Saturday, December 20, 2008

အရှေ့တီမောနှင့် ချက်က မြန်မာသူပုန် ၃၄ ဦးကို ခိုလှုံခွင့် ပေးမည်

Thursday, 18 December 2008 21:37
နယူးဒေလီ (မဇ္ဈိမ)။ ။ အရှေ့တီမောနှင့် ချက်ရီပတ်ဘလစ်နိုင်ငံက ကာလကတ္တား အကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရပြီး လက်နက်မှောင်ခိုမှုဖြင့် စွပ်စွဲခံထားရသော မြန်မာသူပုန် ၃၄ ဦးကို နိုင်ငံရေး ခိုလှုံခွင့်ပေးရန် မူအားဖြင့် သဘောတူလိုက်ပြီ ဖြစ်သည်။မဇ္ဈိမသတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်ပြီး ကာလကတ္တား တရားရုံးတော်က တရားဝင် ဘာသာပြန်သူအဖြစ် ခန့်အပ်ခြင်းခံရသည့် ဦးစိုးမြင့်က ပြောကြားရာတွင် အိန္ဒိယ တရားဥပဒေအရ အပြစ်ကျူးလွန်မှု မရှိကြောင်း တွေ့ရှိခဲ့လျှင် မြန်မာနိုင်ငံသို့ ပြန်ပို့မည့်အရေးကို ရှောင်လွှဲနိုင်ရန်အတွက် နိုင်ငံရေး ခိုလှုံခွင့်ပေးရန် နှစ်နိုင်ငံလုံးက သဘောတူညီထားခြင်း ဖြစ်သည်။ "သူတို့အမှုက ပြီးခါနီးပြီဆိုတော့ အမှုပြီးရင် မြန်မာပြည်ကိုပို့ရင် ထောင်ဒဏ်ဖြစ်ဖြစ်၊ ဒါမှမဟုတ် သတ်ရင်လည်း အသတ်ခံရနိုင်တယ်။ အဲဒါမျိုးမဖြစ်အောင် သူတို့တွေကို သူတို့နိုင်ငံတွေမှာ လက်ခံပေးဖို့ နိုင်ငံတချို့ကို မေတ္တာရပ်ခံထားတာ။ အခုလောလောဆယ် သိရတာက အရှေ့တီမောရယ်၊ ချက်နိုင်ငံရယ်က သူတို့ကို မြန်မာနိုင်ငံ ပြန်ပို့မခံရအောင် ကာကွယ်ပေးတဲ့အနေနဲ့ သူတို့နိုင်ငံမှာ လက်ခံမယ်လို့ မူအရ သဘောတူထားတယ်" ဟု ဦးစိုးမြင့်က ပြောသည်။သို့သော်လည်း မြန်မာသူပုန်များအနေဖြင့် ထိုနိုင်ငံများသို့ ပြောင်းရွှေ့အခြေချနိုင်ရေးမှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ကြားဝင်ဆောင်ရွက်ပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရေး လိုအပ်နေသည်ဟု သူက ဖြည့်စွက်ပြောသည်။ဒုက္ခသည် မဟာမင်းကြီးရုံးအနေဖြင့် အမြန်ဆုံး ကြားဝင်ဆောင်ရွက်မှုပြုပါရန် မေတ္တာရပ်ခံထားချက်ကို ပေးပို့ထားရာ "UNHCR က တုံ့ပြန်တဲ့အနေနဲ့ ဒီကိစ္စကို စောင့်ကြည့်နေပါတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာတော့ ဘာမှ တရားဝင်ပြောတာ မရှိပါဘူး" ဟု ဦးစိုးမြင့်က ပြောသည်။ရခိုင်နှင့် ကရင်လူမျိုးများပါဝင်သော မြန်မာစစ်အစိုးရကို လက်နက်ကိုင် ပုန်ကန်ခဲ့သူများအတွက် ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ၊ ကရင်အမျိုးသား အစည်းအရုံး အပါအ၀င် မြန်မာအဖွဲ့ပေါင်း ၃၈ ဖွဲ့က ဂျီနီဗာရှိ UNHCR ရုံးသို့ အကူအညီပေးရန် မေတ္တာရပ်ခံထားသည်။အဖွဲ့အစည်း ၃၈ ဖွဲ့တွင် ပြည်ပတွင် နေထိုင်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် ဖြစ်ပေါ်ပြောင်းလဲရေးအတွက် ရုန်းကန်နေကြသော လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ပါဝင်သည်။သူတို့က UNHCR မဟာမင်းကြီး အန်တိုနီယို ဂူတားရက်စ်သို့ ပေးပို့သောစာထဲတွင် သူပုန် ၃၄ ဦး အမှုနိုင်ခဲ့သောအခါ UNHCR ရုံးက သူတို့ကို ဒုက္ခသည်အဖြစ် အသိအမှတ်မပြုလျှင် ဆက်လက် ချုပ်နှောင်ခံရနိုင်သည်ဟု ပါရှိသည်။ထို့အပြင် အဆိုးဆုံးဖြစ်လာနိုင်သည့် လမ်းတခုမှာ အကယ်၍များ အိန္ဒိယက သူတို့ကို သူပုန်များနှင့် ဘတပြန် ကျားတပြန် နှစ်ပေါင်းများစွာ ရင်ဆိုင်တိုက်လာခဲ့သော စစ်တပ်အုပ်စိုးနေသော မြန်မာပြည်သို့ ပြန်ပို့လိုက်လျှင် အသတ်ခံရနိုင်သည်ဟု ပါရှိသည်။တရားဆိုင်တို့ဘက်က လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေတဦးဖြစ်သည့် အက်က်ရှေး ရှာမားက ပြောကြားရာတွင် တရားလိုများအနေဖြင့် စွဲဆိုထားချက်များအတွက် ခိုင်လုံသော သက်သေအထောက်အထား မပြနိုင်ဘဲ ရှိနေသည်ဟု ဆိုသည်။ သို့သော်လည်း ရုံးထုတ်မှု ၄ ခုခန့် ရွှေ့ဆိုင်းမှု အနည်းဆုံးဖြစ်ပွားနေခဲ့၍ နောက်ထပ် ၆ လတော့ အမှုကြာဦးမှာ ဖြစ်သည်ဟု ဆိုသည်။"ဒီကာလအတွင်းမှာ တရားရုံးတော်က စီရင်ချက်ချလိမ့်မယ်" ဟု ရှားမားက မဇ္ဈိမနှင့် အစောပိုင်းက ပြုလုပ်သော အင်တာဗျူးတွင် ပြောထားခဲ့သည်။"ကျနော်တို့မှာ အလားအလာကောင်းတွေ အားလုံး ရှိနေတယ်" ဟု သူက ပြောသည်။နအဖ စစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေခဲ့သူ ၃၄ ဦးက သူတို့သည် လှည့်ဖျားခံခဲ့ကြရသည်ဟု ဆိုသည်။၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရေပိုင်နက် အန်ဒမန်-နီကိုဘား ကျွန်းစု လဲန်းဖော်ကျွန်းတွင် သင်္ဘောနှစ်စီးဖြင့်လာသော မြန်မာသူပုန်များ အဖမ်းခံခဲ့ရပြီး ဦးဆောင်သူ ၆ ဦးကို အိန္ဒိယရေတပ်က ပစ်သတ်လိုက်သည်။၈ နှစ်ကျော်ကြာ တရားစွဲဆိုခြင်းမပြုဘဲ ပို့ဘလဲယားကျွန်းတွင် ထောင်တွင်းနှင့် အကျယ်ချုပ်ချထားခဲ့ပြီးနောက် ၂၀၀၆ ခုနှစ် အောက်တိုဘာလတွင် ကာလကတ္တားရှိ Presidency Jail သို့ပြောင်းရွှေ့လိုက်ပြီး လက်နက်မှောင်ခိုမှုဖြင့် City Session Court တရားရုံးတွင် တရားရင်ဆိုင်နေရသည်။မြန်မာသူပုန်များအဆိုအရ သူတို့ကို တရုတ်ရေတပ်လှုပ်ရှားမှုကို စောင့်ကြည့်လေ့လာရာတွင် အိန္ဒိယ ထောက်လှမ်းရေးများက ဦးစွာ အသုံးချခဲ့သည်ဟု ဆိုသည်။

No comments: