
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နှင့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တို့ မကြာခင်က နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ်ရေးထိုးမည့်ကိစ္စမှာ သဘောတူညီချက်မရရှိဘဲ ပြီးဆုံးသွားသည်။
ယခုလ (၁၅) ရက်နေ့က ဒီကေဘီအေ နာယကဆရာတော် ဦးသုဇန၊ ဒီကေဘီအေ ကလို့ထူးဘောဒေသ ဒု-ဗျူဟာမှူး စောမောသို၊ ဗိုလ်ငွေတင်တို့သည် ကေအန်ယူနှင့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် ကေအန်ယူခေါင်းဆောင်များနှင့် နယ်စပ်တွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။
ကေအန်ယူဘက်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ်ဂျော်နီ၊ ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုအောင်မော်အေးနှင့် ကေအန်ယူဗဟိုမှ ဒီကေဘီအေရေးရာအတွင်းရေးမှူး မန်းငြိမ်းမောင်တို့က ၎င်းတို့အား လက်ခံတွေ့ဆုံခဲ့သည်။
ဆွေးနွေးပွဲတွင် မြိုင်ကြီးငူဆရာတော် ဦးသုဇနက နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် ၎င်းတို့ပြင်ဆင်လာသည့်စာချုပ်ကိုပါ တပါတည်းယူဆောင်လာခဲ့သည်။
၎င်းစာချုပ်တွင် နှစ်ဖက်အဖွဲ့အစည်းများအချင်းချင်း တိုက်ခိုက်လာခဲ့သည့် (၁၅) နှစ်တာကာလအတွင်း ကရင်အမျိုးသားများ သေကျေပျက်စီး အတိဒုက္ခရောက်ခဲ့ကြကြောင်း၊ ဤပုံစံမျိုးဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရန်မှာ မမြင်နိုင်သောအရာဖြစ်သည့်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အပစ်အခတ်ရပ်စဲရေးကိစ္စကို စာချုပ်ချုပ်ဆိုရခြင်းဖြစ်သည်ဟု ပါရှိသည်။
အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ကေအန်ယူက ဒီကေဘီအေ နာယကဆရာတော်ထံသို့ ယခုလ (၁၆) ရက်နေ့က အကြောင်းကြားစာ ပေးပို့ခဲ့သည်။
၎င်းစာတွင် ဆရာတော်၏စာပါ တင်ပြလာချက်အပေါ် ကေအန်ယူ၏ဆန္ဒသဘောထားကို အပြန်အလှန်ဆွေးနွေးချိန် မရရှိသဖြင့် လက်မှတ်ရေးထိုးခြင်း မပြုလုပ်နိုင်သေးကြောင်း၊ စာပါအချက်များအရ ဒေသဖွံ့ဖြိုးတိုးတက်ရေးအဆင့်သာ ကေအန်ယူက လှုပ်ရှားဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ကရင်တမျိုးသားလုံးအေးချမ်းပြီး တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက်ဖြစ်သည်ဟု ပါရှိသည်။
နှစ်ဖက်အပစ်အခတ်ရပ်စဲလိုက်ရုံဖြင့် တမျိုးသားလုံး၏ရပိုင်ခွင့် အခွင့်အရေးများ ရရှိပြီး ငြိမ်းချမ်းသွားမည်မဟုတ်ကြောင်း၊ ဆရာတော်၏ ဒေသခံသွေးချင်းများအပေါ် ထားရှိသော မေတ္တာစေတနာထက် ကရင်တမျိုးသားလုံးအပေါ် စာနာပြီး ယခုထက် ပိုမိုပြီး လုပ်ဆောင်သွားနိုင်ရန် မေတ္တာရပ်ခံပါကြောင်း၊ ဆရာတော်နှင့်သားတပည့်များ ဖြစ်သည့် ဒီကေဘီအေ-ဒီကေဘီအို အာဏာပိုင်ခေါင်းဆောင်များနှင့် ကေအန်ယူအဖွဲ့ ထပ်မံတွေ့ဆုံဆွေးနွေးနိုင်ရန် အလေးအနက်တိုက်တွန်းလိုပါသည်ဟု ပါရှိသည်။
ဆွေးနွေးပွဲနှင့်ပတ်သက်၍ ကေအန်ယူမှ ပဒိုမန်းငြိမ်းမောင်က “ဒီကေဘီအေဟာ နအဖရဲ့ သြဇာခံနွံထဲမှာ နစ်နေတာကို ကျနော်တို့က ဆွဲတင်နေတာဖြစ်တယ်။ သူ့သမိုင်းဟာ သူလိုက်လာမှာလား၊ မလာဘူးလား ဆိုတဲ့အပေါ်မှာ မူတည်တယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးကို တကယ်လိုချင်တယ်ဆိုရင် နအဖသြဇာခံထဲက ရုန်းထွက်ဖို့လိုတယ်။ အဲဒီနွံထဲက ရုန်းထွက်နိုင်မှ သူတို့ကိုယ်ပေါ်မှာရှိတဲ့ အညစ်အကြေးတွေကို ဆေးကြောနိုင်မှ အမျိုးသားထုအတွင်းမှာ သိက္ခာရှိရှိနဲ့ သူပြန်ရပ်တည်နိုင်မယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
မြိုင်ကြီးငူဆရာတော် ဦးသုဇန ဦးဆောင်သည့်အဖွဲ့သည် ၁၉၉၄ ခုနှစ်နှောင်းပိုင်းက ကေအန်ယူမှခွဲထွက်ပြီး မြန်မာစစ်အစိုးရ၏ ကျောထောက်နောက်ခံဖြင့် ဒီကေဘီအေအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ၎င်းတို့အဖွဲ့သည် ယခုလကုန်ပိုင်းတွင် ဒီကေဘီအေတပ်ကို ဖျက်သိမ်း၍ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖ၏အစီအမံကို လက်ခံထားသည်။
ခေတ်ပြိုင်မှကူးယူဖော်ပြသည်။
No comments:
Post a Comment