Thursday, May 30, 2013

ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ ဖွဲ့စည်းခြင်း


Written by ဖြူဖြူကို


အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားသော ကရင် ငြိမ်းချမ်းရေး အဖွဲ့များသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရည်စူးပြီး ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီ တရပ်ကို ယမာန်နေ့က ဖွဲ့စည်း ခဲ့သည်ဟု ယင်းဆွေးနွေးပွဲကို တက်ရောက်ခဲ့သော ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) မှအရာရှိ တစ်ဦးက ဆိုပါသည်။ 

“ ကျင်းပတဲ့ နေရာကKNLA ရဲ့ကော့ကရိတ် မြို့နယ်မှာ ရှိတဲ့ ထို့ကော်ကိုး စခန်းမှာပေါ့နော်။ အဖွဲ့က (၆) ဖွဲ့ တက်ပါတယ်။ အဓိက ကတော့ ကရင် ငြိမ်းချမ်းရေး အဖွဲ့တွေ အားလုံးပါတယ်။ ကရင် ညီညွတ်ရေးနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကြား ပြသနာ ဖြေရှင်းဖို့ရယ် ပြီးတော့ တစ်ဖွဲ့ထဲ ပြန်လည် ပေါင်းစည်းရေး အထိ တဖြည်းဖြည်း ဆွေးနွေး သွားဖို့ ရည်ရွယ် ထားပါတယ်။” ဟုDKBA မှ ဗိုလ်မှူးကြီး ဆန်းအောင်က ဆိုပါသည်။

ဆွေးနွေးပွဲ ဆုံးဖြတ်ချက်များမှာ
- နိုင်ငံရေး ဆွေးနွေးသည့် အခါ ထိရောက်မှု ရှိလာစေရန်ကရင် လက်နက်ကိုင် အဖွဲ့များ အချင်းချင်း စုစည်း ညီညွတ်ကြရန်။
- တမျိုးသားလုံးကို ကိုယ်စားပြုသည့် နိုင်ငံရေး ဆွေးနွေးမှုကို KNU မှ ဦးဆောင်ရန်။ 

- မူးယစ်ဆေးဝါးပြသနာကို ကရင် လက်နက်ကိုင် အဖွဲ့အစည်း များမှ ဦးဆောင် နှိမ်နှင်းသွားရန်။
- ကရင် လက်နက်ကိုင် အဖွဲ့များ ညီညွတ်ရေး ကော်မီတီသည် (၃) လတကြိမ် တွေ့ဆုံဆွေးနွေးသွားရန်။
- ကရင် တပ်ဖွဲ့ဝင် အဖွဲ့အစည်းများ အားလုံး ပါဝင်သောလူထု ရှင်းလင်းပွဲများ ကျင်းပသွားရန်။
- ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မီတီ ဖွဲ့စည်းပြီး ဖြစ်ကြောင်း အောက်ခြေ တပ်ဖွဲ့များနှင့် ပြည်သူများအား ထုတ်ပြန်ရန်နှင့်
- ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မတီကို အဖွဲ့ဝင် (၁၇) ဦးဖြင့် ဖွဲ့စည်းခြင်းတို့ ဖြစ်ပါသည်။

ဆွေးနွေးပွဲမှ ဖွဲ့စည်း လိုက်သော ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ညီညွတ်ရေး ကော်မတီဝင်များမှာ ဗိုလ်မှူး ချစ်သူ(BGF)၊ ဗိုလ်မှူးစောကြာအဲ (BGF)ဲ၊ ဒေါက်တာစောဌေးမြင့် (BGF)၊ဖိုးရင်နု (KNU/KNLA-Peace council)၊ ဗိုလ်မှူးကြီး စောယိုရှူး၊ ဦးမြင့်သန်း၊ ဦးကျော်မြင့်(ဘုရားကုန်းအဖွဲ့၊ ပဒိုဖောဒို (KNU ) ပဒိုရွှေမောင်း (KNU)၊ ပဒိုအောင်မော်အေး (KNU)နှင့် ဗိုလ်ချုပ်ကြီး ဂျော်နီ (KNU)၊ ဗိုလ်ချုပ် မိုရှေး(DKBA) ၊ဗိုလ်မှူးကြီး စောကျော်သက် (DKBA)၊ဗိုလ်မှူး ကြီးစောသန်းအောင်၊ ဗိုလ်မှူး စတီဗာ (KPF)၊ စောနေ၀င်း (KPF)၊ စောအယ်မိုး (KPF) တို့ဖြစ်ပါသည်။

တက်ရောက် ဆွေးနွေးကြသည့် ကရင် လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့မှာ၊ ဟောင်သရော အထူး ဒေသ ငြိမ်းချမ်းရေး တပ်ဖွဲ့၊ဘုရားကုန်းခေါ်ပဒိုအောင်ဆန်းအဖွဲ့၊ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA)၊ အစိုးရ နယ်ခြား စောင့်တပ် (BGF) အဖွဲ့မှ ဗိုလ်မှူး ချစ်သူ အဖွဲ့နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNLA) တို့ဖြစ်ပါသည်။

တက်ရောက်သည့် ကိုယ်စားလှယ်များမှာ ကရင် အမျိုးသား အစည်းအရုံး (KNU) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ၊ တွဲဖက် အတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ၊ ဖားအံ ခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး၊ ဒူးပလာယာ ခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း၊ တပ်မဟာ (၅) မှူး ဗိုလ်မှူးချုပ် ကျော်မူဟဲ၊ ပဒိုစောလေးလော်ဆော၊ တပ်မဟာ (၇) ဗျူဟာမှူး ဗိုလ်မှူးကြီး ဖောဒို၊ ဗိုလ်မှူး အယ်ဆဲဆဲ၊ ဗိုလ်မှူး တာမလာ၊ ဗိုလ်မှူး ဒိကွယ်၊ ဒုဗိုလ်မှူးကြီး ဘူးဖောအပါအ၀င် စုစုပေါင်း ၁၉ ဦးတို့ တက်ရောက် ခဲ့ပါသည်။

DKBA ဖက်မှ ဗိုလ်မှူးကြီး ကျော်သက် ဦးဆောင်ပြီး တက်ရောက် ခဲ့သလို BGF မှ ဗိုလ်မှူး ချစ်သူမှ ဦးဆောင်ပြီး တက်ရောက် ခဲ့ပါသည်။ ဟောင်သရော အထူးဒေသ ငြိမ်းချမ်းရေး တပ်ဖွဲ့ပဒိုဒေါဒေါ ဦးဆောင် သလို ဘုရားကုန်း အဖွဲ့မှ ပဒို အောင်ဆန်း ဦးဆောင် ခဲ့ပါသည်။ KNLA မှ ဖိုးရင်နုက ဦးဆောင် တက်ရောက်ခဲ့ သဖြင့် ဆွေးနွေးပွဲသို့ စစ်ဖက် ကိုယ်စားလှယ်ပေါင်း (၆၀) ကျော်နှင့် အရပ်ဖက် အပါဝင် စုစုပေါင်း တစ်ရာကျော် တက်ရောက် ခဲ့ပါသည်။

ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မတီသည် ကရင် လက်နက်ကိုင် အဖွဲ့များကြား ဖြစ်ပေါ်လာသော ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်း သွားကြရန် သဘောတူ ထားကြပါသည်။ ဤသို့ကြောင့် လောလောဆယ် ဖြစ်ပွားနေသော DKBA နှင့် BGF အဖွဲ့တို့၏ လက်နက်ကိုင် ပဋိပက္ခကိုလည်း ကြားဝင်ဖြေရှင်း သွားရန် ရှိပါသည်။ 
http://www.phophtawnews.org/burmese/index.php/news/internal-news/item/331-2013-05-29-04-16-13.html

ပြန်ခေါက်ပါ...

No comments: