Showing posts with label ကရင့်သမိုင်း. Show all posts
Showing posts with label ကရင့်သမိုင်း. Show all posts
Saturday, May 4, 2013
ကရင့်ရိုးရာ ကဒတ်မုန့်ပုံပြင်
ကရင့်ရိုးရာ ကဒတ်မုန့်ပုံပြင်
May 1, 2013 Wednesday
By မင်းစိုးစံ
သည်တခါတော့ ကရင်ပုံပြင်လေးရေးပြချင်ပါတယ်။ ဗမာစစ်အစိုးရ(မြန်မာအစိုးရ) ညစ်ပတ်စုတ်ပဲ့တာတွေ
လိမ်ညာရမ်းကားတာတွေ ရက်စက်ကြမ်းကြုတ်တာတွေ လူစိတ်ကင်းမဲ့တာတွေကိုရေးတာများလာတော့
ကျုပ်ကိုယ်တိုင် လူညစ်ပတ်ကြီးတစ်ယောက်ဖြစ်မှန်းမသိဖြစ်လာပါလားဆိုတာ ခံစားမိလာလို့ အပြောင်းအ
လဲလေးဖြစ်သွားအောင်(ဖြစ်လိုဖြစ်ငြား)ကရင်ဟာသပုံပြင်လေးတပုဒ်လောက် ရေးရလျင်ကောင်းမှာပဲလေ
လို့တွေးမိတာနဲ့ ကျုပ်တို့ကရင့်ဘိုးဘွားတတွေ လက်ဆင့်ကမ်းပြောပြလာခဲ့တဲ့ ကရင်ပုံပြင်တွေထဲက တပုဒ်
ကိုလက်ဆင့်ကမ်းရေးပြပါရစေ။
လူထုဦးလှရေးတဲ့ ခလောက်နို့ပုံပြင်တွေထဲက ဖြစ်ကောင်းဖြစ်နိုင်သလို စာဖတ်သူတွေကြားနေကျ ပုံပြင်
လည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကြားဘူးပြီးသူတွေလည်း မမေ့နိုင်အောင် ပိုပြီးမှတ်မိအောင် မကြားဘူးသေးသူ
တွေလည်း ကြားဘူးအောင်ရေးပြပါ့မယ်။ ပုံပြင်ဆိုတာ ကျုပ်တို့အားလုံးရဲ့ အမေ(မိခင်)တွေစီက အများဆုံး
ကြားခဲ့ကြရတာ။
ပုံပြင်တွေဆိုတာကလည်း မိခင်ဖြစ်သူတွေရဲ့ ဘ၀အတွေ့အကြုံတွေက အများဆုံးလာ တတ်ကြတာလေ။
ဗမာမေမေက ဗမာလေးတွေ ကို အိပ်ယာဝင်ပုံပြင်လေးတွေပြောပြတတ်ကြသလို ကရင်မေမေတွေက
လည်း ကရင်လေးတွေကို အိပ်ယာဝင်ပုံ ပြင်လေးတွေ ပြောပြကြမှာအသေအခြာပါ။
အကြောင်းအရာလေးတွေ တူနိုင်ပါ့မလားဆိုတာတော့ ကျုပ်လည်းမဆိုတတ်ဘူး။
ဘာကြောင့်လဲမေးလျင် ကရင်မေမေတွေဟာ ဗမာစစ်သားကြီးတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့်ပြေး
နေရ ပုန်းနေရတဲ့ ဘ၀မျိုး မဟုတ်လား။ ညဘက်တွေမှာ ကရင်ကလေးတွေကို ဘယ်လိုလုပ်ပြီးပုံပြောပြနိုင်
မှာတဲ့လဲ။ အိပ်ကောင်းအိပ်ခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရ တဲ့အဖြစ်လေ။ ဆိုတော့ ငြိမ်းအေးလှပတဲ့
ပုံပြင်တွေ ဖြစ်လာဘို့က ကရင်မိခင်တွေအတွက် သိပ်တော့လွယ်မယ်မထင်ဘူး။
သာယာနာပျော်ဘွယ်ကင်းမဲ့တဲ့ ပုံ ပြင်ကိုသာ နားလည်လက်ခံရတဲ့ ကရင်ကလေးရဲ့ နုနယ်တဲ့နှလုံးသားထဲ
မှာ ဘာတွေဖြစ်ကျန်ခဲ့မလဲဆိုတာ ရှည်ရှည်ဝေးဝေး စဉ်းစားစရာလိုမယ်မထင်ပါဘူးနော်။
ကျုပ်ကိုယ်တွေ့လေး တစ်ခုရေးပြမယ်။ ကျုပ်တို့ရွာထဲကို ဗမာစစ်သားတွေရောက်လာတဲ့ ညတညပေါ့။
ကျုပ်ရဲ့ သားနဲ့ သမီးတွေအိပ်ပျော်နေတဲ့အချိန် (သက်ကြီးခေါင်းချချိန်) မှာ ဗမာလာပြီ ဗမာလာပြီ ဆိုတဲ့
တိုးပေမယ့် အင်မတန် လန့်စရာကောင်းတဲ့အသံကြောင့် သားတွေသမီးတွေကိုနှိုးပြီး ကိုယ်လွတ်ပြေးကြရ
တာပေါ့။
အဲဒီလို ပြေးနေကြတုန်း ကျုပ်သားက ဝေးပါ့ ငါတို့ဘယ်ကို သွားကြမလို့လဲ လို့မေးတယ်ဗျ။ 
ဟိုး ဘက်ရှေ့က လျှိုထဲကို သွားမယ်လေ သားရဲ့ လို့ပြန်ဖြေတော့ ဘာဖြစ်လို့ ငါတို့သွားရတာလဲ လို့ထပ်
မေးတယ်ဗျ။ ကျုပ်ဘာဖြေရမှန်းမသိတော့ဘူး။ အကောင်းဆုံးအဖြေကတော့ ဗမာတွေလာလို့ပေါ့ ဆိုတဲ့
အဖြေပဲထွက်လာတယ်။ ထပ်မေးပြန်တယ် ဘာကြောင့် ဗမာတွေလာတာနဲ့ ငါတို့ပြေးရတာလဲ တဲ့။
ကဲ အထိရောက်ဆုံး အမှန်ကန်ဆုံး အနီးစပ်ဆုံးအဖြေက ဗမာတွေက ငါတို့ကိုသတ်ဘို့လာတာ မပြေးလျင်
သေမှာပေါ့။ ဒီအဖြေတွေဟာ ကလေးငယ်လေးတစ်ယောက်ရဲ့ နူးညံ့တဲ့နှလုံးသားထဲကို ဘယ်လောက် ထိ
ခိုက်နာကျင်သွားလိုက်မလဲဆိုတာ တွေးကြည့်လိုက်လျင် ပြေးကြည့်စရာတောင်မလိုပါဘူး။
မကြာမတင်မှာပဲ ကျုပ်တို့တရွာလုံး မီးအရှို့ခံလိုက်ရတယ်။ မီးရောင်တွေဟာ ကျုပ်တို့ပုန်းနေတဲ့ လျှိုအထိ
လင်းထိန်နေလိုက်တာများ တစ်ယောက်မျက်နှာ တစ်ယောက် အထင်းသားမြင်ကြရတဲ့အထိပါ။
ကိုယ့်အိမ်မီးရှို့တာခံရပြီဆိုတာနဲ့ ဘယ်လိုကာယကံရှင်တွေကများ ၀မ်းသာအယ်လဲ ဖြစ်မှာတဲ့တုန်း။
ငိုတဲ့လုရှိတယ်။ တက်ခေါက်တဲ့သူရှိတယ်။ ဗမာနံမည်တပ်ပြီး ဆဲရေးတိုင်းထွာမယ် အဲဒါတွေက လက်နက်
မျိုးစုံကို အဆက်မပြတ်ပစ်ခတ်နေတဲ့ ဗမာစစ်တပ်ရဲ့ သေနတ်သံတွေ မီးလောင်တဲ့အတွက် ပေါက်ကွဲတဲ့
အသံတွေနဲ့ အတူထွက်လာတာဆိုတော့ ကျုပ်သားလေးရဲ့ရင်ထဲ ဘာတွေဖြစ်ကျန်ခဲ့မယ်ထင်သလဲ။
အမေငိုနေတာကို တွေ့လိုက်ရတဲ့ကလေးငယ်တစ်ယောက် ဘာလုပ်မယ်ထင်သလဲ။ သူ့အမေကိုပြေးဖက်ပြီး
ငိုပါလိမ့်မယ်။ ငိုနေတဲ့အမေ့ကို တွေတွေကလေးကြည့်ပြီး ရင်ထဲမှာငိုနေပါလိမ့်မယ်။ တသိမ့်သိမ့် ခံစားနေ
ရရှာပါလိမ့်မယ်။
ဗမာစစ်သားတွေ ရွာထဲကနေပြန်ထွက်သွားပြီးလို့ ရွာထဲပြန်ရောက်ပြီဆိုတာနဲ့ မီးလောင်ထားတဲ့ အိမ်တိုင်
မည်းမည်းကြီးတွေ ပြာတွေ မြေအိုးတွေ ထမင်းအိုးတွေ တွန့်လိန်နေတဲ့ သံသေတ္တာတွေ တငွေ့ငွေ့လောင်
နေတဲ့ စပါးပုံထဲက ထွက်လာတဲ့ မီးခိုးတွေ ညှော်နံ့တွေ အဲဒါတွေက ရုပ်ရှင်ထဲမှာမဟုတ်ဘူးလေဗျာ။
သားရေ မကြည့်နဲ့ မျက်စေ့ပိတ်ထားဆိုပြီး လက်ဝါးနဲ့ကာလို့ရတာမှ မဟုတ်တာ။
မီးလောင်လို့ ကောက်ကွေးမည်းသည်းနေတဲ့ လူသေအလောင်းကို ဘယ်လိုလုပ် ချက်ခြင်းဖျောက်ပစ်လို့
ရမှာလဲ။ မီးလောင်လို့ထွက်လာတဲ့ အသားစညှော်နံ့ကို ဘာနဲ့ဖျောက်ပစ်မလဲ။ မီးလောင်ထား တဲ့ငှက်ပျော
ပင် အုန်းပင် ကောက်ရိုးပုံ ဘူးပင် ဖရုံပင် သခွါးပင် ငရုပ်။
အဲဒီလို မြင်ကွင်းမျိုးကို မြင်ရတွေ့ရတဲ့ ကလေးတယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်ဒါဏ်ရာရတာမျိုးကို
ပျောက်ကင်းသွားအောင် လုပ်ဘို့ရာ လွယ်မယ်များထင်သလား။ ဗမာမုန်းတီးရေး ဆိုပြီး ကရင်ကလေး
ငယ်တွေကို သမိုင်းမှိုင်းတိုက်စရာမလိုအောင်ကို ဗမာတွေက လုပ်ပြနေတာမဟုတ်ပါလား။
ကရင်ကလေးတွေ ကြောက်သွားအောင် ဗမာ ဆိုတဲ့အသံကိုကြားရုံနဲ့ ကြောက်ချေးပါအောင်လုပ်ပြလိုက်နိုင်
လို့ ဗမာတွေကိုယ့်ကိုယ်ကို သိပ်ဟုတ်တဲ့ ငါပါလား လို့ စိတ်ကြီးဝင်ပြီး မြောက်ကြွမြောက်ကြွနဲ့ မိခင်တပ်ရင်း
ကိုပြန်အနားမှာ ပန်းကုံးတွေအစွပ်ခံရတာကို ဂုဏ်ယူနေဦးမလို့လား။
ဟိုးလွန်ခဲ့တဲ့ ကရင်ဗမာအဓိကရုဏ်းတုန်းကတော့ ဗမာဘက်နဲ့ကရင်ဘက် လက်နက်တွေသိပ်ကွာကြမယ်
မထင်ဘူး၊ အခုဟာက တဘက်သပ်ကြီး၊ ဘာလက်နက်မျှမရှိတဲ့ ကရင်ရွာသားတွေကို မောင်းပြန်သေနတ်
တွေနဲ့ ပစ်ခတ်သတ်ဖြတ်ပြီး အမျိုးဖြုတ်နေတာ၊ ဗမာစကားပုံတော့ရှိသား ထင်းခွေမကြုံလျှင် ရေခပ်ကြုံမှာ
ပေါ့။
အဲဒါကြောင့် ကရင်မိခင်တွေအနေနဲ့ ကရင်ကလေးတွေကို အိပ်ယာဝင်ပုံပြင်လေးတွေပြောဖြစ်မယ် ဆိုလျင်
တောင် စောစောကပြောခဲ့သလို သူတို့(ကရင်မိခင်)တတွေရဲ့ ဘ၀ဖြတ်သန်းလာခဲ့ကြရပုံတွေကိုသာ ပြော
ဖြစ်ဘို့ များနေမှာအသေအခြာပါ။ ကရင်လေးရဲ့ အသည်းနှလုံးထဲမှာ မင်းတို့ဗမာတွေ မိုး ကောင်းတုန်းရွာ
ထားကြဟေ့ ငါကရင်ကြီးဖြစ်လာမှ မင်းတို့နဲ့တွေ့ကြသေးတာပေါ့ ဆိုတဲ့အမှတ်သညာကို ဘာနဲ့ဖျောက်ပစ်
မလဲ။
ဒါဆိုလျင် ကရင်နဲ့ဗမာ စစ်မှန်ပြီးရေရှည်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးလို့ ပြောပြော ငြိမ်းချမ်းသာယာစွာဖြင့်
အတူတကွယှဉ်တွဲနေထိုင်နိုင်ရေးဆိုတာတွေက လူကြားကောင်းရုံလေးထက် ပိုကဲပြီး ထူးခြားလာမှာမဟုတ်
ပါဘူး။
ကျုပ်ပြောမှာက ကရင့်ရိုးရာကဒတ်မုန့်ပုံပြင်လေးပါ၊ ဘယ်လိုဖြစ်ပြီး ဗမာစစ်တပ်အကြောင်း အမှန်တွေ
ဟောမိသွား အဲလေ ပြောမိသွားလဲမသိဘူး။
ဒီလိုလုပ်မယ်ဗျာ။ ကဒတ်ဥ ပုံတွေ ကဒတ်မုန့်ပုံတွေကို ဓါတ်ပုံနဲ့ပြမယ်။
ပြီးတော့ပုံပြင်ကလေးဘတ်ပြီး ပေါ့ပေါ့ပါးပါး ရယ်(ရီ)ကြတာပေါ့။ နောက်တပတ်ပေါ့နော်။ အခုလောလော
လတ်လတ် အချိန်ကလေးမှာ မေတ္တာရိပ် က ကူးယူထားတဲ့ ကဒတ်အကြောင်းလေး မြည်းစမ်းကြည့်ထား
ကြပါစို့လား။
မြန်မာအမည် - ကဒတ်
မွန်အမည် - KHAR GROPE
ဒေသန္တရအမည် - တောသင်္ဘော
ကဒတ်ပင်သည် ဥတက်ရှိသော နွယ်မျိုး ဖြစ်သည်။
ဥတက် အရောင်ကို လိုက်၍ အဖြူမျိုး၊ အနီမျိုး ဟူ၍ နှစ်မျိုးရှိသည်။
အရွက် ၀ိုင်းသည်။
ရွက်ထိပ် ချွန်၍ သွယ်သည်။
ရွက်ရင်းပိုင်း နှလုံး ပုံသဏ္ဌာန်ုရှိသည်။
ဥတက်မှာ ရှည်၍ အမွေးများရှိသည်။
ချွဲပျစ်သည်။
မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။
ကဒတ်ဥမှာ ချို၍ချွဲသည်။
ကဒတ်ဥကို ဟင်းချိုချက်၍ လည်းကောင်း၊ ကြော်၍ လည်းကောင်း စားသုံးနိုင်သည်။
မိုးရာသီတွင် ပေါများစွာထွက်ရှိသည်။
Copy from http://myittaryaik.blogspot.com
ကျေးဇူးအများကြီးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Tuesday, September 18, 2012
ဗိုလ်ချုပ်မြအဖွဲ့နှင့် န၀တ ငြိမ်းချမ်းဆွေးနွေးပွဲအပြီး ၂၀၀၄ ခုဇန္န၀ါရီလကုန်ပိုင်းက KNU နယ်မြေထဲတွင် တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံပွဲတစ်ခု
ဟစ်တိုင်သတင်းမှ
ဗွီဒီယို၏နောက်ခံအကြောင်းမှာ...
၂၀၀၄ ခုဇန္န၀ါရီလကုန်ပိုင်းက KNU နယ်မြေထဲတွင် တိုင်းရင်းသားကိုယ်စားလှယ်များ တွေ့ဆုံပွဲတစ်ခု ဖြစ်ခဲ့သည်။
တိုက်ဆိုင်စွာပင် ထိုအချိန်က ဗိုလ်ချုပ်မြနှင့်အဖွဲ့သည် န၀တ နှင့် ရန်ကုန်တွင် ငြိမ်းချမ်းရေးဆွေး နွေးပြီး ပြန်ရောက်သည်မှာတစ်ပတ်ခန့်သာရှိသေးသည် ။
KNU အပေါ်အမြင်အမျိုးမျိုး သတင်းအမျိုးမျိုး ထွက်ပေါ်နေခဲ့သည်။
BBC မှ….ဗိုလ်ချုပ်မြသည် အချက် ၆ ချက်ပါသော ငြိမ်းချမ်းရေးစာချုပ်ကို န၀တ နှင့် လက်မှတ်ထိုးချုပ်ဆိုခဲ့သည်ဟု ကြေငြာခဲ့ သဖြင့် ဘာတွေပါလိမ့်ဟု အားလုံးသိချင်နေကြသည်။
တကယ်က ဘာလက်မှတ်မျှမထိုးဖြစ်ခဲ့။
သို့ရာတွင်အစည်းအဝေးရှိ ကိုယ်စားလှယ်အားလုံး သိချင်နေကြသည်မှာ အဓိက တစ်ခုတည်းသာဖြစ်သည် ။
ဘာအခွင့်အရေးတွေများရခဲ့၍ ဘာကြောင့် လွယ်လွယ်သဘောတူခဲ့ကြောင်း ” သာဖြစ်သည် ။
သို့သော် မည်သူမျှ ထိုသို့ပွင့်ပွင့်လင်းလင်းမမေးကြ ကိုယ်တိုင်နားမလည်သော diplomacy တွေများနေကြသည် ။
ပြန်ရှင်းကြသည့် ပဒိုမန်းရှာ နှင့် ဒေးဗစ်ထောတို့ကလဲ ထိုအတိုင်းဖြစ်နေကြသည်။
မရေမရာသံသယများနှင့် အစည်းအဝေး ခေတ္တရပ်နားချိန်ရောက်သွားခဲ့သည်။ KNU အပေါ်သံသယ ရှိသလိုလို ပြစ်တင်ဝေဖန် ချင်သလိုလို ရှိလာသောထိုအနေအထားကို ထိုစဉ်က စတင်၍ကောင်းစွာမကျန်းမမာ ဖြစ်နေသော ဗိုလ်ချုပ်ကြီးမြ လဲ ခံစားမိပုံရသည်။
အစည်းအဝေးခန်းအပြင်အနီးတွင် တစ်ယောက်ထဲထွက်ထိုင် နေသည်။
ကျွန်တော်လဲစိတ်မသက်မသာဖြစ်မိသည်။ ယခု KNU ငြိမ်းချမ်းရေးလက်မှတ်ထိုးသည်ဆိုသည့် သတင်းအရ KNU အပေါ်သံသယရှိသလို မေးမြန်းနေသည့် ကိုယ်စားလှယ်အတော်များများ မှာ န၀တ နှင့် ငြိမ်းချမ်းရေးလုပ်ပြီးသား ကိုယ်စားလှယ်များဖြစ်နေကြသည်။
ထို့ကြောင့် ကျွန်တော်အရဲစွန့်၍ ဗိုလ်ချုပ်မြနား သွားပြီး “ ဗိုလ်ချုပ် ကိုယ်တိုင် တစ်ခုခုပြောမှ ကောင်းတော့မယ်ထင်တယ် ” ဟု လိုရင်း အကြံပြုလိုက်သည်။
သူကဘာမျှပြန်မပြောဘဲ မိမိအားတစ်ချက်ပြန်ကြည့်၍ ခေါင်းညိမ့်ပြီး မျက်နှာလွှဲသွားသည်။
အစည်းအဝေးပြန် စသည်နှင့် သူ့ထုံးစံအတိုင်း ကျွန်တော်ပြောစရာရှိတယ်ဟုဆို၍ ပြောပါလေ တော့သည်။
မြန်မာစကားမရည်လည်သော်လဲ သူ၏ရိုးသားမှုကြောင့် တိုင်းရင်းသားများ၏ အရေးပေါ်လာလျှင် မညီညွတ်ဖြစ်တတ်မှု အခြေအနေ။
န၀တ နှင့်တွေ့ဆုံခဲ့သည့် အနေအထား။ ငြိမ်းချမ်းရေးအပေါ် ဗိုလ်ချုပ်ကြီးမြ၏ ရှင်းလင်းပြတ်သားသော သဘောထားနှင့် စေတနာတို့ကို ကြားရသူများ ရှင်းလင်းစွာ နားလည်နိုင်ကြပါသည် ။
မိမိ၏ နည်းပညာကျွမ်းကျင်မှု အခက်အခဲကြောင့် ဗွီဒီယိုနှစ်ပိုင်းဖြစ်နေပါသည် ။
ဒုတိယပိုင်းဆက်လက်တင်ပြပါမည်။
Monday, August 13, 2012
ကေအဲန်ယူ တပ်မဟာ ၇ဌာနချုပ်က ၆၂ပြည့် ကရင့်အာဇာနည်နေ့ (ရုပ်သံ)
တပ်မဟာ မှူး ဗိုလ်မှူးချုပ် သူရစောဂျော်နီး ဦးဆောင်သည့် ကေအဲန်ယူ တပ်မဟာ ၇၏ ၆၂ပြည့် ကရင့်အာဇာနည်နေ့အခမ်းအနားကို တပ်မဟာ ၇ဌာနချုပ်မှာ စစ်ရေးပြအခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တပ်မဟာမှူး အပါအ၀င် ဖားအံခရိုင် ဥက္ကဌ ပဒို စောအော်မော်အေး၊ အရပ်ဘက် အရာရှိများ၊ တပ်မှူးတပ်ဗိုလ်များနှင့် အကြပ်စစ်သည်များ၊ ပြည်သူလူထုများ တခဲနက် တက်ရောက်ခဲ့ကြသည်။ ယခု ရုပ်သံကို  ကွယ်ကလူမှ ရယူခြင်း ဖြစ်သည်။
Sunday, August 12, 2012
၆၂ကြိမ်မြောက် ကရင်အာဇာနည်နေ့သို့ ပြောကြားသော ဥက္ကဌစောတာမလာဘော၏မိန့်ခွန်း
8 Aug, 2012 8:13 PM
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောတာမလာဘောမှ (၆၂)ကြိမ်မြောက် ကျရောက်သော ကရင်အာဇာနည်နေ့ သို့ ပြောကြားသော မိန့်ခွန်း (မြန်မာ)
ရ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောတာမလာဘောမှ (၆၂)ကြိမ်မြောက် ကျရောက်သော ကရင်အာဇာနည်နေ့ သို့ ပြောကြားသော မိန့်ခွန်း (ကရင်)
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောတာမလာဘောမှ (၆၂)ကြိမ်မြောက် ကျရောက်သော ကရင်အာဇာနည်နေ့ သို့ ပြောကြားသော မိန့်ခွန်း (ပိုးကရင်)
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ စောတာမလာဘောမှ (၆၂)ကြိမ်မြောက် ကျရောက်သော ကရင်အာဇာနည်နေ့ သို့ ပြောကြားသော မိန့်ခွန်း (English)
Monday, July 30, 2012
စောဘဦးကြီး အတ္ထုပ္ပတ္တိ (သမီးဖြစ်သူ(သဲလ်မာကြီး)ကိုယ်တိုင် ရေးသားပြုစုသည်)
စောဘဦးကြီး အတ္ထုပ္ပတ္တိ (သမီးဖြစ်သူ(သဲလ်မာကြီး)ကိုယ်တိုင် ရေးသားပြုစုသည်)
bug-1
ပါးပါးကျဆုံးသွားတာနဲ့  သူပိုင်တဲ့ဟိုင်းကြီးနဲ့  လယ်မြေတွေ အကုန်ဆုံးတော့တာပါပဲ
          ဖူးဖူး(အဘိုး)စောသာမြတ်ကြီးဟာ ပါးပါး (စောဘဦးကြီး)ရဲ့  ဖခင်ဖြစ်ပါတယ်။ အဘိုးဟာလူမှုဝန် ထမ်း စိတ်ဓါတ်ပြင်းထန်သူ တယောက်ဖြစ်ပါတယ်။ အထူးသဖြင့် ကရင်လူမျိုးတွေရဲ့  ပညာရေးကို မြှင့် တင်လို စိတ်ရှိ သူတဦး ဖြစ်ပါတယ်။ အဲဒီမြှင့်မြတ်တဲ့ မျိုးချစ်စိတ်ကို သူရဲ့ သားသမီး (၄)ယောက်ကို အ မွေအဖြစ်ပေးခဲ့ပါတယ်။ ဖူးဖူးဟာ ချမ်းသာတဲ့ လယ်ရှင်တဦးဖြစ်ပေမဲ့  မြို့ ပြလူနေမှုစနစ်ကို မနှစ် သက် ပါဘူး။ သာမန်လယ်သမားတွေနဲ့  အတူ သူရဲ့  ဇာတိဖြစ်တဲ့ ဘဲကရက်ရွာ(ပုသိမ်မြို့ အနီး)မှာ နေရတာ ကို ပိုနှစ်သက်ပါတယ်။ အန်တီရဲ့  ကလေး ဘ၀ကို မှတ်မိပါသေးတယ်။ အန်တီရဲ့ လက်ကိုဆွဲပြီး ဖူးဖူး ဟာ သူရဲ့ လယ်တဲ ခေါ်သွားတယ်။ ပြီးတော့ တည် ငြိမ်လေသံနဲ့ “ဖိုးမူးလေး (သမီးလေး)မင်းမျက်စိတ ဆုံး မြင်ရတဲ့လယ်တွေဟာ ဒို့ မိသားစုအားလုံးပိုင်တယ်”လို့ ပြောဖူးပါတယ်။ ဖူးဖူးဟာ ပစ္စည်းဥစ္စာနဲ့  ဇိမ်ခံတတ်သူမဟုတ်သလို အိမ်ကိုလည်း တခန်းတနားဆင်ပြင်တတ်သူ မဟုတ်ပါဘူး။ လူကြီးတဦးအနေနဲ့  လယ်သမားအားလုံးကို မျှတကြင်နာတဲ့ စိတ်နဲ့ အမြဲတမ်းဆက်ဆံပါတယ်။
          ပုသိမ်မှာ ရှိတဲ့ စကောကရင်အထက်တန်းကျောင်းကို အမြဲကူညီပါတယ်။ ကိုသာဖြူကျောင်း ဟောင်း ဟာ အရင် သစ်သားအဆောက်အဦးကို လူ(၂၀၀၀)ဆန့် တဲ့ ကွန်ကရစ်အဆောက်အဦးဖြစ် လာအောင် ဆောင် ရွက်ပေးခဲ့ပါတယ်။ ပုသိမ်တနယ်လုံးဟာ ဒီကျောင်းကို အားကိုးအားထားပြုရပါ တယ်။ ဒါဟာ ပါးပါး (စောဘဦး ကြီး)မိသားစုရဲ့  နောက်ခံသမိုင်းကြောင်းတခုဖြစ်ပါတယ်။ သူတို့ မိ သားစုအားလုံး တာဝန်သိပြီး စည်းလုံးကြပါ တယ်။
          ပါးပါး (စောဘဦးကြီး)ကို ၁၉၀၃ ခုနှစ် အောက်တိုဘာလ (၇)ရက် မှ မွေးပါတယ်။ အထက်တန်း ပညာ ကို မော်လမြိုင်နှစ်ခြင်းခရစ်ယာန်အထက်ကျောင်းမှာ သင်ယူခဲ့ပါတယ်။ (အဲဒီတုန်းက ကျောင်း ဆရာအများစု ဟာ အင်္ဂလိပ်လူမျိုးတွေဖြစ်ပါတယ်။) တိုက်ဆိုင်မှုတခုကို ပြောရရင် ပါးပါးရဲ့  သမိုင်း ဆရာမ မစ္စ(စ်)ဂျုံး Mrs J0n es ဟာ အန်တီကို “ကလောမြို့ ”မှာ စာသင်ပေးခဲ့ပါတယ်။ ဖူးဖူး (စောသာ မြတ်ကြီး)ဟာ ပါးပါး(စောဘဦးကြီး)နဲ့  သူ့ ဝမ်းကွဲညီ(စောဖေသာ)တို့ ကို အင်္ဂလန်လွှတ်ပြီး ဥပဒေပညာ သင်စေခဲ့ပါတယ်။ ပါးပါးဟာ အဲဒီတုန်းက အ သက် (၁၇)နှစ် မပြည့်တတ်သေးပါဘူး။
          နာမည်ကြီး အောက်စဖိုဒ့်(OXFORD) နဲ့ ကင်းဘရစ် (CAMGRIDGE) တက္ကသိုလ်တွေမှာ ပညာသင်ဖို့  အတွက် လက်တင် (Latin) လက်တင်ဘာသာတတ်ဖို့  လိုပါတယ်။ ပါးပါးဟာ အိမ်တလုံး ရှာနေတယ်။ ဆရာ တယောက်နဲ့ (Latin)ဘာသာသင်ယူတယ်။ ပြီးတော့ (CAMBRIDGE) တက္က သိုလ်က မက်ဒလင်းကောလိပ် (MAGDALENECOLLEGE)မှာ ဥပဒေပညာ သင်ယူပါတယ်။ (၄)နှစ် ကြာပါတယ်။ ကျောင်းပိတ်တိုင်း သူငှား ထားတဲ့အိမ်ကို ပြန်လာလေ့ရှိတယ်။ အင်္ဂလန်နဲ့ ဗြိတိသျှအင်ပါ ယာတခုလုံးမှာ ရှေ့ နေလိုက်နိုင်ဖို့ နဲ့ အထက် တရားရုံးမှာ (ဗဟိုတရားရုံး) လိုက်နိုင်ဖို့  လန်ဒန်မြို့ က မစ်ဒယ်တင်ပယ် (MiddleTimple) မှာ ဥပဒေ ထပ်သင်ရပါတယ်။ ၁၉၂၉ ခုနှစ်မှာ ပါးပါးဟာ အင်္ဂလန်ရဲ့ အဆင့်မြင့် ဆုံးဥပေးပညာရှင် (BARDISTER AT LAW) ဖြစ် လာတယ်။ အဲဒီနှစ်မှာဘဲ မာမီ (Renee Kemp) နဲ့  အိမ်ထောင်ပြုတယ်။
          သားတယောက်နဲ့  သမီး(အန်တီ)တယောက် ထွန်းကားပါတယ်။ တရားရုံးချုပ်ရှေ့ နေဖြစ်တဲ့နှစ် မှာ အန် တီကို မွေးပါတယ်။ အဲဒီနှစ်မှာပဲ အန်တီတို့  မိသားစုအားလုံး မြန်မာနိုင်ငံကို ပြန်လာကြပါ တယ်။ ဦးလေး (စောဖေသာ)လဲ သူ့ ရဲ့ စကော့လူမျိုးဇနီးသည် ဂျင်း(Jean)နဲ့ အတူ ပြန်လာပါတယ်။ ပင်လယ် ခရီးဖြစ်ပါတယ်။ (စောဖေသာ ဟာ ဒုတိယကမ္ဘာစစ်တွင်းက ၀န်ကြီးအဖွဲ့ ဝင်တဦးဖြစ်ပါတယ်။ သူနဲ့ သူ့ ရဲ့  ဇနီးသားသီးတွေဟာ သခင်တချို့ ရဲ့ နောက်လိုက်တွေရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာ ခံခဲ့ ရတယ်။ သူရဲ့  သားတဦးဘဲ လွှတ် မြောက်သွားပါတယ်။ ကရင်-ဗမာအဓိဂရုဏ်းရဲ့ အစပိုင်းဖြစ်ပါ တယ်။
          ပါးပါးကတော့ ပုသိမ်မြို့ မှာ ရုံးခန်းဖွင့်ပြီး အမှုလိုက်ပါတယ်။ သူ့ ရုံးခန်းဟာ အလွန်ကျော်ကြား တဲ့ ကရင် ခေါင်းဆောင် ဆရာဝန်ကြီး ဆာဒေါက်တာ စံစီဖိုး(Sir DR San C.Po) (Saw Crombe Po) ရဲ့  ဆေးခန်းနဲ့  ကပ် ရက်ဖြစ်ပါတယ်။ သူ့ ရက်ရည်ရွယ်ချက်အတိုင်း ကရင်လူမျိုးတွေအတွက် အဓိက ထား အကျိုးဆောင်ခဲ့ပါတယ်။ နိုင်ငံရေးလုပ်ဖို့ လုံးဝ စိတ်မပါခဲ့ပါဘူး။ အချို့ တွေ ဖေါ်ပြတဲ့ (၁၉၃၇)ခုနှစ် မှာ သူဟာ အစိုးရအဖွဲ့ ဝင်ဖြစ်ခဲ့တယ် ဆိုတဲ့အချက်ဟာ မမှန်ပါဘူး။ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ခဲ့ တယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ (၁၉၀၅)ခုနှစ် မှာ မွေးတယ်ဆိုတာလဲ မှားပါတယ်။ သူဟာ အားကစား သမားကောင်းတယောက် ဖြစ်ပါတယ်။ မြင်းစီးကျွမ်း ကျင်တယ်။ ရေကူးလည်းကောင်းတယ်။ ဂေါက်သီး ကစားတာကို အလွန်နှစ်သက်ပါတယ်။ ကရင်အမျိုးသား ဘောလုံးအသင်းမှာ ပါဝင်ကစားခဲ့တယ်။ သမီး တယောက်အနေနဲ့  အားကစားဘေးကွင်းကနေ သူ့ ကို အားပေး ခဲ့တာကို မှတ်မိနေတုန်းပါပဲ။ အိမ်ထဲ မှာ အားကစားခန်းလုပ်ပေးထားတယ်။ ကိုယ်ခံပညာတတ်တယ်။ အန်တီ အစ်ကို ကို လက်ဝှေ့ သင်ပေး တယ်။
          ကိုယ်ခံပညာနဲ့ ပတ်သက်ပြီး ပါးပါးရဲ့ စိတ်ဓါတ်ကို ပြောပြချင်တယ်။ အဲဒီတုန်းက “ကလော” ကျောင်း ဆောင်ကနေ အိမ်ပြန်လာတဲ့နေ့ ပေါ့။ အစ်ကိုဟာ ကျောင်းသားချင်းရန်ဖြစ်ပြီး ထိုးကြတယ်။ သူ့ မျက်နှာမှာ အညိုအမဲတွေနဲ့ ဖြစ်နေတယ်။ “ဖိုးခွါး ဘယ်လိုဖြစ်လာတာလဲ” လို့  ပါးပါးက မေးတယ်။ “ရန်ဖြစ်လာတယ်”လို့  အစ်ကို (Michkel) က ဖြေတယ်။ ဟိုကောင်တွေရော ဘယ်လိုလို့ လဲ ပါးပါးက မေးပြန်တယ်။ သူတို့  ကျနော့် ထက် ပိုခံရတယ် လို့  အစ်ကို က ပြောတယ်။ ဒါဟာ ပါးပါးရဲ့  စိတ်ဓါတ် ပါ။ “သည်းခံတာကို လေးစားပေမဲ့ စော် ကားတာကိုတော့ လက်မခံဘူး” လူဟာ ကိုယ့်ကိုယ်ကို ခုခံနိုင် ရမယ်လို့  ပြောပါတယ်။
          ဖူးဖူးပိုင်တဲ့ ဟိုင်းကြီးကျွန်းကို အန်တီတို့  အပျော်ခရီးထွက်လေ့ရှိတယ်။ ပါးပါးဟာ သူ့ မိတ် ဆွေတွေနဲ့  အမဲပစ်တယ်။ ကျွန်းပေါ်က အိမ်ခြံဝင်းနားကို တောကျွဲတွေကပ်လာရင် လောက်လေးနဲ့  ပစ်ခြောက်လေ့ရှိတယ်။ အန်တီတို့  ပင်လယ်ကမ်းစပ်မှာ နေ့ တိုင်း ရေကူးကြတယ်။ အုန်းနုရေ သောက် ကြတယ်။ငယ်ငယ်တုန်း က ပျောစရာအချိန်တွေကို သတိရနေတုန်းပါပဲ။
Friday, July 27, 2012
၁၉ဇူလိုင်ကို မမေ့နိုင်ကြသလို သြဂုတ် ၁၂ကိုလည်း မမေ့သင့်ပါ
at 
လာမည့် သြဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသား အာဇာနည်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင့်အာဇာနည်နေ့ ဖြစ်ပေါ်လာရသည့် အကြောင်းကို စာဖတ် သူများအတွက် ဖော်ပြလိုက်ပါသည်။ “ဓါးကိုဖျက်ဝါးမျက်၊ လူကိုဖျက်အရက်၊ အမျိုးသားတော် လှန်ရေးကိုဖျက် အမျိုးသားသစ္စာဖေါက်နှင့် အချောင်သမား“ အောင်ပွဲသည် တိုက်ရဲသူအတွက် ဖြစ်သည်(အာဇာနည်မျိုး သေရိုးမရှိပါ)
ကရင့်အမျိုးသားအာဇာနည်နေ့ (MARTYRS DAY)နေ့ ဖြစ်ပေါ်လာပုံ
၁၉၅၀ ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့သည် ဥက္ကဌ စောဘဦး ကြီး၊ ဗိုလ်ချုပ်စိုင်းကေနှင့် အပေါင်းပါတို့သည် တော်လှန်ရေး တာဝန်ထမ်းဆောင်ရင်း ကရင်အမျိုးသားသစ္စာဖေါက် ထီးစွမ်း ရွာသား မောင်အဲ၏သစ္စာဖေါက်မှုကြောင့် နဘူးမြို့နယ် ထို ကော့ကိုးကျေးရွာအနီး လယ်တဲတတဲတွင် ရန်သူ၏ ၀ိုင်းရံပစ် ခတ်မှုများခံရရာ အင်အားမမျှသော်လည်း သူကိုယ်တိုင် ချမှတ်သည့် မူ (၄)ချက်အရ ရန်သူကို အရှုံးမပေး လက်မမြှောက်ဘဲ ရှိသည့်လက်နက်များဖြင့် ရဲရင့်ပြတ် သားစွာ ပြန်လှန်ခုခံတိုက်ခိုက်ရင်း ဂုဏ်ပြောင်မြောက်စွာ ကျဆုံးသောနေ့ဖြစ်သည်။ ထို သြဂုတ်လ (၁၂)ရက်နေ့ကို ကရင့်အမျိုးသား အာဇာနည်နေ့ဟု သတ်မှတ်လျှက် ဥက္ကဌ စောဘဦးကြီးကို ရည် ညွှန်းသည် သက်သက်မဟုတ်ဘဲ ကရင့်လက်နက်ကိုင် တော်လှန်ရေးတွင် ဂုဏ်ပြောင်စွာ အသက်ပေးလှူသွား သူများအားလုံးကို ရည်ညွှန်းချီးကျူး ဂုဏ်ပြုသောနေ့ ဖြစ်သည်။
ဥက္ကဌစောဘဦးကြီးသည် ၁၉၅၀ ခုနှစ် ဇူလိုင်လ (၁၇)နေ့မှ (၁၉)ရက်နေ့အထိ ဖါပွန်မြို့တွင် ကျင်းပသော အမျိုးသားညီလာခံကို ဦးဆောင် ကျင်းပခဲ့သည်။ ထိုညီလာခံအပြီးတွင် သူ၏ ကျော်ကြားသော ဘဦးကြီးမူ (၄) ချက်ကို တရားဝင်ရေးသားပြီး ၎င်းအချိန် မော်ချီးတွင် ရှိသည့် ကော်သူးလေ အသံလွှင့်ဌာနတွင် ကြေငြာလေ သည်။
၎င်း၏ မူ (၄)ချက်မှာ…….
၁။ လက်နက်ချစကားအလျဉ်းမပြောရ
၂။ ကရင့်လက်နက်ကရင့်လက်ထဲတွင်ရှိရမည်
၃။ ကရင့်ကံကြမ္မာကရင်ဖန်တီးမည်
၎။ ကရင်ပြည်ကိုအသိအမှတ်ပြုခြင်းပြီးပြည့်စုံစေရမည်
၎င်းကျော်ကြားသော မူ (၄)ချက်ကို ကြေငြာပြီးသည့်နောက် အရေးကြီးကိစ္စအတွက် ကော့ကရိတ်ဘက်ဆင်း သွားသည်။ မိုးသည်ထန်စွာ ရွာသွန်း၍ ချောင်းရေများလည်းကြီးသည့် အချိန်ဖြစ်သည်။ တာဝန်ကို လေးစားခြင်း၊ မိမိအမျိုးသားများကို လုံးဝယုံကြည်ခြင်းများကြောင့် တပ်စိတ်တစိတ်နှင့် မိုးထဲရေထဲ ခရီးဆက်ခဲ့သည်။
ထိုအခါ နဘူးမြို့နယ်တ၀ိုက် အထူးသဖြင့် ထိုကော့ကိုးနှင့် အနီးအနားတွင် တာဝန်ကျသော ကရင်တပ်မှ တပ်ခွဲ မှူးတဦးသည် တော်လှန်ရေးလုပ်သည်မဟုတ်ဘဲ တော်လှန်ရေးဆန့်ကျင်ရေး၊ လူထုဆန့်ကျင်ရေးများစွာ လုပ် သည်။ အနီးအနားကျေးရွာများလည်း ငုံ့ခံကြလေသည်။ ထီးစွမ်းရွာသား မောင်အဲသည် ဥက္ကဌစောဘဦးကြီး ထို ကော့ကိုးကျေးရွာသို့ ရောက်သွားသော် ကောင်းစွာကြိုဆိုသယောင်နှင့် သတင်းများကို တိကျစွာယူပြီး နဘူးမြို့ရှိ ရန်သူတပ်ကို သွားရောက်သတင်းပေးရာ ရန်သူလည်းညအချိန်တွင် မိုးထဲရေထဲ အတင်းချီတက်၍ ဥက္ကဌစောဘ ဦးကြီးနေသည့် တဲကို ၀ိုင်းထားလျှက် နံနက်ဝေလီဝေလင်းအချိန်တွင် အတင်းတိုက်ခိုက်လေတော့သည်။ ဥက္ကဌ စောဘဦးကြီးသည် အင်အားနည်းသော်လည်း အညံ့မခံဘဲ ပြန်လှန်ခုခံတိုက်ခိုက်ရင်း ဂုဏ်ပြောင်စွာ အသက် ပေးလှူရသွားလေသည်။
သစ္စာဖေါက် မောင်အဲအနေနှင့် ဥက္ကဌစောဘဦးကြီးမရှိက ကရင့်တော်လှန်ရေးကျဆုံးမည်ဟုတွက်သည်။ သို့ သော်သူထင်သည့်အတိုင်း မဟုတ်ဘဲ တော်လှန်သည့် သူရဲကောင်းစိတ်ဓါတ်ဖြစ်သည့် တဗိုလ်ကျ တဗိုလ်တက် စိတ်ဓါတ်ဖြင့် တရားမှန်ကန်သော ကရင့်တော်လှန်ရေးသည် ယနေ့ထိတိုင် ရန်သူ့ထံအညံ့မခံ အရှုံးမပေးဘဲ ကြံ့ ကြံ့ခံကာ တော်လှန်ရပ်တည်လျှက်ရှိသည်။
ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီး စောဘဦးကြီးနှင့်တကွ ကရင့်တော်လှန်ရေး ရဲဘော်အပါင်းကို ဦးညွတ်ဂါရ၀ပြုလျှက်။
Friday, July 20, 2012
Mu-Yeh-Peh (ကရင့်ရာဇ၀င်ထဲက အလှဘုရင်မလေး မူးယယ်ဖဲ)
Mu-Yeh-Peh
ကရင်အမျိုးသားသီချင်းသံစဉ်ပြုစုခဲ့သူ စောသာအေးကြီး
ကရင်အမျိုးသားသီချင်းသံစဉ်ပြုစုခဲ့သူစောသာအေးကြီး
၁၉၃၀-၄၀ ခှနှစ်များတွင် ကရင်နှစ်သစ်ကူးနေ့၊ ကရင်အမျိုးသားသီချင်း၊ ကရင်အမျိုးသားအလံတော် ပေါ်ထွန်းရေးအတွက် "ဒေါကလူ" ၏ဥက္ကဌဖြစ်သူ ဆရာစံဘော်က အစီအစဉ်ပြုလုပ်၍ တောင်းဆိုရရှိခဲ့သည်။
ထိုသို့တောင်းဆိုရရှိခဲ့သော အခွင့်အရေး(၃)ခုအနက် ကရင်အမျိုးသားတစ်ရပ်လုံးကိုကိုယ်စားပြုသော ကရင်အမျိုးသားသီချင်းသည်လည်း အရေးပါလှကြောင်း တွေ့ရှိရပါသည်။ ကရင်အမျိုးသားသီချင်းကို စောစံဘနှင်စောသာအေးကြီးက ရေးသားတင်ပြခဲ့ရာ "ဒေါကလူ" အသင်းကြီးမှ ကရင်အမျိုးသားခေါင်းဆောင်ကြီးများက လက်ခံအတည်ပြုလိုက်သဖြင့် ကရင်အမျိုးသားသီချင်းဟူ၍ ပေါ်ပေါက်လာခဲ့သည်။
ကရင်အမျိုးသားသီချင်း
(အရှေ.ပိုးကရင်စာသားဖြင့်)
ယ်ုဖႜုံဆိုဒ် ယ်ုဝေ့ဟှေး
ဆ်ုလ်ုအ်ုဟှေဝ်ဍောဟ်ထုက်
ယ်ုအဲဍောဟ်ဏ်ု
ဏ်ုအဲဆ်ုတ၀်ဆ်ုလံင်
ဖႜုံမဲုဏ်ုအဲထုင်ဆိုင့်
ဏ်ုဆ်ုအ်ုဟှေဝ်ကိုဝ့်မိင်ဏှ်
ယ်ုအဲဍောဟ်မာၟ
(အနောက်ပိုးကရင်စာသားဖြင့်)
ယဖ်ိဨဆဵံဩယ၀႔ဈဧ့
ပွလဵအဂ႔ဩဒိဵထုှ
ယအဲဵဒိဵနဵဩ
နအဲဵဆဵတီဩဆဵလီဨ
ပွမံြဩနအဲဵထိးဆဵႚ
နဆဵအဂ႔ဨကိ႞မိဨနီဵ
ယအဲဵဒိဵမှ
(စကောကရင်စာသားဖြင့်)
ယပွၯကလုာ္ယဲဧဿ
ပွၯလဿအဂ႔ၯကတဿဿ္
ယအဲဢ္ဒိဢ္နၯ
နအဲဢ္တဿ္တီတဿ္လိၯ
တမွံၯနအဲဢ္တူဿ္လိာ္
နတဿ္အဂံၯကိးမိႜ
ယအဲဢ္ဒိဢ္မး.
(ကရင်အမျိုးသားသီချင်းအဓိပ္ပာယ်)
အို...ကျွန်ုပ် ကရင်အမျိုးသားအပေါင်းတို့
အကောင်းဆုံးသူအသင့်အား
ကျွန်ုပ် အလွန်ချစ်ခင်မြတ်နိုးပါ၏။
အသင်သည်ဖြောင့်မတ်ခြင်းကိုမြတ်နိုးတတ်၏
ဧည့်ဝတ်ကျေပွန်တတ်သူလည်းဖြစ်ပါ၏
သင်၏ကောင်းခြင်းအဖြာဖြာကို
ကျွန်ုပ်ချစ်ခင်မြတ်နိုးလှပေသည်။
(ကရင်အမျိုးသားသီချင်းသံစဉ်ပြုစုခဲ့သူစောသာအေးကြီး၏ ဘ၀ဖြစ်စဉ်မှတ်တမ်း)
လ ၁၉၀၂ခုနှစ်တွင် ပုသိမ်မြို့နယ်၊ မကြီးလဟာကျေးရွာတွင် မွေးဖွားခဲ့သည်။
လ ၁၉၂၂ခုနှစ်တွင် ပုသိမ်မြို့၊ တိုင်တစ်ရာအထက်တန်းကျောင်းတွင် (၁၀) တန်းအောင်မြင်ခဲ့သည်။
လ ၁၉၂၄ မှ ၁၉၂၇ခုနှစ်အထိ ရန်ကုန်ဂျက်ဆင်ကောလိပ်တွင် I.Sc အောင်ပြီး B.Sc (ပ)နှစ်အထိ သင်ကြားခဲ့သည်။
လ ၁၉၂၈ မှ ၁၉၃၂ခုနှစ်အထိ မန္တလေးစိုက်ပျိုးရေးကောလိပ်တွင် ဘွဲ့ရကျောင်းပြီးသည်အထိ ပညာသင်ကြားခဲ့သည်။
လ ၁၉၃၃ မှ ၁၉၄၀ခုနှစ်အထိ ပုသိမ်မြို့တွင်စိုက်ပျိုးရေးမြို့အုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
လ ၁၉၄၁ မှ ၁၉၄၆ခုနှစ်အထိ ပုသိမ်ခရိုင်စိုက်ပျိုးရေးဝန်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
လ ၁၉၄၇ မှ ၁၉၅၇ခုနှဏ်အထိ နိုင်ငံတော် ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ (SAMB) တွင်အမှုဆောင်အရာရှိ (E.O) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
လ ၁၉၅၉ခုနှစ်၊ အသက် (၅၇)နှစ်တွင် မြောင်းမြမြို့နယ်၊ ရေတွင်းရေကန်ရွာတွင် ကွယ်လွန်သည်။ ကရင်အမျိုးသားသီချင်းသံစဉ်ကို စောစံဘနှင့်အတူပြုစုခဲ့သည်။
ကရင်တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးပြဿနာများ
တစ်ချိန်တုံးက အတော်ပင်စည်းလုံးညီညွတ်ခဲ့သော ကရင်လူမျိုးတို့သည် ကျွန်ုပ်တို့လက်ထက်သို့ ရောက်သောအခါ စည်းလုံးမှုအတော်ပင် ယိုယွင်းလာကြောင်း လေ့လာသိရှိရသည်။
တို့ကရင်လူမျိုးတွေ ပြန်လည်စည်းလုံးညီညွတ်ဖို့အတွက် ကရင်လူမျိုးတွေဟာ ကိုယ်ကရင်ဖြစ်ရတာကို ဂုဏ်ယူတတ်ရမည်။ ဂုဏ်ယူနိုင်ရပါမည်။ ဒီကနေ့ အခြေအနေအရ ကရင်လူမျိုးတွေရဲ့ အနေအထားကို ကြည့်ရသည်မှာ အားရစရာမရှိဘူးလို့ ပြောရမှာ ဖြစ်ပါသည်။ ကရင်တချို့လည်း ဒီလိုခံစားချက်မျိုးရှိတာ တွေ့ရပါသည်။ ကရင်လူမျိုးတွေဟာ ကိုယ်ကရင်လူမျိုးဖြစ်ရတာကို ဂုဏ်ယူရမှန်း သိတဲ့အချိန်မှာ ကရင်အမျိုးသားတွေရဲ့ အသိနဲ့ဘ၀ဟာ အရှိန်အဟုန်နဲ့ မြင့်မားတိုးတက်လာဖို့လိုပါတယ်။ ကရင်လူမျိုးတွေဟာ ကိုယ်ကရင်လူမျိုးဖြစ်ရတာကို ဂုဏ်ယူတတ်အောင် ကရင်တွေရဲ့ လူမှုဘ၀ကို မှန်မှန်ကန်ကန်သိလာမှ အဲဒီအသိက ကရင်တစ်မျိုးသားလုံးရဲ့ ဘ၀နဲ့အမြင်ကို ရှေ့တန်းရောက်အောင်တွန်းပို့ရမှာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ကရင်လူမျိုးတွေဟာ မူလကတည်းက စည်းလုံးညီညွတ်သော လူမျိုးဖြစ်ပါသည်။ ''၀ံသာနုရက္ခိတတရား'' ဆိုတဲ့စကားကို မကြားဘူးကြပေမဲ့ မိမိလူမျိုးကို မိမိစောင့်ရှောက်ရမည် ဆိုတာကို ကိုယ်တိုင်သိပြီး ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်တဲ့ လူမျိုးတွေဖြစ်တယ်။ ဥပမာအားဖြင့် ကရင်လူမျိုးတွေဟာ ကိုယ့်လူမျိုးအချင်းချင်းကိုပဲ လက်ထပ်ထိမ်းမြားကြတယ်။ မောင်နှမ၀မ်းကွဲအထိ အချင်းချင်းလက်မထပ်ကြရဘူး။ မောင်နှမ သုံးဝမ်းကွဲပြီဆိုရင်တော့ လက်ထပ်ယူကြတယ်။ အဖေနှင့် အမေဘက်မျိုးတွေဟာ သိပ်ပြီးသွေးဝေးသွားလျှင် သူစိမ်းတွေလို ဖြစ်သွားနိုင်တာမို့ နီးစပ်အောင် ပြန်ပြီးလက်ထပ်ပေးကြတယ်။ ကရင်လူမျိုးတွေမှာ ဒီအခြေခံတွေက ရှိနေခဲ့ပြီဖြစ်တဲ့အတွက် အမြဲစည်းလုံးနေသော လူမျိုးဖြစ်တယ်လို့ ဆိုလိုချင်ပါတယ်။
ကရင်လူမျိုးတွေရဲ့ အချင်းချင်းအိမ်ထောင်ချပေးတဲ့နည်းသည် အမျိုးကိုထိန်းသိမ်းပြီး စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခြင်းဖြစ်သလို တစ်မျိုးသားလုံး၏ ညီညွတ်ရေးကိုကြတော့ ကိုးကွယ်တဲ့ဘာသာက ထိန်းထားပြန်ပါသည်။ ဘိုးဘွားတို့၏ ပြောပြချက်အရ ကျွန်ုပ်တို့ ကရင်လူမျိုးတွေဟာ မူလက နတ်ကိုပဲကိုးကွယ်ကြပြီး နောက်ပိုင်းကျမှ ဒီနေ့ကိုးကွယ်နေကြတဲ့ ဘာသာတွေကို ကူးပြောင်းကိုးကွယ်ကြပါသည်။ ရှေးခေတ်က ကရင်တွေရဲ့ ထုံးဓလေ့နဲ့ ကိုးကွယ်မှုတွေကြောင့် ကရင်တွေဟာ စည်းလုံးညီညွတ်ခဲ့ကြတယ်။ ဗမာနဲ့မွန်ဘုရင်တွေရဲ့လက်အောက်မှာ အုပ်ချုပ်ခံတွေအဖြစ် နေကြရပေမဲ့ ဗမာ၊ မွန်တွေနဲ့ ဘာမှပြဿနာမဖြစ်ခဲ့ဘူး။ ပြဿနာကိုရှောင်တတ်တဲ့ လူမျိုးဖြစ်တဲ့အတွက် ကရင်လူမျိုးတွေရဲ့ဘ၀ဟာ အေးငြိမ်းတယ်။ လူမှုရေးဘ၀ တိုးတက်မှုအပိုင်းကြတော့ နိမ့်ကျတယ်လို့ ယူဆရပါတယ်။
ဒီလိုစည်းစည်းလုံးလုံးနဲ့ အေးအေးငြိမ်းငြိမ်းနေခဲ့ကြတဲ့ ကရင်တွေဟာ အင်္ဂလိပ်တွေ ဒီမြေပေါ်ခြေချတဲ့အချိန်ကစပြီး စည်းလုံးညီညွတ်ရေးဟာ တဖြည်းဖြည်းချင်း ယိုယွင်းပျက်စီးလာပါသည်။ အင်္ဂလိပ်တွေဟာ ကရင်တွေကို ပညာတတ်တွေဖြစ်အောင် စာတွေသင်ကြားပေးတယ်။ ကရင်စာပေကို တီထွင်ပေးခဲ့တယ်။ ပြည်သူ့ဝန်ထမ်းလုပ်ငန်းတွေမှာလည်း ပါဝင်နိုင်အောင် ဆောင်ရွက်ပေးခဲ့တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မှားသည်၊ မှန်သည်ကိုတော့ ပြောလို့မရပါ။ ကရင်စာပေကို တီထွင်ပေးလိုက်တဲ့အတွက် အင်္ဂလိပ်တွေကို ကျေးဇူးတင်ရမလို၊ သူတို့ရဲ့လုပ်နည်းလုပ်ဟန်ကိုလည်း သံသယဖြစ်မိပါသည်။
ကျွန်ုပ်တို့ကရင်လူမျိုးတွေဟာ ရှေးရှေးကာလထဲက ဘုရားကိုကိုးကွယ်လာခဲ့ကြတဲ့ သူတွေပါ။ အင်္ဂလိပ်တို့က မသိသလိုလုပ်ပြီး ကရင်တို့ရဲ့ ကိုးကွယ်မှုကို ယဇ်နတ်ပူဇော်တယ်လို့ ဆိုကြပါတယ်။ ဘိုးဘွားတို့က ဘုရားအလုပ်၊ တရားအလုပ် လုပ်ကြတဲ့အခါမှာ ပြင်ပ ပယောဂတွေ မနှောင့်ယှက်နိုင်အောင် ကျွေးမွေးခြင်းဖြစ်ပါသည်။ ကိုးကွယ်တာမဟုတ်ပါ။ အင်္ဂလိပ်တို့က အချို့သောကရင်လူမျိုးတွေကို ဘုရားသခင်နဲ့ထိတွေ့နိုင်အောင် လုပ်ပေးခဲ့သည်။
အင်္ဂလိပ်တို့က ကက်သလစ်ကောင်းတယ်၊ မက်သဒစ်ကောင်းတယ်၊ ဘက်ပ်တစ်ကောင်းတယ်၊ စနေသင်းကောင်းတယ် ဆိုပြီး တစ်ခုပြီးတစ်ခု ယူလာကြသည်။ ကရင်တွေကလည်း အမှန်ပြောပြီး အမှန်လုပ်ကြတဲ့လူတွေ ဖြစ်တဲ့အတွက် သူတို့ပြောတာကို ယုံပြီးအထင်ကြီးခဲ့သည်။ ခုတော့ အမြဲတမ်းလိုလို စည်းလုံးညီညွတ်ခဲ့ကြတဲ့ ကရင်တွေဟာ အကွဲကွဲအပြားပြား ဖြစ်ကုန်ကြသည်။ ကရင်လူမျိုးတွေမှာ ယုံကြည်ကိုးကွယ်မှု မတူညီဘဲရှိကြပါတယ်။ ဘယ်လိုအကြောင်းမျိုးနှင့် ကြံကြိုက်သည်ဖြစ်စေ ''နင်ဟာခရစ်ယာန်ကို ရှိခိုးတဲ့သူလား၊ ဗုဒ္ဓကိုရှိခိုးတဲ့သူလားလို့'' မေးတဲ့အမေးမျိုးဟာလည်း အထင်အမြင်လွဲပြီး ပြဿနာဖြစ်တတ်တာမို့ ရှောင်သင့်ပါတယ်။ မိမိနှစ်ခြိုက်ကိုးကွယ်သော ဘာသာကြီးကို လိုလားသောကြောင့် အခြား ဘာသာမတူသောသူတစ်ယောက်အား ''ဒို့ဘာသာထဲဝင်ပါလား'' ဆိုတဲ့အသုံးအနှုန်းဟာ ဆက်ဆံရေးကို ပျက်ပြားစေနိုင်ပါသည်။
ဒါကိုကြည့်ခြင်းအားဖြင့် ကရင်လူမျိုးတွေရဲ့ စည်းလုံးညီညွတ်ရေးဟာ အင်္ဂလိပ်တွေ မြန်မာပြည်ထဲ ၀င်ရောက်လာတဲ့အချိန်ကစပြီး ယိုယွင်းပျက်စီးလာတယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။ အင်္ဂလိပ်တွေက ပညာရှင်တွေဖြစ်တယ်။ တော်တယ်။ သူတို့ မြန်မာပြည်ကို လာကြတဲ့အခါမှာ ဘာသာစကားဆိုင်ရာ ကျွမ်းကျင်သူ၊ ကိုးကွယ်မှုဆိုင်ရာ ကျွမ်းကျင်သူ၊ မြန်မာအရေးကျွမ်းကျင်သူ၊ ကရင်အရေးကျွမ်းကျင်သူ ဆိုပြီး ပါလာကြတယ်။ ဒီတော့ သူတို့ဟာ တစ်ကယ်တမ်း ကရင်တွေကိုချစ်တယ်ဆိုရင် ကရင်လူမျိုးရဲ့ ရေရှည်အကျိုးအတွက် တစ်ခုတည်းသောစာပေကိုသာ တီထွင်ပေးရမှာဖြစ်ပါတယ်။ အခုတော့ သူတို့က ကရင်စာပေအမျိုးမျိုးကို တီထွင်ပေးခဲ့သည်။ အဲဒီအချိန်တုံးက ကျွန်ုပ်တို့ကရင်လူမျိုးမှာ ''ဖလုံ'' စာပေဆိုတာ ရှိနေနှင့်ပြီးဖြစ်တယ်။ မွန်စာပေကို အခြေခံထားတဲ့ ကရင်စာပေဟာ အသံစုံတယ်လို့ သိရပါတယ်။ ဒီစာပေကို အင်္ဂလိပ်တွေက ဘာလို့မဖော်ထုတ်ရတာလဲ။ သူတို့သာလျှင် ကရင်လူမျိုးတွေအတွက် ကယ်တင်ရှင်ဖြစ်တယ် ဆိုတဲ့အချက်ကို ပါးစပ်ကမပြောထုတ်ဘဲ သိသွားအောင်လုပ်ခြင်းဘဲဖြစ်သည်။ အခုတော့ စာပေ (၃) ခုကွဲသွားပြီ။ နောက်ထပ်အကွဲကြီးကွဲသွားဖို့ သမိုင်းဆိုင်ရာအချိန်ပိုင်းက စောင့်နေလျက်ရှိပါသည်။
အချုပ်အားဖြင့် ဆိုရလျှင် စာပေများတာဟာ မကောင်းဘူးလို့ပြောရင် လုံလောက်ပြီ ထင်ပါတယ်။ ''တစ်ခုထဲကိုမြဲမြဲကိုင်'' ဆိုတဲ့ ပုံပြင်တွေလည်း ရှိနေပြီးဖြစ်သည်။ ဒါကြောင့် တစ်မျိုးတည်းသောစာပေကို တီထွင်ဖော်ထုတ်ဖို့ လိုအပ်တာအမှန်ပင်။ ဒီလိုမှမဟုတ်ရင် ဗုဒ္ဓဘာသာဝင်နှင် ခရစ်ယာန်ဘာသာဝင် ကရင်အတော်များများဟာ ကရင်ဘ၀ပျောက်ကွယ်သွားဖို့ရှိတယ်လို့ ထင်ပါသည်။ တစ်ခုတည်းသော စာပေဖြစ်ပေါ်လာမယ်ဆိုလျှင် ကရင်လူမျိုးတွေ တစ်နေ့တစ်ခြား ပိုစည်းလုံးလာမည် ဖြစ်ပါသည်။
(မှတ်ချက်။ ။မှတ်သားမိသော ဘိုးဘွားမိဘတို့ပြောပြချက်အရ ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)
ကရင့်ရိုးရာဒုံးအက
ကရင့်ရိုးရာဒုံးအက
ကရင်လူမျိုးတို့၏ဘ၀ ကရင်လူမျိုးတို့၏ အလှကို ထင်ဟပ်ဖော်ကျူးသော အကတစ်မျိုးကို ပြပါဟုဆိုလျှင် ကရင်လူမျိုးတို့ မြတ်နိုးခင်တွယ်သော ဒုံးအကကိုပြရပေလိမ့်မည်။ ဒုံးအကသည် စုပေါင်း၍ သွက်လက်မြူးကြွသော စည်းလုံးညီညွတ်မှုကို အခြေခံသည့်အကဖြစ်သည်။ ကရင်လူမျိုးတို့ ညီညွတ်သော အစဉ်လည်းတက်ကြွသော စိတ်ဓာတ်ကို ဒုံးအကတွင် မြင်တွေ့နိုင်သည်။ တက်ကြွညီညွတ်သော လူမျိုး၏ မြူးကြွလှုပ်ရှားသော အကဟူ၍ ဆိုနိုင်သည်။
ကရင်မျိုးနွယ်စုနှင့်ဒုံး အက
ကမ္ဘာပေါ်ရှိ တိုင်းပြည်နိုင်ငံအသီးသီးမှ လူမျိုးအသီးသီးတို့သည် ကိုယ်ပိုင် ယဉ်ကျေးမှုအကများ ရှိကြသည်။ နိုင်ငံနှင့် လူမျိုးကိုလိုက်၍ ယဉ်ကျေးမှုအရ ကိုယ်ပိုင်အကများ၊ တူရိယာများလည်းရှိကြပေသည်။ ယင်း ကိုယ်ပိုင်အက ယဉ်ကျေးမှုကို အမျိုးသားဟန်၊ အမျိုးသားမာန်တို့ဖြင့် ထိန်းသိမ်းခြင်းမြှင့်တင်ခြင်း ပြုကြကုန်သည်။
ကရင်လူမျိုးတို့သည်လည်း ရိုးရာ ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ်သည့် ဒုံးအကသည် လူမျိုးနှင့်အတူ တည်ရှိလာခဲ့သည်။ လူမျိုး၏ ယဉ်ကျေးမှု ကိုယ်ပိုင် အမွေအနှစ်အဖြစ်လည်း အစဉ်အဆက် ထိန်းသိမ်း၍ ပြန်လည်ဖော်ထုတ်ခြင်း ခေတ်နှင့်စနစ်တို့ကို ထင်ဟပ်နိုင်သော မြှင့်တင်ခြင်းကိုလည်း ပြုမြဲရှိကြသည်။ ကရင်ဒုံးအကမှာမြူးကြွ၍ ကိုယ်၊လက်၊ခြေ၊ ခေါင်း တစ်ကိုယ်လုံး လှုပ်ရှား၍ လျင်မြန်စွာ ကခုန်ရသည်။ ပမာနှိုင်းသော် ကရင်ဒုံးအက၏ လှုပ်ရှားမှုသည် အနောက်တိုင်းမှ အအေးဒဏ်များကာကွယ်နိုင်ရန် မြူးတူးလှုပ်ရှားသော အကမျိုးနှင့် ဆင်တူသယောင်ရှိနေပေသည်။
ဒုံးအက၏မူလအစ
ကရင်ဒုံးအကသည် လူမှုရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ရာမှ အစပြု၍ဖြစ်ပေါ်ခဲ့သည်ဟု ရှေးဘိုးဘွားဘီဘင်တို့က အဆိုပြုထားရစ်ခဲ့ကြသည်။ ကခြင်း ခုန်ခြင်းမပြုနိုင်ခဲ့သည့် အစဦးပိုင်းတွင် သီဆိုခြင်းကိုစခဲ့သည်။ ယင်းမှတီးမှုတ်ခြင်း ထို့နောက်သီဆိုခြင်းနှင့် တွဲ၍ တီးမှုတ်ခြင်း ရှိလာ၏။ ထိုသို့သီဆိုခြင်း တီမှုတ်ခြင်း တွဲလာ၍ မရှေးမနှောင်းပင် ကခုန်ခြင်းကိုပါ တွဲ၍ သီဆိုကခုန်လာခဲ့ကြသည်။
သမိုင်းအရ ကရင်လူမျိုးများသည် ပါးမီးယား ကုန်းပြင်မြင့်မှ ဆင်းသက်ခဲ့ပြီး အဆင့်ဆင့် ပြောင်းရွေ့လာခဲ့ရာ ဂိုဘီသဲကန္တာရကို ဖြတ်ကျော်ပြီး တိဗက်ကုန်းပြင်မြင့် အရှေ့တရုတ်ပြည် ယန်စီကျန်မြစ်အနီး တောတောင်များတွင် နှစ်ပါင်းများစွာ အခြေစိုက် နေထိုင်ခဲ့သည်ဟုဆိုသည်။ ထိုဒေသများတွင် နေထိုင်ခဲ့စဉ် တောင်ယာများကို အဓိက လုပ်ကိုင်စားသောက်ကြသည်။ တောင်ယာမှ စပါးရိတ်သိမ်း၍ တလင်းများတွင် စပါးများကို ခြွေချနယ်သည့်အခါ အမျိုးသား အမျိုးသမီးတို့က ညီညီညာညာ တေး၊ ကဗျာ၊ လင်္ကာများကိုသီဆိုကြသည်။ ထို့သို သီဆိုရာတွင် အမျိုးသားအချို့က ကောက်နှံစပါးသီးနှံများကို ပိုမိုကောင်းမွန်၍ ပိုမိုထွက်ရှိခြင်းကို ၀မ်းမြောက်ဝမ်းသာ ကခုန်ကြသည်။
မျိုးမည်ထွေပြား ဒုံးအကများ
ကရင်ဒုံးအကသည် ခေတ်အလိုက် လူနေမှုစနစ်ကို ထင်ဟပ်၍ တိုးတက်ပြောင်းလဲလာခဲ့ပြီး ထိုသို့ပြောင်းလဲမှုတွင် ဒုံးအမျိုးအစားကို လိုက်၍ တည်ရှိနေကြသည်။ ခေတ်နှင့် စနစ်တို့၏ အချိန်အခါအရလည်း ဒုံးအမျိုးအစားများကို ခွဲခြား၍ ခေါ်ဝေါ်ကြသည်။
(၁) ရှေးဟောင်းဒုံးအက (တုင်ၟယှာထူ့ (သို့) တုင္ၟယွာၟလု္ဖႜံဳ)
ရှေးဦးဆုံးကာလအားဖြင့် စစ်ကြိုခေတ်မတိုင်မီအထိ ကပြသောဒုံးများကို (တုံယှာလ်ုဖႜုံ) ရှေးဒုံးအကအဖြစ် သတ်မှတ်ကြသည်။ ရှေးဒုံအကသည် ရှေးအခါကပင် အမျိုးသားကြီးများသာ ကပြလေ့ရှိရာ ယုခုအခါမှာလည်း အသက် ၄၀ ကျော် ၅၀ ရှိ အမျိုးသားတို့က ရှေးဖြစ်ဟောင်း အောက်မေ့ဘွယ်အဖြစ် ကပြလေ့ရှိသည်။ အခေါ်အဝေါ်အားဖြင့်လည်း သက်ကြီးဒုံးဟူ၍ ခေါ်ကြသည်။ ခေတ်ပေါ်ဒုံးများသည် အပျိုလူပျိုတို့သာ ကခွင့်ရှိသော စည်းကမ်းရှိရာ အိမ်ထောင်ကျ၍ သီဆိုကပြမှု ၀ါသနာထက်သန်သူတို့က သက်ကြီးဒုံးတွင် ၀င်ရောက်ကပြကြသည်။ ပရိသတ်များလည်း ယနေတိုင် နေရာပေး အားပေးနေဆဲရှိ၏။
(၂) ဇာတ်လမ်းဒုံး (ခေါ်) ဦးခေါင်းစွပ်ဒုံး (တုင်ၟထင်းပုံ)
တိရစ္ဆာန် ဦးခေါင်းရုပ် တစ်မျိုးမျိုးစွပ်ပြီး ကသောဒုံးများကို ဦးခေါင်းစွပ်ဒုံး ခေါ်ခြင်းဖြစ်သည်။ မျောက်ဦးခေါင်းစွပ်ဒုံး၊ ကျွဲဦးခေါင်းစွပ်ဒုံး၊ သမင်ဦးခေါင်းစွပ်ဒုံးနင့် မိကျောင်းဦးခေါင်းစွပ်ဒုံးဟူ၍ ရှိပြီး အမည်နှင့်ယှဉ်၍ ဇာတ်လမ်းဝတ္ထု ကပြကြရာတွင်-
(၁) မျောက်ဒုံး (တုင်ဆ်ုအုဂ်) - ရာမလ္ခဏာဇာတ်လမ်း
(၂) ကျွဲဒုံး (တုင်ၟပ်ုဏာ) - နံကရိုင်းကျွဲမဇာတ်လမ်း
(၃) သမင်ဒုံး (တုင်ၟထ်ုရဲ) - သုဝဏ္ဏသာမဇာတ်လမ်း
(၄) မိကျောင်းဒုံး (တုင်ၟသ်ုမး) - ရှင်မွေးလွန်းနှင့် မင်းနန္ဒာဇာတ်လမ်း
ထို့အပြင် ကပြသော ဇာတ်လမ်းအရ အမည်နာမတွင်လာသော ဒုံးအမျိုးအစားလည်း ရှိသေးသည်။ ဆဒ္ဒန်ဆင်မင်းဝတ္ထုခင်း၍ ကပြသောဒုံးကို (တုင်က်ုဆင့်အွာ) ဆင်မင်းဒုံးဟူ၍လည်းကောင်း ဝေသန္တရာ ၀တ္ထုခင်း၍ ကသောဒုံးကို (တုင်ဝိသန္တ၀်) ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ တေမိဝတ္ထု၊ ဒွေးမယ်နော် ၀တ္ထုများကိုလည်း သီချင်းစပ်ဆို သီကုံးကပြလေ့ရှိသည်။
(၃) သူ့သဘောသူဆောင်သောဒုံး (တုင်ၟစင်က်ုဍယ်)
ကရင့်အခေါ် (စင်က်ုဍယ်) ဆိုသောစကားသည် ဖြစ်ချင်တာဖြစ် (သို့မဟုတ်) သဘောရှိ ဟူ၍ အဓိပ္ပာယ်ရသည်။ သိုကြောင့် ထိုဒုံးကိုကရာတွင် သီချင်းကို ညီညီညာညာ ဆိုကြသော်လည်း ကကွက်တွင် ကချင်တာက ရွှေ့ချင်တာရွှေ့ ဆုတ်ချင်တာဆုတ် ထချင်တာထ ထိုင်ချင်တာထိုင် မင်းသားအက ဇော်အက လူပြက်က သန်ရာသန်ရာက၍ သူ့သဘော သူဆောင်နေခြင်းဖြစ်သည်။ သို့ရာတွကင် စည်းကျ၍ သီချင်းဆုံးသောအခါ ပြိုင်တူရပ်၍ ပြိုင်တူလက်ခုပ်တီးကြသည်။ ထိုအကသည် ဟာသမြောက်စေရန် အဆိုတစ်မျိုး အကတစ်မျိုးဖြင့် ပရိသတ်များ တ၀ါးဝါးနှင့် သဘောတွေ့ မနောခွေ့ရသော အကဖြစ်သည်။
င်္
(၄) အမင်္ဂလာဒုံး (တုင်ၟက်ုရေင်ၟဏီ့)
တုင်က်ုရေင်ၟဏီ့ (ခေါ် ) အမင်္ဂလာဒုံးသည် ဘုန်းကြီးပျံပွဲတွင် ကလေ့ရှိသော ဒုံးဖြစ်သည်။ ဘုန်းကြီးပျံပွဲမှတပါး ကခွင့်မရှိသာ အကန့်အသတ်ဖြင့် သတ်မှတ်ချက်ရှိသည်။ ဒုံးကိုယာယီဖွဲ့စည်းပြီး လူသူများ မမြင်သောရနေရာတွင် တိုးတိုးတိတ်တိတ် ကျိတ်၍ ဒုံးတိုက်သင်ကြားရသည်။ ဒုံးအဖွဲ့သားတို့သည် ရုပ်ဖျက်ထားကြသည်။ မျက်နှာကိုအိုးမဲသုတ်၍ မျက်ကွင်းကို ထုံးဖြူများ ကွင်းထားကြသည်။ ခါးတောင်းကျိုက်သူ ခြေထောက်တွင် ခြူဆွဲထားသူ လည်ပင်းတွင် ခလောက်ဆွဲသူ အမျိုးမျိုး ဟာသလုပ်၍ ဘုန်းကြီးပျံ ဈာပနာရှိရာသို့ ၀င်ရောက်ပြီး ကပြကြသည်။
ဒုံးကရာတွင် ဘုန်းကြီးပျံ အလောင်းစင်ပြာဿဒ်ကို အပျော်သဘောဖြင့် ရွှေ့လိုရွှေ့ တဖန်ထမ်းယူပြီး ရွာပြင်တစ်နေရာရောက်အောင် ယူဆောင်သွားတတ်သည်။ ထိုအခါ ဘုရားဒကာ ပွဲဒကာတို့က တောင်းပန်ချော့မော့ပြီး သူတို့တောင်းသော ငွေကြေးကို ဆုအဖြစ်ပေးရသည်။ သူတို့ကျေနပ်မှ အလောင်းစင် ပြာဿဒ်ကို နေရာတွင် ပြန်ရွှေ့ထားကြသည်။ အမင်္ဂလာဒုံးသည် ဟာသတစ်မျိုးဖြစ်အောင် ရုတ်တရက်ထွင်ကသော ဒုံးဖြစ်သည်။
(၅) မောင်ရို့ဒုံး (တုင်ၟမင်ယိုဝ့်)
၁၉ ရာစုခေတ်နှောင်း၊ ၂၀ ရာစုခေတ်ဦးတွင် ကရင်ဒုံးအကသည် တစ်မျိုးပြောင်းလဲလာခဲ့သည်။ ထိုပြောင်းလဲမှုသည် ဆန်းသစ်သော ပြောင်းလဲမှုအဖြစ် ယနေ့တိုင် ထင်ရှားလာခဲ့ပေသည်။်။ မောင်ရို့ဒုံးများ ကပြလာသောအခါ သီကုံးသော သီချင်းများက ဆန်းသစ်၍ ခေတ်မီလာသည်။ အထူးသဖြင့် ထောက်ပြသတိပေး ပညာပေးဆုံးမခြင်း ဆန်ဆန်ရှိလာသည်။
ဒုံးကရန် ဒုံးအဖွဲ့သားအားလုံးက ညီညီညာညာထိုင်၍ နေရာယူပြီးသည့်အခါ ဒုံးခေါင်းဆောင်လုပ်သူက မောင်ရို့ မောင်ရို့ ဟူ၍တိုင်လေသည်။ ထိုအခါ ဒုံးအဖွဲ့သားတို့က လေ့လေ့ လေ့လေ့ ဟူ၍ ပြန်ဆိုလေသည်။ ထိုသို့ မောင်ရို့ မောင်ရို့ အစချီ အချက်ပေး သီဆိုခြင်းကို စွဲပြီး မောင်ရို့ဒုံး (တုင်ၟမင်ယိုဝ့်) ဟူ၍ ဖြစ်ပေါ်လာလေသည်။ မောင်ရို့ဒုံးသည် မျက်မှောက်ခေတ်တွင် ရေပန်းအစားဆုံးဖြစ်နေ၍ ခေတ်ဒုံးအဖြစ် အသိအမှတ်ပြုထားကြလေသည်။
(၆) ကလေးသူငယ်ဒုံး (တုင်ၟဆ်ုဃှီ့ဖေါဟ်)
ကလေးသူငယ်ကသော ဒုံးဖြစ်၍ ယဉ်ကျေးမှု မောင်မယ်လေးဒုံးဟူ၍ ခေါ်ကြသည်။ အထူးသဖြင့် လူမှုဝန်ထမ်း အကြိုမူလတန်းကျောင်းများမှ သားသား မီးမီးတို့က ကပြလေ့ရှိရာ မိဘများ နှလုံးပီတိကြည်မွေ့ရသော ဒုံးအကဖြစ်သည်။
(၇) အမျိုးသမီးပျိုဒုံး (တုင်ၟဆ်ုဃှီ့မူး)
ဤဒုံးမျိုးမှာ အမျိုးသမီးတို့နှင့်သာ ဖွဲ့စည်းပြီး ကလေ့ရှိရာ အမျိုးသမီးပျိုဒုံးဟူ၍ ခေါ်ကြသည်။ အမျိုးသမီးများဒုံးသည် သစ္စာမတည်သော ယောက်ျာတို့၏အကြောင်း ကတိမတည် သစ္စာမခိုင် ချစ်နှလုံးသားတွင် အလေးအနက် မရှိတတ်ခြင်းကို သီချင်းများ သီကုံးစပ်ဆိုလျက် ရှိတတ်ပြန်သည်။
(၈) လူပျိုဒုံး (တုင်ၟဆ်ုဃှီ့ခွါ့)
လုပျိုဒုံးသည် အမျိုးသား လူပျိုများတို့ဖြင့်သာ ဖွဲ့စည်း၍ ကသောဒုံးဖြစ်သည်။ အမျိုးသား လူပျိုဒုံးသည်လည်း အမျိုးသမီးတို့ သစ္စာမတည် ဖောက်လွဲဖောက်ပြန်တတ်ဖြင်းကို သီချင်းသီကုံးစပ်ဆိုလျက် ရှိတတ်ပြန်သည်။
(၉) အပျိုလူပျိုဒုံး (တုင်ၟမူးဏင်ဖူသးခွါ့)
အမျိုးသား အမျိုးသမီးအချိုးကျ ပါဝင်ဖွဲ့စည်း၍ ကသောဒုံးကို အပျိုလူပျိုဒုံးဟူ၍ ခေါ်ကြသည်။ အမျိုးသား အမျိုးသမီး အချိုးကျဖွဲ့စည်းခြင်းသည် ကြည့်၍ကောင်းရုံသာ မဟုတ်ပဲ ကကြိုးကွက် ဖော်ရာတွင် ပိုမိုဆန်းပြား၍ ကောင်းမွန်စေရန်ဖြစ်သည်။
ခေတ်နှင့်အညီ
မျက်မှောက်ခေတ်တွင် ယဉ်ကျေးမှုဒုံးသည် ဆန်းသစ်သော တီထွင်မှုများ ရှိလာပြီး ခေတ်နှင့်အမီ လိုက်လာ၍ ဒုံးလောကတွင် ရေပန်းအစားဆုံးဖြစ်သည်။ အကနှင့် တေးသီချင်းများကို ဆန်းသစ်အောင် တီထွင်လာခြင်းသာမက ၀တ်စားဆင်ယင်မှုမှာလည်း အမျိုးသားရိုးရာဝတ်စုံကို ပို၍လှပသေသပ်စေရန် အထက်အောက်ပနံလိုက် အရောင်များလည်း တင့်တယ်အောင် ရွေးချယ်ဆင်မြန်းလာကြသည်။
ယဉ်ကျေးမှုဒုံးသည် အကနှင့် ကကြိုးကကွက်များကို ဦးစားပေးသလို တေးသီချင်းကိုလည်း အဓိကထား၍ ထိထိမိမိ သီကုံးစပ်ဆိုလေ့ရှိသည်။ အထူးသဖြင့် စစ်မှန်သော ကိုယ်ပိုင်ယဉ်ကျေးမူကို ထိန်းသမ်းဖော်ထုတ်ရေး ယဉ်ကျေးမူအခြေခံ၏ ပဓာနအကျဆုံးဖြစ်သည့် စာပေပညာကို သင်ကြားတတ်မြောက်ရေး အချင်းချင်းသွေးစည်းရေးနှင့် လူမျိုးဂုဏ် ထိန်းသိမ်းမြှင့်တင်ရေးကိုလည်း တ်ုက်တွန်းသီဆိုကြသည်။ ထို့အတူပြိုင်ပွဲဝင်ဒုံးများ ပြည်ထောင်စုနေ့သို့ တက်ရောက်တင်ဆက်သော ဒုံးများတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အဖျက်သမားချေမှုန်းရေး သွေးခွဲစနစ် တိုက်ဖျက်ရေးစသည့် အကြောင်းအရာများကို ရေးစပ်၍ ပညာပေးတိုက်တွန်း သီဆိုလျက် အကကိုလည်း သွက်လက်မြူးကြွ လှုပ်ရှား၍ ကကြသည်။
ခေတ်ကို မျက်မှောက်ပြုလျက်
ကရင်ဒုံးအကသည် တသမတ်တည်း တည်နေခြင်းကား မရှိပါချေ။ ခေတ်ကာလအခြေအနေကိုလိုက်၍ အဟောင်းများ ချုပ်ငြိမ်းပြီး အသစ်များ ပေါ်ထွန်းလျက်ဟူသော နိယာမတရားနှင့်အတူ ကရင်ဒုံးအကသည်လည်း ခေတ်နှင့်အညီ ပြောင်းလဲသစ်လွင်လာခဲ့သည်။ ဆန်းသစ်သော တီထွင်မှုများလည်း ရှိလာ၍ ဒုံးအကသည် တဟ်ခေတ်မှတစ်ခေတ် အသွင်များ အနှစ်သာရများ ပြောင်းလဲလာခဲ့သည်။
သို့ရာတွင် ခေတ်ကိုထင်ဟပ်၍ (တုင်ၟဆ်ုဃှီ့လာ) ယဉ်ကျေးမှုဒုံးများက ရေပန်းစားနေသော်လည်း ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်အဖြစ် ရှေးဟောင်းဒုံးအက (တုံယှာလ်ုဖႜုံ) ကိုလည်း တစ်ခါတစ်ရံ ပြန်လည်တင်ဆက်ကပြကြသည်။ ရှေးဟောင်းဒုံးသည် ကရင်လူမျိုးတို့၏ ရှေးဖြစ်ဟောင်းကို တမြေ့မြေ့ ပြန်လည်လွမ်းဆွတ်သော အကနှင့်သီချင်းတို့က ထိထိမိမိ သီဆိုကပြလေ့ရှိသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြုသည့် ၁၉၄၈ ခုနှစ် ပထမအကြိမ်တွင် တိုင်းရင်းသားအကများ ကပြတင်ဆက်ရာ၌ ထိုစဉ်က ဘားအံမြို့နယ် ကော့မကယ်ရွာမှ ရှေးဟောင်းဒုံး (တုင်ၟယှာလ်ုဖႜုံ) ကို ရန်ကုန်မြို့တွင် သွားရောက်တင်ဆက်ခဲ့ရာ လွတ်လပ်ရေးဒိုင်းဆု ဆွတ်ခူးရရှိခဲ့ပြီး ယနေ့တိုင် ဂုဏ်ယူမဆုံး ပြောဆိုမြဲရှိသေးသည်။
မျက်မှောက်ခေတ်
မျက်မှောက်ခေတ် ဒုံးအကသည် ယဉ်ကျေးမှုဒုံးဖော်ထုတ်ရေးနှင့် ဖျော်ဖြေရေးတို့အပြင် ကရင်လူမျိုးတို့အား သီချင်းဖြင့် ပညာပေး သတိပေးရာတွင် ထိရောက်လျက်ရှိနေသည်။ သီချင်းမှ ဖြစ်ပေါ်သော အသိပေးပညာမှုသည် ကရင်လူမျိုးတို့၏ သဘာဝက အထူးနှစ်ခြိုက်လျက်ရှိသည်။
အကနှင့် တေးသီချင်းများကို ဆန်းသစ်အောင် တီထွင်မှုရှိသော်လည်း မူလယဉ်ကျေးမှု မထိခိုက်ရေးကို အထူးကြပ်မထားကြသည်။ လွပ်ရေးရရှိပြီး နောက်ပိုင်းကာလတွင် ကရင်ဒုံးအကသည် အမျိုးသားကိုယ်စားပြုသော အကအဖြစ် တည်ရှိလာခဲ့သည်။ ကရင်လူမျိုးတို့ ပွဲတော်တိုင်းသည် ကရင်ဒုံးအကသည် မပါလျှင် မစည်ကားသလို အမျိုးသားအတွက် ကိုယ်စားပြုရာမှာလည်း ဒုံးအကထက် ထိရောက်သောအက မရှိသေးချေ။ ဒုံးအကသည် ကရင်လူမျိုးတို့ နှလုံးသည်းပွတ်ဟူ၍ ခေါ်ဆိုနိုင်သလို ကရင်လူမျိုးတို့အား ရှေ့ဆောင်စည်းရုံးရာမှာလည်း စွမ်းအားထက်မြက်လှသည်။ နိုင်ငံတော်အရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ဒုံးအက၏ရှေ့ဆောင်မှုသည် အထိရောက်ဆုံးနှင့် အကျယ်ပြန့်ဆုံးနေရာယူခဲ့သည်။
ဒုံးပြိုင်ပွဲမှသည်
ကရင်ဒုံးအကများသည် တိုးတက်မြင့်မားလာခြင်း အခြေခံသည် ဒုံးပြိုင်ပွဲများကို ပြုလုပ်ပေးနိုင်ခြင်း ဖြစ်သည်။ ဒုံးအကနှင့် ယှဉ်တွဲလေ့ရှိသော (ရာဓနာ) ခေါ် (ဆုတောင်းပတ္ထနာ) ပြုခြင်းသည်လည်း ခေတ်မီဆန်းသစ်သော ဆုတောင်းသီချင်များ သီဆိုလာကြသည်။
ယနေ့ပြည်နယ်အတွင်း ပြည်နယ်နေ့အထိမ်းအမှတ် ကရင်နှစ်သစ်ကူးပွဲတော်တွင် ဒုံးအကပြိုင်ပွဲများကို တခမ်းတနား ထည့်သွင်းကျင်းပပြီး ဒုံးများ၏ အရည်အသွေးကို ဆန်းစစ်လျက်ရှိသည်။ ဒုံးအဖွဲ့များသည် တစ်ရွာတစ်ဖွဲ့ တစ်ဖွဲ့တစ်မျိုး တေးသီချင်းဆန်း အကြောင်းအရာအဖုံဖုံ ကကြိုးကကွက် အလှည့်အပြောင်းမျိုးစုံနှင့် မရိုးနိုင်ရှိနေသလိုအချို့က ဒုံးအကထက် တေးသီချင်းသီဆိုခြင်းကို နားထောင်မှတ်သားလေ့ရှိသည်။
အစနှင့်အဆုံး ဆုမွန်တောင်းခြင်း
မျက်မှောက်ခေတ် ပြိုင်ပွဲဒုံးများသည် ပြိုင်ပွဲကရန် အစတွင်လည်းကောင်း က၍ပြီးဆုံးသည့်အခါတွင်လည်းကောင်း ပရိသတ်များအား ဆုတောင်းပတ္ထနာပြုခြင်း၊ ဆန္ဒပြုခြင်း၊ တောင်းပန်ခြင်းကို ဦးစားပေးကြသည်။ ပရိတ်သများအား ခွန်းဆင့်ခြင်းနှင့် ခွင့်လွတ်ရန် ပန်ကြားခြင်းလည်းဖြစ်သည်။ အများဆုံး အသုံးပြုလေ့ရှိသော ဆုတောင်းပတ္ထနာများမှာ .........
-အောဆွန်းလားဆိုက် (အှ်ဆံင်းလာၟဆါ်) = ကျန်းမာရွှင်လန်းပါစေ
-ရှူးမောက်လားဆိုက် (ဃှူးမုက်လာၟဆါ်) = ချမ်းမြေ့အေးချမ်းပါစေ
-ဒေါက်ပိုင်လားဆိုက် ( ဍုဂ်ပါင်လာၟဆါ်) = ကုံလုံပြည့်စုံပါစေ
-ပလယ်တော်လားဆိုက် ( ပႜယ္တ၀္လာၟဆၚ) ခွင့်လွတ်နိုင်ကြပါစေ
-ဖေးဂိုင်းဖေးဗျာလားဆိုက် ( ဖှေ်ဟှါင်ၟဖှေ်္ဘျာလာၟဆါ်) = အားပေးသမှုပြုကြပါ
-ကျိုက်သရိထောင်းထော့လားဆိုက် ( ကျာ်သြီ့ထင်းထ၀့်လာၟဆါ်) = ကျက်သရေတိုးတက်ပါစေ စသည်များဖြစ်၏။
ဖော်ပြပါ ဆုမွန်တောင်းခြင်းသည် အချို့အ၀က်သာ ဖြစ်သည်။ အများစုသုံးခြင်းမှာ အေားဆွန်းလားဆိုက် ( အှ်ဆါန်းလာၟဆါ်) ကျန်းမာရွှင်လန်းပါစေဟူသော ဆုတောင်းခြင်းဖြစ်သည်။ အဆိုပါဆုတောင်းစကားသည် ဒုံးကရာတွင် သုံးစွဲနေခြင်းသာ
ကရင့်တူရိယာ ပစ္စည်းများ
ကရင့်တူရိယာ ပစ္စည်းများ
ကရင်လူမျိုးတို့သည် အဆို၊ အက၊ အတီး၊ အမှုတ်တို့ကို ၀ါသနာ ထုံကြသည့်အလျောက် ကိုယ်ပိုင်တူရိယာများကိုလည်း တီထွင်ပြုလုပ်လေ့ရှိသည်။ အချို့သော တူရိယာပစ္စည်းများသည် တီးမှုတ်ရန်အသုံးပြုခြင်းအပြင် အမျိုးသား အထိမ်းအမှတ်၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်အဖြစ် အမြတ်တနိုး သိမ်းဆည်းလေ့ရှိကြသည်။ ကရင်လူမျိုးတို့၏ ကိုယ်ပိုင်တူရိယာပစ္စည်းများကို ဖော်ပြရသော် -
(၁) ကလို (ခေါ်) ဖားစည်၊ (၂)ခွေ (ခေါ်) တံပိုး၊ (၃) ပီဘာ (ခေါ်) ပြွေ (သံစုံပြွေ)၊ (၄) ဂိန် (ခေါ်) မိကျောင်းလျှာ တူရိယာတစ်မျိုး၊ (၅) ဏာဒိန် (ခေါ်) စောင်းကောက်၊ (၆) ပေါ်ကူး (ခေါ်) ၀ါးပတ္တလား၊ (၇) သောင့်ထွန် (ခေါ်) သောတု (ခေါ်) တယော၊ (၈) ထာ့ (ခေါ်) အိုးစည်ရှည်၊ (၉) ခနာ (ခေါ်) ဗျတ်စောင်းငယ်တစ်မျိုး။
(၁)ကလို (ခေါ်) ဖားစည်
ကလို (ခေါ်) ဖားစည်မှာ အမျိုးသား အထိမ်းအမှတ် ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အမြတ်တနိုး သိမ်းဆည်းထားလေ့ရှိသော တူရိယာပစ္စည်းဖြစ်သည်။
ဖားစည်ပြုလုပ်ခြင်း
ယေဘုယျအားဖြင့် ဖားစည်ကိုသတ္တုဖြင့် သွန်းလုပ်ထားကြသည်ဟု နားလည်ထားကြသည်။ ဖားစည်သွန်းလုပ်ခြင်းကို တတ်သိနားလည်သူတို့က ပဉ္စရူပခေါ် သတ္တုငါးမျိုးဖြစ်သော ရွှေ၊ ငွေ၊ ကြေးနီ၊ ခဲနှင့်သွပ်တို့ဖြင့် သွန်းလုပ်ရသည်ဟုဆို၏။ ဖားစည်၏ မြည်ဟီးအသံ သာယာစူးရှမှုအရ ထိုအဆိုသည် မှန်ကန်နိုင်ပေသည်။
ဖားစည်၏အသံသည် သာယာ၍ အေးမြသည်။ ငြိမ့်ညောင်းခြင်းမရှိသော်လည်း စူးရှ၍ထည်ဝါနေသည်။ အသံထွက်ထုံ၍ ခပ်အုပ်အုပ်ဖြစ်သော်လည်း အသံလှိုင်းများ ဝေးစွာ၍လွင့်ပြေးသည်။ လျှိုကြားမြိုင်ကြောတွင် တီးခတ်ပါက အသံပို၍ပြေးသည်။ တောတောင်များရှင်းနေလျှင် အသံမှာဟိန်း၍ ရှည်လျားနေသည်။ ရှေးအခါက စာဆိုများအရ ဖားစည်သံသည် သုံးယူဇနာ အဝေးကပင်ကြား
နိုင်သည်ဟုဆို၏။ ဖားစည်၏ လိုချင်သောအသံ အသံလွင်လွင်လေး ဖြစ်စေရန်မှာ ပဉ္စရူပခေါ် သတ္တုငါးမျိုးဖြစ်ကို အချိုးကျ သွန်းလုပ်နိုင်မှသာ ရရှိနိုင်သည်ဆိုကြသည်။
(၂)ခွေ (ခေါ်) တံပိုး
ခွေ (ခေါ်) တံပိုးတူရိယာသည် ပါးစပ်ဖြင့် မှုတ်ရသော တူရိယာပစ္စည်းဖြစ်သည်။ အများအားဖြင့် ကျွဲချိုဖြင့် ပြုလုပ်လေ့ရှိသောကြောင့် ကျွဲချို ဟူ၍ အများက သတ်မှတ်၍ ခေါ်ဝေါ်ကြသည်။ သို့ရာတွင် အောက်ပါအရာဝတ္ထုတို့ဖြင့်လည်း ပြုလုပ်ကြသည်ကို တွေ့ရသည်။ (၁) သမင်ဦးချို၊ (၂) ၀ါး၊ (၃) သစ်သား၊ (၄) ဆင်စွယ်၊ (၅) ဆတ်ဦးချို၊ (၆) အောက်ချင်းငှက်နှုတ်သီး။
တံပိုးပြုလုပ်ခြင်း
ခွေ (ခေါ်) တံပိုးပြုလုပ်ရာတွင် တစ်ပေကျော်ခန့်ရှိသော ကျွဲချိုကိုဖြတ်ယူပြီး ထိပ်နှစ်ဖက် တောက်လျှောက် အပေါက်ကိုယူရသည်။ ကျွဲချို၏ အရင်းပိုင်း သုံးပုံတစ်ပုံခန့်တွင် လျှာခင်အပေါက်တစ်ပေါက်ကို ဖေါက်ယူရလေသည်။ ငွေပြားဖြင့် အပေါက်လျှာခင်အဖြစ် ခပ်စောင်းစောင်း တပ်ထားရလေသည်။ လျှာခင်အပေါက်ကို နှုတ်ဖြင့်မှုတ်ပြီး လက်ယာဖက်လက်သည် ကျွဲချိုထိပ်ပိုင်းကိုပိတ်၍ အဖွင့်အပိတ်လုပ်ပြီး မှုတ်ခြင်းဖြင့် အသံအကြီးအသေး မြည်လာလေသည်။ ဟိန်း၍ စူးရှကျယ်လောင်သောအသံ ငြိမ့်ညောင်းသာယာသော အသံများကို အမျိုးမျိုးမှုတ်ယူ၍ရလေသည်။
ကျွဲချို၊ ဆတ်ချိုတို့ဖြင့် ပြုလုပ်သောတံပိုးသည် ပြုလုပ်ရခက်ခဲခြင်းရှိပြီး နေရာတကာတွင် အသုံးပြုလုပ်လေ့မရှိချေ။ မင်္ဂလာရှိသော ကိစ္စရပ်တို့တွင်သာ အသုံးပြုကြသည်။ အခြားသောကိစ္စရပ်များ အထူးသဖြင့် အမင်္ဂလာ ကိစ္စရပ်များတွင် အသုံးပြုပါက ကျေးရွာကိုသော်လည်းကောင်း၊ အသုံးပြုသူကိုသော်လည်းကောင်း ခိုက်တတ်သည်ဟု ယူဆကြသည်။
ဆင်စွယ်နှင့်ပြုလုပ်သော တံပိုးသည် နယ်စား၊ ကျေးရွာအကြီးအကဲတို့၌သာ ပြုလုပ်ထားရှိနိုင်လေသည်။ ဆင်စွယ်ကို ရွှေကွင်း၊ ငွေကွင်းတို့ဖြင့် အဆင့်ဆင့် ညှပ်ကွပ်ထားနိုင်လျှင် အလွန်လှပ၍ တန်ဖိုးမြင့်သော တူရိယာပစ္စည်းအဖြစ် သတ်မှတ်ကြလေသည်။ ဆင်စွယ်တံပိုးကို အမြတ်တနိုး ထွတ်မြတ်သောနေရာတို့တွင် သိမ်းဆည်းလေ့ရှိပြီး အမျိုးသားရေးရာကိစ္စတို့မှာသာ အသုံးပြုကြသည်။ အောက်ချင်းငှက်နှုတ်သီး၊ ၀ါး၊ သစ်သားတို့ဖြင့်ပြုလုပ်သော တံပိုးများသည် နွားကျောင်းသား၊ ကျွဲကျောင်းသား၊ ဆင်ထိန်းသမားတို့အများအပြား သုံးစွဲကြသည်ကို တွေ့ရှိနိုင်သည်။ တောတောင်များတွင် သွားလာရာ၌ လမ်းမှားရောက်ခြင်း လူစုကွဲခြင်းဖြစ်သည့်အခါ အချက်ပေးအဖြစ်မှုတ်လေ့ရှိကြသည်။
(၃) ပီဘာ (ခေါ်) ပြွေ (သံစုံပြွေ)
ကရင့်အခေါ် ပီဘာသည် "ပီ" မှာ ပြွေဟူ၍ အဓိပ္ပါယ်ရပြီး "ဘာ" ဟူသောကရင်စကားသည် ရှိခိုးကန်တော့ခြင်း အဓိပ္ပါယ်ရသည်။ ပီဘာကိုမှုတ်ရာတွင် နှုတ်ခမ်းဖြင့်တေ့၍ လက်နှစ်ဖက်ဖြင့် အစီအစဉ်တကျ လက်ဝါးဖြင့်ကိုင်တွယ်ရပြီး လက်အုပ်ချီဟန်ပန် ကန်တော့ခြင်း သဏ္ဍာန်ဆောင်လေသည်။ ပီဘာသည် အလွန်ရှားပါးသော ရှေးကျသည့် ကရင်တူရိယာတစ်မျိုးဖြစ်သည်။
ပြွေ ပြုလုပ်ခြင်း
ပီဘာကို အများအားဖြင့် ၀ါးဖြင့်ပြုလုပ်လေ့ရှိသည်။ သို့ရာတွင် အချို့ဒေသများ၌ ကြေးဝါးချောင်းဖြင့်လည်းကောင်း၊ကျွန်းသား၊ ယမနေသား စသောသစ်သားတို့ဖြင့်လည်းကောင်း ပြုလုပ်ကြသည်လည်းရှိသည်။ ကြေးဝါးချောင်းဖြင့်ပြုလုပ်ရာတွင် ချမ်းသာကြွယ်ဝသူများ ကျေးရွာခေါင်းဆောင်များတို့ပါ ပြုလုပ်နိုင်ကြသည်။
ပီဘာကိုပြုလုပ်ရာတွင် အုံကိုခရုသင်းခွံကဲ့သို့ လုံးလုံးဝန်းဝန်းနှင့်မှုတ်ရန် နှုတ်ခမ်းအပေါက်ကို သီးခြားကွပ်ညှပ်ထားလေသည်။ ပီဘာအုံအလယ်တည့်တည့်တွင် ပီဘာပြွေချောင်းများတပ်ဆင်ရန် အပေါက်ရှည်လျားလျားကို တိုးလျှိုးပေါက် ဖေါက်ထွင်းယူရသည်။ ထီးရိုးဝါးကဲ့သို့သော ဖြောင့်တန်းသည့်လုံးချောဝါးများကို အချောင်းအလိုက်အနိမ့်အမြင့် အစဉ်လိုက်တွဲပြီး ပီဘာအုံတွင် စိုက်ထောင်၍ အောက်ခြေမှနှစ်ပေကျော် တစ်ပေကျော်ခန့်တွင် တစ်လက်မစီ အနိမ့်အမြင့်စီတန်းထားလေသည်။ ပီဘာအုံ၏ အထက်နှစ်လက်မခွဲ၊ သုံးလက်မခန့်တွင်တွဲထားသော ၀ါးလုံးတိုင်ကို သေးငယ်သော အပေါက်ကလေးများဖေါက်ထားရသည်။ ပီဘာအုံအပေါက်တွင် ငွေပြားဖြင့် လျှာခင်အဖြစ်ထည့်ထားရလေသည်။ ပီဘာကိုမှုတ်ရန် အထွက်အပေါက်ဖက်ရှိ ရှေ့ပြွန်နှစ်လုံးကို အပေါက်ကလေးဖေါက်ထားရလေသည်။ ပီဘာကိုမှုတ်ရာတွင် လက်နှစ်ဖက်ဖြင့် ပီဘာအုံကိုကိုင်ထားရပြီး လိုသောအသံမျိုးစုံကို ထွက်နိုင်အောင် ပြွန်ရှိအပေါက်များကို လက်ချောင်းများဖြင့်ပိတ်၍ဖွင့်၍ မှုတ်ရသည်။ သို့ကြောင့် ပီဘာသည် သံစုံပြွေဖြစ်လာလေသည်။
(၄) ဂိန် (ခေါ်) မိကျောင်းလျှာ
ဂိန် (ခေါ်) မိကျောင်းလျှာကို ကရင်အမျိုးသား ကာလသားလူပျိုတို့ကသာ သုံးလေ့ရှိသော တူရိယာဖြစ်သည်။ တူရိယာဟုဆိုအပ်သော်လည်း အခြားသော တူရိယာတို့ဖြင့် တွဲဖက်၍ တီးလေ့မရှိပါချေ။ ပါးစပ်ဖြင့် အာခေါင်အထိငုံ၍ လေမှုတ်လက်ခတ်တီးရသော တူရိယာပစ္စည်းလည်းဖြစ်သည်။
မိကျောင်းလျှာ ပြုလုပ်ခြင်း
ဂိန်ကိုဝါးဖြင့်သော်လည်းကောင်း၊ သံချောင်းကလေးဖြင့်သော်လည်းကောင်း ပြုလုပ်ယူကြသည်။ ဂိန်ကိုပြုလုပ်ယူကြရာတွင် ကောင်းစွာရင့်နေသော အရှည်တစ်ထွာခန့်ရှိသည့် ၀ါးခြမ်းကိုဖြတ်ယူပြီး အလယ်တွင် အလျားလိုက်လျှာခင်ဖြစ်အောင် ထွင်းယူရလေသည်။ ပါးစပ်ဖြင့် မှုတ်ရမည့်နေရာတွင် အဟိုက်ဖြစ်အောင်ပြုလုပ်ယူရသည်။ ဂိန်ကိုမှုတ်ရာတွင် ပါးစပ်ဖြင့်ငုံထားရပြီး လက်ယာလက်က ဂိန်၏လျှာခင်အဖျားကို လက်ညှိုးနှင့်ခတ်၍ အသံထွက်လာလေသည်။ ထွက်လာသော အသံအလိုက် သီချင်းတွဲမှုတ်ယူ၍ ရလေသည်။ အချို့က ဂိန်ကိုသံချောင်းနှင့် ခွေယူပြီး လျှာကိုသံပြားလေးနှင့် တပ်ဆင်မှုတ်လေသည်။ သံဖြင့်ပြုလုပ်သော ဂိန်သည် ၀ါးဖြင့်ပြုလုပ်သော ဂိန်ထက် ပို၍အသံလွင်လေသည်။
ဂိန်ကို ကရင်အမျိုးသား ကာလသား လူပျိုတို့က အပျိုရှိရာအိမ်သို့ ညအခါ လူပျိုလှည့် လည်ပတ်ရင်း မိမိပြောလိုသော စကားကို သီချင်းလင်္ကာတို့ဖြင့် အပျိုအားသိစေသည်။ စင်စစ် ဂိန် (ခေါ်) မိကျောင်းလျှာသည် လူပျိုကာလသားတို့၏ လက်စွဲ တူရိယာဖြစ်သည်ဟုဆိုလျှင် များမည်မဟုတ်ချေ။
(၅) ဏာဒိန် (ခေါ်) စောင်းကောက်
ကရင်အမျိုးသား တူရိယာများအနက် ဖားစည်ကလွဲလျှင် ဏာဒိန်(ခေါ်) စောင်းကောက်သည် လူသိများ၍ နှစ်သက်ကြသော တူရိယာပစ္စည်းဖြစ်သည်။ စောင်းကောက်သံသည် လူတိုင်းကနှစ်သက်ကြသည်။ အခြားသော တူရိယာများနှင့် တွဲဖက်၍ တီးခတ်ရသော်လည်း စောင်းကောက်သက်သက်ဖြင့် တီးခတ်ခြင်းကို ပို၍ နှစ်သက်ကြသည်။ အထူးသဖြင့်ညအခါ တီးခတ်ရာတွင် အလွန်သာယာသော တူရိယာတစ်မျိုးဖြစ်သည်။ စောင်းသံ၏ အညုအဆွဲသည် သေသူပင် ပြန်ရှင်မတတ်ရှိသည်ဟု အဆိုအမွှန်းပြုကြသည်။ ကရင့်စောင်းကောက်တွင် ကြိုးငါးချောင်း သို့မဟုတ် ခုနှစ်ချောင်းဖြင့် တပ်လေ့ရှိသည်။ မျက်မှောက်တွင် ခေတ်သီချင်းများ တီးခတ်နိုင်ရန် ကြိုး ၁၀ ချောင်းမှ ၁၂ ချောင်းအထိ တပ်ယူကြသည်။ ရှေးအခါက စောင်းကြိုးကို ပျားဖယောင်းဖြင့်လွန်းတင်၍ ကျစ်ထားသော လျှော်မျှင်၊ ကြိုးနွယ်ပင်၊ ၀ါးမျှင်၊ပိုးချည်တို့ဖြင့် တပ်လေ့ရှိသော်လည်း မျက်မှောက်တွင် နိုင်လွန်ကြိုး၊ သံမဏိကြိုးတို့ဖြင့် အသုံးပြုလာကြပေပြီ။
စောင်းကောက်ပြုလုပ်ခြင်း
စောင်းကောက်ကို ပြုလုပ်ရာတွင် ကိုယ်ထည်ပိုင်းနှင့် ခေါင်းပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားထားလေသည်။ ကိုယ်ထည်ကို သစ်သားတစ်မျိုးနှင့် ပြုလုပ်ပြီး ခေါင်းပိုင်းကို အခြားသစ်သားတစ်မျိုးနှင့် ပြုလုပ်ယူလေ့ရှိသည်။ ကရင့်စောင်းကောက် ခေါင်းပိုင်းသည် ဗမာစောင်းကောက်ကဲ့သို့ ကွေးညွတ်ခြင်း မရှိလှချေ။ လောက်လေးကိုင်းမျှလောက်သာ ကောက်သည်။ အထူးသဖြင့် ကိုယ်ထည်ပိုင်းကို မာသောသစ်သားတို့ဖြင့်သာ ပြုလုပ်၍ရသည်။ စောင်းကိုယ်ထည်ကို အလျားသုံးမိုက်၊ အနံတစ်မိုက်ခန့်ထား၍ အခေါင်းထွင်းကာ ဒရယ်သားရေ၊ ချေသားရေတို့ဖြင့် ဖုံးအုပ်ပြီး ကိယ်ထည်ဘေးနှစ်ဖက်တွင် အပေါက်နှစ်ပေါက် ဖောက်ထားသည်။ ယင်းအပေါက်ကို "နတ်သမီးပေါက်"ဟူ၍ ခေါ်ကြသည်။ စောင်း၏်ခေါင်းပိုင်းကို ကိုယ်ထည်နှင့် ဆက်စပ်ယူပြီး ထိပ်ပိုင်းတွင် ကြိုးတပ်၊ ကြိုးတင်းရန် လက်တံကို ထားရှိရသည်။ စောင်းခေါင်းပိုင်းသည် သဘာဝကောက်နေသော သစ်သားတို့ဖြင့် အလျားခြောက်မိုက်ခန့် အရှည်ယူ၍ တပ်ဆင်ယူရသည်။
ဏာဒိန်ယူသီ့ (ခေါ်) လွမ်းအောင်ဖန်စောင်း
ဏားဒိန်ယူသီ့ (ခေါ်) လွမ်းအောင်ဖန်စောင်းသည် အထွတ်အမြတ်ထားသော စောင်းတစ်မျိုးဖြစ်သည်။ အချို့ကတော်ဝင်စောင်း ဟူ၍ အမည်သတ်မှတ်ပေးကြသည်။ တော်ဝင်စောင်းကို အချို့က ဏားဍိင်ကိုင် နာဒိန်ဘားကန် ဟုလည်း ခေါ်ကြသေးသည်။ ထိုစောင်းကို ပြုလုပ်ရာတွင် အစီအရင်တစ်မျိုးနှင့် လုပ်ယူရလေသည်။ ကိုယ်ထည်ကို ပိတောက်သားဖြင့်ပြုလုပ်ရပြီး ခေါင်းပိုင်းကို ယင်းတိုက်သားနှင့် ပြုလုပ်ယူကြသည်။ ကြိုးတပ် ကြိုးတင်းရန် လက်တံက်ု သစ်၊ဆင်စွယ်ဖြင့် ပြုလုပ်ပြီး တပ်ဆင်ရသည်။ ထိုစောင်းကို ပြုလုပ်ရာတွင် မပြီးမချင်း တောထဲ၌သာ ထားခဲ့ရခြင်းဖြစ်သည်။ စောင်းကိုပြုလုပ်ပြီး စောင်းကြိုးတပ်သောအခါ စောင်းအိုးအပေါက်တွင် ပန်းခုနှစ်မျိုး ခုနှစ်ပွင့် သွင်းရလေသည်။ စောင်း၏အမြုတေခေါ်အပ်သော ဏာဒိန်အပနယ့် ကိုထည့်ရလေသည်။ ပန်းညိုခုနှစ်ပွင့်၊ စကားဝါပွင့်၊ နန်းလုံးကြိုင်၊ ဆောင်တော်ကူး၊ တရုတ်စကား၊ စကားစိမ်းပွင့် စသည့် ခုနှစ်ပွင့်ကို ထည့်သွင်းပြီးလျှင် စောင်းကြိုးညှိကာ ထိုတောအုပ်၌ပင် သီချင်းနှင့် သီဆိုတွဲဖက်ပြီး တီးခတ်ရလေသည်။
အထက်ပါ အစီအရင်အတိုင်း စီရင်သီဆိုတီးခတ်ပြီးသောအခါမှသာ ရွာသို့ ယူဆောင်၍ ရလေသည်။ ထိုစောင်းကိုသီဆိုတီးခတ်လျှင် ကြားရသူတိုင်း လွမ်းဆွေးကြရသည်ဟု ရှေးလူကြီးများက ဤသို့ မှာကြားချက်တစ်ရပ်ရှိပေသည်။ "ဏာဍိင်ယူသီ့ ဏာဍိင်က်ုလယ်၊ ဏာဍိင်မွဲာ ကႜင်ကိႜင်းအ်ုလယ့်၊ အေဍယ်စူးလင် အ်ုပးနယ့် ဍယ်ထင်းဍယ်လင် မေးထီ့ဟှယ့်။" လွမ်းဖွယ်ကောင်းသော စောင်းမဟာကို ကြန်အင်နှင့်ပြည့်စုံသော ပိတောက်သားနှင့် ထုလုပ်ထားပါသည်။ စောင်း၏အမြုတေဖြစ်သော ပန်းခုနှစ်မျိုးဖြင့် စီရင်အပ်သည်ဖြစ်ူ၍ တီးခတ်ပါက ကြားရသူတိုင်း မျက်ရည်မဆည်နိုင်အောင် လွမ်းဆွေးဘွယ်ရာဖြစ်ပါသည်။ ထို့အပြင် အစီအရင်နှင့်ပြီးသော လွမ်းဘွယ်စောင်း (၀ါ) တော်ဝင်စောင်းကို ဤသို့ဆင့်၍ ပိုးကရင်လင်္ကာဖြင်ပ အမွှန်းပြုထားပေသေးသည်။ ကာလသား ကာလသမီးတို့ပိုင်ဆိုင်သော စောင်းကောက်တစ်မျိုးကိုလည်း ဤသို့ဖွင့်ဆိုထားကြသည်။ "ဏာဍိင်ယူသီ့ ဏာဍိင်အွာ၊ ဏာဍိင်မူးဏင်. ဖေါဟ်သးခွ့၊ အေဍယ်ထင်း ကေ၀်မူးဏာဏာ၊ ဟ်ုယှာ.လ်ုဖံႜုဏင်းထင်းသာ၊ ဏာဍိင်ယူ.မုဂ် ဏာဍိင်က်ုလ၀်၊ မ်ုဍယ်လေ ဍုံဍူးဍံထ၀့်၊ အေဍယ်ထင်း ကေမူဟှဝ်ဟှဝ်၊ ဟ်ုသီ့မု့်ထင်းထာင်လ၀့်။" ဖြူစင်သန့်ရှင်းလှသော ကာလသား ကာလသမီးတို့၏ စောင်းကောက်ကိုညအခါ တီးခတ်ပါက လူကြီးသူမတို့ပင် လူငယ်အတိတ်ဘ၀ကို ပြန်ပြောင်းသတိရပြီး အိပ်ရာမှထ၍ မှေးစက်ခြင်းမရနိုင် ဖြစ်ရသည်။ ထိုနည်းတူပင် ရောင်နီပျိုးချိန် နံနက်ဆည်းဆာတွင် တီးခတ်ပါက သေသူပင်ပြန်လည် အသက်ရှင်လိမ့်မည်ဟူ၍ ဆိုလေ၏။
(၆) ပေါ်ကူး (ခေါ်) ၀ါးပတ္တလား
ကရင်လူမျိုးတို့၏ ရိုးရာတူရိယာများအနက် ပေါ်ကူး (ခေါ်) ၀ါးပတ္တလားသည် ရှေးကျလှသော တူရိယာတစ်ခုပင် ပါဝင်လေသည်။ စာတစ်စောင်ပေတစ်ဖွဲ့ဖြင့် မှတ်တမ်းတင်ခဲ့ခြင်းမရှိသဖြင့် မည်သည့်ခေတ်အခါလောက်ကတည်းက ပေါ်ကူး (ခေါ်) ၀ါးပတ္တလားကို ကရင်လူမျိုးတို့ မည်သည့်အချိန်မှ စတင်သုံးစွဲခဲ့ကြောင်းကို အတိအကျဆိုရန်ခက်လှသည်။ ကရင်လူမျိုးတို့သည် တောင်ယာခုတ်ခြင်း၊ အမဲလိုက်ခြင်း၊ တောတောင်များအတွင်း သွားလာခြင်းပြုရာမှ အနားယူနေသည့်အခါတွင် ဒူးလေး၊ မြားကိုပြုလုပ်၍ ရြှိုကသည်။ ထိုသို့ပြုလုပ်နေစဉ် ၀ါးဆစ်များကို ခုတ်ထစ်ပိုင်းဖြတ်၍ တီးခတ်ကြည့်ရာ အသံအမျိုးမျိုးထွက်လာသည်ကို အကြောင်းပြုပြီး ၀ါးပတ္တလားကို စတင်လုပ်ယူကြသည်ဟု ကရင်လူကြီးများက ဆိုကြသည်။
ဝါးပတ္တလားပြုလုပ်ခြင်း
ပေါ်ကူးကို ၀ါးလုံး (၉) လုံးဖြင့် များသောအားဖြင့်ပြုလုပ်ကြပြီး အချို့မှာ ၀ါးလုံး (၁၁) လုံးအထိ ပြုလုပ်ကြကြောင်း တွေ့ရှိနိုင်ပေသည်။ ၀ါးအရင်းမှ တစ်ပိုင်းစီတစ်ပိုင်းစီ အဆစ်ခံ၍ ဖြတ်ယူလေ့ရှိကြသည်။ ၄င်းအဖျားပိုင်း (၃) ချိုး (၂) ချိုးအထိ တစောင်းကျအောင် ခုတ်ဖဲ့ပြီးအသံကို ညှိယူရသည်။ ၀ါးခြမ်းသစ်သား စသည်ဖြင့်လည်ကောင်း တုတ်တံထိပ်ပိုင်းကို အ၀တ်ကဲ့သို့သောအရာဖြင့် စီးပတ်၍သော်လည်းကောင်း တီးခတ်သံအဖြစ်ပြုလုပ်ကြသည်။ အလယ်ဝါးကို သံမှန် (၀ါ) မူလအသံဖြင့်ထားပြီး ၀ါး (၉) လုံးပါပေါ်ကူးကို အသံစဉ်အလိုက်ညှိယူကြောင်း သိရှိရပါသည်။ မျက်မှောက်တွင် အသံအားဖြင့် စူးရှလှသော ပတ္တလားတစ်ခုကိုကြည့်လျှင် အရှည်အားဖြင့် နှစ်လက်မခွဲခန့်ရှိသည်။ အသံတိမ်သော ပတ္တလား အသွားအရှည်မှာမူကား ၁၁ လက်မကျော်ရှိသည်ကိုတွေ့ရရှိသည်။ ထို့အပြင် အသံထွက်တိမ်သော ပတ္တလားတစ်မျိုးမှာလည်း ၀ါးဆစ်မှာ အရင်းအထိ တစ်ပေ နှစ်လက်မခန့်ရှိပြီး အရင်းမှာအဖျားအထိ နျစ်ပေခွဲကျော်ခန့်ရှိသည်ကို တွေ့ရှိရပေသည်။ ကရင့်အခေါ် ပေါ်ကူး၊ ၀ါးပတ္တလားမှာ မျက်မှောက်မွန် ၊ ဗမာတို့၏ ၀ါးပတ္တလားတို့နှင့် အခြေခံအားဖြင့်ခြားနားမူမရှိလှေ
ချ။ မွန်၊ ဗမာတို့၏ ၀ါးပတ္တလားကို မွမ်းမံမူုဖြင့် လခြမ်းပုံ သစ်သားအိမ်များ၊ မှန်စီရွှေချအိမ်များချ၍ ရူချင်စဖွယ် လှပသော်လည်း ကရင်တို့၏ ၀ါးပတ္တလားသည် သဘာဝအတိုင်းသာရှိနေ၍ လှပခြင်းမရှိလျချေ။ သို့သော် လွင်သောအသံ ညက်ညောသော အဆွဲအငင်တို့ဖြင့် အခြားသော ကရင်တူရိယာတို့နှင့် တွဲဖက်တီးခတ်သောအခါ သာယာနာပျော်ဖွယ် တူရိယာအဖြစ် ကရင်လူမျိုးတို့က သတ်မှတ်အသုံးပြုကြသည်။
(၇) သောင့်ထွန် (ခေါ်) တယော
ကရင့်အခေါ် (သောင့်ထွန်) မှာ ငြိမ့်ညောင်းစွာ တီးရသော တူရိယာပစ္စည်းတစ်မျိုးဖြစ်သည်။ ရှေးကျ၍ ရှားပါးလှသော ပစ္စည်းလည်းဖြစ်၏။
တယောပြုလုပ်ခြင်း
သောင့်ထွန်ကို အုန်းမှုတ်ခွက်တို့ဖြင့်လည်းကောင်း ၀ါးပိုးကျည်တောက်တို့ဖြင့်လည်းကောင်း ပြုလုပ်လေ့ရှိသည်။ ရှေးအခါက သောင့်ထွန်ကိုကြိုးတစ်ချောင်းတပ်ဖြင့် အသုံးပြုလေ့ရှိပြီး နောက်ပိုင်းတွင် ကြိုးနှစ်ချောင်းတပ်၍ သုံးစွဲလာကြသည်။ ထိုကြိုးတို့မှာနှစ် ချောင်းပူးထားသော ကြိုးတစ်ချောင်းနှင့် သုံးချောင်းပူးထားသော ကြိုးတစ်ချောင်းဖြစ်သည်။ အချို့သောဒေသတွင် ကြိုးသုံးချောင်းတပ်၍ ရှားရှားပါးပါး အသုံးပြု တီးခတ်နေကြောင်းကို တွေ့ရှိရသေးသည်။ ကရင့်သောင့်ထွန်သည် အများအားဖြင့် အလျားနှစ်တောင်ခန့်ရှိသည်။ ထိုးတံဖြင့် တယောထိုးသကဲ့သို့ တီးခတ်၍ရသလို လက်ချောင်းဖြင့် တီးခတ်၍လည်းရသည်။ မတ်တပ်ထောင်၍ ဘေးတိုက်ထိုးရပြီး အသေအရှင်ထိုးနည်ဟူ၍ နှစ်မျိုးရှိ၏။ အသေထိုးနည်းမှာ ထိုးတံကိုကြိုးအတွင်းသို့ထားပြီး ထိုးသောထိုးနည်းကိုဆိုလိုသည်။ အရှင်ထိုးနည်းမှာ ထိုးတံနှင့်တသီးတခြားထားပြီး အပြင်မှနေ၍ထိုးခြင်းဖြစ်သည်။ ကရင့်သောင့်ထွန်သည် ရှေးအခါက ပေါများလှသော်လည်း ယနေ့ တယော ဂီတများပေါ်ထွန်းလာချိန်တွင် တဖြည်းဖြည်းကွယ်ပျောက်၍ ကျေးလက်အချို့တွင်သာ ရှားရှားပါးပါး တွေ့ရှိနိုင်တော့သည်။
(၈) ထာ့ (ခေါ်) ကရင်အိုးစည်
ကရင်အိုးစည်သည် ဗမာ၊ ရှမ်းတို့၏ အိုးစည်ပုံသဏ္ဌာန်ဖြစ်သည်။ သို့ရာတွင် ရှမ်းအိုးစည်ကဲ့သို့ ကိုယ်ထည်ရှည်လျားခြင်း မရှိချေ။ ခါးသေးပြီး အ၀ိုက်ကျယ်ခြင်းလည်း မရှိချေ။ ကရင်အိုးစည်မှာ ခါးတုတ်၍ ကိုယ်ထည်လည်းတိုသည်။
ကရင်အိုးစည်ပြုလုပ်ခြင်း
ကရင်အိုးစည်ကို မာသောသစ်သားတို့ဖြင့် ထွင်းယူပြီးမျက်နှာဝကို နွားသားရေဖြင့် ကျက်ထားသည်။ ထိပ်ဝအနည်းဆုံးတစ်ပေရှိသည်။ အိုးစည်ထိပ်ဝအချင်းကိုမူတည်လျက် တွဲဖက်တီးရသော တူရိယာတို့၏ အရွယ်အစားကိုလိုက်၍ သတ်မှတ်ချက်ရှိ၏။ အိုးစည်ထိပ်ဝ ၁၂ လက်မ၊ ဖားစည်ထိပ်ဝ ၁၈ လက်မ၊ လင်းကွင်းအကျယ် ၁၂ လက်မနှင့် ၁၀ လက်မအချင်းရှိသော မောင်းတို့ဖြင့် တွဲဖက်တီးခတ်သော် လိုက်ဖက်လှသော အသံကိုရရှိသည်ဟု ဆိုကြသည်။ မျက်မှောက်တွင် ကရင်ရိုးရာဒုံးအက၊တေးသီပွဲ (ခေါ်)အော်ပွဲတို့တွင် အိုးစည်ကိုပင် တူရိယာအဖြစ် ထားပြီးနှဲ၊ ပုလွေ၊ ၀ါး၊မောင်း၊ လင်းကွင်း၊ ဗုံတို့ဖြင့် တွဲ၍ တီးခတ်နေသည်ကို တွေ့ရှိရမည် ဖြစ်ပေသည်။
(၉) ခနာ (ခေါ် )ဗျတ်စောင်း
ကရင်လူမျိုးတို့ ကြိုးတပ်တူရိယာများရှိသည့်အနက် ဗျတ်စောင်းသည် တစ်မျိုးအပါအ၀င်ဖြစ်သည်။ ကရင်ဗျတ်စောင်းသည် ယခုခေတ် မယ်ဒလင်တစ်မျိုးဟု ဆိုနိုင်သည်။ အချို့က ကိုယ်တိုင်တီး ကိုယ်တိုင်သီဆို၍ အချို့မှာ အမျိုးသားကတီးခတ်၍ အမျိုးသမီးက သီချင်းသီဆိုသောအခါ သာယာနာပျော်ဖွယ် ရှိလှသည်ဟု လက်ခံထားကြပေသည်။
ဗျတ်စောင်းပြုလုပ်ခြင်း
ရှေးအခါက အုန်းမှုတ်ခွက်ဖြင့် အုန်းသီးတစ်လုံးကို သုံးပုံတစ်ပုံမှ ညီညာစွာဖြတ်ယူပြီး အ၀ကို သစ်သား ၀ါးပြားဖြင့်ပိတ်၍ ပြုလုပ်ယူလေ့ရှိသည်။ နောင်ခေတ်အချိန်တွင် သစ်မာသားဖြစ်သော ယင်းတိုက်၊ ပျဉ်းကတိုး၊ ပိတောက်သားတို့ဖြင့် ပြုလုပ်နေကြသည်။ ရှေးကကြိုးသုံးချောင်း ရိုးရိုးတပ်ပါရှိသော်လည်း မျက်မှောက်တွင် ကြိုးငါးချောင်းကို နှစ်ချောင်းတွဲစုံ လေးချောင်းနှင့် တစ်ချောင်းတွဲတပ်ကြိုးအဖြစ် တပ်ဆင်ကြသည်။ ယခင်ကပိုးချည်မျှင် သစ်သားမျှင် ၀ါးမျှင်တို့ဖြင့် ကြိုးအဖြစ်အသုံးပြုလေ့ရှိသော်လည်း ယခုအခါ နိုင်လွန် သ့မဏိကြိုးတို့ဖြင့် တပ်ဆင်သုံးစွဲလာကြသည်။
ဖော်ပြပါ ထင်ရှားလှသော ကရင်လူမျိုးတို့၏ ရိုးရာတူရိယာများကို ဖော်ပြရာတွင် အားလုံးပြည့်စုံနိုင်ပြီး မဟုတ်ချေ။ ဒေသအလိုက် ရိုးရာတူရိယာပစ္စည်းများ ရှိနေဦးမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
ကရင်နှင့်ကရင့်ရိုးရာဝတ်စားဆင်ယင်မှုများ
ကရင်လူမျိုးများသည် မြန်မာနိုင်ငံတွင် လူဦးရေအားဖြင့် (၄) သန်းကျော်ရှိနေကြပြီး နေရာဒေသကြီး (၃) ခုတွင်နေထိုင်ကြသည်။ ၄င်းတို့မှာ (၁) ဧရာဝတီမြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်း၊ သံလွင်မြစ်ဝှမ်းနှင့် တနင်္သသာရီကမ်းရိုးတန်းဒေသ (၂) ဧရာဝတီမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ကြားရှိ ပဲခူးရိုးမတောင်တန်းများနှင့် ချိုင့်ဝှမ်းဒေသများ (၃) ရှမ်းကုန်းပြင်မြင့်တောင်ပိုင်းမှ ကယားပြည်နယ်၊ ကရင်ပြည်နယ်၏ချိုင့်ဝှမ်းနှင့် လွင်ပြင်များအပါအ၀င် ကျယ်ပြန့်သော ရှမ်းကုန်းပြင်မြင့်ဒေသများပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင်နေထိုင်ကြသော ကရင်များသည် ဘာသာစကားအားဖြင့် (၁၆) မျိုးခန့်ကွဲပြားခြားနားကြပြီး ယင်းတို့ကိုအဓိကအားဖြင့် အုပ်စုကြီးနှစ်ခုဖြစ်သော စကော-ဘွဲအုပ်စု (Sgaw-Bghai) နှင့်ပိုးအုပ်စု (Pow) တို့ပင်ဖြစ်သည်။ စကောသည် စကော-ဘွဲအုပ်စုတွင် အကျယ်ပြန့်ဆုံး အသုံးပြုသောစကား ဖြစ်သကဲ့သို့ ပိုးစကားသည်လည်း ပိုးအုပ်စုတွင် အကျယ်ပြန့်ဆုံး ပြောသောစကားဖြစ်သည်။ တစ်ခါတစ်ရံ ကရင်များကိုနေရာဒေသလိုက်၍ မြောက်ပိုင်းကရင်၊ တောင်ပိုင်းကရင် ဟူ၍ခွဲထားပြန်သည်။ မြောက်ပိုင်းကရင်များတွင် ကယားများပါဝင်ပြီး တောင်ပိုင်းကရင်များတွင် စကောနှင့်ပိုးတို့ပါဝင်သည်။ ထိုသို့ ကွဲပြားနေခြင်းသည် ကွဲပြားခြားနားသော ပြင်ပရိုးရာယဉ်ကျေးမှုများ၏ လွှမ်းမိုးမှုကြောင့်ဖြစ်သည်ကို ဖော်ပြနေပါသည်။ မြောက်ပိုင်းကရင်များသည် ထိုင်းစကားကိုပြောသော ရှမ်းတို့နှင့်နီးစပ်မှု၊ လွှမ်းမိုးမှုကိုခံရသကဲ့သို့ တောင်ပိုင်းကရင်များတွင် မွန်၊ ဗမာတို့၏ လွှမ်းမိုးမှုရှိနေသည်။ မြေပြန့်တွင်နေသောကရင်များနှင့် တောင်ကုန်းတောင်တန်းတွင်နေထိုင်ကြသော ကရင်များဟူ၍ ကွဲပြားကြပြန်သည်။ အထူးသဖြင့် ပိုးကရင်များသည် မြေပြန့်တွင်နေထိုင်ကြသူများဖြစ်ကြသည်။ ထိုသို့ ပိုးကရင်များ မြေပြန့်သို့ရောက်ရှိသွားရသည်မှာ စကောကရင်များ၏ တွန်းပို့မှုကြောင့်ဖြစ်ရသည်ဟု ပိုးကရင်ဒဏ္ဍရီတွင်ဆိုထားသည်။ တစ်ဖန်မြေပြန့်တွင် နေထိုင်ကြသောပိုးကရင်များသည် လယ်ယာစိုက်ပျိုးကြသည်။ တောင်ပေါ်တွင်နေထိုင်ကြသောကရင်များမှာ အများအားဖြင့် တောင်ယာလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ရက်ကန်းလုပ်ငန်းလုပ်ဆောင်ရာတွင် တောင်ပေါ်သားများသည် သားရေတပ်ရက်ကန်းစင်များဖြင့် ပြုလုပ်ကြသော်လည်း မြေပြန့်သားများသည် ဗမာများကဲ့သို့ သစ်သားဘောင်တပ်ရက်ကန်းစင်များဖြင့် ပြုလုပ်ကြသည်။ တောင်ပေါ်သားများသည် ၀ါဂွမ်းများက်ုစိုက်ပျိုးကြသော အလေ့အထရှိပြီး ယင်းဝါဂွမ်းထည်များကို မြေပြန့်တွင်နေထိုင်ကြသော ဗမာ၊ မွန်တို့ထံရာင်းချကြသည်။
ဘာသာတရားနှင့် ယုံကြည်ကိုးကွယ်မှုအပေါ်အခြေခံလျက် ကရင်များသည် ကွဲပြားကြပြန်သည်။ ကရင်တို့၏မိရိုးဖလာယုံကြည်မှုမှာ နတ် သို့မဟုတ် နာမ်ဝိညာဉ်များပင်ဖြစ်သည်။ မိရိုးဖလာယုံကြည်မှုကို ဦးဆောင်ကြသူများသည် ကျေးရွာလူကြီးသူမများဖြစ်ကြသည်။ ဦးဆောင်သူရွာသူကြီးများသည် မိရိုးဖလာပွဲကျင်းပရာအခမ်းအနားများကို စီစဉ်ဦးဆောင်ကြပြီး ကျေးရွာရှိအမျိုးသမီးကြီးများမှာ ကွယ်လွန်သူဘိုးဘွားများအား ကန်တော့ခြငိး၊ ရောဂါဝေဒနာစွဲကပ်သူများအား ကုသပေးခြင်း စသည့်အလုပ်များကို လုပ်ဆောင်ရန်တာဝန်ယူကြသည်။ မွန်၊ ဗမာ၊ ရှမ်းတို့၏လွှမ်းမိုးမှုကြောင့် ကရင်အတော်များများသည် ဗုဒ္ဓဘာသာဝင်များဖြစ်လာကြသည်။ ဗုဒ္ဓဘာသာနှင့် မိရိုးဖလာယုံကြည်မှုတို့၏ ရောနှောယှက်နွယ်မှုပင်ဖြစ်သည်။ ၁၉ရာစုတွင် ခရစ်ယာန်သာသနာပြုများရောက်ရှိလာသာအခါ သူတို့၏ယုံကြည်မှုအစဉ်အလာသည် ပို၍ရှုပ်ထွေးသွားသည်။ ထိုခရစ်ယာန်သာသနာပြုများသည် ၁၈၂၅ ခုနှစ်လောက်တွင် တနင်္သာရီဒေသရှိ ကရင်များကြားတွင် သာသနာပြူလုပ်ငန်းစတင်ခဲ့ကြသည်။ ခရစ်ယာန်သာသနာ၏လွှမ်းမိုးမှုကြောင့် လူမူရေး။ ဘာသာရေးလှုပ်ရှားမှုများလည်း များစွာပေါ်ထွက်လာခဲ့ကြသည်။ ခရစ်ယာန်သာသနာပြုများသည် သာသနာ့စာသင်ကျောင်းများကို ဖွင့်လှစ်ခဲ့ကြသည်။ ကရင်စာများကိုလည်းတီထွင်ရေးသားဖြန့်ဝေလာကြသည်။ ကရင်များကိုလည်း သာသနာအမှုတော်ဆောင်များ၊ကျောင်းဆရာများ၊ ဆရာဝန်များ၊ အစိုးရ၀န်ထမ်းများ ဖြစ်လာရန် လေ့ကျင့်ပျိုးထောင်ပေးခဲ့ကြသည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းစစ်တန်းအရ ကရင်မျိုးနွယ်စုများတွင် ဘာသာရေးယုံကြည်မှုကွဲပြားခြားနားမူကို အောက်ပါအတိုင်း ဖော်ပြထားသည်ကိုတွေ့ရသည်။ စကောမှာ ၆၇% ဗုဒ္ဓဘာသာ၊ ၂၅% ခရစ်ယာန်(နှစ်ခြင်း)၊ ၈% မိရိုးဖလာ၊ ပိုးမှာ ၉၃% ဗုဒ္ဓဘာသာ၊ ပအို့မှာ ၁၀၀% ဗုဒ္ဓဘာသာ၊ ကယားမှာ အများပိုင်းမိရိုးဖလာ၊ အခြားသောတောင်ပေါ်ကရင်အနည်းစုသည် နှစ်ခြင်း၊ ကက်သလစ်၊ အင်္ဂလီကန်များဖြစ်လာကြသည်။
တောင်ပိုင်းကရင်များသည် ရိုးရာအစဉ်အအလာအရ ကျေးရွာအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့ကြသည်။ ကျေးရွာသူကြီးသည် သြဇာအာဏာရှိသူဖြစ်ပြီး ရွာသူရွာသားများအား တရားမျှတစွာ အုပ်ချုပ်သူဖြစ်သည်။ ရှမ်းတို့လွှမ်းမိုးသော မြောက်ပိုင်းကရင်များတွင် ထက်အောက်ဆင့်ကဲအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးကြသော်လည်း ဒေသတစ်ခုနှင့်တစ်ခု မိမိတို့ကွန်ဖယ်ဒရေးရှင်း( confederation)အသွင်ကို ကရင်နီတို့ဒေသဖြစ်သော ကန္တာရ၀တီ၊ ဘောလခဲ၊ ကြက်ဖိုးကြီး၊ နမ့်မယ်ခုံတို့တွင်တွေ့ရသည်။
အမေရိကန်နှစ်ခြင်းသာသနာပြုဆရာ Rev. Harry Ignatius Marshall သည် ၁၉၂၂ ခုနှစ်တွင် The Karen စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံတွင်နေထိုင်ကြသော ကရင်များတို့၏ ၀တ်စားဆင်ယင်မှုများအကြောင်းကို သူ၏စာအုပ်ထဲတွင် အသေးစိပ်ဖော်ပြထားသည်။ ကရင်တို့၏ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်သော ရေးသားဖော်ပြချက်များသည် အခြားစာအုပ်များနှင့် နှိုင်းယှဉ်လျှင်ပိုမိုအသေးစိတ်ကျကာ ပိုမိုပြည့်စုံသည်ဆိုသော်လည်း အားလုံး ပြီးပြည့်စုံသည်ဟုမဆိုလိုပါ။ ကရင်တို့၏၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ရေးသားထားသော အခန်း၏နိဒါန်းမှာပင် သူကဆိုထားသည်မှာ "ကရင်မျိုးနွယ်စုအားလုံး၏ ၀တ်စားဆင်ယင်မှုကို အသေးစိတ်ဖော်ပြရပါလျှင် စကော့တလန်ပြည်လုပ် သက္ကလပ်အ၀တ်စအမျှင်များကို ထုတ်ယူဖော်ပြသကဲ့သို့ စာအုပ်တစ်အုပ်လုံးမှာ ထိုအကြောင်းအရာများနှင့်သာ ပြည့်သွားပေလိမ့်မည် ဟုဆိုခဲ့သည်" မည်သို့ပင်ဖြစ်စေ Marshall ဖော်ပြခဲ့သော ကရင်တို့၏၀တ်စားဆင်ယင်မှုများမှာ အပြည့်စုံဆုံးသောအချက်အလက်များဟု မှတ်တမ်းတင်ရပေမည်။
ကရင်ရိုးရာဝတ်စုံများသည် အများအားဖြင့် ဆင်တူကြပါသည်။ ကရင်အများဝတ်ကြသည့် ရိုးရာဝတ်စုံမှာ ကရင်သင်တိုင်းပင်ဖြစ်သည်။ ထိုသင်တိုင်း၏အရှည်နှင့် အရောင်အသွေးချယ်သမူမှာမူ နေရာဒေသအလိုက် အလွန်ပင်ကွဲပြားကြပါသည်။ သင်တိုင်းများကို အမျိုးသားရော အမျိုးသမီးများပါ ၀တ်ဆင်ကြသည်။ အမျိုးသမီးများသည် ထမီကိုလည်း ၀တ်ဆင်ကြသည်။ ထမီတွင်လည်းအဆင်အမျိုးမျိုး ကွဲပြားကြသည်။ ရှေးယခင်ကဆိုရင် သွားလာမှုခက်ခဲသော အရပ်ဒေသတွင်နေထိုင်ကြသော ကရင်အမျိုးသားများသည် Loincloth ခေါ်ဘောင်းဘီတိုများကိုသာ ၀တ်ကြသည်။ သို့သော် ၂၀ ရာစုအစပိုင်းရောက်သောအခါ အမျိုးမျိုးသောဘောင်းဘီရှည်များကို ၀တ်ဆင်လာကြသည်ကိုတွေ့ရသည်။ Spearman (1880, II:228) ကဘောင်းဘီရှည်ဝတ်ခြင်းသည်မြောက်ပိုင်းဒေသတွင် နေထိုင်ကြသူများတွင် ပိုမိုတွေ့ရပြီး သင်တိုင်များကို တောင်ပိုင်းဒေသနေ ကရင်များတွင်ပိုမိုဝတ်ဆင်ကြသည်ကိုတွေ့ရကြောင်း ဖော်ပြခဲ့သည်။ အခြားဝတ်စားဆင်ယင်မှုတစ်ခုမှာ အများစုသုံးစွဲကြသည့် ကရင်လွယ်အိတ်များပင်ဖြစ်သည်။ အများပိုင်းမှာ အဆင်မပါ ပြောင်ချောကရင်လွယ်အိတ်များဖြစ်သည်။ ကရင်အများစုသည် ခြုံစောင်ကိုလည်းယက်လုပ်ကြသည်။
Marshall (1922:37) သည် ကရင်တို့၏ ၀တ်စားဆင်ယင်မှု ဖြစ်ပေါ်ပြောင်းလဲမှုများကို ၁၉၂၀ ခုနှစ်များ အစမှာကတည်းကပင် များစွာလေ့လာခဲ့သည်။ သူ၏လေ့လာချက်အရ မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသနှင့် မြေပြန့်တွင်နေထိုင်ကြသော ကရင်များသည် ဗမာများကဲ့သို့ဝတ်စားဆင်ယင်ကြသည်။ ပွဲတော်အချိန်များတွင်သာ ကရင်ရိုးယာဝတ်စုံများကို ၀တ်ဆင်ကြသည်။ မြောက်ပိုင်းနှင့် အရှေ့ပိုင်းနေကရင်များမှာ ရှမ်းအ၀တ်အစားများကို ၀တ်ဆင်ကြတတ်သည်။ အမျိုးသမီးများမှာ အမျိုးသားများထက် ရိုးယာဝတ်စုံများကိုဝတ်ဆင်ကြသည်။ ကျေးရွာတွင် အမျိုးသားများသည် ဗမာအ၀တ်အစားများကို ၀တ်ဆင်ကြသောအခါသာလျှင် ကရင်အမျိုးသမီးကြီးများသည် မိမိတို့၏အနက်ရောင်သင်တိုင်းကို ဗမာအကျလုံချည်ဖုံးကာ ၀တ်ဆင်ကြသည်ဟု Marshall (1922:38) ကဆိုထားသည်။
လွန်ခဲ့သောနှစ်ကာလအတွင်း ကရင်ရိုးယာဝတ်စုံအကြောင်းကို မြန်မာနိုင်ငံတွင် လေ့လာရန်မလွယ်ကူသဖြင့် ထိုင်း-မြန်မာနယ်စပ်ရှိ စကောနှင့်ပိုးကရင်များထံမှ အချက်အလက်အချို့ကို ကောက်ယူနိုင်ခဲ့ပါသည်။ ပအို့၊ ကယားနှင့် ဘွဲများလည်း နယ်စပ်ဒေသတွင်ရှိကြပါသည်။ သို့သော်ထိုင်းနိုင်ငံရှိ ကရင်အကြောင်းရေးသားရာတွင် ထိုသူတို့အကြောင်းကို ထည့်သွင်းဖော်ပြထားခြင်းမရှိချေ။ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် မြန်မာနိုင်ငံရှိတောင်ပေါ်ဒေသတွင် သာသနာပြုများအဖြစ် နှစ်များစွာနေထိုင်ခဲ့ကြသော Paul နှင့် Elaine တို့ရေးသားသော Peoples of the Golden Triangle (1984:68-99) ပါအခန်းတစ်ခန်းနှင့် E.M.Hinton (1974) ရေးသားခဲ့သော The Journal of the Siam ပါဆောင်းပါးတစ်ပုဒ် အခြေခံထားလျက်ဖော်ပြလိုပါသည်။ စကောနှင့် ပိုးကရင်ဝတ်စုံအကြောင်းကို ရေးသားထားသော Lewis တို့စာတွင် ''ကရင်" ဆိုသောစကားသည် "ရက်ကန်းယက်"သူများနှင့် ထပ်တူတွေ့မြင်နိုင်သည်ဟုဆိုထားသည်။ လို့ကြောင့် ကရင်တို့ယက်ကန်းမှထွက်ပေါ်လာသော ထုတ်ကုန်ပစ္စည်း များသည်နာမည်ကြီးလှပါသည်။ Hinton ၏သုတေသနလုပ်ငန်းမှာ ၁၉၆၈-၆၉ ခုနှစ်အတွင်း မြန်မာနယ်စပ်တစ်နေရာရှိ ပိုးကရင်ရွာတစ်ရွာတွင် တွေ့မြင်လေ့လာခဲ့သမျှကို တင်ပြထားခြင်းဖြစ်သည်။ ရှာဖွေတွေ့ရှိချက်နှစ်ရပ်စလုံးမှာ များစွာပုံဖော်မှုများကို ပြုလုပ်နိုင်သည်။
စကော-ဘွဲကရင်(The Sgaw-Bghai Karen)
စကော-ဘွဲအုပ်စုကို တစ်ဖန် ဘာသာစကားအရ စကော၊ ဘွဲ၊ ကယား၊ ပရဲ့ စသည်ဖြင့် ခွဲနိုင်သေးသည်။ စကောစကားသည် စကောနှင့် ပကူးစကားနှစ်မျိုးစလုံး ပါဝင်သည်။ ဘွဲစကားတွင် ဘွဲ၊ ဂေဘား၊ ဂေခို၊ ပထါ၊ ပဒေါင်၊ ပါဝင်သည်။ ပရဲ့စကားတွင် ပရဲ့များသာပါဝင်သည်။
စကော (Sgaw)
မြန်မာနိုင်ငံတွင် စကောကရင် (၂) သန်းဝန်းကျင်နေထိုင်ကြပြီး ထိုင်းနိုင်ငံတွင် သုံးသိန်းခန့်ရှိသည်။ အများစုမှာ ဧရာဝတီမြစ်ဝှမ်းနှင့် စစ်တောင်းမြစ်ကြားရှိ ပဲခူးရိုးမတွင်လည်း နေထိုင်ကြသည်။ Spearman (1888,II:628) ကသူတို့ကို ''ငြိမ်းချမ်းခြင်းကိုအမြတ်နိုးဆုံးသောကရင်မျိုးနွယ်စု'' ဟူ၍ပင်တင်စားခေါ်ဝေါ်ခဲ့သည်။ ပိုးကရင်တို့နှင့် ရန်ဘက်ဖြစ်ခဲ့ဖူးသည်ဟု ဖော်ပြခဲ့သည်။ သူကဆက်လက်၍ "မြိတ်ဒေသရှိပိုးကရင်များကို တစ်စိတ်တစ်ဒေသအားဖြင့် ချေမှုန်းခဲ့သည်ကိုလည်ကောင်း၊ အင်္ဂလိပ်တို့ တနင်္သာရီကိုသိမ်းပိုက်စဉ်က ပိုးကရင်တို့ကိုဝင်ရောက်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့မှုများရှိကြောင်း" ကို ဖော်ပြခဲ့သည်။
Spearman (1888,II:628) က ကရင်ရိုးရာစတ်စုံအကြောင်းဖော်ပြရာတွင် "ကရင်ရိုးရာဝတ်စုံသည် အဖြူရောင်သင်တိုင်းတွင် အနီရောင်အစင်းလေးများဖြင့် ယက်က်ထားသည်"ဟုဖော်ပြသည်။ Marshall က ကရင်ဝတ်စုံအကြောင်းပိုမိုစုံလင်စွာ ဖော်ပြထားသည်။ တောင်ပေါ်နေသူများသည် ပခုံးမှခြေသလုံးသားအထိကျသောသင်တိုင်းကို ၀တ်ဆင်ကြသည်။ ပဲခိုးရိုးမတွင် စကောများသည်အပေါ်ပိုင်းတွင် အဖြူရောင်ရှိပြီး အနီရောင်စင်းကြောင်းပါလျက် အောက်ခြေ၌လည်းအနီရောင်ဖြင့်ရက်ထားသောသင်တိုင်းကို ၀တ်ကြသည်။ အရောင်နှစ်ခုကြားတွင် ဇာထိုးပန်းထိုးများရှိသေးသည်။ မော်လမြိုင်၊ ဖာပွန်ဒေသများနှင့် အရှေ့ဘက်ပိုင်းဒေသများတွင် သင်တိုင်းကို အဖြူရောင် အနီရောင်အစင်းနှစ်ကြောင်းကို ထက်အောက်ယှက်နွယ်ထားလျက် ယက်လုပ်ကြသည်။
အမျိုးသမီးငယ်များသည် ခြေကျင်းဝတ်အထိကျသော ကရင်သင်တိုင်းများကို ၀တ်ထားကြသည်ဟုလည်း ဖော်ပြထားသည်။ အပျိုဖော်ဝင်လာသော အမျိုးသမီးတိုင်းသည် သင်တိုင်းနှင့်စကပ်များကိုဝတ်ကြသည်။ ဆက်လက်၍ Marshall (1922:28) က အချို့ရွာများတွင် ကရင်အမျိုးသမီးများသည် အဖြူရောင်သင်တိုင်းများကိုဝတ်ဆင်ကြသည်။ အချို့ရွာများတွင် တစ်ဖန် ကရင်အမျိုးသမီးများသည် အနက်ရောင်သင်တိုင်းများကို ၀တ်ကြပြန်သည်။ ထိုသင်တိုင်းတွင် လည်ပင်းနှင့် လက်ဝလောက်တွင် အရောင်များကွန့်ထားသည်။ အချို့ဒေသများတွင် အိမ်ထောင်မကျမီအထိ အပျိုများသည်ခြေကျဉ်းဝတ်အထိကျသော အဖြူရောင်သင်တိုင်းများကို ၀တ်ဆင်ကြသည်။ သို့သော်ထမီစကပ်ကိုအများပိုင်း ၀တ်ဆင်ကြသည်။ အရွယ်ရောက်သည့်အချိန်အထိ သင်တိုင်းတိုများကိုလည်း ၀တ်ဆင်ကြသည်။
စကောကရင်အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှုပုံစံ၊ ဒီဇိုင်းနှင့် ပတ်သက်၍လည်း Marshall (1922:38) က ထိုအစဉ်အလာသည် စပါးကြီးမြွေဒဏ္ဍရီမှဆင်းသက်လာသည်ဟုဆိုသည်။ ဒဏ္ဍရီအရ နော်မူအိုင်ကို စပါးကြီးမြွေဖြူတစ်ကောင်က ခိုးယူသွားခဲ့ပြီ တွင်းထဲတွင်ဝှက်ထားသည်။ မြွေတွင်းထဲတွင် ရောက်နေသောနော်မူအိုင်ကို ယောက်ျားဖြစ်သူကအသက်ပေး၍ ကယ်ယူခဲ့သည်။ထိုသို့ဖြင့် အမျိုးသမီးမှာ လွတ်မြောက်သွားပြီး မြေပ်ါသို့ပြန်တက်လာနိုင်တော့သည်။
ထိုဒဏ္ဍရီအပေါ်အခြေပြုလျက် အမျိုးမျိုးအဓိပ္ပာယ်ဖော်ခဲ့ကြသည့် အနက်တစ်ခုမှာ "စပါးကြီးမြွေသည် မိမိအရေခွံအတိုင်း အမျိုးသမီးအားသင်တိုင်းကို ယက်ရန်ခိုင်းစေသကဲ့သို့ အမျိုးသမီးဘက်မှလည်း စပါကြီးမြွေပါးစပ်မှ လွတ်မြောက်ခြင်းအတွက် ကျေးဇူးတုန့်ပြန်သောအားဖြင့် စပါကြီးအရေခွံအတိုင်း အ၀တ်ယက်လုပ်ခြင်းဖြစ်သည်။ " Gotegorg တွင် ဖွင့်လှစ်ပြထားသော Ethnographcam Museum ပြတိုက်တစ်ခုတွင် စကောကရင်လုံချည်သုံးမျိုးကို ဖော်ပြထားသည်ဟု Hansan (1960) က ဆိုခဲ့ဖူးသည်။ ထိုသုံးမျိုးမှာ (၁) တောက်ပသော အနီရောင်ချည်ထည် လက်လက်ပေါ်တွင် အထည်အောက်အစိမ်းရောင် အစင်းကြောင်းများပါရှိသည့် လူံချည် (AC#35.39.715)၊ (၂) အထက်ပိုင်းတွင် အနီရောင်ချည်ထည်ဖြင့် ယက်လုပ်ထားပြီး အောက်ပိုင်းတွင် အနီရောင်လက်နေသော ချည်ထည်ဖြင့် ယက်လုပ်သည့်လုံချည် (AC#35.39.801)၊ (၃) အနက်၊ အဖြူရောင်နှင့် အနီရောင်ပါရှိသော အမျိုးသားဝတ်လုံချည် (AC#35.39.710) ထိုပြတိုက်ထဲတွင် ကရင်ခေါင်းပေါင်းကိုလည်း တွေ့ရသည်။ ကရင်ခေါင်းပေါင်းသည် အဖြူရောင်ချည်ထည်ပေါ်တွင် အ၀ါ၊ အစိမ်းရောင် ကန့်လန့်ဖြတ်ပါဝင်ပြီး အနီရောင်မှာ အထက်အောက်အစင်းဖြစ်သည်။
ပကူး (Paku)
တောင်ငူအရှေ့တောင်တန်းရှိ ကယားပြည်နယ်တွင် ပကူးကရင် (၅၀၀၀) ခန့် နေထိုင်ကြသည်။ Spearman (1888,II:471) က ဖော်ပြသည်မှာ ပကူးကရင်များသည် ကရင်နီများ၏ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခြင်းကို အကြီးအကျယ်ခံခဲ့ရသည်။ ပကူးကရင်ရွာများလည်း ပျက်စီးခဲ့ရသည်။ Spearman က ဤကြောင်းအရာများကို ရေးသားသောအချိန်တွင် ပကူးကရင် (၂၀၀၀) ခန့်သည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလျက်ရှိနေပြီ်ဟု သိရသည်။ ပကူးကရင်များ၏ အ၀တ်အစားနှင့်ပတ်သက်၍ Spearman (1888,II:167) က ဖော်ပြရာတွင် "အဖြူရောင်သင်တိုင်းတွင် အစင်းမရှိ ၊ဇာထိုးပန်းထိုးပါသော ကျဉ်းမြောင်းသောအောက်ခြေတွင် အနားသပ်ကို ယက်ထားသည် တစ်ရွာနှင့့််တစ်ရွာ ပုံစံမတူကြချေ။" Marshall(1922:35) ကလည်း အလားတူဆိုထားသည်မှာ "ပကူးအမျိုးသားများသည် အဖြူရောင်သင်တိုင်းကိုဝတ်ကြသည်။ ထိုသင်တိုင်း၏အောက်ခြေတွင် ကျဉ်းမြောင်းသော အနီရောင်အနားသပ်များရှိသည်။ ကျေးရွာတစ်ရွာနှင့်တစ်ရွာ သီးခြားအမှတ်အသားများ ရှိသည်။"
ဘွဲ (Bwe)
ဘွဲကို ဘဂဲ (Bghai) ကရင်များဟုလည်းခေါ်ကြသည်။ ဘွဲ (၁၆၀၀၀) ခန့်သည် တောင်ငူဝန်းကျင်ရှိ တောင်တန်းများနှင့် ကယားပြည်နယ် အနောက်တောင်ဘက် ကျေးဘော်ကြီးဒေသများတွင် နေထိုင်ကြသည်။ ထိုင်းနိုင်ငံတွင်လည်း အနည်းစုနေထိုင်ကြသည်။
၁၈၆၀ ခုနှစ်များအတွင်း တောင်ငူခရိုင်တွင် အုပ်ချုပ်ရေးမှူးအဖြစ် အမှုထမ်းဆောင်ခဲ့သော A.R.McMahon ဆိုသူသည်ဘွဲတို့၏ ၀တ်စုံနှင့်ပတ်သက်၍ ပထမဦးဆုံးဖော်ပြခဲ့သည်။ A.RMcMahon (1876:300-301) အဆိုအရ "ဘွဲတို့သည် စစ်တောင်းမြစ်ကမ်းတွင် နေထိုင်ကြသည်။ ကေခိုများကဲ့သို့ ၀တ်စုံများကိုဝတ်ကြသည် သူတို့အ၀တ်အောက်ခြေပိုင်းတွင် အနီရောင်အစင်းများယက်ထားသည်။ သူတို့နှင့်တောင်ဘက်ပိုင်းတွင် နေကြသူများသည် လက်မပါသော သင်တိုင်းများကိုဝတ်ကြသည်။" သူကဆက်လက်၍ ဆိုထားသည်မှာ "သာသနာပြုများသည် သူတို့၏အ၀တ်ပေါ်မူတည်၍ ဘောင်းဘီရှည်ဝတ် ဘွဲ "(Pant Bhai) နှင့် သင်တိုင်းဝတ် (Tunic Bghai) ဟူ၍ ခွဲခြားသိမြင်ကြသည်။" တစ်ဖန် Spearman (1888,I:167) က ခရစ်ယာန်သာသနာပြု ဒေါက်တာ Manson Mopgha ၏ဖော်ပြချက်ကိုအခြေပြုကာ မို့ပါ Mopha တို့၏ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ဖော်ပြပြန်သည်မှာ "မို့ပါတို့သည် ခရစ်ယာန်ညာသာသို့ အဦးဆုံးဝင်လာသောအဖွဲ့ဖြစ်ပ့သည်။ သူတို့သည် သင်တိုင်းဝတ် ဘွဲ (Tunic Bghai) အဖွဲ့ဖြစ်သည်။ အဖြူရောင်သင်တိုင်းတွင် အနီရောင်အစင်းကြောင်းrများပါဝင်သည်။"
Marshall (1922:35) မြန်မာနိုင်ငံတွင် သာသနာပြုခဲ့စဉ်က ဘွဲတို့သည်သင်တိုင်းများကိုဝတ်ဆင်ကြကြောင်း သူတို့၏သင်တိုင်းများသည် စကောနှင့် ပိုးတို့ဝတ်သောသင်တိုင်းများထက် ပိုမိုတိုပြီး တင်းကြပ်စွာဝတ်ဆင်ကြကြောင်း ဖော်ပြခဲ့သည်။ "ယခင်က ဘွဲတို့သည် ဘောင်းဘီတိုများကိုဝတ်ကြသော်လည်း ယခုအခါ ဘောင်းဘီရှည်များကို ၀တ်လာကြသည်။" အုပ်စုတစ်စုနှင့်တစ်စု မတူညီခြားနားကြောင်းကိုလည်း သူကဆက်လက်ဖော်ပြထားသည်။ "ဘွဲတို့သည် အထက်အောက် အစင်းလိုက်ပါသောသင်တိုင်းများကို ၀တ်ကြသည်။ သူတို့ထဲ တစ်ချို့ဖြစ်သော မို့ပါတို့သည် အနီရောင် အစင်းပါအ၀တ်များကိုဝတ်ကြသည်။ ဘောင်းဘီရှည်ဝတ်ဘွဲ (Pant Bghai) တို့မှာ သူတို့သင်တိုင်းများ၏ အောက်ခြေတွင် အရောင်တောက်သော အစင်းများကိုဖောထားကြသည်။
Marshall (1922:38-39) က မို့ပါတို့၏ ၀တ်စုံများတွင် အမည်းရောင် အောက်ခံပေါ်တွင် အ၀ါရောင်၊ အစိမ်းရောင်တို့ကို ရောယှက်ထားသည်ကို မိမိစာရေးသည့်အချိန်အထိ တွေ့ရသေးသည်။ သို့သော် နောက်ပိုင်းတွင် အမျိုးသမီးငယ်များမှာ ထိုသို့ယက်လုပ်ဝတ်ဆင်ခြင်း မပြုကြတော့ပေ။ ထိုသို့အခြား ဘွဲအမျိုးသမီးများသည် အမဲရောင်ထမီ သို့မဟုတ် စကပ်များကိုသာ ၀တ်ဆင်လာကြသည်။ ထိုစကပ်များတွင် အနီရောင်ကန့်လန့်စင်းကြောင်းများကိုနှင့် အနီရောင်အစင်းကြောင်းကို အလယ်တွင်ယက်ထားသည်။
Spearman (1888,II:114) သည် ၀တ်စားဆင်ယင်မှုအကြောင်းပြောရာတွင် အသုဘ အခမ်းအနားများနှင့်ဆက်စပ်လျက် ကွဲပြားခြားနားကြပုံ အကြောင်းများကိုဖော်ပြခဲ့သည်။ သေလွန်သူများအတွက် သတိရပြုလုပ်ကျင်းပသော နှစ်ပတ်လည်ပွဲတော်များအကြောင်းကို ဖော်ပြရာတွင် သေလွန်သူတို့အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ထိုသူသေလွန်ပြီးသုံးနှစ်အကြာတွင် ပြုလုပ်ကြသည်။ သြဂုတ် သို့မဟုတ် စက်တင်ဘာလဆန်းတွင် ကျင်းပကြသည်။ ၀ါးကိုင်းတစ်ချောင်းကို အိမ်ထောင့်တစ်နေရာတွင် ကန့်လန့်ဖြတ်တန်းထားလိုက်သည်။ ထိုဝါးတန်းပေါ်သို့ အ၀တ်သင်တိုင်းသစ်များ၊ ပုတီးကုံးများကို...ချိတ်ဆွဲထားကြသည်။ သေလွန်သူအားရည်စူးပူဇော်ခြင်းဖြစ်သည်။ ထိုအခမ်းအနားကို ဦးဆောင်သူဘုန်းတော်ကြီးအားလည်း ဇာထိုးပန်းထိုးသင်တိုင်းကို ပေးလှူကြသည်။တစ်ခါတစ်ရံ ထိုသင်တိုင်းများသည် ပိုးထည်များဖြင့်ယက်လုပ်ထားသည်။ အများအားဖြင့် အနီရောင်ပိုးထည်များဖြင့် ရက်လုပ်ထားကြပြီး သာမာန်သင်တိုင်းများထက် ပိုရှည်သည်။ Spearman (1888,II:120)
ဂေဘား (Geba)
ဂေဘားများကို မယ်ပူ သို့မဟုတ် ကရင်ဖြူဟုလည်းခေါ်ကြသည်။ လူဦးရေအားဖြင့် (၄၀၀၀၀) ခန့်ရှိပြီး ကယားပြည်နယ် မြောက်ဘက်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲဒေသတွင်တွေ့ရသည်။ သူတို့အများပိုင်းသည် ခရစ်ယာန်များဖြစ်ကြသည်။
ဂေခို(Geku)
လူဦးရေအားဖြင့် (၁၀၀၀၀) ခန့်ရှိသော ဂေခိုများသည် ရမည်းသင်းနှင့် တောင်ငူခရိုင်၊ မိုးဗြဲဒေသရှမ်းပြည်တောင်ပိုင်းတွင် နေထိုင်ကြသည်။ Spearmen (1888,II149) သည် ၄င်းတို့အား လူရိုင်းလုကြမ်းအမျိုးဟုခေါ်ထားသည်။ နှစ်ခြင်းခရစ်ယာန်သာသနာများ၏လွမ်းမိုးမှု အများဆုံးခံကြရပြီး ခရစ်ယာန်အများဆုံးဖြစ်လာကြသူများဖြစ်သည်။ ၁၉ ရာစုနောက်ပိုင်းတွင် အင်္ဂလိပ်နစိုးရအုပ်ချုပ်မှုအောက် ရောက်လာကြသည်။
McMahon (1876:306) ၄င်းတို့ကို ဂေခိုဟုခေါ်ကြသည်။ ဂေခိုအမျိုးသားများသည် လက်တိုအင်္ကျီများကိုဝတ်ကြသည်။ ထိုအင်္ကျီအောက်ခြေတွင် အနီရောင်ဇာထိုးပန်းထိုးများရှိသည်။ ဘွဲတို့ဝတ်ဆင်သကဲ့သို့ဖြစ်သည်။ အမျိုးသမီးများမှာ သာမာန်ကုတ်အင်္ကျီများကိုသာဝတ်ဆင်ကြပြီး အနီရောင်၊ အဖြူရောင် အပေါ်ဝတ်ရုံဂျက်ကက်များဖြင့် ထပ်ဝတ်ကြသည်။ Spearman (1888,II:149) က ဂေခိုတို့၏ အ၀တ်အစားနှင့်ပတ်သက်၍ ဖော်ပြရာတွင် ပိုးထည်ဘောင်းဘီရှည်များကို တစ်ခါတစ်ရံ ဇာထိုးပန်းထိုးပြုလုပ်ထားသည်။ အောက်ခြေတွင် အနီရောင်လိုင်းများဖော်ထားသည်။ တက်လာသောနေ ၀န်းနီအသွင်ဆောင်သည်။ ဘွဲတို့သည် ပိုးကောင်များကိုမွေးမြူကြပြီး ပိုးထည်များကို ကိုယ်တိုင်ထုတ်လုပ်ကြသည်။ Marshall (1922:35) ကလည်း ဂေခိုအမျိုးသားများသည် တက်နေ၀န်းအသွင်ရှိတောက်ပသော အစင်းကြောင်းပါ ဇာထိုးပန်းထိုးလုပ်သင်တိုင်းကို ၀တ်ဆင်ကြသည်ဟုဆိုထားသည်။
လထ(Lahta)
မြန်မာနိုင်ငံရှိ ပိုး(Pho) အုပ်စုတွင ပအို့်(Pao)နှင့်ပိုး(Pwo) များပါဝင်သည်။ ထိုင်းနိုင်ငံတွင်အခြား စကားကွဲများစွာများစွာရှိသည်။ ပအို့နှင့် ပိုးနှစ်မျိုးစလုံးသည် တောင်ပိုင်းကရင်များ ပါဝင်ကြသည်။
ပိုး (Pwo)
ပိုးများသည် တစ်ခါတစ်ရံ ပို၊ မနူ သို့မဟုတ် ကရင်ဖြူများဟုခေါ်ကြသည်။ ဧရာဝတီမြစ်ဝကွန်းပေါ်ဒေသတွင် ပိုးကရင် ၁.၂ သန်းကျော်နေထိုင်ကြသည်။ ယခင် အထက်မြန်မာနိုင်ငံ လွိုင်လုံဒေသတောင်တန်းများတွင်လည်း အချို့နေထိုင်ကြသောကြောင့် သူတို့ကို ဗမာများက တလိုင်းကရင်ဟုခေါ်ကြသည်။
Scott and Hardiman (1900,I/II:554) တို့က F.H Gilles ၏ဖော်ပြချက်ကို အဖြေပြုလျက် လွိုင်လုံ၊ ပေါင်းလောင်းဒေသရှိ မနူခေါ်ကရင်ဖြူများတို့၏ ရိုးရာဝတ်စုံများအကြောင်း ဖော်ပြခဲ့ကြသည်။ သူတို့သည် သင်တိုင်းများကိုဝတ်ဆင်ကြသည်။ သင်တိုင်းတစ်မျိုးဖြစ်သည်။ လက်တိုဖြစ်သည်။ ပေါင်းလောင်းဒေသတွင် ပိုးထည်များဖြင့်ယက်ကြသည်။ တစ်ဝက်ဖြူ တစ်ဝက်နီသည်။ ဖြူသောအပိုင်းမှာ အပေါ်ပိုင်းဖြစ်သည်။ ထိုသင်တိုင်းအောက်တွင် စကပ် သို့မဟုတ် အမျိုးသမီးအတွင်းအင်္ကျီကိုလည်း ၀တ်ထားကြသည်။ ခြောက်လက်မအရှည် သို့မဟုတ် ဒူးဆစ်အထိကျသည်။ ချည်ထည်ဖြင့်ပြုလုပ်ထားပြီး အရောင်မှာ အများပိုင်း အနီရောင် အပြာနက်ရောင်ဖြစ်သည်။ တဘက်ဟုခေါ်သောခေါင်းပေါင်းကို ပေါင်းထားသည်။ တောင်ရိုးများပေါင်းသောခေါင်းပေါင်းနှင့် အလွန်တူသည်။ သစ်စေးဖြင့်အရောင်ဆိုးထားသော အ၀တ်ကိုလည်း လက်မပါသောသင်တိုင်းနေရာတွင် ထားကြသည်။ ပွဲလမ်းသဘင်များတွင် အမျိုးသမီးများသည် မိမိတို့ သဘက်ဖူးစောင်များကို ကြက်ငှက်အမွေးအတောင် ရောင်စုံမှန်စများဆင်ယင်လျက် ခေါင်းပေါင်းကြသည်။
အမျိုးသားများလည်း ခါးလောက်ရောက်သည့်သင်တိုင်းများကို ၀တ်ကြသည်။ ဘောင်းဘီရှည်များလည်းဝတ်ကြသည်။ ပလောင်အမျိုးသမီးများကဲ့သို့ ခါးတွင်ချည်သောအရာများကို ပတ်ထားကြသည်။ အနည်းစုသာ ထိုသို့ပြုလုပ်ကြသည်။ ခေါင်းပေါင်းကိုချည်ထည်ဖြင့်ယက်လုပ်သည်။ နဖူးအုပ်လျက် ခေါင်းကိုပတ်ထားကြသည်။
Hinton (1974:27) သည်ထိုင်းနိုင်ငံရှိ ပိုးကရင်များအကြောင်းရေးသားရာတွင် အိမ်ထောင်သည်နှင့်လူလွတ်အကြား ကွဲပြားခြားနားသောအမျိုးသမီးအ၀တ်များအကြောင်းကို ဖော်ပြထားသည်။ အိမ်ထောင်မရှိသော အမျိုးသမီးငယ်များသည် အနီရောင်အစင်းပါသော ဘလောက်အင်္ကျီများကိုဝတ်ဆင်ကြသည်။ သူနေထိုင်သောနေရာရှိ အမျိုးသမီးများ၏ အ၀တ်အစားများနှင့် ပတ်သက်၍ ပြောရာတွင် အရောင်များမှာ တောက်ပသည့်အနီရောင် အစိမ်းသို့မဟုတ် အနက်ရောင်ကို ပိုမိုဦးစားပေးကြသည်။ အဆင်အယင်များမှာ သူတို့စိန်ကြိုက်ပြုလုပ်ကြသည်။
အခြားကရင်များ (Other Karens)
အထက်ဖော်ပြပါအုပ်စုခွဲများတွင်မပါသော ကရင်မျိုးနွယ်စုလေးမျိုးလည်း တွေ့ရသေးသည်။ ၄င်းတို့မှာ မနူးမနော၊ ဝေေ၀ါ်၊ ယင်းတလဲ နှင့် ဇာယိန်းဖြစ်သည်။
မနူးမနော (Manumanaw)
ကယားပြည်နယ် ကြက်ဖိုးကြီးအနောက်တွင် မနူးမနောခရစ်ယာန်များ ခန့်မှန်းချေ (၃၀၀၀) ခန့်နေထိုင်ကြသည်။ သူတို့အ၀တ်အစားများအကြောင်းကို မှတ်တမ်းတင်ထားခြင်းမတွေ့ရပေ။
ဝေေ၀ါ် (Wewaw)
ဝေေ၀ါ်အကြောင်းအကျဉ်းမျှကို Spearman (1880,I:166) ၏မှတ်တမ်းများတွင် တွေ့ရသည်။ သူကဝေေ၀ါ်များသည် ယဉ်ကျေးမူအဆင့်နိမ့်သေးသည့်လူများဟု ယူဆသည်။ သူတို့သည် အ၀တ်အစားမျိုးစုံဝတ်သူများ ဖြစ်သည်။ အမျိုးသမီးများမှာ ရက်ကန်းယက်ခြင်း မလုပ်ကြသောကြောင့် အသွင်သဏ္ဍန်ခွဲခြား၍မရသော အ၀တ်အစားများကိုဝတဆင်ကြသည်။
ယင်းတလဲ (Yinale)
ကယားပြည်နယ် ဘောလခဲဒေသ တောင်ဘက်တွင် ဗုဒ္ဓဘာသာဝင် ယင်းတလဲကရင်အနည်းစု နေထိုင်ကြသည်။ သူတို့အ၀တ်အစားများအကြောင်းကို မှတ်တမ်းတင်ထားခြင်း မတွေ့ရပေ။
ဇာယိန်း(Zayein)
ဇာယိန်းကို စွမ်းတောင် သို့မဟုတ် ခေါင်းတိုကရင်များဟုလည်းခေါ်ကြသည်။ ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေထိုင်ကြသည်။ အမျိုးသားများသည် နားအပေါ်ဘက်တွင် ဆံပင်တစ်ချို့သာချန်ထားပြီး ခေါင်းတုံးရိတ်ကြသည်ကိုအစွဲပြုလျက် ခေါင်းတိုဟုခေါ်ကြခြင်းဖြစ်သည်။ Scott and Hardiman (1900,I/II:539) က F.H Gilles အဆိုဖြစ်သောဇာယိန်းများသည် မြန်မာနိုင်ငံအောက်ပိုင်း ကျိုက္ခမီဒေသမှ မြန်မာနိုင်ငံအထက်ပိုင်း လွိုင်လောင်နှင့် မိုင်ပိုင်ဒေသသို့ရွေ့သွားကြသည်ကို ထပ်မံဖော်ပြထားသည်။ F.H Gilles က ဇာယိန်းတို့၏၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ရေးသားသည်မှာ အမျိုးသားများသည် ၁၅ လက်မအရှည်ရှိသော ဘောင်းဘီရှည်များကိုဝတ်ကြသည်။ ခါးတွင်ကြိုးးနှင့်ချည်ထားသည်။ ကုတ်အင်္ကျီရှည်မှာလည်း ဒူးဆစ်အထိရောက်သည်။ လည်ပင်းတွင်ချည်ထားသည် သို့မဟုတ် ဖွင့်ဟထားသည်။ ဘောင်းဘီရှည်ရော ကုတ်အင်္ကျီပါ အဖြူရောင်ဖြစ်သည်။ အမျိုးသမီးများလည်း သင်တိုင်းတိုများကိုဝတ်ကြသည်။ အနက်ရောင်အစင်းသည် လည်ပင်းကိုပတ်လျက် ကျောဘက် ရင်ဘက်ခြမ်းအတိုင်း အောက်သို့သွယ်တန်းသည်။ လက်မောင်းစကိုလည်း ပတ်ထားသည်။ အောက်ဆုံးအနားသတ်မှာ သုံးလက်မခန့် အကျယ်ထားသည်။ ထိုသင်တိုင်းမျိုးသည် ဒူးဆစ်နှင့်ပေါင်ကြားလောက်တွင်ရောက်သည်။ အချို့ကို ခရုခွံများနှင့်ဆင်ယင်ထားသည်။ အတွင်းခံအဖြစ် စကပ်များကိုဝတ်သည်။ စကပ်များသည် ဒူးဆစ်လောက်အထိမရောက်ပါ။ အဖြူရောင်ပေါ်တွင် အနက်ရောင်တင်သည်။ အနီရောင်နှင့် အနက်ရောင်ကိုလည်း အနားသတ်လိုင်းဆွဲထားသည်။ ပထမလိုင်းမှာ လက်မခန့်ကျယ်၍ ဒုတ်ယလိုင်းမှာ လက်မ၀က်ခန့်ကျယ်သည်။ တတိယလိုင်းမှာ သုံးလက်မခန့်ရှိသည်။ အနက်ရောင်ထိုးထားသောချည်ထည်ကို ဒူးဆစ်အောက်ခြေထောက်တွင် ပတ်ထားသည်။ အပြာ သို့မဟုတ် အနီရောင်အ၀တ်စကို ခြေသလုံးတွင်ပတ်ထားသည်။ ကြေးကွင်းများကိုလည်း ခြေထောက်နှစ်ဖက်ရှိ ခြေကျင်းဝတ်တွင် လေးလက်မခန့်အထိ ၀တ်ထားသည်။ ခေါင်းကိုလည်း လိပ်ခုံးပုံမို့မောက်အောင်ဖြီးထားသည်။ မို့မောက်နေသောဆံပင်ပေါ်အောင် ခေါင်းပေါင်းလည်းပေါင်းထားသည်။ ခေါင်းပေါင်းကို အမျိုးမျိုးတန်ဆာဆင်ထားသည်။ အဖြူစနှင့် အနီစရှစ်မျိုးပါရှိသည်။ (၂၀) လက်မရှည်လျားပြီး (၆) လက်မကျယ်သည်။
Lowis (1919:45) ဇာယိန်းတို့၏ အ၀တ်အစားတို့နှင့်ပတ်သက်၍ အတိုချုပ်ဖော်ပြခဲ့သည်။ သင်တိုင်းနှင့်ခြေကျင်းဝတ်ကြေးကွင်းများမှာ မျိုးနွယ်စုတိုင်းရှိ အမျိုးသမီးများ၏ သာမာန်အ၀တ်အစားများဖြစ်သည်။ ဘောင်းဘီတိုမှာ အမျိုးသားများအတွက် ၀တ်ဆင်သောအ၀တ်ဖြစ်သည်။ အချို့နေရာများတွင် အမျိုးသမီးများ၏ ဆံပင်ပုံစံများမှာ ထူးဆန်းသည်။ Goteborg Ethnographical Museum တွင် ဇာယိန်းတို့၏ အ၀တ်အထည်သုံးမျိုးကို ခင်းကျင်းပြသထားသည်။ ပထမတစ်မျိုးမှာ အမျိုးသမီးဝတ်လက်တို ဘလောက်အင်္ကျီ၊ ဆေးဆိုးထားခြင်းမရှိ၊ အဖြူရောင်တန်ဆာဆင်ထားခြင်းမရှိ။ (AC#35.39.740)၊ ဒုတိယတစ်မျိုးမှာ အမျိုးသားဝတ်အင်္ကျီ လက်ပါဂျက်ကက်ဖြစ်သည်။ (AC#35.39.738) တတိယတစ်မျိုးမှာ အမျိုးသားဝတ်ဘောင်းဘီတို ဆေးမဆိုးထားသောချည်ထည်၊ အဖြူရောင်၊ အညိုရောင် အစင်းများရှိသည်။ (AC#35.39.739) ၄င်းအားလုံးကို "၀ါသာ" (Watha) တွင်စုဆောင်းခဲ့သည်။ အမျိုးသားအင်္ကျီပုံများကိုလည်း တွေ့ရသည်။ ဓါတ်ပုံရိုက်ကူးထားခြင်းမတွေ့ရ။
Scott and Hardiman (1900,I/II:544) တို့ကလည်း စင်းစင်း (Sin Sin) ဟုခေါ်သော ကရင်မျိုးနွယ်စုအကြောင်းကို ဖော်ပြထားသည်။ ဇာယိန်းနှင့်တစ်မျိုးတည်းဖြစ်သည်။ သို့သော် တောင်သူနှင့်ရှမ်းရွာများတွင် အတူယှဉ်တွဲနေထိုင်ကြသည်။ သူတို့ဘာသာစကားကို ထိန်းသိမ်းကြရန် လိုအပ်လာသည်။ အကြောင်းမှာတောင်သူတို့၏ လွမ်းမိုးမှုကို များစွာခံနေရသည်။ Scott and Hardiman (1900,I/II:545) တို့အဆိုအရ အမျိုးသားများသည် တောင်သူ ဓနုများကဲ့သို့ ၀တ်စားဆင်ယင်လာကြသော်လည်း အမျိုးသမီးများမှာ မိမိတို့ကိုယ်ပိုင်ရိုးရာဝတ်စုံများကို ၀တ်ကြေသေးသည်။ အမျိုးသမီးများသည် ဒူးဆစ်အထိရောက်သော သင်တိုင်းများကိုဝတ်ဆင်ကြသည်။ အဖြူရောင်သင်တိုင်းဖြစ်သည်။ အပြာရောင်လိုင်းကိုလည်း လည်ပင်းပတ်လည် နံဘေးပတ်လည် ရင်ဘတ်ကျောဘက်ထက်အောက် ဖော်ထားသည်။ အင်္ကျီလက်များမှာ အပြာ အနီကြိုးများဖြင့် ဖော်ထားပြန်သည်။ အနက်ရောင်ဆိုးထားသောချည်ကိုလည်း ခါးတွင်ပတ်ထားသည်။ အတွင်းဂါဝန်ကိုမ၀တ်ကြ။ တောင်သူအမျိုးသမီးများကဲ့သို့ ခေါင်းပေါင်းကြသည်။ ဆံပင်ပုံမှာလည်း အတူတူပင်ဖြစ်သည်။
အခြားသောကရင်များ၏ အမည်များကို အခြားမှတ်တမ်းစာပေများတွင် တွေ့ရသေးသည်။ ၄င်းတို့သည် အထက်ဖော်ပြပါ ကရင်အုပ်စုခွဲများတွင် အချို့ပါဝင်ကြပြီး အချို့မှာလည်း အခြားအုပ်စုခွဲများ၌ ပါဝင်ကြသည်။
(Michale C.Howard ၏ Texitles of the Hill Tribes of Burma မှ "The Karen" ကိုပြန်ဆိုခြင်းဖြစ်သည်။