Tuesday, January 12, 2010

ဒုက္ခသည်များ ဂျပန်ရောက်လျှင် ၆ လသင်တန်း တက်ရမည်

ကျော်ခ | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၄၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဂျပန်နိုင်ငံက ပထမဆုံး လက်ခံမည့် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည် ဦးရေ ၃၀ သည် ဂျပန်နိုင်ငံ ရောက်လျှင် နိုင်ငံတကာ ရွှေ့ပြောင်း အခြေချ နေထိုင်သူများရုံး IOM ၏ ၆ လကြာ သင်တန်းကို တက်ရမည်ဟု သိရသည်။

အာရှတိုက် နိုင်ငံတခု၏ ဒုက္ခသည်လက်ခံမှု ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံက ထိုင်း-မြန်မာနယ်စပ်မှ ဒုက္ခသည်များကို ၃ နှစ် စီမံကိန်းဖြင့် တနှစ်လျှင် ၃၀ ဦး နှုန်းဖြင့် ခေါ်ယူသွားရန် သတ်မှတ်ထားရာတွင် ပထမ အသုတ်အနေဖြင့် မယ်လစခန်းမှ ခေါ်ယူရန် စီစဉ်နေစဉ် ဂျပန်ရှိ မြန်မာ လုပ်သားများအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းတခုက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

“ဒီရောက်လာပြီဆိုရင်တော့ ပထမဆုံး သူတို့ကို ဘာသာစကားနဲ့ လူနေမှု စနစ်အကြောင်းပေါ့နော်။ နောက်တခါ လုပ်ငန်းခွင်နဲ့ ပတ်သက်တာတွေရယ်၊ နောက်တခါ အလုပ်သမားတယောက်ရဲ့ ရပိုင်ခွင့်၊ စုစုပေါင်း ၆ လသင်တန်းပေးမယ်” ဟု Federation of Workers' Union of the Burmese Citizens (Japan) ဥက္ကဋ္ဌ ဦးတင်ဝင်းက မဇ္ဈိမကို ပြောသည်။

ဤအဖွဲ့သည် ဂျပန်နိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၊ ဂျပန်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့နှင့် ဆက်စပ် လုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။

သင်တန်းများ ပြီးဆုံးပါက အလုပ်သမား ဝန်ကြီးဌာနက အလုပ် ရှာဖွေပေးပြီး အလုပ်ရမည့် နေရာတွင် အိမ်ငှားပေးမည်ဟု ဦးတင်ဝင်းက ဆိုသည်။

၁၉၈၂ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ကုလ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့ပြီးနောက် နိုင်ငံခြားသား ဒုက္ခသည်များကို တရားဥပဒေနှင့်အညီ လက်ခံခဲ့ကြောင်းသိရ သည်။

ဂျပန်အစိုးရ အဆက်ဆက်သည် မြန်မာအစိုးရနှင့် ပတ်သက်၍ အနောက်နိုင်ငံများနှင့် မတူဘဲ ပိတ်ဆို့ရေးအစား ညှိနှိုင်း ဆွေးနွေးရေးမူကိုသာ ကျင့်သုံးခဲ့သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေး အကူအညီ ODA များလည်း နှစ်စဉ် ပေးနေခဲ့သည်။

လာမည့်လထဲတွင် စခန်းတွင်း၌ ဂျပန်အစိုးရ တာဝန်ရှိသူများနှင့် ဒုက္ခသည် မဟာမင်းကြီးရုံး UNHCR တို့က လျှောက်လွှာ တင်ထားကြသည့် ဒုက္ခသည်များကို လူတွေ့စစ်ဆေးကာ ရွေးချယ်သွားမည်ဟု မယ်လဒုက္ခသည် စခန်း ဒုဥက္ကဋ္ဌ စောထွန်းထွန်းက ပြောသည်။ ဒုက္ခသည် ခေါ်ယူမှုတွင် ကန့်သတ်မှုများ ရှိသည်ဟု သူက ဆိုသည်။

“ကန့်သတ်ချက်တွေ ကျတော့ UNHCR ကို မှတ်ပုံတင်ထားပြီးသူ ဖြစ်ရမယ်။ တခြားနိုင်ငံကို လျှောက်လွှာ တင်ထားသူ မဖြစ်ရဘူး။ အဲဒါတွေက အဓိက ကန့်သတ်ချက်တွေပေါ့။ တခြား ကန့်သတ်ချက်တွေကတော့ မိသားစုရှိရမယ်၊ လူပျိုလူလွတ်တွေ မဖြစ်စေရဘူး။ မိဘတွေက အသက် ၂၀ ကျော်နဲ့ ၄၀ ကြားပေါ့။ အလုပ် လုပ်ကိုင်နိုင်တဲ့လူတွေ ဖြစ်ရမယ်” ဟု စောထွန်းထွန်းက မဇ္ဈိမကို ပြောသည်။

အင်တာဗျူးအောင်မြင်သူများကို ဆေးစစ်ခြင်း၊ ဂျပန် ယဉ်ကျေးမှု သင်တန်းပေးခြင်း၊ ဂျပန် ဘာသာစကား သင်ပေးခြင်းများကို International Organization of Migration (IOM) က ဂျပန်နိုင်ငံသို့ မထွက်ခွာမီ ၃ လ တာဝန်ယူ သင်ကြားပေးမည်ဖြစ်ပြီး ယခုနှစ် စက်တင်ဘာလပိုင်းတွင် ထွက်ခွာကြရမည် ဖြစ်သည်။

ပြည်တွင်းစစ်နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုသို့ ရောက်ရှိနေသော ဒုက္ခသည်ပေါင်းမှာ ၂၀၀၉ အောက်တိုဘာလအထိ ၁၄၀၀၀၀ ဦးခန့်ရှိကြောင်း ဒုက္ခသည်များကို ကူညီနေသည့် TBBC အဖွဲ့က ထုတ်ပြန်ထားသည်။

အမေရိကန်၊ သြစတြေးလျ၊ နော်ဝေး၊ ဆွီဒင်၊ ဖင်လန်၊ ကနေဒါ၊ နယူးဇီလန်၊ ဒိန်းမတ်၊ နယ်သာလန်၊ ဗြိတိန် အပါအဝင် အခြားနိုင်ငံများသို့ အခြေချရန် ထွက်ခွာသွားသူပေါင်းမှာ ၂၀၀၉ ခု အောက်တိုဘာအထိ ၁၅၀၀၀ ကျော်သွားပြီ ဖြစ်ကြောင်း သိရသည်။

No comments: