Saturday, November 24, 2012

KNU အား ငြိမ်းချမ်းရေး သတိရှိရန် ပြည်တွင်း ကရင်လူမှုအဖွဲ့ အစည်းများ ပြောဆို

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ကရင်အမျိုးသားအစည်းအရုံး-KNU အနေဖြင့် သတိရှိရန်နှင့် ပြည်သူလူထု အကျိုးကို ရှေးရှုရန် ပြည်တွင်းရှိ ကရင်လူမှုအဖွဲ့အစည်း များက သတိပေး ပြောကြားခဲ့သည်။
DSC01423
ရန်ကုန်တိုင်း၊ အလုံမြို့ နယ်ရှိ Myanmar Baptist Convention – MBC အဆောက်အဦး၌ နိုဝင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော် ချိန် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲ တွင် ကရင့်ရေးရာကော်မတီမှ စောကျော်စွာကအခုလို ပြောဆိုသည်။
“ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ ပြည်သူလူထုအတွက် အကျိုးပြုမပြု ထည့်သွင်းစဉ်းစားဖို့။ နောက်ကရင်ပြည်နယ် မှာ ဒုက္ခသည် တွေ ပြန်လည်နေချထားရေးဆိုပြီး လယ်မြေတွေ အသိမ်းခံရတာ ရှိတယ်။ ဒါကို KNU က ကာကွယ်ပေး ဖို့။” ဟု တင်ပြ ပြောဆိုခဲ့သည်။
မြန်မာအစိုးရနှင့် KNU တို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေး သဘောတူခဲ့သည့်နောက်ပိုင်း ကရင်ပြည်နယ်အတွင်း လယ်ယာမြေ သိမ်းဆည်းခံရမှုမှာ ပိုင်ကျုံမြို့နယ်တွင် ၂၉,၁၄၈ ဧက၊ လှိုင်းဘွဲမြို့နယ် ၂၀,၁၀၀ ဧက၊ သျှမ်းရွာ သစ်မြို့နယ်တွင် ၂၁,၁၀၀ ဧကရှိ လာသည်မှာ စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
အဆိုပါတွေ့ဆုံပွဲ၌ ပြည်တွင်း လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို KNU တွဲဖက်အတွင်း ရေးမှူး(၂) ပဒိုစော ဒေါ့လေးမူ၊ ဗဟိုကော်မတီဝင် ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းနှင့် ဗဟိုကော်မ တီဝင်လည်းဖြစ်၊ ကရင်အမျိုးသမီး အစည်းအရုံး၏ တွဲဖက် အတွင်းရေးမှူး (၁) နော်ဘလူးမင်းနိုက် ဇန်တို့က KNU အဖွဲ့အတွင်းရှိ လက်ရှိ အခြေအနေများ အပါအ ၀င် အစိုးရနှင့် ဆက်လက်လုပ်ဆောင်သွား မည်များကို တုံ့ပြန်ရှင်းလင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲသို့ KNU ကိုယ်စားလှယ်များ အပါအ၀င် ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်နှင့် ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှ စာပေ၊ ယဉ်ကျေးမှုကော်မတီဝင်များ၊ ဒေသအသီးသီးမှ ကရင်နှစ်သစ်ကူး ကျင်းပရေးကော် မတီအဖွဲ့ဝင်များ၊ ကရင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် နယ်စပ်ဒေသမှ ဘာသာရေးခေါင်းဆောင်များ အပါအ၀င် လူဦးရေ ၅၀ နီးပါး တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP ၏ ဒုဥက္ကဌ မန်းအောင်ပြည်စိုးကလည်း ငြိမ်းချမ်းရေး တည်ဆောက်မှုအပိုင်းတွင် KNU အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကရင်အမျိုးသားအချင်းချင်းကြား စည်းလုံး ညီညွှတ်မှု တည်ဆောက်ရေး အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစား ရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ လူမှုအဖွဲ့အစည်းခေါင်းဆောင်များက KNU နှင့် အစိုးရအကြား ပစ်ခတ်ရပ်စဲရေး သဘောတူညီမှုနောက် ပိုင်း ဖြစ်ပေါ် လာသည့် လယ်မြေသိမ်းဆည်းမှုများအပြင် KNU ဆက်ဆံရေးရုံး၏ လုပ်ငန်းတာဝန်များ၊ အစိုးရက KNU ကို မတရားအသင်းအဖြစ်မှ ပယ်ဖျက်စေလိုခြင်းများနှင့် အဖွဲ့အတွင်း စည်းလုံးညီညွှတ်မှု အခြေအနေများ၊ ငြိမ်းချမ်းရေးကဏ္ဍတွင် အမျိုးသမီးပါဝင်မှုနှင့် လူငယ်များ၏ ပညာရေး အရေးပါမှုများကို KNU ကိုယ်စားလှယ်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောဒေါ့လေးမှုက “ကျနော်တို့ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ဖို့ကရင်လူထုတစ် ရပ် လုံးရဲ့ဆန္ဒ ကို အခြေခံပြီးတော့ ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ဖို့ လိုတယ်။ နောက် လူ့အခွင့်အရေးချိုး ဖောက်မှုတွေ အမြဲရှိနေသေးတယ်။ အထူးသဖြင့် မြေယာသိမ်းခံရမှုကိစ္စပါ။ ဒါတွေအားလုံး အစိုးရနဲ့ထပ်တွေ့ဆုံ ဆွေးနွေးတဲ့အခါ တင်ပြသွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ငြိမ်းချမ်းရေးကာလအတွင်း ရှေ့ဆက် လုပ်ဆောင်ရမည့်လုပ်ငန်းများ၌ နိုင်ငံရေးအရဖြစ်စေ၊ ငြိမ်းချမ်းရေးအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ ပြည်တွင်းပြည်ပရှိ ကရင်တိုင်းရင်းသား အဖွဲ့အစည်း အသီးသီး ပါဝင်ကူညီလုပ်ဆောင်ရန် လိုအပ်သည်ဟု လူမှုအဖွဲ့အစည်းများအား တိုက်တွန်းခဲ့သည်။
KNU ကိုယ်စားလှယ်များသည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် Karen Baptist Convention ခေါ် ကရင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်၏ ဒေသဆိုင်ရာ သာသနာအတွင်းရေးမှူးများ အစည်းအဝေး သို့ တက်ရောက်ခဲ့ကြပြီး ထို နေ့ညနေ ၆နာရီတွင် သမတရုံးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီ၊ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှ မောင်ရွှေတို့နှင့် Peace Center ၌ တစ်နာရီခန့် အလွတ်သဘော တွေ့ဆုံခဲ့ကြသည်။

No comments: