Friday, November 18, 2011

ငြိမ်းချမ်းရေးအတွက် KNU နှင့် အစိုးရကိုယ်စားလှယ် ထပ်တွေ့မည်

 
ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရေးအတွက် ကရင် အမျိုးသား အစည်းအရုံး(KNU)နှင့် အစိုးရ ကိုယ်စားလှယ်များ ပဏာမထပ်မံတွေ့ဆုံမှုကို လာမည့် ၁၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့တွင် ပြုလုပ်မည်ဖြစ်သည်။
လက်ရှိ KNU ဗဟိုကော်မတီဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
ထို တွေ့ဆုံပွဲတွင် အစိုးရကိုယ်စားလှယ်အဖွဲ့ကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်မည်ဖြစ်ပြီး KNU ကိုယ်စားလှယ်အဖွဲ့တွင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ပဒိုဒေးဗစ်ထောနှင့် ပဒိုစောအားတိုး တို့ ပါဝင်မည်ဖြစ်ကြောင်း KNU က ပြောသည်။
KNU သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် နိုဝင်ဘာ ၁၀ ရက်က အဖွဲ့ဝင် ၇ ဦးပါရှိသည့် ပြည်တွင်း
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ကို ဖွဲ့ စည်းခဲ့သည်။
ယင်းအဖွဲ့သည် အစိုးရနှင့်တွေ့ဆုံမည့် KNU ကိုယ်စားလှယ်များကို ကြီးကြပ်မည်ဖြစ်ပြီး ဆွေးနွေးမည့် ကိုယ်စားလှယ်များကို လည်း ရွေးချယ်တာဝန်ပေးအပ်မည့် အဖွဲ့ဖြစ်သည်ဟု KNU ဒု ဥက္ကဌ ပဒို ဒေးဗစ် သာကဘော က ပြောပြသည်။
၎င်းက“အခုထပ်တွေ့တာ အလွတ်သဘော တွေ့တာပဲဖြစ်တယ်၊ တကယ် ဆွေးနွေးကြတဲ့အခါကျရင် KNU အနေနဲ့တပြည်လုံး အပစ်အခတ် ရပ်စဲရေး၊ တိုင်းရင်သားဒေသတွေမှာ ထိုးစစ် ရပ်ဆိုင်းရေးနဲ့၊ အပစ်အခတ် ရပ်စဲပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို သွားမယ့် တောင်းဆိုချက်တွေကို တောင်းဆိုသွားမှာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
နိုင်ငံရေး ဆွေးနွေးမှုများကိုလည်း KNU အပါအ၀င် အမာခံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ အပါအ၀င် ဆက်စပ် တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့နှင့် ယခုနှစ်ဆန်းပိုင်းက ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့အနေနှင့်သာ ဆွေးနွေးနိုင်မည်ဟုလည်း ပဒို ဒေးဗစ် သာကဘော က ဖြည့်စွက်ပြောကြားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးရန် မြန်မာအစိုးရက စေလွှတ်သည့် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့သည် ယခင်လ ၉ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် KNU ကိုယ်စားလှယ်အဖွဲ့နှင့် ပဏာမ အလွတ်ဆွေနွေးပွဲတရပ်ကို ဆွေးနွေး ခဲ့ကြသေးသည်။
KNUအဖွဲ့သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှစတင် ကာ အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ (၆၂) နှစ်ရှိပြီ ဖြစ်သည်။
 

အိမ်ဖြူတော် အနီးတွင် ပစ်ခတ်ခဲ့သူဟု သံသယရှိသည့် သေနတ်သမား အား ဖမ်းမိ

hursday, November 17, 2011

အိမ်ဖြူတော်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ Oscar Ramiro Ortega-Hernandez 
Source Photo from http://www.google.com/images

အိမ်ဖြူတော်အနီးတွင် ပစ်ခတ်ခဲ့သူဟု သံသယရှိသည့်သေနတ်သမား အား ဖမ်းမိ

Updated : 17 Nov, 2011
 ဝါရှင်တန်။ ။ အမေရိကန် သမ္မတ ဘားရက်အိုဘားမား နေထိုင်ရာ အိမ်ဖြူတော်အား သေ နတ်ဖြင့် ပစ်ခတ်ခဲ့သူဟု သံသယရှိသူမှာ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်တွင် အဖမ်းခံလိုက်ရပြီ ဖြစ်ပြီး လျှို့ ဝှက် ထောက်လှမ်းရေး သမားများမှ အိမ်ဖြူတော်တွင် သမ္မတ မရှိစဉ် အချိန်အတွင်း သေနတ် ကျည်ဆန် ရာ နှစ်ခုကို တွေ့ရှိရာက တစ်ဆင့် ယခုလို စုံစမ်း ဖော်ထုတ်လိုက်ခြင်းပင် ဖြစ်သည်ဟု တာဝန်ရှိသူများမှ ဗုဒ္ဓဟူးနေ့က ပြောကြား လိုက်သည်။

တစ်ခုသော သေနတ်ကျည်ဆံမှာ အမှုဆောင်များ နေထိုင်ရာ နေအိမ်သို့ ထိမှန်ခဲ့သော်လည်း ကျည်ကာမှန်ကြောင့် အတွင်းသို့ ရောက်ရှိ ခဲ့ခြင်း မရှိကြောင်း သိရသည်။ ယခုလိုကိစ္စနှင့် ပတ်သက်ပြီး အသက်၂၁ နှစ်အရွယ်ရှိ Oscar Ramiro Ortega-Hernandez ဆိုသူကို ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် သောကြာနေ့က သမ္မတ ဖြစ်သူနှင့် ဇနီးသည်တို့မှာ ကယ်လီဖိုးနီးယားသို့ ခရီးသွားနေစဉ် အတွင်း ယခုလို ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။ ယခုလို ဖြစ်ရပ်နှင့် ပတ်သက်ပြီး အိမ်ဖြူတော်မှ ဝေဖန် ချက် ပေးရန် ငြင်း ဆန်ခဲ့ကြောင်း သိရသည်။

ထို့နောက် အမေရိကန် လျှို့ဝှက်စုံစမ်းရေး အဖွဲ့မှ အင်္ဂါနေ့သို့ အရောက်တွင် အဆိုပါ ကျည်ဆန်ရာကို တွေ့ခဲ့ခြင်းဖြစ်ကာ အိုင်ဒါ ဟို ဖော လ်မြို့မှ အသက် ၂၁ နှစ်အရွယ်ရှိ Outega ဆိုသူနှင့် ဆက်စပ်နေကြောင်း သိရှိခဲ့ပြီး ယခုလို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု သိရ သည်။

အမေရိကန် ပန်းခြံ ရဲတပ်ဖွဲ့ မှ ပြောရာ၌ ယင်း Outega ဆိုသူမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသူတစ်ဦး အဖြစ် မှတ်တမ်းများ ရှိပြီး မတည်ငြိမ်သည့် စိတ်တစ်ခုနှင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းကိုလည်း မှတ်ချက် ပြုခဲ့ကြောင်း သိရသည်။

အလင်းထုတ်နိုင်သည့် မှိုပင်တစ်မျိုးကို နှစ်ပေါင်း (၁၇၀)အကြာတွင် ပြန်လည် တွေ့ရှိခဲ့

အမှောင်ထဲမှာ အလင်းရောင် တောက်ပနိုင်တဲ့  မှိုပင်တစ်မျိုးကို ဘရာဇီးနိုင်ငံ မိုးသစ်တောများ အတွင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီမှိုပင်တွေကို သိပ္ပံပညာရှင် “ဒန်နစ်ဒေရှာဒန်”နဲ့ ဆန်ဖရန်ဆစ္စကို
ပြည်နယ်တက္ကသိုလ်မှ အဖွဲ့တစ်ဖွဲ့က (၂၀၀၉)ခုနှစ်အတွင်း ရှာဖွေ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အခုအခါမှာ သိပ္ပံညာရှင်တွေဟာ အဲဒီမှိုတွေကို “နီယို နော်သောပန်နစ်စ်” အုပ်စုဝင်အဖြစ် အမျိုးအစား ခွဲခြားထားပြီး ဒီမှိုတွေ့ရှိမှုကို မိုင်ကိုလိုဂျီယာ ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီလို အလင်းရောင် ထုတ်နိုင်တဲ့ မှိုတွေကို (၁၈၄၀)ခုနှစ် တုန်းကသာ နောက်ဆုံးအကြိမ်အဖြစ်
တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။ မှိုတွေမှာ ဘာကြောင့် ဒီလိုကိုယ်ပိုင် အလင်းရောင် ထုတ်လုပ်နိုင်နေတာလဲ ဆိုတာကိုတော့ သိပ္ပံနည်းကျ စစ်ဆေးမှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။ သုတေသီတွေကတော့ အဲဒီမှိုပင်ထဲမှာ ပိုးစုန်းကြူးတွေ မှာပါတဲ့ ဓါတုဒြပ်ပေါင်းဖြစ်တဲ့ လူစီဖာရင် နဲ့ လူစီဖရေ့စ် တွေပါတဲ့အတွက် ဒီလိုမျိုး အမှောင်ထဲမှာ အလင်းထုတ်နိုင်တာ ဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ လူစီဖရေ့စ်ဟာ လူစီဖာရင်၊ အောက်ဆီဂျင်နဲ့ ရေတို့ ဓါတ်ပြုပြီး အလင်းရောင် ထုတ်နိုင်အောင် ကူညီပေးတဲ့ အင်ဇိုင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေဟာ မှိုတွေမှာ အဲဒီဓါတ်တွေ ပါဝင်ခြင်း ရှိ၊ မရှိတို့တော့ ဓါတ်ခွဲစမ်းသပ်မှုတွေ မလုပ်ရသေးပါဘူး။ လူအများကတော့ ဒီလို အလင်းရောင်ထုတ်နိုင်တဲ့ မှိုတွေကို ကြောက်လန့်ကြပြီး ၀ိဥာဉ်မှိုများလို့ ခေါ်ဆိုကြကြောင်း သိရပါတယ်

အသက် ၂ နှစ်အောက် ကလေးကို တီဗီ ကွန်ပျူတာ လုံးဝ ပေးမကြည့်နဲ့

ကလေးဆေးဘက်ဆိုင်ရာ အမေရိကန်သမားတော်အဖွဲ့ (American Academy of Pediatrics) က အသက် ၂ နှစ်အောက် ကလေးငယ်တွေကို တီဗီနဲ့ ကွန်ပျူတာ စခရင် လုံးဝ မကြည့်စေဖို့ မိဘများကို သတိပေးခဲ့သည်။
အသက် ၈ နှစ်အောက်တွေကိုလည်း ကွန်ပျူတာနဲ့ တီလီဗေးရှင်း စခရင်တွေရှေ့မှာ အချိန်ဖြုန်းတာကို ကန့်သတ်ထားဖို့ အစီရင်ခံစာတစ်စောင် မကြာခင်က ထုတ်ပြန်ခဲ့သည်။
ငယ်ရွယ်လွန်းသေးတဲ့ ကလေးတွေကို တီဗီ၊ ကွန်ပျူတာ ကြည့်ရှုစေခြင်းဖြင့် မည်သည့်ပညာရေး အကျိုးအမြတ်မှ ရရှိစေမှာ မဟုတ်ကြောင်း ဖော်ပြခဲ့သည်။
ဘော်စတွန်မြို့မှာ နှစ်စဉ်အစည်းအဝေးလုပ်တဲ့ သမားတော်များအဖွဲ့က တီဗီစခရင် ကြည့်လွန်းတဲ့ ကလေးတွေ ကလေးဆေးခန်းတွေမှာ ပြုံရောက်နေတဲ့အကြောင်း ပြောဆိုခဲ့သည်။ ကလေးငယ်တွေကို တီဗီပြပြီးစာသင်တာ၊ အိမ်နောက်ဖေးမှာ မိဘတွေ အလုပ်ရှုပ်နေလို့ ကလေးကို တီဗီရှေ့ပို့ထားတာတွေဟာ နုနယ်တဲ့ ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေကို ထိခိုက်မှုဖြစ်စေတယ်ဟု ဆိုသည်။

တက္ကဆပ်ပြည်နယ်မှ ဒေါက်တာ Ari Brown က "လွန်ခဲ့တဲ့ ဆယ်နှစ်ကထက် အခု ဗီဒီယို စခရင်တွေ နေရာတိုင်းမှာ ရှိနေတယ်။ မက်ဆေ့ခ်ျတွေကလည်း အရမ်းများလွန်းနေတယ်။ တီဗီ၊ ကွန်ပျူတာ၊ အိုင်ပက်၊ စမတ်ဖုန်းတွေ အိမ်တိုင်းမှာ ရှိနေပြီး၊ အနောက်နိုင်ငံတွေက အိမ်တိုင်းမှာ စခရင် ၁၀ ခုမက ရှိနေတယ်။ အဲဒီ အီလက်ထရောနစ် ဖျော်ဖြေမှုက အထူးသဖြင့် နုနယ်တဲ့ ဦးနှောက်တွေကို ဘေးအန္တရာယ်
ဖြစ်စေတယ်" ဟု ပြောခဲ့သည်။
နောက် Temple တက္ကသိုလ်မှ စိတ်ပညာပါမောက္ခ Kathryn Hirsh-Pasek ကလည်း ကျောင်းစနေတဲ့ ကလေးတွေကို တီဗီနဲ့ စာသင်တာတွေ သတိထားဖို့ ပြောသည်။ "ကလေးတွေကို ဗီဒီယိုနဲ့ ဘာသာစကား သင်ပေးတာတွေ အရမ်းများလာတယ်။ ကျမတို့ သုတေသနတွေ့ရှိချက်တွေအရ ကလေးဟာ ဘာသာစကားများများ နားလည် လေလေ၊ နောက်ပိုင်းမှာ သူ့ရဲ့ထုတ်လုပ်နိုင်စွမ်း လျော့နည်းလေပဲ။ အဓိကကတော့ မိဘတွေက သူတို့ကလေးတွေရဲ့ မီဒီယာ သုံးစွဲမှုကို လျှော့ချပေးဖို့ပဲ"
နောက်တွေ့ရှိချက်တစ်ခုက အနောက်က ၈ နှစ်အောက် ကလေးတွေဟာ တယ်လီဗေးရှင်းကို ဆင်ကြီးလောက် ကြီးတယ်ဟု ယူဆလာပြီး iPod, iPad နဲ့ အခြားတက်ဘလက်လေးတွေကိုပဲ စွဲစွဲလမ်းလမ်းဖြစ်လာကြသည်။ နေ့စဉ် အဲဒီမီဒီယာ ပစ္စည်းငယ်များနှင့် ကလေးတွေ အချိန်ဖြုန်းလာကြသည်။
ဥပမာ၊ ဘော်စတွန်မြို့က Jeannie Crowley အမျိုးသမီးဆိုရင် သူ့ရဲ့ ၁၉ လအရွယ် သမီးငယ် Maggie ကို iPad ပေးထားသည်။ ခြေမခိုင်သေးတဲ့ သမီးငယ်က ခွေးဟောင်သံနဲ့ ဘဲတွေပါတဲ့ Youtube ဗွီဒီယိုကို ထပ်ခါတလဲလဲ ဖွင့်၊ အကြိုက်ဆုံး သီချင်းသုံးပုဒ်နဲ့ အမြဲကတတ်သည်။ စခရင်ကို ဘယ်လိုကိုင်ရမယ် ဘယ်လိုဖွင့်ရမယ် ဆိုတာ ကလေးက အကုန်သိနေပြီဟု ဆိုသည်။
အမေရိကန် သမားတော်များအဖွဲ့ကတော့ အဲဒီလို ကလေးတွေ မီဒီယာပစ္စည်း စွဲလမ်းတာကို ဂုဏ်ယူမနေဖို့နဲ့ ရေရှည်မှာ ကလေးဘ၀အတွက်ရော သူတို့ပညာရေးအတွက်ပါ ဘာအကျိုးအမြတ်
မှမရနိုင်ဟု တားမြစ်ထားသည်။
ဝင့်ထန်း
@ မောက္ခပညာရေးမဂ္ဂဇင်း

မြန်မာနိုင်ငံမှာ ဂျပန် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ အလားအလာရှိ

2011-11-16
မြန်မာနိုင်ငံက အပြောင်းအလဲ လက္ခဏာတွေကို အာဆီယံနိုင်ငံတွေက ချီးကျူးပြောဆိုနေကြချိန်မှာ ဂျပန် အစိုးရက မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက် များပြားလာဖို့ အလားအလာတွေ ရှိတယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။
AFP
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိ ချီးရိုး ဂင်းဘာ Koichiro Gemba က ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ရိပ်သာတွင် လက်ခံတွေ့ဆုံစဉ်။ AFP PHOTO / TOSHIFUMI KITAMURA
ဂျပန်နိုင်ငံဟာ မြန်မာနဲ့ ကုန်သွယ်ရေး အပြည့်အ၀ ပြန်လည်စတင်ဖို့ အဆင်သင့် မဖြစ်သေးပေမဲ့ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေ ဖြည်းဖြည်းချင်း တိုးများလာမယ် ဆိုတာကိုတော့ တွေ့မြင်နေရတယ်လို့ ဂျပန် နိုင်ငံခြားရေးဌာန အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Ishikane က ပြောကြားသွားပါတယ်။ ဂျပန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေး တစ်စုံတစ်ရာ ဆောင်ရွက်ချင်ပေမဲ့ ဖြည်းဖြည်းချင်းပဲ လုပ်ဆောင်မှာ ဖြစ်ကြောင်း၊ အခြေအနေတွေကို သတိကြီးကြီး ထားပြီး စောင့်ကြည့် လေ့လာနေကြောင်း Mr. Ishikane က အာဆီယံ ထိပ်သီး ညီလာခံ ကျင်းပနေတဲ့ အင်ဒိုနီးရှား နိုင်ငံ ဘာလီမြို့မှာ သတင်းထောက်တွေကို ပြောကြားပါတယ်။ ဒီအတောအတွင်း ဂျပန် ကုန်သည်ကြီးများနဲ့ စီးပွားရေး လုပ်ငန်းရှင်များ အသင်းဟာ မြန်မာနိုင်ငံကို ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ စေလွှတ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲရေး အတွက် အထောက်အကူပြုမဲ့ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ဒီဇင်ဘာလနဲ့ ဇန်န၀ါရီလ အကြားမှာ ကျင်းပနိုင်ဖို့ စီစဉ်နေတယ်လို့လည်း ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရာရှိတွေက ပြောပါတယ်။ ဂျပန်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် မနှစ်က နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် မြန်မာနိုင်ငံက အသေးစား အခြေခံ အဆောက်အအုံ စီမံကိန်းတွေမှာ ပါဝင် ဆောင်ရွက်နိုင်ရေး အတွက် အကူအညီပေးရေး ဆိုင်ရာ ထိန်းချုပ် ကန့်သတ်ထားမှုတွေကို ဖြေလျော့ပေးခဲ့ပါတယ်။

ညစ်ညမ်းပုံများနှင့် ကြမ်းတမ်း ဗွီဒီယိုများ Facebook တွင် ပေါ်ထွက်လာ


Facebook ပြောရေး ဆိုခွင့်ရှိသူ Andrew Noyes 
Source Photo from http://www.google.com/images 
မလိုလားအပ်သည့် ညစ်ညမ်းပုံများနှင့် ကြမ်းတမ်း ဗွီဒီယိုများ
Facebook တွင် ပေါ်ထွက်လာ 

17 Nov, 2011

မလိုလားအပ်သည့် ဂရပ်ဖစ် ညစ်ညမ်း ပုံရိပ်များမှာ ယခုအပတ်အတွင်း Facebook သုံးစွဲသူများထံ သို့ ရောက်ရှိခဲ့ရကြောင်း ကုမ္ပဏီမှ အင်္ဂါနေ့က ပြောကြား လိုက်သည်။ အဆိုပါ ပုံရိပ်များ၊ အင်တာနက် ချိတ်ဆက် လိပ်စာများနှင့် ဗွီဒီယို များမှာ ညစ်ညမ်းမှုနှင့် အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး မကြာသေးမီ ရက်များက Facebook သုံးစွဲသူ အချို့၏ newsfeeds များထဲတွင် ပါဝင်လာခြင်း ဖြစ်သည်။

မိမိတို့ အနေဖြင့် spam တိုက်ခိုက်မှုများကို ခံခဲ့ရကာ Browser ၏ လုံခြုံမှု ထိခိုက်ခဲ့ရကြောင်း Facebook ပြောရေး ဆိုခွင့်ရှိသူ Andrew Noyes မှ Reuters သတင်းသို့ email ဖြင့် ပြောကြားခဲ့သည်။ မိမိတို့ အနေဖြင့် ယခုလို တိုက်ခိုက်မှုတွင် ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန် ကြိုးစားသွားမည် ဖြစ်ကာ ယခုလုပ်ရပ်အတွက် တာဝန်ရှိသူ များကိုလည်း စုံစမ်းနေပြီ ဖြစ်သည်ဟု ၎င်းမှ ရေး သား ပြောကြား သွားခဲ့သည်။

ယခုလို တိုက်ခိုက်မှု အတွက် နောက်ကွယ်မှ မည်သူ ပါဝင်နေသည်ကို မသိရှိရ သေးကြောင်း လည်း Reuters နှင့် မေးမြန်းခန်းတွင် Noyes မှ ပြောကြားခဲ့သည်။ အလားတူပင် Facebook အင်ဂျင်နီယာများ မှာလည်း Browser လုံခြုံမှု အားနည်းနေခြင်းကို ပြုပြင်လျက် ရှိကြောင်း ပြောကြား သွားခဲ့သည်။

၆ရက် ဆက်တိုက် တိုက်ပွဲတွင် အစိုးရစစ်သား၂၀ကျော် ထိခိုက်သေဆုံး

17 November 2011


စောဖိုးမူး (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အစိုးရစစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)တို့ တိုက် ပွဲငယ်များ ၆ရက် ဆက်တိုက် ဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်က ၂၀ဦးကျော် သေဆုံးခဲ့သည်ဟု KNLA ဘက်က ပြောသည်။
ကော့ကရိတ်မြို့ တောင်ဘက် ၁၀မိုင်ကျော်အကွာတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ် ခလရ(၂၀၂)၊ ခမရ(၃၅၇) တပ်ရင်း တို့အား လမ်းဖား၊ အစွန်း၊ နန်းရွှေမှုန်၊ ဆောပလာ စသည့်ကျေးရွာများ၌ KNLA တပ်ရင်း(၁၈)နှင့် တပ်ရင်း(၂၀၁) ပူးပေါင်းကာ ယခုလ ၈ရက်နေ့မှ ၁၄ရက်နေ့အထိ ဆက်တိုက် ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကေအဲန်ယူ ကော့ကရိတ်မြို့နယ် ပြန်ကြားရေးတာဝန်ခံတစ်ဦးက “၈ရက်ကနေ ၁၄နေ့အထိ နေ့တိုင်းပဲ တိုက်ပွဲဖြစ်တယ်။ ပြောက်ကျားစစ်ဆိုတော့ လေး၊ ငါးမိနစ်လောက်ပဲ ကြာမယ်။ ကျနော်တို့ စာရင်းအရ ရန်သူ ၁၄ယောက်သေတယ်။ ၈ယောက် ဒဏ်ရာရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။


၎င်းပစ်ခတ်မှုများအတွင်း အစိုးရစစ်တပ်ဘက်က သေဆုံးသူများထဲတွင် တပ်ကြပ်ကြီး ၂ဦး ပါဝင်သကဲ့သို့ ဒဏ်ရာရရှိသူများထဲ တွင် တပ်ရင်းမှူးတစ်ဦး ပါဝင်ခဲ့ပြီး KNLA ဘက်က ထိခိုက်သေဆုံးမှုမရှိကြောင်း သူက ဆက်ပြောသည်။

ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)တပ်ဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ပြီးနောက်ပိုင်း တိုက်ပွဲဖြစ်ပွားရာ ဒေသဘက်တွင် အစိုးရစစ်တပ်ဘက်မှ တပ်အင်အား တိုးချဲ့မှုများ လုပ်ဆောင်လာလျှက်ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယခု တိုက်ပွဲဖြစ်ပွားရာ ဒေသတွင် အစိုးရစစ်တပ် တပ်မ(၂၂)နှင့် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂) လက်အောက်ခံ တပ်ရင်း များ လှုပ်ရှားသကဲ့သို့ DKBA၊ KNLA တပ်ရင်းတပ်ဖွဲ့များ လှုပ်ရှားလျှက်ရှိသည်။

မြန်မာကို အာဆီယံ​ အလှည့်ကျဥက္ကဋ္ဌ တာဝန်ပေးရန် သဘောတူ

Published on November 17, 2011
မြန်မာကို ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ပေးဖို့ အာဆီယံ ​ခေါင်းဆောင်တွေက​ ​သ​ဘောတူလိုက်တယ်လို့ အာဆီယံအလှည့်ကျ​ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက အတည်ပြု ပြောကြားလိုက်ပါတယ်။
photo-reuters
ဒီကနေ့ ပြုလုပ်တဲ့ ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး​ အစည်းအဝေး ပထမနေ့မှာ ခုလို သဘောတူညီချက် ရလိုက်တာပါ။
မြန်မာ​ အာဆီယံဥက္ကဋ္ဌလုပ်ဖို့ သဘောတူလိုက်ပြီးတဲ့နောက်​ ​မြန်မာအစိုးရ ပြောခွင့်ရ ဦးကျော်ဆန်းက အနာဂတ်မြန်မာနိုင်ငံဟာ ပိုမိုပွင့်လင်းတဲ့ နိုင်ငံဖြစ်လာပြီး နိုင်ငံတကာနဲ့ရော​ ​ဒေသတွင်း နိုင်ငံတွေနဲ့ပါ ပိုမိုပူးပေါင်း ကူးသန်းဆောင်ရွက်တဲ့​ နိုင်ငံတနိုင်ငံ​အနေနဲ့​ ​မြင်ရတော့မယ်လို့ သတင်းထောက်တွေကို ထုတ်ဖော်​ ပြောကြားလိုက်တယ်လို့ ဘာလီ​ ထိပ်သီးစည်းဝေးပွဲမှာ တက်ရောက်​ သတင်းယူနေတဲ့ ရန်ကုန်တိုင်းမ် မီဒီယာဂရုပ်ဖ်ရဲ့ ဦးကိုကို (စက်မှု) က ပြောပါတယ်။
ဒါ့အပြင် ဦးသိန်စိန်ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ သမ္မတအကြံပေး​ ဦးကိုကိုလှိုင်ရဲ့​ ​ပြန်လည် ပြောကြားချက်တွေကိုလည်း ဦးကိုကို (စက်မှု) က အခုလို ဆိုပါတယ်။
“သမ္မတကြီးက ပြောပါတယ်တဲ့။ အဲဒီလို ပေးလိုက်တဲ့အတွက်ကြောင့် အခွင့်အလမ်း ရလိုက်သလို တာဝန်တွေလည်း ပိုကြီးလာမယ်လို့ ပြောပါတယ်။ အဲဒါ အကောင်းဆုံး ဖြစ်အောင်လို့ တို့တွေလုပ်ကြရမယ်လို့​သမ္မတကြီးက​ ​ပြောတယ်လို့ ​ပြောပါတယ်။ အဲဒီအပြင်ကို အဲဒီအစည်းအဝေးထဲမှာပဲ စင်ကာပူနိုင်ငံကတောင်မှ မြန်မာနိုင်ငံ​ အာဆီယံဥက္ကဋ္ဌ​ ​နေရာကို​ ​ပေးတဲအခါမှာ မြန်မာနိုင်ငံအနေနဲ့ ချောချောမွေ့မွေ့ ထမ်းဆောင်နိုင်အောင်လို့ လိုအပ်တဲ့ အကူအညီမှန်သမျှကို ပေးမယ်လို့ ပြောပါတယ်တဲ့။ အခြားနိုင်ငံတွေကလည်း စင်ကာပူလိုပဲ ဝိုင်းဝန်း ကူညီကြမယ်ဆိုတဲ့ သဘော ပြောတယ်လို့ ဆရာဦးကိုကိုလှိုင်က ကျနော်တို့ကို ပြောပါတယ်။”
အခုနှစ်​ အာဆီယံထိပ်သီးစည်းဝေးကို​ ​မြန်မာအာဆီယံဥက္ကဋ္ဌ​ ​ဖြစ်ရေးနဲ့​​ ​တောင်တရုတ်​ ပင်လယ် ကိစ္စရပ်တွေက လွှမ်းမိုးထားတယ်လို့လည်း ပြောပါတယ်။
ဘာလီ ထိပ်သီးစည်းဝေးပွဲကို မြန်မာအပါအ၀င် နိုင်ငံတကာ သတင်းထောက်ပေါင်း ၁၈၀၀ လောက် တက်ရောက် သတင်းယူနေကြပြီး လုံခြုံရေး အထူးတိုးမြှင့်ချထားတယ်လို့ ဆိုပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ စင်ကာပူဝန်ကြီးချုပ်နဲ့ ဒီနေ့ သီးသန့်တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ စုံစမ်းသိရှိရပြီး အမေရိကန်သမ္မတနဲ့ သီးခြား တွေ့ဆုံဖို့ ရှိမရှိကတော့ ခုထိ​ ​မသေချာသေးပါဘူး။
အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ အစည်းအဝေးတွေကို နိုဝင်ဘာလ ၁၉ ရက်ထိ ပြုလုပ်သွားမှာပါ။

ကိုမင်း​ကိုနိုင်ကို အင်း​စိန်​ထောင် ​ပြောင်း​ရွှေ့

Published on November 17, 2011
ရှမ်း ​ပြည်နယ် ကျိုင်း​တုံ​ထောင်မှာ နှစ်ရှည်​ထောင် အကျဉ်း​ကျခံ​နေတဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ ​ခေါင်း​ဆောင် ကိုမင်း​ကိုနိုင်ကို ရန်ကုန်ကို ​ခေါ်သွား​တယ်လို့​ ​ထောင်အာဏာပိုင်က အတည်ပြု​ပြောကြား​ပါတယ်။
ကိုမင်း​ ကိုနိုင်ကို ဒီက​နေ့​ မြန်မာစံ​တော်ချိန် ၁၂နာရီ​လောက်မှာ မြန်မာ့​လေ​ကြောင်း​လိုင်း​က ​လေယာဉ်နဲ့​ ရန်ကုန်ကို တင်​ပေး​လိုက်တယ်လို့​ ​ပြောပါတယ်။
ကိုမင်း​ကိုနိုင်ကို အင်း​စိန်အကျဉ်း​ထောင်က​နေ အခြား​ နယ်​ထောင် တခုခုဆီကို ​ပြောင်း​ရွှေ့​မယ်လို့​လည်း​ သတင်း​တွေ ထွက်​နေပါတယ်။
ကိုမင်း​ ကိုနိုင်ဟာ ၂၀၀၇ ခုနှစ် ဩဂုတ်လအတွင်း​ စစ်အစိုး​ရရဲ့​ ​လောင်စာဆီ ​ဈေး​နှုန်း​မြှင့်​တင်မှုအ​ပေါ် ကန့်​ကွက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့​အပြီး​မှာ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေနဲ့​အတူ ဖမ်း​ဆီး​ထိန်း​သိမ်း​ခံခဲ့​ရပြီး​နောက် နအဖစစ်အစိုး​ရက ​ထောင်ဒဏ် ၆၅နှစ် အပြစ်​ပေး​ကာ ၂၀၀၈ ခုနှစ် နိုဝင်ဘာမှာ မိသား​စုနဲ့​ ​ဝေး​ရာ ရှမ်း​ပြည်နယ် ကျိုင်း​တုံ​ထောင်ကို ပို့​ဆောင်ခဲ့​ပါတယ်။

အပစ်အခတ် ရပ်စဲရေးကိစ္စ တိုင်းရင်းသား (၄)ဖွဲ့ နှင့် တွေ့ မည်


နအဖ အစိုးရ၏ ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းသည် ကရင်နီ တိုးတက်ရေး ပါတီ (KNPP) ၊  ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် တပ်မတော် (SSA) (တောင်ပိုင်း)နှင့် ချင်းအမျိုးသား တပ်ဦး (CNF)အဖွဲ့ များကို ထိုင်းနိုင်ငံ ဇင်းမယ်မြို့ ၌ မနက်ဖြန်တွင် သီးခြားစီ တွေ့ ဆုံဆွေးနွေးမည်ဟု သိရပါသည်။ ဤအထဲ၌ ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့ ကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုးက ဦးဆောင်သည်ဟု သိရပါသည်။

ရင်ချင်းဆက် အမွှာယောက်ျားလေး ရန်ရှင်းနှင့် ရန်ကင်း

Wednesday, November 16, 2011

The Voice Weekly

မြန်မာနိုင်ငံ၏ ပထမဆုံး ရင်ချင်းဆက် အမွှာယောက်ျားလေး ရန်ရှင်းနှင့် ရန်ကင်းကို ရန်ကုန်တိုင်း ဒေသကြီး ကလေးအထူးကု ဆေးရုံကြီးတွင် ယနေ့ (၁၆၊ ၁၁၊ ၂၀၁၁) နံနက် ၇ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၃၄ မိနစ်ထိ အချိန် ၃ နာရီကျော်ကြာ အောင်မြင်စွာ ခွဲစိတ် ပေးနိုင်ခဲ့သည့် မြင်ကွင်းဓာတ်ပုံများ။

မခွဲစိတ်မှီက









အချစ်အတွက်နဲ့ အသက်ပါ ပေးသွားတဲ့ ရင်ငြိမ်းပွင့်


FACE BOOK Yinnyein Pwint (ရင်ငြိမ်းပွင့်) စကာင်္ပူမှာတိုက်အမြင့်ကကျပြီးကွယ်လွန်ပါတယ်။ရည်းစားဟောင်းနဲ့ပတ်သက်တဲ့
စိတ်ခံစားမှုဖိစီးရာကဖြစ်တာလို့ဆိုပါတယ်။

သူမကသီးသန့်နေတတ်တယ်တဲ့၊အဲ့တော့ရင်ဖွင့်ဖို့အဖေါ်လိုနေခဲ့တာကလည်းအကြောင်းတခု၊
မိဘအသိုင်းအ၀ိုင်းနဲ့ဝေးတာကလဲဖေးမမှုကိုအားနည်းစေပါတယ်။
လူဆိုတာကိုယ်လုပ်တာအမှန်လို့ခံယူကြတာပါပဲ။
ဒီလိုအဖြစ်တွေကစိတ်ပိုင်းဆိုင်ရာတွေပါဝင်တော့အပြစ်တင်လို့မရပါဖူး။
မိမိပါတ်ဝန်းကျင်မှာတွေ့ရှိရင်ဖေးမပါ။သူပြောတာနားထောင်ပေးပါ။
နားနားမှာအကြောင်းရှာပြီးနေပေးပါ။

တယောက်ထဲကိုပဲစွဲချစ်တတ်ခဲ့တဲ့ညီမငယ်နောက်ဘ၀မှာမိန်းကလေးတယောက်ထဲကိုပဲသေတပန်သက်တဆုံး
ချစ်တတ်တဲ့ချစ်သူနဲ့ပေါင်းဖက်နိုင်ပါစေ။


ရင်ငြိမ်းပွင့်အတွက်တေးသီချင်းများ
 

ရင်ငြိမ်းပွင့် Face book ကချစ်စရာပုံလေးတွေနဲ့စိတ်ခံစားမှုဖေါ်ပြချက်အချို့ပါ။








မညီမျှခြင်း(နေနေ)

NDF တပ်ပေါင်းစုမှ မွန်ပြည်သစ်ပါတီ နှုတ်ထွက်

သတင်း - ပြည်တွင်း
mnla4မွန်ပြည်သစ် ပါတီသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NDF) တပ်ပေါင်းစုမှ နှုတ်ထွက်သွားပြီးဟု မွန်ပြည်သစ် ပါတီ ခေါင်းဆောင်တဦးက ပြောပါသည်။ ဤဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ် တနေရာ၌ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၄၊ ၁၅၊ ၁၆) ရက်နေ့တွင် ကျင်းပသော အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု အစည်းအဝေးတခုမှ အတည်ပြုလိုက်ခြင်း ဖြစ်သည် ဟုဆိုပါသည်။ ထိုအစည်းအဝေးသို့ မွန်ပြည်သစ် ပါတီ ဗဟို အလုပ်အမှုဆောင် နိုင်ရွှေသိန်းက အဖွဲ့ ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့ပါသည်။
“ ကျနော်တို့ နှုတ်ထွက်တာ မှန်ပါတယ်။ အကြောင်းပြချက်က အထွေအထူးတော့ မရှိပါဘူး၊ ကျနော်တို့ ပါတီဟာ တပ်ပေါင်းစုအဖွဲ့ အတော်များများမှာ အဖွဲ့ ဝင်ဖြစ်ခဲ့ပါတယ်။ တကယ် အလုပ်လုပ်တော့မယ်ဆိုရင် လူမခွဲနိုင်တော့ ထိရောက်မှုက အားနည်းလာခဲ့တယ်။ အဲဒီအတွက်ပါဘဲ။ တချို့ နေရာမှာ နှုတ်ထွက်လိုက်ပြီးတော့ လိုအပ်တဲ့နေရာမှာ အားဖြည့်ဖို့ပါ”ဟု မွန်ပြည်သစ် ပါတီ ခေါင်းဆောင် တဦးက ပြောကြားခဲ့ပါသည်။ အလားတူ ချင်းအမျိုးသား တပ်ဦး (CNF) ကလည်း နှုတ်ထွက်ခဲ့ပါသည်။ ဤသို့ကြောင့် မွန်ပြည်သစ် ပါတီနှင့် ချင်းအမျိုးသား တပ်ဦးတို့သည်၊ (NDF)နှင့် ဆက်စပ်နေသော ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အဖွဲ့ ဝင်မှလည်း အလိုလို ရပ်ဆိုင်းသွားခဲ့ပြီး ဖြစ်သည်ဟု ဆိုပါသည်။
“ ကျနော်တို့ကတော့ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို ပိုပြီး အာရုံ စိုက်တော့မှာပါ။ လောလောဆယ် အချိန်ထိ တပ်ပေါင်းစုနှင့်သာ နအဖနဲ့ ဆွေးနွေးမယ်ဆိုတဲ့မူကို ဆုတ်ကိုင်ထားဆဲပါ။ တဖွဲ့ မှလည်း နအဖနဲ့ အပစ်အခတ် ရပ်စဲရေး မလုပ်ရသေးပါဘူး။ တချို့ အဖွဲ့ ရဲ့ သဘောထားဆိုရင် နိုင်ငံရေးအရ ဆွေးနွေးမှ အပစ်ရပ်မယ်ဆိုတဲ့အထိ သဘောထား တင်းမာလာတာ ရှိပါတယ်။ ဒါက တိုင်းရင်းသားတွေရဲ့ အသက်လေ။ ဒါကိုကျနော်တို့က ပိုပြီးအလေးထားရမှာပါ။” ဟု မွန်ပြည်သစ် ပါတီခေါင်းဆောင်က ဆိုပါသည်။
with-Nai-Shwe-Kyin
ကွယ်လွန်သွားပြီးသော မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ရွှေကျင် ၁၉၉၂ ခုနှစ်က မာနယ်ပလော ဌာနချုပ်သို့ အလည်ပတ် ရောက်ရှိစဉ် (ဓါတ်ပုံ - အင်တာနက်)
အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုသည် (၁၉၇၆) ခုနှစ်ကတည်းက တည်ထောင်ခဲ့ပြီး၊ (၁၉၈၂)ခုနှစ် ကျမှသာ မွန်ပြည်သစ် ပါတီက အဖွဲ့ ဝင်ဖြစ်လာခဲ့ပါသည်။ အဖွဲ့ ဝင်(၁၁)ဖွဲ့ အထိ ရှိခဲ့ပြီး။ စည်းကမ်းချက်များမှာ ပါတီ တရပ်ရှိခြင်း၊ အမျိုးသားတပ် မတော်တရပ်ရှိခြင်းနှင့် အခြေခံဒေသရှိခြင်း ဟူသည့် အချက်များပေါ်တွင် အခြေခံဖွဲ့ စည်းခဲ့သည်ဟု သိရပါသည်။

ရန်ကုန်မြို့ပြင်သစ် သံရုံးက ဖိုးလပြည့်ကို ဗီဇာထုတ်ပေး – Than Shwe’s grandson receives visa from French embassy in Rangoon


မိုးမခအထောက်တော် အမှတ် ၀၁၃
နိုဝင်ဘာ ၁၇၊ ၂၀၁၁
မြန်မာပြည်ကို နှစ်ပေါင်းများစွာ ချုပ်ကိုင် စိုးမိုးခဲ့သော ဦးသန်းရွှေ၏ နာမည်ကျော် မြေးဖြစ်သူ ဖိုးလပြည့် (ဓာတ်ပုံ - မိုးမခ)

ရန်ကုန်မြို့ပြင်သစ်သံရုံးက ဦးသန်းရွှေ၏မြေး ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်အား ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးခဲ့သည်ဟု ဧရာဝတီသတင်းဌာနက ယနေ့ ရေးသားလိုက်သည်။

အနောက်နိုင်ငံများက ပိတ်ဆို့ဒဏ်ခတ်ထားသူများစာရင်းတွင် ထင်ရှားစွာ ပါဝင်သည့် ဖိုးလပြည့်သည် မည်သည့်အကြောင်းကြောင့် ထိုသို့ ဗီဇာရရှိသွားခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားခြင်း မရှိချေ။
သို့သော်လည်း ပြင်သစ်သံအရာရှိတဦးက “ဗီဇာပိတ်ပင်မှုစာရင်းမှာ ပါနေတဲ့သူတွေကိုလည်း ဗီဇာထုတ်ပေးလေ့မရှိပါဘူး” ဟု ပြောဆိုသည်ဟုလည်း ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးအဖြစ် မြန်မာပြည်ကို အနှစ် ၂၀ နီးပါး ချုပ်ကိုင်ခဲ့သူ ဦးသန်းရွှေ၏ မြေးဖြစ်သော ဖိုးလပြည့်သည် ဥရောပသို့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထွက်ခွာသွားသည်ဟု စုံစမ်း သိရှိရကြောင်း သတင်းတွင် ဖော်ပြထားသည်။
ဗီဇာပိတ်ပင်ခံထားရသည့်ဖိုးလပြည့်အား ရန်ကုန်မြို့ပြင်သစ်သံရုံးက ဗီဇာထုတ်ပေးသည်ဆိုသောအချက်မှာ မထူးဆန်းပါဟု အနောက်တိုင်းသံရုံးတခုတွင် နှစ်အတန်ကြာ လုပ်ကိုင်ခဲ့ဖူးသူ မြန်မာပြည်သားတဦးက မိုးမခကို ပြောသည်။
ဖိုးလပြည့်၏ နိုင်ငံကူးလက်မှတ်တွင် ကိုယ်ရေးအချက်အလက်များ ပြောင်းလဲရန်ပင်မလိုဘဲ နာမည်ရင်းဖြင့် ဗီဇာ လျှောက်နိုင်ကြောင်း၊ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ပါဝင်သည့် စစ်အရာရှိကြီးတချို့ကို ဥရောပသို့ ရောက်ခဲ့ပြီးဖြစ်ကြောင်း ရှင်းပြသည်။
အနောက်နိုင်ငံများအနက် ဗြိတိန်နိုင်ငံ နှင့် အမေရိကန်တို့ကသာ ဒဏ်ခတ်ပိတ်ဆို့မှု မူဝါဒကို တိတိကျကျ ကျင့်သုံးဟန်ရှိကြောင်း သူက ပြောပြသည်