Sunday, October 26, 2008

(၁၄) ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက် ကျင်းပပြီးစီး (ဗိုလ်ချုပ်)စောတာမလာဘောအားဥက္ကဋ္ဌသစ်အဖြစ်ရွေးချယ်တင်မြှောက်

(၁၄) ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက် ကျင်းပပြီးစီး (ဗိုလ်ချုပ်)စောတာမလာဘောအားဥက္ကဋ္ဌသစ်အဖြစ်ရွေးချယ်တင်မြှောက်
NEJ/၁၈ အောက်တိုဘာ ၂၀၀၈။ ။ ကရင်အမျိုးသားအစည်းအရုံး KNU ၏ (၁၄) ကြိမ်မြောက် ကွန်ဂရက်တွင် (ဗိုလ်ချုပ်) စောတာမလာဘောအား ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်လိုက်သည်။
KNUစတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ ဥက္ကဋ္ဌ (၇) ဦး ရှိပြီဖြစ်သည်။ ၎င်းတို့မှာ စောစံဖိုးသင်၊ စောဘဦးကြီး၊ စောဟန်တာတာ မွေး၊ မန်းဘဇန်၊ စောဘိုမြ၊ ပဒိုစောဘသင်စိန်နှင့် ပဒိုစောတာမလာဘော တို့ဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဒု ဥက္ကဋ္ဌအဖြစ် ပဒိုဒေးဗစ်သာကပေါ်ကို တင်မြှောက်လိုက်ပြီး ကွယ်လွန်သူ ပဒိုမန်းရှာနေရာတွင် အထွေထွေအတွင်းရေးမှူးအဖြစ် နော်စီဖိုးရာစိန်ကို ရွေးချယ်လိုက်သည်။
(၁၄) ကြိမ်မြောက်ကွန်ဂရက်ကို ယခုလ (၆) ရက်နေ့မှ (၁၈) ရက်နေ့ထိ ကရင်အမျိုးအစည်းအရုံးလက်အောက်ခံ ခရိုင်တခုတွင် ကျင်းပခြင်းဖြစ်ပြီး တက်ရောက်လာသည့် ဗဟို၊ ခရိုင်များနှင့်တပ်မဟာအသီးသီးမှ ကိုယ်စားလှယ်များက ဒီမိုကရေစီနည်းဖြင့် ရွေးချယ်တင်မြောက်ခဲ့ခြင်း ဖြစ်သည်။
KNU ၏ (၁၄) ကြိမ်မြောက် ကွန်ဂရက်တွင် ပြီးခဲ့သည့်သက်တမ်းနှင့် ပတ်သက်၍ အထွေထွေအတွင်းရေးမှူး ပဒိုထူးထူးလေး တင်သွင်းသည့် လုပ်ငန်းအစီရင်ခံစာကို ညီလာခံကိုယ်စားလှယ်များက ပြန်လှန်သုံးသပ်ဆွေးနွေးခဲ့ကြပြီး လာမည့်သက်တမ်းအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်။
ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားထုအတွင်း သို့လောသို့လော ပြောဆိုနေကြသည့် ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီး ချမှတ်ခဲ့သည့် မူလေးချက်ကို ပြင်ဆင်မည့်ကိစ္စ၊ တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ သဘောထားများနှင့် အခြားမူဝါဒရေးရာများအပေါ် ဝေဖန် သုံးသပ်မှုများနှင့်ပတ်သက်၍ ယခု ကွန်ဂရက် တွင် KNU အနေဖြင့် စုစည်းကျစ်လစ်ညီညွတ်မူကို ပိုမိုတည်ဆောက်နိုင်ခဲ့ပြီး KNU ဗဟို၏ ဦးဆောင်မှု မူဝါဒအတိုင်း ရှေ့လုပ်ငန်းစဉ်များကို ယခုကွန်ဂရက်တွင် ချမှတ်နိုင်ခဲ့သည်ဟု ညီလာခံ တက်ရောက်ခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအားတိုးက ခေတ်ပြိုင်သို့ ပြောကြားသည်။
ကရင်အမျိုးသားအစည်းအရုံးသည် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ချမှတ်ခဲ့သည့်မူ (၄) ချက်ကို ယနေ့အထိ အခိုင်အမာ ကိုင်စွဲထားပြီး ၎င်းမူလေးချက်မှာ -(၁) လက်နက်ချစကားအလျဉ်း မပြောရ။ (၂) ကရင့်လက်နက် ကရင့်လက်ထဲတွင် ရှိရမည်။ (၃) ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်။ (၄) ကရင်ပြည်ကို အသိအမှတ်ပြုခြင်း ပြီးပြည့်စုံစေရမည် ဟူသည့် အချက်(၄)ချက် ဖြစ်သည်။ အဆိုပါမူ (၄) ချက်အား KNU ဥက္ကဋ္ဌ စောဘဦးကြီးသည် ၁၉၅၀ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ ဖာပွန်မြို့တွင် ကျင်းပသော ကရင် အမျိုးသား ညီလာခံအပြီးတွင် ၎င်းအချိန်က မော်ချီးတွင်ရှိသည့် ကော်သူးလေ အသံလွှင့်ဌာနမှ ကြေညာခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး KNU ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းချိန်၌ ပထမဆုံး ဥက္ကဋ္ဌမှာ စောစံဖိုးသင်ဖြစ်ပြီး ထိုစဉ်က အုပ်ချုပ်ခဲ့သည့် မြန်မာအစိုးရမှ ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ (၃၀) ရက်နေ့တွင် ကရင်အမျိုးသားအစည်း အရုံး KNU နှင့် ကရင့် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO ကို မတရားအသင်း ကြေညာခဲ့အပြီး ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ (၃၁) ရက်နေ့တွင် ကရင့်လက်နက်ကိုင် တော်လှန်ရေး စတင်ဖြစ်ပေါ်ခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး KNU ကွန်ဂရက်ကို ပုံမှန်(၄)နှစ်တကြိမ် ကျင်းပပြီး စစ်ရေး၊ နိုင်ငံရေး အခြေအနေများအပေါ် မူတည်၍လည်း ပြောင်းလဲကျင်းပမှုများ ရှိခဲ့သည်။ ယခုကွန်ဂရက်သည် (၁၄) ကြိမ်မြောက်ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး ဗဟိုမှအရပ်ဘက်၊ စစ်ဘက် ကိုယ်စားလှယ်များ ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ခုမှ ကိုယ်စားလှယ်များ ဖားအံခရိုင်၊ သထုံခရိုင်၊ ဖာပွန် ခရိုင်၊ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်၊ ဒူးပလာယာခရိုင်၊ ဗြိတ်-ထားဝယ်ခရိုင်မှ ကိုယ်စားလှယ်များ ကရင်အမျိုးသမီးအစည်းအရုံးမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
လာမည့်ရက်ပိုင်းအတွင်း ကရင်အမျိုးသားအစည်းအရုံးမှ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပပြုလုပ်မည်ဟု သိရှိရသည်။

No comments: