Monday, May 11, 2009

ကရင်လက်နက်ချ KPF အဖွဲ့ နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲ

Monday, May 11, 2009
Kaowao မေ ၉၊ ၂၀၀၉။သံဖြူဇရပ်(မေလ-၉)။ ။ စောသမူဟဲ ဦးဆောင်သော ကရင်လက်နက်ချအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့KPF ဟောင်သရောအဖွဲ့ကို BGF (Border Guard Force) မြန်မာနယ်ခြားစောင့်တပ်အဖြင့် ပြောင်းလဲဖွဲ့စည်း ရန် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ညွှန်ကြားထားပြီ ဖြစ်ကြောင်း အမည်မဖော်လိုသော KPF အရာရှိတစ်ဦး ပြောပြချက်အရ သိရသည်။

လွန်ခဲ့သည့် မတ်လ(၃၀) ရက်နေ့တွင် နေပြည်တော်မှ ထိပ်တန်းမြန်မာအရာရှိအချို့အပါအဝင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်း တို့နှင့် KPF ခေါင်းဆောင် စောသမူဟဲ(ဥက္ကဌ)၊ စောဒေါဒေါ(ဒု-ဥက္ကဌ)၊ မန်းအောင်တင်မြင့်(အတွင်းရေးမှူး)၊ စောဝါးချဲ့(ဗဟိုကော်မတီဝင်) တပ်ရင်းမှူးများ ဖြစ်ကြသည့် ဒုတိယဗိုလ်မှူးကြီး စောသြဘာ၊ ဒုတိယဗိုလ်မှူးကြီးစောအယ်ဆေး၊ ဒုတိယဗိုလ်မှူးကြီးစောလေးဝါး၊ တို့အား ရတခတွင် ခေါ်ယူတွေ့ဆုံ စဉ် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ BGF သို့ ပြောင်း လဲရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။အဆိုပါ BGF တပ်ဖွဲ့တွင် အမှတ်(၁)တပ်ရင်းကို တပ်ရင်းမှူး စောအယ်ဆေး ကြာအင်းဆိပ်ကြီးမြို့သစ်ဒေသ၊ အမှတ်(၂)တပ်ရင်းကို တပ်ရင်းမှူး စောသြဘာ ကျိုက်ဒုံဒေသ၊ အမှတ်(၃) တပ်ရင်းကို စောလေးဝါး ဘုရားသုံးဆူ ဒေသတို့တွင် အခြေပြုကြသည်ဟု ဆိုပါသည်။

တပ်ရင်းတစ်ရင်းအတွက် နအဖမှသတ်မှတ်ပေးသော အရေအတွက်မှာ (၃၂၆) ဦးဖြစ်ပြီး တပ်ခွဲ(၄) ခွဲဖြစ်သည်။ တပ်ရင်း(၃) ရင်းဖြစ်သည့်အတွက် BGF နယ်ခြားစောင့်တပ်၏ အင်အားမှာ တစ်ထောင်နီးပါးခန့်ရှိမည်ဟု ခန့်မှန်း ရပါသည်။BGF တပ်ဖွဲ့ဝင်တို့၏ လစာနှင့် ရိက္ခာစစ်လက်နက်ပစ္စည်းတို့ကို နအဖမှ တာဝန်ယူမည်ဖြစ်သည်။ အနိမ့်ဆုံး တပ်သားတစ်ဦး၏ လစာ သုံးသောင်း (၃၀၀၀၀) ကျပ်ဖြစ်ပြီး ဒု-ဗိုလ်မှ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးလစာမှာ ကျပ်တစ်သိန်းနှစ်သောင်း (၁၂၀၀၀၀ိ) နအဖမှ ထုတ်ပေးမည်ဟု ဆိုပါသည်။

နအဖမှု BGF တပ်ဖွဲ့အတွက် ထောက်ပံ့ဖြည့်ဆည်းပေးသည်မှာ M-16 သေနတ် (၁၀၀) လက်၊ AK-47 သေနတ် (၁၁၀)၊ ကားငယ် (၅) စီး၊ မော်တော်ဆိုင်ကယ် (၂) စီး၊ စက်ဘီး (၅) စီး ရှိသည်ဟု အဆိုပါ BGF အရာရှိက ထပ်မံ ပြောကြားခဲ့သည်။အဆိုပါအရာရှိက “လက်နက်ချတပ်ဖွဲ့ဖြစ်နေတော့ တပ်ဖွဲ့နာမည်ကို ကိုယ့်စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့် မရှိပါဘူး၊ ထိပ်ပိုင်းတွေကတော့ သဘောတူကြရတာပါဘဲ၊ ဒါပေမဲ့ အောက်ခြေ ကရင်တပ်သားတွေအဖို့ ကရင်လူမျိုးကို ကိုယ်စားပြုတဲ့ K တစ်လုံး ပျောက်သွားတာကိုတော့ သိပ်မကျေနပ်ကြပါဘူး” ဟု ဆိုသည်။

KPFဟောင်သရောအဖွဲ့သည် ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် KNU တပ်မဟာ (၆) တပ်ရင်း (၁၆) မှ စောသမူဟဲ မြန်မာစစ်အုပ်စုတွင် လက်နက်ချခဲ့ပြီး ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။နအဖစစ်ဘက် အရာရှိများနှင့် ငြိမ်းအဖွဲ့ခေါင်းဆောင်တချို့ ဧပြီ (၂၈) တွင် သီးခြားစီ တွေ့ဆုံခဲ့ရာတွင် နအဖ ထိပ်တန်းအရာရှိ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် သက်ဆိုင်ရာတိုင်းမှူးများက တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ နအဖနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် ပြောကြားခဲ့ပြီးဖြစ်သည်။

Sunday, May 10, 2009

DKBAတပ်များ ဝေါလေခီးစခန်းမှ ပြန်လည်ဆုတ်ခွာနေ


တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA နှင့် မြန်မာစစ်အစိုးရ ပူးပေါင်းတပ်တို့ တလနီးပါးခန့် ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ ဝေါလေခီး စခန်းမှ DKBA တပ်များ ပြန်လည်ဆုတ်ခွာနေသည်။

ဝေါလေခီးတိုက်ပွဲကြောင့် တိမ်းရှောင်နေရသည့် ရွာသားများ၏ လုံခြုံရေးအတွက် ဆောင်ရွက်နေ သည့် ကေအဲန်အယ်လ်အေရဲဘော်တချို့ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ၊ KNLA တပ်ရင်း ၂၀၁ အခြေစိုက် ဝေါလေခီးစခန်းအား DKBA နှင့် မြန်မာစစ်အစိုးရ ပူးပေါင်းတပ်တို့ ဧပြီလအတွင်းက ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ယခုအခါထိုစခန်းမှ DKBA တပ်များ တဖြည်းဖြည်းချင်း ဆုတ်ခွာလျှက်ရှိသည်ဟု DKBA နှင့် နီးစပ်သူ တဦးက ယခုလို ပြောသည်။ “ပြန်ဆုတ်သွားပြီ။ မနေ့ကပဲပြန်ဆုတ်သွားတာ။ အဲဒီစခန်း(ပင်မစခန်း)ထဲမှာတော့ လုံးဝ မရှိတော့ဘူး။ ဒါပေမယ့် စခန်းနဲ့ အနီးအနားမှာတော့ ရှိနေတာပေါ့။ ရုတ်တရက် ဆုတ်သွား တာတော့ မဟုတ်ဖူးပေါ့။ ဖြည်းဖြည်းဆုတ်သွားတာပေါ့။”

DKBA အနေနှင့် ဝေါလေခီးစခန်းအား သိမ်းပိုက်ပြီးသော်လည်း ဌာနချုပ်မှစားနပ်ရိက္ခာ ထောက်ပန့်မှု အားနည်းခြင်း၊ လူအင်အားမဖြည့်နိုင်ခြင်းတို့ကြောင့် စခန်းထိုင်၍ မရနိုင်ဟု ၎င်းက ဆက်ပြောသည်။“စခန်းထိုင်လို့မရဘူး။ အနောက်လိုက်အင်အားမကောင်းလို့ပြန်ဆုတ်ကုန်ပြီ။ အနောက် လိုက်အင်အား ဆိုတာ ရိက္ခာပို့ဆောင်တဲ့နေရာမှာလျော့နည်းမှု၊ နောက်ပြီး ရွှေ့ပြောင်းလိုတဲ့ အင်အားလျော့နည်းမှု၊ လိုအပ်တာကိုပို့ဖို့ လျော့နည်းမှု၊ နောက်တခုက အခု ကေအင်ယူရဲ့ အဲဒီစခန်းကမြေမြုပ်မိုင်းတွေ ထိပြီး တော့၊ ထိသွားတဲ့ ရဲဘော်တွေရဲ့ အဲဒီလူနာတွေရဲ့ အင်အားတွေကို အခုပြန်လှည်ပြီးတော့ ပြုစုရတဲ့ အတွက်ကြောင့်မို့ အခုဒီစခန်းမှာ ကြာကြာ နေလို့ မဖြစ်တော့ဘူးလေ။”ဝေါလေခီးစခန်းအားမိမိတို့ဖက်မှ ဆုတ်ခွာပေးပြီးနောက် DKBA တပ်များအနေနှင့် ပင်မစခန်းထဲသို့ ၀င်ရောက် နိုင်ခြင်းမရှိသေးပဲ ပင်မစခန်း အနီးဝန်းကျင်၌သာ နေရာယူထား နိုင်ခဲ့သည်ဟု KNLA ၂၀၁ ဒုတပ်ရင်းမှူး ဗိုလ်ကြီး စောဘူးဖောက ယခုလို ပြောသည်။

“လောလောဆယ်တော့ သူတို့စခန်းတွေ ချထားတယ်။ ကျနော်တို့နေတဲ့ စခန်းမှာမဟုတ်ဖူးနော်၊ အတွင်းထဲမှာ မဟုတ်ဖူးပေါ့။ အဲဒီနားတ၀ိုက်မှာတော့ လာနေတယ်။”လောလောဆယ် နှစ်ဘက်ပစ်ခတ်မှုများ မရှိသော်လည်း KNLA တပ်ရင်း၂၀၁ ၏ ရွှေ့ပြောင်းသည့် နေရာသည် ဝေါလေခီး စခန်း၏ အမြင့်ပိုင်းတွင်တည်ရှိနေပြီး ပင်မစခန်းတွင်း၌ လက်ကျန် မြေမြုပ်မိုင်းတချို့ ကျန်ရှိနေသဖြင့် DKBA အနေနှင့် ပင်မစခန်းတွင်း ၀င်ရောက်ရန် ခက်ခဲနိုင်သည်ဟု ဗိုလ်မှူးစောလှငွေက ယခုလိုပြောသည်။“အဲဒီ စခန်းမကြီးထဲကိုသူတို့ ၀င်လာလို့ရှိရင် ဒီက အပေါ်ပိုင်းမှာရှိတဲ့သူတွေက လှမ်းပစ်မှာ ဆိုတော့ ဟိုပြေးဒီပြေးဆို သူတို့ဗုံးကျင်းမှာပဲ နေရာပြေးယူရမှာ။ ဗုံးကိုအေးဆေးရှင်းလို့ ရမယ့်နေရာမျိုးမှ မဟုတ်တာ။ ဗုံးကိုအေးဆေးရှင်းမယ်ဆိုလို့ရှိရင် ညပဲဝင်ဝင်၊ နေ့ပဲဝင်ဝင် ဒီဖက်က အပေါ်ကနေ လှမ်းပစ်ရင် သူဗုံးထိမှာပဲ။

ဒီစခန်းက ကိုယ့်ဟာကိုယ်တောင် ပြန်ဝင် ရှင်းရင် ပြန်ဝင်ထိုင်ရင်တောင်မှ တော်တော် သတိထားရမယ်။”ယမန်နှစ်ဇွန်လကုန်ပိုင်းက ဒီကေဘီအေနှင့် မြန်မာ အစိုးရပူးပေါင်းတပ်တို့ ဝေါလေခီးစခန်း အား ၂ ရက် ကြာမျှသိမ်းပိုက်ထားသည်ကို ကေအဲန်ယူက ပြန်လည်ရယူနိုင်ခဲ့ပြီး ယခင် လကုန်ပိုင်းက ဒုတိယအကြိမ် သိမ်းပိုက်နိုင်ခဲ့သော်လည်း စခန်းတွင်းသို့ အခြေချ နေထိုင်နိုင်ခြင်း မရှိသေးချေ။

Posted by အဲခေါင်သောင့်