Tuesday, July 23, 2013

၁၈ နှစ်အောက်ကလေး ကျနော်တို့ လက်နက်ကိုင်အဖွဲ့ထဲမှာ မရှိဘူး

 July 23, 2013 

ကရင်အမျိုးသားအစည်းအရုံးက စစ်ပွဲအတွင်းမှာ ကလေးစစ်သား အသုံးမပြုရေးနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားမြစ်ခြင်း သဘောတူညီချက် စာချုပ်ကို ဆွစ်ဇာလန်နိုင်ငံ အခြေစိုက်  ဂျီနီဗာ ကော် (Geneva Call) အဖွဲ့နဲ့ ဇူလိုင် ၂၁ ရက်နေ့မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။

ကေအန်ယူအနေနဲ့  ကလေးစစ်သား အသုံးမပြုရေးနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ခြင်းအတွက် ပထမဆုံးအကြိမ် လက်မှတ်ထိုးတာ ဖြစ်ပါတယ်။
ဒီလက်မှတ်ထိုးပွဲကို ကရင်ပြည်နယ် ဘားအံမြို့က ဇွဲကပင်ဟိုတယ်မှာ Geneva Call  အဖွဲ့က တာဝန်ရှိသူ ၄ ဦး ကေအန်ယူဘက်က စစ်ဦးစီးချုပ်အပါအ၀င် အဖွဲ့ဝင် ၄ ဦးတို့ တက် ရောက်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်နယ်ဝန်ကြီးချုပ်နဲ့ အဖွဲ့ဝင်တွေ နိုင်ငံတကာသံတမန်တွေလည်း တက်ရောက်ခဲ့ပါတယ်။  ကေအန်ယူအနေနဲ့  ၂၀၀၄ ခုနှစ်က စပြီး အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေကို အသုံးမပြုဖို့ ညွှန်ကြားခဲ့ပြီး ဒီလိုလက်မှတ်ထိုးတာဟာ သူတို့ရဲ့စစ်စည်းကမ်း ပိုမိုခိုင်မာအောင် လက်မှတ်ရေးထိုးတာလို့ ကေအန်ယူရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

ပဒိုစောကွယ်ထူးဝင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ပဒိုစောကွယ်ထူးဝင်း

ဘာကြောင့် ဒီစာချုပ်ကို လက်မှတ်ရေးထိုးရတာလဲ။

“ကျနော်တို့ စစ်စည်းကမ်းဥပဒေမှာရော၊ ကရင်လူ့အဖွဲ့အစည်းထဲမှာလည်း အမျိုးသမီးနဲ့ ပတ်သက်ပြီးတော့ လိင်ခွဲခြား ဆက်ဆံမှုတွေဟာ မရှိသလောက်ပဲလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် နိုင်ငံတကာရဲ့ စံနှုန်းနဲ့အညီ နောက်ပြီးတော့ ကျနော်တို့ကို ကုလသမဂ္ဂကလည်း ကလေးစစ်သားကို အသုံပြုနေတဲ့ အဖွဲ့အစည်းထဲမှာ ထည့်ထားတယ်။ ဒီတော့ ကျနော်တို့ရဲ့ စစ်စည်းကမ်းကို ပိုခိုင်မာဖို့အတွက်၊ လေးနက်ဖို့အတွက် Geneva Call နဲ့ လက်မှတ်ထိုးတယ်။ နောက်ပြီးတော့ အကောင်အထည်ဖော်တဲ့နေရာမှာလည်း ပိုပြီးတော့ တိကျဖို့အတွက် ဆိုလိုတာက ကျနော်တို့က ဒါကို ချိုးဖောက်လို့ လက်မှတ်ထိုးတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် အကောင်အထည်ဖော်တဲ့နေရာမှာ ၁ အချက် ကျနော်တို့ရဲ့ အဖွဲ့အစည်းအတွင်းမှာရော၊ လူ့အဖွဲ့အစည်းတွင်းမှာ ဒီကိစ္စ ပိုမိုပြီးတော့ တာဝန်ယူမှုအပိုင်းမှာ များလာဖို့အတွက် လက်မှတ်ထိုးတာ ဖြစ်တယ်။ နောက်တခုကလည်း တခြား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ကျနော်တို့နဲ့အတူ ဒီလို တာဝန်ယူမှု ရှိလာအောင် ကြိုးစားတဲ့ အချက်တချက်လည်း ပါမှာပေါ့။”

လက်မှတ်ရေးထိုးခြင်းအားဖြင့် ကေအန်ယူအနေနဲ့ ဘယ်လို အကျိုးရလဒ်တွေရမှာလဲ။

“၁ အချက်ကတော့ ကျနော်တို့ရဲ့ ရပ်တည်မှု ပိုမိုပြီးတော့ ခိုင်မာလာဖို့အတွက်။ နောက် ကတိခံဝန်ခြင်းပြုတယ်ဆိုတဲ့ အနေအထားမှာ ပညာပေးမှုတွေ လုပ်လာရမယ့် အပိုင်းတွေရှိတော့  ကျနော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ ပိုမိုပြီး လိုက်နာလာမယ်ဆိုရင်၊ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ကာကွယ် ထိန်းသိမ်း မြှင့်တင်တဲ့အပိုင်း ရှိလာရင်တော့ ကျနော်တို့ရဲ့လူမျိုးတွေရဲ့ ကလေးသူငယ်တွေ အကျိုးပိုရှိလာမှာပေါ့။ နောက်တချက် အမျိုးသမီး အခွင့်အရေးပေါ့လေ။ ကျနော်တို့ရဲ့ အဖွဲ့အစည်းထဲမှာလည်း ဒီလို တာဝန်ယူမြှင့်တင်ခြင်းအဖြင့် အမျိုးသမီးတွေရဲ့ အခွင့်အရေး တိုးတက်မှုတွေ ရှိလာမှာပေါ့။ တခြား အဖွဲ့အစည်းတွေကလည်း လုပ်ဆောင်လာတဲ့အပေါ်မှာ အများကြီး လုပ်ဆောင်မယ်ဆိုလိုရှိရင်လည်း ပိုပြီးတော့ အကျိုးရှိလာမယ်လို့ မျှော်လင့်တယ်။ ကျနော်တို့ အဖွဲ့အစည်းသာမကဘူး၊ လူမျိုးအတွက်လည်း အကျိုးရှိမယ်လို့ မျှော်လင့်တယ်။

လတ်တလာမှာ ကေအန်ယူအဖွဲ့အစည်းအတွင်း ကလေးစစ်သားတွေ ရှိနေသေးလား။
“ကျနော်တို့ ၂၀၀၄ ခုနှစ်ကတည်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ)ရဲ့ စစ်စည်းကမ်းထဲမှာ စစ်ဥပဒေမှာကိုက အသက် ၁၈ နှစ်အောက် ကလေးတွေကို လက်မခံဘူးဆိုတာ ပြဋ္ဌာန်းချက် ရှိပြီးသားဖြစ်တယ်။ ဒါပေမယ့် ကျနော်တို့ သိတဲ့အတိုင်းပဲ ပြည်တွင်းစစ်ရဲ့ သက်ရောက်မှုအတွက် တချို့ ကလေးတွေဟာ ဒီဒဏ်တွေကို မခံနိုင်တဲ့အတွက်ကြောင့် ဆက်သွယ်လာပြီးတော့ အဖွဲ့အစည်းထဲကို ၀င်လာတာရှိတယ်။ လက်တွေ့လုပ်ဆောင်တဲ့နေရာမှာကျတော့ တပ်ထဲမသွင်းဘဲနဲ့ ကျနော်တို့ ကျောင်းတွေကိုပို့ ပို့ပြီးတော့ အသက်ပြည့်ပြီးမှ  စစ်မှုထမ်းတာပဲ ရှိတယ်။  ဒါပေမယ့် တချို့တလေတော့ ရှိမှာပေါ့နော်။ လိုက်နာဖို့ ဒါ အားနည်ချို့ယွင်မှုရှိတဲ့အပေါ်မှာ ၁ မှုစ၊ ၂ မှုစနဲ့ တခု၊ နှစ်ခုလောက်တော့ရှိမှာပေါ့။ ဒီဟာကို အကြောင်းပြပြီးတော့ ကျနော်တို့ကို ကလေးစစ်သား အသုံးပြုတဲ့ အဖွဲ့အစည်းထဲမှာ ရေးသားတာတွေရှိမယ်။ ဒါက အဖွဲ့အစည်း တခုလုံးအနေနဲ့ လုပ်တာ မဟုတ်ဘူး။ ဒါက စည်းကမ်းလိုက်နာမှု မပြည့်ဝတဲ့ အပိုင်းမှာ ပေါ်လာတဲ့ ပြဿနာတွေလည်း ရှိမယ်။ အခုလက်ရှိမှာတော့ ကျနော်တို့ ပြောရမယ်ဆိုလို့ရှိရင် အသက် ၁၈ နှစ်အောက် ကလေးဟာ ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့ထဲမှာ မရှိဘူးလို့ ကျနော် ရဲရဲပြောရဲတယ်။

ကလေးစစ်သား အသုံးပြုတဲ့အထဲမှာ ကေအန်ယူက ပါဝင်နေတယ်ဆိုတဲ့ ကုလသမဂ္ဂ မှတ်တမ်းထဲမှာ ရှိနေတဲ့ အခါကျတော့ ဒီမှတ်တမ်းတွေ ပယ်ဖျက်အောင် ကေအန်ယူအနေနဲ့ ဘာတွေ ဆက်လုပ်မလဲ။

“အမှန်ပြောရမယ်ဆိုရင် ကျနော်တို့ အဲဒီ ကုလသမဂ္ဂ ကလေးသူငယ်များရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်) နဲ့ ဆက်သွယ်မှုဟာ လွန်ခဲ့တဲ့ ဥက္ကဋ္ဌဟောင်း ဖြစ်တဲ့ ပဒိုဘသင်မှာ ဆက်သွယ်မှုရှိပြီးသား။ အဲဒီကတည်းက ယူနီဆက်ဖ်က ပြင်ဆင်ထားတဲ့ ကျင့်ဝတ်နဲ့ စည်းကမ်းတွေကို လိုက်နာဖို့အတွက် အခုကျနော်တို့ Geneva Call မှာ လုပ်သလို့ပဲ။ ဒါကို ကျနော်တို့ လက်မှတ်ထိုးပြီးတော့ လုပ်လာခဲ့တာ ရှိတယ်။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့ အဲဒီကိစ္စနဲ့ ပြန်လည် ဆက်သွယ်တာ မရှိဘူး၊ ကျနော် ဆိုလိုချင်တာက ကလေးစစ်သား အသုံးပြုမှုကို ကျနော်တို့က ပိတ်ပင် တားဆီးတယ်၊ ကတိခံဝန်မှုလုပ်တာ ဟိုလွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက။ အဖွဲ့အစည်းအတွင်းမှာ ဒါကို သတ်မှတ်ထားတဲ့ စာရင်းထဲက ပယ်ဖျက်ဖို့အတွက် ကျနော်တို့က တခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်၊ Geneva Call နဲ့သာမကဘူး ကျန်တဲ့ တခြားအဖွဲ့အစည်းတွေ ယူနီဆက်ဖ်၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားပြီးတော့ တကယ့် ကျနော်တို့က ကလေးစစ်သား အသုံးမပြုဘူးဆိုတဲ့ အနေအထား ပေါ်လာအောင် သူတို့နဲ့ လုပ်ဆောင်သွားမှာပဲ။ အမှန်ဆိုလို့ရှိရင်လည်း ဒီကလေးစစ်သား အသုံးပြုမှုဆိုတဲ့ စာရင်းထဲမှာသွင်းတာကလည်း တခုလုံး အတိုင်းအတာမဟုတ်ဘူး။ ဆိုလိုချင်တာက တချို့နှစ်မှာဆိုရင် ဖြစ်ပျက်တဲ့အဖြစ်အပျက် တခု၊ နှစ်ခုအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့ကို တစုံလုံး သတ်မှတ်ထားတဲ့ အနေထားမျိုးတော့ ရှိမယ်။ အခုတော့ မရှိတော့ဘူးလို့ ကျနော်တို့ ပြောလို့ရတယ်။ ကျနော်တို့ရဲ့ စာရင်းကို ဖယ်ဖို့အတွက် ကြိုးစားရမယ်၊ တခြားအဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရည်မှန်းထားတယ်။”

ဖြည့်စွက် ပြောလိုတာ ရှိဦးမလား။

“ပြောစရာတော့ များများမရှိဘူးပေါ့လေ။ ဒါပေမယ့် တခုရှိတာက ကျနော်တို့ ကလေးသူငယ်တွေ အခွင့်အရေး၊ ကာကွယ် ထိန်းသိမ်းမြင့်တင်တဲ့နေရာမှာ အမျိုးသမီးတွေ လိင် အခြေခံ ခွဲခြားဆက်ဆံမှုတို့၊ အကြမ်းဖက်ဆက်ဆံမှုတို့ ဒါတွေဟာ ကျနော်တို့ အဖွဲ့အစည်းအခုတည်နဲ့တော့ လုပ်ဆောင်လို့တော့ ပြည့်စုံမှာ မဟုတ်ဘူး။ ကျန်တဲ့ အဖွဲ့အစည်းတွေ နောက် ကျန်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ တာဝန်ရှိတဲ့ အစိုးရနဲ့ ကျနော်တို့ လူမှု့ အဖွဲ့အစည်းတွေရော ထိန်းသိမ်းတာဝန်ယူ လုပ်ဆောင်ကြမှ ပိုမို ပြည့်စုံမယ့် အနေအထားမှာ ရှိတယ်။”

No comments: