Friday, May 18, 2012

ပါရမီ ၂၃၂ ဂိတ်ရုံးအတွင်း လူသတ်မှုဖြစ်ပွားခဲ့၍ ၂၃၂ ပါရမီယာဉ်လိုင်းအား ဖျက်သိမ်း


Thursday, 17 May 2012 02:01
ယုဇနဥယျာဉ်မြို့တော်မှ မော်တင်သို့ ပြေးဆွဲလျက်ရှိသည့် ၂၃၂ ပါရမီ ယာဉ်လိုင်းအား မေလ ၁၆ ရက်နေ့မှစတင်၍ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပါရမီ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မေလ ၁၂ရက်နေ့တွင် ယုဇန ဥယျာဉ်မြို့တော်ရှိ ပါရမီ ၂၃၂ ယာဉ်လိုင်းနှင့် ဈေးကြိုပို့ယာဉ်တို့ ယာဉ်ရှေ့တွင် ပိတ်ရပ်သည့်ကိစ္စဖြင့် စကားများသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ၂၃၂ ဂိတ်ရုံးအတွင်း စကားလာပြောသည့် ဈေးကြိုပို့ယာဉ်မှ ယာဉ်မောင်းနှင့်အဖွဲ့ကို ပါရမီယာဉ် နောက်လိုက်တစ်ဦး၏ ဖခင်ဖြစ်သူနှင့်အဖွဲ့မှ ဓားဖြင့် ၀င်ရောက်ဝိုင်းဝန်းထိုးခုတ်မှုကြောင့် ဈေးကြိုပို့ယာဉ်မောင်းနှင့် ပါလာသည့် ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ပါရမီ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ရှိသူ ဗိုလ်မှူးဌေးလွင်က ''ယုဇနကနေ မော်တင်ကို ပြေးဆွဲနေတဲ့ ၂၃၂ ပါရမီ ယာဉ်လိုင်းတစ်ခုလုံးကို ဖျက်သိမ်းလိုက်ပြီဆိုတာ အမှန်ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ မေလ ၁၂ရက်နေ့က ၂၃၂ ပါရမီယာဉ်တစ်စီးနဲ့ ဈေးကြိုပို့ ယာဉ်တစ်စီးနဲ့ စကားများ ရန်ဖြစ်တာကစပြီးတော့ ပါရမီ ယာဉ်နောက်လိုက်တစ်ဦးရဲ့ ဖခင်နဲ့ ပါဝင်သူတွေက အဲဒီ ဈေးကြိုပို့ ယာဉ်မောင်းအဖွဲ့ထဲက တစ်ယောက်ကို ဓားနဲ့ထိုးမှု ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်နေတဲ့အခါမှာ ကျွန်တော်တို့ဆီက ယာဉ်မောင်းတွေက အဲဒီလမ်းကြောင်းကို လုံးဝ မမောင်းရဲတော့ပါဘူး။ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေ အများစုက နယ်ကလူတွေဖြစ်တယ်။ ယုဇနဥယျာဉ်ထဲမှာနေတဲ့ ယာဉ်မောင်းတချို့တော့ ပြေးဆွဲချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ခွင့်မပြုတော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ထပ်ပြီး အလားတူ ဖြစ်စဉ်မျိုးတွေ ဖြစ်နိုင်လို့ ဖြစ်ပါတယ်။ မေလ ၁၅ ရက်နေ့မှာ ဖျက်သိမ်းဖို့ စာကိုတင်တယ်။ လူကြီးတွေက ဒီလိုအခြေအနေတွေ ရှိနိုင်တယ်ဆိုရင်လည်း ဖျက်သိမ်းပါလို့ ခွင့်ပြုချက် ကျလာပါတယ်။ ဒါနဲ့ ၁၆ ရက်နေ့ကစပြီး ဖျက်သိမ်းလိုက်ပါတယ်။ ပြန်ပြီးပြေးဆွဲတဲ့အခါမှာ ထပ်ပြီးတော့ တစ်ဖက်နဲ့တစ်ဖက်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ရင် ပါရမီယာဉ်လိုင်း နာမည်ပျက်မှာစိုးလို့ လုံးဝ ဖျက်သိမ်းလိုက်တာပါ''ဟု ပြောကြားခဲ့သည်။၂၃၂ ယာဉ်လိုင်း ဖျက်သိမ်းသွားသည့်အတွက် ယာဉ်လိုင်းအစားထိုး ပြေးဆွဲရန် မ.ထ.သဗဟိုမှ စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

No comments: