Saturday, January 26, 2013

သံတောင် အထူးဒေသ ငြိမ်းချမ်းရေး အဖွဲ့ နာယက ဗိုလ်မှူးကြီး စောဖယ်ရီမိုး ကွယ်လွန်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

သံတောင်အထူးဒေသ ငြိမ်းချမ်းရေး အဖွဲ့ နာယက ဗိုလ်မှူးကြီး စောဖယ်ရီမိုး သည် နေပြည်တော် ဆေးရုံ ၌ ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၇နာရီ မိနစ် ၄၀ တွင် ကွယ်လွန်သွားကြောင်း အဆိုပါ အဖွဲ့ ၏ စာပေ နှင့် ယဉ်ကျေးမှု ကော်မတီ ဝင် ဗိုလ်မှူးကြီး စောကေထူး က The Voice Weekl သို့ ပြောကြားသည်။

ဗိုလ်မှူးကြီးစောဖယ်ရီမိုး၏ ရုပ်ကလပ် ကို ညတွင်းချင်း သံတောင် အထူးဒေသငြိမ်းချမ်းရေး အဖွဲ့ ရုံးစိုက်ရာ သံတောင်မြို့ သို့ သယ်ဆောင်သွားကြောင်း ၎င်း က ထပ်မံ ပြောကြားသည်။

အဆိုပါ သံတောင် အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့၏ နယက ဦးစောဖယ်ရီမိုး အပါအဝင် ခေါင်းဆောင်အချို့သည် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁ နာရီခန့် က ဆလွန်းကားဖြင့် ရန်ကုန်-မန္တလေးလမ်းဟောင်း အတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာစဉ် မင်းကြီးညို ရပ်ကွက်ရှိ ရတီ လက်ဖက်ရည်ဆိုင်ရှေ့ အရောက်တွင် ရပ်ထားသည့် ဆယ်နှစ်ဘီးကား အပြာရောင်ကို နောက် က ဝင်တိုက်မိခဲ့ရာ ယင်း ယာဉ်တိုက်မှုကြောင့် ဗိုလ်မှူးကြီး စောဖယ်ရီမိုး ၊ ဗိုလ်မှူး စောဝေလေ၊ ဗိုလ်ကြီး စောဝင်းအောင်၊ ဒေါ်သန်းနုတို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် တောင်ငူမြို့ပြည်သူဆေးရုံ ကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် နေပြည်တော် ဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင် ကုသခဲ့ရကြောင်း ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့သူ တစ်ဦးဖြစ်သူ ဦးခင်မောင်သန်းက ပြော ကြားသည်။

No comments: