Friday, July 15, 2011

ကရင့်အမျိုးသားလှုပ်ရှားမှု ပြန်လည်သင့်မြတ်ပေါင်းစည်းနေကြောင်း BGF (၅)ဦးက ထပ်မံဖေါ်ဆောင်

ကရင်အချင်းချင်းမတိုက်တော့ကြောင်း တိုင်တည်ပြီးသစ္စာရေသောက်ခဲ့သူ ဗိုလ်ချစ်သူကို အစိုးရ
တပ်က အယုံအကြည် နည်းနေချိန်မှာပင် သူ၏ နယ်ခြားစောင့်တပ်ဖွဲ့ (အမှတ်-၁၀၁၇)မှ (၅)ဦးသည် ယမန်နေ့ ၁၃-၀၇-၂၀၁၁၊ မွန်းလွဲ ၂း၃၀ အချိန်တွင် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ဒီကေဘီအေ
နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း သတင်းရရှိပါသည်။

၎င်းပူးပေါင်းလာသူ(၅)ဦးတွင် ဗိုလ်ချစ်သူ ထိန်းချုပ်သော လက်အောက်ခံတပ်ရင်း ၁၀၁၇ မှ တပ်ကြပ်
ကြီး စောအယ်ဖေါ(၂၄)နှစ်အပါအ၀င် တပ်ကြပ်ကျော်ရင်၊ တပ်သားများဖြစ်ကြသော စောမူးကော့၊
စောအတူးနှင့် စောနေလင်းထွန်းတို့ပါဝင်ပါသည်။

ပါလာသည့် လက်နက်များမှာ M-79 (2)လက်-ကျည် ၂၂ လုံး၊ M-16 (2)လက်-ကျည်အထောင့် ၃၀၀၊
ကျည်ပေါက် ၆ ခု၊ AK - 47 (1)လက်-ကျည်ထောင့် ၅၀၊ ကျည်ပေါက် ၂ ခုတို့ဖြစ်ကြောင်း သိရပြီး KNLA နှင့် အစဉ်မပြတ် ပူးပေါင်းလျှက်ရှိသော ဒီကေဘီအေ ၏ ကလိုထူးဘောဗျူဟာမှ တပ်မှူး
ကျော်ပလိုး ထံ လာရောက်ပူးပေါင်းခြင်းဖြစ်ကြောင်းလည်း သိရပါသည်။

ကိုယ့်လူမျိုးအချင်းချင်းပြန်တိုက်ရမှာကို မလိုလား၍ ဒီကေဘီအေအဖြစ်သာ ရပ်တည်ချင်ကြောင်း ပူး
ပေါင်းလာသူ စောအယ်ဖေါက ဆိုပါသည်။ နယ်ခြားစောင့်တပ်ဖွဲ့တွင် ဒီကေဘီအေထံ ပြန်လည်ပူး
ပေါင်းလာသောအရေအတွက်မှာ များသထက်များလာပြီး ထပ်မံကူးပြောင်းလာရန် ရှိနေသေးကြောင်း
လည်း နယ်ခြားစောင့်တပ်တွင် လုပ်နေဆဲ အမည်မဖေါ်လိုသူတစ်ဦးကလည်း ဆိုပါသည်။

ကရင့်အမျိုးသားလှုပ်ရှားမှု ပြန်လည်သင့်မြတ်နေချိန်တွင် ဗိုလ်ချစ်သူအနေဖြင့် ဆက်ပြီး မိုက်တွင်း
နက်နေဦးမည်ဆိုလျှင် မကောင်းဆိုးဝါးမိစ္ဆာ၏ လက်ချက်ဖြင့် ဗိုလ်လင်းထင်ကဲ့သို့ အဖြစ်ဆိုးနှင့် ရင်
ဆိုင်ကြုံတွေ့နိုင်ကြောင်း၊ နယ်စပ်သတင်းရပ်ကွက်က ဝေဖန်သုံးသပ်နေကြကြောင်းလည်း သိရပါသည်

No comments: