Thursday, October 21, 2010

နှစ်ရက်အတွင်းတိုက်ပွဲနှစ်ကြိမ်ဖြစ် နအဖ စစ်အရာရှိသေဆုံး

Tuesday, 19 October 2010 18:01 သျှမ်းသံတော်ဆင့်

ယခုလလယ်ပိုင်းက ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ၌ နအဖ စစ်တပ် နှင့် သျှမ်းပြည်တပ်မတော်အကြား တိုက်ပွဲနှစ် ကြိမ်ဖြစ်ပွားခဲ့ရာ ဗမာ့ စစ်တပ် နှင့် ရဲတပ်ဖွဲ့ အနည်းဆုံး သုံးယောက်သေဆုံးကြောင်း စုံစမ်းသိရှိရ ပါသည်။

“၁၇ ရက်နေ့က သျှမ်းစစ်သားလို့ယူဆရတဲ့ နွားကျောင်းသားဟန်ဆောင် လူတစုက ဗမာပုလိပ်စောင့်တဲ့ လမ်း ကင်းဂိတ် စခန်း ကိုဝင်တိုက်တယ်။ အဲဒီမှာပုလိပ်တယောက်သေတယ်” - ဟု ဒေသခံဝန်ထမ်းတဦးက ပြောပါသည်။

အဆိုပါ ဂိတ်စောင့်ပုလိပ်တို့သည် အ၀င်အထွက် ယာဉ်ကြီးယာဉ်ငယ်၊ဆိုင်ကယ်စက်ဘီး ခြေကျင်လျှောက်သူများ ပါမကျန် ပိုက်ဆံတောင်းယူသဖြင့် ထိုကဲ့သို့ ပစ်ခတ်ခြင်းခံရသည်ဟုလည်း ရွာသာများ ပြောကြသည်။

ယခုလ ၁၆ ရက်၌လည်း မိုင်းနောင်မြို့နယ်ခွဲ နမ့်မွန်းအခြေစိုက် ခလရ ၂၈၆ မှ ဗိုလ်ကြီးစည်သူနှင့် တပ်ကြပ်ကြီး မျိုးထွန်း က လူထုထံမှ မော်တော်ဆိုင်ကယ်တစီး ချောဆွဲမောင်းနင်ကာ မိုင်းနောင်မြို့ မြောက်ဘက် မိုင့်ဟိုင်းစဲန် သင်္ချိုင်းကုန်းအနီး အရောက် အင်အား ၅ ယောက်ပါ အဖွဲ့တဖွဲ့က အဲမ်ဘွတ်ရှ်ခြုံခိုတိုက်ခိုက်ခဲ့ ကြောင်းသိရ၏။

“ဗိုလ်ကြီးစည်သူက ပွဲချင်းပြီးသေတယ်။ တပ်ကြပ်ကြီးမျိုးထွန်းတော့ ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံအသွား လမ်း မှာ သေသွားတယ်။ သူတို့ရဲ့ ၉ မမ တလက်၊ စကားပြောစက်တလုံး ပါသွားတယ်” - မိုင်းနောင်ဒေသခံတဦးက ပြောပြ၏။

လွယ်တိုင်းလျဲန်းအခြေစိုက် သျှမ်းပြည်တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောဝ်ဆိုင်ကမူ အဆိုပါ တိုက်ပွဲနှင့် ပတ်သက်၍ စိစစ်နေတုန်းဟု သျှမ်းသံတော်ဆင့်သို့ ဖြေကြားပါသည်။

နောက်တရက် ၁၇ ရက်နေ့၌လည်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲတောင်ဘက် (၀မ့်စိမ်း - မိုင်းနောင်ကြား လက် နက်ကိုင်လူ ၄ ယောက် နွား ကျောင်းသားဟန်ဆောင်၍ ၄ ယောက်ခန့်ရှိ နအဖပုလိပ်စောင့် လမ်းကင်းဂိတ်ကို ၇၅ ကိုက် အကွာမှတိုက်ခိုက် ခဲ့၏။ နှစ်မိနစ်ကြာပစ်ခတ်ပြီး အဆိုပါလက်နက်ကိုင် နွားကျောင်းသားတို့ တပ်ဆုတ်သွားသဖြင့် ၎င်းတို့ ဘက် အခြေအနေမသိရကြောင်း၊ ဗမာပုလိပ် ၁ ယောက်သေဆုံးကြောင်း နအဖရဲတပ်ဖွဲ့နှင့် နီးစပ်သည့်အသိုင်း အ၀ိုင်း ကပြောပြပါသည်။

No comments: