ဖွဲ့စည်းပုံအခြေခံဥပဒေ မူချောစာအုပ် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေ
NEJ/ ၄ နိုဝင်ဘာ ၂၀၀၈

ပြီးခဲ့သည့် မေလအတွင်း နာဂစ်မုန်တိုင်းကြောင့် ပြည်သူသိန်းချီသေနေသည့်ကြားမှ စစ်အစိုးရ အဓမ္မ အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူချောစာအုပ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ဟု အမည်ပေးကာ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် မကြာခင်က ထုတ်ဝေလိုက်သည်။အဆိုပါစာအုပ်ကို သတင်းစာစက္ကူ ရိုးရိုး တအုပ် ၂၀၀၀ ကျပ်၊ စက္ကူဖြူချော တအုပ် ၂၅၀၀ ကျပ်ဖြင့် ယခုလ (၁) ရက်မှစတင်ကာ အစိုးရစာအုပ်ဆိုင်များတွင် ၀ယ်ယူနိုင်ပြီးပုံနှိပ်မှတ်တမ်းမှာ ၂၀၀၈ စက်တင်ဘာလတွင် အုပ်ရေ (၁၀၀၀၀) ပုံနှိပ်သည်ဟု ဖော်ပြထားသည်။ စုစုပေါင်း မြန်မာဘာသာနှင့် (၁၉၄) မျက်နှာ၊ အင်္ဂလိပ်ဘာသာနှင့် (၁၉၄) မျက်နှာပါဝင်သည်။
ယခုထုတ်ဝေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) စာအုပ်သည် ယခင်မူကြမ်းစာအုပ်အတိုင်း ထုတ်ဝေခြင်းဖြစ်ပြီး ဘာမျှထူးခြားချက် မပါကြောင်း ရန်ကုန်မှ ၀ါရင့်သတင်းစာဆရာကြီးတဦးက ပြောသည်။
၎င်းက“ အင်္ဂလိပ်ဘာသာနဲ့ တမျှက်နှာစီ မျက်နှာချင်းဆိုင် ဖော်ပြထားတော့ စစ်အစိုးရရဲ့ ဒီအခြေခံဥပဒေဆိုတာကြီးကို နိုင်ငံခြားသားတွေပါ လေ့လာချင် လေ့လာနိုင်တာပေါ့။ ဒါမှ သူတို့လည်း ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လောက် ဆိုးလည်းဆိုတာကို သိလိမ့်မယ်။ ပြောရရင် ဒီဖွဲ့စည်းပုံဥပဒေဟာ နိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးကို ဘယ်လိုမှ အထောက်အကူ ဖြစ်စေနိုင်မှာ မဟုတ်လို့ လက်မခံနိုင်ပါဘူး၊ ဒီ ဖွဲ့စည်းပုံအရလုပ်မယ့် လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်မခံနိုင်ပါဘူး” ဟုပြောသည်။
ပြီးခဲ့သည့် မေလတွင် စစ်အစိုးရက အတည်ပြုပြဌာန်းလိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးတွင် ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်သည့် ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းပါဝင်သည့်အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုလည်း တိုင်းပြည်ကို ကယ်တင်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် အာဏာသိမ်းယူနိုင်သည်အထိ အခွင့်အရေးများ ပေးထားသည်။
နိုင်ငံ၏အကြီးအကဲကို သမ္မတအဖြစ် သတ်မှတ်ထားပြီး သမ္မတရွေးချယ်ရေး နှင့်ပတ်သက်၍ စစ်ဗိုလ်ချုပ်ကြီးများကသာ ယင်းရာထူးကို ရယူနိုင်ရန် ပြဌာန်းထားပြီး အသေးစိတ်ကိုမူ ဖော်ပြထားခြင်းမရှိပေ။
လက်ရှိဖွဲ့စည်းပုံတွင် သမ္မတရာထူးက အမြင့်ဆုံးဖြစ်ပြီး သမ္မတကို သမ္မတရွေးချယ်ရေးအဖွဲ့က ရွေးချယ်မည်ဟုသာ ပြဌာန်းထားပြီး အသေးစိတ်ကို ပြဌာန်းမထားကြောင်း၊ စာမျှက်နှာ (၂၀) ပုဒ်မ ၆၀ (စ) တွင် သမ္မတနှင့် ဒု-သမ္မတများ တင်မြှောက်နိုင်ရန် လိုအပ်သည့် ဥပဒေကို ပြဌာန်းပေးရမည်ဟုသာပါပြီး လက်ရှိစစ်အစိုးရက ပြဌာန်းမလား၊ နောင်ပေါ်ပေါက်လာမည့် လွှတ်တော်က ပြဌာန်းမလားဆိုသည်ကိုမူ သဲသဲကွဲကွဲရေးမထားကြောင်း တရားရုံးချုပ်ရှေ့နေတဦးက သုံးသပ်သည်။
ယခုဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ကောင်းမွန်ကြောင်း ချီးမွမ်းရေးသားထားသည့် ဆောင်းပါးများကိုမူ ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်တွင် အပတ်စဉ်ဖော်ပြနေပြီး ရေးသားသူမှာ အဆိုပါဂျာနယ်ထုတ်ဝေသူ ဒေါက်တာနေ၀င်းမောင် ဖြစ်ကြောင်း ပြည်တွင်းမှ သတင်းထောက်များက ပြောသည်။
No comments:
Post a Comment