော့ ကရင်လူငယ်တွေ ကရင့်တော်လှန်ရေးကို တော်တော်လေး စိတ်ကုန်သွားတယ်။ တချို့ဆိုရင် ထိုင်းနိုင်ငံ၊ တချို့ဆိုရင် အနောက်နိုင်ငံဘက်ကို ထွက်ပြီး ကြေကွဲစွာနဲ့ပဲ ကရင့်တော်လှန်ရေးကို ကျောခိုင်းသွားကြတယ်။ အာဏာရှင်တွေ ဖန်တီးလိုက်တဲ့ ကရင်အချင်းချင်း လူသတ်ပွဲကြီးမှာ ကရင့်တော်လှန်ရေးကို စိတ်ဝင်စားတဲ့ ကရင်လူငယ်များဟာ လမ်းလျှောက်ရင်း လမ်းပျောက်ခဲ့ကြတယ်။ ဒီအချက်တွေဟာ ကရင့်တော်လှန်ရေးအပေါ် ထားတဲ့ ကရင်လူငယ်တွေရဲ့ အိမ်မက်အားလုံးကို ဖျက်ဆီးပစ်လိုက်တာပဲ။ ကရင့်တော်လှန်ရေးမှာ ကရင်လူငယ်တွေ ပါဝင်လှုပ်ရှားမှု အားနည်းသွားတာဟာ လူငယ်တွေရဲ့ အပြစ်မဟုတ်ဘူး။ လူကြီးတွေရဲ့ အားနည်းချက်ပဲလို့ အဖူးမြင်တယ်။ ဒီအားနည်းချက်တွေကို KNU, DKBAနဲ့ KPCခေါင်းဆောင်ကြီးတွေ ပြန်ပြင်ပြီး ကရင့်တပ်မတော်ကို တခုတည်း ဖြစ်အောင် ပြန်လုပ်နိုင်မယ်ဆိုရင် ကရင်လူငယ်တွေကို တပ်ဆင်ပေးဖို့ လက်နက်တွေတောင် လောက်ငှမှာ မဟုတ်ဘူးလို့ အဖူးပြောချင်တယ်။

စောသစ္စာထူး။ ။ တချို့ KNUခေါင်းဆောင် တွေကြားမှာ မှတ်ပုံတင်လုပ်ဖို့ ပြောနေကြပြီး။ ဒါကို အဖူး ဘာပြောချင်သလဲ။
စောဘဦီးကြီး။ ။ မှတ်ပုံတင် လုပ်ဖို့ မပြောခင် မှတ်တမ်းတင် လုပ်ရမယ့် အဖြစ်အပျက် တခုကို အဖူး အရင်ဦးဆုံး ပြောချင်တယ်။ အဖူးတို့ ထို့ကော်ကိုးရွာအနီးမှာ အ၀ိုင်းခံလိုက်ရတဲ့ အချိန်ပေါ့။ ဒီတိုက်ပွဲဟာ အဖူးတို့ သွေးမြေကျခဲ့ရတဲ့ နောက်ဆုံး တိုက်ပွဲပဲ။ အဖူးနဲ့ ကရင်အာဇာနည် တော်လှန်ရေး သမားတွေ တော်လှန်ရေး လုပ်တာဟာ “ဗမာနိုင်ငံသား မှတ်ပုံတင် လုပ်ဖို့အတွက် မဟုတ်ဘူး။ ကရင်နိုင်ငံသား မှတ်ပုံတင် လုပ်ဖို့အတွက် သွေးနဲ့ ပေးဆပ်ခဲ့ကြတာပါ။” ဒါကို KNUခေါင်ဆောင်တွေရဲ့ ဦးနှောက်နဲ့ အသဲနှလုံးထဲမှာ သံမှိုရိုက်ထားသလို စွဲမြဲနေပါစေ။ အခုချိန်မှာ ဗမာနိုင်ငံသား မှတ်ပုံတင် ရဖို့ထက် ကရင်နိုင်ငံသား မှတ်ပုံတင် ရဖို့က ပိုအရေးကြီးတယ်။ KNU, DKBAနဲ့ KPCတို့ ကရင့်တပ်မတော်ကို တခုတည်း ဖြ့စ်အောင် ပြန်လည် ဖွဲ့စည်းနိုင်မယ်ဆိုရင် ကရင်နိုင်ငံသား မှတ်ပုံတင် လုပ်ဖို့ နီးစပ်လာလိမ့်မယ်လို့ အဖူး ပြောချင်တယ်။ ကရင်နိုင်ငံ ရပြီဆိုရင် မှတ်ပုံတင် လိုချင်တဲ့ တချို့ KNUခေါင်းဆောင်တွေကို အဖူး မှတ်ပုံတင် ချက်ခြင်း ထုတ်ပေးမယ်။ အသက် ၇၀ရှိတဲ့ သူကို မှတ်ပုံတင် အခု ၇၀ထုတ်ပေးမယ်။ ၆၅နှစ် ရှိတဲ့သူကို မှတ်ပုံတင် ၆၅ခု ထုတ်ပေးမယ်။ အသက်ကို ကြည့်ပြီး မှတ်ပုံတင် အရေအတွက်ကို ထုတ်ပေးမယ်။ လုပ်ချင်တာထက် လုပ်သင့်တာကို လုပ်ကြပါလို့ အဖူး ပြောချင်တယ်။ အခု စစ်အာဏာရှင်တွေ လုပ်ပေးမယ့် မှတ်ပုံတင်ဟာ ကောင်းကျိုးထက် ဆိုးကျိုးက အများကြီးပဲ။ ဥပမာ- ကရင်လူမျိုးကို ဖျောက်ဖျက်ခြင်း၊ ကရင်လူမျိုးရဲ့ နာမည်ရှေ့မှ ဂုဏ်ပုဒ်ကို ပျက်ဆီးစေခြင်း၊ KNUမှ လျို့ဝှက်ချက်များ ပျက်ဆီးနိုင်ခြင်း၊ အစရှိသဖြင့် အများကြီး ပါပဲ။ ကရင်လူမျိုးကို ဖျောက်ဖျက်တဲ့ နေရာမှ ဗမာနာမည်ရှိတဲ့ ကရင်တွေနဲ့ ဗုဒ္ဖဘာသာ ကရင်တွေကို ဗမာလူမျိုးထဲ ထည့်သွင်းမယ်။ ကရင်လူမျိုးများရဲ့ ဂုဏ်ပုဒ်ရှေ့က “စော”တို့ “နော်”တို့ နေရာမှာ ဗမာဂုဏ်ပုဒ်ဖြစ်တဲ့ “မောင်”တို့ “မ” တို့ကို ထည့်သုံးမယ်။ ဒါကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရမယ်။ KNUရဲ့ လျှို့ဝှက်ချက် ပျက်ဆီးနိုင်ရတဲ့ အကြောင်းကတော့ မှတ်ပုံတင်လုပ်ပြီဆိုရင် ဘယ်သူက ဘာလုပ်လဲ၊ ဘယ်ဌာနမှာ လုပ်လဲ၊ ဘယ်သူက ထောက်လှန်းရေးလဲ၊ အရပ်ဖက် ထောက်လှမ်းရေးလား၊ စစ်ဘက် ထောက်လှမ်းရေးလား၊ ဘယ်ထောက်လှန်းရေးက ဘယ်ဂွင်မှာ လှုပ်ရှားလဲ အစရှိသဖြင့် KNUရဲ့ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်သွားနိုင်တယ်။ ကိုယ့်အာနည်းချက်တွေကို ရန်သူက သိသွားပြီးဆိုရင် ကိုယ်ဟာ ရန်သူ လက်ခုပ်ထဲက ရေလို ဖြစ်သွားမယ်။ သွန်ချင်သွန်၊ မှောက်ချင်မှောက်ပဲ။ DKBAနဲ့ မွန်ပြည်သစ် ပါတီကို သင်ခန်းစာ ယူပါ။ စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ်တဲ့ လုပ်ရပ်တွေကြောင့် DKBAရဲ့ အင်အားဟာ ၅ ပုံ ၁ ပုံပဲ ရှိတော့တယ်။ မွန်ပြည်သစ်ပါတီရဲ့ အင်အားဟာလည်း ၇၀၀၀ ကနေ ၂၀၀၀ ပဲ ကျန်တော့တယ်။ ဒီအတိုင်း ဆက်သွားရင် KNUဟာ DKBAနဲ့ မွန်ပြည်သစ် ပါတီလို ဖြစ်သွားနိုင်တယ်လို့ အဖူး ပြောချင်တယ်။
 စောသစ္စာထူး (USK, United States of Karen) မှ တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။

ကရင့်အမျိုးသား ခေါင်းဆောင်ကြီး အဖူး စောဘဦးကြီးနှင့် တွေ့ဆုံ မေးမြန်းချက် (အင်တာဗျူး) ပထမပိုင်း


စောသစ္စာထူး။ ။KNU ခေါင်းဆောင်တချို့ အပစ်ခတ် ရပ်စဲတာကို အဖူး စောဘဦးကြီး အားရ ကျေနပ်မှု ရပါသလား။
စောဘဦီးကြီး။ ။ အားရ ကျေနပ်မှု ရလား၊ မရလား မပြောခင် KNU ခေါင်းဆောင်တွေကို အရင်ဦးဆုံး ပြောချင်တာကတော့ အဖူးဟာ မိသားစုနဲ့တကွ စည်းစိမ် ချမ်းသာတွေကို စွန့်လွတ်ပြီးတော့ ကရင့် တော်လှန်ရေး လုပ်ခဲ့တာပါ။ အဖူး မိသားစု ချမ်းသာဖို့ သူဌေးဖြစ်ဖို့ အတွက် တော်လှန်ရေး လုပ်ခဲ့တာ မဟုတ်ဘူး။ တော်လှန်ရေးမှာ စည်းစိမ် ချမ်းသာဆိုတာ ပေးဆပ်ခြင်းပဲ။ စည်းစိမ်ချမ်းသာ ရယူဖို့အတွက် ဆိုရင်တော့ ဒါဟာ စစ်မှန်တဲ့ တော်လှန်ရေး မဟုတ်တော့ဘူး။ ချမ်းသာဖို့ အတွက် တော်လှန်ရေး လုပ်ရင်တော့ ရှင်းရှင်းပဲ ပြောလိုက်မယ် လမ်းမှားနေပြီး။ အခု စစချင်း လှမ်းတဲ့ ခြေတလှုမ်းဟာ မမှားဖို့ အရေးကြီးတယ်။ “ခြေလှမ်းမှားခြင်း အားလုံးထဲမှာ နိုင်ငံရေး ခြေလှမ်းမှားခြင်းဟာ အဆိုးဆုံးပဲ။” အဖူးလည်း ခြေလှမ်း မှားခဲ့သလို ဖြစ်ခဲ့ရတယ်။ ဒါကို အမျှော်အမြင် ကောင်းတဲ့ မန်းဘဇန်နဲ့ ကရင်ခေါင်းဆောင် တချို့ ပြင်လို့သာပေါ့။ သူတို့သာ မပြင်ခဲ့ဘူးဆိုရင် အဲဒီအချိန်တုန်းကပဲ ကရင့် တော်လှန်ရေးဟာ အသက်ထွက်သွားပြီး။ အခု အပစ်အခတ် ရပ်စဲတဲ့ လုပ်ရပ်ဟာ လမ်းမှားဘက် ရောက်ဖို့ ပိုများ နေတဲ့အတွက် အားရ ကျေနပ်မှု မရှိပါဘူး။

စောသစ္စာထူး။ ။အားရကျေနပ်မှု ရနိုင်တဲ့ အပစ်အခတ်ရပ်စဲမှုကို အဖူးစောဘဦးကြီး ဘယ်လိုမြင်ပါသလဲ။
စောဘဦီးကြီး။ ။အားရ ကျေနပ်မှု ရနိုင်တဲ့ အပစ်အခတ်ရပ်စဲမှုဆိုတာ တစ်ဦးနဲ့ တစ်ဦး စိတ်ထဲမှာတောင် မတိုက်ရဘူး။ ဗမာနယ်မြေမှာ ကရင် လက်နက်ကိုင် မရှိရသလို ကရင် နယ်မြေမှာလည်း ဗမာ လက်နက်ကိုင် မရှိရပါဘူး။ ဒီလို အာမခံ ချက်မျိုးတွေ ရှိရမယ်။ အပစ်အခတ် ရပ်စဲတဲ့ အချိန်မှာ KNUထိမ်းချုပ် ထားတဲ့ နယ်မြေ အတွင်း လက်နက် ရိက္ခာတွေကို မဟားတရား ဖြည့်တင်းလာတာကို ကြည့်ခြင်းအားဖြင့် အခု အပစ်အခတ် ရပ်စဲတဲ့ လုပ်ရပ်ဟာ ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားနိုင်တယ်လို့ အဖူးမြင်တယ်။ 

စောသစ္စာထူး။ အခု အပစ်အခတ် ရပ်စဲလိုက်တာကို အဖူးစောဘဦးကြီး ထောက်ခံပါသလား။
စောဘဦီးကြီး။ ။အခုလက်ရှိအခြေအနေကို ပြောမယ်ဆိုရင် ၁၀၀ မှာ ၂၀ရာခိုင်နှုန်းပဲ ထောက်ခံပါတယ်။

စောသစ္စာထူး။ ။ဘာကြောင့် ၁၀၀ရာခိုင်နှုန်း အပြည့်အ၀ မထောက်ခံတာလဲ
စောဘဦီးကြီး။ ။အခု ကရင့် တော်လှန်ရေးကို စက်မှုဇုန်နဲ့ လဲရမယ့် အခြေအနေမျိုး ဖြစ်နေတယ်။ ဘယ်လိုမှ အပြည့်အ၀ ထောက်ခံလို့ မရဘူး။

စောသစ္စာထူး။ ။ကရင် ဒေသတွေမှာ စက်မှုဇုန်တွေ ဖြစ်လာမယ်ဆိုရင် ကရင် လူမျိုးတွေရဲ့ လူနေမှု ဘ၀ တိုးတက်လာမယ် မဟုတ်ဘူးလား။
စောဘဦီးကြီး။ ။အပေါ်ယံ ကြည့်ရင်တော့ ဟုတ်ပါတယ်။ တကယ် အတွင်း ကျကျကို ၀င်ကြည့်မယ်ဆိုရင် ဒီမိုကရေစီလည်း မရသေး၊ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုလည်း ဖြစ်မလာသေးဘူး။ ဘာနိုင်ငံရေး အာမခံချက်မှ မရှိသေးပဲနဲ့ စက်မှုဇုံတွေ တည်ထောင်မယ်ဆိုရင် တရုတ်၊ ကုလား၊ ဗမာတွေကပဲ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားကြမယ်။ အဖူးတို့ ကရင် လူမျိုးတွေကတော့ အလုပ်သမား ဘ၀ကနေ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ နယ်မြေတွေလည်း အများကြီး ပျက်စီး ဆုံးရှုံးနိုင်တယ်။ ဗမာပြည် အထက်ပိုင်းမှာ ရှိတဲ့ ဗမာလူမျိုးတွေကို တရုတ်တို့ ၀ါးမြိုထားသလို အဖူးတို့ ကရင်တွေလည်း အခြားလူမျိုး ပေါင်းစုံတို့ရဲ့ ၀ါးမြိုမှုကို ခံရမယ်။ ကရင်ဒေသမှာ ထွက်တဲ့ တွင်းထွက် သဘာဝ သယံဇာတ ပစ္စည်းတွေလည်း အမျိုးပြုတ် သွားနိုင်တယ်။ ကချင်ဒေသက ထွက်တဲ့ ကျောက်စိမ်းတွင်းတွေ တိမ်ကောသလို ဖြစ်သွားနိုင်တယ်။ ပိုပြီး ရင်နာစရာ ကောင်းတာကတော့ အဖူးရဲ့ မျိုးဆက်သစ် မြေးနဲ့ မြစ်လေးတွေဟာ မူးယစ် သမားတွေနဲ့ ပြည့်တန်ဆာတွေ ဖြစ်ဖို့ ရှိတယ်။ ဒါဟာ ကရင်လူမျိုးတွေရဲ့ လူနေမှုဘ၀ တိုးတက်မှု အစစ်အမှန် မဖြစ်နိုင်တော့ဘူး။ 

စောသစ္စာထူး။ ။ယခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တော်တော်များများ အပစ်အခတ် ရပ်စဲတာကိုရော အဖူး ဘယ်လိုမြင်သလဲ။
စောဘဦီးကြီး။ ။ယခုချိန်မှာ ၀၊ မိုင်းလား၊ ရှမ်း၊ ချင်း၊ ကရင် အစရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စစ်အာဏာရှင်တွေ အပစ်အခတ် ရပ်စဲလိုက်တာဟာ KIAကို သွယ်ဝိုက်တဲ့နည်းနဲ့ တိုက်ခိုက် လိုက်တယ်လို့ အဖူးမြင်တယ်။ ဒါကို ပြန်လည် သုံးသပ်ကြပါ။ KIAသာ အမြစ်ပြတ်ထွက် သွားရင် အပစ် ရပ်စဲထားတဲ့ အဖွဲ့တွေလည်း အမြစ်ပြုတ် ထွက်ဖို့သာ ပြင်ထားပါ။ KIAရဲ့ နိုင်ငံရေး ရပ်တည်ချက်ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးထဲမှာ စံပြအဖွဲ့ပဲ။ ဘာနိုင်ငံရေး အာမခံချက်မှ မပေးနိုင်ဘူးဆိုရင် ဘာမှ မလုပ်သေးတာ အကောင်းဆုံးပဲ။ မွန်ပြည် သစ်ပါတီလည်း KIAရဲ့ လမ်းစဉ်ကို လိုက်မယ်လို့ပဲ အဖူး မျှော်လင့်တယ်။ ဒီလမ်းစဉ်ဟာ ဖြောင့်မတ်မှန်ကန်တဲ့ လမ်းစဉ်ပဲလို့ အဖူးမြင်တယ်။ 

စောသစ္စာထူး။ ။ ဒါဆိုရင် KNUအနေနဲ့ ဘာဆက်လုပ် သင့်တယ်လို့ ထင်ပါသလဲ။
စောဘဦီးကြီး။ ။အခုအချိန်မှာ KNUဘာလုပ်သင့်သလဲ မပြောခင် ဒေါ်အောင်ဆန်းစုကြည် အခုဘာလုပ် နေသလဲဆိုတာ အရင်ဦးဆုံး ပြောမယ်။ အကျဉ်းထောင်က ထွက်လာပြီး ဒုတိယပင်လုံ ညီလာခံ လုပ်မယ်လို့ ပြောတယ်။ ဒီလုပ်ရပ်ကို အတိုက်အခံနဲ့ တိုင်းရင်းသားတွေက ထောက်ခံတယ်။ အာဏာရှင်တွေက မထောက်ခံဘူး။ ဒီလုပ်ရပ်ကို ဆက်လုပ်မယ်ဆိုရင် ဖမ်းဆီး ထောင်ချ လုပ်ကြံသတ်ဖြတ် ခံရဖို့ပဲ ရှိတယ်။ ဧရာဝတီတိုင်း စည်းရုံးရေးမှာ တကြိမ် ဒီပဲယင်းမှာ တကြိမ် လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါဟာ ဘယ်လိုမှ မေ့ပျောက်လို့ မရနိုင်တဲ့ စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ်တဲ့ လုပ်ရပ်တွေပဲ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗမာပြည်သူတွေနဲ့ တိုင်းရင်းသား အားလုံး ပြန်လည်စည်းလုံးဖို့ အတွက်ဆိုရင် အသက်ကိုပင် စွန့်လွတ်ဝံ့သူလို့ အဖူး မြင်တယ်။ အခုချိန်မှာတော့ စည်းလုံးမှု ပြိုကွဲပြီး ရန်သူတွေ ဖြစ်နေကြတဲ့ ဗမာ အချင်းချင်းကို ပြန်ပြီး စည်းလုံးအောင် လုပ်နေတယ်။ အခုချိန်မှာ တိုင်းရင်းသား ကိစ္စတွေကို ဦးစား မပေးဘဲနဲ့ ဗမာ အချင်းချင်း ပြန်လည်ရင်ကြားစေ့ရေး၊ ဗမာလူထု တရပ်လုံးနဲ့ ကမ္ဘာက အသိအမှတ်မပြုတဲ့ ဦးသိန်းစိန်တို့ အဖွဲ့ကို အသိအမှတ်ပြုအောင် လုပ်ပေးနေတယ်။ ဘယ်သူမှ မျှော်လင့် မထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် လက်အောက် ငယ်သားတွေကို ပြန်လွတ်ပေးတာကို ကြည့်ခြင်းအားဖြင့် သင်ပုန်ချေရေးကို လုပ်နေတယ်။ ဒီလိုပဲ ဖြစ်ရမယ်။ အဖူးတို့ ကရင်တွေလို ဗမာအချင်းချင်း ပြန်တိုက်ကြတာကို အဖူး မမြင်ချင်ပါဘူး။ ကဲ--ဒါဆိုရင် KNUက အခုချိန်မှာ သူတို့ ဘာလုပ် သင့်သလဲဆိုတာ သိလောက်ပါပြီး။ ဆက်ပြောဖို့ မလိုတော့ဘူးလို့ ထင်တယ်။ 

စောသစ္စာထူး။ ။နိုင်ငံရေးအမြင် အားကောင်းတဲ့ လူတွေက သိပေမယ့် နိုင်ငံရေး အမြင် အားနည်းတဲ့ လူတွေက အဖူးရဲ့ ဆိုလိုချက်ကို ကောင်းကောင်း မသိဘူး။ ကေအဲန်ယူ ဘာလုပ်သင့်လဲ ဆိုတာကို ကျေးဇူးပြုပြီး အသေးစိတ် ဖြေကြားပေးပါ။
စောဘဦီးကြီး။ ။နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် နိုင်ငံရေး အမြင် အားကောင်းတဲ့ လူမျိုးတွေက သခင်ဖြစ်မယ်၊ နိုင်ငံရေး အမြင် အားနည်းတဲ့ လူမျိုးတွေက ကျွန်ဖြစ်မယ်။ ဒါကို အရင်ဦးဆုံး သိစေချင်တယ်။ အခုချိန်မှာ ကေအဲန်ယူ လုပ်ရမှာက နှဖူးတွေ့ ဒူးတွေ့ စေ့စေ့စပ်စပ် သေသေချာချာနဲ့ အချိန်ပေးပြီး အချင်းချင်း သဘောထား ကွဲလွဲမှုတွေကို ဆွေးနွေးရမယ်။ တချို့  အတွေးအခေါ် အယူအဆ တွေဟာ မှားနေတဲ့အတွက် နားလည် ခွင့်လွတ်ပေးပြီး ဆွေးနွေး တင်ပြကြပါ။ ကရင့် တော်လှန်ရေးအတွက် ဆုံးဖြတ်ချက် ချမယ်ဆိုရင်လည်း ကရင်ပြည်သူ တရပ်လုံးရဲ့ ထောက်ခံ အားပေးမှု အများဆုံး ရမှပဲ  ဆုံးဖြတ်ပါ။ နောက်ထပ် အရေးကြီးဆုံး လုပ်ရမယ့် အလုပ်ကတော့ ကရင် လက်နက်ကိုင် တပ်ဖွဲ့အားလုံး အပြုသဘော ဆောင်တဲ့ ဆွေးနွေးပွဲ ကြီးတခု အမြန်လုပ်ပါ။ KNUကို ထောက်ခံတဲ့ ကရင်ပြည်သူတွေ ရှိတယ်။ DKBAကို ထောက်ခံတဲ့ ကရင် ပြည်သူတွေ ရှိတယ်။ KPC ကရင် ငြိမ်းချမ်းရေး ကောင်စီကို ထောက်ခံတဲ့ ကရင်ပြည် သူတွေ ရှိတယ်။ ဒါကို KNU ခေါင်းဆောင်တွေ သိထားဖို့ လိုလာပြီး။ အခုအချိန်မှာ ကရင် တော်လှန်ရေးဟာ လမ်းဆုံ လမ်းခွကို ရောက်နေပြီး။ နည်းနည်းလေးမှ အမှားခံလို့ မရဘူး။ အခုအချိန်မှာ ကရင် လက်နက်ကိုင် တပ်ဖွဲ့ အားလုံးကို
၁။ ပူးပေါင်းမှုရအောင်
၂။ ညီညွတ်မှုရအောင်
၃။ တန်းတူ အခွင့်အရေး ရအောင် လုပ်ဆောင်နိုင်တဲ့ အဖွဲ့ကတော့ ကရင် သမိုင်းမှာ ရာဇ၀င် တင်ခံရမှာပဲ။ ပူးပေါင်းမှု မလုပ်နိုင်တဲ့ အဖွဲ့ကတော့ ကရင်ပြည်သူတွေရဲ့ ပစ်ပယ်ခြင်းကို ခံရမှာပဲ။ ဒါကို ၂၀၁၂ ဇန်န၀ါရီလ အတွင်းမှာပဲ လုပ်ပါ။ ဖေဖော်ဝါရီလ ၅ရက် ကရင်အမျိုးသား အစည်းအရုံးနေ့မှာ အားလုံး သဘောတူ လက်မှတ် ရေးထိုးနိုင်အောင် အပြီးသတ် လုပ်ဆောင်ဖို့ လိုတယ်။ ဗမာစစ်တပ်နဲ့ ပူးပေါင်းထားတဲ့ ကရင် နယ်ခြားစောင့် တပ်ဖွဲ့တွေလည်း ရှိတယ်။ သူတို့လည်း ကရင်တွေပဲ။ ဒီဆွေးနွေး ပွဲကြီးမှာ သူတို့ကို လေ့လာ သူများအဖြစ် ဖိတ်ကြားရမယ်။ အခုချိန်မှာ ကရင် နယ်ခြားစောင့် တပ်ဖွဲ့တွေလည်း လမ်းဆုံလမ်းခွ ရောက်သွားပြီး။ သူတို့သမိုင်း သူတို့ ဘယ်လို ရေးမလဲဆိုတာ အဆုံးအဖြတ် ပေးရမယ့် အချိန်ရောက်လာပြီး။ ပါဝင် ပူးပေါင်းမှု မလုပ်နိုင်ဘူး ဆိုရင်တော့ ကရင်ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို ပိုပြီး ထပ်ခံရဖို့ပဲ ရှိတယ်။ ဒီဆွေးနွေးပွဲကြီးဟာ ကရင် လူမျိုးတွေရဲ့ အနာဂတ် ကံကြမ္မာကို ဖန်တီးမယ့် ဆွေးနွေးပွဲပဲ။ 

စောသစ္စာထူး။ ။ ကရင် လက်နက်ကိုင်တပ်ဖွဲ့ အားလုံးမှာ ဘယ်သူတွေ တွေ့ကြရင် အကျိုးများ နိုင်မလဲ။
စောဘဦီးကြီး။ ။တချို့ နိုင်ငံရေး စစ်ရေး ခေါင်းဆောင်တွေဟာ အသက်ကြီးလာ လေလေ အာဏာမာန် ကြီးလာ လေလေပဲ။ ဥပမာ-KNU, DKBA, KPC ဒီခေါင်းဆောင်ကြီးတွေ တွေ့ကြရင် KNU ခေါင်းဆောင် တချို့က KPCခေါင်းဆောင်  ဗိုလ်ချုပ်ထိန်မောင်ကို သစ္စာဖောက်လို့ ပြောနိုင်တယ်။ ဗိုလ်ချုပ် ထိန်မောင်ကလည်း KNU ခေါင်းဆောင် တချို့ကို KNUကို ခုတုံးလုပ်ပြီး ကိုယ်ကျိုး အတ္တသမားလို့ ပြန်ပြောနိုင်တယ်။ သူ့ကို ကိုယ်အပြစ်မြင် ကိုယ့်ကို သူအပြစ်မြင်နဲ့ ဘယ်လိုမှ အကျိုးမရနိုင်တော့ဘူး။ ကရင့် တော်လှန်ရေးမှာ ငယ်ရွယ်တုန်းက ဆက်ဆံရေးတွေ အဆင်ပြေခဲ့ပေမယ့်လည်း အသက်ကြီးလာတော့ အာဏာ မာန်မာနတွေကြောင့် ကွဲသွားကြတဲ့အထိပဲ မဟုတ်လား။ ဘယ်လောက် ရင်နာဖို့ကောင်းလဲ။  ဒါကြောင့် လူကြီးတွေ တွေ့တာထက် လူငယ် ခေါင်းဆောင်တွေ တွေ့တာက ပိုအကျိုးများပါတယ်။ ဥပမာ-KNUမှာဆိုရင် ဗိုလ်မှူးစောလှငွေတို့လို DKBAမှာဆိုရင် ဗိုလ်မှူး စောဆန်းအောင်တို့လို KPCမှာဆိုရင် ဗိုလ်မှူးစောဝင်းတင်တို့လို လူငယ် ခေါင်းဆောင် တပ်မှူးတွေ ဆွေးနွေးရမယ်။ နောက်ထပ် ပါဝင်ရမယ့် သူတွေကတော့ ကရင့်တော်လှန်ရေးအပေါ် သစ္စာရှိတဲ့ ကရင်ပညာတတ် လူငယ်တွေပဲ။ ဥပမာ-နန့်ဇိုယာဖန်းတို့လို လူငယ်တွေ ပါဝင်ဆုံးဖြတ်ရမယ်။ ကရင့်တော်လှန်ရေးရဲ့ အနာဂတ်ဟာ ဒီလူငယ်တွေရဲ့ လက်ထဲမှာ ရှိတယ်။ လူကြီးတွေကတော့ ၀န်းရံပေးဖို့ပဲ။ ဒီဆွေးနွေးပွဲမှာ ကရင် တပ်မတော်ကို တခုတည်း ဖြစ်အောင် ပြန်လုပ်ရမယ်။ ဥပမာ KULA(Karen Unity and liberation Army) ကရင် ညီညွတ်ရေး နှင့် လွတ်မြောက်ရေး တပ်မတော်ကို ဖွဲ့စည်းရမယ်။  ဒီတပ်မတော်မှာ မူဝါဒ ၃ခု ချမှတ်ရမယ်။
၁။ ဒီမိုကရေစီ တပ်မတော် ဖြစ်ရမည်။
၂။ ခေတ်မှီလက်နက်ကိုင် တပ်မတော် ဖြစ်ရမည်။
၃။ ကရင်လူထုအပေါ် သစ္စာရှိရမည်။
အခုချိန်မှာ ဒီဆွေးနွေးပွဲကို မဖြစ်ဖြစ်အောင် လုပ်ရတော့မယ်။ ဒီဆွေးနွေးပွဲ မဖြစ်အောင် စစ် အာဏာရှင်တွေက နည်းမျိုးစုံနဲ့ ဖျက်စီးလိမ့်မယ်။ ဘယ်လိုပဲ ဖျက်ဖျက် မဖြစ်ဖြစ်အောင် ဒီဆွေးနွေးပွဲကို လုပ်ရမယ်။ ဒါဟာ ကရင်လူမျိုးတွေရဲ့ အနာဂတ် ကံကြမ္မာပဲ။ ခုချိန်မှာ အိပ်လို့ မအားအောင် ဆွေးနွေးရမယ့် အချိန်၊ အသက်ရှူလို့ မအားအောင် ဆွေးနွေးရမယ့် အချိန်ပဲ။ “ ညီညွတ်မှု တစ်လမ်း နောက်ကျသွားရင် တစ်သက်လုံး ကျွန်ဖြစ်သွားနိုင်တယ်။”

စောသစ္စာထူး။ ။ခုချိန်မှာ ကရင့်တော်လှန်ရေးကို ကရင်ပြည်သူတွေက ဘယ်လို မြင်ချင်သလဲ။
စောဘဦီးကြီး။ ။ ပြည်တွင်း ပြည်ပ ကရင်ပြည်သူတွေက ကရင့်တော်လှန်ရေးမှာ ကရင်အချင်းချင်း ပြန်တိုက်ကြတာကို မမြင်ချင်ဆုံးအရာပဲ။ စစ်အာဏာရှင်တွေက KNUကို တိုက်လို့ အမြစ်ပြတ်သွားရင် DKBAနဲ့ KPCတို့လည်း အမြစ်ပြုတ် ထွက်သွားမယ်။ DKBAကို တိုက်လို့ အမြစ်ပြတ်သွားရင် KNUနဲ့ KPCတို့လည်း အမြစ် ပြုတ်ထွက်သွားမယ်။ KPCကို တိုက်လို့ အမြစ်ပြတ် ထွက်သွားရင် KNUနဲ့ DKBAတို့လည်း အမြစ်ပြုတ် ထွက်သွားမယ်။ ဒါကို ကရင်ပြည်သူတွေ ကောင်းကောင်း သဘောပေါက်တယ်။ ဒါကြောင့် ကရင့်တော်လှန်ရေးမှာ ကရင် လက်နက်ကိုင် တပ်ဖွဲ့အားလုံး ပြန်လည် ပေါင်းစည်းပြီး တခုတည်းသော ကရင့် တပ်မတော်ကို ဖွဲ့စည်းနိုင်ဖို့ဟာ ကရင်ပြည်သူတွေ အမြင်ချင်ဆုံး အရာပဲ။ 

စောသစ္စာထူး။ ။ KNUခေါင်းဆောင်တွေကို အဖူး စောဘဦးကြီး အပြောချင်ဆုံး စကားက ဘာလဲ။
စောဘဦီးကြီး။ ။ဗမာပြည်မှာ လွတ်လပ်ရေး မရခင်တုန်းက ဗမာတွေနဲ့ နိုင်ငံရေး စကားပြောမယ် ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြောရတယ်။ လွတ်လပ်ရေးရပြီး ယခုလက်ရှိ အချိန်မှာ ဗမာတွေနဲ့ နိုင်ငံရေး စကား ပြောမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောရတယ်။ ဗမာ စစ်အာဏာရှင်တွေနဲ့ နိုင်ငံရေး စကား ပြောမရလို့ ပြည်တွင်း စစ်ကြီး နှစ်ပေါင်း ၆၀ကျော်က သက်သေပြ သွားခဲ့ပြီး။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀)ကျော်က ကရင့် တော်လှန်ရေးဟာ သွေးပူ လေ့ကျင့်ခန်းပါ။ အခုချိန်မှာ KNU ခေါင်းဆောင်တွေကို အဖူး အပြောချင်ဆုံး စကားက”ကရင့် တော်လှန်ရေးဟာ အခုမှ အစပဲ ရှိသေးတယ်။” လို့ ပြောချင်တယ်။

စောသစ္စာထူး။ ။ တချို့KNU ခေါင်းဆောင်နဲ့ တချို့ ကရင်လူငယ်တွေက အဖူးစောဘဦးကြီးရဲ့ မူ (၄)ချက်ဟာ ခေတ်မမှီ တော့ဘူးလို့ ပြောကြတယ်။ ဒါကို အဖူးဘယ်လို ပြောမလဲ။
စောဘဦးကြီး။ ။ သိပ်ကောင်းတဲ့ မေးခွန်းပဲကွာ။ ဒီလိုကောင်းတဲ့ မေးခွန်းတွေကို မေးနိုင်တဲ့အတွက် စောသစ္စာထူးကို အဖူးအရမ်း လေးစားသွားပြီး။ ကျေးဇူးလည်း အထူးတင်တယ်။ အဖူး ချမှတ်ခဲ့တဲ့ မူ (၄)ချက်ကို ပြန်ကြည့်လိုက်  -- လောလောဆယ် ၂ချက်ပဲ အရင် ထောက်ပြမယ်။ ကရင့်လက်နက် ကရင့် လက်ထဲ မရှိရင်၊ ကရင့်ကံကြမ္မာ ကရင် ဖန်တီးခွင့် မရှိရင် ကရင်ကျွန် ဖြစ်တာက လွဲပြီး တခြား ဖြစ်စရာ မရှိဘူး။ သခင်ဆိုတာ ထည့်တောင် စဉ်းစားလို့ မရတော့ဘူး။ အဖူးရဲ့ မူ (၄)ချက်ကို ခေတ်မမှီတော့ဘူးလို့ ပြောတဲ့ သူတွေဟာ -----
၁။ အကြမ်းဖက် စစ်အာဏာရှင်တွေ
၂။ စိတ်ဓါတ်ပျော့ညံ့တဲ့ ကရင့်တော်လှန်ရေးသမားတွေ
၃။ နိုင်ငံရေး အမြင်အားနည်းသေးတဲ့ ကရင်လူငယ်တွေ
၎။ ကျွန်စိတ်ရှိနေသေးတဲ့ ကရင်တွေ
၅။ အကြမ်းဖက် စစ်အာဏာရှင်တွေရဲ့ မှိုင်းတိုက်မှုကို ခံလိုက်ရတဲ့ ကရင်တွေပဲ။
ဒါကြောင့် တချို့ KNUခေါင်းဆောင်တွေနဲ့ ကရင် လူငယ်တွေကို အဖူး ပြောချင်တာက ကိုယ့်ကိုယ်ကို ပြန်စစ်ကြပါ။ ငါဟာ ဘယ်အချက်ထဲမှာ ပါနေလဲ။ ပါနေရင် ဆွဲနှုတ်ပစ်လိုက်ပါ။ ဒီမူ (၄)ချက် မရှိခဲ့လို့ အဖူးတို့ ကရင်လူမျိုးတွေ တရုတ်နိုင်ငံ တိဘက်မြေကို အပြီးအပိုင် စွန့်လွတ်ခဲ့ရတယ် မဟုတ်လား။ အဲဒီ အချိန်တုန်းက ဒီမူ (၄)ချက်သာ ရှိခဲ့မယ်ဆိုရင် တိဘက် လူမျိုးတွေနဲ့ ပေါင်းပြီး တရုတ်တွေကို ပြန်တော်လှန်မှာ အသေအချာပဲ။ ဒီသမိုင်းကြောင့်ပဲ ဒီမူ (၄)ချက်ကို အဖူး ချမှတ်ခဲ့တာပါ။ ဒီမူ (၄)ချက်ကို မချမှတ်ခဲ့ဘူးဆိုရင် ဗမာတွေ တိုက်ထုတ်လို့ ဗမာပြည်မှာ ကရင် လူမျိုးတောင် ရှိတော့မှာ မဟုတ်ဘူး။ နောင်ဆိုရင် "ကရင် လူမျိုးတွေကို ပြတိုက်မှာပဲ တွေ့ရမယ်"လို့ ဗမာစစ် အာဏာရှင်တွေ ပြောခဲ့တယ် မဟုတ်လား။ ဒီစကားကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်  မြပတိုင်ကျေးရွာ ကရင် လူထုတွေကို ဗိုလ်ချုပ်မောင်လှ ကိုယ်တိုင် ထုတ်ဖော် ကြေညာခဲ့တယ်။ မြပတိုင်ကျေးရွာမှ ကရင်ပြည်သူတွေနဲ့ စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့က အခိုင်အမာဆုံးသော သက်သေတွေပါပဲ။ အခုလည်း ကြည့်လေ ကရင်လူမျိုးတွေ ဗမာပြည်ကနေ အများကြီး ထွက်ပြေးကြပြီ မဟုတ်လား။ ဒီမူ (၄)ချက်ကို ကရင့် အာဇာနည် တော်လှန်ရေး သမားတွေ ဆုပ်ကိုင်ထားလို့ အခုချိန်ထိ ဗမာပြည်မှာ ကရင်လူမျိုးတွေ ရှိနေတုန်းပဲပေါ့။ ဒါကြောင့် အဖူးရဲ့ မူဝါဒကို ခေတ် မမှီတော့ ဘူးလို့ ပြောကြတဲ့ တချို့ KNU ခေါင်းဆောင်တွေနဲ့ တချို့ ကရင် လူငယ်တွေကို အဖူးက မေးခွန်းတခု မေးချင်တယ်။
 “တရုတ်နိုင်ငံ တိဘက်မြေမှာ ကရင်လူမျိုးတွေ ရှိသေးလား”
အတိတ်သမိုင်းကို ထင်ထင်ရှားရှား ပြန်မြင်သွားရင် အဖူးရဲ့ မူ (၄)ချက်ဟာ ခေတ်မှီတုန်းပဲလို့ ပြန်ပြီး လက်ခံသွားမယ်။

စောသစ္စာထူး။ ။ KNUနဲ့ ဦးသိန်းစိန်တို့ အဖွဲ့ ထပ်တွေ့ဖို့ ရှိသေးတယ်။ KNUကို အဖူး ဘာမှာချင်သလဲ။
စောဘဦီးကြီး။ ။ နောက်ထပ်တွေ့မယ့် ပွဲမှာ KNUကို ဗမာ ပြည်ထောင်စုကနေ ခွဲမထွက်ဖို့ လက်မှတ် ထိုးခိုင်းမယ်။ ကရင်တွေ ဗမာပြည်ထောင်စုကနေ ခွဲထွက် မခွဲထွက်ဆိုတာ KNU,DKBA, KPCတို့ ဆုံးဖြတ်ရမယ့် အလုပ်မဟုတ်ဘူး။ ပြည်တွင်း ပြည်ပမှာ ရှိကြတဲ့ ကရင်ပြည်သူ တရပ်လုံး ဆုံးဖြတ်ရမယ့် အလုပ်ပါ။ အနာဂတ် ဗမာ့နိုင်ငံရေးကို အဆုံးအဖြတ် ပေးနိုင်တဲ့ သူဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရရင် ပြန်မလာနဲ့လို့ပဲ မှာချင်တယ်။ 
 စောသစ္စာထူး (USK, United States of Karen) မှ တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။

Wednesday, January 25, 2012

ကရင်အမျိုးသားအစည်းအရုံး(KNU) ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အတွင်းရေးမှူး ပဒို စောဒေးဗစ်ထောအား ကရင်သတင်းဌာန(KIC)နှင့် ဘီဘီစီတို့၏ သွားရောက် တွေ့ဆုံ မေးမြန်းထားချက်

တွေ့ဆုံမေးမြန်းချက်

Submitted by on Tuesday, 24 January 2012--
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ဟော်တယ်ခမ်းမ၌ မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ၀န်ကြီးများနှင့် ဇန်န၀ါရီလ ၁၂ရက်နေ့က အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည့်အပေါ် ခရီးစဉ်အပြီးတွင် ကိုယ်တိုင် ပါဝင် သွားရောက်ခဲ့သူ ကရင်အမျိုးသားအစည်းအရုံး(KNU) ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အတွင်းရေးမှူး ပဒို စောဒေးဗစ်ထောအား ကရင်သတင်းဌာန(KIC)နှင့် ဘီဘီစီတို့၏ သွားရောက် တွေ့ဆုံ မေးမြန်းထားချက် ဖြစ်ပါတယ်။
စောဒေးဗစ်ထော ။ ။ ကျနော်တို့ သွားဆွေးနွေးတာကတော့ သူတို့(အစိုးရ)အပိုင်းမှာ အဓိကအားဖြင့် ငြိမ်းချမ်းရေးကို လုပ်ချင်တယ်။ အဲ့ဒါတော့ သူတို့ရဲ့ တင်ပြချက်ပဲ။ ကျနော်တို့ဘက်ကလည်း ဒီအပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ဖို့အတွက် အချက် ၁၁ချက်ကို တင်ပြတယ်။ ဒီ ၁၁ချက်တင်ပြတဲ့အပေါ်မှာ သူတို့(အစိုးရ)အနေနဲ့က မူအားဖြင့် ဒီ ၁၁ချက်လုံးကို လက်ခံတဲ့ အနေ အထားမျိုး ရောက်သွားတယ်။ ဒါ့အပြင် ဆက်ပြီးတော့ နောက်ထပ် လိုအပ်လို့ရှိရင်လည်း ဆက်ဖြည့်နိုင်ဖို့အတွက် အခန်းတစ် ခန်းကို ထပ် ဖြည့်ထားပေးတယ်။

မေး။
ဟုတ်ကဲ့။ ဒီလက်မှတ်ထိုးခဲ့တဲ့ အချက်က ၄ချက်ပေါ့နော်။ ဒီလက်မှတ်ထိုးခဲ့တဲ့အပေါ်မှာ အခု ကေအဲန်ယူကနေပြီးတော့ အပစ် အခတ် ရပ်စဲလိုက်ပြီဆိုတော့ အခုမြန်မာဘက်အခြမ်းမှာ ကေအဲန်ယူရဲ့ အရင်နယ်မြေတွေကို သူတို့ဘယ်နေရာတွေကို သူတို့ သတ်မှတ်ပေးလဲ။ ကိုယ်ကကော ဘယ်နေရာတွေ ပါဝင်မလဲ။
ဖြေ။
ကျနော်တို့ ဒီနယ်မြေတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ မဆွေးနွေးသေးပါဘူး။ လောလောဆယ် ဒီအပစ်ရပ်ဖို့ပဲ ဆွေးနွေး တယ်ဆိုတဲ့အတွက်ကြောင့် ၄၅ရက်အတွင်းမှာ ဒီကိစ္စတွေကို ဆက်လက် ဆွေးနွေးသွားဖို့အတွက် ရှိပါတယ်။ ၄၅ရက်ဆိုတာ က အချိန်အကြာဆုံးကိုပြောတာ။ ဒါထက်စောရင်လည်း ဒါထက်စောစော ကျနော်တို့ ဆွေးနွေးဖို့လည်း အကြောင်းရှိပါတယ်။
မေး။
ဒါဆိုရင် လောလောဆယ် ကေအဲန်ယူရဲ့ တပ်တွေနဲ့ ကေအဲန်ယူရဲ့မိသားစုတွေက ဘယ်မှာနေမှာလဲ။
ဖြေ။
အခု အနေအထားကတော့ သူတို့လက်ရှိနေတဲ့အတိုင်းပဲ နေနေကြဖို့ ကျနော်တို့ ဒီသဘောထားပဲ ရှိပါတယ်။ အခုက အပစ်ရပ် တဲ့ကိစ္စကိုပဲ ကျနော်တို့ လက်ရှိ လုပ်ပါတယ်။
မေး။
အဲ့ဒီတော့ ဒီနေရာချတယ်ဆိုရင် ဘယ်နေရာတွေကို ကေအဲန်ယူဘက်က တောင်းဖို့ရှိပါသလဲ။
ဖြေ။
အဲဒီအပိုင်းမှာကျတော့ ကျနော်တို့အနေနဲ့ ဒီတပ်မဟာ ခရိုင်တွေဘက်ခြမ်းမှာပဲ အခြေခံပါတယ်။ တပ်မဟာ၊ ခရိုင်တွေကနေပြီး တော့ သူတို့အနေနဲ့ ကျနော်တို့ နောက်တကြိမ် သွားဆွေးနွေးနိုင်ဖို့ အတွက် သူတို့အနေနဲ့ ပါဝင်ပြီးတော့ အချက်အလက်တွေ ပေးဖို့လိုပါတယ်။
မေး။
အဲဒီမှာ ပဒိုတို့ရဲ့ အချက်အလက်တွေက ဘယ်လိုအချက်လက်တွေ ဖြစ်ဖို့လိုပါသလဲ။
ဖြေ။
အချက်အလက်ဆိုတာက သူတို့တွေက ဒေသခံတွေဖြစ်တဲ့အတွက်ကြောင့် ဒေသခံတွေရဲ့ ပြောပြချက်တွေကိုပဲ ကျနော်တို့က အကောင်အထည်ဖော်ပေးမှာ ဖြစ်တယ်။
မေး။
အဲတော့ ဒုက္ခသည်စခန်းတွေကို ဒီမြန်မာဘက်ကိုရွှေ့ဘို့ အနေအထားတွေ အဲ့ဒါတွေကော ဆွေးနွေးဖြစ်သေးလား။
ဖြေ။
ကျနော်တို့ဆွေးနွေးတဲ့အထဲမှာ အဓိကကတော့ ဒီပြည်တွင်း အိုးမဲ့အိမ်မဲ့၊ နေရာမဲ့တဲ့သူတွေကိစ္စကိုပဲ စတင် ကိုင်တွယ်မှာ ဖြစ် တယ်။ ဒုက္ခသည်(စခန်းတွင်း)ကိစ္စကတော့ နောက်မှပဲ တဖြည်းဖြည်းနဲ့ စီစဉ်မယ်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းဒုက္ခသည် (IDP) တွေက စားရေး၊ သောက်ရေး၊ လုံခြုံရေးတွေမှာ တော်တော်လေး ပြဿနာရှိတယ်။ ဒုက္ခသည်တွေက အတိုင်းအတာ တစ်ခုထိတော့ လုံခြုံတယ်လို့ပြောလို့ ရပါတယ်။
မေး။
အဲ့ဒီတော့ ဒုက္ခသည်စခန်းတွေကို ဘယ်တော့လောက် ရွှေ့ဖြစ်မယ်လို့ ထင်လဲ။
ဖြေ။
ဒီဟာကတော့ ဒီဆွေးနွေးပွဲအပေါ် မူတည်ပြီးတော့ ကျနော်တို့ရဲ့ အကောင်ထည်ဖေါ်မှုအပေါ်မှာ တဦးနဲ့တဦး ယုံကြည်ပြီ၊ စိတ် ချပြီ။ လူထုတွေကလည်း သူတို့တွေရဲ့ ဘဝအာမခံချက်တွေ ရှိပြီဆိုရင်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ဆက်ပြီး ဆွေး နွေးသွားပါမယ်။
မေး။
ဟုတ်ကဲ့ ပဒို ခုနကပြောတဲ့ ဒီ၄၅ရက်အတွင်းမှာ ဒီနေရာချရေးတွေ ဆွေးနွေးမယ်ဆိုတော့ ဘာတွေဆွေးနွေးမှာလဲ။ ဟိုဘက် (အစိုးရဘက်)ကကော အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေ ပြောလာတာရှိလဲ။
ဖြေ။
ကျနော်တို့ဘက်က အဓိက တိုင်ပင်တာကတော့ ပြည်တွင်းဒုက္ခသည်ကိစ္စ ဖြစ်တယ်။ ပြည်တွင်းဒုက္ခသည်တွေက တကယ်ကို အဓိကကျတဲ့ ကိစ္စဖြစ်တယ်။ ပြည်တွင်းဒုက္ခသည်တွေမှာ သူတို့ကျေးရွာတွေကို ပြန်နိုင်ဖို့ လိုအပ်တယ်။ ကျေးရွာကိုပြန်နိုင်ဖို့က သူတို့ ကျေးရွာတွေမှာ မြေမြှုပ်မိုင်းတွေ ရှိခဲ့လို့ရှိရင်လည်းပဲ အမှတ်အသား လုပ်ပေးတာပဲဖြစ်ဖြစ်၊ ဖော်ထုတ်ပေးတာပဲဖြစ်ဖြစ်၊ သူတို့ လုပ်ကိုင် စားသောက်တဲ့ နေရာတွေမှာလည်း ထို့နည်းတူပဲ ဒီလိုအနေအထားမျိုး ရှိခဲ့လိုရှိရင် သူတို့အနေနဲ့ ယုံကြည်စိတ် ချစွာနဲ့ ပြန်နိုင်ဖို့တော့ လိုအပ်ပါတယ်။ တစ်ဆက်တည်းမှာ ကျနော်တို့အနေနဲ့က ပြည်တွင်းဒုက္ခသည်တွေအတွက်ကို နိုင်ငံတ ကာအနေနဲ့ ဘယ်လိုအကူညီပေးမလဲဆိုတာကိုကော ကျနော်တို့အနေနဲ့ စဉ်းစားဖို့ ရှိပါတယ်။ ပြည်တွင်းဒုက္ခသည်တွေမှာ ဘယ်သူမှ ထိထိရောက်ရောက် ကူညီတာမရှိတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ဒီဟာတွေကို အသေးစိတ်ဆွေးနွေးဖို့ ရှိတဲ့အ ပြင် ကျနော်တို့ ဒီမှတ်ပုံတင်ပေါ့လေ နိုင်ငံသားဆိုတဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ကျနော်တို့ ဒီနယ်စပ်မှာ ရှိနေ တဲ့သူတွေ တစ်လျှောက်လုံးက ဒီနိုင်ငံသားနဲ့ ပတ်သက်ပြီးတော့ သူတို့မှာ နိုင်ငံသားကဒ်ပြား မရှိတဲ့အတွက်ကြောင့် သူတို့မှာ နိုင်ငံသား အခွင့်အရေးတစ်ရပ် ဆုံးရှုံးနေတယ်လို့ တွေ့ရပါတယ်။ ဒီအရာတွေကိုလည်း လုပ်ကိုင်ဖို့အတွက် ကျနော်တို့ ဆွေး နွေးခဲ့တာ ရှိပါတယ်။
မေး။
အခုအကြိမ်မှာ အဲမှာ သွားဆွေးနွေးတဲ့အပေါ်မှာ ဘယ်လိုလုပ် ကေအဲန်ယူရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အနေနဲ့ပေါ့ အစိုးရရဲ့
Agreement အပေါ်မှာ ဘယ်လိုပုံစံမျိုး ခံစားရပါသလဲ။ အဲဒီအပေါ်မှာကော နောက်ထပ်ဖြစ်လာမဲ့ အကျိုးဆက်တွေနဲ့ ပတ် သက်ပြီး ဘယ်လိုမျှော်လင့်သလဲ။
ဖြေ။
ကျနော်တို့ အဓိက ဆွေးနွေးကြတာကတော့ ကရင်ပြည်နယ် ဖားအံမြို့မှာ ဆွေးနွေးတယ်။ အဲဒီဆွေးနွေးတဲ့အချိန်မှာ ကျနော် တို့အတွက် ဆက်စပ်နယ်မြေဖြစ်နေတဲ့ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်က စစ်တပ်ဘက်က အုပ်ချုပ်သူတွေ ဖိတ်ကြား ထားပေးတာရှိတယ်။ ပြည်ထောင်စုဝန်ကြီးအဖွဲ့တွေမက အဲဒီလူတွေရဲ့ရှေ့မှာ ဆွေးနွေးခွင့်ရတယ်။ ကျနော်တို့ ဘာတွေ သဘောတူထားလဲဆိုတာလည်း အဲဒီလူတွေ သိသွားရတယ်။ စစ်တပ်ဘက်ကဆိုရင် အထူးသဖြင့် တာဝန်ရှိ တစ်ယောက်ပါ တယ်။ အဲဒါပြီးတော့ မွန်ပြည်နယ်၊ မော်လမြိုင် ဝန်ကြီးချုပ်နဲ့လည်း ကျနော်တို့ သဘောတူညီထားတဲ့ အချက်တွေကိုလည်း ရှင်းပြတယ်။ သူတို့ဘက်ကလည်း လိုအပ်တဲ့ အကူညီတွေကိုပေးဖို့ သဘောထားရှိပါတယ်။ ထို့အတူ ပဲခူးတိုင်း ဝန်ကြီးချုပ် ကိုယ်တိုင်ကလည်း ပဲခူးတိုင်းနဲ့ ဆက်စပ်နေတဲ့ ညောင်လေးပင်မြို့နဲ့ တောင်ငူမြို့ ကိစ္စကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျနော်တို့ နေပြည်တော်ကိုလည်း ရောက်ပါတယ်။ နေပြည်တော်မှာတော့ ကျနော်တို့ကို ဒုသမ္မတ စိုင်းမောက်ခမ်းကနေပြီး တော့ ညစာနဲ့ဧည့်ခံတယ်၊ ဝမ်းပမ်းတသာနဲ့ကြိုဆိုတယ်။ နောက်ပြီးတော့ ကျနော်တို့လက်ထဲကိုလည်း အပစ်ရပ်ဘို့အတွက် နိုင်ငံတော်အစိုးရကနေပြီးတော့ တပ်တွေကို ညွှန်ကြားတဲ့စာကိုလည်း ရခဲ့ပါတယ်။ ဒီဟာတွေကိုကြည့်မယ်ဆို အားရဖွယ်ရာ ဖြစ်တယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။
မေး။
အတီးတို့ ဒီလက်မှတ်ရေးထိုးတဲ့ ၁၂ရက်နဲ့ မရှေးမနှောင်းမှာပဲ သမ္မတကနေ အကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတော့ အတီးတို့ ဆွေးနွေးတဲ့အထဲမှာ အကျဉ်းသားကိစ္စတွေနဲ့ ပတ်သက်ပြီး ဆက်စပ်ပြီးတော့ ဆွေးနွေးတာများ ရှိသလား။
ဖြေ။
ကျနော်တို့ တောင်းဆိုချက်ထဲမှာ ဒီအကျဉ်းသား လွတ်မြောက်ရေးဆိုတာလည်း ပါပါတယ်။ ဒါပေမဲ့ ကျနော်တို့က နိုင်ငံရေးအ ကျဉ်းသားဆိုတာ ဝိဝါဒတွေ၊ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ အမျိုးမျိုး ရှိနေတဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ နိုင်ငံရေးပဲပြောပြော၊ ရာဇဝတ်လို့ဘဲပြောပြော ကျနော်တို့ မပြောတော့ဘဲနဲ့ အကျဉ်းသားလွတ်မြောက်ရေးကို တောင်းတဲ့အတွက်ကြောင့် မင်္ဂလာ သတင်းအားဖြင့် လက်မှတ်ရေးထိုးပြီး ၂နာရီကျော်အကြာမှာ နိုင်ငံတော်သမ္မတကနေပြီးတော့ လူ ၆၅၁ဦးကို လွှတ်ပေးလိုက်တယ် ဆိုတဲ့သတင်းကို ကြားသိရတာ တော်တော် ဝမ်းသာစရာကောင်ပါတယ်။
မေး။
အဲဒီအထဲမှာ ပဒိုမန်းငြိမ်းကောပါ ပါသလား။
ဖြေ။
ပဒိုမန်းငြိမ်းက စာရွက်စာတမ်းကိစ္စ ရှိတဲ့အတွက်ကြောင့် ကျနော်တို့ တစ်ပါတည်း ပြန်ခေါ်လာလို့ မရပါဘူး။ ဒါပေမဲ့ နိုင်ငံတော် သမ္မတကနေပြီးတော့ ပဒိုမန်းငြိမ်းကို လက်ဆောင်အဖြစ် ပေးလိုက်မယ်ဆိုတဲ့ ကတိကို ပေးထားပါတယ်။
မေး။
အဲဒီတော့ ဘယ်တော့လောက် ရောက်မယ်လို့ ထင်ပါသလဲ။
ဖြေ။
အဲဒါက စာရွက်စာတမ်း ကိစ္စဆိုတော့၊ သူတို့ အကျဉ်းဦးစီးဌာနရယ်၊ တရားရုံးကိစ္စတွေပြီးရင်တော့ သူတို့ အကြောင်းကြားလာ ပါလိမ့်မယ်။ သူ့မိသားစုလည်း ဝမ်းသာမှာပါ။
မေး။
အတီးတို့ ခရီးစဉ်မဆုံးခင် ဝေဖန်မှုတွေ အမျိုးမျိုး ရှိနေတာပေါ့နော်။ အချို့က လက်မှတ်ရေးထိုးမှုက စောလွန်းတယ်လို့ ပြော ကြတယ်ပေါ့နော်။ ဒီအပေါ်မှာ အတီးအနေနဲ့ ဘယ်လိုများ ပြောချင်ပါသလဲ။
ဖြေ။
ကျနော်တို့အနေနဲ့က ဒီအပစ်ခတ်ရပ်စဲရေးက ထာဝရငြိမ်းချမ်းရေးကို သွားမယ်ဆိုရင် ဒါဟာ မရှိမဖြစ်လိုအပ်တဲ့ ကိစ္စဖြစ်တယ်။ ကျနော်တို့သွားတဲ့ အဖွဲ့ဝင်အားလုံးကို အစည်းအဝေး ထိုင်ပါတယ်။ အစည်းဝေးထိုင်ပြီးတော့ ကျနော်တို့ တောင်းဆိုချက် ၁၁ ချက်ကိုလည်း ရတယ်ဆိုတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ ၁၁ချက်မှာ ဆက်ဆွေးနွေးစရာတွေ ရှိလာတယ်။ တစ်ဘက်က လည်း ဒီ ၁၁ချက်ကို ဆက်ဆွေးနွေးဖို့ တစ်ခုမှ မငြင်းပယ်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ အပစ်ခတ်ရပ်စဲကို ပထမဆုံး လုပ်ဖို့အတွက် ကျနော်တို့ လက်မှတ်ထိုးခြင်းဖြစ်ပါတယ်။
မေး။
ဟုတ်ကဲ့။ အဲဒီမှာ အတီးတို့ သွားတဲ့အထဲမှာ တပ်မဟာမှူးဆိုလို့ ဗိုလ်မှူးချုပ်ဂျော်နီတစ်ယောက်ပဲ ပါတယ်ပေါ့နော်။ အဲတော့ တခြားတပ်မဟာမှူးတွေကကော ဘာကြောင့် မလိုက်သွားတာလဲ။ ပြီးတော့ တခြားခရိုင်ဥက္ကဌတွေကော ဘာကြောင့်မလိုက် ဖြစ်တာလဲ။
ဖြေ။
ကျနော်တို့ တပ်မဟာ(၄)၊ တပ်မဟာ(၆)တို့မှာဆိုရင်တော့ တပ်မဟာမှူးထက် ခရိုင်ဥက္ကဌ ပြီးရင်ပြီးတယ်ဆိုတဲ့ သဘောထားရှိ ပါတယ်။ ကျနော်တို့ ဖွဲ့စည်းပုံအရ ခရိုင်ဥက္ကဌတွေက အာဏာအမြင့်ဆုံးပဲ။ တပ်မဟာမှူးတွေက ဒုခရိုင်ဥက္ကဌပဲဖြစ်တဲ့အတွက် ကြောင့် သူတို့က အာဏာကုန် လွှဲပေးတဲ့သဘော ဖြစ်ပါတယ်။
မေး။
နောက်တခုက တပ်မဟာ(၅)က ဘယ်သူမှ မသွားတဲ့ ကိစ္စက ဘာကြောင့်များပါလဲ။
ဖြေ။
ကျနော်ထင်တယ်။ သူတို့ဆီမှာ အခက်အခဲရှိမယ်လို့ ကျနော်ထင်တယ်။ သွားဖို့လည်း ကျနော်တို့ အကြောင်းကြားပါတယ်။ သွားဖို့ အခက်ခဲရှိလို့ မသွားနိုင်တာပါ။

ပဒိုမန်းငြိမ်းမောင် လွတ်မြောက်လာရန် KNU မှ ထပ်မံတောင်းဆိုသွားမည်

Submitted by on Tuesday, 24 January 2012--
ဇန်န၀ါရီလ ၂၄ရက်၊ ၂၀၁၂။ နန်းသူးလေ (ကေအိုင်စီ)
အစိုးရ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗဟိုကော်မတီ ၀င်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင် ပြန်လည်လွတ်မြောက်လာရေးအတွက် ဆက်လက် တောင်းဆိုသွားမည်ဟု KNU က ပြောသည်။
KNU ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောက “သူ လွတ်မြောက်ဖို့အတွက် တော့ အစိုးရနဲ့ နောက်တကြိမ် ထပ်တွေ့တဲ့အခါမှာ တောင်းဆိုသွားမှာပါ”ဟု ပြောသည်။
လက်ရှိအခြေအနေတွင် ပဒိုမန်းငြိမ်းမောင် အရေးကိစ္စ တိတိကျကျ မသိရှိရသေးသည့်အပြင် စီရင်ချက်ချမှုနှင့် ပတ်သက်၍ လည်း သေချာစွာ မသိရှိရသေးကြောင်း ပဒိုစောဒေးဗစ်ထောက ဆက်လက် ပြောဆိုသွားသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် KNU နှင့် အစိုးရ နှစ်ဘက်ကိုယ်စားလှယ်များ ပဏာမ ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်လာခဲ့သော် လည်း ပဒိုမန်းငြိမ်းမောင်မှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိခဲ့ပေ။
ထို့အပြင် ပဒိုမန်းငြိမ်းမောင် မလွတ်မြောက်သေးသည့်အတွက် အစိုးရနှင့် လက်မှတ်ထိုးပြီးနောက် ၄၅ရက်အတွင်း ထပ်မံ တွေ့ ဆုံမည့် ဆွေးနွေးပွဲတွင် ပဒိုမန်းငြိမ်းမောင်အရေး အပါအ၀င် တောင်းဆိုဆွေးနွေးမည့် အကြောင်းအရာများကို ပြင်ဆင်နေပြီဟု ပဒိုစောဒေးဗစ်ထောက ယခုလို ပြောသည်။
“အဖွဲ့အစည်းအတွက် အလုပ်လုပ်နေတဲ့သူပဲ တောင်းရမှာပေါ့။ သူနဲ့တင် မကပါဘူး။ တို့တွေကို ထမင်းကျွေးလို့ အဖမ်းခံရတဲ့ လူတွေ၊ အထုပ်ထမ်းလို့ အဖမ်းခံရတဲ့လူတွေ၊ ရေတိုက်လို့ အဖမ်းခံရတဲ့လူတွေပါ လွတ်အောင် တောင်းရလိမ့်မယ်”ဟု ပြော သည်။
လာမည့်အပတ်တွင် ပဒိုမန်းငြိမ်းမောင်အား ရုံးထုတ်စစ်ဆေးရာ၌ ရှေ့နေခေါ်ယူသွားပေးမည်ဟုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင်ဟောင်းဖြစ်သူ ကရင်အမျိုးသမီး နော်အုန်းလှကလည်း ယမန်နေ့က ကေအိုင်စီသို့ ပြောဆိုသွားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ ဇူလိုင်လ ၂၄ရက်နေ့က မဟာမိတ်အဖွဲ့အချို့နှင့် သွားရောက်တွေ့ဆုံရန် ထိုင်းနိုင်ငံမှတဆင့် တရုတ် နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ပျောက်ဆုံးသွားခဲ့သူ ပဒိုမန်းငြိမ်းမောင်သည် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခံရ ကာ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ စသည်ဖြင့် အင်းစိန်ထောင်တွင် ထောင်ဒဏ် ၁၇နှစ် အကျဉ်းကျခံနေရသည်။
ပဒိုမန်းငြိမ်းမောင်သည် ကရင်အမျိုးသားအစည်းအရုံး(KNU) တွင် ဗဟိုကော်မတီဝင်တဦးဖြစ်သည့်အပြင် KNU အပါအ၀င် တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွင် ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။

Monday, January 23, 2012

(မြန်မာအစိုးရနှင့် အပစ်ရပ်ဆိုင်းရေးအပေါ် ဇန်န၀ါရီလ ၂၁ရက်နေ့တွင် ကေအဲန်ယူမှ တပ်မဟာ(၇)နယ်မြေ၌ လူထုရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ရွှေ့ပြောင်းဆရာမ ဒေါ်စန္ဒာဝင်း မြန်မာပြည်ပြန်သွား

ဇန်န၀ါရီ ၂၂ရက်၊ ၂၀၁၂။ ရွှေသိုက်တော (ကေအိုင်စီ)
ဓာတ်ပုံ - KIC (မဲဆောက်မှတဆင့် မြ၀တီသို့ ပြန်သွားသည့် ဒေါ်စန္ဒာဝင်း)

မြန်မာအစိုးရ၏ ဖိတ်ခေါ်မှုကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်အခြေစိုက် ရွှေ့ပြောင်းမြန်မာပညာရေးဌာနမှ ဆရာမ ဒေါ်စန္ဒာဝင်းသည် ယနေ့ညနေပိုင်းက မဲဆောက်-မြ၀တီလမ်းကြောမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်သွားသည်။



ဒေါ်စန္ဒာဝင်းက “အစိုးရရဲ့ ဖိတ်ခေါ်မှုကြောင့် ကျမ ပြန်တာပါ။ မပြန်ခင် ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကိုလည်း အဆက်အ သွယ် လုပ်ခဲ့ပါတယ်။ အဓိက ကျမတို့မိသားစု ပြန်လည်ပေါင်းစည်းရေးအတွက် ပြန်တာပါ။ ဒီဘက်မှာရှိတဲ့ နိုင်ငံရေးအခြေအ နေတွေကိုတော့ လောလောဆယ် ဘာမှတ်ချက်မှ မပေးလိုပါဘူး။ မြန်မာနိုင်ငံထဲ ပြန်ရောက်မှပဲ နိုင်ငံရေးခံစားချက်တွေကို ပြောတော့မယ်။”ဟု ဆိုသည်။

ဒေါ်စန္ဒာဝင်းသည် မဲဆောက်ရှိ မြန်မာ့အရေး လုပ်ရှားသူများထဲတွင် ပထမဆုံး ပြန်တော်ပြန်သူဖြစ်ပြီး သူမပြန်မည့်အကြောင်း ကို လုပ်ဖေါ်ကိုင်ဘက်များအား ကြိုတင်အသိပေးခဲ့ပြီးနောက် ခင်ပွန်းသည်ဖြစ်သူ ဦးမြင့်ဦးက လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဒေါ်စန္ဒာဝင်းသည် မဲဆောက်တွင် မြန်မာနိုင်ငံ ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကော်မတီ CPPCR တွင် ရုံးအုပ် အဖြစ်လည်းကောင်း၊ မြန်မာရွှေ့ပြောင်းကျောင်းဆရာများအဖွဲ့ BMTA ၌ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ အမေ့အိမ်နှင့် လှည်းဘီးကျောင်းများတွင် ကျောင်းဆရာမအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ဒေါ်စန္ဒာဝင်း၏ လုပ်ဖော်ကိုင်ဘက်တဦးဖြစ်သည့် မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်က “သူမပြန်ခင် ကျမကိုပြောတာက အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲဝင်တော့မယ်။ မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးအရ ပြောင်းလဲမှုတွေရှိလာတဲ့အတွက် ပြန်တာလို့ ပြောပါတယ်။ ကျမအမြင်ကတော့ မြန်မာ့အရေး လုပ်မဲ့သူတွေဟာ သူတို့ ကျွမ်း ကျင်ရာဘာသာအလိုက် ဘယ်မှာပဲလုပ်လုပ် အခက်အခဲမရှိနိုင်ဘူးလို့ ထင်တယ်။”ဟု ပြောသည်။

ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မကွေးတိုင်း အမျိုးသမီးဥက္ကဌ ဒေါ်စန္ဒာဝင်းသည် ပြည်ပတွင် မြန်မာ့ဒီမိုကရေစီ ရရှိ ရေးအတွက် ပိုမို ဆောင်ရွက်နိုင်ရန် ထိုင်း-မြန်မာနယ်စပ်သို့ ၂၀၀၅ခုနှစ်က ထွက်လာခဲ့ပြီးနောက် ပညာရေးဌာနတွင် ၇နှစ်ခန့် လုပ်ကိုင်ပြီး ယနေ့တွင် ပြည်တော်ပြန်ခြင်းဖြစ်သည်။

သမတဦးသိန်းစိန်က ပြည်ပရောက် မြန်မာများကို ပြန်တော်ပြန်ရန် ဖိတ်ခေါ်ခဲ့ပြီးနောက် ၅လခန့်အကြာတွင် ထိုင်းနိုင်ငံအခြေ စိုက် မြန်မာ့အရေးလှုပ်ရှားသူများက မြန်မာသံရုံးနှင့်ဆက်သွယ်ကာ မြန်မာနိုင်ငံသို့ အပြီးအပိုင် ပြန်သွားသူများနှင့် ခေတ္တ ပြန် သွားသူများ အရေအတွက်မှာ ၁၅ဦးခန့်ရှိပြီး ဖြစ်သည်။

ထိရောက်မှုမရှိသော နိုင်ငံတော်သမ္မတဦးသိန်းစိန်၏အမိန့်

Author: ကိုးဒီသွေး | Posted at: 3:39 PM | Filed Under:
ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်က ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကို ဆက်လက်တိုက်ခိုက်နေသည်။

မြန်မာအစိုးရတပ်၏တိုက်ခိုက်မှုများသည် သမ္မတဦးသိန်စိန်က ၎င်း၏စစ်တပ်ကို တနိုင်ငံလုံးထိုးစစ်ရပ်တန့်ရန် ထပ်မံညွှန်ကြားပြီးနောက် ဖြစ်ပွားနေခြင်းလည်းဖြစ်သည်။

ယမန်နေ့ ဇန်န၀ါရီလ (၁၉) ရက်တွင် မြန်မာ-တရုတ် ရွှေ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းဖြတ်သန်းရာ ရှမ်းပြည်မြောက်ပိုင်း၌ KIA နှင့် မြန်မာအစိုးရတပ်ကြား ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

နမ့်တူ-မံတုံ-ကွတ်ခိုင် ရွှေပိုက်လိုင်းလမ်းကြောင်းရှိ KIA တပ်ရင်း (၈) သည် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံနေရသည်ဟု ပြောသည်။

သုံးနာရီကြာ မြန်မာအစိုးရတပ်က လက်နက်ကြီးပစ်ကူဖြင့် တိုက်ခိုက်သော်လည်း KIA တပ်ရင်း (၈) မံတုံစခန်းမှ ဆုတ်ခွာပေးရခြင်းမရှိဟု KIA အရာရှိများပြောသည်။

ရခိုင်ကမ်းခြေမှ တရုတ်ပြည် ကူမင်းသို့ဦးတည်မည့် ထိုရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းသည် KIA နယ်မြေများကို ဖြတ်ကျော်သွားမည်ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် မူလလျာထားသည့် လမ်းကြောင်းမှ ပြောင်းလဲရန် သီပေါမြို့တွင် မြောက်ဘက်သို့ ၉၀ ဒီဂရီ ရွှေ့ပြောင်းလိုက်ရာ ထိုပိုက်လိုင်းသည် မြောက်ဘက် KIA နယ်မြေများသို့ ဦးတည်လာသည်။

ယခင်လမ်းကြောင်းမှာ သီပေါမြို့အရှေ့ဘက်မှတဆင့် လာရှိုးမြို့ကိုဖြတ်သန်း၍ မြောက်ဘက် တရုတ်ပြည် ကူမင်းသို့ ဦးတည်၍ ထိုလမ်းကြောင်းတစ်လျှောက် KIA နယ်မြေ အနည်းငယ်သာပါဝင်သည်။

သဘောတူညီချက် မရရှိသေးသည့် ဆွေးနွေးပွဲ
တိုက်ပွဲဆက်နေချိန် ထိုနေ့၌ တရုတ်နိုင်ငံ ရွှေလီမြို့တွင် မြန်မာအစိုးရနှင့် KIO နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်ရန် ၂ ရက်ကြာတွေ့ဆုံမှုအပြီး တစုံတရာ သဘောတူညီချက်မရရှိဘဲ စစ်ရေး၊ နိုင်ငံရေး ဆက်လက်ညှိနှိုင်းသွားမည်ဟု အကျဉ်းချုံး ဖော်ပြထားသည်။

ထိရောက်မှုမဲ့ ဦးသိန်းစိန်၏ အမိန့်
လွန်ခဲ့သည့်လ ဒီဇင်ဘာလ ၁၀ ရက်နေ့နှင့် ပြီးခဲ့သည့်ရက်သတ္တပတ်က ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်က ထိုးစစ်ရပ်တန့်ကြောင်း နှစ်ကြိမ်တိုင်တိုင် ကြေညာခဲ့သည်။

သို့သော် မြန်မာအစိုးရတပ်က KIA နှင့် ကချင်ပြည်သူများအပေါ် ထိုးစစ်ဆင်နေဆဲဖြစ်သည်။  ဇန်န၀ါရီလ ၁၇ ရက်တွင် တစ်တိုင်းပြည်လုံး အပစ်ခတ်ရပ်ဆိုင်းကြောင်း ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီမှ သမ္မတ၏ညွှန်ကြားချက်ကို ပြင်သစ်သတင်းအေဂျင်စီ AFP ကို နေပြည်တော်၌ ရှင်းလင်းပြောဆိုခဲ့သေးသည်။

တမင်ရည်ရွယ်ခြင်းမဟုတ်ဘဲ အစိုးရတပ်သည် တစ်ဖက် ခုခံတိုက်ခိုက်သူများနှင့် ရင်ဆိုင်တွေ့ကြုံ နေရသဖြင့် တိုက်ပွဲများ ဆက်ဖြစ်ပွားနေရခြင်းဖြစ်သည်ဟု ရဲချုပ်ဟောင်း ၀န်ကြီးက AFP သို့ ရှင်းလင်းပြောဆိုသည်။

“အောက်ခြေအဆင့်မှာ တာဝန်အရ ကင်းလှည့်အတဲ့အချိန် မမျှော်လင့်ဘဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆုံတွေ့ကြတော့ ပစ်ခတ်ကြတာဖြစ်တယ်။ တခါတလကျတော့ အမိန့်(မပစ်နဲ့)တွေက အောက်ခြေအဆင့်ကို မရောက်နိုင်ဘူး” ဟု ဦးခင်ရီက AFP ကိုပြောသည်။

ရံဖန်ရံခါသာ ဖြစ်ပွားသည့် မမျှော်လင့်ဘဲဖြစ်ပွားရသည့်တိုက်ပွဲများသာဖြစ်သည်ဟု ၀န်ကြီးက ဆိုထားသည်။

ယမန်နေ့ ရှမ်းပြည်မြောက်ပိုင်းရှိ KIA ကိုတိုက်ခိုက်ရာ၌ ထိုသို့ လက်နက်ကြီးများအသုံးပြုပစ်ခတ်ရန် အတွက် မြန်မာအစိုးရတပ်ဗဟိုဌာနချုပ်မှ ခွင့်ပြုရသည်ဟု စစ်ရေးကျွမ်းကျင်သူများကပြောသည်။

သမ္မတဦးသိန်စိန်၏ ထိုးစစ်ရပ်တန့်ရန်ညွှန်ကြားချက်သည် နိုင်ငံတကာတွင် မျက်နှာပန်းလှစေရန် သာဖြစ်ပြီး ထိရောက်မှုမရှိသည်ကို ရှင်းရှင်းလင်းလင်း တွေ့ရသည်။

KIO လိုင်ဇာဌာနချုပ်ကို မြန်မာအစိုးရတပ် ၀န်းရံနေဆဲ
ရွှေလီတွေ့ဆုံပွဲ မ စတင်ခင် ဇန်န၀ါရီလ ၁၇ ရက် အင်္ဂါနေ့တွင် မြန်မာအစိုးရတပ် လက်နက်ကြီးများနှင့် သံချပ်ကာကားများ လိုင်ဇာဘက်သို့ ဦးတည်လာကြသည်။ ၎င်းတို့သည် လိုင်ဇာမှ မိုင် ၃၀ အကွာခန့်ရှိ ဂါးရာယန်တွင် စခန်းချနေကြသည်ဟု ၎င်းဒေသရှိ မျက်မြင်များပြောသည်။

ဇန်န၀ါရီလ ၁၅ ရက်တွင်လည်း စစ်ကား ၂၅ စီးပါမြန်မာအစိုးရစစ်ကြောင်းသည် လိုင်ဇာမှ ၁၀ မိုင်အကွာ ဒေါ့ဖုန်းယန်မြို့တွင် ရောက်ရှိနေသည်ဟု စစ်ရေးစောင့်ကြည့်သူများပြောသည်။

ထို့အပြင် ကချင်ပြည်နယ်အနောက်ဘက် KIA တပ်မဟာ ၂ ဌာနချုပ်တည်ရှိရာ ဟူးကောင်းဒေသ တနိုင်းဘက်သို့လည်း ဇန်န၀ါရီလ ၁၆ ရက်တွင် ကားအစီး ၄၀ ပါ မြန်မာအစိုးရစစ်ကြောင်း တစ်ခု ချီတက်သွားကြသည်ဟု မျက်မြင်များက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်က ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့်ရင်ဆိုင်ရာတွင် တပ်ရင်း ၁၆၀ ခန့် အသုံးပြုနေသည်ဟု KIO တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ လာနန် သုံးသပ်သည်။

KNU ကရင်အမျိုးသားအစည်းအရုံး နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ - အပိုင်း ၁ မှ ၆ (မှတ်တမ်း - Sky Net )

သမိုင်းဝင် ဗီဒီယိုမှတ်တမ်းလေးတွေပါ။ ၀န်ကြီး ဦးအောင်မင်းပြောတယ် "ကျနော်တို့ ဒီနေ့ လုပ်ဆောင်ချက်အားလုံးဟာ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထု သန်း ၆၀ ရဲ့ အောင်မြင်မှုပဲဖြစ်ပါတယ်" လို့ ပြောသွားပါတယ်။ မှန်တယ် မှားတယ်ဆိုတာ ပြောဖို့ စောပါသေးတယ်။ အချိန်က စကားပြောလာပါလိမ့်မည်။ လက်တွေ့ အကောင်အထည်ဖေါ်တဲ့မြင်ကွင်းတွေ ကို စောင့်ကြည့်ရပါအုံးမည်။
ချစ်သော ကရင်ညီနောင်များအားလုံး အခုချိန်မှာ အရေးကြီးဆုံး အရာက စည်းလုံးညီညွတ်မှုရှိဖို့  နှင့် စိတ်ရှည်သီးခံပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ တစ်ဦးကို တစ်ဦး ၀ိုင်းဝန်းဖေးမလျက် အတူတကွလက်တွဲဆောင်ရွက် ကြဖို့ တိုက်တွန်းလို ပါသည်။ တဖက်မှာလည်း ပြင်ဆင်သင့်တာတွေ ပြင်ဆင်ထားဖို့ လိုကြောင်း ထပ်ဆင့် တိုက်တွန်းလိုပါသည်။

ကွယ်ကလူမှပြန်လည်ရယူတင်ဆက်သည်။





ကေအဲန်ယူမှ ပြည်တွင်းပြည်ပ ကရင်အမျိုးသားများထံသို့ ပေးပို့ သော ကျေးဇူးတင် စာ

No_1_Acknowledgement_letter

ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဒေသခံလူထုကို ကေအန်ယူ ရှင်းလင်းပြောကြား




ဓာတ်ပုံသတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
ဇန်န၀ါရီ ၂၁ ရက်၊ ၂၀၁၂ ခုနှစ်

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ယခုလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာအစိုးရနှင့် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၇ မှူး ဗိုလ်မှူးချုပ် ဂျော်နီနှင့် ဘာအံခရိုင်ဥက္ကဌ ပဒိုအောင်မော်အေးတို့က လူထုထံသို့ ရှင်းလင်းပြောကြားခဲ့သည့် အခမ်းအနားတရပ်ကို ယနေ့ တပ်မဟာ ၇ တပ်စခန်းတခုတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံလူထု ၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ရှင်းလင်းပွဲသို့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုအားတိုးနှင့် ဗိုလ်မှူးရောဂျာခင်တို့ တက်ရောက်ခဲ့ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာနှင့် ပတ်သက်၍ ဒေသခံလူထု၏ မေးမြန်းချက်များကို ပြည်လည်ဖြေကြားပေးခဲ့သည်။

RFA Karen TV Program, Jan 3rd week, 2012

ဘဝအမောတွေ ပြေစေဖို့ (၁)

ချက်ကောင်းထိတယ်ဆိုတာ ဒါမျိုးထင်ပါ့

ယိစ်...... ဂျွမ်းဘားမယ်တွေ အကြောပျော့တာလောက်တော့ ပျင်းသနားတယ် ။

တော်လိုက်တဲ့ ကန်ထရိုက် ဗျာ  LoL

မျက်နှာချင်းဆိုင်ဆိုတာ ဒါမျိုးထင်ပါ့

အဆင်မပြေတော့လဲ .... အဆင်ပြေသလို ကြည့်လုပ်ရတာပေါ့

ကလေးတွေများ ငယ်ငယ်တည်းက မလွယ်ဘူး

ခပ်တည်တည်နဲ့ Faw နေတာ LoL

သူတို့ ဒေါသထွက်တာလဲ အထာကျတယ်နော် :)

ဖခင်မေတ္တာဆိုတာ ဒါမျိုးထင်ပါ့
သိနေပေမယ့်လဲ သမီးလေးကို ငဲ့ညာပြီး.....
ဘယ်ကောင်တွေ ပူပေါင်းကို ဘယ်လိုမှုတ်မှုတ် နာကတော့ နှာခေါင်းနဲ့ မှုတ်တယ်ကွာ !

ဒို့ အဆိုတော် ဒေါက်တာကြီး ငယ်ငယ်တုန်းက ဒီလိုပုံစံပဲ နေမယ်ထင်တယ်နော်


















ဘ၀အမောတွေ ပြေကြပါစေဗျာ....