Wednesday, December 10, 2008

Madeleine K. Albright Grant ဆုကို WLB ရရှိ

Written by သန်းထိုက်ဦး
Tuesday, 09 December 2008 17:16
ချင်းမိုင်။ ။ အမေရိကန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုက ယခုနှစ် ပေးအပ်သည့် ဒီမိုကရေစီရေးနှင့် အမျိုးသမီးများ အရေးအတွက် ကြိုးပမ်းသူများဆုကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) – WLB နှင့် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့ ပူးတွဲရရှိသည်။ဒီမိုကရေစီအရေး စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် နိုင်ငံတကာမှ တသီးပုဂ္ဂလများနှင့် အဖွဲ့အစည်းများအား အထောက်အကူ ပြုသည့်အနေဖြင့် စတုတ္ထအကြိမ်မြောက် Madeleine K. Albright Grant ဆုကို WLB နှင့် ၁၈ ကြိမ်မြောက် W. Averell Harriman Democracy ဆုကို ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးသို့ The National Democratic Institute (NDI) အဖွဲ့က ချီးမြှင့်ခြင်းဖြစ်သည်။"နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုမှာ အမျိုးသမီးတွေ ပိုမိုပြီးတော့မှ ပါဝင်နိုင်အောင် ဆိုပြီးတော့ ဒီစွမ်းရည် မြှင့်မားရေး အတွက်ပေါ့နော်၊ အားပေးတဲ့အနေနဲ့ သူတို့က ပေးတာဖြစ်တယ်" ဟု WLB အမျိုးသမီးများ နိုင်ငံရေးစွမ်းရည် မြင့်မားရေးလုပ်ငန်း တာဝန်ခံ မသင်းသင်းအောင် က မဇ္ဈိကို ပြောသည်။ သူမသည် WLB မှ ထိုင်းနိုင်ငံ၌ ဦးစီးပြုလုပ်သော အမျိုးသမီးများ နိုင်ငံရေးစွမ်းရည် မြင့်မားရေး ၆ လ သင်တန်းကို သင်ကြားပေးနေသည့် တာဝန်ခံတဦးဖြစ်သည်။NDI သည် ကမ္ဘာတ၀ှမ်းရှိ ဒီမိုကရေစီရေးနှင့် အမျိုးသမီးများအရေး ကြိုးပမ်းနေသူများအား ယခုဆုများကို နှစ်စဉ် ချီးမြှင့်လာခဲ့သည်။လက်ရှိ အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Madeleine K. Albright အား ဂုဏ်ပြုသည့် အနေဖြင့် နိုင်ငံသားဘ၀နှင့် နိုင်ငံရေးတွင် အမျိုးသမီးများအတွက် ကြီးမားစွာ ပံ့ပိုးလုပ်ဆောင်သူများအား ချီးမြှင့်သည့် Madeleine K. Albright Grant ဆုကို လွန်ခဲ့သည့် ၄ နှစ်မှ စတင် ပေးအပ်လာခဲ့သည်။W. Averell Harriman Democracy ဆုမှာမူ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ခံယူချက်ပြင်းပြစွာ ဆောင်ရွက်နေသူများအား ပေးအပ်ခြင်းဖြစ်သည်။အမေရိကန်ဒေါ်လာ နှစ်သောင်းခွဲ ငွေသားနှင့်အတူ ဆုကို WLB က ယခုလ ၁၅ ရက်နေ့တွင် ၀ါရှင်တန်မြို့၌ လက်ခံရယူမည်ဖြစ်သည်။မသင်းသင်းအောင်က ''သင်တန်း တက်ပြီးတဲ့ အမျိုးသမီးတွေ ကိုယ့်ဒေသတွေကို ပြန်ပြီးတော့ ဒီပညာရပ်တွေကို မျှဝေသွားဖို့အတွက် ဒီဆုကြေးငွေကို အသုံးပြုသွားမှာပါ'' ဟု ပြောဆိုသည်။WLB ကို ၁၉၉၉ ခုနှစ်တွင် ပြည်ပရှိ မြန်မာနိုင်ငံမှ တိုင်းရင်းသား အမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းခဲ့သည်။ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းမှုတွင် အမျိုးသမီးများ ပါဝင်မှုကို မြှင့်တင်သွားရန်၊ တိုင်းရင်းသား လူမျိုးများအကြား ပိုမိုနားလည်မှု ရရှိရန်၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် တိုးတက်ရေးကို တည်ဆောက်ရန်၊ နိုင်ငံတကာအဆင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်သွားရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။WLB နှင့် ရှမ်းအမျိုးသမီးရေးရာ ပူးပေါင်းဆက်သွယ်ရေးအဖွဲ့ (SWAN) သည် ၂ဝဝ၅ ခုနှစ် စက်တင်ဘာလက အမေရိကန်အခြေစိုက် Peter Gruber Foundation အဖွဲ့က ပေးအပ်သည့် ၂ဝဝ၅ ခုနှစ် အမျိုးသမီး အခွင့်အရေး ရွှေတံဆိပ်ဆုနှင့် အမေရိကန်ဒေါ်လာ ၂ သိန်း ရရှိခဲ့သည်။သက်တော် ၇၇ နှစ်အရွယ် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးသည် တောင်အာဖရိနိုင်ငံ မြို့တော် ဂျိုဟန်နက်စ်ဘတ်မြို့ရှိ ဘုရားရှစ်ခိုးကျောင်းများ ကောင်စီမှ အတွင်းရေးမှူးဖြစ်ဟောင်းကာ၊ ၁၉၈၄ ခုနှစ်တွင် ချီးမြှင့်သည့် ကမ္ဘာ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်သည်။

No comments: