Thursday, September 13, 2012

ကေကေအိုဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးကို တာဝန်ကနေ ယာယီရပ်ဆိုင်း

ဒီကေဘီအေရဲ့ နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ ကလိုထူးဘော ကရင်အစည်းအရုံး (ကေကေအို)ရဲ့ ဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူး ၂ ဦးကို နာယကဖြစ်သူက တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်ပါတယ်။
ကလိုထူးဘောကရင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌ မန်းရောဘတ်ဇံနဲ့ အထွေထွေအတွင်းရေးမှူး ဦးသောမတ် (ခေါ်) စောဂုဏ်အောင်တို့ကို တခြားနိုင်ငံသားခံယူမှုနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ အစည်းအဝေးကို ခွင့်ပြုချက်မရဘဲ တက်ရောက်မှုတို့နဲ့ တာဝန်ကနေ ယာယီ ရပ်ဆိုင်းလိုက်တာလို့  မနေ့က ထုတ်ပြန်လိုက်ပါတယ်။
မန်းရောဘတ်ဇံ
ကလိုထူးဘောကရင်အစည်းအရုံး နာယကလည်းဖြစ် ဒီကေဘီအေ စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ရဲ့ ထုတ်ပြန်ကြေညာချက်မှာ သူတို့ ၂ ဦးဟာ အဖွဲ့အစည်းရဲ့ မူဘောင်ကို ကျော်လွန် လုပ်ဆောင်နေကြသလို  ပြည်ပ နိုင်ငံသား ခံယူထားကြတဲ့အတွက်  အဖွဲ့အစည်းအနေနဲ့ တရားဝင်ရှေ့ဆက်နိုင်ရန် အဟန့်အတားဖြစ်နေလို့ တာဝန်က ရပ်ဆိုင်းလိုက်တာလို့ ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး အထွေအထွေအတွင်းရေးမှူး စောဂုဏ်အောင် ကို မေးမြန်းရာမှာတော့ ချင်းမိုင်မှာ မကြာခင်လုပ်မယ့် တိုင်းရင်းသားပေါင်းစုံ ညီလာခံတက်ဖို့ အစိုးရဘက်က မလိုလားလို့ ဒီကေဘီအေက ခေါင်းဆောင်ကို ဖိအားပေးတာလို့ ပြောပါတယ်။
စောဂုဏ်အောင်
“ချင်းမိုင်အစည်းအဝေးကိုတက်တဲ့ အနေအထားပေါ်မှာ ပြောမယ် ဆိုရင်တော့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ကျနော်တို့နဲ့ အဓိကတွေ့ဆုံမယ့် ပွဲဖြစ်တယ်။ အဲလို တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ကျနော်တို့တွေ တွေ့သွားရင် စည်းလုံးညီညွတ်မှုရသွားမှာကို ရန်သူကကြောက်တယ်။ အဲလိုကြောက်တဲ့အပေါ်မှာ ဒီကဘေီအေက ခေါင်းဆောင်တွေကို ဖိအားပေးတဲ့ပုံစံမျိုးရှိမယ်လို့ သုံးသပ်မိတယ်။”
သူတို့ကို အခုလို တာဝန်ရပ်ဆိုင်းလိုက်တဲ့အတွက် လာမယ့် ၁၄ ကနေ ၁၆ ရက်နေ့အထိ ချင်းမိုင်မြို့မှာ ကျင်းပမယ့် တိုင်းရင်းသားပေါင်းစုံညီလာခံကို တက်မှာမဟုတ်တော့ဘူး လို့ စောဂုဏ်အောင်က ပြောပါတယ်။
ပြည်ပနိုင်ငံသားခံယူခြင်းအကြောင်းနဲ့ပတ်သက်ပြီး အရင်က သူ့အနေနဲ့ ဂျပန်နိုင်ငံမှာ သွားနေခဲ့ဖူးပေမယ့် နိုင်ငံသားမဖြစ်ခဲ့ကြောင်းနဲ့ ဥက္ကဋ္ဌဖြစ်သူ မန်းရောဘတ်ဇံကတော့ အမေရိကန် နိုင်ငံသား ဖြစ်ကြောင်း ပြောပါတယ်။
ကလိုထူးဘောကရင်အစည်းအရုံးဟာ ကလိုထူးဘောတပ်ဖွဲ့ကို  အခြေခံ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်စောလားပွယ်မှာ တပ်နှင့်ပါတီအကြား သဘောထားမျှတစေရန် ထိန်းသိမ်းလာခဲ့ကြောင်း၊ သို့သော် ကလို့ထူးဘောကရင်အစည်းအရုံးရဲ့ အချို့ကိစ္စရပ်တွေကို  မိမိအား တိုင်ပင်ခြင်း မရှိဘဲ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာတွေကို တာဝန်မခံနိုင်တော့တဲ့ အခြေအနေကြောင့် သူတို့ ၂ ဦးကို တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တာလို့ ဗိုလ်ချုပ်စောလားပွယ် ကိုယ်တိုင် လက်မှတ်ရေးထိုး ကြေညာခဲ့တာဖြစ်ပါတယ်။
ဒီကေဘီအေတပ်ဖွဲ့အများစုဟာ နယ်ခြားစောင့်တပ်အသွင်ပြောင်းထားပေမယ့် ဗိုလ်ချုပ် စောလားပွယ်ဦးဆောင်တဲ့ ကလိုထူးဘောတပ်ကတော့ အသွင်ပြောင်းခြင်းမရှိခဲ့ဘဲ ၂၀၁၀ ရွေးကောက်ပွဲမှာ အစိုးရနဲ့ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၁၁ နှစ်ကုန်ပိုင်းမှာတော့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး ပြန်လုပ်ပြီးနောက် နိုင်ငံရေးအဖွဲ့ဖြစ်တဲ့ (ကေကေအို) ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 


ကလို့ထူးဘောကရင်အစည်းအရုံး(KKO)၏ နာယက ဗိုလ်ချုပ်စောလားပွယ်က အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်များကို တရားဥပဒေနှင့်အ ညီ ရှေ့ဆက်လုပ်ဆောင်သွားရန် KKO ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့အား စက်တင်ဘာလ ၁၁ရက်မှစတင်၍ တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။


KKO ကို နိုင်ငံတော်မှ အသိအမှတ်ပြုပြီး တရားဝင်မှုရှိစေရေး ပါတီမှတ်ပုံတင်ရန် လိုအပ်ရာတွင် ဗဟိုကော်မတီဝင် နှစ်ဦး ဖြစ်သည့် ဥက္ကဌ မန်းရောဘတ်ဘဇန်နှင့် ဦးသောမတ်(ခေါ်)စောဂုဏ်အောင်တို့သည် ပြည်ပနိုင်ငံသား ခံယူထားခြင်း၊ အဖွဲ့အစည်း၏ မူဘောင်များကို ကျော်လွန်၍ လုပ်ဆောင်မှု ပြုနေခြင်းတို့ကြောင့် အဖွဲ့၏ဥပဒေအရ ရပ်ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း KKO နာယက ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး)က ပြောသည်။

ဗိုလ်ချုပ်စောလားပွယ်က “တရားဥပဒေအပေါ်မှာပဲ အခြေခံပြီး လုပ်လိုက်တာပါ။ ဘယ်သူကမှလည်း ဥပဒေကို လွန်ဆန်လို့ မရပါဘူး။ ဒါကြောင့် လုပ်သင့်တဲ့အတွက် ဒီလိုထုတ်ပြန်လိုက်တာပါ။ အများပြည်သူရဲ့ လိုအင်ဆန္ဒနဲ့ သဘောထားတွေအရလည်း လုပ်ဆောင်ရ တာပဲ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဗိုလ်ချုပ်စောလားပွယ်၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ယခုနှစ် စက်တင်ဘာလ ၈ရက်နေ့ ဆုံဆည်းမြိုင်ကျေးရွာ၌ မန်းရောဘတ်ဘဇန် နှင့် ဦးဂုဏ်အောင်တို့ တာဝန်ခံပြုလုပ်သည့် ကျေးနယ်အဆင့် လူထုရွေးချယ်တင်မြှောက်ပွဲတွင် သဘောမမျှမှုကြောင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ သေနတ်ပစ်ဖောက်ခြင်းများ ဖြစ်ခဲ့၍ နဂိုရှိပြီးသား တည်ငြိမ်မှု ပျက်ပြားခဲ့ရကြောင်းလည်း ဖော်ပြထားသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ အမည်မဖော်လိုသူ KKO ဗဟိုကော်မတီဝင်တဦးက “ကျေးနယ်အဆင့် အုပ်ချုပ်မယ့် လူကြီးရွေးကောက်ပွဲမှာ ဒေသခံတွေက ရွေးချယ်လိုက်တဲ့ လူကြီးအသစ်ကို အရင်အုပ်ချုပ်တဲ့ လူကြီးအဟောင်းက နေရာမပေးချင်ဘူးလေ။ ဖြစ်ချင်တော့လည်း ကျေးရွာကာကွယ်ရေးအတွက်ဆိုပြီး သူ့ကို လက်နက်အနည်းငယ် ပေးထားတာ ရှိတယ်။ အဲဒါ သူက နေရာမဖယ်ပေးချင်လို့ ပစ်ခတ်မှု အနည်းငယ် ဖြစ်သွားတာပါ”ဟု ပြောဆိုသည်။

တစ်ဆက်တည်း၌ပင် မန်းရောဘတ်ဘဇန်နှင့် စောဂုဏ်အောင်တို့သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးပွဲ တစ်ခုသို့ တက်ရောက်ရန် ၎င်းတို့နှစ်ဦးသဘောဖြင့် စက်တင်ဘာလ ၉ရက်နေ့က ထွက်ခွာသွားခဲ့ခြင်းမှာ တရားဥပဒေကို မလိုက်နာခြင်း ဖြစ်သောကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းလည်း KKO ကြေညာချက်တွင် ပါရှိသည်။

၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ တာဝန်မှ ယာယီ ရပ်ဆိုင်းခံရသူ KKO ဥက္ကဌ မန်းရောဘတ်ဘဇန်က “အသက်လည်း ကြီးပြီဆိုတော့ နားသင့်ပြီလို့ ထင်တဲ့အတွက် ကျေးဇူးတင်တယ်။ ဒါပေမဲ့ ယာယီ ရပ်ဆိုင်းတာ မလုပ်ပါနဲ့။ ထာဝရရပ်လိုက်ပါလို့ ဗိုလ်မှူးမိုရှေးကို ကျနော် ပြောလိုက်ပါတယ်။ ကျနော်လည်း လုပ်ချင်လွန်းလို့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ၂နှစ်အတွင်း ၀ိုင်းကူပါလို့ ဗိုလ်ချုပ်နှုတ် ခမ်းမွှေးက တောင်းဆိုလို့ လက်ခံခဲ့တာပါ”ဟု ပြောသည်။

ယင်းကဲ့သို့ ယာယီရပ်ဆိုင်းခြင်းအပေါ် ဗိုလ်ချုပ်စောလားပွယ်မှ ၎င်းအား တိုက်ရိုက် အကြောင်းကြားလာခြင်း မရှိသေးသလို ရှေ့ဆက် လုပ်ဆောင်သွားရမည့်ကိစ္စများကို ရဲဘော်များ၊ ဗဟိုကော်မတီဝင်များနှင့် နာယက အဖွဲ့ဝင်များမှ စဉ်းစားဆုံးဖြတ်လိမ့်မည်ဟု ယုံကြည် ကြောင်း မန်းရောဘတ်ဘဇန်က ဆက်ပြောသည်။

DKBA လက်အောက်ခံ ကလို့ထူးဘော ကရင်အစည်းအရုံး-KKO သည် အများအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ၂၀၁၂ခုနှစ်၊ ဧပြီလ ၂ရက်နေ့က စတင် ဖွဲ့စည်းခဲ့သည်။

No comments: