Monday, March 23, 2009

နောက်ကွယ်လက်များ (ပထမပိုင်း)

Monday, March 23, 2009
စင်ပေါ်တွင်ကပြ ဖျော်ဖြေနေသည့် ဇာတ်အငြိမ့်တို့၏ ဇာတ်ကွက်ဇတ်လမ်းတို့ကို ပရိတ်သတ်က အလွယ်အကူ မြင်နိုင်၊ ကြည့်နိုင် ကြပေမယ့်၊ ၎င်း ဇာတ်ကွက် ဇာတ်လမ်းများ တင်ဆက်နိုင်ရေးအတွက် နောက်ကွယ်က စီစဉ်ညွှန်ကြားနေကြသည့်သူတို့ကိုတော့ မြင်နိုင်ခက်ခဲလှပါ၏။၂၀၀၉ ခုနှစ် အင်္ဂလိပ် နှစ်ဆန်း ၁ ရက်နေ့မှ စပြီးNUG အစိုးရသစ်တခုကို NCUB မှ ဖွဲ့စည်းမည်ဖြစ်ကြောင်း စတင်ကြား ခဲ့ကြရပါသည်။ စစ်အစိုးရကို ကုလသမဂ္ဂမှ နေရာဖယ်ရှားရေးကို NCUB အတွင်းရေးမှူးဦးမောင်မောင်က ကမကထ လုပ်ပြီးဆောင်ရွက်မှုကို NCGUB ဝန်ကြီးချုပ်က သဘောမတူဘဲ၊ လက်မှတ်မရေးထိုးကြောင်း။ အိုင်ယာလန်နိုင်ငံ ဒက်ဗလင်မြို့မှာ အဝေးရောက်ပြည်သူ့လွှတ်တော်အမတ်များနှင့် အချို့သော အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ညီလာခံတရပ် ကျင်းပပြီး NCGUB ကို ပြန်လည်တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း။ ထိုညီလာခံမှာပင် (Credential Challenge) ကိစ္စကို မဲခွဲဆုံးဖြတ်ပြီး CC ကိစ္စမပြုလုပ်ရေးဘက်က မဲအများစုဖြင့် နိုင်သွားကြောင်း။ ဒီဇာတ်လမ်း ဇာတ်ကွက်များကို အကြမ်း အလွမ်း အသော တို့ဖြင့် ဝေဝေဆာဆာပင် ကြည်ရှုနိုင်ခဲ့ကြပါသည်။ မြန်မာ့ နိုင်ငံရေးဇာတ်လမ်းရှည်ကြီး၏ အပိုင်းတပိုင်းဟု လည်းဆိုနိုင်ပါသည်။ ဇာတ်လမ်းကို သေသေချာချာ ဆန်းစစ်ကြည့်လျှင်စိတ်ဝင်စားစရာတွေ အများအပြား တွေ့မြင်နိုင်ကြပါသည်။၂၀၀၉ ခုရဲ့ နှစ်ဆန်းတရပ်မှာ NCUB အတွင်းရေးမှူးတဦးဖြစ်တဲ့ ဦးမြင့်သိန်းက NUG ပြည်ထောင်စုစည်းလုံးညီညွတ်သော အစိုးရသစ်တခုကို ဖွဲ့စည်းတည်ထောင်ဖို့ စီစဉ်ထားပြီဖြစ်ကြောင်း၊ အစိုးရ၏ အဂါင်္ရပ်များနှင့် ညီညွတ်အောင်ဖွဲ့စည်းမည် ဖြစ်ကြောင်းကို ကြေငြာလိုက်ပါသည်။ ထိုကြေငြာချက်အပေါ် NCUB အတွင်းရှိ မည်သည့်အဖွဲ့အစည်းများမှ သဘောတူကျေနပ်ကြပြီးပြီလဲ။ NCUB အတွင်းရှိ အဖွဲ့ဝင်များ၏ မည်သည့်ရာနှုန်းကထောက်ခံ ထားကြပြီလဲ။ အစိုးရသစ်တခုတည်ထောင်မည်ဟူသော ကြေငြာချက်ထုတ်ခြင်းသည် လူနည်းစုကလေးက ထပြီး ကြေငြာ၍ မရစကောင်းပါ။ သို့သော် ကြေငြာချက်ကတော့ အခိုင်အမာ လွှင့်ထုတ်ခဲ့ပြီးပါပြီ။ နဂိုလ်က NCUB ထဲတွင် ဦးစိန်ဝင်းအစိုးရပါရှိနေပြီး ဖြစ်ပါလျက် အခုမှဘာကြောင့်ထပ်ပြီး NUG အစိုးရသစ်ကို ဖွဲ့မည်လို့ကြံစည်ကြရတာလဲ။ ရှိပြီးသား NCGUB သည် အစိုးရအဂါင်္ရပ်နှင့် မညီလို့ မယ်မယ်ရရ ဘာမှမဆောင်ရွက်နိုင်လို့ဟုဆိုလျှင် ဒါကို အခုမှသိကြလို့လား၊ နောက်တုံးကတည်းက မသိခဲ့ကြဘူးလားလို့ မေးခွန်းထုတ်ရပါလိမ့်မည်။ NCGUB ၏ တရွေ့ရွေ့ဖြစ်စဉ်ကြောင့်လား (သို့မဟုတ်) လတ်တလောပြဿနာကြောင့်လား ဆိုတာ တွေးစရာ မေးစရာပါ။ ကြားရသလောက်ကတော့ (Credential Challenge) ကိစ္စမှာ NCGUB ဦးစိန်ဝင်းနှင့် NCUB ဦးမောင်မောင်တို့ သဘောထားကွဲမှု့က စတယ်လို့ဆိုပါတယ်။ ဖြစ်နိုင်ခြေရှိတာက CC ကိစ္စကို ဒက်ဗလင်ညီလာခံမှာ ဦးစားပေးမဲခွဲဆုံးဖြတ်ရတာ ဖြစ်လို့ပါပဲ။သတင်းများအရ ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ထိုင်းမြန်မာနယ်စပ် ကွန်ကရက်ဆုံးဖြတ်ချက်အရ စင်ပြိုင်အစိုးရအား တိုင်းရင်းကိုယ်စားလှယ်များနှင့် တိုးချဲ့ဖွဲ့စည်းသွားမည်ကို အဝေးရောက်အမတ်များက မူအရသဘောတူခဲ့ကြသည်ဟု သိရပါသည်။ Credential Challenge ကိစ္စကိုလည်း ၂၀၀၈ ခု မေလ ၂၇ ရက်နေ့မှာ အမတ်များအဖွဲ့တိုင်ပင် ဆွေးနွေးပြီး သဘောတူကြကြောင်း၊ သို့သော် NCGUB က ဦးဆောင်လုပ်မည် မဟုတ်ဘဲ လတ်မှတ်လည်း မရေးထိုးနိုင်ကြောင်း ဆိုတာကိုလည်း ကြားခဲ့ရပါသည်။ သတင်းများက မည်သို့ ထွက်ပေါ်လာခဲ့သည်ဖြစ်စေ ယနေ့အဖြေကတော့ ကျယ်ပြန့်သည့်အစိုးရသစ်တခု မဖွဲ့စည်းနိုင်ခဲ့ပါ။ အမတ်မင်းများအဖွဲ့သည်လည်း စစ်အစိုးရကို ကုလထိုင်ခုံမှ ဖယ်ရှားရေးကို မပြုလုပ်ရေးဘက်က အနိုင်ရရှိသွားကြပါသည်။ပထမ ပြဿနာဖြစ်တဲ့ လက်ရှိ NCGUB ကို တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တိုးချဲ့ဖွဲ့စည်းရေး ကိစ္စသည် NCUB ကဦးဆောင် တင်ပြခဲ့ပါသည်။ ဒါကို MPU အမတ်များအဖွဲ့ကလည်း မူအရသဘောတူထားပြီးခါမှ ဘာကြောင့်ပျက်ခဲ့ကြရတာပါလဲ။ စဉ်းစားစရာတွေပါ။ ၂၀၀၄၊ ၂၀၀၅ လောက်မှာ FTUB ဦးမောင်မောင်က ဝန်ကြီးချုပ် လုပ်မယ်ဆိုတဲ့ သတင်းစကားများ ပြန့်လွင့်ခဲ့ဘူးပါတယ်။ နောက်ပိုင်းမှာ ဦးမောင်မောင်သည် ပြည်ပမှာ အကျယ်ပြန့်ဆုံး အဖွဲ့ကြီးတခုဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ NCUB မှာ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ပါတယ်။ နာတာရှည် ရောဂါကြီးတခုလို ဖြစ်လာတဲ့ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးမှာ ထိပ်ဆုံးက နေရာယူ ထားတဲ့ NCGUB ရဲ့ လှုပ်ရှားမှုကလည်း မယ်မယ်ရရ မရှိတဲ့အခါ အများပြည်သူတွေက စိက်ပျက်အားမရဖြစ်လာပါတယ်။ ဒီအခြေခံအပေါ်မှာ တိုးချဲ့အစိုးရသစ်တရပ်လိုအပ်နေပြီဆိုတဲ့ အတွေးအခေါ် ပေါ်ပေါက်လာတာလို့ယူဆနှိုင်ပါတယ်။ ဒီအယူအဆသည် မည်သူက စတင်တွေး ခေါ်မိတာလဲ။ ဘာကြောင့် ဒီလိုတွေးခေါ်ယူဆမိတာလဲလို့မေးလျှင် NCGUB အဟောင်းသည် ဒီမိုကရေစီရေးအတွက် အလုပ်မဖြစ်လို့ပါဟု ဖြေကြမည်ဖြစ်ပါသည်။ တဆင့်တက်ပြီးဘာကြောင့် NCGUB သည် အလုပ်မဖြစ်တာလဲဟု မေးလျှင် NCGUB ဘက်ကတော့ အလုပ်ဖြစ်တန် သလောက်ဖြစ်နေပါသည်။ ပြည်သူတွေအနေနှင့် အားမလိုအားမရ ဖြစ်နေတာလည်း သဘာဝကျပါသည် စသည်ဖြင့် ပြောလို့ရသလောက် စကားလုံးများဖြင့် ပြောဆိုဖြေရှင်းနေတတ်ကြပါသည်။ လက်တွေ့မှာ တကယ်အလုပ်မဖြစ်ပါ။ သို့ဖြစ်ရခြင်းမှာ NCGUB ၏ ချမှတ်ထားသော လမ်းစဉ်၊ ရည်ရွယ်ချက်၊ မဟာဗျူဟာနှင့် အကောင်အထည်ဖော်လုပ်ကိုင်နေသည့် နည်းဗျူဟာ၊ နည်းပရိယာယ်တို့ ဘယ်နေရာမှာ မှားနေသည်ကို သိကြရပါလိမ့်မည်။ ထောက်ပြဝေဖန် ပြောဆိုညှိနှိုင်းရ ပါလိမ့်မည်။ NCGUB ၏ အားနည်းချက်နှင့် အမှားများကို အဖွဲ့အစည်း အတွင်း ချပြရှင်းလင်းသင့်ပါသည်။ အမှားအယွင်းကို ပြုပြင်ဖို့ထောက်ပြခြင်း၊ ပြည်သူကို တင်ပြခြင်းသည် ရှက်စရာကိစ္စမဟုတ်ပါ။ တိုးတက်မှု တခုပင် ဖြစ်ပါသည်။ ရန်သူသိမှာစိုး၍ ဖုံးကွယ်ထားရမည်ဟူသော အယူအဆသည် လူထုကို တိုက်ရိုက်ထိခိုက်နိုင်သော အဆိပ်ပင်ရေကောင်းသည့် အယူအဆပင် ဖြစ်ပါသည်။ ဒါကြောင့် NCGUB ကို ဘာကြောင့် တိုးချဲ့ဖွဲ့စည်းသင့်သည်ဟု ဆိုသည်ကို NCUB ၏ အစိုးရသစ်ဖွဲ့သင့်သည့် ဘက်မှ ရှင်းလင်းတင်ပြပါမှ ပြဿနာ နံပါတ် (၁) ကိုရှင်းရာရောက်ပါလိမ့်မည်။NCGUB နှင့် NCUB တို့သည် သမိုင်း၏ လိုအပ်ချက်အရပေါ်ပေါက်လာသော အဖွဲ့အစည်းများ ဖြစ်ကြောင်း၊ ခွဲခြား လို့လည်း မရနိုင်ကြောင်းဆိုပြီး အတူတကွလက်တွဲ ဆောင်ရွက်ခဲ့ကြတာ ဆယ်စုနှစ်တခုပင် ကျော်ခဲ့ပြီ ဖြစ်သည်။ သို့ပါလျက် NCGUB သည် အလုပ်မဖြစ်သည့် အဖွဲ့ဖြစ်သည်ကို ယခုမှ သိကြပါသလားလို့ မေးလျှင် မည်သို့ဖြေကြမည်နည်။ တဖွဲ့နှင့် တဖွဲ့ဘုံဦးတည်ချက် မတူဘဲ၊ မဟာဗျူဟာ၊ နည်းဗျူဟာတွေ မတူညီကြဘဲ။ မသိရှိကြဘဲ၊ စစ်အစိုးရကို အပြုတ်တိုက်မည်ဆိုသော အခြေခံအပေါ်မှာ ပေါင်းစည်းခဲ့ကြတာပါဟု ပြောဆိုလျှင် ဒါဟာ ဟာသမြောက်နိုင်ငံရေးပျက်လုံး တခုပင်ဖြစ်သွားပါလိမ့်မည်။ လက်ခံနိုင်ကြမည်မဟုတ်ပါ။NCGUB နှင့် ပါတ်သက်၍ ဂန္ဒီညီလာခံ၊ အမရပူရ အစည်းအဝေးများမှ အခြေခံပြီး ပြည်ပသို့ထွက်ခါ စင်ပြိုင်အစိုးရ တရပ် ဖွဲ့စည်းသင့်ကြောင်းဆုံးဖြတ်ချက်များ ရှိခဲ့ပါသည်။ စင်ပြိုင်အစိုးရတရပ်ဖွဲ့စည်းပြီး ဘာတွေလုပ်ကိုင်ဆောင်ရွက်ရမည်ကို ချမှတ်ထား သော မူဝါဒလမ်းစဉ်များရှိ ပါလိမ့်မည်။ ယခု ထိုမူဝါဒ လမ်းစဉ်များအတိုင်း လုပ်ကိုင်ဆောင်ရွက်နေတာပါလို့ဆိုလျှင် “ အလုပ်မဖြစ်ခြင်း ” က သက်သေခံနေခြင်းကြောင့် NCGUB ၏ မူဝါဒ လမ်းစဉ်များသည် လွဲချော်မှု ရှိနေသည်လို့ မပြောထိုက်ဘူးလား။ ပြည်ပကို ထွက်လာပြီး ယခုမြင်တွေ့နေရသည့် မြန်မာ့အကြောင်း ကမ္ဘာကသိရေး လော်ဘီ၊ ကန့်ကွက်၊ ရှုတ်ချ၊ ကြိုဆိုထောက်ခံ၊ မြန်မာအစ်ရှုး ကုလကိုတင်၊ ကြေငြာချက်ထုတ်၊ ပြီးတော့ ဘာမှ မယ်မယ်ရရ ဖြစ်မလာတာတွေကိုပဲ လုပ်ရမယ်ဆိုတဲ့ မူဝါဒလားလို့ မမေးသင့်ဘူးလား။ ခက်နေတာက NCGUB သည် အလုပ်မဖြစ်တာကိုလည်း ဝန်မခံ။ သူများထောက်ပံ့ကြေးကို ရသမျှယူပြီး ဒီအတိုင်းဆက်လက်ချီတက်နေမည်ကို မြင်နေရ ပါသည်။ ဒီလိုအခြေအနေမျိုးဖြစ်အောင်နှင့် အနှစ် နှစ်ဆယ်နီးပါးကြာတဲ့အထိ အလုပ်မဖြစ်အောင် မူဝါဒလမ်းစဉ်များကို မည်သူကရေးဆွဲပေး လိုက်ပါသနည်း။ အလုပ်မဖြစ်ရေးလမ်းစဉ်ကို ရေးဆွဲသူ ပေါ်လစီမိတ်ကာရော အကောင်အထည်ဖော်နေသူများကို ပရိတ်သတ်က ဘယ်လိုယူဆနိုင်ပါမည်နည်း။ ဒီမိုကရေစီ မရလေကြိုက်လေ ဖြစ်နေသူများလို့ ထင်မိလျှင် မှားများ မှား နေမလား။အယူအဆပိုင်းကိုကြည့်လျှင်လည်း သော့ကိုင်ဆရာကြီးများက လူတန်းစားမဲ့ ဒီမိုကရေစီကို အလိုမရှိ ဖြစ်နေပြန်လျှင် သူတို့လိုလားသော ဖန်တည်းချင်သော ဒီမိုကရေစီမျိုး မရနိုင်သေးလျှင် တော်လှန်ရေးအဒွန့် ရှည်ပြီး န.အ.ဖ၏ ၂၀၁၀ ကို တွန်းပို့နေသလို ဖြစ်နေပါလိမ့်မည်။ လက်တွေ့မြင်ကွင်းကတော့ ၂၀၁၀ ပွဲကြီးကို စိုးရိမ်ခြင်း၊ ထိတ်လန့်ခြင်း မရှိကြဘဲ မှင်သေသေနှင့် ဆက်လက်ပြီး ပရီပိုဇယ်များ စားကြမြဲ ဖြစ်နေပါသည်။ ၂၀၁၀ ရွေးကောက်ပွဲကြီးမဖြစ်အောင် ဘာတွေလုပ်ဆောင်မှာလဲဟူသော မေးခွန်းနှင့် စာမေးပွဲ စစ်လျှင် အောင်မည့်သူတယောက်မှ မမြင်ပါ။ ခေတ်ပြိုင်နှင့် အင်တာဗျူးတွင် MPU ဒုဥက္ကဌဒေါ်စန်းစန်းပြောခဲ့တဲ့ ကျမတော့ မြန်မာ့နိုင်ငံရေး အတွက်စိတ်ပျက်ဝမ်းနည်းမိတယ်ဆိုတဲ့စကားသည် ယနေ့ပြည်ပရောက် အတိုက်အခံတို့ရဲ့ ထိပ်သီး NCGUB ရဲ့ ပြရုပ်ပင် ဖြစ်နေပါတော့ သည်။သို့သော် NCGUB ဘက်ကလည်း “ န ထုံကြိမ်တို့ မဖြုံ ” ဆိုသကဲ့ ၎င်း “ ရှက်သဲမပါ ဗလာလုံးတည်း ” ဖြစ်နေပေမယ့် ဝန်ခံဖို့ဝေးစွ တပြားသားမှ မလျှော့တဲ့အပြင် “ တောသားရဲ ပွဲထုတ် ” ဆိုသလို တောင်တောင်အီအီပြောပြီး ဖုံးကွယ်ဖို့ ကြိုးစားရင်း သူတို့ ရည်ရွယ်ချက်ပေါက်မြောက်အောင်မြင်တဲ့အထိ ဆက်သွားဖို့ လျှောက်လှမ်းနေကြပြန်ပါသည်။ သူတို့ရည်ရွယ်ချက်ဆိုသည်မှာ မြန်မာပြည် ဒီမိုကရေစီ ရရှိထွန်းကားဖို့အတွက် ဆိုတာတော့ ယုံရခက်လှပါသည်။ သူတို့ရည်ရွယ်ချက်ကို သူတို့သာ သိမည်ဖြစ်ပါသည်။ NCGUB က ဆက်၍ လှမ်းလိုက်သော ခြေလှမ်းမှာ ပရိတ်သတ်က “ ဟိုက် ” ကနဲ ဖြစ်သွားသော “ မာလာဟိုက်ကြေငြာချက် ” ကြီးပင်ဖြစ်ပါသည်။ ၎င်း ကြေငြာချက်ကို မည်သူရေးသည်တော့ မသိပါ။ လူသိရှင်ကြား ထွက်လာ၍ ကြည့်ရှု့လေ့လာမိပါသည်။ မာလာဟိုက်ကြေငြာချက်၏ ခေါင်းစည်း စာတမ်းများမှာ “ တစုတစည်းသော ခေါင်းဆောင်မှု့တရပ်နှင့် ဘုံရည်မှန်းချက်ကို ဖော်ဆောင်ရန် ဘက်ပေါင်းစုံစုစည်းထားသည့် လုပ်ငန်းတရပ် ဝိုင်းဝန်း အကောင်အထည်ဖော်မည် ” ဟု ရေးသားထားပါသည်။ ၎င်း ခေါင်းစဉ်စာတမ်းကို နားလည်အောင်စဉ်းစားရင်း ခေါင်းများပင် ကိုက်ခဲလာပါသည်။ အဘယ်ကြောင့်ဆိုသော် တစုတစည်းသောခေါင်းဆောင်မှုတရပ် ဟူသည်မှာ ဘာကို ဆိုလိုပါသနည်း။ လူအများနားလည်အောင် အဓိပ္ပါယ်ဖွင့်ဆိုဖို့လိုပါသည်။ မည်သူတွေနှင့် စုစည်းထားသည့် မည်သို့သော ခေါင်းဆောင်မှုပုံစံကို ဆိုလိုပါသနည်း။ဘုံရည်မှန်းချက် ဆိုသည်ကိုလည်း ရှင်းရန်လိုပါသည်။ ကြေငြာချက်အပိုဒ် (၈) မှာ ဖော်ပြထားသည့် ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် “ ဖက်ဒရယ်ရေးနှင့် ဒီမိုကရေစီ တည်ဆောက်ရန် ” ဟူသည်ကို ရှင်းလင်းကျယ်ပြန့်သည် အနက်အဓိပ္ပါယ်ဖွင့်ရန် လွန်စွာ လိုအပ်နေပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုစကားစုလေးကို လိုရာဆွဲသုံး လုပ်နိုင်သဖြင့် နိုင်ငံရေးမှာ ရှုတ်ထွေးကြန့်ကြာမှု ဖြစ်နေတတ်ကြပါသည်။ ဖက်ဒရယ်ရေးဆိုသည်ကို တိကျသည့် အဓိပ္ပါယ်ဖွင့်ဆိုပေးဖို့ အထူးအရေးကြီးပါသည်။ အလွန်လေးနက်ပြီး ရှုတ်ထွေး ခက်ခဲနေ သည့် ဖက်ဒရယ်ကိစ္စကြီးကို ဘုံရည်မှန်းချက်အဖြစ် သတ်မှတ်လိုက်သည်မှာ ကြိုဆိုထိုက်ပါသည်။ သို့သော် လူမျိုး၊ ပြည်မ၊ ပြည်နယ်၊ တိုင်း၊ ဒေသ၊ အထူးဒေသ စသည်တို့ကို မည်သို့ ခွဲခြားမည်။ မည်သို့ ယူဆမည်မှ စပြီး လွှတ်တော်စံနစ်တို့ကိုပါ ရှင်းလင်းတင်ပြရန်လိုပါသည်။ ဘုံရည်မှန်းချက်၏ အဓိကအချက်ဖြစ်သည့် တည်ဆောက်ရမည့် ဒီမိုကရေစီဆိုသည်ကို ဂနသေချာစွာ အနက်အဓိပ္ပါယ်ဖွင့်ဆိုပေးရန် အထူးအရေးတကြီး လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်တွင် ဒီမိုကရေစီဆိုတာကို အဖွဲ့အစည်းများ၊ တိုင်းပြည်များက သူတို့လိုသလို အဓိပ္ပါယ်ဖွင့်ဆိုနေတာ တွေ့နေရလို့ပဲ ဖြစ်ပါသည်။ တရုတ်ကလည်း ပစ္စည်းမဲ့အာဏာရှင် ဒီမိုကရေစီ၊ မြောက်ကိုရီးယား၊ ကျူးဘား၊ ရုရှားတို့ကလည်း ဒီမိုကရေစီဆိုပါသည်၊ န.အ.ဖကလည်း စည်းကမ်းရှိသော ဒီမိုကရေစီဟု ဆိုပြန်ပါသည်။ အနောက်နိုင်ငံကြီး များကလည်း သူတို့ကျင့်သုံးသော ဒီမိုကရေစီများရှိပါသည်။ ထိုသို့သော ဒီမိုကရေစီကို ပုံစံအမျိုးမျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုကျင့်သုံး နေကြ သောကြောင့်၊ NCGUB နှင့် အပေါင်းအပါ အဖွဲ့တို့ မျှော်မှန်းသည့် ဒီမိုကရေစီဆိုတာ ဘယ်လိုမျိုးဖြစ်သည်ကို သေချာဂနစွာရှင်းလင်းဖို့ လိုပါသည်။ အများပြည်သူကြိုက်တဲ့ အစိုးရကို တင်မြှောက်တာ ဒီမိုကရေစီပါပဲလို့ အလွယ်ပြောလို့ မရနိုင်ပါ။ လူတန်းစားအခြေပြု ဒီမိုကရေစီလား၊ လူတန်းစားမဲ့ ဒီမိုကရေစီမျိုးလားဆိုတာ ကစပြီးအကျယ်တဝန့် ရှင်းလင်းပြီး မိမိတို့ လက်ခံကျင့်သုံးမည့် ဒီမိုကရေစီကို ကြေငြာရန် ဖြစ်ပါသည်။ အချို့သော ဝါရင်နိုင်ငံရေးလူလည်ကြီးများကလည်း ကိုယ့်ပြည်ကိုယ်မြေ ကိုယ့်လူမျိုး စရိုက်နှင့် လိုက်ဖက်သည့် ဒီမိုကရေစီမျိုးပေါ့ဟု ဆိုကာ ကျွဲမြီးတိုတတ်ကြပါသေးသည်။ ယနေ့ အတိုက်အခံအဖွဲ့အစည်းများသည် မိမိတို့ ဖော်ဆောင်မည့် ဒီမိုကရေစီကို ဘယ်ပုံစံနှင့် ဘယ်လိုအခြေခံရှိတဲ့ ဒီမိုကရေစီမျိုးဆိုတာကို ပွင့်လင်းရိုးရှင်းစွာ ချပြသင့်ပါသည်။ ဒီမိုကရေစီရရှိရေး အလံကို လွှင့်ပြီးလိုအလံအောက်တွင် ကြိတ်ပုန်းခုတ်၊ ကိုယ်လိုချင်သည့် ဒီမိုကရေစီ ပုံစံမျိုးရအောင် တပ်ပေါင်းစုပုံစံဖြင့် လည်သူစားစတမ်း လုပ်မနေသင့်တော့ပါ။ ဒီမိုကရေစီဆိုတာကို နောက်မှရှင်းမည် ဘုံရန်သူပြုတ်ကျဖို့ကိုသာ ပထမစုပေါင်းတိုက်ရမည်ဆိုသည်မှာ “အလွန်မှားယွင်းပြီး တိုင်းပြည်အတွက် အလွန်အန္တရယ်ကြီးလှပါသည်။ ဒါကြောင့် NCGUB နှင့် အပေါင်းပါအဖွဲ့တို့သည် မည်သို့သော ဒီမိုကရေစီမျိုးကို ဘုံဦးတည်ချက်အဖြစ်ထားရှိပါသနည်းဆိုသည့် မေးခွန်းကို မာလာဟိုက်ကြေငြာချက်ကို ထုတ်ပြန်သည့်အဖွဲ့က ဖြေဆိုဖို့လိုအပ်ပါသည်။
ဦးဖိုးသာအောင်
Posted in by ရဲရင့်(ကနေဒါ)

No comments: